ကျွန်းကို တိုက်ခိုက်ခြင်း
Vol. 31 Ch. 378
"ဘုန်း"
ကောင်းကင်ထိအောင် မြင့်တက်သွားတဲ့ လှိုင်းလုံးကြီးတွေနဲ့ လုံးဝ မလှုပ်မယှက် ရှိနေတဲ့ ရွှေရောင် ဆေးအိုးကျွန်းကို ကြည့်ရင်း အဲ့ဒီကျွန်းကို ကာကွယ်ပေးထားတဲ့ မဟာအစီအရင်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကျန်းပေရန် နောက်ဆုံးတော့ နားလည်သွားခဲ့လေသည်။
မိုးပြာရောင် ကောင်းကင် စုဝေးပွဲ မှာ ပါဝင်မယ့် ဂိုဏ်းတွေ အကုန်လုံး စုစည်းပြီးတာနဲ့ အနက်ရောင်သူတော်စင် အသီးသီးက နှုတ်ခွန်းဆက်စကား ပြောကြပြီးမှ အလုပ် စတင်ကြလေသည်။
ရွှေရောင် ဆေးအိုး ကျွန်း ရဲ့ ကာကွယ်ရေး မဟာအစီအရင်ကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။
ဘေးကင်းဖို့ အတွက် တပည့်တွေ အားလုံး မိုင်တစ်ထောင်လောက် အကွာကို ဆုတ်ခွာသွားကြပြီး ကာကွယ်ရေး အစီအရင် အများအပြားကိုလည်း တည်ဆောက်ထားကြလေသည်။
ဘာပဲဖြစ်ဖြစ် ဒီ အနက်ရောင်သူတော်စင်တွေက ကျွန်းရဲ့ ကာကွယ်ရေး မဟာအစီအရင်ကို ဖျက်ဆီးဖို့ သူတို့ရဲ့ အစွမ်းကုန်ကို အသုံးပြုကြမှာ ဆိုတော့ အနက်ရောင်သူတော်စင် တစ်ပါးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေကို ကာကွယ်တဲ့ နေရာမှာ ဘယ်လောက်ပဲ သတိထားထား မလွန်ဘူးလေ။
"ကျွီ"
အလွန် ကြောက်စရာ ကောင်းတဲ့ အသံနဲ့ အတူ ပေတစ်သောင်း ရှည်တဲ့ ရွှေရောင် ဓားကြီး တစ်လက်က ကောင်းကင်ပေါ်က တိမ်တွေကို ခွဲဖြတ်ပြီး ထိုက် တောင်ကြီး တစ်လုံးလို ရွှေရောင် ဆေးအိုး ကျွန်း ပေါ် ပြုတ်ကျလာလေသည်။
ဒါပေမဲ့ ဒီလောက် ကြီးမားတဲ့ အစွမ်းထက် တိုက်ကွက်က ရွှေရောင် ဆေးအိုး ကျွန်း အတွက်တော့ ရေထဲ မျောပါလာတဲ့ စက္ကူစ တစ်စ လိုပါပဲ လှိုင်းဂယက် တစ်ခုတောင် မထစေနိုင်ခဲ့ပေ။
ကျွန်းရဲ့ ကာကွယ်ရေး မဟာအစီအရင်က တွင်းနက်ကြီး တစ်ခုလို ဓားကြီး တစ်လက်လုံးကို လုံးဝ စုပ်ယူပစ်လိုက်လေသည်။
အစကနေ အဆုံးထိ ဒီ မဟာအစီအရင် ဘယ်လို အလုပ်လုပ်လဲ ဆိုတာကိုတောင် ကျန်းပေရန် မမြင်နိုင်ခဲ့ပေ။
'ဒါက တကယ်ရော အစီအရင် ဟုတ်လို့လား'
ပျံသန်းနေအိမ်ရဲ့ အပြန်အလှန် ချိတ်ဆက်နေသော အစီအရင်တွေကို ကျန်းပေရန် နားမလည်နိုင်သေးပေမယ့် အနည်းဆုံးတော့ သူတို့ရဲ့ မူဝါဒတွေကို စိတ်ကူးကြည့်လို့ ရသေးသည်။
ဒါပေမဲ့ ရွှေရောင် ဆေးအိုး ကျွန်း ပေါ်က ဒီ ကာကွယ်ရေး အစီအရင်ကတော့ တကယ့်ကို ယုတ္တိမရှိပေ။
ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား လှုပ်ရှားတာကိုတောင် ကျန်းပေရန် မခံစားမိပေ။
ဒါက အစီအရင် လေ့လာမှုရဲ့ နယ်ပယ်ထက် လုံးဝ ကျော်လွန်နေသည်။
'ဒါက သင်ရိုးညွှန်းတမ်း အပြင်ဘက် ရောက်နေပြီ တောက်'
သူ လုံးဝ နားမလည်နိုင်တာကြောင့် ဒီအရာက အစီအရင် လုံးဝ မဟုတ်ဘူးလို့ သံသယဝင်စရာ အကြောင်း ကျန်းပေရန်မှာ ရှိနေလေသည်။
ဒါပေမဲ့ အစီအရင် မဟုတ်ရင် ရွှေရောင်ဆေးအိုးကျွန်းကို ဘာက ကာကွယ်ပေးနေလဲ ဆိုတာ တခြား ရှင်းပြချက် မရှိတော့ပေ။
'တကယ်ပဲ လောကကြီးက ကျယ်ပြောပြီး အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပဲ'
ပထမက "လူစားတဲ့" လျှို့ဝှက်ဆန်းကြယ် ယန္တရား ကျွန်း ပြီးတော့ အခု အနက်ရောင်သူတော်စင် တစ်ပါးတောင် မဖောက်ထွင်းနိုင်တဲ့ ကာကွယ်ရေး စနစ် ရှိတဲ့ ရွှေရောင် ဆေးအိုး ကျွန်း။
'ဘာလို့ ဒီကျွန်းတွေ အားလုံးက ဒီလောက် အံ့သြစရာ ကောင်းနေရတာလဲ ဒါက မဟာ ပင်လယ်ပြင် လမ်းကြောင်းကြီးလား'
နောက်ထပ် ဘယ်လို အံ့သြစရာ ကောင်းတဲ့ ဖျက်ဆီးရေး တိုက်ကွက်တွေ မြင်ရဦးမလဲလို့ ကျန်းပေရန် တွေးနေတုန်း မျက်စိကျိန်းလောက်တဲ့ ရွှေရောင် အလင်းတန်းတစ်ခု ရွှေရောင်ဆေးအိုးကျွန်း အထက် တည့်တည့်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။
ဒီ "ကျွန်းတိုက်ခိုက်ခြင်း" အစီအစဉ် ထပ်ပြီး ကျရှုံးသွားမှန်း ရှီယန်ရှီး တစ်ချက်ကြည့်ရုံနဲ့ သိလိုက်လေသည်။
သူ မတ်တတ်ရပ်ပြီး လူတိုင်းကို အော်ပြောလိုက်လေသည်။
"ငါ့နောက်လိုက်ခဲ့"
ပြောပြီးတာနဲ့ သူက ရွှေရောင် ဆေးအိုး ကျွန်း ဆီ ပျံသန်းသွားလေသည်။
ကျန်းပေရန် အဖွဲ့ထဲက အဖွဲ့ဝင် အများစုက မပျံသန်းနိုင်ကြတာကြောင့် သူတို့က ပျံသန်းနေအိမ်ထဲမှာပဲ ကျန်ရစ်ခဲ့ကြလေသည်။
ကျန်းပေရန်ကလည်း အထဲမှာပဲ နေဖို့ စီစဉ်ထားပေမယ့် ရှီဟုန်ယွင်က သူ့ကို အပြင်ထွက်ပြီး လေ့လာဖို့ ကိုယ်တိုင် ပြောလာခဲ့လေသည်။
သူ့ဆိုလိုရင်းကို ကျန်းပေရန် နားလည်သည် ဒီ ကျွန်းကာကွယ်ရေး မဟာအစီအရင်က ဘယ်လို ပုံစံလဲ ဆိုတာ သူ့ကို ကိုယ်တိုင် မြင်စေချင်တာ ဖြစ်လောက်သည်။
မတတ်သာတဲ့အဆုံး ကျန်းပေရန်က ပျံသန်းယာဉ် တစ်စင်းပေါ် ထိုင်ပြီး ရှီမျိုးနွယ်စုဝင်တွေနဲ့ အတူ လိုက်ကြည့်ရတော့လေသည်။
ပျံသန်းယာဉ်ကို မောင်းနှင်ရင်း ကျန်းပေရန်က အဓိက အုပ်စု နောက်လိုက်ပြီး ရွှေရောင် ဆေးအိုး ကျွန်း ဘေးနား ရောက်သွားလေသည်။
မပြောင်းလဲသေးတဲ့ ကျွန်းကို ကြည့်ပြီး ကျန်းပေရန်က သူ့ရဲ့ ဝိညာဉ်အာရုံကို အသက်သွင်းကာ ကျွန်း ပတ်ပတ်လည် ဧရိယာကို သေချာ ထပ်ရှာဖွေပေမယ့် အစီအရင် ချထားတဲ့ အရိပ်အယောင် လုံးဝ မတွေ့ရသေးပေ။
ခဏကြာတော့ ကောင်းကင်ပေါ်က အနက်ရောင်သူတော်စင်တွေ တစ်ပါးပြီး တစ်ပါး ဆင်းသက်လာကြပြီး သူတို့ တီးတိုး ပြောနေကြတာကို ကြားလိုက်ရလေသည်။
"ဒါက ခင်ဗျား ပြောတဲ့ တိမ်လွှာဖွင့် လျှို့ဝှက် လက်စွဲ ထဲက ထိပ်တန်း တိုက်ကွက် ဆိုတာလား ခင်ဗျားရဲ့ မြေကမ္ဘာအဆင့် အဆင့်မြင့် နည်းစနစ်ကလည်း သိပ်မဟန်ပါလား"
"ဟေ့ ခင်ဗျား ပြောပုံက... လာပါ ဗျာ နေရာရှာပြီး တစ်ပွဲလောက် စမ်းကြည့်ရအောင် ခင်ဗျားသာ ကျုပ်ရဲ့ ဒီတိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်နိုင်ရင် ကျုပ်ရဲ့ ဝိညာဉ် ပျံသန်းခြင်း ဂိုဏ်းက ဒီနေ့ကစပြီး ခင်ဗျား နောက်လိုက် လုပ်မယ်"
"လာလေ သွားကြတာပေါ့"
"ကောင်းပြီ ကောင်းပြီ ဘာတွေ ရန်ဖြစ်နေကြတာလဲ တံခါးပွင့်မယ့် အချိန် နီးနေပြီ"
မြေကမ္ဘာအဆင့် အဆင့်မြင့် တိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်မယ်လို့ အော်ဟစ်နေတဲ့ အနက်ရောင်သူတော်စင်က အခွင့်ကောင်းယူပြီး နောက်ဆုတ်လိုက်ကာ ပြောလိုက်လေသည်။
"ဒါဆို သခင်ကြီး ကြာပန်းစိမ်း ပြောတာ နားထောင်ကြတာပေါ့"
"ကောင်းပြီ မိုးပြာရောင်ကောင်းကင် စုဝေးပွဲ ပြီးမှ ရှင်းကြတာပေါ့"
...
'မြေကမ္ဘာအဆင့် အဆင့်မြင့်...'
အနက်ရောင်သူတော်စင်တွေတောင် ဒီကျွန်းကို တိုက်ခိုက်ဖို့ ကောင်းကင်အဆင့် နည်းစနစ်တွေကို မသုံးဘူး ဆိုတာ ကြားတော့ ဒီလို နည်းစနစ်တွေ ရှားပါးပုံကို ကျန်းပေရန် ထပ်မံ သဘောပေါက်လိုက်ရလေသည်။
ဒါပေမဲ့ ကောင်းကင်အဆင့် နည်းစနစ်တွေက ပထမ မျိုးဆက် ကျင့်ကြံသူတွေပဲ ပိုင်ဆိုင်တဲ့ နည်းစနစ်တွေလို့ သူ အရင်က ကြားဖူးသည်။
သင်ယူဖို့ ဆိုတာက နည်းစနစ် လက်စွဲစာအုပ် ရှာတွေ့ရုံနဲ့ မလွယ်ကူပေ အချိန် နေရာ နဲ့ လူ မှန်ကန်ဖို့ လိုအပ်လေသည်။
ဇာတ်လိုက်အတွက် ပြင်ဆင်ပေးထားတဲ့ အရာဆိုတာ သိသာနေလေသည်။
အနက်ရောင်သူတော်စင်တွေ တီးတိုး ပြောနေတာကို ကျန်းပေရန် နားထောင်နေတုန်း ကျယ်လောင်တဲ့ အော်သံ တစ်ခု ရုတ်တရက် ကြားလိုက်ရလေသည်။
"ထွက်ပေါ်လာစေ"
အဲ့ဒီနောက် ရွှေရောင် ဆေးအိုး ကျွန်း ဘေးနားက ပင်လယ်ပြင်ပေါ်မှာ အောက်ခြေမရှိတဲ့ ရေဝဲကြီး တစ်ခု ရုတ်တရက် ပေါ်လာပြီး ကြီးမားတဲ့ ကျွန်းတစ်ကျွန်း ရေအောက်ကနေ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။
'ဘုရားရေ... အနက်ရောင်သူတော်စင် တစ်ပါးရဲ့ စွမ်းအား...'
'အရမ်း ကြောက်စရာ ကောင်းတာပဲ'
ကျန်းပေရန် တုန်လှုပ်သွားစဉ် ရှီဟုန်ယွင်က လူအုပ်ရှေ့ ရောက်လာပြီး ပြောလိုက်လေသည်။
"သွားကြစို့ ကျွန်းပေါ် တက်ပြီး ခဏ နားကြတာပေါ့"
ရှီဟုန်ယွင်ရဲ့ ဦးဆောင်မှု နောက်လိုက်ပြီး ရှီမျိုးနွယ်စုဝင်တွေက ပင်လယ်ထဲက ထွက်ပေါ်လာတဲ့ ကျွန်းပေါ် တက်လိုက်ကြလေသည်။
ကျယ်ပြောလှတဲ့ လူပင်လယ်ကြီးကို ကြည့်ပြီး ကျန်းပေရန်ရဲ့ လူမှုရေး စိုးရိမ်ပူပန်မှု ရောဂါ ချက်ချင်း ပြန်ထလာလေသည်။
သူက ရှီယန်ရှီး ဆီ လျှောက်သွားပြီး လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်လေသည်။
"မျိုးနွယ်စု ခေါင်းဆောင်ရှီ ကျွန်တော့် အဖွဲ့သားတွေ အတွက် စီစဉ်ပေးစရာ တိုက်ပွဲ အစီအစဉ်တချို့ ရှိသေးလို့ပါ ပျံသန်းနေအိမ်ထဲ ဝင်ခွင့်ပြုပါ"
ရှီယန်ရှီးက ကျန်းပေရန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ သူ့ရဲ့ ပျံသန်းနေအိမ်ထဲ ဝင်ခွင့်ပြုလိုက်လေသည်။
"ဟူး..."
ပျံသန်းနေအိမ်ရဲ့ ပင်မ ခန်းမထဲ ဝင်လိုက်တာနဲ့ ကျန်းပေရန် ချက်ချင်း သက်ပြင်းချလိုက်လေသည်။
"ကျောက်စိမ်း ကျောက်စိမ်း ပွတ်ဖို့ အချိန်တန်ပြီ ကျောက်စိမ်း ပွတ်ဖို့ အချိန်တန်ပြီ"
ကျန်းပေရန် တစ်ခုခု လုပ်ဖို့ စဉ်းစားနေတုန်း လျိုဝေ့နင် သူ့ဆီ ပြေးလာတာ တွေ့လိုက်ရလေသည်။
ငန်းရိုင်း ကျောက်စိမ်း ကို လျိုဝေ့နင်ဆီ ကျွမ်းကျင်စွာ ပစ်ပေးလိုက်ပြီး သူမနဲ့ အတူ လျှောက်လာတဲ့ တခြား လူနည်းစုကို ကြည့်ကာ ကျန်းပေရန် မေးလိုက်လေသည်။
"ဘာကိစ္စလဲ"
"အစ်... အစ်ကိုကြီးကျန်း"
အရပ်အပုဆုံး ဖြစ်တဲ့ ဝေဂွမ် က သတိထားပြီး မေးလိုက်လေသည်။
ဒီဝေဂွမ် က ဖူကျဲ့ဟန်ရဲ့ ဝိုင်ချက်စက်ရုံဆီကနေ ကျန်းပေရန် တောင်းဆိုခဲ့တဲ့ လူ ဖြစ်သည်။
သူ့နှာခေါင်းက ထူးထူးခြားခြား ကောင်းမွန်သည်။ သူ ရှာနေတဲ့ ဝိုင်အိုး တစ်လုံးကို တခြား မရေမတွက်နိုင်တဲ့ ဝိုင်အိုးတွေ ကြားထဲကနေ အနံ့ခံပြီး ခွဲခြားနိုင်လေသည်။
ဒီ အနံ့ခံအာရုံက တခြား မွှေးပျံ့တဲ့ အရာတွေ အပေါ်မှာလည်း အလားတူ ထိရောက်မှု ရှိသည်။ ပန်းတွေ သစ်ပင်တွေ သတ္တုရိုင်းတွေ ဒါမှမဟုတ် လက်ဖက်ခြောက်တွေပဲ ဖြစ်ဖြစ် သူ ခွဲခြားနိုင်လေသည်။
ကျန်းပေရန် ကတော့ သီးခြား ပစ္စည်း တစ်ခုတည်း အပေါ် ကန့်သတ်မထားတဲ့ ဒီလို ရှာဖွေနိုင်စွမ်းမျိုးကို အကြိုက်ဆုံး ဖြစ်သည်။
ဒါက မြေပုံ အားလုံးနဲ့ သက်ဆိုင်လေသည်။
"ဘာဖြစ်လို့လဲ" ကျန်းပေရန် မေးလိုက်လေသည်။
"ကျွန်တော်... ကျွန်တော် အမေ့ကို လွမ်းတယ်"
"စိတ်မပူပါနဲ့ တစ်လနေရင် မင်းအမေကို မြင်ရတော့မှာပါ"
"ကျွန်တော် ပြန်မထွက်လာနိုင်ရင် ဘယ်လိုလုပ်မလဲ..."
"ငါ ရှိနေသရွေ့ 'ဘယ်လိုလုပ်မလဲ' ဆိုတာ မရှိဘူး"
"ဟု... ဟုတ်ကဲ့"
သူတို့ တစ်ယောက်နဲ့ တစ်ယောက် မသိတာ ကြာသေးပေမယ့် လျှို့ဝှက်ဈေးက ဒီလူတွေရဲ့ ကျန်းပေရန် အပေါ်ထားတဲ့ သဘောထားက သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။
အစတုန်းက ကြောက်ရွံ့မှု ကနေ ရိုသေလေးစားမှု ပြီးတော့ အားကျမှု အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
သူတို့ မျက်လုံးထဲမှာ ဒီလူက အရာအားလုံး စွမ်းဆောင်နိုင်သူ တစ်ယောက်လို ဖြစ်နေသည်။
သူတို့ မေးခွန်းတွေ ဘယ်လောက် ခက်ခဲပါစေ အဖြေရလိမ့်မည်။
သူ ပြသခဲ့တဲ့ စွမ်းရည် အမျိုးမျိုးကလည်း သူတို့ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိစေခဲ့လေသည်။
သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က သူတို့ထက် နိမ့်တာကလွဲရင် ဒီလူမှာ အားနည်းချက် မရှိဘူးလို့ ပြောလို့ ရလေသည်။
ဒါပေမဲ့ ကျင့်ကြံခြင်း အားနည်းချက်က သူတို့ မျက်လုံးထဲမှာ သေစေနိုင်လောက်အောင် ကြီးမားနေတုန်းပင်…….
ကျွန်းပေါ် တက်ပြီးရင် သူတို့ ရင်ဆိုင်ရမှာက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ သူတို့ကို ချေမှုန်းပစ်နိုင်တဲ့ အနက်ရောင်ဘုရင် အဆင့် ပညာရှင်တွေချည်းပဲ ဆိုတာ သူတို့ သတိရရမည်။
ကွာဟချက်က အရမ်း ကြီးမားလွန်းသည်။ ဒါက ဗဟုသုတ ကြွယ်ဝရုံနဲ့ ဖြည့်ဆည်းပေးလို့ ရတဲ့ အရာ မဟုတ်ပေ။
"ငါ မယုံကြည်ရင် ရှီမျိုးနွယ်စု အထက်လူကြီးတွေက မင်းတို့ကို ခေါ်သွားခွင့် ပြုမယ်လို့ မင်းတို့ ထင်လား" ဆိုတဲ့ စကားနဲ့ ကျန်းပေရန်က သူတို့ကို စည်းရုံးခဲ့ပေမယ့်။
သူတို့က အစွမ်းထက်တဲ့ သူတွေကို အလိုအလျောက် ကြောက်ရွံ့နေကြတုန်းပင်။
လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။
"အခု ကြောက်နေမယ့်အစား တိုတောင်းတဲ့ အချိန်အတွင်းမှာ အဖိုးတန် ပစ္စည်းတွေ လုံလောက်အောင် ဘယ်လို ရှာမလဲ ဆိုတာ မင်းတို့ စဉ်းစားသင့်တယ် အဲ့ဒါကမှ ဒီ သေရေးရှင်ရေး ခရီးစဉ်ကို ထိုက်တန်စေမယ့် တစ်ခုတည်းသော နည်းလမ်းပဲ ပြီးတော့..."
ကျန်းပေရန် ရုတ်တရက် ပြုံးလိုက်ပြီး သူ့နဖူးကို ပုတ်လိုက်လေသည်။
"ထွက်ပြေးဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး မဟုတ်လား"
'နတ်ဆိုး ဒီလူက တကယ့်ကို နတ်ဆိုးပဲ'
လူအုပ်ကြီး စိတ်ထဲကနေ မအော်ဘဲ မနေနိုင်တော့ပေ။
သူတို့မှာ ထွက်ပေါက် မရှိမှန်း သိလိုက်တော့ လူတိုင်း ကိုယ့်နေရာ ကိုယ် ပြန်သွားကြလေသည်။
ဒီအချိန်မှာ အဲ့ဒီလူကို ယုံကြည်တာကလွဲပြီး သူတို့မှာ ရွေးချယ်စရာ မရှိတော့ပေ။
မကြာခင်မှာပဲ ရှီဖုန်းလန်နဲ့ ရှီကျာမုလည်း ပျံသန်းနေအိမ်ထဲ ဝင်လာကြလေသည်။
ကျန်းပေရန်ကို မြင်တော့ ရှီဖုန်းလန် အော်လိုက်လေသည်။
"ပေရန်လေး မင်းက ငါတို့ကို မပြောဘဲ ဝင်လာတယ် ငါတို့က မင်းကို နေရာအနှံ့ လိုက်ရှာနေတာ"
"ငါ့ကို တစ်ခုခု ခိုင်းစရာ ရှိလို့ ရှာနေတာလား" ကျန်းပေရန် မော့ကြည့်ပြီး မေးလိုက်လေသည်။
"ဘာမှ မရှိရင် ရှာလို့ မရဘူးလား"
ရှီဖုန်းလန်က ခါးထောက်ပြီး ပြောလိုက်လေသည်။
"အင်း"
ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ဟွန့် ငါ ဂရုမစိုက်ဘူး ဘာမှ မရှိလည်း ငါ မင်းကို ရှာမှာပဲ"
ပြောပြီးတာနဲ့ ရှီဖုန်းလန်က ဘေးနားမှာ ကျောက်စိမ်း ပွတ်နေတဲ့ လျိုဝေ့နင်ကို ကြည့်ပြီး ပြောလိုက်လေသည်။
"နင်နင် ဒီကျောက်စိမ်းကို ပွတ်ရတာ တကယ်ပဲ အဲ့လောက် သက်သောင့်သက်သာ ရှိလို့လား"
"အင်း အရမ်း သက်သောင့်သက်သာ ရှိတယ်" လျိုဝေ့နင်က ပွတ်ရင်း ပြန်ဖြေလိုက်လေသည်။
"ငါရော စမ်းကြည့်လို့ ရမလား" ရှီဖုန်းလန်က ခြေတစ်လှမ်း တိုးပြီး မေးလိုက်လေသည်။
လျိုဝေ့နင်က ကျန်းပေရန်ကို လှမ်းကြည့်ပြီး မေးလိုက်လေသည်။
"သူ လုပ်လို့ ရလား"
ကျန်းပေရန်က လျိုဝေ့နင်ကို အံ့သြတဲ့ အကြည့်နဲ့ ကြည့်လိုက်လေသည်။
သူမက သူမရဲ့ "အစာ" ကို သေချာပေါက် ကာကွယ်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာ ဒါပေမဲ့ မမျှော်လင့်ဘဲ ရက်ရောနေလေသည်။
"အင်း ပေးလိုက်ပါ"
"ရော့"
လျိုဝေ့နင်က ငန်းရိုင်း ကျောက်စိမ်းကို လက်နှစ်ဖက်နဲ့ ရှီဖုန်းလန်ဆီ ကမ်းပေးလိုက်လေသည်။
"ကျေးဇူးပဲ"
ရှီဖုန်းလန်က ငန်းရိုင်း ကျောက်စိမ်းကို ပျော်ရွှင်စွာ ယူလိုက်ပြီး သူမ မျက်နှာနဲ့ နှစ်ချက်လောက် ပွတ်သပ်လိုက်လေသည်။
"တကယ် သက်သောင့်သက်သာ ရှိတာပဲ"
ရှီဖုန်းလန် အံ့သြဝမ်းသာစွာ အာမေဋိတ် ပြုလိုက်လေသည်။
"ဟဲဟဲ"
ဒါကို ကြားတော့ လျိုဝေ့နင် ရယ်မောလိုက်လေသည်။
"တွေ့လား တွေ့လား"
သူမ အဒေါ်လေး ပျော်ရွှင်စွာ ပွတ်သပ်နေတာ ကြည့်ပြီး ရှီကျာမု မျက်လုံး လှန်ကြည့်လိုက်ကာ ကျန်းပေရန်ဆီ လျှောက်သွားလိုက်လေသည်။
"ဦးလေး ဒါက အဓိပ္ပာယ် မရှိတဲ့ စကား ဆိုတာ ကျွန်မ သိပါတယ် ဒါပေမဲ့ ကျွန်မ..."
"အဓိပ္ပာယ် မရှိမှန်း သိရင် မမေးနဲ့တော့" ကျန်းပေရန် မော့မကြည့်ဘဲ ပြောလိုက်လေသည်။
ပါးဖောင်းလိုက်ပြီး ရှီကျာမု "ဟွန့်" လို့ အသံပြုကာ ကျန်းပေရန် ဘေးနားမှာ တိတ်တဆိတ် ဝင်ထိုင်လိုက်လေသည်။
အချိန်အတော်ကြာပြီးနောက် ရှီကျာမု မော့ကြည့်လိုက်တော့ သူမ အဒေါ်လေးနဲ့ လျိုဝေ့နင်တို့ တစ်ယောက် တစ်ဖက်စီ ကျောက်စိမ်းတုံးကို အားပါးတရ ပွတ်သပ်နေတာ တွေ့လိုက်ရလေသည်။
'ဖူး'
ရှီကျာမု မရယ်ဘဲ မနေနိုင်တော့ပေ။
သူမ ရယ်လေ ပိုပျော်လေ ဖြစ်လာလေသည်။
နောက်ဆုံးမှာ ခန်းမထဲက လူတိုင်း သူမကို ကြည့်နေတဲ့ အချိန်ကျမှ သူမ ပြောလိုက်လေသည်။
"ဦးလေး ကျွန်မတို့ သေချာပေါက် အောင်ပွဲခံပြီး အထိအခိုက် အနာအဆာ မရှိဘဲ လွယ်လွယ်ကူကူ ပြန်လာနိုင်မှာပါ ကျွန်မတို့ နိုင်ရင် ကျွန်မ..."
"ပါးစပ်ပိတ်ထား"
ရှီကျာမုက ရှင်းရှင်းလင်းလင်း ကံဆိုးစေမယ့် စကား တစ်ခုခု ပြောတော့မယ် ဆိုတာ ကြားလိုက်တာနဲ့ ကျန်းပေရန် ချက်ချင်း အော်ဟစ် တားဆီးလိုက်လေသည်။
လန့်သွားပြီး ရှီကျာမု သူမ ဦးလေးက ဘာလို့ သူမကို ရုတ်တရက် အဲ့လို အော်လိုက်လဲ ဆိုတာ မသိတော့ဘဲ နည်းနည်း နစ်နာသလို ခံစားလိုက်ရလေသည်။
သူမ ဦးလေးကို ပြန်ပြောဖို့ ပြင်လိုက်တုန်း သူမရဲ့ အမြင်အာရုံ မည်းမှောင်သွားပြီး ပျံသန်းနေအိမ် အပြင်ဘက် ရောက်နေတာ တွေ့လိုက်ရလေသည်။
ဘာဖြစ်သွားလဲ မေးဖို့ ပြင်လိုက်တုန်း လူတိုင်းက ရွှေရောင် ဆေးအိုးကျွန်း ဘက်ကို ကြည့်နေတာ တွေ့လိုက်ရလေသည်။
သူတို့ အကြည့်နောက် လိုက်ကြည့်လိုက်တော့ ရွှေရောင် ဆေးအိုး ကျွန်း ပတ်ပတ်လည်မှာ "တံခါး" ပေါင်း ဒါဇင်နဲ့ချီ ပွင့်လာတာ တွေ့လိုက်ရလေသည်။
ကောလာဟလတွေ ပြောသလိုပဲ တံခါးတွေကနေ တဆင့် အတွင်းထဲက အခြေအနေကို မြင်နိုင်လေသည်။
"တောင်တန်းတွေပဲ ဦးလေး ဒီတစ်ခါ မြေပြင်အနေအထားက တကယ် တောင်တန်းတွေပဲ"
ရှီကျာမု အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်လေသည်။
သူမရဲ့ ယခင် ခန့်မှန်းချက် အရ ဒီ တောင်တန်း မြေပုံ ပေါ်လာဖို့ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။
အခု သူမ မှန်ကန်မှန်း တွေ့လိုက်ရတော့ သူမ ပျော်လွန်းလို့ ခုန်ပေါက်နေလေသည်။
'ဒါဆို ဒါတွေက တယ်လီပို့ တံခါးတွေ တကယ် ဟုတ်တာပေါ့...'
တံခါးတွေကို ဝိညာဉ်အာရုံနဲ့ စမ်းသပ်ကြည့်ပြီးနောက် သူ့ရဲ့ ဝိညာဉ်အာရုံက အထဲကို လုံးဝ မဝင်နိုင်တာ ကျန်းပေရန် တွေ့လိုက်ရသည် ကြိမ်နှုန်း မတူညီသလိုမျိုးပင် ဖြစ်သည်။
ဒါက သူ အရင်က ခန့်မှန်းထားသလိုပါပဲ ရွှေရောင် ဆေးအိုး ကျွန်း ထဲ ဝင်လိုက်တဲ့ အခိုက်အတန့်မှာ တခြားနေရာကို တယ်လီပို့ လုပ်ခံရမှာ ဖြစ်သည်။
"အဖွဲ့ တစ် စုစည်းကြ"
ကျန်းပေရန်ရဲ့ အမိန့်သံကို ကြားတော့ လူ ၁၄ ယောက်က "ဟုတ်ကဲ့" လို့ အလိုအလျောက် တုံ့ပြန်လိုက်ပြီး သူ့နောက်မှာ တန်းစီ ရပ်လိုက်ကြလေသည်။
တန်းစီပြီးနောက် သူတို့ အားလုံး ကျွန်းပေါ် ဝင်စရာ မလိုတဲ့ တခြား အဖွဲ့တွေကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြလေသည်။
အဲ့ဒီအဖွဲ့တွေ ကတော့ အစမှာ ဝမ်းသာသွားကြပေမယ့် သူတို့ တကယ် သွားစရာ မလိုတော့ဘူး ဆိုတာ သိလိုက်ရတော့ နည်းနည်း စိတ်ပျက်သွားကြလေသည်။
ဘာပဲဖြစ်ဖြစ် တခြား အဖွဲ့က အောင်ပွဲခံပြီး တကယ် ပြန်လာခဲ့ရင် သူတို့ ရမယ့် ဆုလက်ဆောင်တွေက အခု အလုပ်လုပ်ရင်း ရနိုင်တာထက် အများကြီး သာလွန်နေမှာ ဖြစ်သည်။
သူတို့ ကောင်းကင်ဘုံကို ပျံတက်သွားဖို့ ဖြစ်နိုင်ခြေ အရမ်း များလေသည်။
ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရလဒ်က သတ်မှတ်ပြီးသားမို့ သူတို့က 'သူတို့ အကုန်လုံး အသက်ရှင်လျက် ပြန်လာမယ် ဆိုတာ မသေချာပါဘူးလေ' ဆိုတဲ့ အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရလေသည်။
သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ကောက်ရိုးခမောက် တစ်လုံး ထုတ်ပြီး ဆောင်းလိုက်ကာ ကျန်းပေရန်က အဖွဲ့ရဲ့ အရှေ့ဆုံးကို လျှောက်သွားလိုက်လေသည်။
"ပေရန် မင်းတို့ ဝတ်စုံတွေက ဘယ်လို ဖြစ်တာလဲ"
လူအုပ်ထဲမှာ ကျန်းပေရန်နဲ့ အရင်းနှီးဆုံး ဖြစ်တဲ့ ရှီဟုန်ဖေးက မေးလိုက်လေသည်။
ဒီအချိန်မှာ ကျန်းပေရန်ရဲ့ အဖွဲ့ငယ်လေးထဲက အဖွဲ့ဝင်တိုင်းက ဝတ်ရုံခြုံထားပြီး ကောက်ရိုးခမောက် ဆောင်းထားကာ သူတို့ကိုယ်သူတို့ လုံးဝ ဖုံးကွယ်ထားကြလေသည်။
"ရုပ်ဖျက်ထားတာ"
ပြန်ဖြေပြီးနောက် ကျန်းပေရန်က သူ့ကို လှည့်ကြည့်နေပြီး ဖြစ်တဲ့ ရှီယန်ရှီး ဆီ လျှောက်သွားလိုက်လေသည်။
"ရုပ်ဖျက်ထားတာ"
ရှီဟုန်ဖေး အစက နားမလည် ဖြစ်သွားပေမယ့် လူ ၁၅ ယောက်ကို သူ့ရဲ့ ဝိညာဉ်အာရုံနဲ့ စမ်းသပ်ကြည့်ပြီးနောက် ကျန်းပေရန် ဘာဆိုလိုလဲ ဆိုတာ နားလည်သွားလေသည်။
'ဒီကောင်လေးက ထူးဆန်းတဲ့ လှည့်ကွက်တွေ အများကြီး ရှိတာပဲ'
ဒီဝတ်ရုံတွေရဲ့ ဖုံးကွယ်မှု အောက်မှာ သူတို့ ၁၅ ယောက်စလုံးက အနက်ရောင်သခင် အရှိန်အဝါ ထုတ်လွှတ်နေတာ ရှီဟုန်ဖေး တွေ့ရှိလိုက်ရသည် ပြီးတော့ တစ်ပုံစံတည်း တူညီတဲ့ အဆင့် ၅ အနက်ရောင်သခင် အဆင့်တွေချည်း ဖြစ်လေသည်။
ဒါက တော်တော်လေး ဟန်ဆောင်ကောင်းတာပဲ။
ကျန်းပေရန် အဖွဲ့ရဲ့ ကျင့်ကြံခြင်း အဆင့်အမှန်ကို မသိဘဲနဲ့ လူအများစုက ဒီလို အဖွဲ့မျိုးကို တိုက်ခိုက်ရဲမှာ မဟုတ်ပေ။
အဲ့ဒီ ဝတ်ရုံတွေ အောက်မှာ ဘယ်လို အဆင့် ရှိတဲ့ ပြိုင်ဘက်တွေ ပုန်းနေလဲ ဘယ်သူ သိနိုင်မှာလဲ။
ရှီယန်ရှီးလည်း ဒါကို သတိထားမိလေသည်။
သူ ကျန်းပေရန်ကို ကြည့်ပြီး မေးလိုက်လေသည်။
"မင်း ဝင်ဝင်ချင်း ခြုံခိုတိုက်ခိုက်ခံရမှာ စိုးရိမ်နေတာလား"
"မျိုးနွယ်စု ခေါင်းဆောင်ရှီ က ဉာဏ်ကောင်းပါတယ်"
အဲ့ဒါက တကယ်ပဲ ကျန်းပေရန်ရဲ့ အစီအစဉ် ဖြစ်သည်။
ပုံမှန် အခြေအနေမှာ ဝိညာဉ်အာရုံနဲ့ စမ်းသပ်ရုံနဲ့ တခြားသူရဲ့ ကျင့်ကြံခြင်း အဆင့်ကို မသိနိုင်ပေမယ့် တခြားသူတွေမှာ အဝေးကနေ ကျင့်ကြံခြင်း အဆင့်ကို ထောက်လှမ်းနိုင်တဲ့ အထူး နည်းစနစ် ဒါမှမဟုတ် ရတနာ မရှိဘူးလို့ အာမမခံနိုင်ပေ။
သူတို့ အဖွဲ့ထဲမှာ အနက်ရောင်ဘုရင် နှစ်ယောက်ပဲ ပါတယ် ဆိုတာ သိသွားရင် သူတို့က ပစ်မှတ် အလွယ်တကူ ဖြစ်သွားလိမ့်မည်။
အဲ့ဒီ အခြေအနေနဲ့ ကြုံတွေ့ရမယ့်အစား သူတို့ရဲ့ ကျင့်ကြံခြင်းကို တက်ကြွစွာထုတ်ဖော်ပြသ လိုက်တာက ပိုကောင်းလေသည်။
ဒါက သူတို့ မျက်နှာပေါ်မှာ [ငါတို့ အားလုံးက အနက်ရောင်သခင်တွေပါ
မင်း သတ္တိရှိရင် လာဖမ်းကြည့်စမ်းပါ လူမိုက်ရာ] လို့ ရေးထားသလိုပါပဲ။
ဒီလို အခြေအနေမျိုးမှာ တခြားသူတွေက သူတို့မှာ လှည့်ကွက် တစ်ခုခု ရှိတယ်လို့ ထင်ပြီး အနားကပ်ရဲမှာ မဟုတ်ပေ။
"ကောင်းတယ် ငါ့နောက်လိုက်ခဲ့"
ရှီယန်ရှီး နောက်လိုက်ပြီး ကျန်းပေရန်ရဲ့ အဖွဲ့က တခြား ဂိုဏ်းတွေ မျိုးနွယ်စုတွေက အဖွဲ့တွေလိုပဲ ရွှေရောင် ဆေးအိုး ကျွန်း ပတ်လည်က ပွင့်နေတဲ့ တံခါးတွေဆီ တဖြည်းဖြည်း လျှောက်သွားကြလေသည်။
ကျွန်းပေါ် ဝင်ရောက်တဲ့ လုပ်ငန်းစဉ်က မရှုပ်ထွေးပေ။
ဝင်ပေါက်မှာ လူအရေအတွက် ရေတွက်ဖို့ သီးသန့် ဝန်ထမ်းတွေ ရှိလေသည်။
သူတို့ရဲ့ တိုကင်ပြားကို ပြသပြီး မိသားစု တစ်ခုချင်းစီရဲ့ အရေအတွက်ကို အတည်ပြုပြီးနောက် သူတို့ကို ဝင်ခွင့်ပြုလေသည်။
ရှီမျိုးနွယ်စုရဲ့ တိုကင်ပြားကို စစ်ဆေးပြီးနောက် တံခါးစောင့်က လူအရေအတွက်ကို ရေတွက်ပြီး ခေါင်းညိတ်လိုက်လေသည်။
"ဝင်လို့ ရပြီ"
"ဟူး..."
ကျွန်းထဲ ဝင်ခါနီးမှာ ရှီကျာမု ရုတ်တရက် စိတ်လှုပ်ရှားလာလေသည်။
သူမ သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး ရှီယန်ရှီးကို အော်ပြောလိုက်လေသည်။
"အဖိုး ကျွန်မတို့ သေချာပေါက် နိုင်ရမယ်"
"အင်း"
ရှီယန်ရှီးက သူမကို ခေါင်းညိတ်ပြပြီး ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"သေဆုံးမှု မရှိစေနဲ့"
"ကောင်းပါပြီ"
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး တယ်လီပို့ တံခါးထဲ ခြေလှမ်းဝင်လိုက်လေသည်။