← Chapters

အငြိုးကြီးတစ္ဆေတွေနဲ့ တိုက်ခိုက်ရပြီ

Vol. 7 Ch. 75

အငြိုးကြီးတစ္ဆေတွေနဲ့ တိုက်ခိုက်ရပြီ

Vol. 7 Ch. 75

နောက်ဆုံးတော့ အငြိုးကြီးတစ္ဆေနှစ်ကောင်ကို စုန့်ဝမ် မျက်ဝါးထင်ထင် မြင်ရပြီ။ အထီးတစ်ကောင်၊ အမတစ်ကောင်။ မျက်နှာအစိမ်းရောင်နဲ့ တစ္ဆေမက ပိန်ပိန်သွယ်သွယ်နဲ့ အရပ်က ဆယ်ပေလောက် မြင့်တယ်။ ခွန်အားက ချီစုစည်းခြင်း သတ္တမအလွှာနဲ့ ညီမျှတယ်။

တစ္ဆေအထီးကောင်က သုံးပေသာသာ လူပုလေး၊ ခြေတိုလက်တိုနဲ့ဆိုတော့ လမ်းမလျှောက်ဘဲ တစ္ဆေမက ကျောပိုးသယ်လာတယ်။ ချီစုစည်းခြင်း အဋ္ဌမအဆင့်ခွန်အားရှိတဲ့ ဒီကောင်က ပိုအန္တာရာယ်ကြီးတယ်။ စွတ်စွတ်ဖြူဖွေးနေတဲ့မျက်နှာ၊ ထူးဆန်းတဲ့အပြုံးနဲ့ တစ်ခုခုကို တီးတိုးရွတ်နေပုံက တော်ရုံလူဆို သွေးပျက်ပြီး ထွက်ပြေးချင်စိတ် ပေါက်သွားလောက်တယ်။

တစ္ဆနှစ်ကောင်က မြေအောက်ဂူလမ်းတွေ ကျွမ်းကျင်ပုံ ရတယ်။ လူအုပ်ကြီး ဒီလမ်းထဲ ဝင်ပြေးတည်းက အလောတကြီး မလိုက်ဘဲ အေးအေးဆေးဆေး လိုက်လာတာ ကြည့်ရင် တစ်ဖက်ပိတ်လမ်းဆိုတာ သိထားပုံ ရတယ်။

တစ္ဆေနှစ်ကောင် လိုဏ်ဂူကျယ်ထဲ ဝင်လာတာနဲ့ စုန့်ဝမ်က ဝိညာဥ်ဖြိုခွဲဆူးချွန်နဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်မှုကို အစပြုလိုက်တယ်။ လူပုတစ္ဆေက သူ့ခေါင်းတည့်တည့် ဝင်လာတဲ့ ဝိညာဥ်ဖြိုခွဲဆူးချွန်ကို အရေးမစိုက်ဟန်နဲ့ ခြောက်လက်မအကွာ ရောက်လာမှ သူ့လက်တိုတိုလေးတွေနဲ့ ဝေ့ယမ်းတွန်းထုတ်ပစ်တယ်။

တခြားသူတွေကလည်း စုန့်ဝမ်နဲ့ ရှေ့ဆင့်နောက်ဆင့် လှုပ်ရှားလိုက်တယ်။ ရွှမ်ယဲ့ရဲ့ တစ္ဆေဗိုလ်ချုပ်က တစ္ဆေအမကို ဓားနဲ့ ပြေးပိုင်းသလို၊ သိုးခေါင်းတစ္ဆေကလည်း ချွန်ထက်တဲ့ လက်သည်းအစုံ မြှောက်ပြီး တစ္ဆေအထီးကောင်ဆီ ပြေးဝင်သွားတယ်။ အလောင်းရုပ်သေးနှစ်ကောင်ကလည်း တိုက်ခိုက်ဖို့ တရှိန်ထိုး ပြေးဝင်သွားတယ်။

တစ္ဆေအထီးကောင်က ခုဖံဖို့ မလုပ်ဘဲ ခေါင်းကိုမော့ပြီး စူးရှရှအသံနဲ့ အော်ဟစ်လိုက်တယ်။ ချက်ချင်းဆိုသလို ယင်ဓာတ်လေပြင်းတစ်ခု အရှိန်အဟုန်ပြင်းပြင်း တိုက်ခတ်လာပြီး ကျောက်ခဲတွေပါ လွင့်စင်ကုန်တယ်။ တစ္ဆေနှစ်ကောင်ရော၊ အလောင်းရုပ်သေးနှစ်ကောင်ပါ လေပြင်းနဲ့အတူ လွင့်စင်ပြီး ဂူနံရံနဲ့ တိုက်မိကုန်တယ်။ စုန့်ဝမ်တို့အုပ်စုလည်း မနည်းကို တောင့်ခံလိုက်ရတယ်။

ကံကောင်းချင်တော့ လေပြင်းက တစ်ချက်ပဲ တိုက်ခတ်ခဲ့တာ။ အင်မတန်အားကုန်တဲ့ တိုက်ခိုက်မှုဖြစ်လို့ တစ္ဆေအထီးကောင်လည်း ဆက်တိုက် သုံးနိုင်ပုံ မရဘူး။

လေပြင်း ရပ်သွားတာနဲ့ ယန်ကူက လျှပ်တပြက် တိုက်ခိုက်လာတယ်။ သစ်သားငါးရုပ်ကို လေပေါ်ပစ်တင်ပြီး လူခေါင်းခွံပုတီးကို စိပ်ရင်း ရှုပ်ထွေးတဲ့ကျမ်းစာတွေ ရွတ်ဖတ်နေတယ်။ ချက်ချင်းဆိုသလို သစ်သားငါးရုပ်ဆီက အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီး အငြိုးကြီးတစ္ဆေနှစ်ကောင်ကို လွှမ်းခြုံသွားတယ်။

နတ်ဆိုးကျင့်ကြံသူ ဖြစ်နေပေမယ့် ဗုဒ္ဓလမ်းစဥ် အရှိန်အဝါ လွှမ်းမိုးနေသေးတဲ့ ယန်ကူရဲ့တိုက်ခိုက်ချက်က တစ္ဆေတွေအပေါ် ထိန်းချုပ်နိုင်တဲ့အစွမ်း ရှိသေးတယ်။ အငြိုးကြီးတစ္ဆေတွေဆီက ယင်စွမ်းအင်တွေ လျင်လျင်မြန်မြန် ကုန်ခမ်းလာပြီး ခန္ဓာကိုယ်တွေတောင် တစ်စတစ်စ အငွေ့ပျံလာတယ်။

ယန်ကူလည်း မသက်သာဘူး၊ မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြူဖက်ဖြူရော် ဖြစ်လာပြီး သစ်သားငါးရုပ်ဆီက အလင်းတန်းလည်း မတည်မငြိမ် ဖြစ်လာတယ်။ အစောပိုင်း တိုက်ပွဲမှာ ဒဏ်ရာရထားတဲ့ ဝိညာဥ်ပင်လယ်က ဝိညာဥ်စွမ်းအင် လုံလုံလောက်လောက် ထုတ်မပေးနိုင်တော့ဘူး။ တစ္ဆေအထီးက အင်မတန် ဒုက္ခပေးတဲ့ သစ်သားငါးရုပ််ကို မုန်းတီမှုအပြည့်နဲ့ မော့ကြည့်ရင်း တိုက်ခိုက်ဖျက်ဆီးဖို့ လေထဲ ခုန်တက်လိုက်တယ်။

တစ္ဆေအထီးကောင် ခုန်ထွက်လိုက်လို့ အလင်းတန်းတွေက တစ္ဆေမပေါ် တည့်တည့်ကျလာတယ်။ အားနည်းနေတဲ့ တစ္ဆေမက အားတင်းခုခံရင်း ခုန်ရှောင်မယ်အလုပ်၊ ခုနက ရိုက်ထုတ်ခံရလို့ လမ်းကြောင်းပြောင်းသွားတဲ့ ဝိညာဥ်ဖြိုခွဲဆူးချွန်က စုန့်ဝမ်ရဲ့ ဝိညာဥ်စွမ်းအင် ထိန်းချုပ်မှုကြောင့် တပတ်ပြန်လည်လာပြီး ကျောနောက်ဖက်က ဖောက်ဝင်သွားတယ်။

“အား ..”

နာနာကျင်ကျင် အော်သံနဲ့အတူ တစ္ဆေမလည်း ဒူးညွှတ်ပြီး လဲပြိုကျသွားတယ်။

ရွှမ်ယဲ့ကလည်း အခွင့်ကောင်းကို လက်လွှတ်မခံဘူး။ အဆင့်မြင့် နတ်ဆိုးနှိမ်နင်းအဆောင်ကို အသက်သွင်းလိုက်တယ်။ ချက်ချင်းဆိုသလို ဝိညာဥ်စွမ်းအင်နဲ့ ဖြစ်တည်လာတဲ့ဓားတစ်လက် တစ္ဆေမခေါင်းအထက် လေထုထဲမှာ ပေါ်လာပြီး ခုတ်ချလိုက်တယ်။ တစ္ဆေမလည်း အသက်ဘေးဆိုတော့ ရှိသမျှအင်အား စုစည်းပြီး ဒိုင်းအကာတစ်ခု ဖန်တီးကာကွယ်လိုက်ရတယ်။

“ဂျိမ်း”

ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ အလျင်စလို ဖန်တီးထားတဲ့ ဒိုင်းကာ ပျက်စီးသွားပြီး ဝိညာဥ်စွမ်းအင်ဓားက တစ္ဆေမကို ခေါင်းစခြေဆုံး ဖြတ်ပိုင်းချသွားတယ်။

တစ္ဆေမခမျာ အော်တောင် မအော်နိုင်တော့ဘူး။ ချက်ချင်းပဲ တစ္ဆေစွမ်းအင်တွေ ပျံလွင့်ကွယ်ပျောက်ပြီး အမှုန်အမွှားတွေ စုထားတဲ့ ခပ်ဖျောဖျော့ပုံရိပ်အသွင် ပြောင်းသွားတယ်။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေ ရောက်သွားပြီ။

သစ်သားငါးရုပ်ကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ တစ္ဆေအထီးလည်း ဒီအဖြစ်ဆိုးက မျက်တောင်တစ်ခတ်စာအတွင်း ဖြစ်ပျက်သွားလို့ ကာကွယ်ပေးဖို့တောင် အချိန်မရလိုက်ဘူး။ မြင်တွေ့သွားတာနဲ့ သစ်သားငါးရုပ်ကို ဆက်မတိုက်တော့ဘဲ တစ္ဆေမဆီ ပျံသန်းသွားရင်း၊ ပုံရိပ်ယောင်အရာ ၅ ခုကို စုန့်ဝမ်တို့အုပ်စုဆီ ပစ်လွှတ်လိုက်တယ်။ တစ္ဆေမနား ရောက်တာနဲ့ တစ္ဆေစွမ်းအင် အမြန်လွှဲပြောင်းပေးရင်း ကယ်ဆယ်ဖို့ ကြိုးစားနေတယ်။

အဲဒီအချိန် စုန့်ဝမ်တို့မှာ ပုံရိပ်ယောင်အရာ ၅ ခုကြောင့် တစ္ဆေတွေကို ဆက်မတိုက်နိုင်တော့ဘဲ၊ ဒုက္ခများနေပြီ။ ပုံရိပ်ယောင်တွေက လမ်းတစ်ဝက်မှာ ဖောက်ထွင်းမြင်ရတဲ့အထိ ပါးလွှာတဲ့ဓား ၅ ချောင်းအဖြစ် အသွင်ပြောင်းပြီး တိုးဝင်လာတာ။ ဓားတွေဆီက တစ္ဆေစွမ်းအင်၊ ဝိညာဥ်စွမ်းအင် ဘာတစ်ခုမှ မခံစားမိမေယ့် သေခြင်းအငွေ့အသက်ကို ကောင်းကောင်း ခံစားမိနေကြတယ်။ အရှိန်က မြန်လွန်းသလို ရှောင်မရတဲ့အဆုံး တတ်နိုင်သမျှ ကာကွယ်လိုက်ကြရတယ်။

စုန့်ဝမ်လည်း အဆိပ်တစ်သောင်းခန္ဓာကိုယ်ကို အသက်သွင်းပြီး ခရမ်းကြေးခွံသံချပ်ကာကို ဝိညာဥ်စွမ်းအင် အပြည့်ထည့်သွင်းရင်း အမြင့်ဆုံးစွမ်းအားကို ထုတ်ဖော်လိုက်တယ်။ ချက်ချင်းဆိုသလို ခရမ်းရောင်စွမ်းအင်အလွှာတစ်ခု ထွက်ပေါ်လာပြီး စုန့်ဝမ်ကို ကာကွယ်ပေးလိုက်တယ်။

ဒါပေမယ့် ....

ဖောက်ထွင်းမြင်ရတဲ့ဓားက ခရမ်းရောင်စွမ်းအင် အကာအရံကို ထိတွေ့မှု တစ်စုံတစ်ရာ မရှိဘဲ ဖြတ်ကျော်ဝင်လာတယ်။ စုန့်ဝမ် ထိတ်လန့်တုန်လှုပ်သွားတယ်။

သေပြီ၊ ဒါကြီးက စိတ်ဝိညာဥ်တိုက်ခိုက်မှုပဲ။ ဘယ်ကောင်ကများ ဒီတစ္ဆေကို ကျင့်ကြံမှုလောကရဲ့ အရှားပါးဆုံးနည်းစနစ်ကို သင်ပေးထားတာလဲ။

ဖောက်ထွင်းမြင်ရတဲ့ဓားက စွမ်းအင်အကာအရံကို ဖြတ်ပြီး ပါးစပ်အဟောင်းသာနဲ့ ငေးကြည့်နေတဲ့ စုန့်ဝမ်နဖူးထဲ ဝင်သွားပါတော့တယ်။ ချက်ချင်းပဲ စုန့်ဝမ်ရဲ့ ဝိညာဥ်ပင်လယ် ပြင်းပြင်းထန်ထန် နာကျင်လာတယ်။ ဝိညာဥ်ပင်လယ်ထဲ ရောက်ရှိပျံသန်းနေတဲ့ ဓားပုံရိပ်က သတ်ဖြတ်လိုစိတ်ဆန္ဒ အပြည့်နဲ့ ဖျက်ဆီးဖို့ ခြိမ်းခြောက်နေတယ်။ ဝိညာဥ်ပင်လယ်ဆိုတာ ကျင့်ကြံသူတစ်ယောက်အတွက် အထိအရှ အလွယ်ဆုံးနဲ့ အရေးအကြီးဆုံးနေရာတစ်ခု။ အမှားမခံသလို၊ ကိုင်တွယ်ရတာ အရမ်းခက်တယ်။ ခုချိန် လုပ်နိုင်တာဆိုလို့ စိတ်စွမ်းအင် အပြည့်အဝ စုစည်းပြီး၊ စိတ်စွမ်းအင်အကာအရံ ဖန်တီးဖို့ပဲ ရှိတော့တယ်။ ကံကောင်းတာ သူ့ဝိညာဥ်စွမ်းအားက ကျင့်ကြံမှုအဆင့်ထက် ပိုအားကောင်းနေတာနဲ့ တစ္ဆေအထီးကောင်က လူငါးယောက်ကို တပြိုင်တည်း တိုက်ခိုက်ရလို့ တိုက်ခိုက်ချက် တစ်ခုချင်းဆီမှာ အတော်လေး အားပျော့နေတာပဲ။

ဒါပေမယ့် စုန့်ဝမ် စိတ်စွမ်းအင် စုစည်းဖို့ ပြင်လိုက်ချိန် ဝိညာဥ်ပင်လယ်ထဲမှာ တွင်းနက်ကြီးတစ်ခုလို စွမ်းအင်လှုပ်ရှားမှု ဖြစ်ပေါ်လာပြီး စိတ်ဝိညာဥ်ဓားကို စုပ်ယူလိုက်တယ်။ စုပ်ယူပြီးတာနဲ့ ချက်ချင်း ပြန်ပျောက်ကွယ်သွားတယ်။ ဝိညာဥ်ပင်လယ်ကို အာရုံစူးစိုက် စောင့်ကြည့်နေတဲ့ စုန့်ဝမ်တောင် အံအားသင့်သွားတယ်။ ဒါက ဘယ်ကြီးလဲ၊ သူတပါးဝိညာဥ်နဲ့ ဝိညာဥ်အပိုင်းအစတွေကို စုပ်ယူနိုင်နေတာ ဒီတွင်းနက်ကို ဖန်တီးတဲ့စွမ်းအားကြောင့်လား။ စုန့်ဝမ် အဖြေရှာမရတဲ့ အတွေးတွေနဲ့ ခေါင်းရှုပ်သွားတယ်။

လျှို့ဝှက်ဆန်းကြယ်စွမ်းအားကြောင့် စုန့်ဝမ် အထိအခိုက် မရှိ လွတ်သွားတယ်။ နောက်ထပ် လွတ်မြောက်ခဲ့သူက လောင်ချွန်း၊ သူလည်း ကျင့်ကြံမှုနိမ့်သလို စိတ်ဝိညာဥ်တိုက်ခိုက်မှု ကာကွယ်နိုင်တဲ့ ကျင့်စဥ်နဲ့ မှော်အဆောင်လည်း မရှိဘူး။ ဖြတ်ထိုးဥာဏ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ကြောင့် လွတ်ခဲ့တာ။

စိတ်ဝိညာဥ်တိုက်ခိုက်မှုမှန်း သိတာနဲ့ သူနဲ့အနီးဆုံးမှာ ရှိနေတဲ့ သားအဖနှစ်ယောက်ထဲက အဖေဖြစ်သူကို ဆွဲယူပြီး ဒိုင်းကာလို အသုံးချလိုက်တယ်။ ဓားစာခံက စိတ်ဝိညာဥ်တိုက်ခိုက်မှုကြောင့် ဝိညာဥ်ကွဲကြေပြီး၊ ဒွါရာခုနှစ်ပေါက်က သွေးတွေ စီးကျရင်း သေဆုံးသွားတယ်။ လောင်ချွန်းက ဘေးမသီ ရန်မခ လွတ်ခဲ့တယ်။ သမီးဖြစ်သူက အဖေအလောင်းကို ဖတ်ငိုနေတာ ကြည့်ရင်း လောင်ချွန်းလည်း ရန်စမကျန်အောင် အပြတ်ဖြတ်ဖို့ ဆုံးဖြတ်ပြီး နဖူးကို လက်ဝါးနဲ့ ရိုက်ချပြီး အဆုံးသတ်ပေးလိုက်တယ်။

ဒီသားအဖက ကျင့်ကြံမှုလောကမှာ အပေါများဆုံး တွေ့ရတဲ့ အဆင့်နိမ့် လေလွင့်ကျင့်ကြံသူတွေ။ အေးအေးချမ်းချမ်း နေရင်း အဆင့်မြင့်ကျင့်ကြံသူတွေ အနိုင်ကျင့်ဗိုလ်ကျတာ ခံရပြီး အသက်ဆုံးခဲ့ရတယ်။ ကျင့်ကြံမှုလောကရဲ့သဘာဝကိုက ဒီလိုပဲ။ တစ်ခါခြေချပြီးရင် မြင့်မားတဲ့မျှော်လင့်ချက်တွေ၊ အလားအလာတွေကြောင့် ရုန်းမထွက်နိုင်တော့ဘူး။ ဒီလိုနဲ့ တဝဲလည်လည်ဖြစ်ပြီး အားကြီးသူက နိုင်ရာစားလောကထဲ ကျင်လည်ရင်း သေခြင်း၊ ရှင်ခြင်းဖြစ်စဥ်ကို ကျော်ဖြတ်နေရတယ်။ ဘာပဲပြောပြော လူဝင်စားသံသရာထဲ ဝင်ခွင့်ရလို့ ဒီသားအဖ ကံကောင်းတယ်လို့ပဲ စုန့်ဝမ် တွေးမိလိုက်တယ်။ အလောင်းနတ်ဆိုးဂိုဏ်းသာဆို ဝိညာဥ်ကို ချိတ်ပိတ်ဖမ်းယူပြီး သန့်စင်အသုံးချမှာ မဟုတ်လား။

ရွှမ်ယဲ့နဲ့ ယီဇီကတော့ စိတိဝိညာဥ်တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ ကျင့်စဥ်နဲ့ ဝိညာဥ်ရတနာတွေ ပိုင်ဆိုင်ထားလို့ အသုံးချ ကာကွယ်နိုင်ခဲ့တယ်။ ဒါတောင် ဝိညာဥ်ပင်လယ်ကို အနည်းနဲ့အများ ထိခိုက်ပြီး၊ သွေးတွေပါ ယိုစီးကျလာတယ်။ ယန်ကူကတော့ အခြေအနေ အဆိုးဆုံးပဲ၊ အရင်တစ်ကြိမ် တိုက်ခိုက်တည်းက ဝိညာဥ်ပင်လယ် ထိခိုက်ထားတာမလို့၊ ဒီတစ်ကြိမ်မှာ တောင့်မခံနိုင်တော့ဘဲ သတိလစ်၊ လဲကျသွားတယ်။

စုန့်ဝမ်က တစ္ဆေအထီးကောင် တိုက်ခိုက်လာမှာကို ခုခံဖို့ ပြင်ဆင်လိုက်ပေမယ့် တစ္ဆေက ဆက်မတိုက်ခိုက်တော့ဘူး။ တစ္ဆေမကို သယ်ယူပြီး ထွက်ပြေးသွားတယ်။ သူ့အတွက်က တစ္ဆေမကို ကယ်တင်ဖို့ ပိုအရေးကြီးနေသလိုပဲ။ စဥ်းစားဆင်ခြင်ဥာဏ် မရှိသလောက်နည်းတဲ့ တစ္ဆေတစ်ကောင် ဒီလို ယုတ္တိနည်းကျ တွေးတောဆုံးဖြတ်နိုင်တာ အံသြစရာပဲ။

စုန့်ဝမ်လည်း အငြိုးကြီးတစ္ဆေတွေ ထွက်သွားတော့မှ ဝိညာဥ်ပင်လယ်ကို သေချာစစ်ဆေးတယ်။ အထိအခိုက် မရှိ၊ အကောင်းပကတိ ရှိနေတော့မှ သက်ပြင်းချနိုင်တယ်။ ရွှမ်ယဲ့နဲ့ ယီဇီက ဒဏ်ရာကုသရင်း အလုပ်ရှုပ်နေပြီး၊ ယန်ကူက သတိမေ့နေတယ်။ လောင်ချွန်းက ဟိုလူ့ကြည့်လိုက်၊ ဒီလူ့ကြည့်လိုက်နဲ့ တစ်ခုခုကို စဥ်းစားရင်း ငြိမ်နေတယ်။

စုန့်ဝမ်က အငြိုးကြီးတစ္ဆေတွေ အထိနာသွားတာ အခွင့်ကောင်းယူပြီး ခေါင်းပွချီကာဒါသစ်ကို အရယူဖို့ ဆုံးဖြတ်လိုက်တယ်။ တစ္ဆေအထီးကောင်လည်း ဒဏ်ရာကြောင့် အားနည်းနေသလို၊ သူ့ဆီမှာ မိုးကြိုးအဆောင် ကျန်နေသေးတော့ အခက်အခဲ ရှိရင်လည်း ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ထားတယ်။

“တာအိုရောင်းရင်းရွှမ် .. ငါ့ကိစ္စ လက်စသတ်ဖို့ သွားလိုက်ဦးမယ်”

“နေဦး .. ငါပါ လိုက်မယ်”

ရွှမ်ယဲ့က ဒဏ်ရာကုသနေရာက ချက်ချင်းထလာတယ်။

“ဘာလို့လဲ၊ ခင်ဗျား ဒဏ်ရာရထားတယ်မလား”

“ဒီနေရာက မလုံခြုံဘူး။ တစ္ဆေနှစ်ကောင် ဆက်နွယ်ပုံက ပုံမှန် မဟုတ်ဘူး၊ အတော်နက်ရှိုင်းတယ်။ တစ္ဆေမသာ တစ်ခုခု ဖြစ်ခဲ့ရင် တစ္ဆေငပုက လာတိုက်ခိုက်မှာ သေချာတယ်။ မင်းနဲ့ငါ အတူရှိနေမှ နှစ်ယောက်လုံး အသက်ရှင်နိုင်ခြေ ပိုများမယ်။ ဘယ်လိုလဲ”

................

All Chapters