ဉာဏ်အလင်းဖွင့်ခြင်းဆေးလုံး
Vol. 2 Ch. 13
[ ချက်အင်ဝင်သည် +၁ ]
[ ရရှိသောဆုလာဘ်: ဉာဏ်အလင်းဖွင့်ခြင်းဆေးလုံး ]
'ဟမ်...'
ဒီတစ်ခါတွင် ရှန်းချန်ကောသည် သူ့ရင်ထဲ၌ ထူးခြားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ရုတ်တရက် မသိမသာစေ့ဆော်မှုတစ်ခုက သူ့လက်ကိုမြှောက်စေကာ လက်ဖဝါးဖွင့်လိုက်စေသည်။
သူ့လက်ဖဝါးထဲတွင် လုံးဝန်းသော ဆေးလုံးတစ်လုံး ရောက်ရှိနေပြီ ဖြစ်လေ၏။
ထိုဆေးလုံးသည် ကြည်လင်တောက်ပနေပြီး ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။
ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးများသည် ဆေးလုံးပေါ်တွင် ရစ်ပတ်နေသည်။
ဆေးလုံး၏အနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် ရှန်းချန်ကောသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
အလွန်နှစ်လိုဖွယ်ကောင်းသော ခံစားမှုမျိုး ဖြစ်သည်။
ဤဆေးလုံးသည် နားလည်သဘောပေါက်နိုင်စွမ်း ကို မြှင့်တင်ပေးနိုင်လိမ့်မည်။
လက်ရှိ ရှန်းချန်ကောအတွက် ဤဆေးလုံးသည် သူရရှိနိုင်သော အဖိုးတန်ဆုံးအရာ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် ရှန်းချန်ကော အနည်းငယ် ထူးဆန်းနေသည်မှာ ကျမ်းစာတိုက်ငယ်တွင် ဆေးလုံးများကို ရရှိနိုင်ခြင်း ဖြစ်လေသည်။
ကြည့်ရသည်မှာ ကျမ်းစာများထားရှိသော နေရာများတွင် နည်းစနစ်များသာလျှင် မုချရရှိနိုင်သည်တော့ မဟုတ်ပေ။
ဓားသခင်ကျောက်ရုပ်တုအောက်တွင် ဓားကျမ်းများနှင့် ဓားနည်းစနစ်များကို ရရှိခဲ့သကဲ့သို့ပင် ဖြစ်သည်။
ဆုလာဘ်များသည် သီးခြားတည်နေရာ၏ ရည်ရွယ်ချက်နှင့် သက်ဆိုင်နေပုံရသည်။
ဥပမာအားဖြင့် ကျမ်းစာတိုက်နှင့် ဆက်စပ်နေသော ပစ္စည်းများနှင့် ကျမ်းစာများသည် ရှင်းပြစရာမလိုအောင် ထင်ရှားသော ဆုလာဘ်များ ဖြစ်သည်။
တပည့်များသည် မတူညီသော ကျမ်းစာများကို ကျင့်ကြံကြရသဖြင့် တပည့်တစ်ဦး၏နားလည်သဘောပေါက်နိုင်စွမ်းသည်လည်း ဤဖြစ်ရပ်ပေါ်တွင် ပါဝင်နေသည်။
ရှန်းချန်ကော နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။
သူ ဤနေရာမှ ထွက်ခွာရန် မရွေးချယ်ခဲ့ပေ။
သို့သော် ထိုအချိန်တွင် သူ့မျက်နှာထားရုတ်တရက် ပြောင်းလဲသွားသည်။
သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ 'ပုံရိပ်ယောင်ရွှေ့လျားခြင်း' ကို အမြင့်ဆုံးစွမ်းအားဖြင့် ထုတ်ဖော်လိုက်သည်။
ချက်ချင်းပင် ထိုနေရာမှ သူပျောက်ကွယ်သွားသည်။
သူ့ပတ်ဝန်းကျင် နေရာတိုင်းတွင် ပုံရိပ်ယောင်များ ပြည့်နှက်နေသည်။
ကျမ်းစာတိုက်ငယ် အပြင်ဘက်တွင် အမှောင်မြူခိုးများလွှမ်းခြုံနေပြီး ရှန်းချန်ကောသည် အပြင်ဘက်မှ တစ်စုံတစ်ယောက်၏အရှိန်အဝါကို အာရုံခံမိနေသည်။
တစ်ယောက်ယောက် လာနေလေပြီ။
ရှန်းချန်ကောသည် 'စိတ်ဝိညာဉ်လမ်းညွှန်ခြင်း' နည်းစနစ်အား အလွန်ကျွမ်းကျင်နေပြီ ဖြစ်သည်။
သူ့အာရုံခံစားမှုများသည်လည်း များစွာ ထက်မြက်လာသည်။
သို့သော် စိတ်ဝိညာဉ်လမ်းညွှန်ခြင်း နည်းစနစ်တွင် သူသည် အဆုံးစွန်အဆင့်သို့ မရောက်ရှိသေးပေ။
ထို့ကြောင့် သူ၏မွေးရာပါပါရမီသည် သူမျှော်လင့်ထားသလောက် တိုးတက်မလာခဲ့သော်လည်း လောလောဆယ်တွင် ပြဿနာကြီးကြီးမားမား မရှိသေးပေ။
မည်သို့ပင်ဖြစ်စေ ရှန်းချန်ကော၏ကျင့်ကြံခြင်းအခြေခံ တိုးတက်မှုသည် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။
ရှန်းချန်ကောသည် အမှောင်ထုထဲတွင် ပုန်းအောင်းနေပြီး သူ့မျက်လုံးများက အရာအားလုံးကို တိတ်တဆိတ် စစ်ဆေးနေသည်။
အနည်းငယ်ခြင်းဖြင့်... အမှောင်မြူခိုးများသည် မြေကြီးထဲသို့ ပျော်ဝင်နေသည်။
မြူခိုးနှစ်ခုမြေကြီးနှင့် ထိတွေ့သောအခါ ရေစက်ကျသံ ထွက်ပေါ်လာသကဲ့သို့ပင်။
အမှောင်မြူခိုးများအတွင်း၌...
"ငါ ဆက်မလျှောက်နိုင်တော့ဘူး..."
အလွန်ထိတ်လန့်နေပုံရသော လူရိပ်အချို့သည် ကျမ်းစာတိုက်ငယ်ဘက်သို့ ပြေးလာကြသည်။
ထိုအချိန်တွင် သူတို့အားလုံး၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမျိုးမျိုး ရရှိနေကြလေသည်။
သူတို့၏ဒဏ်ရာများမှ မည်းမှောင်သော အမည်မသိအရာများအဆက်မပြတ်စီးကျနေပြီး ထိုနေရာများကို မည်းနက်ပုပ်သိုးသွားစေသည်။
သူတို့၏မျက်နှာများသည် ဖြူဖျော့နေပြီး မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
"ရှေ့မှာ ငါတို့ မရင်ဆိုင်ရဲတဲ့ သတ္တဝါကြီးတစ်ကောင် ရှိနေတယ်လို့ ထင်တယ်... ဟိုတလောက စီနီယာအစ်ကိုကြီး 'ကျန်းချွမ်' သေဆုံးခဲ့တဲ့ နေရာပဲ။ စီနီယာအစ်ကိုကြီး ကျန်းချွမ်က 'ချီထိန်းချုပ်ခြင်းအဆင့်' အထွတ်အထိပ်ကို ရောက်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး 'လွတ်မြောက်ခြင်းအဆင့် (Liberation Stage)' ကို ရောက်ဖို့ ခြေလှမ်းတစ်လှမ်းပဲ လိုတော့တာ။ ဒါပေမဲ့ သူတောင် ဒီနေရာမှာ သေဆုံးခဲ့ရတယ်... ငါတို့သာ ရှေ့ဆက်သွားမယ်ဆိုရင်..."
"ဒါပေမဲ့ ငါတို့နောက်က နတ်ဆိုးက ဒေါသတကြီး လိုက်လာနေပြီ။ ငါတို့ အစီအစဉ်တစ်ခု အမြန်မဆွဲရင် ဒီနေ့ အဲဒီအကောင်အတွက် အစာဖြစ်သွားလိမ့်မယ်..."
ထိုအချိန်တွင် အမည်မသိဂိုဏ်းတစ်ခုမှ တပည့်အချို့သည် အလွန်ဖြူဖျော့နေကြသည်။
ထင်ရှားသည်မှာ သူတို့သည် လေထဲတွင် ပျံသန်းအားကုန်ဆုံးခါနီးမြားတံများကဲ့သို့ ဖြစ်နေပြီ။
ထိုအခိုက်အတန့်တွင် သူတို့နောက်မှ အလွန်မနှစ်မြို့ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
အမှောင်မြူခိုးများ၏အုံ့မှိုင်းနေမှုထက် ပိုမိုဆိုးရွားသော အသံဖြစ်သည်။
၎င်းသည် ရှိသမျှအရာအားလုံးကို နှစ်မြှုပ်ပစ်နိုင်သော ဒြပ်စင်ရှိအမှောင်ထုတစ်ခု ဖြစ်လေသည်။
ထူးဆန်းပြီး မှိုင်းညို့နေလေ၏။
ဝူး...
ရုတ်တရက် အမှောင်ထုဒြပ်စင်လွင့်ပယ်သွားပြီး ပုပ်သိုးနေသော လက်တစ်ဖက် ဆန့်ထွက်လာသည်။
လက်မောင်းပေါ်ရှိ ပုပ်သိုးနေသော နေရာမှ ရွံရှာဖွယ် အရည်များစီးကျနေသည်။
အရည်များ မြေကြီးပေါ်သို့ ကျသောအခါ ရှဲခနဲ မြည်သံထွက်ပေါ်လာပြီး ပြင်းထန်သော တိုက်စားမှုအာနိသင်ကို ပြသနေသည်။
ထို့နောက် လက်များနောက်ထပ်တစ်ခုပြီးတစ်ခု ဆန့်ထွက်လာပြီး အချင်းချင်းပွတ်တိုက်ကာ လူတစ်ယောက်၏ဦးရေပြားကို ထုံကျင်သွားစေမည့် အသံများ ထွက်ပေါ်လာသည်။
"အဲဒါ ရောက်လာပြီ..."
လူငယ်များ၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
သို့သော် သူတို့ပတ်ဝန်းကျင်ရှိ အမှောင်မြူခိုးများသည် တဖြည်းဖြည်း သူတို့ကို ပိတ်လှောင်ထားလိုက်သည်။
သူတို့၏ခြေထောက်များတွင် ကော်ရည်များကပ်ခံထားရသကဲ့သို့ လေးလံလာပြီး သံကြိုးများဖြင့် ချည်နှောင်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့၏မျက်နှာများ ဖြူဖျော့သွားပြီး ထိတ်လန့်သော အမူအရာများ ပေါ်လာသည်။
ချွေးစက်များ မျက်နှာပေါ်တွင် ဖုံးလွှမ်းနေပြီး ခေါင်းမှခြေအဆုံး တုန်ယင်နေကြသည်။
'သြော်... 'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့် နတ်ဆိုးတစ်ကောင်ပါလား...'
ရှန်းချန်ကောသည် အမှောင်ထဲမှနေ၍ ထိုသတ္တဝါကြီးကို မကြည့်ဘဲ မနေနိုင်တော့ပေ။
သူသည် စိတ်ဝင်တစား ကြည့်ရှုနေသည်။
နတ်ဆိုးအမျိုးအစားများစွာ ရှိသည်။
ဥပမာအားဖြင့် ပြီးခဲ့သောတစ်ခေါက်က သူတွေ့ခဲ့သော 'သခင်နှင့် နတ်ဆိုးကျွန်' သည် ခန္ဓာကိုယ်နှစ်ခု ခွဲထားသည်။
ပင်မခန္ဓာကိုယ် အသက်ရှင်နေသမျှ ဒုတိယခန္ဓာကိုယ်သည် မသေဆုံးနိုင်ပေ။
သူ့ရှေ့မှောက်တွင် တွေ့နေရသော နတ်ဆိုးကဲ့သို့ အမျိုးအစားများလည်း ရှိသည်။
အမှောင်ထုနယ်မြေတစ်ခုအတွင်း ဖုံးကွယ်ထားသော ပိုင်နက်အမျိုးအစားနတ်ဆိုး ဖြစ်သည်။
'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့်တွင် ရှိသော်လည်း ဤနတ်ဆိုးအမျိုးအစား၏ပိုင်နက် (အမှောင်ဒြပ်စင်အစုအဝေး) အတွင်းသို့ မတော်တဆ ဝင်ရောက်မိပါက 'လွတ်မြောက်ခြင်းအဆင့်' နောက်ဆုံးအဆင့်ရှိသော ကြယ်ပွင့်များပင် သေဆုံးသွားနိုင်သည်။
ရှန်းချန်ကောသည် အမှောင်ထဲတွင် ပုန်းအောင်းရင်းဖြစ်လာနိုင်သည့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုကို စိတ်ကူးပုံဖော်ကာ ဦးနှောက်ကစားနေသည်။
'ငါသာ အပြင်ကနေ သူ့ပိုင်နက်ထဲကို 'ကြက်သွေးရောင်လျှပ်စီး' နဲ့ ပိုင်းဖြတ်လိုက်မယ်... ပြီးတော့ 'ပုံရိပ်ယောင်ရွှေ့လျားခြင်း' ကို သုံးပြီး အထဲကို ဝင်မယ်... ပြီးတော့ 'လျှင်မြန်သောလေပြင်း' နဲ့ 'ခြေလှမ်းတစ်ထောင်' တို့ကို ပေါင်းစပ်ပြီး အမြန်ဆုံးအရှိန်နဲ့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်ကို တိုက်ရိုက် ထိုးဖောက်လိုက်မယ်ဆိုရင်... ဒီကောင်ကို ငါသတ်နိုင်မလား...'
ရှန်းချန်ကော မသိမသာနှုတ်ခမ်းကို သပ်လိုက်မိသည်။
နတ်ဆိုးကို စိတ်ဝင်တစား ကြည့်နေသော သူ့မျက်လုံးများ တောက်ပလာသည်။
တစ်ခဏတာ သူ၏ကိုယ်ပိုင်အရှိန်အဝါကို ဖုံးကွယ်ထားရန် သတိလက်လွတ်သွားခဲ့သည်။
ရုတ်တရက် အန္တရာယ်ကို ခံစားမိလိုက်သကဲ့သို့ နတ်ဆိုးသည် နေရာတွင် ရပ်တန့်သွားသည်။
အမှောင်ဒြပ်စင်ထဲတွင် အမြစ်တွယ်နေသော မရေမတွက်နိုင်သော လက်များသည် ရူးသွပ်စွာ ကခုန်နေကြသည်။
'ဟမ်...'
'ဘာဖြစ်တာလဲ...'
'ဘာလို့ ရုတ်တရက် ရပ်သွားတာလဲ...'
လူငယ်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး ဤရပ်တန့်မှုကို အခွင့်ကောင်းယူကာ အမြန်ထွက်ပြေးရန် ကြံစည်ကြသည်။
သို့သော် ထွက်ပြေးရန် ကြံရွယ်ထားသော်လည်း သူတို့ခြေထောက်များ ယိုင်နဲ့သွားပြီး ချက်ချင်းပင် မြေကြီးပေါ်သို့ လဲကျသွားကြလေသည်။
နတ်ဆိုး ရှိနေသော အမှောင်ဒြပ်စင် အစုအဝေးသည် စတင်ဆူပွက်လာသည်။
ရေနွေးအိုး ဆူပွက်နေသကဲ့သို့ပင်။
၎င်းထဲရှိ ပြည့်နှက်နေသော လက်များသည် ဗရမ်းဗတာ လှုပ်ရှားလာကြသည်။
သို့သော် ဒီတစ်ခါတွင်မူ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို နားမလည်နိုင် ဖြစ်နေပုံရသည်။
ထို့နောက် နတ်ဆိုး ထွက်ပြေးသွားလေသည်။
အမှောင်တိမ်တိုက်ကြီး တုန်ခါသွားပြီး အတွင်းမှ အရာများ ဆူပွက်လာသည်။
တိမ်တိုက်အတွင်းမှ မရေမတွက်နိုင်သော လက်များသည် မြေကြီးကို တွန်းကန်ကာ စည်းချက်ကျကျ ပေါင်းစပ်ပြီး လိမ့်ထွက်သွားကြသည်။
နေရာတွင် ရပ်ကျန်ရစ်ခဲ့သော လူငယ်များသည် ထွက်ပြေးသွားသော နတ်ဆိုးကို ကြည့်ရင်း မျက်ဝန်းများ ကျုံ့သွားကြသည်။
"ဘာလို့လဲ..."
"ဘာလို့ နတ်ဆိုးက ရုတ်တရက် ထွက်ပြေးသွားတာလဲ။ပြီးတော့ သူ... အရမ်းကြောက်နေသလိုပဲ..."
ထိုအချိန်တွင် လူငယ်တစ်ဦး၏မျက်နှာသည် အလွန်လေးနက်သွားသည်။
"နတ်ဆိုးတွေက အချင်းချင်းလည်း စားသောက်ကြတယ်လို့ ငါ ကြားဖူးတယ်။ ပြီးတော့ နတ်ဆိုးတွေမှာ အလွန်ထက်မြက်တဲ့ အာရုံခံစားနိုင်စွမ်း ရှိတယ်။ သူတို့ အန္တရာယ်နဲ့ ကြုံရင် ထွက်ပြေးကြတာပဲ။ ဆိုလိုတာက... ဒီနေရာမှာ ပိုပြီး ကြောက်စရာကောင်းတဲ့ အရာတစ်ခု ရှိနေလို့ပဲ..."
တစ်ခဏအတွင်း သူတို့အားလုံး၏မျက်နှာများ ဖြူဖျော့သွားကြသည်။
သူတို့ ပတ်ဝန်းကျင်ကို လိုက်ကြည့်ကြသည်။
လက်ရှိတွင် သူတို့ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသော်လည်း နတ်ဆိုးထွက်ပြေးသွားခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဤတိတ်ဆိတ်မှုက သူတို့ကို ပို၍ကြောက်ရွံ့လာစေသည်။
အမှောင်ထဲတွင် ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
'ဒီနတ်ဆိုးက တကယ်ပဲ ထွက်ပြေးသွားတာဘဲ...'
'သူသာ မပြေးရင် ငါ့ဓားကို တကယ် စမ်းသပ်ကြည့်ချင်တာ...'
သူသည် 'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကောင်းကင်ဘုံဓားကျမ်းနှင့် တိုက်ခိုက်ခြင်းနည်းစနစ်အမျိုးမျိုးကို အသုံးပြုပြီး ပိုင်နက်နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ရန် ဘယ်နှစက္ကန့် ကြာမလဲဆိုတာ သူ သိချင်နေသည်။
"ငါ... ငါတို့ အခု ဘာလုပ်ကြမလဲ..."
"ငါ စိတ်ထဲမှာ သိပ်မကောင်းတဲ့ ခံစားချက်မျိုး ခံစားနေရတယ်..."
လူငယ်လေးများသည် မနေနိုင်တော့ဘဲ တံတွေးမြိုချလိုက်ကြလေ၏။
ထိတ်လန့်မှုများ တိုးဝင်လာသည်ကို သူတို့ ခံစားလိုက်ရသည်။
အမှောင်ထုထဲတွင် မကောင်းဆိုးဝါးဝိညာဉ်တစ်ခုက သူတို့ကိုမျက်လုံးပြူးကြီးများဖြင့် တိတ်တဆိတ် စိုက်ကြည့်နေသကဲ့သို့ ခံစားနေရသည်။
ရှန်းချန်ကော မျက်လုံးဖွင့်လိုက်ပြီး ဉာဏ်အလင်းပွင့်ခြင်းအဆင့် နှင့် ချီထိန်းချုပ်ခြင်းအဆင့် ရှိသော လူငယ်များကို ကြည့်ကာ မထိန်းချုပ်နိုင်ဘဲ ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။
'ဒီလူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ့ကိုယ်ငါထုတ်ဖော်ပြစရာ လိုမယ်မထင်ဘူး...'