← Chapters

ငါက အသုံးမကျတဲ့သူပဲ လစ်တော့

Vol. 1 Ch. 10

ငါက အသုံးမကျတဲ့သူပဲ လစ်တော့

Vol. 1 Ch. 10

[ ဓားသခင်ကျောက်ရုပ်တုတွင် ချက်အင်ဝင်ခြင်း အောင်မြင်သည် 1+ ]

[ ရရှိသောဆုလာဘ်- ကောင်းကင်ဘုံဓားကျမ်း၊ ဓားစီးနင်းခြင်းကဏ္ဍတွင် ကျင့်ကြံခြင်းအခြေခံ ၂၀ နှစ် ]

ကောင်းကင်ဘုံဓားကျမ်း၏ဓားစီးနင်းခြင်းကဏ္ဍတွင် ကျင့်ကြံခြင်း (၂၀) နှစ် ထပ်မံရရှိခဲ့သည်။

ဤတစ်ကြိမ်တွင် ရှန်းချန်ကောသည် သူ၏နက်နဲနေပြီဖြစ်သော ကောင်းကင်ဘုံဓားကျမ်း နားလည်သဘောပေါက်မှုသည် တစ်ဖန် ပိုမိုတိုးတက်လာသည်ဟု ခံစားလိုက်ရသည်။

ရှန်းချန်ကောသည် မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း နက်နဲသော လေများ လှိုင်းထလာပြီး တဖြည်းဖြည်း စုဝေးလာကာ အရှိန်မြှင့်လာသည်။

ရုတ်တရက် လေသည် လူတစ်ယောက်၏ ဦးရေပြားကို ထုံကျင်စေမည့်ပုံစံဖြင့် တိုက်ခတ်လာပြီး ချက်ချင်းပင်အခြားလေထု ထပ်မံထွက်ပေါ်လာသည်။

ထိုအသံများ ပေါင်းစပ်သွားကာ တိမ်တိုက်များထဲတွင် လေများလည်ပတ်နေသည့် အသံမှ မိုးခြိမ်းသံကဲ့သို့ ပြောင်းလဲသွားသည်။

အရှိန်အဝါမှာ ခမ်းနားထည်ဝါလှသည်။

လေသည် မြေပေါ်မှ အရွက်ကြွေများကို သယ်ဆောင်လိုက်ပြီး စွမ်းအင်ပုံစံပြောင်းလဲသွားသည်နှင့် ထိုအရွက်အားလုံး စက္ကန့်ပိုင်းအတွင်း လွင့်ပျောက်သွားခဲ့သည်။

"ဖြစ်တည်ခြင်း"

ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းကဏ္ဍ၏ တတိယအဆင့် - ဖြစ်တည်ခြင်း

ကြီးမားသော ကောင်းကင်ဘုံဓားဂိုဏ်းတွင် အကြီးအကဲအချို့နှင့် ထူးခြားသော ဂျူနီယာတပည့်အချို့သာ ဖြစ်တည်ခြင်းအဆင့် ရှိ ဓားစီးနင်းခြင်းနည်းစနစ်စွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိပေလိမ့်မည်။

အမှန်စင်စစ် ဖြစ်တည်ခြင်းအဆင့်သည် ကောင်းကင်ဘုံဓားကျမ်းနှင့်သာ သက်ဆိုင်သည် မဟုတ်ပေ။

အခြား ဓားစီးနင်းခြင်းနည်းစနစ်များ ကျင့်ကြံသူများလည်း ဤအဆင့်ကို ရောက်ရှိနိုင်သည်။

သို့သော် အဆင့်ချင်းတူသော်ငြားလည်း ကွာခြားချက်က မိုးနှင့် မြေပမာ ဖြစ်လေ၏။

အခြားကျမ်းများမှ ဖြစ်တည်ခြင်းအဆင့်သည် တစ်ခါတရံ မမြင်ဖူးသောခံစားချက်မျှသာ ဖြစ်ပြီး လူများကို မျက်လုံးပြူးစေကာ စိတ်ထဲမှ "ဟာ... ဒါ ဖြစ်တည်ခြင်းအဆင့်ပဲ" ဟု အော်ဟစ်စေမည်။

သို့သော် ကောင်းကင်ဘုံဓားကျမ်းမှ ဖြစ်တည်ခြင်းအဆင့်သည် လေများနှင့် မိုးခြိမ်းသံများကို ဖြစ်ပေါ်စေပြီး ကြီးမားသော စွမ်းအားများပြည့်ဝကာ စွမ်းအင်ဖြင့် ခြောက်သွေ့သော အရွက်များကို ဖျက်ဆီးပစ်နိုင်သည်။

အခြားသူများ၏မျက်နှာများ ဖြူဖျော့သွားကာ "ဘာကြီးလဲဟ ထွက်ပြေးကြ" ဟု တွေးမိကြပေမည်။

၎င်းသည် နှစ်ခုကြားရှိ ခြားနားချက် ဖြစ်သည်။

ရှန်းချန်ကော အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

"ဘယ်သူလဲ..." သူ မေးလိုက်သည်။

ထိုအချိန်တွင် နံနက်ပိုင်း ကင်းလှည့်သော တပည့်များသည် အဝေးမှ ရောက်လာသည်။

ဖော်ပြမရသော စွမ်းအင်ကို ခံစားမိပုံရသဖြင့် သူတို့ မချဉ်းကပ်ရဲဘဲ အဝေးမှနေ၍သာ အော်ဟစ်လိုက်ကြသည်။

ရှန်းချန်ကောသည် လေပြင်းမုန်တိုင်းစွမ်းအားများ ပြည့်နေသော မြေပြင်ကို ချန်ရစ်ကာ ထွက်ခွာသွားသည်။

အချိန်အတော်ကြာပြီးနောက် တပည့်နှစ်ဦးသည် အလွန်သတိထားကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

"အိုး... ဒါက လျှပ်စီးစွမ်းအားလား၊ အကြီးအကဲတွေနဲ့ စီနီယာအစ်ကိုကြီးချင်းချန်အပြင် ဘယ်သူက ဒီအဆင့်ကို ရောက်နေတာလဲ..."

"မနေ့က နတ်ဆိုးကို 'ဓားရွှေ့ပြောင်းခြင်းအဆင့် ' ရောက်နေတဲ့ ဓားကျင့်ကြံသူတစ်ယောက်က သတ်သွားတယ်လို့ ပြောတယ်။ ကောင်းကင်ဘုံဓားဂိုဏ်းက ဝှက်ဖဲတစ်ချပ်လှုပ်ရှားသွားတာ ဖြစ်နိုင်တယ်လို့ အများစုက ခန့်မှန်းနေကြတယ်... ငါ အဲဒီလူက ဓားရွှေ့ပြောင်းခြင်းအဆင့်ပဲ ရှိတယ်လို့ ထင်ခဲ့တာ။ သူက ဖြစ်တည်ခြင်းအဆင့်ကို ရောက်နေတာများလား။ ဒါ့အပြင် ဒီမှာ ခံစားနေရတာက အရမ်းရှားပါးတဲ့ လေပြင်းမုန်တိုင်းစွမ်းအား... ဆိုလိုတာက လျှပ်စီးဓားပဲ။ ဒါဟာ လွှမ်းမိုးနိုင်စွမ်းနဲ့ အကြွင်းမဲ့ စွမ်းအားကို ပြသနေတာ..."

တပည့်နှစ်ဦး၏မျက်လုံးများ ရှေ့နောက်သို့ အပြန်အလှန်ကြည့်နေကြသည်။

"ဒီဘက်ကို တစ်ယောက်ယောက် ပြေးသွားတာ ငါ မြင်လိုက်တယ်..."

ထိုသို့ ပြောလိုက်သည်နှင့် အခြားတပည့်၏ မျက်ဝန်းများ ကျုံ့သွားသည်။

"တိတ်စမ်း အကြီးအကဲကို မစော်ကားနဲ့"

တပည့်နှစ်ဦးသည် လေးစားသော မျက်လုံးများဖြင့် အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

...

[ လေ့ကျင့်ရေးကွင်းပြင်တွင် ချက်အင်ဝင်ခြင်း +၁ ]

*[ ရရှိသောဆုလာဘ်- ကျင့်ကြံခြင်းအခြေခံ ၃၀ နှစ် / စိတ်ဝိညာဉ်လမ်းညွှန်ခြင်း ၁ ]

စိတ်ဝိညာဉ်လမ်းညွှန်ခြင်း

ရှန်းချန်ကော ရင်ထဲတွင် လိပ်ပြာလေးများ ပျံဝဲနေသကဲ့သို့ ခံစားလိုက်ရသည်။

ဤအရာက စိတ်ဝိညာဉ်အသက်ရှုခြင်း နည်းစနစ် ဖြစ်သည်။

ထိုအချိန်တွင် (၃၀) နှစ်စာ ကျင့်ကြံခြင်းအခြေခံ ရရှိပြီးနောက် ရှန်းချန်ကော၏ကျင့်ကြံခြင်းအခြေခံသည် 'ချီထိန်းချုပ်ခြင်းအလယ်အလတ်အဆင့် ' အထိသာ တက်လာသည်။

ဤအချက်က ရှန်းချန်ကောကို သူ့၏မွေးရာပါ ပါရမီကို လွန်စွာသံသယဝင်စေသည်။

"ငါ တကယ်ပဲ ဒီလောက်တောင် ညံ့ဖျင်းတာလား။"

"စနစ် ရှိတဲ့ ကမ္ဘာကူးပြောင်းသူတွေက အသုံးမကျတဲ့ ပိုင်ရှင်တစ်ယောက်နဲ့ပဲ တွဲရမယ်လို့ ဘယ်သူက သတ်မှတ်ထားတာလဲ။" (လှောင်လိုက်တာ စနစ်ရှိတဲ့ကောင်တွေခပ်များများ ပါရမီမရှိလို့)

ရှန်းချန်ကောသည် ထိုသဘောတရား မှားယွင်းနေသည်ဟု ခံစားရသည်။

နောင်တစ်ချိန်တွင် သူသည် ဝတ္ထုတစ်ပုဒ် ရေးသားပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်း အမွေအဖြစ်ချန်ထားခဲ့မည်ဆိုလျှင် သူသည် ဇာတ်လိုက်ကို အစကတည်းက စွမ်းအားမြင့် ခန္ဓာကိုယ် ကို ပေးလိမ့်မည်။

အဆုံးစွန်ခန္ဓာကိုယ်၊ အမြင့်ဆုံးအရိုးများတို့ကို ချက်ချင်းပေးပြီး သူ့မိခင်၏ဝမ်းဗိုက်ထဲမှာပင် ကြီးမားသော ထူးခြားဖြစ်စဉ် ကို ဖြစ်ပေါ်စေကာ စကြာဝဠာတစ်ခုလုံးကို တုန်လှုပ်စေလိမ့်မည်။

ရှန်းချန်ကော သက်ပြင်းချလိုက်ပြီးနောက် စိတ်ဝိညာဉ်လမ်းညွှန်ခြင်းကျမ်းကို လေ့လာရာတွင် အာရုံစိုက်လိုက်သည်။

စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ် အလွန်ရှားပါးသော အရာဖြစ်သည်။

ကောင်းကင်ဘုံဓားဂိုဏ်း အထွတ်အထိပ်သို့ ရောက်ခဲ့သည့် အချိန်များတုန်းကပင် ရှားပါးခဲ့သည်။

ရှန်းချန်ကော၏အတိတ်ဘဝ အထင်အမြင်များအရ စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်များသည် အခြေခံအဆင့်သာ ဖြစ်သည်။

သို့သော် ဤကမ္ဘာတွင် စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်များသည် ထိုမျှ ရိုးရှင်းပုံမရပေ။

အဘယ်ကြောင့်ဆိုသော် ဤခေတ်တွင် ကောင်းကင်နှင့် မြေကြီးကြား လွင့်ပျံနေသော ဝိညာဉ်စွမ်းအင်သည် မြန်ဆန်ပြီး ကြမ်းတမ်းသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဓားကျင့်စဉ်အတွက် အသင့်တော်ဆုံး ဖြစ်စေသည်။

ဆိုလိုသည်မှာ အသက်ရှူသွင်းခြင်း နည်းစနစ်များကို အသုံးပြုသောအခါ ဝိညာဉ်စွမ်းအင် စုပ်ယူမှုသည်မြန်ဆန်လိမ့်မည်။

အစောပိုင်းအဆင့်များတွင် ကျင့်ကြံသူများသည် သူတို့၏သွေးကြောများကို ပိုမို ခံနိုင်ရည်ရှိစေရန် အဆက်မပြတ်ပြုပြင်ပေးလေ့ရှိသည်။

လွယ်ကူသော စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်များသည် ထိုပြင်းထန်သော ဝိညာဉ်စွမ်းအင်ကို ထိန်းကျောင်းနိုင်မည် မဟုတ်သဖြင့် စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်များ ရရှိရန် အလွန်ခက်ခဲသည်။

ဥပမာအားဖြင့် ဤစိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်သည် 'စိတ်ဝိညာဉ်လမ်းညွှန်ခြင်း' ဟူသော အလွန်ရိုးရှင်းသော အမည်ကို ပေးထားသည်။

ဆက်စပ်နေသော အချက်အလက်များ ဆက်တိုက် ထွက်လာသဖြင့် ရှန်းချန်ကော စိတ်ရှုပ်ထွေးသွားသည်။

၎င်းသည် အလွန် ရှုပ်ထွေးလွန်းသည်။

ဝိညာဉ်လမ်းညွှန်ခြင်း ကျမ်းတစ်အုပ်တည်း၏ နောက်ကွယ်ရှိ အလုပ်များမှာ အလွန်ရှုပ်ထွေးနေသည်။

သင့်လျော်သော စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်တွင် အကျိုးသက်ရောက်မှုများစွာ ရှိသည်။

ထိုအကျိုးသက်ရောက်မှုများတွင် အရှိန်အဝါဖုံးကွယ်ခြင်း၊ ဝိညာဉ်စွမ်းအင် စုပ်ယူခြင်း ၊ ကျင့်ကြံခြင်းအရှိန်၊ ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းခြင်း တိုးတက်လာခြင်းနှင့် ပါရမီအဆင့်ကိုပင် မသိမသာ မြှင့်တင်ပေးခြင်းတို့ ပါဝင်နိုင်သည်။

ထိုအကြောင်းကြောင့် အတိတ်ကာလက ကောင်းကင်ဘုံဓားဂိုဏ်း၏ပင်မဂိုဏ်းသားများသာ စွမ်းအားပြည့် စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်များကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီခဲ့ကြခြင်း ဖြစ်သည်။

"ငါ ဒီဟာကို အစပြုအဆင့် အထိ ရောက်အောင် လုပ်မယ်။ နောင်တစ်ချိန်မှာ ကျင့်ကြံခြင်းအခြေခံတွေ ထပ် ချက်အင်ဝင်မယ်ဆိုရင် ဝိညာဉ်လမ်းညွှန်ခြင်း ရှိနေတာကြောင့် အကျိုးသက်ရောက်မှုက နှစ်ဆ ဖြစ်လာနိုင်တယ်..."

ရှန်းချန်ကော အလွန်ကျေနပ်အားရနေသည်။

သူ ခဏတာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ယခုအချိန်တွင် သူ့စွမ်းအားသည် ကြီးမားသော တိုးတက်မှုများ ရှိနေပြီ။

သူသည် ချီထိန်းချုပ်ခြင်းအလယ်အလတ်အဆင့် ၊ ကောင်းကင်ဘုံဓားကျမ်း၏ ဓားစီးနင်းခြင်းကဏ္ဍတွင် ဖြစ်တည်ခြင်းအဆင့် ဖြစ်နေပြီဖြစ်ပြီး နောက်တစ်ဆင့်ဖြစ်သော ထိန်းချုပ်ခြင်းအဆင့် သို့ ရောက်ရန်မှာ ချက်အင်ဝင်နေခြင်းဖြင့် ရက်ပိုင်းမျှသာ လိုတော့မည်ဟု ရှန်းချန်ကော တွေးလိုက်သည်။

သူသည် စီးနင်းခြင်းနည်းစနစ် - လျှင်မြန်သောလေပြင်း နှင့် တိုက်ခိုက်ခြင်းနည်းစနစ် - ကြက်သွေးရောင်လျှပ်စီး တို့ကို ကျွမ်းကျင်နေလေပြီ။

ဤဓားနည်းစနစ်နှစ်ခုသည် ဂိုဏ်းထဲမှ လူအများစုပင် နားမလည်နိုင်သည့် အရာများ ဖြစ်သည်ဟု ဆိုနိုင်သည်။

ရိုးရှင်းစွာပြောရလျှင် သူတို့တွင် စီးနင်းခြင်းဓား သို့မဟုတ် တိုက်ခိုက်ခြင်းဓား မရှိကြပေ။

လက်ရှိအခြေအနေရှိ ရှန်းချန်ကောကို တပည့်များကြားတွင် မည်သူမျှယှဉ်နိုင်မည်မဟုတ်ပေ။

ဤအရာဟာ သူ ချက်အင်ဝင်ခဲ့သည်မှာ ငါးရက်မြောက်နေ့သာ ရှိသေးသည်ကို သတိပြုသင့်သည်။

ဒါက စနစ်နဲ့တရားဝင်လိမ်လည်ခြင်းမျိုးလား။

ရှန်းချန်ကော ခေါင်းခါလိုက်ပြီးနောက် ကောင်းကင်တောင်ထွတ်အောက်ခြေသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

ထိုနေရာသည် တပည့်များဖြင့် ဝိုင်းရံထားပြီးဖြစ်ကာ ပုပ်သိုးနေသော ကြက်ဖအလောင်း ရှိနေသောကြောင့် အဝေးရှိအမှောင်မြူခိုးများ ဖြည်းညှင်းစွာ ကွယ်ပျောက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

သို့သော် ပျောက်ကွယ်မှုက အလွန်ထင်ရှားနေခြင်းတော့ မရှိပေ။

"စီနီယာအစ်ကိုကြီး..."

တစ်စုံတစ်ယောက်က ရှန်းချန်ကောကို မြင်လိုက်သည်။

တပည့်တစ်ယောက်သည် ရှန်းချန်ကောဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

သူ့မျက်လုံးများသည် အလွန်လေးနက်နေသည်။

"စီနီယာအစ်ကိုကြီး... ခင်ဗျား ဉာဏ်အလင်းပွင့်ခြင်းအဆင့် ကို ရောက်သွားပြီလို့ ကျွန်တော် ကြားတယ်။ ကျွန်တော်က ဒီအဆင့်မှာ အကြာကြီး ပိတ်မိနေတာမို့ လမ်းညွှန်မှုပေးနိုင်မလားလို့ပါ..."

ဤတပည့်သည် ဉာဏ်အလင်းပွင့်ခြင်းအလယ်အလတ်အဆင့် ခန့်တွင် ရှိသည်။

သူသည် တကယ်တော့ ရိုးသားသည့်လူမဟုတ်ပါဘူး။

အမှန်တကယ်တော့ ဂျူနီယာတစ်ယောက်က စီနီယာကို ထိုသို့ပြောလျှင်ပြဿနာမရှိနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် စီနီယာများက ဂျူနီယာများကို လမ်းညွှန်ပေးခြင်းသည် ပုံမှန်ဖြစ်သည်။

သို့သော် သူတို့မျက်လုံးထဲတွင် ရှန်းချန်ကောသည် ဉာဏ်အလင်းပွင့်ခြင်းအဆင့်အား ယခုမှရောက်ရှိသူ ဖြစ်သည်။

ထို့ကြောင့် ဤသူသည် ရှန်းချန်ကောကို အခက်တွေ့စေရန် ဟန်ဆောင်၍ မသိချင်ယောင်ဆောင်နေခြင်း ဖြစ်လေ၏။

'ကျိလင်' သည် သူ့စိတ်ထဲတွင် ရယ်ချင်ဖွယ်အလိဖြစ်နေလေသည်။

သို့သော် ရှန်းချန်ကောက သူ့ကို ချက်ချင်း တွန်းထုတ်လိုက်သည်။

"လမ်းညွှန်မှုလား အဘိုးကြီးဆီ သွားမေး။ မင်း ဘာလို့ ငါ့ဆီ လာတာလဲ။ ငါ တစ်ယောက်ယောက်ကို လမ်းညွှန်ပေးနေတာ ဘယ်တုန်းက မြင်ဖူးလဲ။ ငါက အသုံးမကျတဲ့သူ ၊ လစ်စမ်း"

ရှန်းချန်ကော စကားကို ရောချပစ်လိုက်သည်။

'ဒီကောင်လေးတွေ ဘာစဉ်းစားနေကြတာလဲ။'

'ပုရွက်ဆိတ် တစ်အုပ်။'

'ငရဲသွားချေ။'

ကျိလင် ကြောင်အသွားခဲ့လေသည်။

သူ ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်။

သို့သော် ရှန်းချန်ကော သူ့ကို ထိလိုက်သည့်အခိုက်အတန့်တွင် သူ့အဝတ်အစားအောက်မှ တစ်စုံတစ်ရာ ကွဲကြေသွားပုံရသည်။

ရုတ်တရက် သူ့ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

နောက်ဆုတ်သွားသော ရှန်းချန်ကော၏ပုံရိပ်ကို ကြည့်ရင်း သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှုများပြည့်နှက်နေလေ၏။

သူသည် ရတနာတစ်ပါးကို မကြာခင်ကမှ ရရှိထားခဲ့၏။

သို့သော် ယခုလေးတင် ထိုရတနာသည် ကွဲကြေသွားခဲ့ပြီ။

All Chapters