← Chapters

ကျင့်ကြံသူဓားပြတွေ

Vol. 7 Ch. 80

ကျင့်ကြံသူဓားပြတွေ

Vol. 7 Ch. 80

ဒုတိယညီမလည်း အခုမှ သူ့အကို အကြံအစည်ကို သဘောပေါက်သွားတယ်။ ချက်ချင်းပဲ လေထဲခုန်တက်ပြီး ပျံသန်းရေးအဆောင် ထုတ်မယ်အလုပ် ခြုံတောထဲကနေ သံမဏိအပ် ၅ ချောင်း ထွက်ပေါ်ပြီး သူ့ဆီ တရှိန်ထိုး ဝင်လာတာ တွေ့လိုက်ရတယ်။ ဒုတိယညီမလည်း မတတ်သာတဲ့အဆုံး ဆယ်ပေအရှည်ရှိ ပုဝါနီတစ်ထည် ထုတ်ယူပြီး သံမဏိအပ်တွေကို ပတ်ယူဖမ်းချုပ်ဖို့ ကြိုးစားလိုက်တယ်။

ပုဝါစက သံမဏိအပ်တွေကို ချုပ်မိသွားချိန် အပ်ထိပ်ဖျားပိုင်း ပွင့်လာပြီး အထဲက ပါးလျတဲ့အပ်ငယ်လေးတွေ ထွက်လာတယ်။ အပ်ဖျားတွေက စိမ်းဖန့်ဖန့် တောက်ပနေလို့ အဆိပ်ပါတာ ရိပ်မိပြီး ဒုတိယညီမ တုန်လှုပ်သွားတယ်။ အကာအကွယ်မန္တန် ရွတ်ဆိုပြီး သူ့ရှေ့မှူ ဝိညာဥ်စွမ်းအင်ဒိုင်းတစ်ခု ဖန်တီးတယ်။ ဒါနဲ့တင် စိတ်မချလို့ မုန်တိုင်းအဆောင်ပါ အသက်သွင်းလိုက်တယ်။ ချက်ချင်းပဲ လေပြင်းတွေ တိုက်ခတ်လာပြီး အပ်ငယ်အများစု လွင့်ပါသွားတယ်။ အပ်တချို့ အနားရောက်လာပေမယ့် အားပျော့ပြီး ဒိုင်းကာကို မဖောက်နိုင်တော့ဘူး။

ဒါပေမယ့် ကျောဘက်ဆီက ပိုးကောင်အော်ရာတချို့ တိုးကပ်လာလို့ ချက်ချင်း ပြန်လှည့်ပြီး ပုဝါစနဲ့ ချဥ်းကပ်လာတဲ့အရာကို ရိုက်ချလိုက်တယ်။ ချက်ချင်းဆိုသလို ပတ်ပတ်လည်ကနေ များပြားလှတဲ့ ကူပိုးကောင်တွေ ချဥ်းကပ်လာတာ မြင်လိုက်ရလို့ စိတ်ဓာတ်ကျသွားတယ်။ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်အတွက် ဒါဇင်နဲ့ချီတဲ့ ကူပိုးကောင်တွေက တားဆီးနိုင်တဲ့အရာ မဟုတ်ဘူး။ သိပ်မကြာခင် ကူပိုးကောင်တွေ ထိုးဖောက်ဝင်ရောက် ကိုက်ဖြတ်စားသောက်တာ ခံလိုက်ရတဲ့ ဒုတိယညီမအလောင်း မြေပြင်ပေါ် ပြုတ်ကျသွားတယ်။

.......

ဒုတိယညီမဆိုသူအလောင်းကို ကူပိုးကောင်တွေ စားနေချိန် စုန့်ဝမ် အေးအေးလူလူ လမ်းလျှောက်ရင်း အနားရောက်လာတယ်။ ဒီပွဲက ဘာမှတောင် သိပ်မလုပ်လိုက်ရဘူး။ ကူပိုးကောင်တွေနဲ့တင် ပွဲသိမ်းသွားတာ။

အကိုကြီးဆိုသူကတော့ အရိပ်အယောင်တောင် မမြင်ရတော့ဘူး။ သွေးကြောင်တဲ့နေရာမှာ ဒီလူက တကယ့်စံနမူနာပဲ၊ အန္တရာယ်ရှိမှန်း ရိပ်မိတာနဲ့ ညီမဖြစ်သူကို ဓားစာခံလုပ် ထိုးကျွေးပြီး ပြေးရော။

စုန့်ဝမ်လည်း သိုလှောင်အိတ်ကို သိမ်းယူ၊ သွေးအဆီအနှစ် စုပ်ယူပြီး၊ ကျန်တဲ့အလောင်းတွေကို မီးတောက်အဆောင် သုံးပြီး ပြာချလိုက်တယ်။ ဒီဧရိယာမှာ သူတို့လို ဓားပြတိုက်ဖို့ ချောင်းနေတဲ့ လေလွင့်ကျင့်ကြံသူတွေ ရှိဦးမှာ သေချာတယ်။ ဝိညာဥ်စွမ်းအင် ပြန်မပြည့်ခင် လှေပျံနဲ့ ခရီးသွားတာထက် အနားယူတာက ပိုသင့်တော်မယ်လို့ ဆုံးဖြတ်ပြီး ဆယ်မိုင်အကွာလောက်က တောတွင်းဂူတစ်ခုထဲမှာ အနားယူခဲ့တယ်။

နောက်နေ့မနက် ဝိညာဥ်စွမ်းအင် ပြန်ပြည့်တာနဲ့ လှေပျံ စီးနင်းရင်း အလောင်းနတ်ဆိုးဂိုဏ်းဆီ ပြန်ခဲ့တယ်။ အသွားမှာ လူငါးယောက် ပါခဲ့ပေမယ့်၊ အပြန်မှာတော့ တစ်ယောက်တည်း ဖြစ်ခဲ့ပြီ။ ဒါနဲ့ လှေပျံကို အရှိန်ကုန်မြှင့် ပျံသန်းခဲ့လို့ တစ်ညနဲ့ တစ်ရက်ပဲ ကြာပြီး ဂိုဏ်းဆီ ပြန်ရောက်လာခဲ့တယ်။

လိုဏ်ဂူအိမ်နား ပြန်အရောက် မယောင်မလည် လုပ်နေတဲ့ တုချိုးကို တွေ့လိုက်ရလို့ စုန့်ဝမ် အံအားသင့်သွားတယ်။

“ဂိုဏ်းတူအကိုတုပါလား၊ ဘာကိစ္စများ ရှိလို့လဲ၊ ကျနော် ဘာလုပ်ပေးရမလဲ”

ရုတ်တရက် ပေါ်လာတဲ့ စုန့်ဝမ်ကြောင့် တုချိုး အံသြသွားပုံ ရတယ်။

“အော် .. ညီငယ်ကျိယင်လား၊ ကိစ္စမရှိပါဘူး။ လမ်းကြုံလို့ ဖြတ်သွားရုံပါ။ သွားတော့မယ်နော်”

ခပ်သုတ်သုတ် ထွက်သွားတဲ့ တုချိုးကျောပြင်ကို ကြည့်လိုက်၊ သူ့လိုဏ်ဂူအိမ်ဘေးက ချောက်ကမ်းပါးကို ကြည့်လိုက်နဲ့ စုန့်ဝမ် အတွေးနက်သွားတယ်။ လမ်းကြုံလို့တဲ့၊ ဘာလမ်းရှိလို့ ကြုံရမှာလဲ၊ ဒီနေရာက လမ်းအဆုံး ချောက်ကမ်းပါးဘေးလေ။ ဒီလိုနေရာ ဘာလုပ်စရာ၊ ဘယ်သွားစရာ ရှိရမှာလဲ၊ ချောက်ထဲခုန်ချပြီး သတ်သေမလို့တော့ မဟုတ်နိုင်ဘူး။ အော်ရာအရဆို ဒီလူက အရင်အတိုင်း ချီစုစည်းခြင်း သတ္တမအဆင့်မှာပဲ ရှိနေသေးတယ်။ လုပ်ပုံကိုင်ပုံက ပေါ့ပျက်ပျက်နဲ့၊ တမင်စောင့်ကြည့်နေတယ်ဆိုတာ အသိသာကြီးပဲ။ မကျေနပ်ချက် တစ်ခုခု ရှိနေလို့လား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ခိုင်းစေလို့လား။

စုန့်ဝမ် အကြီးအကဲရှီရှို့ကို ရုတ်တရက် သတိရသွားတယ်။ ဒါဆို သတိထားရတော့မယ်။ တစ်ချိန်ချိန်မှာ ပြဿာနာ ကြုံရနိုင်တယ်။ ဘယ်အချိန်လဲဆို ရှီရှို့ပေးတဲ့ အလောင်းဘုရင်သွေးသန့်စင်နည်း ပြဿနာ ရှိတဲ့အချိန် ဖြစ်ရမယ်။ ဒီကျင့်စဥ်က ချီစုစည်းခြင်း ပဥ္စမအဆင့်ထိပဲ ပြည့်ပြည့်စုံစုံ ပါဝင်ပြီး၊ အန္တရာယ်ကင်းကင်း ကျင့်ကြံလို့ ရတယ်။ ဆဋ္ဌမအဆင့် ရောက်တာနဲ့ ထိန်းချုပ်မရတဲ့ ဖုတ်ကောင်အသွင်ပြောင်းပြဿနာ ပေါ်လာရော။ နည်းစနစ်ကိုက မပြည့်စုံတာလား၊ တမင်ဖြတ်တောက်ပြင်ဆင်ထားလားဆိုတာ အကြီးအကဲရှီပဲ သိနိုင်လိမ့်မယ်။

အားလုံးခြုံငုံ သုံးသပ်ပြီးချိန် ကျင့်ကြံမှုအဆင့်ကို ဆက်ဖုံးဖိထားပြီး ဆဋ္ဌမအဆင့်ရောက်တာ အသိမခံဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်ဆွဲပြီး အားကောင်းအောင် ပြင်ဆင်ထားမှ ဖြစ်တော့မယ်။ ဖုတ်ကောင်အသွင်ပြောင်းတာက အလောင်းခွဲစိတ်ဂူမှာ အလုပ်လုပ်သူတိုင်း ရင်ဆိုင်ရတဲ့ နတ်ဆိုးစွဲကပ်တဲ့ပြဿနာဆိုပြီး ဟန်ဆောင်လို့ ရတယ်။ နောက်ပိုင်းလည်း ခေါင်းပွချီကာဒါသစ် ရပြီဆိုတော့ ထိန်းချုပ်နိုင်ရင် ပြဿနာ မရှိတော့ဘူး။

ဘယ်လောက် အန္တရာယ်များများ အလောင်းနတ်ဆိုးဂိုဏ်းကနေ ထွက်ပြေးဖို့က မဖြစ်နိုင်ဘူး။ ဂိုဏ်းဝင်ဖြစ်တာနဲ့ ဝိညာဥ်အပိုင်းအစတစ်ခု ဂိုဏ်းကို ပေးထားရတယ်။ ဒါက ဂိုဏ်းသားတစ်ယောက် သေလား၊ ရှင်လား သိနိုင်သလို ထွက်ပြေးရင် အစီအရင်သုံးပြီး လိုက်ရှာလို့လည်း ရတယ်။ ချီစုစည်းခြင်းအဆင့်နဲ့ ပြေးလို့ကတော့ လွတ်မြောက်မှာ မဟုတ်ဘူး။ ဖမ်းခံရရင် သေတာထက် ဆိုးသွားမယ်။ ရုပ်အလောင်းရော၊ ဝိညာဥ်ပါ သန့်စင်ပြီး အသုံးချခံရမယ်။ လူဝင်စားသံသရာ ဝင်ဖို့ဆို တွေးမနေနဲတော့။

.............................

အလောင်းနတ်ဆိုးတောင်ထိပ်က လိုဏ်ဂူတစ်ခုထဲမှာ တုချိုး ရိုသေကျိုးနွံတဲ့ အမူအရာနဲ့ ဒူးထောက်နေတယ်။

"အကြီးအကဲရှီ .. တပည့်တုချိုး သတင်းပို့ပါတယ်။ ကျိယင် ပြန်ရောက်လာပါပြီ။ စိတ်ဝိညာဥ် သန့်စင်စေတဲ့ ဝိညာဥ်ဆေးပင် ရှာတွေ့ခဲပုံ ရပါတယ်"

တုချိုးရှေ့တည့်တည့် မှောင်ရိက်ကျတဲ့နေရာမှာ အကြီးအကဲရှီရှို့ ထိုင်နေတယ်။ သူ့ပတ်လည်မှာ အားပြင်းတဲ့ အလောင်းစွမ်းအင်တွေ လည်ပတ်နေလို့ ခပ်ရေးရေးပဲ မြင်ရတယ်။ မျက်နှာက ပြာနှမ်းနေပြီး ပါးစပ်ထောင့်မှာလည်း ရှည်လျားတဲ့အစွယ်တွေ ထွက်ပေါ်နေလို့ လူနဲ့မတူဘဲ ဖုတ်ကောင်အလား မှတ်ရတယ်။

"အသက်ရှင်လျက် ပြန်လာနိုင်တယ် ဟုတ်လား။ ဟား ..ဟား ဒီကောင်လေးက အစွမ်းရှိသားပဲ။ အလောင်းခွဲစိတ်ဂူက ညစ်ညမ်းချီတွေ လွှမ်းမိုးခံရတာတောင် သူ့ဖာသာ ဖြေရှင်းနိုင်တယ်ဆိုတော့ မဆိုးဘူးပဲ။ သူ့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်က ဘယ်လောက် ရောက်နေပြီလဲ"

"ချီစုစည်းခြင်း စတုတ္ထအဆင့်ပါ"

"စတုတ္ထအဆင့်ပဲ ရှိသေးတာလား"

"ဟုတ်ကဲ့၊ သူဂိုဏ်းထဲရောက်တာ နှစ်နှစ်ခွဲပဲ ရှိပါသေးတယ်။ စတုတ္ထအဆင့် ရောက်တယ်ဆိုတော့ မနှေးပါဘူး၊ ပုံမှန်တိုးတက်နှုန်းမှာ ရှိပါတယ် အကြီးအကဲ"

"ရပြီ၊ ကျိယင်ကို သေချာစောင့်ကြည့်ထား။ သူ ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ရောက်တာနဲ့ ငါ့ဆီခေါ်ခဲ့"

"စိတ်ချပါ အကြီးအကဲ"

.......

စုန့်ဝမ်ကတော့ သူ့လိုဏ်ဂူအိမ်ထဲ စိတ်အေးလက်အေး အနားယူရင်း ခရီးစဥ်တလျှောက် ကုန်ကျခဲ့တာ၊ ရယူနိုင်ခဲ့တာတွေ ပြန်စစ်နေတယ်။ ရည်မှန်းချက်ဖြစ်တဲ့ ခေါင်းပွချီကာဒါက အပင်လိုက် ရလာခဲ့ပြီ။ သက်တမ်းက နှစ် ၃၅၀ လောက် ရှိနေပြီဆိုတော့ အသုံးပြုဖို့ အကောင်းဆုံး အနေအထားပဲ။ သိုလှောင်အိတ်က ၄ လုံး ရလာတယ်၊ လောင်ချွန်း၊ ယီဇီနဲ့ ဓားပြညီအစ်မဆီက။ အလောင်းရုပ်သေးထည့်အိတ်လည်း ၃ လုံးရတယ်၊ ယီဇီဆီက နှစ်အိတ်နဲ့ လောင်ချွန်းဆီက တစ်အိတ်။ အလောင်းရုပ်သေးလည်း ချီစုစည်းခြင်း နဝမအဆင့် တစ်ကောင်နဲ့ အဋ္ဌမအဆင့် နှစ်ကောင် ရလာတယ်။ သိုလှောင်အိတ်တွေထဲမှာ ပစ္စည်းအစုံပါတယ်။ အဆင့်နိမ့်ဝိညာဥ်ကျောက်တွေ၊ မှော်အဆောင်တွေ၊ ဆေးရည်တွေ၊ အဆင့်နိမ့်ဝိညာဥ်လက်နက်နဲ့ တခြားတိုလီမုတ်စတွေ မနည်းမနော ရလိုက်တယ်။ တန်ဖိုးသင့်ပြီး ရောင်းမယ်ဆို အတော်တွက်ခြေကိုက်မယ်။

အဆင့်နိမ့်ဝိညာဥ်ကျောက်တွေ ရေကြည့်တော့ လေးထောင်ကျော် ပါတယ်။ လောင်ချွန်းတို့က ယန်ကူရဲ့ပိုင်ဆိုင်မှုကို ခွဲဝေယူခဲ့ကြလို့ သူတို့အိတ်တွေ ဖောင်းနေတာ။ ဓားပြညီအစ်မကလည်း အလုပ်အကိုင် အတော်ကောင်းပုံရတယ်၊ သူတို့အိတ်တွေထဲလည်း ဝိညာဥ်ကျောက် မနည်းဘူး။ ယန်ကူရဲ့ နတ်ဆိုးဘုရားလက်နက်တွေ ရှာကြည့်ပေမယ့် မတွေ့ရဘူး၊ ရွှမ်ယဲ့ ယူသွားတာ ဖြစ်မယ်။ စုန့်ဝမ် ရွှမ်ယဲ့ကိုတောင် ပြန်သတိရသွားတယ်။ အဆူဖြိုးဆုံးသိုးကြီးက လွတ်သွားတာပဲ။ အခြေအနေ ကြည့်ရတာတော့ တစ္ဆေကောင်လက်ချက်နဲ့ သေလောက်ပြီ။

နူတင်းရဲ့ သွေးနီရောင်ကျောက်တုံးကျတော့ ဝိညာဥ်ရတနာတစ်ခု ထင်ထားတာ၊ စစ်ကြည့်မှ နည်းပညာတစ်ရပ် ပါဝင်တဲ့ မှတ်တမ်းတင်ကျောက်တုံး ဖြစ်နေတယ်။ စုန့်ဝမ်လည်း ဝိညာဥ်စွမ်းအင် ထည့်သွင်းပြီး နဖူးမှာ ကပ်လိုက်တယ်။ ချက်ချင်းပဲ အချက်အလက်တွေ ခေါင်းထဲ တပြုံကြီး ဝင်လာတယ်။ ရုပ်သေးအစားထိုးနည်းစနစ်တဲ့။ နည်းနည်းတော့ ထူးဆန်းတယ်၊ သူက အလောင်းရုပ်သေးလိုမျိုး ရုပ်သေးတစ်ခုကို သန့်စင်ရမယ်၊ အသက်အန္တရာယ် ကြုံလာရင် နည်းစနစ်ကို အသက်သွင်းပြီး လူနေရာမှာ ချက်ချင်းအစားထိုးရုံပဲ။ လူကတော့ ဘေးလွတ်ရာကို ချက်ချင်းကူးပြောင်းသွားနိုင်တယ်။ ကိုယ့်ဝိညာဥ်အာရုံ လွှမ်းမိုးနိုင်တဲ့ အကွာအဝေးထိပဲ ကူးပြောင်းနိုင်တဲ့ ကန့်သတ်ချက်တော့ ရှိတယ်။ ဒါက အတော်လေး အစွမ်းထက်တဲ့ လွတ်မြောက်ရေးနည်းစနစ်ပဲ။ ဘယ်လိုမှ မလွတ်မြောက်နိုင်မယ့် တိုက်ခိုက်ချက်နဲ့ ရင်ဆိုင်ရရင်၊ အချုပ်အနှောင် ခံနေရရင် လွတ်မြောက်နိုင်တယ်လေ။ ဒါကို ရဖို့ နူတင်း အသက်နဲ့ရင်း စွန့်စားတာ အံသြစရာ မရှိဘူး။

စုန့်ဝမ်လည်း ရုပ်သေးအစားထိုးနည်းစနစ်ကို စိတ်ဝင်တစား လေ့လာဖြစ်တယ်။ ပထမဆုံး အရုပ်တစ်ခု ဖန်တီးရမယ်၊ ပုံသဏ္ဍာန်နဲ့ ပြုလုပ်ရမယ့်ပစ္စည်းတော့ ကန့်သတ်မထားဘူး။ သင့်တော်ရာနဲ့ လုပ်နိုင်တယ်။ အရေးကြီးတာက ပိုင်ရှင်ရဲ့ဝိညာဥ်အပိုင်းအစကို သယ်ဆောင်နိုင်ဖို့ပဲ။ ဒုတိယအဆင့် အရေးအကြီးဆုံးနဲ့ အန္တရာယ် အများဆုံး။ ဒီအဆင့်မှာ ပိုင်ရှင်ရဲ့ ဝိညာဥ်ကနေ အပိုင်းအစတစ်ခု ခွဲထုတ်ရမယ်။ ဒီအတွက် ပိုင်ရှင်ဖြစ်သူရဲ့ ဝိညာဥ်က လုံလုံလောက်လောက် အားကောင်းနေဖို့ လိုတယ်။ မဟုတ်ရင် ဝိညာဥ်အားနည်းပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာကနေ ဝိညာဥ်ပင်လယ် ပြိုကွဲတဲ့အထိ ဖြစ်နိုင်တယ်။ တတိယအဆင့်က ဝိညာဥ်အပိုင်းအစကို ရုပ်သေးရုပ်ဆီ ထည့်သွင်းပေါင်းစပ်တာ။ ဒါကတော့ လွယ်ပါတယ်။ အားလုံးပြီးပြည့်စုံရင် အန္တရာယ် ကြုံရတဲ့အခါ အစားထိုးရုပ်သေးရုပ်က အတွေးတစ်ချက်နဲ့တင် ပိုင်ရှင်ရဲ့နေရာ အစားဝင်ရောက် ရင်ဆိုင်ပေးနိုင်တယ်။

ဒီနည်းစနစ်မှာ ကြီးမားတဲ့အားနည်းချက်တစ်ခု ရှိတယ်။ သူက တစ်ခါသုံးလို ဖြစ်နေတာပဲ။ အန္တရာယ်ကို အစားထိုး ရင်ဆိုင်ရင်း အရုပ်ပျက်စီးရင် ဝိညာဥ်အပိုင်းအစပါ ကွယ်ပျောက်သွားတယ်။ နောက်တစ်ခါ ထပ်ဖန်တီးရင် ဝိညာဥ်အပိုင်းအစ ထပ်လိုပြန်ရော။ ဒီလိုနဲ့ ဝိညာဥ်က တဖြည်းဖြည်း အားနည်းလာမယ်။ စုန့်ဝမ်အတွက်တော့ ဒီအားနည်းချက်က ပြဿနာ မဟုတ်ဘူး။ တပါးသူဝိညာဥ်ကို စုပ်ယူပြီး သူ့ဝိညာဥ်ကို ပြန်အားဖြည့်နိုင်တဲ့အတွက် ဝိညာဥ်အပိုင်းအစ ဖြတ်တောက်ရတာ စိတ်ပူစရာ မလိုဘူးလေ။

ပြဿနာတာက အစားထိုးရုပ်သေးရုပ်ကို ဘာနဲ့လုပ်မလဲဆိုတာပဲ။ ကလေးကလားအရုပ်ဆို တစ်ချက်တည်းနဲ့ ပွဲသိမ်းသွားမှာ၊ မဖြစ်သေးဘူး။ တိုက်ခိုက်တဲ့ဒဏ်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိဖို့ လိုတယ်။ လူအရွယ်အရုပ်ဆို မနည်းမနော ကုန်ကျမှာ။ အဒီထက် ပိုဆိုးတာက အချိန်။ အရုပ်တည်ဆောက်ဖို့၊ သန့်စင်ဖို့ဆို လုပ်ငန်းစဥ်တစ်ခုလုံး လေ့လာသင်ယူရဦးမယ်။ အကြီးအကဲရှီဆီက အန္တရာယ်အငွေ့အသက်ကို ခံစားမိနေတဲ့ စုန့်ဝမ်အတွက် အဲ့လောက်ထိ အချိန်မပေးနိုင်တော့ဘူး။

……………

All Chapters