လင်းယွဲ့လွန် သူရိယရုပ်တုတွင် တိုက်ခိုက်ရိုက်နှိပ်ခံရခြင်း
Vol. 2 Ch. 16
ချင်ဖုန်းယန်လား
သူတို့ မကြာသေးခင်ကမှ ချင်ဖုန်းယန်သည် ရွေ့လျားခြင်းနည်းစနစ်တွင် ပါရမီရှင်ဖြစ်ပြီး ဘာမှဖြစ်မှာ မဟုတ်ဘူးဟု လုံးဝယုံကြည်စွာဖြင့် ပြောခဲ့ကြသေးသည်။
သို့သော် ဤနေရာသို့ ရောက်သည်နှင့် ချင်ဖုန်းယန်၏အလောင်းကို တွေ့လိုက်ရလေသည်။
ချင်ဖုန်းယန် ဒီနေရာမှာ သေဆုံးသွားပြီ။
ဘယ်သူက သူ့ကို သတ်လိုက်တာလဲ။
လင်းယွဲ့လွန်၏အသားအရေ အနည်းငယ်ဖြူဖျော့သွားပြီး သူ့မျက်နှာအမူအရာအလွန်ဆိုးရွားနေခဲ့သည်။
သူ ဖြည်းညှင်းစွာ လျှောက်သွားပြီး ချင်ဖုန်းယန်၏ ခြေထောက်အနီးသို့ ကပ်ကာလက်နှစ်ချောင်းဆန့်တန်း၍ ညင်သာစွာဖိကြည့်လိုက်သည်။
"သူ့ခြေသလုံးမှာ မီးလောင်ထားတဲ့ အစအနတွေ ရှိနေတယ်။အခုထိ အနွေးဓာတ်နေသေးတယ်။ သူ သူ့ရဲ့ဝှက်ဖဲကို ထုတ်သုံးခဲ့တာ... ဒါပေမဲ့ သူ ဒီနေရာမှာပဲ သေဆုံးခဲ့ရတာပဲ..." သူ့အသံက အနည်းငယ် တုန်ယင်နေသည်။
ချင်ဖုန်းယန်သည် ယွဲ့လွန်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိသည်။
သူသည် သူ့ဝှက်ဖဲကိုထုတ်သုံးလိုက်ပါက လင်းယွဲ့လွန်၏ဖခင်ဖြစ်သူ သူရိယဓားဂိုဏ်းချုပ်ကြီးပင် သူ့ကို လိုက်မီနိုင်မည် မဟုတ်ကြောင်း လျှို့ဝှက်ပြောပြဖူးသည်။
သို့သော် ထိုဝှက်ဖဲကို အသုံးပြုပါက ဖုန်းယန်၏ ခြေထောက်များကို ဒဏ်ရာများစွာရစေလိမ့်မည်။
ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းစေခြင်းက သူ့ခြေသလုံးကြွက်သားများကို မီးလောင်စေခြင်းဖြစ်လေ၏။
သူ ယခုထိကြည့်လိုက်တော့..
ချင်ဖုန်းယန်သည် သူ့ဝှက်ဖဲကို ထုတ်သုံးခဲ့သော်လည်း သေဆုံးခဲ့ရသည်။
"ဒဏ်ရာကို ကြည့်ရတာ တစ်ချက်တည်းနဲ့ သတ်လိုက်တာပဲ။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားနည်းစနစ်လဲ..."
ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ဤဒဏ်ရာကို ဖြစ်စေသောသူ၏ကြောက်မက်ဖွယ် စွမ်းအားကို ဒဏ်ရာမှတစ်ဆင့် သူ ခန့်မှန်းနိုင်သည်။
လင်းယွဲ့လွန်သည် မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်ပြီး ဒဏ်ရာပုံသဏ္ဌာန်အပေါ် အခြေခံ၍ ဖြစ်နိုင်သော အခြေအနေအမျိုးမျိုးကို စတင် စိတ်ကူးပုံဖော်လိုက်သည်။
ဒါက ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ။
ဒဏ်ရာနှင့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားသော ချင်ဖုန်းယန်ကို သေစေခဲ့သော တိုက်ခိုက်မှုကို သူ အတုယူဖန်တီးကြည့်နိုင်သည်။
လူငယ်များသည် ဘေးတစ်ဖက်တွင် အတူတကွ ရှိနေကြသော်လည်း အလွန်ကြောက်ရွံ့နေကြပြီး သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။
ချင်ဖုန်းယန် သေဆုံးမှုက သူတို့၏အာရုံကြောများကို တင်းမာစေခဲ့၏။
သူတို့သည် လင်းယွဲ့လွန်ကို အသေအချာ ကြည့်နေကြချိန်တွင် ရုတ်တရက် လင်းယွဲ့လွန်၏စိတ်ထဲတွင် တစ်ခုခုပေါ်လာပြီး မျက်နှာ ဖြူဖျော့သွားသည်။
ချက်ချင်းပင် ရေခဲရေထဲနှစ်လိုက်သကဲ့သို့ ချွေးအေးများ စီးကျလာသည်။
သူ့မျက်လုံးနက်များမှ ထိတ်လန့်မှုများပေါ်လာသည်။
"ပြေး အမြန်ပြေးကြ" သူ့အသံသည် ပြင်းထန်သော ကြောက်ရွံ့မှုဖြင့် တုန်ယင်နေသည်။
"ဖုန်းယန်ကို သတ်တဲ့သူက အရမ်းကြောက်စရာကောင်းတယ်။ သူက 'လေပြင်းမုန်တိုင်းစွမ်းအား' ကို မသုံးပြုပြီး ဖုန်းယန်ရဲ့ ရွှေ့လျားခြင်းနည်းစနစ်ကို လုံးဝဖိနိပ်ပစ်နိုင်တဲ့ ကြောက်မက်ဖွယ် ရွှေ့လျားခြင်းနည်းစနစ်ကိုလည်း ကျွမ်းကျင်ထားတယ်။ငါ့ရဲ့ပုံဖော်ဖန်တီးခြင်းကနေ လင်းလက်တောက်ပနေတဲ့ ဓားအလင်းတန်းကို ငါ မြင်လိုက်ရတယ်။ ငါတို့သာ သူ့နဲ့ တည့်တည့်တိုးရင် သေတာ သေချာတယ်။ ပြေးဖို့တောင် အခွင့်အရေးရမှာ မဟုတ်ဘူး။"
သူ၏စကားများက လူတိုင်း၏စိတ်ထဲတွင် ကြောက်ရွံ့မှုကို ပိုမို ကြီးမားစေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် ထိုအချိန်တွင် ပတ်ဝန်းကျင် အပူချိန် ရုတ်တရက် ကျဆင်းသွားသည်။
လူတိုင်း၏နှလုံးသားများ တဒုတ်ဒုတ် ခုန်နေကြသည်။
အဝေးတစ်နေရာ အမှောင်မြူခိုးများကြားတွင် ပုံရိပ်တစ်ခု ပေါ်လာပုံရသည်။
၎င်း၏ ခြေလှမ်းများသည် ထူးဆန်းပြီး ခန့်မှန်းရခက်ကာ ပုံရိပ်သည် မရပ်မနား တဖျပ်ဖျပ် လင်းလက်နေသည်။
"ပြေး"
သူတို့၏မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
ထို့နောက် ရုတ်တရက် သူတို့နောက်မှ ဓားကို အိမ်မှ ဆွဲထုတ်လိုက်သံ ထွက်ပေါ်လာပြီး သူတို့အားလုံး၏ ဦးရေပြားများ ထုံကျင်သွားကြသည်။
စွပ်...
ဓားအလင်းတန်းတစ်ခု သူတို့ဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
စက္ကန့်ပိုင်းအတွင်း မိုင်ပေါင်း ထောင်ချီ ခရီးနှင်လာသလိုပင်။
ဒါက ဓားစီးနင်းခြင်းသိုင်း - မိုင်တစ်ထောင် ပဲ။
ဉာဏ်အလင်းပွင့်ခြင်းအဆင့် အထွတ်အထိပ်ရှိ တပည့်တစ်ဦးသည် သူ့ခေါင်းနောက်ဘက် ထိုးဖောက်သွားသောအပေါက်ဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။
ဓားစီးနင်းခြင်းသိုင်း - လျှင်မြန်သောလေပြင်းလိုက်ခြင်း
ပိုမိုမြန်ဆန်သော ဓားသွားတစ်လက် သူတို့ဆီသို့ ပျံသန်းလာသည်။
စွပ်...
လင်းယွဲ့လွန် ငိုချတော့မတတ်ဖြစ်နေလေ၏။
ကောင်းကင်ဘုံဓားဂိုဏ်းထဲမှာ ဘာလို့ ဒီလို လူထူးလူဆန်းတစ်ယောက် ရှိနေရတာလဲ။
ကြောက်မက်ဖွယ်အဆင့် ရွှေ့လျားခြင်းနည်းစနစ်၊ ကြောက်မက်ဖွယ်အဆင့် ဓားနည်းစနစ်...
ဤလူအတွက် သူတို့အားလုံးအား သတ်ဖြတ်ရန်မှာ ယခုချိန်အလွန်လွယ်ကူနေလေသည်။
ပုရွက်ဆိတ်အားနင်းခြေသကဲ့သို့ပင်။
ယွဲ့လွန် ရူးသွပ်စွာ ပြေးလေသည်။
သူသည် ကောင်းကင်ဘုံဓားဂိုဏ်း၏နယ်မြေမှ ထွက်ပြေးပြီး အမှောင်မြူခိုးများထဲသို့ ခုန်ဝင်လိုက်သည်။
သူ စိတ်လှုပ်ရှားနေသော်လည်း အလုံခြုံဆုံး လမ်းကြောင်းဟု မှတ်မိထားသည့်အတိုင်း ပြေးခဲ့သည်။
ထိုအချိန်တွင် သူ့ဘေးနား၌ လူငယ်တစ်ဦးမျှ မရှိတော့ချေ။
သူ့ရင်ထဲ ဆို့နစ်သွားသည်။
သူတို့အားလုံး သေဆုံးသွားပြီဖြစ်ကြောင်းကို သူ နက်နက်နဲနဲနားလည်လိုက်သည်။
နတ်ဆိုးကဲ့သို့သော ဓားအလင်းတန်းအတွင်း သူတို့ ပျက်သုဉ်းသွားခဲ့ကြပြီ။
အကြောက်မက်ဆုံးအရာမှာ အခုချိန်ထိ သူထိုသူကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခြင်း ဖြစ်လေ၏။
သူသည် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ရုတ်တရက် ပေါ်လာသည်။
လေထုအား ပိုင်းဖြတ်လိုက်ပြီး ထို့နောက် တစ်ဖန် ပျောက်ကွယ်သွားသည်။
အလွန် ကြောက်စရာကောင်းလှ၏။
သို့သော် မျှော်လင့်ချက်သည် ယွဲ့လွန်ရှေ့တွင် ရှိနေလေပြီ။
သူသည် သူရိယဓားဂိုဏ်းသို့ ပြန်ရောက်ပါတော့မည်။
အမှောင်မြူခိုးများ တဖြည်းဖြည်း ပါးသွားပြီး ကံကောင်းစွာဖြင့် သူတို့နောက်ကို လိုက်ခဲ့သော နတ်ဆိုးသည် သူရိယဓားဂိုဏ်းအထိ ရောက်လာခြင်း မရှိတော့ပေ။
၎င်းဟာ ကြောက်လန့်သွားခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
ကြည့်ရသည်မှာ ထိုနတ်ဆိုးသည် သူ့ကို လိုက်လံဖမ်းဆီးနေသော ကြောက်မက်ဖွယ်ရာ သတ္တဝါကြောင့်ပင် ကြောက်လန့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပုံရသည်။
'နေပါဦး...'
သူတွေးလိုက်မိသည့်အရာကြောင့် မရေမရာဖြစ်နေသော ကိစ္စများ ရှင်းလင်းသွားသကဲ့သို့ ဖြစ်သွားသည်။
လင်းယွဲ့လွန်၏ခန္ဓာကိုယ်ပေါ်သို့ ရေအေးများ ရုတ်တရက် လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ချင်ဖုန်းယန်ကို ကြေမွသွားအောင် လုပ်နိုင်သော သတ္တဝါ၊ ထိုနတ်ဆိုးကိုပင် ကြောက်လန့်စေနိုင်သော သတ္တဝါ...
လင်းယွဲ့လွန်သည် 'ချီထိန်းချုပ်ခြင်းအဆင့်' နောက်ဆုံးအဆင့်တွင်သာ ရှိသည်။
သူ၏စွမ်းအားအဆင့်ဖြင့် သူ တစ်ယောက်တည်း ဘာလို့ လွတ်မြောက်နိုင်ရမည်နည်း။
'အဲ့ဒါများ ဖြစ်နေမလား...'
ထိုသူ၏ပစ်မှတ်က သူရိယဓားဂိုဏ်း ဖြစ်နေသည်လော။
လင်းယွဲ့လွန်၏မျက်လုံးများ အေးခဲသွားပြီး ခေါင်းမှခြေအဆုံး တုန်ယင်သွားသည်။
သို့သော် ထိုအချိန်တွင် အမှောင်မြူခိုးများ တဖြည်းဖြည်း ပါးလာလေသည်။
မနီးမဝေးတွင် အမှောင်မြူခိုးများကြားမှ အလင်းရောင်မှိန်မှိန်ဖြင့် လွှမ်းခြုံထားသော သူရိယဓားဂိုဏ်းသည် တဖြည်းဖြည်း မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
...
သူရိယဓားဂိုဏ်းအတွင်း၌...
"ဟမ်... ယွဲ့လွန် ပြန်ရောက်လာပြီ"
ခန့်ညားထည်ဝါသော အမျိုးသားကြီးတစ်ဦး ရုတ်တရက် ထရပ်လိုက်သည်။
သူသည် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ပြီး ယခု လင်းယွဲ့လွန်၏အရှိန်အဝါကို ခံစားမိသောအခါ ချက်ချင်း ဝမ်းမြောက်သွားသည်။
"ဟမ်... သခင်လေး ပြန်ရောက်လာပြီလား..."
"ဒါ ကောင်းလိုက်တာ။ ကောင်းကင်ဘုံက လူကောင်းတွေကို အန္တရာယ်ကနေ စောင်မပေစတယ်ဆိုတာ ငါ သိတယ်။ သူတို့က ပထမဆုံး စေလွှတ်လိုက်တဲ့ တပည့်အုပ်စု ဖြစ်ပေမယ့် ကောင်းကောင်း ပြင်ဆင်ထားတယ်။ 'လွတ်မြောက်ခြင်းအဆင့်' နတ်ဆိုးတွေနဲ့ တွေ့ရင်တောင် ထွက်ပြေးနိုင်မှာပါ..."
ခဏတာ ပတ်ဝန်းကျင်ရှိ အကြီးအကဲများ သက်ပြင်းချလိုက်ကြသည်။
လင်းယွဲ့လွန်နှင့် အဖွဲ့သည် ဂိုဏ်းမှ စူးစမ်းရှာဖွေရေးမစ်ရှင်အတွက် စေလွှတ်ခဲ့သော တပည့်အုပ်စုထဲမှ ပထမဆုံး ဖြစ်သည်။
ထို့ကြောင့် သူတို့၏ရင်ထဲတွင် စိုးရိမ်စိတ်များ ရှိနေခဲ့သည်။
အပြင်သို့ ထွက်သွားသူများမှာ သူတို့၏တပည့်များ ဖြစ်သည်ဟု ဆိုနိုင်သည်။
သူတို့တစ်ဦးချင်းစီသည် သူရိယဓားဂိုဏ်း၏ အထူးချွန်ဆုံး တပည့်များထဲတွင် ပါဝင်သည်။
"သူတို့ တစ်ခုခု ရှာတွေ့ခဲ့လား မသိဘူး။ ငါတို့ အကြီးအကဲတွေ အပြင်ထွက်တုန်းကတော့ ရင်းမြစ်အချို့ပဲ ပြန်သယ်လာနိုင်တယ်။ တခြားဂိုဏ်းတွေနဲ့ မတွေ့ခဲ့ဘူး။ အမှောင်မြူခိုးတွေကြားမှာ တခြားဂိုဏ်းတွေ ရှင်သန်နေသေးလား မသိဘူး။ လူငယ်တွေသာ တွေ့ခဲ့မယ်ဆိုရင်..."
"ငါတို့က 'ချီထိန်းချုပ်ခြင်းအဆင့်' နဲ့ အထက်ရှိတဲ့ လူတွေကို သတ်ပြီး ကျန်တဲ့လူငယ်နဲ့ အဆင့်နိမ့်သူတွေကို ငါတို့ရဲ့ သွေးလောင်းအဖြစ် ခေါ်ယူရမယ်။ ပထမ သူတို့ရဲ့စိတ်တွေကို ပြောင်းလဲရမယ်။ ပြီးတော့ သူတို့အတွက် ရင်းမြစ်တွေ ရင်းနှီးမြှုပ်နှံရမယ်။ အမှောင်မြူခိုးတွေကြားထဲမှာ ဒါက ဂိုဏ်းတိုးတက်ဖို့အတွက် လိုအပ်တဲ့ အရာပဲ..."
"နေပါဦး ငါ ယွဲ့လွန်ရဲ့ အရှိန်အဝါကိုပဲ ခံစားနေရတာ ဘာလို့လဲ..."
ရုတ်တရက် ခန့်ညားသော အမျိုးသားကြီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ချက်ချင်းပင် သူ လက်ဆန့်တန်းလိုက်သည်။
ဘေးဘက်ရှိ စားပွဲမှ ဓားသုံးလက်သည် မမြင်နိုင်သောစွမ်းအားဖြင့် ဆင့်ခေါ်ခြင်းခံရပြီး သူ့ကျောနောက်တွင် ချက်ချင်း ပေါ်လာသည်။
"ဘာ တစ်ခုခု ဖြစ်သွားတာလား..."
"ဖုန်းယန်က စူးစမ်းရှာဖွေရေး အဖွဲ့မှာ ပါဝင်တယ်။ ဖုန်းယန်ရဲ့ အမြန်နှုန်းနဲ့ဆိုရင် 'လွတ်မြောက်ခြင်းအဆင့်' အထွတ်အထိပ် နတ်ဆိုးနဲ့ တွေ့ရင်တောင် ထွက်ပြေးနိုင်မှာ... အဖွဲ့မှာ လျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်တဲ့ သခင်လေး ပါနေတယ်။ တခြားတပည့်တွေကလည်း 'ချီထိန်းချုပ်ခြင်းအဆင့်' နဲ့ အနည်းဆုံး 'ဉာဏ်အလင်းပွင့်ခြင်းအဆင့်' အထွတ်အထိပ်မှာ ရှိတယ်... ဒီလို အဖွဲ့က ငါတို့ အကြီးအကဲတွေရဲ့ အဖွဲ့ထက်တောင် ပိုကောင်းနေသေးတယ်..."
အကြီးအကဲများ၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
သူတို့ မကောင်းသော ခံစားချက် ခံစားနေရလေ၏။
ထိုခန့်ညားသော အမျိုးသားကြီးမှာ သူရိယဓားဂိုဏ်း၏ဂိုဏ်းချုပ်ကြီး လင်းကျန်းဟုန် ဖြစ်သည်။
ထိုအချိန်တွင် သူသည် အမြန်ဆုံးအရှိန်ဖြင့် သူရိယဓားဂိုဏ်းမှအပြင်သို့ အပြေးအလွှားထွက်ခွာသွားသည်။
သူ လေထဲသို့ တက်လိုက်သည်နှင့် အမှောင်မြူခိုးများမှ ထွက်လာသော လင်းယွဲ့လွန်ကို ချက်ချင်း မြင်လိုက်ရသည်။
သို့သော် ထိုအချိန်တွင် လင်းယွဲ့လွန်၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။
ထိုအခိုက်အတန့်တွင် လင်းကျန်းဟုန်၏မျက်နှာ ဖြူဖျော့သွားသည်။
သုံးပေမျှသော ဓားအလင်းတန်းကို ထုတ်လွှတ်နေသော ဓားတစ်လက် ရှိနေသည်။
၎င်းသည် မိုးကြိုးကဲ့သို့သော အရှိန်ဖြင့် ရှေ့သို့ အပြေးအလွှား လာနေသည်။
၎င်းသည် လင်းယွဲ့လွန်၏ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး သူ့ခန္ဓာကိုယ်နှင့်အတူ ရှေ့သို့ ပျံသန်းသွားသည်။
ဒင်...
ဓားသည် လင်းယွဲ့လွန်ကို သူရိယဓားဂိုဏ်း၏ အဆင့်အတန်းကို ကိုယ်စားပြုသော ရုပ်တုကြီးပေါ်သို့ အတင်းအကျပ်စိုက်ဝင်သွားသည်။
ထိုရုပ်တုသည် ပင်မဝင်ပေါက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
လင်းယွဲ့လွန်၏မျက်နှာတွင် ကြောက်ရွံ့မှုများ ကပ်ငြိနေဆဲဖြစ်ကာ လတ်ဆတ်သော သွေးများ သူရိယရုပ်တုပေါ်သို့ စီးဆင်းကျလာသည်။
"အား"
သားဖြစ်သူ သူ၏မျက်စိရှေ့တွင် အသတ်ခံလိုက်ရသောအခါ လင်းကျန်းဟုန်သည် နားကွဲမတတ် အော်ဟစ်လိုက်သည်။
အမှောင်မြူခိုးများ ဖုံးအုပ်နေသော သစ်တောထူထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။