← Chapters

ကိုယ့်ရှုးကိုယ်ပတ်

Vol. 7 Ch. 79

ကိုယ့်ရှုးကိုယ်ပတ်

Vol. 7 Ch. 79

တကယ်တော့ ရွှမ်ယဲ့ အာရုံမခံမိခင်တည်းက စုန့်ဝမ်က သူရှိနေတာ အာရုံခံမိပြီးသား။ မရင်းနှီးသူတစ်ယောက် ပုန်းလျှိုးကွယ်လျှိုး လုပ်နေတည်းက ကောင်းရာကောင်းကြောင်း ဘာရှိမှာမှတ်လို့။ အကြံအစည်တစ်ခု ရှိကို ရှိရမယ်။ ဖြစ်ချင်တော့ အစီအရင်အလံကို သန့်စင်ခဲ့ဖူးတဲ့ စုန့်ဝမ်က အလံတွေက ထွက်ပေါ်တဲ့အော်ရာကို အာရုံခံနိုင်နေပြီ။ ယန်မီးတောက်အစီအရင်နဲ့ တိုက်ခိုက်မှာကို ရိပ်မိတယ်။ ဒါပေမယ့် ရွှမ်ယဲ့နဲ့ ယန်မီးတောက်အစီအရင်က နောက်က လိုက်လာနေတဲ့ အငြိုးကြီးတစ္ဆေလောက် အန္တရာယ် မများတာကြောင့် တည့်ဝင်တိုးဖို့ ဆုံးဖြတ်ခဲ့တာ။ ကံကောင်းရင် ရွှမ်ယဲ့ကို ဓားစာခံလုပ်ပြီး လွတ်မြောက်နိုင်မယ်။

ရွှမ်ယဲ့က စုန့်ဝမ်အကြံ မသိတော့ ထောင်ချောက်မိပြီအထင်နဲ့ ဝမ်းသာသွားတယ်။

“ဟား .. ဟား၊ ညီအကိုကော။ စိတ်ဝိညာဥ်ရတနာ ငါ့ကိုပေးရင် မြန်မြန်သေခွင့်ပေးမယ်။ ဘယ်လိုလဲ”

စုန့်ဝမ် အစီအရင် အသက်ဝင်တာနဲ့ ပိုင်ဆိုင်သမျှ၊ လုလာသမျှ အကာအကွယ်ပစ္စည်းတွေ အကုန်ထုတ်သုံးလိုက်တယ်။ ရွှေရောင်ဒိုင်းကာနဲ့ ကြေးခေါင်းလောင်းက တစ်ကိုယ်လုံးကို ဖုံးအုပ်ပြီး ယန်မီးတောက်ရန်က ကာကွယ်ပေးထားတယ်။ ဝဇီရအဆောင်နဲ့ အဆိပ်တစ်သောင်းခန္ဓာ နှစ်ထပ်ပေါင်းအကာက မြင့်မားတဲ့အပူရှိန်ဒဏ် ခံနိုင်အောင် ကာကွယ်ပေးနေတယ်။ အချိန်တစ်ခုထိပဲ ခံနိုင်မယ် ဆိုပေမယ့်၊ အငြိုးကြီးတစ္ဆေက သိပ်မကြာခင် ရောက်လာမှာဆိုတော့ အချိန်မီပါတယ်။ အချိန်ကျရင် အသုံးချဖို့ နောက်ဆုံးအားထားရာဖြစ်တဲ့ မိုးကြိုးအဆောင်ကို အသင့်ပြင်ရင်း စောင့်နေတယ်။

“ဒုန်း .. ဒုန်း”

ကျယ်လောင်တဲ့ ခြေသံကြီးနဲ့အတူ အရိုးသံချပ်ကာဝတ်တစ္ဆေကြီး အနားရောက်လာတယ်။

ပုသေးသေး အငြိုးကြီးတစ္ဆေပဲ တွေ့ဖူးပြီး၊ အသွင်ပြောင်းသွားတဲ့ အရိုးသံချပ်ကာဝတ်တစ္ဆေကြီးကို မမြင်ဖူးတဲ့ ရွှမ်ယဲ့ ကြက်သေသေသွားတယ်။

“ဘာကောင်ကြီးလဲဟ၊ ဘယ်ကပေါ်လာတာလဲ။ ချီစုစည်းခြင်း နဝမအဆင့်လား၊ သေပြီ”

ချီစုစည်းခြင်း နဝမအဆင့်ကို ယန်မီးတောက်အစီအရင်က မထိန်းချုပ်နိုင်တာ သိနေတဲ့ရွှမ်ယဲ့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားတယ်။

တစ္ဆေကြီးက သူ့ကို နှစ်ယောက်ပေါင်း တိုက်ခိုက်ပြီလို့ ထင်သွားပေမယ့် ဒီအစီအရင်လောက်က မှုစရာမလိုတာကြောင့် တည့်တည့်ဝင် ဖျက်ဆီးပစ်လိုက်တယ်။

“ဂျိမ်း ..”

ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ယန်မီးတောက်အစီအရင် ပျက်စီးသွားတယ်။ အကာအရံအလွှာ ပြိုကွဲပြီး၊ မီးတောက်တွေပါ ငြိမ်းသွားတယ်။ မြေပြင်တစ်ခုလုံး သွက်သွက်ခါပြီး ဂူအမိုးက ကျောက်သားတွေပါ ပြိုကျလာတယ်။

အစီအရင် ပျက်စီးသွားတာနဲ့ အစီအရင်ပြားပါ ပေါက်ကွဲပြီး တစ်စစီ ဖြစ်သွားတယ်။ ကိုင်တွယ်ထိန်းချုပ်နေတဲ့ ရွှမ်ယဲ့လည်း ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်လဲကျပြီး မသေရုံတမယ် ခံစားလိုက်ရတယ်။

တစ္ဆေလည်း မစားသာဘူး၊ အလူးအလဲ ခံလိုက်ရတယ်။ ဖင်ထိုင်ကျသွားသလို ပေါက်ကွဲမှုဒဏ်နဲ့ ယန်မီးတောက် လောင်ကျွမ်းတဲ့ဒဏ်ကြောင့် ရင်ဘတ်နေရာက အရိုးတွေ အတော်များများ ပျက်စီးသွားတယ်။

စုန့်ဝမ်မျက်လုံးတွေ တောက်ပလာတယ်။ သူစောင့်နေတာ ဒါပဲလေ။ ချက်ချင်းပဲ အရိုးသံချပ်ကာတစ္ဆေ ပြန်မထနိုင်သေးခင် မိုးကြိုးမှော်အဆောင်နဲ့ တိုက်ခိုက်လိုက်တယ်။ မှော်အဆောင် အသက်ဝင်တာနဲ့ စုန့်ဝမ်လည်း ထုံးစံအတိုင်း သွေးစတေးနည်းစနစ်ရော၊ သွေးလွတ်မြောက်နည်းစနစ်ပါ အသက်သွင်းပြီး ပြေးပါတော့တယ်။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲလေ။

“ဂျိမ်း ...”

ကျယ်လောင်တဲ့ မိုးခြိမ်းသံနဲ့အတူ ငွေရောင်မိုးကြိုးတွေ အရိုးသံချပ်ကာတစ္ဆေပေါ် တရစပ် ပစ်ချပါတော့တယ်။ တစ္ဆေလည်း အသံတောင် မထွက်နိုင်တော့ဘဲ လိမ့်နေအောင် ခံနေရတယ်။ တစ္ဆေစွမ်းအင်တွေ ပြယ်လွင့်ကုန်သလို၊ အရိုးတွေလည်း အမှုန့်ဖြစ်ကုန်တယ်။

ခဏနေတော့မှ မှော်အဆောင် အာနိသင်ကုန်ဆုံးပြီး မိုးကြိုးတွေ ရပ်တန့်သွားတယ်။ အငြိုးကြီးတစ္ဆေခမျာ တော်တော်နဲ့ မထနိုင်ဘူး။ အရိုးသံချပ်ကာတွေ အကုန်အမှုန့်ဖြစ်ပြီး၊ ခန္ဓာကိုယ်ကလည်း မူလအတိုင်း သုံးပေအမြင့်နဲ့ ခြေတို၊ လက်တို တစ္ဆေဂျပုဘဝ ပြန်ရောက်သွားတယ်။ ခွန်အားလည်း မူလအတိုင်း ချီစုစည်းခြင်း အဋ္ဌမအဆင့်ထိ ထိုးကျသွားတယ်။ ဝိညာဥ်ခန္ဓာတောင် မှိန်ဖျော့ပြီး ငြိမ်းခါနီးမီးတောက်လို ဖြစ်နေပြီ။

ကောင်းကင်ချီဓာတ်ပါ မိုးကြိုးစွမ်းအင်က နတ်ဆိုး၊ မိစ္ဆာတွေအပေါ် ဖျက်ဆီးနိုင်စွမ်း အကြီးမားဆုံးပဲ။ အငြိုးကြီးတစ္ဆေလည်း ခုထိ အကြောက်မပြေသေးလို့ စုန့်ဝမ်နောက် ထပ်မလိုက်ရဲတော့ဘူး။ ဒီပုံစံနဲ့ဆို လိုက်မီဖို့ မလွယ်သလို၊ မီရင်တောင် အနိုင်ရဖို့ မသေချာတော့ဘူး။ မိုးကြိုးအဆောင် ထပ်ရှိသေးရင် သေရုံပဲ ရှိမယ်။ တစ္ဆေရဲ့အကြည့်က ကျောက်ပုံအောက် ပိနေပြီး၊ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ ရွှမ်ယဲ့ဆီ ရောက်သွားတယ်။ ဒေါသဖြေဖို့၊ ဝိညာဥ်ပြန်အားဖြည့်ဖို့ သားကောင်ကျန်နေတာ ကောင်းကင်ဘုံရဲ့ ငဲ့ညှာမှုပဲ မဟုတ်ပါလား။

“အား ...”

ခဏနေတော့ ရွှမ်ယဲ့ရဲ့အော်သံကြီး လိုဏ်ဂူထဲ ဖုံးလွှမ်းသွားတယ်။

........

စုန့်ဝမ်ကတော့ နောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိသလို၊ စိတ်လည်းမဝင်စားဘူး။ သူခေါင်းထဲမှာ မြေအောက်လိုဏ်ဂူက ထွက်ဖို့တစ်ခုပဲ ရှိတယ်။ အပြင်ရောက်ရင် အငြိုးကြီးတစ္ဆေ လိုက်နိုင်မှာ မဟုတ်သလို၊ လှေပျံမရှိတဲ့ ရွှမ်ယဲ့လည်း လိုက်နိုင်မှာ မဟုတ်ဘူး။

သွေးစတေးနည်းစနစ်နဲ့ သွေးလွတ်မြောက်နည်းစနစ်ကို အသုံးပြုပြီး တောက်လျှောက်ပြေးနေတယ်။ သွေးအဆီအနှစ် လျော့နည်းလာရင် ပြေးရင်းနဲ့ သန့်စင်သွေးအနှစ်ပုလင်း ထုတ်သောက်တယ်။ ရပ်ဖို့တော့ လုံးဝကို စိတ်ကူးမရှိတာ။ နောက်ဆုံးကျန်တဲ့ သန့်စင်သွေးအနှစ်ပုလင်း သောက်ပြီးမှပဲ သွေးစတေးနည်းစနစ်ကို ရပ်လိုက်တယ်၊ ဒီနည်းစနစ်က သွေးလောင်ကျွမ်းနှုန်း အရမ်းမြင့်တယ်။ သွေးလွတ်မြောက်နည်းစနစ်က လောင်ကျွမ်းနှုန်း သိပ်မမြင့်လို့ အဲဒီနည်းစနစ်ပဲ ဆက်သုံးခဲ့တယ်။

သုံးနာရီလောက် မနားတမ်း ပြေးအပြီးမှာတော့ မြေအောက်လိုဏ်ဂူ အဝင်ဝဆီ ပြန်ရောက်လာတယ်။ အပေါက်ဝဆီက မှိန်ဖျော့ဖျော့အလင်းရောင်က နှစ်ဘဝတာ မြင်ဖူးသမျှထဲ အတောက်ပဆုံးအလင်းရောင်လို့တောင် ထင်မိသွားတယ်။ စုန့်ဝမ်လည်း လှေပျံကို ထုတ်ယူစီးနင်းရင်း မြေအောက်လိုဏ်ဂူကနေ ထွက်ခွာလာခဲ့ပါတော့တယ်။

.............

မြေအောက်လိုဏ်ဂူက ထွက်ခွာလို့ တစ်နာရီလောက် ပျံသန်းအပြီး ရှေးဟောင်းစစ်မြေပြင်နယ်မြေက အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်ခဲ့တယ်။ ဒါပေမယ့် ဆက်ပျံသန်းဖို့အတွက် ဝိညာဥ်စွမ်းအင်က မလုံလောက်တော့ဘူး။ ဒါနဲ့ အနားယူဖို့ လုံခြုံတဲ့နေရာ လိုက်ရှာရတယ်။ ခဏနေတော့ ဟိိုဟိုဒီဒီ ကြည့်ရင်း ရှေဟောင်းစစ်မြေပြင်နယ်မြေက ဆယ်မိုင်အကွာ ချောက်ကမ်းပါးတစ်ခုမှာ ဂူတစ်ခု တွေ့တာနဲ့ ဝင်နားလိုက်တယ်။

ဆယ့်ငါးမိနစ်လောက်နေတော့ ချောက်ကမ်းပါးထိပ်မှာ ကျင့်ကြံသူသုံးယောက် ပေါ်လာတယ်။ အမျိုးသားတစ်ယောက်၊ အမျိုးသမီးနှစ်ယောက်။ အမျိုးသားက ချီစုစည်းခြင်း သတ္တမအဆင့်၊ အမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်က ဆဋ္ဌမအဆင့်၊ နောက်တစ်ယောက်က ပဥ္စမအဆင့်။

အမျိုးသမီးတစ်ယောက်က ချောက်ကမ်းပါးထိပ် ရပ်ကြည့်ရင်း မျက်မှောင်ကြုတ်သွားတယ်။

“ခုနက လှေပျံတစ်စီး ဒီဘက်ကိုလာတာ သေချာတယ်။ ဘာဖြစ်လို့ အဲဒီလူရဲ့အော်ရာကို ခြေရာခံမရတာလဲ”

“သူ့ဆီမှာ အော်ရာကို ဖုံးကွယ်နိုင်တဲ့ နည်းစနစ်ဖြစ်ဖြစ်၊ ဝိညာဥ်ရတနာဖြစ်ဖြစ် တစ်ခုတော့ ရှိလိမ့်မယ်”

“အကိုကြီး ပြောတာ ဖြစ်နိုင်တယ်၊ ညီမတို့ ဘာဆက်လုပ်မလဲ”

“ငါနဲ့ ဒုတိယညီမက ပျံသန်းရေးအဆောင်သုံးပြီး အောက်ကို ဆင်းကြည့်မယ်။ တတိယညီမ .. နင်က အပေါ်ကနေ စောင့်ကြည့်ပေးထား”

“ဟုတ်ကဲ့”

သူတို့သုံးယောက် လေလွင့်ကျင့်ကြံသူ မောင်နှမတွေ။ ရှေးဟောင်းစစ်မြေပြင်နယ်မြေ အစွန်အဖျားမှာ လှုပ်ရှားရင်း ပြန်ထွက်လာသူတွေကို စောင့်ပြီး လုယက်မှုတွေ ကျူးလွန်လေ့ရှိတယ်။ ရှေးဟောင်းစစ်မြေပြင်က အန္တရာယ် ကြီးမားတော့ ဝင်သွားသူတွေ အထိအခိုက် မရှိ၊ ပြန်ထွက်နိုင်တာ အတော်နည်းတယ်။ သူတို့က ပိုသေချာအောင် တစ်ဦးချင်း လှုပ်ရှားသူတွေကိုပဲ ပစ်မှတ်ထားလေ့ ရှိတယ်။

..........

လေလွင့်ကျင့်ကြံသူ ၃ ယောက် ရောက်လာတာကို ကူပိုးကောင်ကတဆင့် စုန့်ဝမ် သိပြီးနေပြီ။ လိုအပ်မယ်ရဆိုပြီး လက်ကျန်ကူပိုးကောင်တွေ ဖြန့်ကြတ်ချခဲ့တာ မှန်သွားတယ်။ အေးအေးဆေးဆေး အနားယူပြီး ဝိညာဥ်စွမ်းအင် ပြန်ဖြည့်ဖို့ စိတ်ကူးနေပါတယ်ဆိုမှ ဓားပြတွေနဲ့ လာတွေ့နေပြန်ပြီ။ ဒီလောကမှာ ယုံကြည်စိတ်ချရတဲ့ လူကောင်းသူကောင်း ရှိပါ့မလားတောင် စုန့်ဝမ် သံသယဝင်လာတယ်။ စတွေ့ခဲ့တဲ့ သူတောင်းစားလေးကနေ အခု ၃ ယောက်ထိ တွေ့ဖူးသမျှထဲ လူကောင်းဆိုလို့ ဂိုဏ်းတူညီမချန်ယီပဲ ရှိတယ်။

ခုချိန် ထွက်ပြေးမယ်ဆို လွတ်နိုင်ပေမယ့် စုန့်ဝမ် ပြေးချင်စိတ် မရှိတော့ဘူး။ မြေအောက်လိုဏ်ဂူ စဝင်တည်းက ပြေးလိုက်၊ ပုန်းလိုက်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတောင် အားနည်းလာပြီ။ ဒီတစ်ခါ ထပ်ပြေးရင် အတွင်းစိတ်နတ်ဆိုး ကပ်ငြိမှာ စိုးရိမ်ရတယ်။ နောက်ပြီး သွေးအဆီအနှစ်နဲ့ ဝိညာဥ်စွမ်းအင် ပြန်ဖြည့်ဖို့အတွက် သားကောင်လည်း လိုနေပြီလေ။

လေလွင့်ကျင့်ကြံသူမောင်နှမ ချောက်ထဲ လှည့်ပတ်ကြည့်ရင်း ညီမဖြစ်သူက ဂူတစ်ခု တွေ့သွားတယ်။

“အကိုကြီး .. ဒီမှာ ဂူတစ်ခု ရှိတယ်”

“မဝင်နဲ့ဦး၊ အထဲမှာ လူရှိရင် အကာအကွယ် တစ်ခုခု လုပ်ထားနိုင်တယ်”

ညီမဖြစ်သူက ချက်ချင်း မဝင်ဘဲ ဂူထဲကို မီးတောက်အဆောင်တစ်ခု ပစ်သွင်းလိုက်တယ်။ ဂူက ကျဥ်းသလို သိပ်လည်း မနက်ဘူး။ ပေနှစ်ဆယ်လောက်မှာတင် မီးတောက်အဆောင်က ဂူနံရံကို ထိမှန်သွားတယ်။ ဂူတစ်ခုလုံး လင်းထိန်သွားပြီး လူရိပ်လူယောင် မတွေ့ရဘူး။

မောင်နှမနှစ်ယောက် ပြန်လှည့်ထွက်မယ်အလုပ် အပေါ်ကနေ လူတစ်ယောက် ပြုတ်ကျလာလို့ မော့ကြည့်လိုက်ကြတယ်။ ကျလာတာ အစောင့်ကျန်ခဲ့တဲ့ တတိယညီမ ဖြစ်နေလို့ အကိုဖြစ်သူက လှမ်းဖမ်းထားလိုက်တယ်။ တတိယညီမကို သေချာကြည့်မိတော့မှ မောင်နှမနှစ်ယောက်လုံး တုန်လှုပ်သွားတယ်။ အလောင်းက ခြောက်ကပ်နေပြီ။ သွေးအဆီအနှစ် မရှိတော့သလို၊ ကိုယ်တွင်းကလီစာတွေနဲ့ ဦးနှောက်လည်း မရှိတော့ဘူး။ အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။

“ညီမလေး”

ဒုတိယညီမက ငိုသံပါကြီးနဲ့ အော်လိုက်မိတယ်။

“ဘယ်ကောင်လုပ်တာလဲ”

အကိုဖြစ်သူက ချောက်ကမ်းပါးထက် မော့ကြည့်ရင်း ဒေါသတကြီး အော်လိုက်တယ်။

ညီမဖြစ်သူ သေသွားပေမယ့် ချောက်ကမ်းပါးထက်မှာ တိုက်ခိုက်သံရော၊ ချီစွမ်းအင် အတက်အကျပါ မခံစားမိဘူး။ ဖြစ်နိုင်တာက ခုခံဖို့တောင် အချိန်မရဘဲ အသတ်ခံရတာနေမယ်။ အကိုဖြစ်သူက တတိယညီမအလောင်းကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်တယ်။

“ညီမလေး .. ငါတို့အပေါ်တက်ကြည့်ရအောင်”

ဒုတိယညီမလည်း ခေါင်းညိမ့်ရင်း အကိုဖြစ်သူနဲ့အတူ ချောက်ကမ်းပါးပေါ် တက်လာခဲ့တယ်။

စုန့်ဝမ်က ပေသုံးရာအကွာ လိုဏ်ဂူထဲမှာ ခိုအောင်းရင်း အခြအနေ အကဲခတ်နေတယ်။

မောင်နှမနှစ်ယောက် ချောက်ကမ်းပါးထိပ်မှာ လှည့်ပတ်ရှာပေမယ့် ဘယ်သူမှ မတွေ့ရဘူး။ သစ်ပင်တွေ မရှိတော့ ပုန်းအောင်းဖို့၊ ချောင်းမြောင်းတိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ချီစုစည်းခြင်း ကျင့်ကြံသူ သတိမထားမိအောင် ချဥ်းကပ်တိုက်ခိုက်နိုင်တာဆို အခြေတည်အဆင့်များ ဖြစ်နေမလား။ ဒါပေမယ့် အခြေတည်အဆင့်ဆို သူတို့သုံးယောက်ကို တပြိုင်တည်း သတ်ပစ်နိုင်စွမ်း ရှိတယ်၊ တစ်ယောက်ချင်းခွဲပြီး လုပ်ကြံမှာ မဟုတ်ဘူး။

“ငါအပေါ်ကနေ လှည့်ပတ်စစ်မယ်၊ နင်လည်း သတိထားဦး”

အကိုဖြစ်သူက ပြောပြောဆိုဆို ပျံသန်းရေးအဆောင် အသက်သွင်းပြီး ပျံတက်သွားတယ်။

“ဘယ်ကောင်လဲကွ၊ ငါ့ညီမကို ခိုးကြောင်ခိုးဝှက် လုပ်ကြံတာ။ သတ္တိရှိရင် ထွက်ခဲ့စမ်း”

ခပ်မြင့်မြင့်နေရာ ရောက်တာနဲ့ အော်ဟစ်ကြုံးဝါးပြီး မြင့်နိုင်သမျှ အမြင့်ကနေ အဝေးကို တရှိန်ထိုး ပျံသန်းထွက်ပြေးသွားတယ်။

……………….

All Chapters