← Chapters

ချက်အင်ဝင်ခြင်း အောင်မြင်သည်။ ဆုလတ် - ကောင်းကင်ဘုံဓားကျမ်း၊ဓားစီးနင်းခြင်းကဏ္ဍ

Vol. 1 Ch. 1

ချက်အင်ဝင်ခြင်း အောင်မြင်သည်။ ဆုလတ် - ကောင်းကင်ဘုံဓားကျမ်း၊ဓားစီးနင်းခြင်းကဏ္ဍ

Vol. 1 Ch. 1

ကောင်းကင်ဘုံဓားနယ်မြေ

ကောင်းကင်ဘုံဓားဂိုဏ်း

ပြိုကျပျက်စီးနေသောတံတိုင်းနံရံများကြားတွင် အမှောင်မြူခိုးတို့ ဖုံးလွှမ်းနေလျက်။

ထိုမြူခိုးများကြားတွင် တောက်ပသောစိတ်ဝိညာဉ်အလင်းတန်းတို့ လှည့်လည်သွားလာနေကြ၏။

မီးခိုးရောင်သန်းကာမှုန်မှိုင်းနေသော ကောင်းကင်ယံအောက်တွင် ရှေးဟောင်းကျောက်ရုပ်တုကြီး တစ်ခုသည် ဓားကိုကျက်သရေရှိစွာကိုင်ဆောင်လျက်တည်ရှိနေသည်။

သို့သော် ထိုကျောက်ရုပ်တုကြီးသည်လည်း အချိန်ကာလ၏တိုက်စားမှုဒဏ်မှ မလွတ်ကင်းနိုင်ရှာပေ။

စုတ်ပြတ်ဟောင်းနွမ်းနေသော အဆောက်အအုံအမိုးအောက်တွင်...

သပ်ရပ်သော အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးသည် စိတ်ပျက်လက်ပျက်မျက်နှာထားဖြင့် ငေးငိုင်နေ၏။

"ဆရာ... ကျွန်တော်တို့ဂိုဏ်းကို ကျုပ်တို့ကိုယ်တိုင်ဓားဂိုဏ်းလို့ ခေါ်လို့ရပါသေးရဲ့လားဗျာ"

ရှန်းချန်ကော တစ်ယောက်သေချင်စော်နံနေပြီ ဖြစ်သည်။

သူက အချိန်ခရီးသွားတစ်ယောက်ဖြစ်သော်လည်း ဘာမှမသိနားမလည်သည့်လူတစ်ယောင်သာလျှင်။

အချိန်ကာလရေစီးကြောင်းကိုဖြတ်ကျော်လာခဲ့သမျှသူတိုင်းသည် ရွှေလက်ချောင်းတစ်ခုခု ပါလာခဲ့ကြပေမယ့် သူ့မှာတော့ဘာမှမပါလာခဲ့ပေ။

ထိုသူအားလုံးထဲတွင် သူတစ်ယောက်သာလျှင် ထီးပေါက်သူကဲ့သို့တစ်ကိုယ်တည်းကွဲထွက်နေခဲ့၏။

မမှားပေ... ရှားပါး‌သောသနားစဖွယ်လူငယ်တစ်ယောက် ဖြစ်လာတာပေါ့။

ဒီလိုတော့ မဖြစ်သင့်ဘူးလေ.

ဒီလိုမျိုး ဖြစ်ကိုမဖြစ်သင့်တာ.

ငါ အချိန်ခရီးသွားတုန်းက ပုံသဏ္ဍာန်အနေအထား မှားသွားလို့များလား.

ရှန်းချန်ကောကို အဆဲချင်ဆုံးဖြစ်စေသည့်အချက်မှာ သူ ဤကျင့်ကြံခြင်းကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ (၅) နှစ်ပင် ရှိပြီဖြစ်သော်လည်း အခွင့်အလမ်းကောင်းတစ်ခုခုရရန် ကမ္ဘာအနှံ့ လျှောက်သွားနေခဲ့ရခြင်းပင်။

သူဝင်စားလာသည့် ခန္ဓာကိုယ်ပိုင်ရှင်၏မိသားစုပိုင်ဆိုင်မှု အားလုံးကိုရောင်းချပစ်ရန် လက်တစ်ကမ်းအလို အခြေအနေထိပင် ရောက်ခဲ့ရသည်။

ထိုသို့ပေးဆပ်ပြီးမှသာ 'ကောင်းကင်ဘုံဓားဂိုဏ်း ဂိုဏ်းချုပ်ကြီး၏တပည့် ဖြစ်လာခဲ့ရခြင်းပင်။

သို့သော်လည်း နောက်ဆုံးတွင်တော့...

ဒုတိယနှစ်တွင် သူ့၏ဂိုဏ်းတူအစ်ကိုကြီး ရန်သူ့လက်ချက်ဖြင့် သေဆုံးသွားသည်။

ဒုတိယအစ်ကိုက နတ်ဆိုးများဖမ်းစီးခြင်း ခံလိုက်ရသည်။

တတိယအစ်ကိုကျပြန်တော့လည်း မိစ္ဆာလမ်းစဉ် နောက်လိုက်သွားခဲ့သည်။

ဤကဲ့သို့ဖြင့် သူဟာ ဂိုဏ်း၏အကြီးဆုံးတပည့် နေရာအားရလာခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းရတော့မည်ဟု ကြွားဝါရန်ပြင်နေဆဲမှာပင်...

အမှောင်မြူခေတ်ကြီး ရောက်ရှိလာခဲ့ပါတော့သည်။

ကောင်းကင်မြေပြင်ကြားတွင် ထူးဆန်းသော အနက်ရောင်မြူခိုးများထွက်ပေါ်လာပြီး နတ်ဆိုးဝိညာဥ်များသောင်းကျန်းလာခဲ့သည်။

တဖြည်းဖြည်းဖြင့် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဝါးမျိုသွားခဲ့ပြီ။

ဤအရာက မည်သည်နည်း။

ရှန်းချန်ကော ညည်းတွားမနေဘဲ မနေနိုင်တော့။

ဂိမ်းများတွင်ပါသောမြေပုံအား ဖုံးထားတတ်သည့် မြူခိုးများနှင့် တူမနေဘူးလော။

ထိုအချိန်တုန်းက သူဂိမ်းထဲရောက်နေသည်ဟုထင်ပြီး သူ့ဂျူနီယာညီလေးတစ်ယောက်ကို သေလုမြောပါးထိရိုက်နှက်ခဲ့သည်။

သို့သော် ဘာပစ္စည်းအိုက်တမ် မှ ကျမလာခဲ့ပေ။

ဂျူနီယာလေးကို သေလုဆဲဆဲရိုက်နှက်ပေးခဲ့ပြီးကတည်းက သူ စိတ်ဓာတ်ကျသွားခဲ့ရသည်။

သောက်ကျိုးနဲပင်။

ကောင်းကင်တောင်ထွတ်ပေါ်တွင် အဖြူရောင်ဝတ်စုံလေးနှင့်ချောမောစွာရပ်နေရင်း အဝေးသို့လှမ်းမျှော်ကြည့်လိုက်သည့်အခိုက်အတန့်အား သူ အမှတ်ရသေး၏။

"ထက်ရှသော ဓားသွားမျက်ခုံး... စူးရှတဲ့ မျက်ဝန်း" ဆိုတော့ကာပေါ့။

ထိုအချိန်တွင်ပင် ဖော်ပြရခက်သော ထူးဆန်းသည့် မြူခိုးနက်ကြီးများက သူ့မျက်လုံးရှေ့အား ဖုံးကွယ်သွားခဲ့သည်ပင်။

ရှန်းချန်ကော ကြောင်အသွားခဲ့သည်။

"..."

ယခုအချိန်မှာတော့ ကောင်းကင်ဘုံဓားဂိုဏ်းတွင် တပည့်အယောက် တစ်ရာလောက်သာလျှင် ကျန်ရှိတော့၏။

ပျက်စီးယိုယွင်းနေသည့်နန်းဆောင်တချို့နှင့် ပြိုကျနေသောတံတိုင်းအကြားတွင် ကျန်ရစ်ခဲ့သည့် ကောင်းကင်ဘုံဓားဂိုဏ်းကို အမှောင်မြူခိုးများကြားမှ နတ်ဆိုးများက အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်နေကြပါပြီ။

အခြေအနေမှာ လွန်စွာဆိုးရွားနေလေ၏။

"ချန်ကော... မကြောက်ပါနဲ့ကွ။ ငါ့ဆီမှာ စွမ်းအား ၇၀ ရာခိုင်နှုန်းလောက် ကျန်ပါသေးတယ်"

စုတ်ပြတ်သတ်နေသော အဝတ်အစားနှင့် အဘိုးအိုတစ်ဦးက ပေါ့ပေါ့ပါးပါးပြောလိုက်ရင်း မျက်လုံးကိုပြူးကျယ်လိုက်သည်။

သူ့ခန္ဓာကိုယ်မှထွက်နေသော အရှိန်အဝါဟာ နက်ရှိုင်းလွန်းလှသည်။

သူ့ခေါင်းပြောင်ကြီးသည် နေမင်းကြီးလို တောက်ပနေပြီး ရောင်စုံတံတားကြီးတစ်ခုက ကောင်းကင်နှင့် ချိတ်ဆက်ထားသလိုပါပင်။

ဝုန်း..

"ဂိုဏ်းချုပ်ကြီး ကျန်းမာပါစေ"

"ဆရာသခင်ရဲ့ ဘုန်းတန်ခိုးက ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းထားနိုင်ပါပေတယ်။ ၃ နှစ်လုံးလုံး နတ်ဆိုးတွေ တိုက်ခိုက်တာတောင် ဆရာ့စွမ်းအား ၃၀ ရာခိုင်နှုန်းပဲ ကုန်သွားတာပဲ။ နောက်ထပ် နှစ် ၁၀၀ လောက် တိုက်ခိုက်ရင်ရော ဘာဖြစ်လဲ။ ကျဆုံးသွားတဲ့သူတွေ နေရာမှာ လူငယ်တွေက အစားထိုးပြီး ကောင်းကင်ဘုံဓားဂိုဏ်းအတွက် တိုက်ပွဲဝင်ကြမှာပါ"

"ဂိုဏ်းချုပ်ကြီး... တပည့်တို့ရဲ့ အရိုအသေပြုခြင်းကို လက်ခံတော်မူပါ"

ဘေးပတ်ဝန်းကျင်က ကောင်းကင်ဘုံဓားဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် အရိုအသေပြုလိုက်ကြလေ၏။

ရှန်းချန်ကော တစ်ယောက်တည်းသာ လက်ကို နောက်ပစ်ပြီး မတ်တပ်ရပ် ကျန်ရစ်ခဲ့သည်။

ဟမ့်...

ထိုလူအိုကြီး၏အကြီးဆုံးတပည့် ဖြစ်ခြင်းကြောင့် ဤအဘိုးကြီးသည် တစ်ပိုင်းသေနေပြီဆိုတာ သူ သိလေ၏။

ယခုချိန်မှာ စွမ်းအား ၁၀ ရာခိုင်နှုန်းပင် ထုတ်သုံးနိုင်မည်မလော မသိပေ။

ရှန်းချန်ကော ဝမ်းနည်းသည့် မျက်ဝန်းများဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်ဘုံဓားဂိုဏ်း ပျက်စီးတော့မည်လော။

"အသုံးမကျတဲ့ကောင်... ကောင်းကင်ဘုံဓားဂိုဏ်းဆိုတာ တစ်ချိန်က အရှေ့ပိုင်းတိုက်ကြီးမှာ ထိပ်တန်း ဓားသိုင်းပညာဂိုဏ်း ဖြစ်ခဲ့တာကွ"

"အဲဒါ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ကပါ ဆရာ" ရှန်းချန်ကောက ဝမ်းနည်းပက်လက်ဖြင့် ပြန်ဖြေလိုက်သည်။

"မင်းရဲ့ ကျက်သရေမရှိတဲ့ မျက်နှာထားကို ဖျောက်လိုက်စမ်း။ မင်းဆရာ ငါ... တိုက်ခိုက်နိုင်သေးတယ်ကွ"

ဂိုဏ်းချုပ်ကြီး ဖြည်းဖြည်းချင်းမတ်တပ်ရပ်လျှင် ပတ်ဝန်းကျင်မှ စွမ်းအင်များတုန်ခါသွားပြီး ကြီးမားသည့်အရှိန်အဝါတစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

နဂါးတစ်ကောင် ခါးကိုဆန့်လိုက်သကဲ့သို့ ကြီးမားသည့် သံလိုက်စက်ကွင်းကြီး တစ်ခုဖြစ်ပေါ်လာသလိုပါပင်။

ခဏတာအတွင်း၌ အားလုံးဟာ အသက်ရှူကြပ်သလို၊ ရေနက်ထဲ နစ်မြုပ်ပြီး ရေမွန်းသလို ခံစားလိုက်ကြရသည်။

လူတိုင်း၏မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြပါသည်။

"ဆရာသခင်... တန်ခိုးစွမ်းအား တွေကို ပြန်ရုပ်သိမ်းပေးပါ"

"စီနီယာအစ်ကိုကြီး... ဆရာ့ကို စိတ်ဆွမနေပါနဲ့တော့ဗျာ။ကျွန်တော်တို့ အားလုံးအတွက် ဆရာပြောသလိုသာ လက်ခံလိုက်တော့"

ဒီအဘိုးကြီးကလား...

တန်ခိုးစွမ်းအားတဲ့လား။

ငါ့ကိုများ ထုတ်ပြချင်နေတာလား။

လက်တွေ၊ခြေထောက်တွေကဖြင့် ချည့်နဲ့နေပြီ။ အောက်ပိုင်းကလည်း သေနေသေး။

ဘာများ ထုတ်ပြစရာ ရှိသေးလို့လဲ။

သူ့အရှိန်အဝါကို နောက်ထပ် ၃ စက္ကန့်လောက် ဆက်ထုတ်ခိုင်းကြည့်လိုက်ပါလား။ ၃ စက္ကန့်အတွင်း သွေးအန်ပြီး သေသွားမလား လောင်းရဲတယ်။'

"ခွေးကောင်လေး... ငါ့ကို အမြန်မျက်နှာသာပေးစမ်း။မဟုတ်ရင် ငါ သွေးအန်ပြီး မင်းရဲ့အင်္ကျီဖြူဖြူလေးကို ပေအောင် လုပ်ပစ်လိုက်မယ်"

ရှန်းချန်ကော မျက်လုံးပြူးသွား၏။ခဏကြာ စဉ်းစားပြီးနောက် အလျှော့ပေးလိုက်ရသည်။

"ဆရာ့သက်တမ်း ရှည်ပါစေဗျာ" ရှန်းချန်ကော ပြောလိုက်သည်။

"အဲဒီလို လုပ်စမ်းပါ။ ချန်ကော... မင်းက ငါ အလေးထားဆုံးတပည့်ပဲကွ။ မဟုတ်ရင် မင်းကို အကြီးဆုံးတပည့်နေရာ ပေးပါ့မလား"

"ကျွန်တော်က ကိုယ့်အလှည့်ရောက်လို့ဖြစ်လာတာပါဗျာ" ရှန်းချန်ကော မျက်လုံးလှန်ကာကြည့်လိုက်သည်။

ကျွန်တော့်မိသားစုက ချမ်းသာလို့ လက်ခံလိုက်တာဆို

ကျွန်တော့်မှာပါရမီမရှိလို့ ပိုက်ဆံပိုပေးရမယ်ဆို။

ခင်ဗျားပြောလို့ ရှန်းမိသားစု ပိုင်ဆိုင်မှုတွေ အကုန်ရောင်းပစ်လိုက်ရတာလေ။

မိဘနှစ်ပါးလုံးကွယ်လွန်သွားပြီမို့ ရှန်းချန်ကော က မိသားစုပိုင်ဆိုင်မှုအကုန်လုံးကို ရောင်းထုတ်ပစ်ခဲ့ခြင်းပင်။

ယခင်ဘဝ၏အတွေ့အကြုံနှင့် သူ၏စကားပြောစွမ်းရည်ကိုပေါင်းစပ်ပြီး ရောင်းရငွေများဖြင့် မှော်လက်နက်များလဲလှယ်ကာ ဤအဘိုးကြီးထံ တပည့်ခံခဲ့ရခြင်းပင်။

ရှန်းမိသားစု မည်သည့်အရာဖြစ်နေပြီလည်း မသိတော့ပါဘူး။

သူသက်ပြင်းချလိုက်မိသည်။

ပိုင်ဆိုင်မှုများ အကုန်ရောင်းရတဲ့အပြင် အကြီးဆုံးတပည့်နေရာရှိရန် ဂိုဏ်းအစ်ကိုကြီးကို သတ်၊ ဒုတိယအစ်ကိုကြီး၏မိန်းမနှင့် ဖောက်ပြန်၊ တတိယအစ်ကိုကြီးအား ရူးသွားအောင်လုပ်ခဲ့ရသေး၏။(သူ့စိတ်ကူးထဲမှာ ပြောတာပါ။

'ထားလိုက်ပါတော့... ဒီအဘိုးကြီးက သေလူဖြစ်နေပါပြီ။ ကျန်တဲ့ တပည့် (၁၀၀) လောက်ထဲမှာ အတော်ဆုံးလူတောင် 'ချီထိန်းချုပ်ခြင်းအဆင့်' ပဲ ရှိပါသေးတယ်။ ကောင်းကင်ဘုံဓားဂိုဏ်း ပျက်စီးတော့မှာပါ။ 'နတ်တံတားအဆင့်' ရှိတဲ့ သာမန်နတ်ဆိုးတစ်ကောင်လာရင်တောင် ကောင်းကင်ဘုံဓားဂိုဏ်းတစ်ခုလုံး ပြာကျသွားနိုင်တယ်။'

ရှန်းချန်ကောသည် စိတ်မပါတပါဖြင့် သူ၏ လက်မောင်းစကို ဆွဲဖြဲကာကြမ်းပြင်ပေါ်မှာ ဖြန့်ခင်းပြီး တစ်ဖက်သို့ လှည့်လိုက်သည်။

တစ်ခုခု ရေးနေသလိုပင်။

"ဟင်... ဒီကောင်လေးက သူ့အင်္ကျီဖြူလေးကို အမြတ်နိုးဆုံး မဟုတ်ဘူးလား။ ဘာတွေ လုပ်နေတာတုန်း..."

ဂိုဏ်းချုပ်ကြီး ခေါင်းထောင်ကြည့်လိုက်တော့ ရှန်းချန်ကောက ဝမ်းနည်းပက်လက်ဖြင့် စာရေးနေသည်ကို တွေ့လိုက်ရသည်။

"ငါသေသွားရင် မငိုကြပါနဲ့... ငါ့အသားတွေ မြေကြီးထဲ ပြန်ရောက်သွားတဲ့အခါ ဓားတွေနဲ့ သံစဉ်တွေ အဖော်ပြုပေးပါလိမ့်မယ်..."

ဒီကောင်လေး သေတမ်းစာ ရေးနေတာလား။

ဂိုဏ်းချုပ်ကြီး ဒေါသထွက်ပြီး မျက်လုံးပြူးသွားလေသည်။

"ခွေးကောင်လေး... ဒါ နိမိတ်မရှိနမာမရှိ။ သစ္စာဖောက်ကောင်... ငါက ဟိုမှာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေတာ၊ မင်းက ဒီမှာ သေတမ်းစာ လာရေးနေတယ်ပေါ့။ သွား... ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချေ။ မင်းနောက်က ကောင်းကင်ဘုံဓားဂိုဏ်း တည်ထောင်သူ ဘိုးဘေးကြီးရဲ့ ရုပ်တုကို ကြည့်စမ်း။ မျိုးဆက်ပေါင်းများစွာ ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ယုံကြည်မှု ဖြစ်ခဲ့တာကွ။ သူက ကောင်းကင်ဘုံဓားဂိုဏ်းကို တည်ထောင်ခဲ့ပြီး သမိုင်းတွင်စေခဲ့တာ။ အရှေ့ပိုင်းတိုက်ကြီးရဲ့ အကောင်းဆုံး ဓားသိုင်းကျမ်းလို့ တင်စားကြတဲ့ 'ကောင်းကင်ဘုံဓားသိုင်းကျမ်း' ကို ဖန်တီးခဲ့တာ။ သူ့ဓားက တောင်တွေကို ပိုင်းဖြတ်နိုင်ပြီး ဓားအရှိန်အဝါက မိုင်သောင်းချီ ဖြတ်ကျော်နိုင်တယ်ကွ..."

'ဒီကောင်စုတ်လေး... ငါ ကျန်းစန်းကျန့် ဒီနေ့ မင်းကို ပညာပေးရမယ်...'

ဂိုဏ်းချုပ်ကြီးသည် ဒေါသအိုးပေါက်ကွဲကာ နေရာမှထရပ်လိုက်ပြီး ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ ရှန်းချန်ကောတစ်ယောက် ဓားသခင်ကျောက်ရုပ်တု၏ခြေရင်းသို့ လွင့်စင်သွားလေတော့သည်။

"ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်စမ်း..."

'ဟာ... ငါ့အင်္ကျီဖြူလေး...'

ရှန်းချန်ကော ပေါက်ကွဲတော့မလို ဖြစ်သွားသည်။

သို့သော် ထိုအချိန်တွင်ပင်...

[ နေရာ - ကောင်းကင်ဘုံဓားဂိုဏ်း တည်ထောင်သူ ဟွင်းထျန်းယန်၏ ကျောက်ရုပ်တု ]

[ ချက်အင် ဝင်မည်လော။ (လက်ခံ / မလက်ခံ) ]

ရှန်းချန်ကော ခဏလောက် ကြောင်အသွားသည်။

သူ ကျောက်ရုပ်တုကြီးကို မော့ကြည့်လိုက်မိသည်။ ခံ့ညားထည်ဝါသည့် ပုံစံပင်။ တစ်ချိန်က အရှေ့ပိုင်းတိုက်ကြီး၏အသန်မာဆုံးလူဟု ပြောစမှတ်ပြုကြသည်။

သူ၏ အမည်နာမသည် ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားခဲ့ပြီး ဓားသိုင်းပညာ၏ အထွတ်အထိပ်ဟု သတ်မှတ်ခံခဲ့ရသူဖြစ်သည်။

သူရေးသားခဲ့သော ကျမ်းများသည် ထာဝရ တည်တံ့နေပေလိမ့်မည်။

ကျောက်ရုပ်တု၏မျက်လုံးများသည် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံကြည့်ရှုနေပြီး စိတ်သဘောထား ကြီးမြတ်သူတစ်ယောက်အဖြစ် ပုံဖော်ထားသည်။

ဓားကို ညင်ညင်သာသာ ကိုင်ဆောင်ထားကာ မျက်နှာထားက နွေးထွေးကြင်နာသည့်ဟန် ပေါက်နေသော်လည်း ကြီးမားသည့် အာဏာစက်တစ်ခု ရှိနေသလို ခံစားရစေသည်။

ထို့ကြောင့် လူများကို အပြစ်ပေးလျှင် ကောင်းကင်ဘုံဓားဂိုဏ်း၊ ဓားသခင်ကျောက်ရုပ်တုရှေ့၌ဒူးထောက်ကာ အပြစ်ပြန်လည်သုံးသပ်ခိုင်းခြင်းက ထုံးစံလို ဖြစ်နေခဲ့ခြင်းပင်။

"လက်ခံ..."

[ ချက်အင် ဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလဒ် - 'ကောင်းကင်ဘုံဓားသိုင်းကျမ်း - ဓားစီးနင်းခြင်းကဏ္ဍ' ]

'ချက်အင် တဲ့လား... စနစ်ကြီးပါလား...'

လောကကြီးဟူသည် ဤသို့ပင် ဖြစ်ချေသည်။

တစ်စုံတစ်ခုကို မမျှော်လင့်တော့ဟု စိတ်ပိုင်းဖြတ်လိုက်သည့်အချိန်ကျမှသာ တိတ်တဆိတ် ရောက်ရှိလာတတ်စမြဲ မဟုတ်ပါလော။

All Chapters