အမှောင်ထုထဲမှ အဖြူရောင်ပုံရိပ်
Vol. 2 Ch. 15
'ငါ့နောက်မှာ ရှိနေတာ ဘာကြီးလဲ...'
ချင်ဖုန်းယန်သည် သူ၏အရှိန်ကို အမြင့်ဆုံးအဆင့်အထိ တင်လိုက်သည်။
သို့သော် မည်သို့ပင်ကြိုးစားစေကာမူ သူ့နောက်မှ ပုံရိပ်ကို မျက်ခြေဖြတ်လို့မရဖြစ်နေသည်။
သူအလွန်ထိတ်လန့်သွားသည်။
လက်ရှိ သူ ပြေးနေသောအရှိန်နှုန်းသည် သူ့ဂိုဏ်းမှ 'လွတ်မြောက်ခြင်းအဆင့်' ရှိသော အကြီးအကဲများပင် ယှဉ်နိုင်မည့် အရှိန်မျိုးမဟုတ်ပေ။
သူသည် 'ချီထိန်းချုပ်ခြင်းအဆင့်' အထွတ်အထိပ်သို့ ရောက်နေပြီး စိတ်ဝိညာဉ်အဆင့် ရွှေ့လျားခြင်းနည်းစနစ်၏အမြင့်ဆုံးအဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူရိယဓားဂိုဏ်းတွင် 'နေမင်းခြေလှမ်း' တစ်ခုသာ ရှိသည်။
ထိုနည်းစနစ်အား ကျွမ်းကျင်ရာတွင် သူ့ထက်သာသူ မရှိဟုပြောလျှင် မည်သူမျှပြန်မငြင်းရဲပေ။
သူ့စွမ်းအားအကုန် ထုတ်သုံးထားလျှင် သူရိယဓားဂိုဏ်း၏ဂိုဏ်းချုပ်ကြီးပင်လျှင် အမြန်နှုန်းအရ သူ့ကို မကျော်နိုင်ပေ။
သူသည် ရွှေ့လျားခြင်းနည်းစနစ် ကျွမ်းကျင်သူများကြားတွင် ပါရမီရှင်တစ်ဦး ဖြစ်သည်။
"ကြည့်ရတာ ငါ အဲဒါကို သုံးမှ ဖြစ်တော့မယ်..."
ချင်ဖုန်းယန်၏မျက်လုံးများ အရောင်လက်သွားသည်။
ရုတ်တရက် သူ့ခြေထောက်အောက်မှ စိတ်ဆန္ဒများသည် မီးတောက်များကဲ့သို့ တောက်လောင်လာပြီး သူလှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မီးပွားများ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
သူသည် ဤနည်းစနစ်ကို သူ၏နောက်ဆုံးဝှက်ဖဲအဖြစ် သတ်မှတ်ထားသည်။
ပြင်ပလူများအား တခါမ ထုတ်မသုံးဖူးပေ။
၎င်းသည် သူကိုယ်တိုင် ဖော်ထုတ်ထားသော စွမ်းရည်တစ်ခု ဖြစ်သည်။
သူ့ပုံရိပ်သည် ချက်ချင်းပင် လက်ကျန်ပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး နေရာတွင်ပင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
အချိန်အတော်ကြာပြီးနောက်...
"ကောင်းကင်ဘုံဓားဂိုဏ်းမှာ ဂိုဏ်းချုပ်ကြီးအပြင် ဒီလောက်ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ရှိနေမယ်လို့ ငါ မထင်ထားဘူး..."
သူ့နောက်မှ လူကိုမျက်ခြေဖြတ်နိုင်ခဲ့ပြီဟု ယူဆကာ ချင်ဖုန်းယန် သက်ပြင်းချလိုက်သည်။
သို့သော် သူ့မျက်နှာထားက လေးနက်နေဆဲပင်။
'ငတ်နေတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးနေသေးတာ အမှန်ပင်...'
'ကောင်းကင်ဘုံဓားဂိုဏ်းက တစ်ချိန်တုန်းက ကောင်းကင်ဘုံဓားနယ်မြေကို အုပ်စိုးခဲ့တဲ့ ထိပ်တန်းဂိုဏ်းကြီး ဖြစ်ခဲ့တာကိုး။ နယ်မြေတစ်ခုလုံးမှာတောင် ထိပ်ဆုံးနေရာမှာ ရှိနေနိုင်သေးတယ်။'
'အခု ဒါက ဘေးထွက်ဂိုဏ်းခွဲလေး ဖြစ်နေပေမယ့် ကြောက်စရာကောင်းတဲ့ ကြယ်ပွင့်တွေ ရှိနေတုန်းပဲ။'
'ကံကောင်းလို့ ငါ ပြေးတာ အရမ်းမြန်လို့...'
အကယ်၍ ဆယ်စုနှစ်တစ်ခုကြာ ဖုံးကွယ်ထားသော သူ့၏နောက်ဆုံးစွမ်းရည်ကို ထုတ်မသုံးခဲ့လျှင် ယနေ့ ဤနေရာမှာတင် သူ သေဆုံးသွားနိုင်သည် မဟုတ်ပါလော။
သို့သော် ရုတ်တရက် အေးစက်သော လေတစ်ချက် သူ့ဆီသို့ တိုက်ခတ်လာသည်။
ဝူး...
သူ ရပ်နေသော နေရာတွင်ပင် ကြောင်အသွားသည်။
ကြီးမားသော လက်တစ်ဖက်က သူ့လည်ပင်းကို ညှစ်ထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ချင်ဖုန်းယန် မျက်လုံးများ ပြူးကျယ်သွားသည်။
'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'
မနီးမဝေးတွင် မှုံဝါးပြီး ဆန်းကြယ်သော မြူခိုးတိမ်တိုက်တစ်ခု ရှိနေသည်။
အစွန်းအထင်းကင်းသော အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးအလား ဆင်းသက်လာသည်။
သူသည် တစ်လှမ်းချင်း လှမ်းနေသော်လည်း သူ့ခန္ဓာကိုယ်သည် ပျောက်လိုက်ပေါ်လိုက်၊တံလျပ် ကဲ့သို့ဖြစ်နေလေသည်။
တစ်ခါတစ်ရံ ချင်ဖုန်းယန်၏ရှေ့တည့်တည့်တွင် ပေါ်လာပြီး တစ်ခါတစ်ရံ ဘေးဘက်တွင် ပေါ်လာသည်။
အလွန် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည်။
နက်နဲလိုက်တာ...
အရမ်းနက်နဲလိုက်တဲ့ ရွှေ့လျားခြင်းနည်းစနစ်ပါလား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချင်ဖုန်းယန်သည် သူ၏ကမ္ဘာအပေါ် နားလည်ထားမှုများ တစစီကျိုးပဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤထူးခြားသော ရွှေ့လျားခြင်းနည်းစနစ်၏ မယုံနိုင်စရာ အမြန်နှုန်းကြောင့် သူ တုန်လှုပ်သွားသည်။
ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ နည်းစနစ်လဲ။
ဒါ 'အမှန်တရားပြန်လည်ခြင်းအဆင့်' နည်းစနစ်လား။
ဒီလောက် တန်ဖိုးရှိတဲ့ အရာမျိုးက ဘယ်လိုလုပ်ပြီး...
သူ လှည့်ထွက်ပြီး ထွက်ပြေးရန် ကြံစည်လိုက်သည်။
သူ ကျင့်ကြံထားသမျှ အရာအားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။
သို့သော် ရုတ်တရက် အရှိန်အဝါတစ်ခုက မြစ်ပြင်ကြီးကဲ့သို့ သူ့ကို လွှမ်းမိုးသွားသည်။
ကောင်းကင်လှောင်အိမ်တစ်ခုကဲ့သို့ သူ့ကို ချုပ်နှောင်လိုက်၏။
သူ့မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ထိုပုံရိပ်ကို ကြည့်လိုက်သောအခါ ဤလောကတွင် ကျန်ရစ်သော နောက်ဆုံးသော သက်ရှိတစ်ဦးအလား ခံစားရသည်။
သာလွန်ထူးကဲသော အဖြူရောင်ဝတ်စုံ၊ ကျောနောက်တွင် ဓားသုံးလက်၊ ပျောက်ကွယ်လိုက် ပေါ်လာလိုက် ဖြစ်နေသော လှုပ်ရှားမှုများ။
"ငါ... ငါ..."
ကောင်းကင်ဘုံဓားဂိုဏ်းထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ရှိနေတာလား။
သူ စကားတစ်ခွန်း ပြောချင်နေပုံရသည်။
သို့သော် ထိုပုံရိပ်က ဖုန်းယန်ကို စကားပြောခွင့်ပေးမည့်ပုံ မပေါ်ပေ။
ဖြောင်း...
စက္ကန့်ပိုင်းလေးအတွင်းမှာပင်...
ချင်ဖုန်းယန်ရှေ့မှ အဖြူရောင်ပုံရိပ် ရုတ်တရက် ပေါက်ကွဲသွားသည်။
ရေပွက်တစ်ခုကဲ့သို့ အလင်းရောင်အားလုံး ပျောက်ကွယ်သွားပြီး ကမ္ဘာလောကထဲမှ အငွေ့ပျံသွားသကဲ့သို့ ဖြစ်သွားသည်။
သို့သော် မိုးကြိုးကဲ့သို့ တောက်ပသော ဓားအလင်းတန်းတစ်ခု ကျဆင်းလာသည်။
ကြီးမားသော စွမ်းအင်များ ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားပြီး ဓားမရောက်မီမှာပင် ထိုစွမ်းအားသည် ချင်ဖုန်းယန်ကို ကြေမွသွားလုနီးပါး ဖြစ်စေသည်။
ဝုန်း...
စွပ်...
ဓားသည် သူ့ ဦးခေါင်းခွံကို ဖြတ်တန်းဝင်သွားသည်။
ကြောက်ရွံ့မှုများ ပြည့်နှက်နေသော နှလုံးသားဖြင့် ခေတ်တစ်ခေတ်၏ရွှေ့လျားခြင်းနည်းစနစ် ပါရမီရှင်တစ်ဦး၏အသိစိတ်အာရုံများ ဖြည်းညှင်းစွာ လွင့်ပါးသွားလေတော့သည်။
ဒါက...
ရွှေ့လျားခြင်းနည်းစနစ်ရဲ့ အဆုံးစွန်အဆင့်ဖြစ်တဲ့ 'ချုပ်ငြိမ်းခြင်း' ပဲ။
အစွန်းအထင်မဲ့သော ပုံရိပ်၊ နူးညံ့ပြီး အိပ်မက်ဆန်သော ခြေလှမ်းများ၊ မျက်တောင်တစ်ခတ်အတွင်း ရေပွက်များကဲ့သို့ ပေါက်ကွဲသွားသော အလင်းရောင်များ... ဤအရာ သူ၏အကြီးမားဆုံး အိပ်မက်ပင်။
ချင်ဖုန်းယန် သေဆုံးသွားခဲ့ပြီ။
ရှန်းချန်ကော ဖြည်းညှင်းစွာ ပေါ်လာသည်။
"သူရိယဓားဂိုဏ်း... စိတ်ဝင်စားစရာပဲ။ တစ်ချိန်တုန်းက ဘာမှမဟုတ်တဲ့ ဓားဂိုဏ်းသေးသေးလေးပဲ။အမှောင်မြူခိုးတွေကြားမှာ ဒီလောက် ကောင်းကောင်းကြီး ကြီးပြင်းလာမယ်လို့ ထင်မထားမိဘူး..."
ရှန်းချန်ကော၏မျက်လုံးများ တောက်ပသွားပြီး အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် ချင်ဖုန်းယန်၏ရင်ဘက်ထဲမှ နွေးထွေးနေသေးသော ကျောက်စိမ်းပြားလေးကို ဆွဲထုတ်လိုက်သည်။
"ဆက်သွယ်ရေး ကိရိယာလား... ကောင်းကင်ဘုံဓားဂိုဏ်းမှာ ဒါမျိုး မရှိဘူးလား။ ဟိုအဘိုးကြီးက သူ့ဘာသာ သိမ်းထားတာများလား..."
သူ့မျက်နှာထား သိပ်မကောင်းလှပေ။
နောက်တစ်ခဏတွင် သူသည် အမှောင်ထုထဲသို့ ပြန်လည်ပျောက်ကွယ်သွားလေသည်။
...
"အစွန်းဘက်ကနေ ပတ်ပြီး ခိုးဝင်ကြစို့။ အတတ်နိုင်ဆုံး မမိအောင်ကြိုးစားကြမယ်။ မိသွားရင်တော့ မြင်တဲ့သူအကုန် သတ်ပစ်ရမှာပဲ။ လမ်းတစ်လျှောက် ငါမြင်ရသလောက် ဒီ ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဘေးထွက်ဂိုဏ်းခွဲက တော်တော်လေး အားနည်းပုံရတယ်။ အတွင်းပိုင်းမှာတောင် အကြီးအကဲတွေ မရှိဘူး... ဒီဂိုဏ်းအကြောင်း အကုန်စုံစမ်းပြီးရင် ငါတို့ ပြန်သွားပြီး အစီရင်ခံမယ်။ ဒါဆိုရင် ငါတို့ အကျိုးပြုမှု အများကြီး ရလိမ့်မယ်..."
လူငယ်များသည် သူတို့မျက်နှာပေါ်မှအပြုံးများကို မထိန်းချုပ်နိုင်ကြတော့ပါဘူး။
"ဖုန်းယန်ဆီက သတင်းရသေးလား။ သူတစ်ခုခု ဖြစ်သွားတာများလား..." တပည့်တစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။
သို့သော် ခေါင်းဆောင်ဖြစ်သူ လူငယ်က ရယ်မောလိုက်ပြီး "စိတ်အေးအေးထားပါ။ ငါတို့အားလုံး တစ်ခုခု ဖြစ်သွားရင်တောင် အဲဒီကောင်ကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ သူ့အမြန်နှုန်းက အပြစ်ပြောစရာ မရှိဘူးဆိုတာ မင်းတို့ သိသားပဲ..." ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ဖုန်းယန်ရဲ့အမြန်နှုန်းက သူရိယဓားဂိုဏ်း တပည့်တွေကြားမှာ ထိပ်ဆုံးဆိုပေမယ့် တကယ့် ကြယ်ပွင့်တွေနဲ့ ယှဉ်ရင်..."
"ချင်ဖုန်းယန် ငါတို့ကို ပြခဲ့တဲ့ အမြန်နှုန်းက သူ့ရဲ့ အကုန်ပဲလို့ မင်း ဘယ်လိုလုပ် သေချာနိုင်မှာလဲ။ ငါ့အဖေက ဂိုဏ်းချုပ်ကြီးကွ... ငါ့စကားက အသေချာအရှိဆုံးပဲ..." စကားနည်းသော လူငယ်တစ်ဦးက အေးဆေးစွာ ပြောလိုက်သည်။
"ငါ့အဖေ ပြောဖူးတယ်။ ချင်ဖုန်းယန်က ရွှေ့လျားခြင်းနည်းစနစ်နဲ့ ပတ်သက်ရင် လူထူးလူဆန်းပဲတဲ့။ သူမြင်ဖူးသမျှထဲမှာ အတော်ဆုံးပဲတဲ့။ သူရိယဓားဂိုဏ်းမှာ ရှိနေတာ နှမြောစရာပဲ။ ကံဆိုးစွာနဲ့ အမှောင်မြူခိုးတွေ ကျလာတော့ ဖုန်းယန် ပိုသန်မာတဲ့ ဂိုဏ်းကို သွားခွင့်မရလိုက်ဘူး..."
လူငယ်များ၏မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာသည်။
"ချင်ဖုန်းယန် သူ့စွမ်းအားအပြည့် ထုတ်သုံးလိုက်ရင် ငါ့ဆရာတောင် သူ့ကို လိုက်မီဖို့ ခက်ခဲလိမ့်မယ်..."
သူတို့၏အံ့ဩမှုများ ပိုမိုပြင်းထန်လာသည်။
ထိုလူငယ်၏နာမည်မှာ လင်းယွဲ့လွန် ဖြစ်ပြီး သူရိယဓားဂိုဏ်း ဂိုဏ်းချုပ်ကြီး၏ သားအရင်း ဖြစ်သည်။
သူက ပြောသည်ဆိုတော့ ထိုစကားများသည် အလွန်ယုံကြည်လောက်စရာ ဖြစ်နေလေသည်။
မှန်ပါသည်။
ဤအမှောင်မြူခေတ်ကြီးထဲတွင် လူတိုင်းက မိမိတို့၏အိတ်ကပ်အောက်တွင် ဝှက်ဖဲများ ဖုံးကွယ်ထားတတ်ကြသည်။
ချင်ဖုန်းယန် ပြသခဲ့သော စွမ်းရည်သည်ပင် လုံလောက်အောင် ကြောက်စရာကောင်းနေပြီ ဖြစ်သည်။
သူကဲ့သို့ ရွှေ့လျားခြင်းနည်းစနစ် ကျင့်ကြံသူများသည် သေရမည်ကို ကြောက်ကြသည်။
သူတို့၏လျင်မြန်သော ခြေဖဝါးအောက်တွင် ဘာတွေ ဖုံးကွယ်ထားသလဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
အခြေအနေက ယခုလိုဖြစ်နေသည်ဆိုတော့ သူတို့အားလုံး စိတ်သက်သာရာ ရသွားကြသည်။
သူရိယဓားဂိုဏ်း၏ဂိုဏ်းချုပ်ကြီးသည် 'နတ်တံတားအဆင့်' တွင် ရှိသည်။
ဆိုလိုသည်မှာ ချင်ဖုန်းယန်သည် နတ်တံတားအဆင့်နှင့် ညီမျှသော အမြန်နှုန်းကို ပိုင်ဆိုင်ထားသည်ဆိုလေ၏။
ထို့ကြောင့် သူ့ထက်မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသူနှင့် မတွေ့ဆုံသရွေ့ သူ လွတ်မြောက်နိုင်လိမ့်မည်။
သူတို့ စိတ်အေးသွားကြသည်။
ဖြည်းညှင်းစွာ သူတို့ စတင် စိမ့်ဝင်ကြသည်။
သူတို့ တောအုပ်တစ်ခုထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
ယခုနေရာမှ ဆက်သွားလျှင် ကောင်းကင်ဘုံဓားဂိုဏ်းဘေးထွက်ဂိုဏ်းခွဲ၏ဗဟိုချက်သို့ အမှန်တကယ် ရောက်ရှိနိုင်မည် ဖြစ်သည်။
သူတို့၏နှလုံးသားများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ဘုံဓားကျမ်း၊ အခြားဂိုဏ်းများကို သိမ်းပိုက်ခြင်း... ဒါတွေက အမှောင်မြူခိုးများကြားတွင် အဖွဲ့အစည်းတစ်ခု၏ စွမ်းအားကို တိုးမြှင့်ရန် အဓိကနည်းလမ်းများ ဖြစ်သည်။
သူတို့လည်း အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပြီး ဂိုဏ်းအတွင်း သူတို့၏အဆင့်အတန်းသည် ဒီရေနှင့်အတူ မြင့်တက်လာသော သင်္ဘောကဲ့သို့ ဖြစ်လာပေလိမ့်မည်။
သို့သော် ရုတ်တရက် သူတို့၏မျက်နှာများ တွန့်ရှုံ့သွားသည်။
"ဟိုမှာ တစ်ယောက်ယောက် လဲနေတယ်..."
"ဟမ်..."
လူငယ်တစ်ဦး ချက်ချင်းသွားကြည့်လိုက်သည်။
"ဘယ်သူ သေနေတာလဲ..." လူငယ်များ၏ရင်ထဲတွင် မကောင်းသော ခံစားချက်များ ကြီးထွားလာသည်။
သွားကြည့်သော လူငယ်သည် အလောင်းကို မြင်လိုက်ရသောအခါ မျက်နှာမှ သွေးဆုတ်ကာချက်ချင်းဖြူဖျော့သွားသည်။
သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
သူ ခေါင်းလှည့်လာသည်။
သူ့မျက်နှာအမူအရာသည် ငိုတော့မလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
"အဲဒါ... ချင်ဖုန်းယန် ပဲ..."
တစ်ခဏချင်းတွင် သူတို့အားလုံး၏ဦးရေပြားများ ထုံကျင်သွားကြသည်။