← Chapters

အလောင်းကောင်

Vol. 2 Ch. 11

အလောင်းကောင်

Vol. 2 Ch. 11

ကျိလင်က ဘေးတစ်ဖက်သို့ မလုံမလဲပုံစံဖြင့် လျှောက်သွားလိုက်သည်။

သူ့မျက်လုံးများထဲတွင်တော့ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

အနီးတွင် မည်သူမျှမရှိသည်ကို မြင်လိုက်ရသောအခါ သူကအဝတ်အစားကို ကမန်းကတန်း မလိုက်ပြီး အတွင်းထဲတွင်ရှိနေသော လက်သီးဆုပ်အရွယ်အစားရှိသည့် အရိုးခေါင်းတစ်ခုကိုထုတ်လိုက်သည်။

ထိုအရိုးခေါင်းကို မီးခိုးရောင် အရာဝတ္ထုများဖြင့် ဖုံးအုပ်ထားသည်။

နှစ်ပေါင်းများစွာ ကြာအောင် ခြောက်သွေ့နေခဲ့သည့် သွေးအရောင်နှင့် တူသော အညိုရင့်ရောင် အစွန်းအထင်းများလည်း ရှိနေသည်။

လက်ရှိအချိန်တွင် ယင်းအရိုးခေါင်းခွံပေါ်၌ အက်ရာအသေးလေးတစ်ခု ပေါ်လာခဲ့သည်။

"မင်း ဘာဖြစ်တာလဲ သာမန် ဉာဏ်အလင်းပွင့်ခြင်းအဆင့် တစ်ယောက်ရဲ့ ချီနဲ့ သွေးကို လိုချင်တယ်လို့ မင်းပဲ မပြောခဲ့ဘူးလား။ အခုပဲ ငါမင်းကို အခွင့်အရေး ပေးခဲ့တယ်လေ"

လူများက သူ ယခုအရိုးခေါင်းနှင့် စကားပြောနေခြင်းကို တွေ့သွားမှာ ကြောက်ရွံ့နေသည့်ပုံစံဖြင့် သူ၏အသံဟာ အလွန်တိုးညှင်းနေသည်။

သို့သော် ထိုအချိန်တွင် အရိုးခေါင်းမှာ အနည်းငယ် တုန်ခါသွားသည်။

သူ့အဝတ်အစားထဲရှိ အရာဝတ္ထုမှာ အလွန်အားနည်းနေပုံရပြီး စကားပြောရန်ကြိုးစားရာတွင် အခက်အခဲများစွာ ရှိနေသည်။

၎င်းသည် ထာဝရအိပ်စက်ခြင်းမှ ယခုလေးတင် နိုးထလာခဲ့ခြင်း ဖြစ်ပုံရလေသည်...

ထိုအရာ၏မျက်နှာပေါ်တွင် ထူးဆန်းသော မျက်နှာပျက်ယွင်းမှုကို မြင်တွေ့နိုင်ပြီး ပါးစပ်တစ်ခုလုံး သွေးများပြည့်နေသကဲ့သို့ ထင်ရလေ၏။

"အဲဒါ... အဲဒါ... အဲဒါက... ဉာဏ်အလင်းပွင့်ခြင်းအဆင့် မဟုတ်ဘူး..."

သူ့အဝတ်အစားထဲရှိ အလွန်အားနည်းနေသော အရိုးခေါင်းက ထိုစကားများကို ပြောကြားပြီးနောက် ချက်ချင်းပင် မလှုပ်မယှက်ဖြစ်သွားတော့သည်။

ကျိလင် အံကြိတ်လိုက်သည်။

ဆက်ပြောလေ

ဆက်ပြောစမ်းပါ

မင်းက အမြဲတမ်း ဒီလိုပဲ...

ငါ မင်းကို ပူဇော်ပသနေသမျှ ကာလပတ်လုံး မင်း ငါ့ကို ခွန်အားတွေ ပေးမယ်လို့ ပြောခဲ့တယ်လေ...

မင်းက ဉာဏ်အလင်းပွင့်ခြင်းအဆင့် တပည့်တွေကို လိုချင်တယ်ဆို...

ယနေ့ သူက သူ၏စီနီယာအစ်ကို ရှန်းချန်ကောကို ရန်စပြီး စမ်းသပ်ပေးခဲ့သည်၊ သို့သော် အဆုံးသတ်တွင်... အရိုးခေါင်းက အက်ကွဲသွားသည်လော။

ရှန်းချန်ကောက ဉာဏ်အလင်းပွင့်ခြင်းအဆင့် မဟုတ်ဘူးလား။

အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

ရိုးရိုးသားသား ပြောရရင် ရှန်းချန်ကောက ဉာဏ်အလင်းပွင့်ခြင်းအဆင့် သို့ တက်လှမ်းနိုင်ခဲ့သည့်အပေါ် သူကိုယ်တိုင်လည်း အလွန်အံ့သြနေခဲ့ရသည်။

ရှန်းချန်ကော ထိုသို့ အဆင့်တက်ခဲ့စဉ်က ထိုနေရာ၌သူအပြင် အခြားတပည့်များစွာလည်း ရှိနေခဲ့သည်။

ထို့ကြောင့် ကောင်းကင်ဘုံဓားဂိုဏ်းအတွင်းရှိ လူအများအပြားက ရှန်းချန်ကော၏ အင်အားကို သိရှိထားကြသည်။

ဒါပေမယ့် အရိုးခေါင်းက...

ကျိလင်သည် သူ့အဝတ်အစားထဲတွင် ဝှက်ထားသော အရိုးခေါင်းကို မကြည့်ဘဲ မနေနိုင်တော့ပေ။

သူ့မျက်လုံးများက သူ၏ဇဝေဇဝါဖြစ်မှုကို ဖော်ပြနေသည်။

အရိုးခေါင်းက သူ့ကို လိမ်ညာလိမ့်မည် မဟုတ်ပါ၊ အနည်းဆုံးတော့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီးတော့ပေါ့...

"ကျိ..."

အခြားတပည့်တစ်ဦးက ကျိလင်ဘေးတစ်ဖက်တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ ထူးဆန်းသော ခံစားချက်တစ်ခု ရရှိသွားသည်။

သူက အနားသို့ လာပြီး နှုတ်ဆက်ချင်သော်လည်း ကျိလင်၏တုံ့ပြန်ပုံက ထူးဆန်းနေလေ၏။

သူသည် ချက်ချင်းပင် သူ့အဝတ်အစားကို ဆွဲတင်လိုက်ပြီး ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများက ဒေါသများပြည့်နှက်နေပုံရပြီး မျက်လုံးအောက်ခြေတွင် နီရဲနေသည်။

တွေဝေငေးမောရင်းဖြင့် ထိုတပည့်၏စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာသည်။

သူသည် ထိုကဲ့သို့သော မျက်လုံးမျိုးကို နတ်ဆိုးများတွင်သာ မြင်ဖူးသကဲ့သို့ပင်...

"မင်း ငါ့ဆီက ဘာလိုချင်လို့လဲ" ကျိလင်က ခက်ထန်စွာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး"

ထိုတပည့်လည်း အလျင်အမြန် ထွက်သွားတော့သည်။

ကျိလင် သက်ပြင်းချလိုက်သည်။

အရိုးခေါင်းကို ကိုင်ထားရန် အဝတ်အစားထဲသို့ ထည့်ထားသော သူ့လက်ပင်လျှင် တုန်ရီနေသည်။

အကယ်၍ အရိုးခေါင်း ကိစ္စသာ ပေါ်သွားပါက...

သူ သေရမှာ သေချာသလောက်ပင်...

ထိုအချိန်တွင် ရှန်းချန်ကော၏မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။

ယခုလေးတင် သူက ကျိလင်၏ခန္ဓာကိုယ်မှ စုပ်ယူလိုက်ရသောစွမ်းအားအငွေ့အသက်ကို ခံစားလိုက်ရသော်လည်း သူ နှုတ်ဆိတ်နေခဲ့သည်။

စုပ်ယူလာသောစွမ်းအားက သူ့ဆီသို့ တိုးဝင်လာသောအခါ သူက ကောင်းကင်ဘုံဓားကျမ်း၏စွမ်းရည်များဖြင့် ပေါင်းစပ်ထားသော အလွန်ထွင်းဖောက်နိုင်သည့် ဝိညာဉ်စွမ်းအင်တစ်မျှင်ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။

သူက ကျိလင်၏ရှေ့မှ လျှောက်သွားနေသော်လည်း ရံဖန်ရံခါဘေးတိုက် ယပြန်ကြည့်နေသည်။

"ဒီကောင်လေး..."

သူ့မျက်လုံးများက တဖြည်းဖြည်း တည်ငြိမ် လေးနက်လာသည်။

တစ်ခုခုတော့ မှားနေပြီ။

ရှေ့သို့ ဆက်လျှောက်သွားရင်း ကျန်းစန်းကျန့်ကို တွေ့လိုက်ရသည်။

ထိုအဘိုးကြီး အသက်ရှင်နေသေးပြီး မောက်မာဝင့်ကြွားစွာပြုမူရန် မေးစေ့ကို မော့ထားနိုင်သေးသည်ကို မြင်လိုက်ရသောကြောင့် ရှန်းချန်ကော၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် ကျန်းစန်းကျန့်ကလည်း ရှန်းချန်ကော ရောက်လာသည်ကို သတိထားမိလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ဒီတစ်ခါ ရှန်းချန်ကောကို မြင်လိုက်ရသောအခါ ရှန်းချန်ကောနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ပြောင်းလဲသွားသလို သူ ခံစားလိုက်ရလေသည်။

"ဒီကောင်လေး..."

ကျန်းစန်းကျန့်က မျက်လုံးကို မှေးစင်းပြီး ရှန်းချန်ကောကို စိုက်ကြည့်လိုက်သည်။

"ကျွန်တော်က ဂိုဏ်းချုပ်ထက် ပိုခန့်ညားနေရုံလေးပါ။အဲဒါကို အံ့သြနေစရာ မလိုပါဘူး" ဟု ရှန်းချန်ကောက ပြောလိုက်သည်။

ရှန်းချန်ကောက လုံးဝ ထိတ်လန့်ခြင်း မရှိပေ။

အဘိုးကြီးက ဒဏ်ရာအပြင်းအထန် ရထားပြီး သူ့ကျင့်ကြံခြင်းအဆင့်ကလည်း ကျဆင်းနေသည်။

လက်ရှိအချိန်တွင် သူ့ဓားချက်တစ်ချက်တည်းဖြင့်ပင် ထိုလူကြီးကို အဆုံးစီရင်နိုင်သည်ဟု ပြောနိုင်လေ၏။

သူက ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးဖို့ စဉ်းစားနေတာလား၊ ငါ စိတ်ဝိညာဉ်လမ်းညွှန်ခြင်းကို အပြည့်အဝတတ်မြောက်သွားတဲ့အခါ ဘယ်သူမှ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ပြောနိုင်တော့မှာ မဟုတ်ဘူး။

"မင်းအကြောင်းကို ငါ ဘာလို့ မမြင်နိုင်ရတာလဲ"

ကျန်းစန်းကျန့်၏မျက်လုံးများ တောက်လောင်နေခဲ့သည်။

ရှန်းချန်ကောက မဲ့ပြုံး ပြုံးလိုက်သည်။

သူ စကားမပြောခဲ့ပေ။

သူက မေးစေ့ကို အနည်းငယ်မော့ပြီး ကျန်းစန်းကျန့်ကို မောက်မာစွာ စိုက်ကြည့်လိုက်သည်။

ကျန်းစန်းကျန့်က ထိုသို့ အကြည့်ခံရသောကြောင့် အလွန် နေရခက်သွားသည်။

ဒီကောင်လေးကတော့ အထုခံချင်နေပြီပဲ။

ကျန်းစန်းကျန့် ဒေါသကြောင့် အံကြိတ်လိုက်မိသည်။

အထူးသဖြင့် ရှန်းချန်ကောက သူ့ထက် ပိုခန့်ညားတယ် ဟုတ်လား၊ သူက ပြန်ငြင်းချင်သော်လည်း ရှန်းချန်ကော၏မျက်နှာကို ကြည့်ပြီး သူငယ်စဉ်က ရှိခဲ့သည့် သူ့မျက်နှာကို ပြန်စဉ်းစားလိုက်သောအခါ...

သူက လည်ချောင်းဝရောက်နေသော စကားများကို ပြန်မျိုချလိုက်သည်။

သူ၏ဆုပ်ထားသော လက်သီးများ ပြေလျော့သွားပြီးနောက် ပို၍ပြင်းထန်သော အားဖြင့် ပြန်လည် ဆုပ်ကိုင်လိုက်သည်။

သောက်ကျိုးနည်း

ကျန်းစန်းကျန့် သက်ပြင်းချလိုက်သည်။

ငါ နည်းနည်းတော့ ရူးသွားပြီ ထင်တယ်၊ ဒါပေမယ့် ခုနက တစ်ခဏလောက်တော့ ဒီကောင်လေးကများ ဟိုနတ်ဆိုးရဲ့ပင်မခန္ဓာကိုယ်ကို သတ်နိုင်ခဲ့လေမလားလို့ ငါ တွေးမိလိုက်သေးတယ်။ ငါ ရူးနေပြီပဲ ဖြစ်ရမယ်။

ဒီကောင်လေးက ဉာဏ်အလင်းပွင့်ခြင်းအဆင့် ကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့တယ်လို့ ပြောကြတယ်။

ဒါပေမယ့် အဲဒါက ဘာများ လုပ်နိုင်မှာမို့လဲ၊ ဉာဏ်အလင်းပွင့်ခြင်းအဆင့် ရှိတဲ့ လူတစ်ယောက်က ဟိုနတ်ဆိုးရဲ့ ပင်မခန္ဓာကိုယ်ကို ယှဉ်ရင် ဘာစွမ်းအားမှ ရှိမှာ မဟုတ်ဘူး။

ဟိုကြက်ဖက အနည်းငယ် လှုပ်ရှားလိုက်ရုံနဲ့တင် သူ့ကို လက်နက်ချပြီးအသက်ချမ်းသာပေးဖို့အတွက် တောင်းပန်ခိုင်းဖို့ လုံလောက်တယ်။

"အမှောင်မြူတွေ ပျယ်လွင့်စ ပြုနေပြီ" ကျန်းစန်းကျန့်က ပြောလိုက်လေသည်။

နောက်ဆုံးတော့ ပျယ်လွင့်စပြုပြီပေါ့။

ရှန်းချန်ကောက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

"ငါတို့ ကျမ်းစာတိုက်ငယ်ကို အမြန်ဆုံး ပြန်သိမ်းပိုက်ပြီး နယ်နမိတ်တစ်ဝိုက်မှာ ဉာဏ်အလင်းပွင့်ခြင်းအဆင့်အထက် လူတွေရဲ့သွေးကို ပက်ဖျန်းရမယ်။လူသားသွေးထဲက သက်စောင့်စွမ်းအားနဲ့ဆိုရင် အမှောင်မြူတွေ ထပ်ပြီးပျံ့နှံ့လာတာကို ငါတို့ တားဆီးနိုင်လိမ့်မယ်" ဟု ကျန်းစန်းကျန့်က ပြောသည်။

အမှောင်မြူများ ပျယ်လွင့်သွားပြီးနောက် အမှောင်မြူများ ထပ်မံမြင့်တက်မလာစေရန် နယ်မြေ၏ နယ်နိမိတ်များတွင် လူသားများ၏သွေး၊ အထူးသဖြင့် ဉာဏ်အလင်းပွင့်ခြင်းအဆင့် အထက် ရှိသူများ၏သွေးကို ပက်ဖျန်းရမည် ဖြစ်သည်။

ဟုတ်ပါသည်၊ ဤနည်းလမ်းသည် အမှောင်မြူထဲရှိ နတ်ဆိုးများကို ထိခိုက်စေမည် မဟုတ်သော်လည်း လူသားသွေးမှထွက်ပေါ်လာသော သက်စောင့်စွမ်းအားက နတ်ဆိုးများကို ပိုမို ဒေါသထွက်စေလိမ့်မည်။

အမှောင်မြူများ တဖြည်းဖြည်းပျယ်လွင့်သွားသည်။

ဂိုဏ်းသားအများအပြားလည်း ဤနေရာတွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

သူတို့အားလုံးသည် ဉာဏ်အလင်းပွင့်ခြင်းအဆင့် အထက်တွင် ရှိကြပြီး အများစုမှာ ဉာဏ်အလင်းပွင့်ခြင်း နှောင်းပိုင်းအဆင့်တွင် ရှိကြသည်။

ထင်ရှားသည်မှာ ကောင်းကင်ဘုံဓားဂိုဏ်း သည် နယ်မြေချဲ့ထွင်ရန် အလွန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

ထိုနေရာသည် ကျမ်းစာတိုက်ငယ် မျှသာ ဖြစ်ပြီး ကျမ်းစာလိပ် အများအပြား မကျန်တော့သော်လည်း လက်ရှိ ကောင်းကင်ဘုံဓားဂိုဏ်း အတွက်မူ ထိုကျန်ရှိနေသော စာလိပ်အနည်းငယ်သည်ပင် အလွန်တန်ဖိုးရှိသည်ဟု ယူဆရနိုင်လေ၏။

အမှောင်မြူများက တဖြည်းဖြည်း စတင် လွင့်ပျယ်လာသည်။

တပည့်များသည် ဓားဖြင့် လက်ကိုလှီးဖြတ်ကာ အမည်းရောင်မြူ မှေးမှိန်သွားသည့် နေရာများတွင် သူတို့၏ သွေးကို ပက်ဖျန်းလိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အမှောင်မြူသည် သွေးရှိသော နေရာ၏အပြင်ဘက်တွင်သာ ကန့်သတ်ခံထားရသကဲ့သို့ ဖြစ်သွားသည်။

တစ်လက်မမျှပင် ရှေ့သို့ တိုးမလာနိုင်တော့ပေ။

သို့သော် ကျန်းစန်းကျန်ကတော့ အလွန် စိုးရိမ်ပူပန်နေသည်။

နတ်ဆိုး၏ပင်မခန္ဓာကိုယ်ကို သတ်ခဲ့သူမှာ ဓားဂိုဏ်းထဲတွင် ဖုံးကွယ်နေသောကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု တပည့်များအားလုံးက ထင်မှတ်နေကြသည်။

သို့သော် သူသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ရာ ဂိုဏ်းထဲတွင် ထိုကဲ့သို့ အခြေအနေမျိုး ရှိနေသည်ကို သူ မသိဘဲနေရန်မှာ မဖြစ်နိုင်ပေ။

ကောင်းကင်ဘုံဓားဂိုဏ်း ထဲတွင် ထိုကဲ့သို့သော လူမျိုး မရှိပေ။

မဟုတ်လျှင် သူ ဒီလောက် ကြိုးစားနေစရာ မလိုပေ...

ဒါဆို ဘယ်သူလဲ

သူ အတွေးနက်နေစဉ် လူတစ်ယောက်က ပြောလာသည်၊ "ဂိုဏ်းချုပ်ကြီး ကျွန်တော်တို့ အလောင်း တစ်လောင်းတွေ့ပါတယ် အခြေအနေကို ကြည့်ရတာ သေဆုံးတာက လွန်ခဲ့တဲ့ သုံးရက်အတွင်းမှာ ဖြစ်လောက်တယ်"

"အလောင်းကောင်"

ကျန်းစန်းကျန့်တစ်ခဏမျှ ကြောင်အသွားသည်။

ထို့နောက် သူ့မျက်နှာထား လျင်မြန်စွာ ပြောင်းလဲသွားပြီး အလျင်အမြန် သွားကြည့်လိုက်သည်။

ရှန်းချန်ကောလည်း လိုက်ပါသွားသည်။

အလောင်းကောင်ကို ကြည့်လိုက်ရာ ၎င်း၏ မျက်နှာမှာ ထိတ်လန့်နေပုံ ပေါ်ပြီး ရင်ဘတ်တွင် အပေါက်ငယ်တစ်ခု ပါရှိသည်။

ထင်ရှားသည်မှာ ဤလူသည် ထိုမိန်းကလေးငယ် လက်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သို့သော် လူတိုင်း၏ ယမျက်နှာကို အလွန်ဆိုးရွားသွားစေသည့် အချက်မှာ ဤလူသည် ကောင်းကင်ဘုံဓားဂိုဏ်း မှ လုံးဝ မဟုတ်ခြင်းပင်။

သူက အခြားဂိုဏ်းမှ ဖြစ်သည်။

ကောင်းကင်ဘုံဓားနယ်မြေ တွင် ဂိုဏ်းပေါင်း များစွာ ရှိသည်။

မူလက ကောင်းကင်ဘုံဓားဂိုဏ်း အထွတ်အထိပ် ရောက်နေစဉ်က အခြားသူအားလုံးသည် သူတို့ ဆုံးဖြတ်သမျှကို လိုက်နာကြရသည်။

သို့သော် ကောင်းကင်ဘုံဓားဂိုဏ်း ကျဆုံးလာပြီးနောက် အဓိကဓားသိုင်းကျမ်းများ ဆုံးရှုံးသွားသောအခါ အခြားဂိုဏ်းများစွာ ကောင်းကင်ဘုံဓားနယ်မြေ တွင် ပေါ်ပေါက်လာခဲ့သည်။

ဤအလောင်းကောင်သည် နယ်မြေကို ကင်းထောက်ရန်ထွက်လာသော အခြားဂိုဏ်းမှ တပည့်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။

သူသည် ဒီနေရာမှာ လာသေနေခဲ့ခြင်း ဖြစ်သည်...

သူတို့ မကြာခင် အခြားဂိုဏ်းများနှင့် ရင်ဆိုင်ရတော့မည်လော။

ဤအရာက ကောင်းကျိုး ဖြစ်လာမည်လော၊ ဆိုးကျိုး ဖြစ်လာမည်လော၊ နှစ်ဘက်စလုံး ငြိမ်းချမ်းစွာနေထိုင်ပြီး အမှောင်မြူကို ကိုင်တွယ်ရန်ပူးပေါင်းကြမည် သို့မဟုတ် ဓားများဖြင့် ရင်ဆိုင်ပြီး တစ်ဖက်နှင့်တစ်ဖက် ဝါးမျိုကြတော့မည်လော။

"ဒီဧရိယာမှာကင်းစောင့်ဖို့ ငါတို့ တပည့်တချို့ကို စေလွှတ်လိုက်ပါ။ ဘယ်နေရာကိုမှ မစောင့်ကြည့်ဘဲ လွှတ်မထားရဘူး" ကျန်းစန်းကျန့်က ပြောလိုက်သည်။

သူ၏မျက်နှာမှာ အလွန်လေးနက်နေလေသည်။

အကယ်၍ လက်ရှိ ကောင်းကင်ဘုံဓားဂိုဏ်း သာ အခြား အင်အားကြီးဂိုဏ်းတစ်ခုနှင့် တွေ့ကြုံခဲ့ရလျှင် သူတို့သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။

နောက်ဆုံးတော့ ဓားဂိုဏ်းထဲတွင် အပေးအယူလုပ်ရန် အသုံးချနိုင်သည့် စွမ်းအားကြီး ကျမ်းစာအုပ် ဟူ၍ မရှိတော့ပေ။

တစ်ဖက်လူက သူတို့နဲ့ မဟာမိတ်ဖွဲ့ပြီး သူတို့ဆီက ဘာမှပြန်မရဘဲ လူ ၁၀၀ စာအတွက် ထောက်ပံ့ပေးပါ့မလား။

All Chapters