← Chapters

ထပ်ဆင့်အကြွေး

Vol. 46 Ch. 630

ထပ်ဆင့်အကြွေး

Vol. 46 Ch. 630

အစိမ်းရောင်တောင်ထွတ်တစ်ခုပေါ်၌

ဇူယွမ်မှာ ကျောက်ဖျာတစ်ချပ်ပေါ်တွင် တင်ပုလ္လင်ချိတ်ကာ ထိုင်နေလျက် သူ၏ရှေ့တွက်ရှိနေသော ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်အား စိတ်ကသိကအောက်ဖြစ်စွာ ကြည့်ရှုနေမိသည်။ ထိုမီးလျှံကြာပွင့်မှာ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာမှ ရရှိလာသော ရောင်စဉ်ခုနစ်သွယ် ရတနာပင် ဖြစ်သည်။

"ရောင်စဉ်ခြောက်သွယ် ရတနာဆယ့်နှစ်ခု..."

"ဟူး......."

ဇူယွမ်မှာ သက်ပြင်းရှည်ကြီးတစ်ချက်အား ချလိုက်မိသည်။ ယခုဆိုလျှင် အစဉ်အမြဲ လိုချင်နေခဲ့ရသော ရောင်စဉ်ခုနစ်သွယ် ရတနာအား ရရှိပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါသော်လည်း ကြီးမားသော အကြွေးစာရင်းတစ်ခု တင်ကျန်ခဲ့ရပြီ ဖြစ်သည်။

ရောင်စဉ်ခြောက်သွယ် ရတနာဆယ့်နှစ်ခုအား ရှာဖွေရန်မှာ ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်းတွင်ပင် လွယ်ကူလှသော အလုပ်တစ်ခု မဟုတ်ပါချေ။ ရောင်စဉ်ခြောက်သွယ် ရတနာများသည် အနိမ့်ဆုံး ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာတွင်သာ ရှိနိုင်မည်ဖြစ်သည်။ သို့သော် ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာတစ်ခု ပေါ်ပေါက်လာတိုင်းတွင် ပိုင်ဆိုင်လိုမှုများကြောင့် တိုက်ပွဲများစွာ ဖြစ်ပွားရလေ့ ရှိသည်။ ထို့ကြောင့် ရောင်စဉ်​ခြောက်သွယ် ရတနာများအား အလိုရှိပါက ဇူယွမ်မှာ အချိန်နှင့်စွမ်းအင်များအား များစွာဖြုန်းတီးရလိမ့်မည်ပင် ဖြစ်သည်။

"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကိုလာရတဲ့ နင့်ရဲ့ရည်ရွယ်ချက်တစ်ခု အထမြောက်သွားပြီပဲလေ။ အခုချိန်ထိ နင်စိတ်မကျေနပ်သေးဘူးလား။" ဇူယွမ်၏နောက်မှ စနောက်လိုသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် ထန်ထန်အားပွေ့ချီလျက် လျှောက်လှမ်းလာသော ယောင်ယောင်အား တွေ့ရှိလိုက်ရသည်။ ဇူယွမ်မှာ ယောင်ယောင်အား မကျေမနပ်ဖြင့် မျက်စောင်းထိုးကာ ကြည့်ရှုလိုက်မိသည်။ အကယ်၍ ယောင်ယောင်သာ ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့ပါက ဇူယွမ်မှာ ထိုရောင်စဉ်ခုနစ်သွယ် ရတနာအား ရယူခြင်းပြုလိမ့်မည် မဟုတ်ပေ။

ယောင်ယောင်မှ ဇူယွမ်၏ဘေးတွင်ထိုင်ကာ ပြောလိုက်သည်။ "ရောင်စဉ်ခြောက်သွယ် ရတနာဆယ့်နှစ်ခု ရှာဖို့ပဲ နည်းနည်းခက်ခဲတာပါ။ ဘာပဲဖြစ်ဖြစ် လူဆိုတာ အခက်အခဲရှိမှ ပိုပြီးတိုးတက်တာလေ။"

ယောင်ယောင်မှာ အလေးအနက်ထားသောဟန်ဖြင့် ပြောနေပါသော်လည်း ဇူယွမ်မှာမူ သူမ၏ နီထွေးသောနှုတ်ခမ်းထက်မှ အနည်းငယ် တွန့်ကွေးနေသော အပြုံးတစ်ခုအား တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသော်လည်း မည်သည့်စကားမှ ပြောဆိုခြင်းမပြုပေ။ ယောင်ယောင်သည် သူ၏ကောင်းကျိုးအတွက်သာ ရောင်စဉ်ခုနစ်သွယ် ရတနာအား လက်ခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း ကောင်းစွာသိရှိနေသောကြောင့်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ ဝင်ရောက်လာရသော ဇူယွမ်၏ ရည်ရွယ်ချက်တစ်ခုမှာလည်း ရောင်စဉ်ခုနစ်သွယ် ရတနာအား ရရှိနိုင်ရန်ပင်ဖြစ်ပြီး ယခုအခါတွင် ထိုရည်ရွယ်ချက်မှာ အထမြောက်သွားခဲ့ပြီပင် ဖြစ်သည်။

"ဒီမှာ..." ယောင်ယောင်မှာ သူမ၏ လှပနူးညံ့သော လက်လေးအား ထုတ်ပေးလိုက်သည်။ ထိုလက်ဝါးလေးပေါ်တွင် ထူးခြားဆန်းကြယ်သောအရောင်များ တလက်လက်တောက်ပနေသော ရောင်စဉ်ခြောက်သွယ် ရတနာသုံးခုရှိနေ၏။

"ဒါက ငါနဲ့ထန်ထန်ရှာထားတဲ့ ရတနာတွေပဲ။ နင့်မှာရှိတဲ့ တစ်ခုနဲ့ပေါင်းလိုက်မယ်ဆိုရင် လေးခုဖြစ်သွားပြီ။"

ဇူယွမ်မှာ မျက်ရည်များပင် ဝေ့ဝဲတက်လာရသည်။ သူနှင့် ယောင်ယောင်တို့အကြားရှိ ဆက်ဆံရေးမှာ အမှန်တကယ်ပင် ထူးခြားလွန်းလှသည်။ ယခုအချိန်၌ ယောင်ယောင်မှ ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာပွင့်အား လိုချင်ပါသည်ဟု ဆိုလာခဲ့လျှင်လည်း သူ့ဖက်မှ မတွေဝေမတုံ့ဆိုင်းပဲ ပေးအပ်လိုက်မည်ပင် ဖြစ်သည်။

ယောင်ယောင်မှာ ကြီးမြတ်သောရှန်းဟွတောင်တန်းကြီးအား ကြည့်ရှုလျက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကြီးမြတ်သောရှန်းဟွတောင်တန်းကို ကာကွယ်ထားတဲ့ အစီအရင်က တဖြည်းဖြည်း ပွင့်ဟလာနေပြီ။ ငါမှန်းတာမမှားရင် မကြာခင်မှာပဲ ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာက ဖုံးကွယ်ထားတဲ့ အရာတွေကို မြင်တွေ့ရတော့မယ်။"

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ သူသည်လည်း ထိုနေ့အား စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။

"တတိယမြောက် သူတော်စင်မှော်စာလုံးကလည်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ ရှိနေတယ်ဆိုပေမယ့် အခုအချိန်ထိ ဘာသဲလွန်စမှ မရသေးဘူး။ ပြီးတော့ အဲ့ဒါကို ဘယ်လိုရှာရမလဲဆိုတာလဲ ကျွန်တော်မသိဘူး။" ဇူယွမ်မှ ပြောလိုက်သည်။

မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအား ရရှိခဲ့စဉ်က ဇူယွမ်သည် တတိယမြောက် သူတော်စင်မှော်စာလုံးမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း တည်ရှိနေကြောင်း သဲလွန်စအား ရရှိခဲ့သည်။

မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး၏ စွမ်းအင်များအား သိရှိနားလည်ခဲ့ရပြီးနောက် ဇူယွမ်မှာ ကန်ရွှမ်းတံဆိပ်ပြားထံမှ ခွဲထွက်လာသော သူတော်စင်မှော်စာလုံးလေးခုမှာ အလွန့်အလွန်ပင် စွမ်းအားကြီးကြောင်း သဘောပေါက်သွားခဲ့ရသည်။ ယခုလက်ရှိအချိန်တွင် ဇူယွမ်မှာ အနက်ဖော်သူတော်စင်မှော်စာလုံးနှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးတို့အား ရရှိထားပြီးဖြစ်ကာ ထိုမှော်စာလုံးများသည် ကျင့်ကြံရေးလမ်းစဉ်ပေါ်၌ အလွန်တရာမှ အကျိုးပြုလေသည်။

ထို့ကြောင့် ဇူယွမ်မှာ တတိယမြောက် သူတော်စင်မှော်စာလုံးအား ရရှိနိုင်ရန်အတွက်လည်း စိတ်ဆန္ဒပြင်းပြလျက် ရှိသည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှာ

တစ်ကြိမ်ပွင့်ဟလာရန်လွန်စွာ အလွန်ခက်ခဲလှသည်။ ယခုအကြိမ်တွင် တတိယမြောက် သူတော်စင်မှော်စာလုံးအား မရရှိနိုင်ခဲ့ပါက အခွင့်အရေး နောက်တစ်ကြိမ်ရနိုင်ရန်မှာ မဖြစ်နိုင်တော့သလောက်ပင် ဖြစ်သည်။

"ကြီးမြတ်သောရှန်းဟွတောင်တန်းရဲ့ အနက်ရှိုင်းဆုံး နေရာတွေ ပွင့်ဟလာပြီဆိုရင်တော့ တိုက်ပွဲက အကြီးအကျယ် ဖြစ်လာတော့မှာပဲ။" ယောင်ယောင်မှာ သစ်ပင်တစ်ခုအား အသာအယာမှီလျက် မေးဖျားလေးအား လက်ဖြင့်ထောက်ကာ စကားဆိုလိုက်သည်။

သူမသည် ဇူယွမ်အား တစ်ချက်မျှကြည့်ကာ ပြောလိုက်သည်။ "မြင့်မြတ်သောနန်းတော်က နောက်ဆုံးအဆင့် ရွေးချယ်ခံကိုနိုင်ဖို့တောင် နင့်ရဲ့စွမ်းအင်တွေ အပြည့်အဝ သုံးလိုက်ရတယ်။ အဲ့ဒါကြောင့် တခြားရွေးချယ်ခံတွေနဲ့သာတွေ့ရင် နင်နိုင်ဖို့က မသေချာဘူး။"

ဇူယွမ်မှ ခေါင်းညိတ်ပြကာ ​ပြောလိုက်သည်။ "အဲ့ဒါကြောင့် အခုကျန်နေတဲ့ အချိန်လေးအတွင်း အဆင့်တက်နိုင်အောင် ကြိုးစားရမယ်။"

ဇူယွမ်မှာ အလွန်သန့်စင်သော ချီစွမ်းအင်များ ထုတ်လွတ်နေသည့် မီးလျှံကြာစေ့နှစ်ခုအား ထုတ်ယူလိုက်သည်။

ယောင်ယောင်မှာ သူမ၏ လှပရွှန်းစိုသော မျက်ဝန်းလေးများဖြင့် ထိုမီးလျှံကြာစေ့နှစ်ခုအားကြည့်ကာ စကားဆိုလိုက်သည်။ "မီးလျှံကြာစေ့က ကျင့်ကြံရေးအတွက် ကောင်းတာတော့ အမှန်ပဲ။ ဒါပေမယ့် အဲ့ကြာစေ့နှစ်ခုလောက်နဲ့တော့ နင်အဆင့်တက်တာက အောင်မြင်မှာ မဟုတ်ဘူး။"

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။ မီးလျှံကြာစေ့နှစ်ခုဖြင့် မလောက်ငှနိုင်သော်ငြားလည်း အတတ်နိုင်ဆုံး ကြိုးစားကြည့်ရမည်ပင် ဖြစ်၏။

ယောင်ယောင်မှာ သူမ၏ လက်ကလေးအား ဆန့်ထုတ်လျက် မီးလျှံကြာစေ့ရှစ်ခုအား ဇူယွမ့်ထံ ပေးအပ်လိုက်သည်။

"ဒါက....." ဇူယွမ်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။

"ဒီထဲက နှစ်ခုက ငါရထားတဲ့ဟာလေ။ ငါက ဒီလိုပစ္စည်းတွေကို သိပ်ပြီးသုံးစရာ မရှိဘူးဆိုတာ နင်လဲသိတယ် မဟုတ်လား။ ကျန်နှစ်ခုကတော့ ထန်ထန် ရထားတဲ့ဟာတွေ။" ယောင်ယောင်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

ယောင်ယောင်၏ လက်မောင်းပေါ်တွင် ရှိနေသော ထန်ထန်မှာ မကျေနပ်သော မျက်လုံးဝိုင်းလေးများဖြင့် ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

"ထန်ထန့်ဟာရောပဲလား။" ဇူယွမ်မှာ အနည်းငယ်မျှ အားတုံ့အားနာ ဖြစ်သွားရသည်။ ထန်ထန်သည်လည်း မီးလျှံကြာစေ့အား စိတ်ဝင်စားနေလိမ့်မည်မှာ သေချာပေသည်။ ယောင်ယောင့်အား ကြောက်ရွံ့ချစ်ခင်သောကြောင့်သာ သူရရှိထားသော မီးလျှံကြာစေ့အား ပေးအပ်လာခြင်း ဖြစ်ပေလိမ့်မည်။

"ထန်ထန်က လောဘကြီးနေရုံလေးပါ။ ဘာပဲဖြစ်ဖြစ် ဒီလောက်လေးနဲ့တော့ ဘာမှမဖြစ်ပါဘူး။ ဟုတ်တယ်မလား။" ယောင်ယောင်မှာ လက်မောင်းထက်တွင် ပွေ့ထားသော ထန်ထန်အား မြှောက်ချီလျက် ပြောလိုက်သည်။ "ဟုတ်တယ်မလား ထန်ထန်လေး။"

ထန်ထန်မှာ ယောင်ယောင်၏ လှပရွှန်းစိုသော မျက်ဝန်းများအတွင်းရှိ အေးစက်မှုများအား ခံစားလိုက်ရသောကြောင့် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ရသည်။

"ကျန်တဲ့ မီးလျှံကြာစေ့လေးခုကရော..." ဇူယွမ်မှ နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။

"လီချင်းချန်ဆီကနေ နင့်နာမည်နဲ့ လဲလာတာလေ။" ယောင်ယောင်မှ ပြုံးကာပြောလိုက်သည်။

ဇူယွမ်မှာ အံ့အားသင့်သွားရ၏။ "ဘာကိုဆိုလိုချင်တာလဲ။"

"ရောင်စဥ်ခြောက်သွယ် ရတနာလေးခုက ရောင်စဥ်ခုနစ်သွယ် မီးလျှံကြာစေ့တစ်ခုနဲ့ လဲလှယ်နိုင်တယ်။ အဲ့ဒါကြောင့် လီချင်းချန်တို့ကို နင်အကြွေးဆပ်တဲ့ အခါကြရင် အရင်ပေးစရာရှိတဲ့ ရောင်စဥ်​ခြောက်သွယ် ရတနာဆယ့်နှစ်ခုအပြင် နောက်ထပ်ဆယ့်ခြောက်ခုကိုပါ ထပ်ပေါင်းပေးရလိမ့်မယ်။" ယောင်ယောင်မှ လေးနက်သောအမူအရာဖြင့် ရှင်းပြလိုက်သည်။

ဇူယွမ်မှာ ဗလာနတ္ထိဖြစ်နေသော မျက်ဝန်းများဖြင့် ယောင်ယောင်အား ကြည့်ရှုလိုက်မိသည်။ အရာရာမှာ အမှောင်ကျသွားသကဲ့သို့ ခံစားနေမိ၏။ သူ၏ ပထမအကြွေးအား မပေးဆပ်နိုင်ခင်မှာပင် အကြွေးပေါ်အ​ကြွေးဆင့်သွားခဲ့ရပြီပင် ဖြစ်သည်။

ဇူယွမ်၏ ဖြူရော်နေသော မျက်နှာအားကြည့်ကာ ယောင်ယောင်မှ စကားဆိုလိုက်သည်။ " ရွေးချယ်ခံတွေကို တိုက်ခိုက်နိုင်ဖို့အတွက် နင့်ဆီမှာ လုံလောက်တဲ့ စွမ်းရည်ရှိနေဖို့ လိုအပ်တယ်။"

ဇူယွမ်မှာ နှုတ်ခမ်းများ ခြောက်သွေ့စွာဖြင့် ထန်ထန်အား ကူကယ်ရာမဲ့စွာ ကြည့်ရှုလိုက်မိသည်။ ထန်ထန်နှင့် ဇူယွမ် နှစ်ဦးစလုံး၏ အတွင်းစိတ်ထဲတွင် ယောင်ယောင်မှာ အစစ်အမှန် မိစ္ဆာသခင်မလေးပင် ဖြစ်၏။ ယောင်ယောင်သည် အစဉ်အမြဲ သူမအလိုရှိသလို ပြုလုပ်တတ်ပြီး ဇူယွမ်တို့မှာလည်း တစ်ကြိမ်တစ်ခါမျှ သူမအား ဆန့်ကျင်ရဲခဲ့ခြင်း မရှိပေ။

ဇူယွမ်မှာ မတက်နိုင်တော့သည့်အတွက် လက်ရှိအခြေအနေကိုသာ လက်ခံလိုက်ရတော့သည်။ "ကောင်းပြီလေ။ အကြွေးတွေ အရမ်းများတဲ့သူက ဘာကိုမှ မပူပန်တတ်တော့ဘူးတဲ့။"

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ဇူယွမ်မှာ မူလစဦး အဋ္ဌမအဆင့်သို့ တက်ရောက်နိုင်ရန် လိုအပ်နေသည်မှာ အမှန်ပင် ဖြစ်သည်။

ယောင်ယောင်မှာ ကျေနပ်သဘောကျသွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်သားပဲ။ ဒါနဲ့ နင့်ရဲ့ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်က မပြည့်စုံသေးဘူးမလား။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်မှာ အပြည့်အဝ ပြီးပြည့်စုံခြင်း မရှိသေးပဲ သားရဲကိုးကောင် ပေါင်းစည်းရန် လိုအပ်နေဆဲပင် ဖြစ်သည်။

သို့သော် ထိုလိုအပ်သော သားရဲကိုးကောင်၏ စိတ်ဝိဉာဉ်များအား ရှာဖွေပေါင်းစည်းရန်မှာ မလွယ်ကူလှပေ။ အမှားအယွင်း အနည်းငယ်လေး တစ်ခုကပင် ဂရုတစိုက် ​ဖန်တီးပြုလုပ်လာခဲ့ရသော သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့အား ဖျက်စီးပစ်နိုင်ပေသည်။ ထို့ကြောင့် ဇူယွမ်မှာ လက်လွတ်စပယ် မပြုလုပ်ရဲခြင်း ဖြစ်သည်။

ယောင်ယောင်မှာ ခေါင်းညိတ်လိုက်ပြီးနောက် ကျောက်စိမ်းပုလင်းငယ်တစ်ခုအား ထုတ်ပေးလိုက်သည်။ ထိုကျောက်စိမ်းပုလင်းငယ်လေးအတွင်း လတ်ဆတ်သော ရွှေရောင်သွေးစက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။

"ဒီပစ္စည်းကို သန့်စင်ပြီး နောက်ထပ်ပေါင်းစည်းမယ့် သားရဲတွေပေါ်ကိုသုံးလိုက်။ အဲ့ဒါနင့်အတွက် ပိုကောင်းလိမ့်မယ်။" ယောင်ယောင်မှ ပြောလိုက်သည်။

ဇူယွမ်မှာ ကျောက်စိမ်းပုလင်းငယ်အတွင်းမှ ထူးခြားလှသော ရွှေရောင်သွေးစက်များအားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီသွေးတွေကို ဘာလို့မြင်ဖူးသလို ဖြစ်နေရတာပါလိမ့်။"

ဇူယွမ်မှာ စိတ်ပျက်အားလျော့နေဟန်ဖြင့် လဲလျောင်းနေသော ထန်ထန်အား ကြည့်ရှုလိုက်မိသည်။

ယောင်ယောင်မှ တည်ငြိမ်သောအမူအရာဖြင့်ပင် ပြောလိုက်သည်။ "အဲ့ဒါ ထန်ထန်ရဲ့သွေးတွေပဲ။  တစ်ခါတည်း အများကြီး ယူလိုက်ရင် ထန်ထန် ခံနိုင်ရည် မရှိမှာစိုးလို့ တစ်နေ့နည်းနည်းနဲ့ နှစ်လကြာအောင် စုထားခဲ့ရတာ။"

ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် ထန်ထန်အား ကြည့်ရှုလိုက်မိသည်။

ထန်ထန့်ဆီက ယူရပြန်ပြီပဲ.....

ရောင်စဉ်ခုနစ်သွယ် မီးလျှံကြာစေ့များနှင့် ထန်ထန်၏ သွေးစက်များ လုံလောက်စွာ ရှိနေပြီဖြစ်သောကြောင့် ဇူယွမ်မှာ သီးခြားကျင့်ကြံရန်သာ လိုအပ်တော့သည်။ သူသည် အဆင့်တက်နိုင်အောင် ပြုလုပ်၍ ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း ရွေးချယ်ခံများအကြား အသက်ရှင် ရပ်တည်နိုင်ရန် ကြိုးစားရတော့မည်ပင် ဖြစ်ပေတော့သတည်း....

All Chapters