တိုက်ခိုက်ခြင်းနည်းစနစ်-နေမင်းကြွေကျခြင်း
Vol. 2 Ch. 17
အစွန်းအထင်းကင်းမဲ့သော အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု။
သူ့ဆံနွယ်ရှည်များသည် လေထဲတွင် လွင့်မျောနေလေ၏။
ဤလူသည် အလွန်ငယ်ရွယ်သေးလေသည်။
ထက်မြက်သော မျက်ခုံးများ၊ ပီပြင်ထင်ရှားသော မျက်နှာသွင်ပြင်၊ အချိုးအစားကျသော ခန္ဓာကိုယ်နှင့် အလွန်ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
သူသည် လက်ကို ညင်သာစွာ မြှောက်လိုက်သည်။
ကလစ်...
သူရိယရုပ်တုတွင် စိုက်ဝင်နေသော ဓားသည် စတင်တုန်ခါလာပြီး သွေးများစွန်းထင်းနေသော ကျောက်မှုန့်များနှင့်အတူ ပြန်လည် ထွက်ရှိလာသည်။
ဘုန်း...
လင်းယွဲ့လွန်၏ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ လျှောကျလာပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လင်းကျန်းဟုန်၏မျက်လုံးများ နီရဲနေသော်လည်း သူ့စိတ်နှလုံးသည် သတိဝီရိယဖြင့် ရှိနေသည်။
အမှောင်မြူခိုး၏အစွန်းဘက်ခြမ်းမှ လင်းကျန်းဟုန် ရပ်နေသော နေရာအထိ အကွာအဝေးမှာ မနီးကပ်လှပေ။
သို့သော် ထိုလူသည် သူ့ဓားကို ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော 'ဓားစီးနင်းခြင်းကျမ်း' ပင်။
အသက်အရွယ် ငယ်ရွယ်သော်လည်း ထိုလူ၏ အသေးစိတ် အချက်အလက်များကို သူ အကဲခတ်၍ မရပေ။
ထိုလူသည် အမည်မသိ 'စိတ်ဝိညာဉ်အသက်ရှုခြင်း နည်းစနစ်' ကို ကျင့်ကြံထားပုံရသည်။
သို့သော် သားဆုံးရှုံးလိုက်ရသော နာကျင်မှုကြောင့် သူသည် ကျောနောက်မှ ဓားသုံးလက်စလုံးကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။
လေထဲတွင် ရူးသွပ်စွာ ကခုန်နေသော ဓားသုံးလက်သည် တုန်ခါနေပြီး တောက်ပသော ရွှေရောင်များ ထွက်ပေါ်နေသည်။
ကောင်းကင်သို့ တက်လှမ်းနေသော နေမင်းကြီးပမာ လင်းလက်တောက်ပနေလေ၏။
"မင်း သေချင်နေတာပဲ"
သူ ရှေ့သို့ ခုန်ဝင်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း ခြေထောက်အောက်တွင် 'စီးနင်းခြင်းဓား' ကို နင်းလျက်၊ လက်ထဲတွင် 'သဏ္ဍာန်ဖော်ခြင်းဓား' ကို ကိုင်ဆောင်ကာ လင်းကျန်းဟုန်သည် ရှန်းချန်ကောဆီသို့ တဟုန်ထိုး ဝင်ရောက်လာသည်။
လင်းကျန်းဟုန်၏ 'တိုက်ခိုက်ခြင်းဓား' သည် သူ့ခေါင်းပေါ်တွင် ပျံဝဲနေသည်။
တောက်လောင်နေသော နေမင်းကြီးကဲ့သို့ပင်။
သတ္တုချင်းရိုက်ခတ်သံ ကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းဆန္ဒများ ပေါက်ကွဲထွက်လာသည်။
ရှန်းချန်ကော၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။
တကယ်တော့ ထိုလူငယ်များ ကောင်းကင်ဘုံဓားဂိုဏ်းသို့ ရောက်လာပြီးကတည်းက သူသည် သူရိယဓားဂိုဏ်းသို့ အလည်တစ်ခေါက်သွားရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
ဒါက နေရာအသစ်တစ်ခုမှာ ချက်အင်ဝင်ဖို့ အခွင့်အရေးပဲ မဟုတ်လား။
ရှန်းချန်ကောသည် သူရိယဓားဂိုဏ်း၏ဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်လေသည်။
သူသည် 'နတ်တံတားအဆင့်' ရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်ချေများလေ၏။
'ဒီလောက် စွမ်းအားကြီးတဲ့ ကြယ်ပွင့်တစ်ပွင့်နဲ့...'
'ခင်ဗျားလို လူမျိုးနဲ့ ကျုပ်က ရူးရူးမိုက်မိုက် တိုက်ခိုက်မယ်လို့ ထင်နေတာလား...'
'ဟွန့်... မဖြစ်နိုင်တဲ့ အိမ်မက်ကိုစိတ်ကူးယဉ်နေတယ်...'
ထိုအချိန်တွင် လင်းကျန်းဟုန်သည် သူ့ဓားဖြင့် ချဉ်းကပ်လာသည်။
သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို အမြင့်ဆုံးအထိ ထုတ်လွှတ်ထားသည်။
သို့သော် ရုတ်တရက် သူ့မျက်ခွံများ လှုပ်ခတ်သွားသည်။
အဘယ်ကြောင့်ဆိုသော် လူငယ်လေး၏မျက်နှာပေါ်တွင် ရုတ်ခြည်းပေါ်လာသော မထီမဲ့မြင်ပြုသည့် အပြုံးကို သူ မြင်လိုက်ရသောကြောင့် ဖြစ်လေ၏။
သူ ဒေါသထွက်သွားခဲ့သည်။
ထို့နောက် ရှန်းချန်ကော၏ကျောနောက်မှ 'တိုက်ခိုက်ခြင်းဓား' သည် တုန်ခါမြည်ဟည်းပြီး တောက်လောင်လာသည်။
တိုက်ခိုက်ခြင်းနည်းစနစ် - ကြက်သွေးရောင်လျှပ်စီး
ကြီးမားသော မိုးကြိုးလျှပ်စီးတစ်ခုကဲ့သို့ ကြက်သွေးရောင်ဓားအလင်းတန်းသည် ဒေါသတကြီးဓားချီစွမ်းအင်များနှင့် ပြည့်နှက်နေသည်။
ဓားကို ထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် မိုးခြိမ်းသံများ ဟိန်းထွက်လာသည်။
ကြီးမားသော စွမ်းအင်ထုထည်ကြီးတစ်ခုသည် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်လျက် လှိမ့်ဝင်လာသည်။
ရှန်းချန်ကောသည် သူ့ဓားဖြင့် တိုက်ခိုက်လိုက်သည်။
'ဘာ...'
'စစချင်းမှာပဲ တိုက်ခိုက်ခြင်းဓားကို သုံးလိုက်တာလား...'
'မင်းရဲ့ ကိုယ်ကျင့်တရားက ဘယ်ရောက်သွားတာလဲ...'
လင်းကျန်းဟုန်သည် ရှန်းချန်ကော၏တိုက်ခိုက်မှုကြောင့် ကြောင်အသွားသည်။
သားဆုံးရှုံးလိုက်ရသည့် နာကျင်မှုကြောင့်ပင် သူသည် တိုက်ခိုက်ခြင်းဓားကို ချက်ချင်း ထုတ်မသုံးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ ဘာမှမသိသေးသော ရှန်းချန်ကောသည် နက်နဲသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး သူ့ကို အနိုင်ယူသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော်... ရှန်းချန်ကော ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အားကောင်းပြီး ပါဝင်သော ဝိညာဉ်စွမ်းအင် ပမာဏမှာ ကြောက်မက်ဖွယ် ကောင်းသော်လည်း သူသည် 'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့်လောက်သာ ရှိပုံရသည်။
သူ့မှာ ဘာရှိနေလို့လဲ။
ဒီလိုပြုမူရဲအောင် ဘာက သူ့ကို သတ္တိပေးနေတာလဲ။
လင်းကျန်းဟုန် အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ သဏ္ဍာန်ဖော်ခြင်းဓားဖြင့် 'သဏ္ဍာန်ဖော်ခြင်းနည်းစနစ်' ကို ထုတ်သုံးလိုက်သည်။
နည်းစနစ်အမျိုးမျိုးကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်သည်။
သူ့ဓားသွားသည် ပေါက်ကွဲထွက်လာသော ကြယ်တစ်ပွင့်ကဲ့သို့ လေထုကို ဖြတ်သန်းသွားပြီး အရှိန်အဟုန် အဆက်မပြတ် မြင့်တက်လာသည်။
နောက်ဆုံးတွင် ရှန်းချန်ကော၏တိုက်ခိုက်ခြင်းနည်းစနစ်နှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။
ဘုန်း...
စွမ်းအင်စီးကြောင်းများ ပွတ်တိုက်မိပြီး ပေါက်ကွဲသွားသည်။
မိုးကြိုးနှင့် နေမင်းတို့၏တိုက်ပွဲကဲ့သို့ပင်။
ဓားသွားများ သတ္တုချင်း ရိုက်ခတ်သံသည် အဆုံးမဲ့ စွမ်းအားများကို ထုတ်လွှတ်ရင်း ဂယက်ထသွားလေသည်။
ကံကောင်းသည်မှာ ထိုလူသည် 'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့်သာ ရှိသေးခြင်း ဖြစ်သည်။
ရိုးသားစွာပြောရလျှင် ရှန်းချန်ကော၏တိုက်ခိုက်ခြင်းနည်းစနစ်သည် လင်းကျန်းဟုန်ကို ခြိမ်းခြောက်မှု ခံစားရစေသည်။
သေချာသည်မှာ ရှန်းချန်ကော ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ထိုအချိန်တွင် သူ ပြသနေသော စွမ်းအားကြောင့် ဖြစ်သည်။
ဤလူသည် အလွန်ငယ်ရွယ်သေးသဖြင့် အကန့်အသတ်မဲ့သော အလားအလာများ ရှိနေသည်။
သူ့တိုက်ခိုက်ရေးစွမ်းရည်သည်လည်း တူညီသော ကျင့်ကြံခြင်းအခြေခံရှိသူများထက် များစွာ သာလွန်နေသည်။
သူ့ဓားကျမ်းသည် အမြင့်ဆုံးအဆင့် ဖြစ်ရပေမည်။
သူသည် တိုက်ခိုက်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ပြီး စိတ်ဝိညာဉ်အသက်ရှူခြင်း နည်းစနစ်ကိုလည်း တတ်ကျွမ်းထားသည်...
ဒီလူက ဘယ်က ရောက်လာတာလဲ။
ဘာပဲဖြစ်ဖြစ် သူတို့က အမှောင်မြူခိုးတွေကြားမှာ နေထိုင်ကြတာပဲ။
သူက ငါတို့ကို စော်ကားခဲ့ပြီးပြီဆိုတော့ သူ့ကို လွှတ်ပေးလို့ မဖြစ်ဘူး။
လင်းကျန်းဟုန် ခဏတာ စဉ်းစားလိုက်သည်။
အကယ်၍ ဤလူအား 'လွတ်မြောက်ခြင်းအဆင့်' နောက်ဆုံးအဆင့်အထိ ရောက်ခွင့်ပေးလိုက်လျှင် လင်းကျန်းဟုန် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
သူ့နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားသည်။
နောက်တစ်ခဏတွင် သူသည် သဏ္ဍာန်ဖော်ခြင်းသိုင်းကို ဆက်လက်အသုံးပြုရင်း သူ့ဓားကို ရှန်းချန်ကောဆီသို့ အလွန်တိကျစွာ ထိုးစိုက်လိုက်သည်။
သဏ္ဍာန်ဖော်ခြင်းသိုင်းများကို ဆက်တိုက်၊ ထပ်ဆင့်ပြီး တစ်ခုနှင့်တစ်ခု လွှဲပြောင်းအသုံးပြုသည်။
ယေဘုယျအားဖြင့် ပြိုင်ဘက်၏ဝိညာဉ်စွမ်းအင်ကို ကုန်ခမ်းစေရန် ထိပ်တိုက်ရင်ဆိုင်မှုများတွင် အသုံးပြုလေ့ရှိသည်။
ထို့နောက်မှ အသုံးပြုသူသည် တိုက်ခိုက်ခြင်းနည်းစနစ်များသို့ ဖြည်းညှင်းစွာ ကူးပြောင်းကာ အပြီးသတ် အောင်ပွဲကို ရယူလေ့ရှိသည်။
ဤအရာက ပိုမိုအသုံးများသော တိုက်ခိုက်ခြင်းပုံစံ ဖြစ်သည်။
ဓားစီးနင်းခြင်းနညိးစနစ်များကိုမူ ယေဘုယျအားဖြင့် လှုပ်ရှားသွားလာမှုများ သို့မဟုတ် ထိုကဲ့သို့သော ကိစ္စများအတွက် အသုံးပြုကြသည်။
အဘယ်ကြောင့်ဆိုသော် ဓားစီးနင်းခြင်းနည်းစနစ်၏အမြန်နှုန်းသည် အလွန်မြန်ဆန်သော်လည်း စွမ်းအားပိုင်းတွင် အားနည်းသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် သဏ္ဍာန်ဖော်ခြင်းဓားဖြင့် တိုက်ခိုက်ခြင်းဓားကို ရင်ဆိုင်ပြီးနောက် သူ၏ နောက်ထပ် တိုက်ခိုက်မှုသည် တိုက်ခိုက်မှုကြားရှိ ဟာကွက်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ခြင်းနည်းစနစ်ဖြင့် ရှန်းချန်ကောကို အပြီးသတ်နိုင်လိမ့်မည်။
'ငရဲသွားစမ်း...'
'ငါ့သားအတွက် ငါ လက်စားချေမယ်'
သူ့ဓားသည် ရှန်းချန်ကော၏ဦးခေါင်းဆီသို့ ရုတ်တရက် ထိုးစိုက်သွားသည်။
သို့သော် နောက်တစ်ခဏမှာပင် သူ့မျက်နှာပေါ်ရှိ အပြုံးသည် အပြည့်အဝ မပေါ်လာခင်မှာပင် ပျောက်ကွယ်သွားသည်။
ရှန်းချန်ကော၏ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲပြီး ကောင်းကင်ကို လင်းထိန်သွားစေသည်။
"ရွှေ့လျားခြင်းနည်းစနစ်ရဲ့ အဆုံးစွန်အဆင့်... 'ချုပ်ငြိမ်းခြင်း'..." သူ အံကြိတ်ရင်း ရေရွက်လိုက်သည်။
ထိုအချိန်တွင် သူရိယဓားဂိုဏ်းအတွင်း၌ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ခြံဝင်းအတွင်း အေးအေးလူလူ လမ်းလျှောက်နေသည်။
ရန်သူ့နယ်မြေအတွင်း ရောက်နေသဖြင့် ခံစားရမည့် စိုးရိမ်ပူပန်မှု အရိပ်အယောင်ကို မည်သူမျှ မတွေ့မြင်ရပေ။
ရိုးရိုးသားသား ပြောရလျှင် အမှန်တကယ် စွမ်းအားကြီးသော ရွှေ့လျားခြင်းနည်းစနစ်ကို ကျွမ်းကျင်ရန်မှာ အလွန်အရေးကြီးသည်။
သူ့ကို ဥပမာယူကြည့်လျှင် 'ပုံရိပ်ယောင်ရွှေ့လျားခြင်း' ကို အမြင့်ဆုံးအဆင့်ထိ ထုတ်သုံးထားသဖြင့် သူရိယဓားဂိုဏ်းမှ မည်သူမျှ သူ့ကို ဖမ်းမိနိုင်မည် မဟုတ်ပေ။
[ နေရာအသစ် ချိတ်ဆက်မှု အောင်မြင်သည်- ကျမ်းစာတိုက် ]
[ ချက်အင်ဝင်သည် +၁ ]
[ ရရှိသောဆုလာဘ်-ပြန်လည်မွေးဖွားခြင်း (ခုနစ်ရက်အနက် တစ်ရက်) ]
ပြန်လည်မွေးဖွားခြင်း
ရှန်းချန်ကော ရင်ထဲတွင် လိပ်ပြာလေးများ ပျံဝဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤအရာက အလွန်ထူးခြားသော နည်းစနစ်တစ်ခု ဖြစ်သည်။
ယခင်က သူ အမှောင်ထဲမှနေ၍ လင်းယွဲ့လွန်ကို ကြည့်နေစဉ်က လင်းယွဲ့လွန်သည် အလားတူ နည်းစနစ်မျိုးကို အသုံးပြုနေသည်ကို တွေ့ခဲ့ရသည်။
သို့သော် သူအသုံးပြုခဲ့သော နည်းစနစ်သည် 'ပြန်လည်မွေးဖွားခြင်း' နှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်မှာ မိုးနှင့်မြေပမာ ဖြစ်သည်။
ဒါက 'ပုံတူဖန်တီးခြင်းအမျိုးအစား' လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာရှိ သဲလွန်စများနှင့် ပတ်ဝန်းကျင် ဝိညာဉ်စွမ်းအင်လမ်းကြောင်းများအပေါ် အခြေခံ၍ ဤနည်းစနစ်သည် အလွန်ထူးခြားသော လုပ်ဆောင်မှုနည်းလမ်းကို အသုံးပြုကာ အသုံးပြုသူ၏စိတ်ထဲတွင် အဖြစ်အပျက်ကို (၇၀) ရာခိုင်နှုန်းခန့် တိကျစွာ ပြန်လည်ဖော်ထုတ်ပေးနိုင်သည်။
ဤ 'ပြန်လည်မွေးဖွားခြင်း' နည်းစနစ်၏ နောက်တွင် (ခုနစ်ရက်အနက် တစ်ရက်) ဟု ပါရှိသည်။
ဒါဟာ တိုးတက်မှုပြမျက်နှာပြင် ဖြစ်လောက်သည်။
ထိုသို့ဆိုလျှင် ခုနစ်ရက်ကြာ ချက်အင်ဝင်ပြီးနောက် သူသည် 'ပြန်လည်မွေးဖွားခြင်း' ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်သွားလိမ့်မည်။
ရှန်းချန်ကော ပြုံးလိုက်သည်။
ဤ 'ပြန်လည်မွေးဖွားခြင်း' နည်းစနစ်သည် အလွန်အသုံးဝင်သည်။
လူသတ်သမားတစ်ဦး၏စွမ်းအားအဆင့်ကို ရှာဖွေရုံမျှသာ ကန့်သတ်ထားခြင်း မဟုတ်ပေ။
နေရာတစ်ခုတွင် ကျန်ရစ်ခဲ့သော ဝိညာဉ်စွမ်းအင် အကြွင်းအကျန်များအပေါ် အခြေခံ၍ မည်သည့်နတ်ဆိုးအမျိုးအစား လှုပ်ရှားခဲ့သည်ကိုပင် ပုံတူဖန်တီး ကြည့်ရှုနိုင်သည်။
ထိုအချိန်တွင် နေမင်းဓားဂိုဏ်းမှ တပည့်အများအပြားသည် ဝိုင်းအုံရပ်နေကြပြီး ကျမ်းစာတိုက်ရှေ့တွင် သူဌေးတစ်ဦးကဲ့သို့ ရပ်နေသော အဖြူရောင်ပုံရိပ်ကို လက်ညှိုးထိုးကာ အတင်းပြောနေကြသည်။
"အဲဒီလူက ရင်းနှီးပုံမရဘူး..."
"သူ ခုနလေးတင် ဘယ်ကမှန်းမသိ ပေါ်လာပြီး ကျမ်းစာတိုက်ရှေ့မှာ ရပ်နေတာ..."
သို့သော် ထိုအခိုက်အတန့်တွင် တောက်လောင်နေသော အလင်းအစုအဝေးတစ်ခု ကောင်းကင်ပေါ်၌ ပေါက်ကွဲသွားသည်။
ကောင်းကင်သို့ တက်လှမ်းနေသော နေမင်းကြီးကဲ့သို့ တောက်ပသော ရွှေရောင်အလင်းများ ဖြစ်သည်။
"ဂိုဏ်းချုပ်ကြီးပဲ" တပည့်အများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
"လူယုတ်မာ မင်း မလွတ်မြောက်စေရဘူး" မိုးခြိမ်းသံကဲ့သို့သော အသံကြီး လေထဲတွင် ပဲ့တင်ထပ်သွားသည်။
ပါးလွှာသော စာရွက်တစ်ရွက်ကို နေရောင်ခြည်က ထိုးဖောက်သကဲ့သို့ ဓားတစ်လက် ပြုတ်ကျလာသည်။
လင်းကျန်းဟုန်သည် သူ့၏ 'တိုက်ခိုက်ခြင်းဓား' ကို အသုံးပြုလိုက်ပြီ ဖြစ်လေ၏။
တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
နေမင်းကြီးကိုယ်တိုင် ဆင်းသက်လာသကဲ့သို့ပင်။
အဆုံးအစမဲ့သော နေရောင်ခြည်များသည် စက္ကန့်ပိုင်းအတွင်း ထွက်ပေါ်လာပြီး မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။
ဘုန်း...
သို့သော် ရှန်းချန်ကောသည် နောက်တစ်ကြိမ် အလင်းစက်လေးများအဖြစ် ပေါက်ကွဲသွားပြန်သည်။
အဲ့ဒီရွှေ့လျားခြင်းနည်းစနစ် ပြန်သုံးလိုက်ပြန်ပြီ။
လင်းကျန်းဟုန် ဒေါသထွက်လွန်းသဖြင့် ခေါင်းမှခြေအဆုံး တုန်ယင်နေသည်။
သူ့အရှိန်အဝါသည် လှိုင်းထလာပြီး ဆင်းသက်လာကာ သူရိယဓားဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
"ဒီနေ့ မင်းကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး"
ထိုအချိန်တွင်...
[ နေရာအသစ် ချိတ်ဆက်မှု အောင်မြင်သည်- သူရိယဓားဂိုဏ်း တိုက်ခိုက်ခြင်းဓားခန်းမဆောင် ]
[ ချက်အင်ဝင်သည် +၁ ]
[ ရရှိသောဆုလာဘ်- သူရိယဓားဂိုဏ်း အမွေဆက်ခံခြင်းနည်းစနစ်- တိုက်ခိုက်ခြင်းနည်းစနစ် - နေမင်းကြွေကျခြင်း (ပြီးပြည့်စုံသော ဗားရှင်း) ]
ရှန်းချန်ကော အသိစိတ်များမူးဝေသွားသလို ခံစားလိုက်ရသည်။
သူရိယဓားဂိုဏ်း တည်ရှိခဲ့တာ အရမ်းကြာပြီလား။
သူတို့က ကောင်းကင်ဘုံဓားနယ်မြေထဲကို နောက်ပိုင်းကာလတွေမှ ရောက်လာခဲ့တာလို့ ငါ မှတ်မိပါတယ်...
ဒါပေမဲ့ သူတို့မှာ အမွေဆက်ခံခြင်းနည်းစနစ် တကယ်ကြီး ရှိနေတာပဲ။
အမွေဆက်ခံခြင်းနည်းစနစ်များ...
ယေဘုယျအားဖြင့် ပြောရလျှင် ဂိုဏ်းတစ်ခုသည် သူတို့၏နည်းစနစ်များကို အမွေဆက်ခံခြင်းနည်းစနစ်များဟု ခေါ်ဆိုနိုင်ရန် အနည်းဆုံး နှစ်ပေါင်း (၅၀၀၀) ခန့် တည်တံ့ခဲ့ရမည် ဖြစ်သည်။
နေမင်းကြွေကျခြင်း...
ဒါက လင်းကျန်းဟုန် ခုနက ထုတ်သုံးခဲ့တဲ့ တိုက်ခိုက်ခြင်းနည်းစနစ် ဖြစ်လောက်တယ်။
အဲဒီစွမ်းရည်က 'အမှန်တရားပြန်လည်ခြင်းအဆင့် ' မှာ ရှိလောက်တယ်။
"ဘာလို့ ငါ အခုရလိုက်တဲ့ ဟာက သူထုတ်သုံးလိုက်တဲ့ ဟာထက် ပိုပြီး နက်နဲတယ်လို့ ခံစားနေရတာလဲ..."
ရှန်းချန်ကော ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိလေ၏။