ရုပ်သေးအစားထိုးပညာ
Vol. 7 Ch. 81
စဥ်းစားစမ်း၊ စဥ်းစားစမ်း
"အား .. ဟုတ်သားပဲ၊ ငါမေ့နေတာ။ အလောင်းရုပ်သေးကို အသုံးချရင် ရတာပဲ။ ဒါတွေက စိတ်ဝိညာဥ် ထည့်ထားတာမှ မဟုတ်တာ။ ဒီကောင်တွေက ဝိညာဥ်အပိုင်းအစကို လက်ခံနိုင်တဲ့ အနေအထားလည်း ရှိတယ်"
နည်းလမ်းရတာနဲ့ ချက်ချင်းထလုပ်တယ်။ ချီစုစည်းခြင်း နဝမအဆင့် အလောင်းရုပ်သေးက တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးဆိုတော့ အစားထိုးရုပ်သေးလုပ်ဖို့ နှမျောစရာ ကောင်းတယ်။ အဋ္ဌမအဆင့် အလောင်းရုပ်သေးက နှစ်ရုပ်ဆိုတော့ တစ်ရုပ် ယူသုံးရင် အဆင်ပြေတယ်။
နောက်တစ်ဆင့်က အခက်ဆုံး၊ အန္တရာယ်အများဆုံးဆိုတဲ့ ဝိညာဥ်အပိုင်းအစ ခွဲထုတ်ရမယ်။ နည်းစနစ်ကို သေချာနားလည်အောင် ဖတ်ပြီးတော့ စလုပ်ခဲ့တယ်။ စကြိုးစားတာနဲ့တင် စိတ်ရောကိုယ်ပါ မခံမရပ်နိုင်အောင် နာကျင်လာတယ်။ ရှေ့ဆက်တိုးပြီး ကျင့်စဥ်လမ်းညွှန်ချက်အတိုင်း အတင်းအကြပ် ခွဲထုတ်တာနဲ့အမျှ နာကျင်မှု တိုးလာတယ်။ မသိစိတ်ထဲ ကိုယ့်စိတ်ဝိညာဥ်ကို မဖျက်ဆီးနဲ့ဆိုတဲ့ သတိပေးချက်က ထွက်ပေါ်လာပြီး အသိစိတ်ပင်လယ်မှာ အကြိမ်ကြိမ် မြည်ဟီးရိုက်ခတ်နေတယ်။
စုန့်ဝမ်က ဘာအကြောင်းနဲ့မှ မရပ်ဘဲ တစ်ကြိမ်တော့ အောင်မြင်အောင် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး ရှေ့ဆက်တိုးတယ်။ ဝိညာဥ်ဖြတ်တောက်တာက အသိစိတ်ပင်လယ်ကို ဓားနဲ့ ဖြည်းဖြည်းချင်း လှီးနေသလိုကို ခံစားရတာ။ အားတင်းပြီး ဆက်တိုးနေရင်း နောက်ဆုံးတော့ အောင်မြင်သွားတယ်။
မျက်လုံးဖွင့်လိုက်ချိန် တစ်ကိုယ်လုံး ချွေးတွေ ရွဲနစ်နေရုံမက ကြမ်းပြင်မှာပါ ရေပုံးမှောက်ကျသလို စိုရွဲနေလို့ အံအားသင့်သွားတယ်။ စုန့်ဝမ်လည်း အနားမယူအားသေးဘဲ အလောင်းရုပ်သေး ထုတ်ယူပြီး ဝိညာဥ်အပိုင်းအစကို ထည့်သွင်းလိုက်တယ်။ ပြီးတာနဲ့ အသိစိတ်ပင်လယ် ပြန်ကုစားရင်း၊ အလောင်းရုပ်သေးနဲ့ ဝိညာဥ်အပိုင်းအစ သန့်စင်ပေါင်းစပ်ဖို့ ကျင့်စဥ်အတိုင်း ဆက်လုပ်တယ်။ လုပ်ငန်းစဥ်က မရှုပ်ထွေးပေမယ့် အချိန်အရမ်းကုန်တယ်။ စလုပ်ချိန်ကနေ နှစ်ရက်တိတိကြာမှ အပြီးသတ်နိုင်ခဲ့တယ်။
အောင်မြင်ပြီးလို့ ထရပ်လိုက်ချိန် အသိစိတ်ပင်လယ်ဆီက နာကျင်မှု မရှိတော့သလို၊ ဝိညာဥ်လည်း ပြန်သက်သာကောင်းမွန်စ ပြုလာတာ သတိထားမိတယ်။ သဘာဝအလျောက် ပြန်ကောင်းဖို့က အချိန်ယူရမယ်၊ တပါးသူဝိညာဥ်ကို စုပ်ယူရင် မြန်မြန်ဆန်ဆန် ပြန်ကောင်းမယ်။ တခြားနေရာမှာ ကျင့်ကြံသူဝိညာဥ် ရှာရတာ ခက်ပေမယ့်၊ နတ်ဆိုးဂိုဏ်းဖြစ်တဲ့ အလောင်းနတ်ဆိုးဂိုဏ်းမှာက အလွယ်တကူ ဝယ်လို့ရတော့ အဆင်ပြေတယ်။ ဒီမှာက ရောင်းချင်သူ များလို့ ဝယ်သူစျေးကွက်တောင် ဖြစ်နေတာ။ စျေးနည်းနည်း ပိုပေးရင် လတ်ဆတ်တဲ့ လမ်းမှန်ကျင့်ကြံသူ ဝိညာဥ်တွေ ရနိုင်တယ်။ နတ်ဆိုးကျင့်ကြံသူတွေရဲ့ ညစ်ညမ်းနေတဲ့ဝိညာဥ်နဲ့ ယှဥ်လိုက်ရင် လမ်းမှန်ကျင့်ကြံသူဝိညာဥ်က နူးညံ့သန့်စင်တဲ့ အဟာရကောင်းတစ်ခုလို ဖြစ်နေတယ်။
စုန့်ဝမ်လည်း ကိုယ်လက်သန့်စင်ပြီးတာနဲ့ တောင်ခြေစျေးဆီ ဆင်းလာခဲ့တယ်။ စျေးရောက်တာနဲ့ ဆိုင်တကာလှည့်ပြီး ခရီးစဥ်တလျှောက် ရလာတဲ့အထဲက အသုံးမလိုတာတွေ ရောင်းချခဲ့တယ်။ အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၈၀၀ ရခဲ့တော့ မဆိုးဘူး ပြောရမယ်။ ရောင်းပြီးတာနဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေနဲ့ လမ်းမှန်ကျင့်ကြံသူဝိညာဥ် ၃ ခုကိုပါ ဝယ်တယ်။
စုန့်ဝမ် လိုဏ်ဂူအိမ်ဆီ ပြန်ဖို့ စျေးလမ်းအတိုင်း လျှောက်လာချိန် ရုတ်တရက် ဂိုဏ်းတူအကိုရှုအသံ ကြားလိုက်ရတယ်။
"ဂိုဏ်းတူညီကျိယင် .. ခဏစောင့်ပါဦး"
စုန့်ဝမ် ခြေလှမ်းရပ်ပြီး လှည့်နှုတ်ဆက်လိုက်တယ်။ ဂိုဏ်းတူအကိုရှုက ပုဂ္ဂိုလ်ရေးရင်းနှီးမှု မရှိပေမယ့် စီးပွားဖက်ကောင်း ပီသသလို တစ္ဆေစျေးနဲ့ ချိတ်ဆက်ပေးသူလည်း ဖြစ်တာကြောင့် ရင်းရင်းနှီးနှီး ပြန်နှုတ်ဆက်ခဲ့တယ်။
"ဂိုဏ်းတူအကိုရှုပါလား၊ ဘာကိစ္စများလဲ မသိဘူး"
"ဒီနေ့ ရုပ်အလောင်းချီ မဝယ်တော့ဘူးလား။ ငါ့မှာ အရည်အသွေးမြင့် ရုပ်အလောင်းချီ နှစ်ပုလင်း ရှိတယ်။ ယူမလား"
စုန့်ဝမ် ခေါင်းခါလိုက်တယ်။ ဖုတ်ကောင်အသွင်ပြောင်းပြဿနာ မဖြေရှင်းရသေးသရွေ့ ရုပ်အလောင်းချီ မလိုသေးဘူးလေ။
"မယူသေးဘူး၊ ခွင့်ပြုပါဦး"
စုန့်ဝမ် လှည့်ထွက်မယ်အလုပ် ဂိုဏ်းတူအကိုရှုက အိတ်ထဲက ပုလင်းနှစ်လုံး ထုတ်ယူပြီး လက်ထဲအတင်းထည့်ပေးလိုက်တယ်။
"အကိုရှု .. ဒါက .."
"ဒါက မင်းအတွက် လက်ဆောင်ပါ"
"လက်ဆောင် ... ဘာအတွက်လဲ။ အကြောင်းမဲ့ပေးတဲ့ပစ္စည်းကို လက်မခံပါရစေနဲ့။ အကိုရှုပဲ ပြန်ယူထားလိုက်ပါ"
စုန့်ဝမ်က ပုလင်းနှစ်လုံး ပြန်ပေးပေမယ့် အကိုရှုက အတင်းတားပြီး အနီးနားက လူရှင်းတဲ့နေရာဆီ ခေါ်လာတယ်။
"ခဏနေဦး ညီလေးကျိယင်၊ ငါ့မှာ မင်းဆီက အကူအညီ တောင်းစရာ ရှိလို့ပါ"
စုန့်ဝမ် တစ်ချက်တွေဝေသွားပေမယ့် သူ့ဆီက အကူအညီ ရဖူးတော့ ငြင်းဖို့ မသင့်တာ တွေးမိတယ်။
"ဘာကိစ္စများလဲ၊ အကိုရှုက ကျနော့်ကို တစ္ဆေစျေးနဲ့ ချိတ်ဆက်ပေးဖူးတယ်ဆိုတော့ တတ်နိုင်သမျှ ကူညီပါ့မယ်။ ကျနော် တတ်နိုင်တဲ့ အတိုင်းအတာထဲက ဖြစ်ရင်ပေါ့"
ဂိုဏ်းတူအကိုရှု ဝမ်းသာသွားတယ်။
"စိတ်ချပါ၊ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ သေမျိုးလောကကို ခရီးတစ်ခေါက် သွားပေးရုံပါပဲ။ အလျင်လည်း မလိုဘူး၊ အားတဲ့အခါဖြစ်ဖြစ်၊ လမ်းကြုံရင်ပဲဖြစ်ဖြစ် ရတယ်"
စုန့်ဝမ် ခေါင်းရှုပ်သွားတယ်။ ကျင့်ကြံသူက သေမျိုးကမ္ဘာမှာ ဘာကိစ္စ ရှိလို့လဲ။
"ကျနော် ဘာလုပ်ပေးရမှာလဲ"
ဂိုဏ်းတူအကိုရှုမျက်နှာ တည်ကြည်သွားပြီး နှုတ်နဲ့ မပြောဘဲ၊ အသံပို့စနစ်နဲ့ ဆက်သွယ်လာတယ်။
"ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ငါဆက်ပြောမယ့်ကိစ္စကို လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်။ ကိစ္စက ငါ့ဇာတိမြို့ဆီ သွားပြီး ငါ့အမေနဲ့ ညီမလေး ဘယ်လိုနေလဲဆိုတာ ကြည့်ပေးဖို့နဲ့ ငါကောင်းကောင်းမွန်မွန် ရှင်သန်နေကြောင်း ပြောပေးဖို့ပါ"
စုန့်ဝမ်လည်း အသံပို့စနစ်နဲ့ပဲ ပြန်ပြောလိုက်တယ်။
"မိသားစုဆီ သွားဖို့ဆို အကိုရှုကိုယ်တိုင် ဘာလို့ မသွားတာလဲ"
ဂိုဏ်းတူအကိုရှုမျက်လုံးမှာ ဝမ်းနည်းတဲ့ အရိပ်အယောင် ထင်ဟပ်လာတယ်။
"ငါတို့လို နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူအတွက် စကျင့်ကြံတာနဲ့ ကိုယ့်အတွက်ရော၊ သူတို့အတွက်ပါ ကောင်းစေဖို့ သေမျိုးလောကနဲ့ အဆက်ဖြတ်ရတယ်။ မင်းကို အကူအညီ တောင်းတာက နှစ်ပေါင်းရှည်ကြာ စိတ်မကောင်းဖြစ်နေမယ့် သူတို့ကို စိတ်သက်သာရာ ရစေချင်လို့ပါ။ နောက်ပြီး ငါ့မှာ အရေးကြီးတဲ့ကိစ္စ လုပ်စရာ ရှိသေးတယ်၊ ငါ့ရဲ့ ဒီတစ်ခေါက်ခရီးက နောက်ဆုံးခရီးလည်း ဖြစ်သွားနိုင်တယ်"
စုန့်ဝမ် အခုမှ သဘောပေါက်သွားတယ်။ ဂိုဏ်းတူအကိုရှုက ချီစုစည်းခြင်း နဝမအဆင့် ရောက်နေတာ အတော်ကြာပြီဆိုတော့ အခြေတည်အဆင့် တက်ရောက်ဖို့ ကြိုးစားတော့မှာပဲ။ ဒါကြောင့် စိတ်ရှင်းရှင်း ဖြစ်ချင်တာနေမယ်။ ဒါကြောင့် သူနဲ့ ရန်ငြိုးမရှိ၊ ပွတ်တိုက်မှု မရှိတဲ့ စုန့်ဝမ်ကို အကူအညီ တောင်းတာ။ စုန့်ဝမ်လည်း ကူညီဖို့ လက်ခံပြီး ပြန်လာခဲ့လိုက်တယ်။
အခန်း(၈၁)
အပြန်လမ်းမှာ ဂိုဏ်းတူအကိုရှုအကြောင်း တွေးရင်း စုန့်ဝမ် စိတ်မကောင်း ဖြစ်သွားတယ်။ အင်မော်တယ်လမ်းစဥ် လျှောက်လှမ်းရင် သေမျိုးလောကနဲ့ အဆက်ဖြတ်ရတာ ထုံးစံဆိုပေမယ့် နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူအတွက်က နည်းနည်းပို ခက်တယ်။ ဂိုဏ်းတူအကိုရှုသာ လမ်းမှန်ကျင့်ကြံသူဖြစ်ရင် သူကိုယ်တိုင် သွားတာပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေကို အကူအညီ တောင်းတာပဲဖြစ်ဖြစ် လုပ်ရလွယ်တယ်။ ခုတော့ နတ်ဆိုးလမ်းစဥ် လိုက်စားသူဖြစ်လို့ ကိုယ်တိုင် သွားတွေ့ရင် အဆင်မသင့်တာ တစ်ခုခုဖြစ်ရင် မိသားစုရော၊ သူ့အတွက်ပါ မကောင်းဘူး။ မိတ်ဆွေတွေကလည်း နတ်ဆိုးကျင့်ကြံသူတွေဖြစ်လို့ စိတ်မချရဘူး။ စုန့်ဝမ်က ကျင့်ကြံတာ မကြာသေးသလို၊ စိတ်နှလုံး ကောင်းမွန်သေးတာ သိနေလို့ အကူအညီ တောင်းခဲ့တာ။
စုန့်ဝမ်တစ်ယောက် ဂိုဏ်းတူအကိုရှုအကြောင်း တွေးတောရင်း အနာဂတ်မှာ ယုံကြည်ရတဲ့ မရှိ၊ သံသယနဲ့ သတိကပ်ရင်း အထီးကျန်လျှောက်လှမ်းရမယ့် နတ်ဆိုးကျင့်ကြံသူဘဝကို တွေးမိပြီး စိတ်မောသွားတယ်။ လမ်းမှန်ကျင့်စဥ်ဖြစ်တဲ့ သက်ရှည်နည်းစနစ်နဲ့ အစပြုခဲ့ပြီးမှ နတ်ဆိုးလမ်းစဥ်ပေါ် ရောက်သွားရတဲ့ ကံကြမ္မာ အလှည့်အပြောင်းက ဆိုးလွန်းတယ်။ အခုမှ ပြန်ပြင်ဖို့လည်း မဖြစ်နိုင်တော့ဘူး။
လိုဏ်ဂူအိမ် ပြန်ရောက်တာနဲ့ ခေါင်းပွချီကာဒါသစ်ကို သန့်စင်ဖို့ လုပ်တယ်။ အရင်ဆုံး စိတ်နဲ့ ဝိညာဥ်စွမ်းအင် ချိန်ညှိဖို့ လုပ်တယ်၊ အသင့်ဖြစ်တာနဲ့ ခေါင်းပွချီကာဒါသစ်သားကို ကိုင်ပြီး ရထားတဲ့ သန့်စင်နည်းစနစ်အတိုင်း ဝိညာဥ်စွမ်းအင် ထည့်သွင်းပြီး စတင်ထိန်းချုပ်တယ်။ ခဏနေတော့ အလုံးစုံ ထိန်းချုပ်မိတာနဲ့ သစ်သားထဲ ထူးခြားတဲ့လေဟာနယ်မှာ တည်ရှိနေတဲ့စွမ်းအင်ကို ခန္ဓာကိုယ်ဆီ လွှဲပြောင်းယူခဲ့တယ်။ သစ်သားစွမ်းအင်က အကြောတွေထဲ ဖြတ်သန်းစီးဝင်ရင်း ဒန်တန်ထဲထိ ဝင်ရောက်လာတယ်။ ကျန်းရှောင်ဖန်းရဲ့ဆရာအဆိုအရ ခေါင်းပွချီကာဒါသစ်သားမှာ ကိန်းအောင်းနေတဲ့စွမ်းအင်က လောကမှာ ရှိရှိသမျှ ညစ်ညမ်းစွမ်းအင်တွေဆီက ညစ်ညမ်းချီအနှစ်ကို လျော့ပါးအောင် သန့်စင်ချေဖျက်ပြီး လက်ခံခန္ဓာနဲ့ သဟဇာတ ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်တဲ့။
လုပ်ငန်းစဥ်က သိမ်မွေ့နက်နဲပြီး အချိန်အတော်ယူရတယ်။ ၇ ရက်တိတိ သန့်စင်ပြီးမှပဲ စုန့်ဝမ် လက်စသတ်နိုင်ခဲ့တယ်။ အားလုံးပြီးလို့ ပြန်စစ်ဆေးတော့ ထိန်းမနိုင်အောင် ရုန်းကန်ကြွတက်နေတဲ့ ရုပ်အလောင်းချီက တည်တည်ငြိမ်ငြိမ် ချောချောမွေ့မွေ့ စီးဆင်းနေပြီ။ ဖုတ်ကောင်အသွင်ပြောင်းဖြစ်စဥ် ဖြစ်နိုင်ခြေ မရှိသလောက် လျော့ပါးသွားတယ်။ လက်ထဲကိုင်ထားတဲ့ ခေါင်းပွချီဒါသစ်သားက ကျောက်စိမ်းအရောင်ကနေ မီးခိုးရောင် ပြောင်းသွားပြီ နည်းနည်းဖိညှစ်လိုက်တာနဲ့ အမှုန်အမွှားတွေအဖြစ် ကြေမွသွားတယ်။
…………………