← Chapters

ကင်းထောက်သံတမန်အရှင်ကို နှုတ်ခွန်းဆက်ပါတယ်

Vol. 1 Ch. 246

ကင်းထောက်သံတမန်အရှင်ကို နှုတ်ခွန်းဆက်ပါတယ်

Vol. 1 Ch. 246

ရှားယွိမြို့ မြောက်အရပ်မှ လုယက်မှုသည် ဝိညာဉ်ပျောက် တောင်ကြားမှ ဖြစ်ရပ်ထက်ပင် နယ်မြေအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ပြီးခဲ့သည့် တစ်ခေါက်မှ ဖြစ်ရပ်တွင် မျက်မြင်သက်သေ မရှိခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ ကုန်သည်များ၊ ဖြတ်သွားဖြတ်လာများ၊ အနီးအနားတွင် ရှိနေကြသည့် နိုင်ငံအသီးသီးမှ ကင်းထောက်များ မျက်မြင် တွေ့လိုက်ရကြောင့် သတင်းများ ပို၍ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်လေသည်။

ထိုကင်းထောက်များသည် အစက ဟွာယွင်တောင်မှ  ကောင်းကင် အလင်းတန်းကိုးခု အကြောင်း စုံစမ်းနေကြခြင်း ဖြစ်သော်လည်း ဘာသတင်းမှ ရမလာခဲ့ကြပေ။ သူတို့သည် ရှန်ဝူစစ်တပ်ကို ကျန်းရီ တိုက်ခိုက်ခြင်းအကြောင်း သတင်းများဖြင့် ဆွဲဆောင် ခံလိုက်ရသည့်အတွက် ပွဲကြီးပွဲကောင်း တစ်ခုကို မျက်မြင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုမျှ နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည့် အကြောင်းအရင်းမှာ ကျန်းရီ၏ ရဲတင်းမှုကြောင့် ဖြစ်လေသည်။ သူသည် အကြောက်အလန့်မရှိ စစ်တပ်ကို တစ်ဦးတည်းနှင့် ရင်ဆိုင် သတ်ဖြတ်ခဲ့သည်။ သောင်းဂဏန်းသော စစ်သည်တို့သည် သူတစ်ဦးတည်းကို ဘာမှမလုပ်နိုင်ခဲ့ပေ။ ရှန်ဝူနိုင်ငံမှ အိမ်ရှေ့စံသည်ပင် သူ့စစ်သည်များကို စွန့်ပစ်ကာ ကြောက်လန့်တကြား ထွက်ပြေးရသည့် အခြေအနေ ရောက်အောင် ဖိအားပေးခံခဲ့ရသည်။

ရှားနိုင်ငံတော်၏ တော်ဝင်မိသားစုသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး မင်းကြီးကိုယ်တိုင် တရားခံကို ဖမ်းဆီးမိန့် ထုတ်လိုက်သည်။ ရှားထင်ဝေ့သည်လည်း စာရွက်စာတမ်းများ ရှေ့မှ လက်ဖက်ရည်ခွက်ကို ပေါက်ခွဲလိုက်ပြီး ကျန်းရီကို ဖမ်းမိလျှင် ပေးမည့် ဆုကြေးကို ကြေညာလိုက်သည်။ ကျန်းရီ၏ ဦးခေါင်းကို ရှန်ဝူနိုင်ငံဆီ ယူလာနိုင်သူတိုင်းအား မြို့ကြီးတစ်မြို့ ချီးမြှင့်မည်။

ခေါင်းတစ်လုံးအတွက် မြို့တစ်မြို့

နယ်မြေတစ်ခုလုံး ထပ်မံ အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားခဲ့ပြန်သည်။ နိုင်ငံအသီးသီးမှ သိုင်းသမားများသည် ဆုလာဘ်ကြောင့် စိတ်လှုပ်ရှား နေကြသည်။ ဆုကြေးသည် သာမန်မြို့ငယ်လေး မဟုတ်သည့်အပြင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း အမွေပေး၍လည်း ရသေးသည်။ ကျန်းရီ၏ ခေါင်းကို ဖြတ်နိုင်သည့် မည်သူမဆို သူတို့၏ အနာဂတ် မျိုးဆက်များအထိ ဂုဏ်ရော၊ ချမ်းသာမှုကိုပါ ရာစုနှစ်ပေါင်းများစွာ ရရှိခံစား၍ နေထိုင်သွားရမည် ဖြစ်သည်။

ကျန်းရီဟူသော အမည်သည် တိုင်းသိပြည်သိ ဖြစ်နေခဲ့သည်။ နိုင်ငံအဆင့် ပြိုင်ပွဲသည် ကျန်းရီအား နယ်မြေတစ်ခွင်လုံး ကျော်ကြားစေခဲ့သည် ဆိုလျှင် ဤလုယက်မှု နှစ်ခုသည် သူ့အမည်အား အချိန် အတိုင်းအတာ တစ်ခုထိ ပြိုင်ဘက်ကင်း ဖြစ်သွားစေသည်။

သို့သော် ...

သူသည် ကောင်းသော ဂုဏ်သတင်းများကို သယ်ဆောင်ထားရခြင်း မဟုတ်ဘဲ တစ်သက်တာလုံး နာမည်ပျက်ကို သယ်ဆောင် သွားရတော့မည် ဖြစ်သည်။ ကျန့်ဝူရွှမ်း မှန်ခဲ့သည်၊ ကျန်းရီသည် သူ့နာမည်ကို သမိုင်းထဲတွင် ချန်ရစ်ခဲ့သော်လည်း နာမည်ပျက်ဖြင့်သာ ဖြစ်လေသည်။

မြို့တိုင်းတွင် ကျန်းရီအား အလိုရှိကြောင်း စာရွက်များ ကပ်ထားကြပြီး မြို့ပြင်တိုင်းတွင်လည်း ကျန်းရီကို ရှာဖွေရန် အစောင့်အကြပ်များ တိုးမြှင့်ချ ထားကြသည်။ ရှားနိုင်ငံ မြောက်ပိုင်းတွင်လည်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့်၊ အဋ္ဌမအဆင့် တို့သည် သူတို့၏ မိုးပျံသားရဲ အသီးသီးကို စီးနင်းကာ ရှာဖွေကြသည်။ သို့သော် ကျန်းရီ ထွက်သွားသည်မှာ ကြာလှပေပြီ။ မြို့အသီးသီးမှ ကင်းထောက် အသီးသီးသည်လည်း ကျန်းရီ၏ နဂါးလင်းယုန်ကြီးကို ဘယ်နေရာမှာမှ ရှာမတွေ့ကြောင်း သတင်းပြန်ပို့ ကြလေသည်။ ကျန်းရီသည် နဂါးလင်းယုန်ကို စီးနင်းသွား မဟုတ်ဘဲ ကျုံးဝူသားရဲကိုသာ စီး၍ မြေအောက်မှ ထွက်သွားခြင်း ဖြစ်ရမည်။

မြေအောက်သွား နတ်ဆိုး သားရဲများမှာ ရှားပါးလှသည်။ ကျုံးဝူ သားရဲထက် မြန်သော သားရဲမှာ ပို၍ ရှားပါးလေသည်။ ထို့ပြင် မြေအောက်သည် အလွန်ကြီးမား ကျယ်ပြန့်သည်။ ကျန်းရီကို မည်သူက ရှာနိုင်ပါမည်လဲ ... ရှားနိုင်ငံ၏ မြောက်ဘက်တွင် တောင်စဉ်သုံးထောင် ရှိသည်။ ကျန်းရီ ထိုနေရာသို့ ထွက်သွားပါက မည်သူမှ သူ့ကို ရှာနိုင်တော့မည် မဟုတ်ပေ။

***

ကျန်းရီသည် တောင်စဉ်သုံးထောင်သို့ ထွက်သွားခြင်း မဟုတ်ဘဲ လုံယွမ်မြို့လေးရှိ လုံယွမ်ကုန်စည် ခန်းမကို သွားခြင်းဖြစ်သည်။

ရှားဝူဟွေ့ ရှားယွိမြို့သို့ ရောက်သွားပြီ ဖြစ်လေရာ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ရရန် အခွင့်အရေး မရှိတော့ပေ။ ကျန်းရီသည် လက်မလျှော့ ချင်သေး၍ ရှားနိုင်ငံ တော်ဝင်မိသားစု ထံမှ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ရနိုင်ရန် အခြားနည်းလမ်းတစ်ခု ရှာနေခြင်း ဖြစ်သည်။ ထိုဆေးပင်သည် ရှားပါးလွန်းရာ ဤရာစုနှစ် အတွင်း နောက်တစ်ပင် ပေါ်ထွက်လာချင်မှ လာတော့မည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် မရလျှင် ဆရာလျောင် သည်လည်း ကျန်းရှောင်နူ၏ စိတ်ဝိညာဉ်ကို ကယ်တင်နိုင်ရန် အာမမခံနိုင်ဟု ဆိုသည်။

"သခင်လေးရီ ... ဒီရက်ပိုင်းအတွင်း အပြင်မထွက်တာ ပိုကောင်းမယ်၊ အပြင်မှာ သခင်လေးကို အမဲဖျက်ဖို့ လိုက်ရှာနေကြတဲ့ သူတွေ နေရာတိုင်းမှာ ရှိတယ် ... ရှန်ဝူနိုင်ငံက သိုင်းသမားတွေလည်း လာနေကြပြီလို့ ခေါင်းဆောင်ငယ်က စာပို့လိုက်တယ်၊ မင်းကြီးက သခင်လေးရဲ့ ခေါင်းကို ဖြတ်နိုင်ရင် မြို့တစ်မြို့ ချီးမြှင့်မယ်လို့ အမိန့်ထုတ်ထားတယ်၊ ခေါင်းဆောင်ငယ်က ပုန်းဖို့ တစ်နေရာရှာပြီး တံခါးပိတ် ကျင့်ကြံနေဖို့ အကြံပေးလိုက်ပါတယ်"

ချမ်ခွမ်းသည် ကျန်းရီ တစ်ဦးတည်းနေရန် ခြံဝန်းငယ်နှင့် အိမ်တစ်လုံး စီစဉ်ပေး၍ သူ့လူများကို အစောင့်ချ ထားပေးပြီးဖြစ်သည်။ ချမ်ခွမ်း မှတစ်ပါး မည်သူမှ ခြံဝန်းထဲ ဝင်ခွင့်မရှိပေ။ လူ့စိတ်နှလုံးသည် ရက်စက်ကြမ်းကြုတ် တတ်သည့် သဘောရှိ၍ သူ့လူများ သစ္စာဖောက် သွားမည်ကို ချမ်ခွမ်း စိုးရိမ်နေခြင်း ဖြစ်သည်။

"တံခါးပိတ် ကျင့်ကြံရမယ်လား"

ကျန်းရီသည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ နယ်မြေသည် ကြီးမား ကျယ်ပြန့်လှသော်လည်း မည်သည့်နေရာကို သူ့အိမ်ဟု သတ်မှတ် နိုင်ပါသနည်း၊ မည်သို့နေရာသို့ သူသွားရမည်နည်း၊ မည်သည့် နေရာကများ ဘေးကင်းသည်ဟု အာမခံ၍ ရပါမည်နည်း။ တောင်စဉ်သုံးထောင်တွင် လူရိုင်းတစ်ဦး သွားလုပ်ရမည်မှ တစ်ပါး အခြား လုံခြုံမည့်နေရာ သူမစဉ်းစားမိပေ။

"ခဏလောက် စောင့်ကြည့်ကြစို့၊ ငါစိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ရနိုင်ဦးမလား သိချင်သေးတယ် ... ငါ့မှာ တကယ် အခွင့်အရေး မရှိတော့ဘူးဆိုမှ တံခါးပိတ် ကျင့်ကြံမယ်"

ကျန်းရီသည် အချိန်တစ်ခုကြာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးနောက် ရုတ်တရက် စကားစလာသည်။

"ရှားနိုင်ငံရဲ့ တော်ဝင်မိသားစု အကြောင်း အချက်အလက်တွေ ရနိုင်မလား၊ အသေးစိတ် အချက်အလက်တွေ ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်နဲ့ အလဲအလှယ် လုပ်နိုင်မယ့်ဟာ တစ်ခုခုရှိမလားလို့ ငါသိချင်တယ်"

"ဟုတ်ကဲ့ ... ကျွန်တော်တို့မှာ ရှိတယ်၊ ချမ်ဂိုဏ်းက နှစ်ပေါင်း တစ်သောင်းကျော်ကြာ ရပ်တည်နိုင်ခဲ့တာ နိုင်ငံတစ်နိုင်ငံကို ဝယ်နိုင်လောက်အောင် ချမ်းသာနေတာကြောင့် မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ပါးနပ်မှု၊ အချက်အလက် စုဆောင်းမှုက နံပါတ်တစ် ဖြစ်နေလို့ပဲ"

ချမ်ခွမ်းသည် ဆောင့်ကြွားကြွား ပြောလိုက်ပြီးနောက် လေသံသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။

"ဒါပေမဲ့ အဲဒီအချက်အလက် တွေက ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်တာကြောင့် ကျွန်တော့်မှာ အဲဒါကို တောင်းခံနိုင်တဲ့ အဆင့်အတန်း မရှိဘူး၊ ဂိုဏ်းချုပ် ဒါမှမဟုတ် ခေါင်းဆောင်ငယ်ရဲ့ အမိန့်ဖြစ်မှ ရမယ်"

"ဒါဆိုရင် ဝမ်ကွမ်ဆီက ထောက်ခံချက် သွားယူချေ၊ ငါနှစ်ရက်စောင့်မယ်"

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ချမ်ခွမ်းသည် သူ့အား ဤအချက်အလက်များ ပြောပြသည်ကပင် များနေပြီ ဖြစ်သည်။ သူ့အနေနှင့် ချမ်ခွမ်းအား ထပ်မံ အခက်တွေ့အောင် မလုပ်သင့်ပေ။

"နားလည်ပါပြီ၊ ခေါင်းဆောင်ငယ်ဆီ ကျွန်တော် ချက်ချင်း စာပို့လိုက်မယ် ... သူသဘောတူလိုက်ရင် အားလုံး အဆင်ပြေသွားပြီ၊ သခင်လေးရီ ... ဒီမှာ အေးအေးဆေးဆေး နေပါ၊ လုံးဝ ဘေးကင်းပါတယ်"

ချမ်ခွမ်းသည် ခေါင်းညိတ်လိုက်ပြီး ထွက်ခွာ သွားခဲ့သည်။ ကျန်းရီသည် ခြံထဲတွင် နှစ်နာရီကြာ ထိုင်၍ စဉ်းစားနေပါသော်လည်း မည်သည့်အဖြေမှ မရခဲ့ပေ။ သူသည် တွေးတောခြင်းကို ရပ်၍ သတင်း အချက်အလက်များ ရမှသာ အစီအစဉ် ဆွဲရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် အခန်းတွင်း ဝင်သွား၍ ကျင့်ကြံနေလိုက်သည်။

ကျန်းရီသည် တစ်နေ့လုံး ကျင့်ကြံနေခဲ့သည်။ ချမ်ခွမ်း၏ အမြော်အမြင်ရှိရှိ စီစဉ်ပေးမှုကြောင့် သူကျင့်ကြံနေချိန်တွင် မည်သူမှ လာရောက် မနှောင့်ယှက်ကြပေ။ ဤနေရာတွင် ဘေးကင်းလေသည်။ ကျန်းရီအား စိတ်ပူစေသည်မှာ သူ့ဒန်တျန်းထဲရှိ ကြယ်ကိုးလုံး ဖြစ်လေသည်။ သူသည် အရူးတစ်ယောက်ဟု အထင်ခံရမည် စိုး၍ မည်သူ့ကိုမှလည်း ထုတ်မမေးရဲပေ။ သူသည် ကျင့်ကြံပြီးလျှင် ပထမဆုံး ကြယ်စက်လုံးထဲတွင် အနက်ရောင် အတွင်းအားများ ပေါ်လာသည်ဟူသော အချက်ကို သိရုံမှတစ်ပါး လုံးဝ လမ်းပျောက်နေလေသည်။

ကျန်ကြယ်စက်လုံး ကိုးခုသည် မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ ကျန်းရီ အနက်ရောင် အတွင်းအားကို သုံးချင်လျှင်မူ ထိုကြယ်များထဲမှ ထုတ်၍လည်း ရသည်။ ကျင့်ကြံပြီးလျှင်တော့ အနက်ရောင် အတွင်းအားများသည် ပထမဆုံး ကြယ်စက်လုံး ထဲတွင်သာ ဖြစ်တည် ထွက်ပေါ်လာသည်။ ထို့ကြောင့် ကျန်းရီသည် အနက်ရောင် အတွင်းအားကို ထိုကြယ်ထဲမှသာ ထုတ်ယူ အသုံးပြုခြင်းကို အကျင့် ဖြစ်နေခဲ့သည်။

"ဒီကြယ်ပုံ စက်လုံးကိုးခုက ဘာတွေလဲ ... ငါဒီလို ဆက်ပြီး ကျင့်ကြံနေမယ်ဆို ပထမကြယ်ထဲ အတွင်းအားတွေ ပြည့်သွားရင် ဒုတိယကြယ်ထဲ ဆက်ထွက်လာမှာလား ... ကြယ်တွေအကုန် အတွင်းအားတွေနဲ့ ပြည့်ကုန်ရင် ငါဘယ်လို ဆက်ကျင့်ကြံရမှာလဲ"

ကျန်းရီသည် အကြီးအကျယ် ခေါင်းကိုက်လျက်ရှိသည်။ ဒန်တျန်းပုံစံ ပြောင်းလဲသွားခြင်း မည်သူ တစ်ဦးတစ်ယောက်၏ သမိုင်းတွင်မှ ဖြစ်ပျက်ခဲ့ခြင်း မရှိသောကြောင့် အကိုးအကားလည်း ရှာမရပေ။ အနာဂတ်တွင် မည်သို့ ဆက်လက် ကျင့်ကြံရမည်ကို သူသေချာ သိဖို့လိုသည်။

သူ့ကျင့်ကြံဆင့်ကို သူကိုယ်တိုင်တောင် သေချာ မသိပါဘဲ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ရောက်အောင် မည်သို့ ကျင့်ကြံရမည်နည်း၊ သို့သော် သူလုပ်နိုင်သည့်အရာ မရှိချေ။ သူသည် သူ့ကိုသူ ကျင့်ကြံခြင်းတွင်သာ စိတ်နှစ်ထားလိုက်သည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ပင်ပန်းနွမ်းနယ် နေခဲ့ရသော်လည်း အခန်းထဲတွင် နှစ်ရက် အောင်းပြီး အိပ်ရေးဝဝလည်း အိပ်စက်ထားရရာ စိတ်ဖိစီးမှုများပါ ပျောက်သွားပြီဖြစ်သည်။

နောက်တစ်နေ့ နံနက်ခင်း ...

ချမ်ခွမ်း ရောက်လာခဲ့ပြန်သည်။ ကျန်းရီသည် ခြေသံများကို ကြားသည့်အခါ အံ့အားသင့် သွားခဲ့သည်။ ဤတစ်ခေါက်တွင် လူတစ်ဦးတည်း လာခြင်းမဟုတ်ဘဲ သုံးယောက်လာခြင်း ဖြစ်လေသည်။ နှစ်ရက်အတွင်းတွင် စားစရာများ ကိုတောင် ချမ်ခွမ်းကိုယ်တိုင် ပြင်ဆင်ပေးခဲ့သည်။ ယခု အဘယ့်ကြောင့် အပြင်လူများ ပါလာရပါသနည်း။

ကျန်းရီသည် သတိ အနေအထား ပြင်လိုက်သည်။ ချမ်ခွမ်း ဝင်လာသောအခါ နောက်မှ လူနှစ်ယောက်ကို အလျင်စလို ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ မီးဝိညာဉ်ပုလဲ ချက်ချင်း တောက်ပလာခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ထိုလူနှစ်ယောက်အား ကျန်းရီ တစ်ခါမှ မမြင်ဖူးပေ။ နှစ်ယောက်လုံးသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမ အဆင့်လောက်တွင် ရှိလိမ့်မည်။

"သခင်လေးရီ ... မတိုက်ခိုက်ပါနဲ့ဦး၊ ရှင်းပြတာကို အရင်နားထောင်ပါ"

ချမ်ခွမ်းသည် ထိတ်လန့်သွားကာ မြန်မြန်ဆန်ဆန် တံဆိပ်ပြား တစ်ခုနှင့် စာတစ်စောင်ကို ထုတ်ကာ လက်နှစ်ဖက်နှင့် ကမ်းပေးလာသည်။

"သခင်လေးရီ ... ဒါက ခေါင်းဆောင်ငယ် ကိုယ်တိုင်ရေးထားတဲ့ စာနဲ့ သူ့တံဆိပ်ပြားပါ၊ ဒီလူနှစ်ယောက်ကလည်း သခင်လေးအပေါ် မကောင်းတဲ့ အကြံအစည် မရှိပါဘူး"

"အမ်"

ကျန်းရီသည် ထွက်ပေါ်လာတော့မည့် ကမ္ဘာ့မီးလျှံများကို အလျင်အမြန် ပြန်သိမ်းလိုက်ရသည်။ သူ့ရန်သူများ အကြောင်း တွေးမိသောအခါ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့် နှစ်ယောက်တည်းသာ မလာနိုင်လောက်ပေ။ သူရှိနေသော နေရာသာ ပေါက်ကြားသွားပါက အနီးတစ်ဝိုက်တွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များဖြင့် ပြည့်နေလောက်သည်။

တံဆိပ်ပြားကို ကြည့်လိုက်ပြီးနောက် ချမ်ဝမ်ကွမ်၏ တံဆိပ်ပြားဖြစ်မှန်း သေချာသည့်အတွက် ကျန်းရီ ခေါင်းညိတ်လိုက်သည်။ စာကိုယူ၍ ဖတ်ကြည့်လိုက်သောအခါ သူ့မျက်နှာတွင် မယုံကြည်ဟန် အနည်းငယ် ပေါ်ပေါက်လာခဲ့သည်။ သူသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် နှစ်ယောက်ကိုကြည့်ကာ မယုံနိုင်စွာ မေးလိုက်သည်။

"ခင်ဗျားတို့က မိုးပြာနဂါး အင်ပါယာကလား"

စာကို ချမ်ဝမ်ကွမ် ကိုယ်တိုင် ရေးထားခြင်း ဖြစ်သည်။ ကျန်းရီသည် ချမ်ဝမ်ကွမ်၏ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်ကာ အားမာန်အပြည့် ရှိလှသော လက်ရေးကို တစ်ခါမြင်ဖူးသည်။ သူ့လက်ရေးအား တခြားသူ လိုက်တုရေးရန်မှာ မဖြစ်နိုင် သလောက်ပင်၊ ဤစာသည် ချမ်ခွမ်းကိုယ်တိုင် ပေးလာခြင်းဖြစ်၍ ပို၍ပင် အတု မဖြစ်နိုင်ချေ။

ချမ်ဝမ်ကွမ်၏ စာတွင် မိုးပြာနဂါး အင်ပါယာသည် ကျန်းရီကို ရှာဖွေနေကြောင်းနှင့် ချမ်ဝမ်ကွမ်ထံ အကူအညီ တောင်းလာကြောင်း ရိုးရိုးရှင်းရှင်းသာ ပါရှိသည်။ ချမ်ဝမ်ကွမ်သည် အသေးစိတ် ရေးမထားသော်လည်း ကျန်းရီအတွက် ကောင်းသည့်အကြောင်း အရိပ်အမြွက် အနည်းငယ် ပါဝင်လေသည်။ သို့သော် ကျန်းရီသည် အခြေအနေကို သေချာသဘော မပေါက်သေး၍ သတိ အနေအထားနှင့် အသေးစိတ်ကို မေးမြန်းသင့်သေးသည်။

"ဝှစ် ... ဝှစ်"

စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် နှစ်ယောက်သည် အင်္ကျီလက်စများကို မြှောက်ကာ ဒူးတစ်ဖက် ထောက်ထိုင်၍ တရိုတသေ နှုတ်ဆက်လာခဲ့သည်။

"လင်းချမ်းနဲ့ လင်းကျန့်က ကင်းထောက်သံတမန် အရှင်ကို နှုတ်ခွန်းဆက်ပါတယ်"

***

All Chapters