← Chapters

ကူပိုးကောင်ကို အဆင့်မြှင့်မယ်

Vol. 7 Ch. 82

ကူပိုးကောင်ကို အဆင့်မြှင့်မယ်

Vol. 7 Ch. 82

စုန့်ဝမ် ထရပ်လိုက်ချိန် ခန္ဓာကိုယ်ထဲ ထူးခြားတဲ့ လှုပ်ရှားမှုတွေ အာရုံခံမိပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။ ကူပိုးကောင်တွေဆီကပဲ၊ အခုမှပဲ ကုသတဲ့လုပ်ငန်း မစတင်ခင် ကူပိုးကောင်တွေ အစာကျွေးပြီး အပြင်လွှတ်ရမှာ မေ့ခဲ့တာကို ပြန်သတိရသွားတယ်။ တော်သေးတာပေါ့၊ အဆာလွန်ပြီး မသောင်းကျန်းကြလို့။ စုန့်ဝမ် ပါးစပ်ဟပြီး ကူပိုးကောင်တွေကို အပြင်လွှတ်လိုက်တယ်။ ကူပိုးကောင်တွေလည်း ပြင်ဆင်ပေးထားတဲ့အစာတွေ စားသောက်ပြီး ဂူအနှံ့ ပျံဝဲနေတယ်။ သူတို့ကို ကြည့်ပြီး အရိုးပိုးကောင်ပုံဆောင်ခဲကို ပြန်သတိရလာတယ်။

ရှေးဟောင်းစစ်မြေပြင် မြေအောက်လိုဏ်ထဲမှာ ကူပိုးကောင်တွေ အရိုးပိုးကောင်အသေတွေဆီက ပုံဆောင်ခဲတွေကို စားနေတာ သတိထားမိခဲ့တယ်။ တစ်ခုခု ပြောင်းလဲမလား စောင့်ကြည့်ပေမယ့် ခုထိတော့ ဘာမှ ထူးမလာသေးဘူး။ အကြောင်းက အာနိသင်ပြနိုင်တဲ့အထိ လုံလုံလောက်လောက် မစားရသေးလို့များလား။ သိုလှောင်အိတ်ထဲမှာ အရိုးပိုးကောင်အသေ တစ်ရာလောက် ရှိနေလို့ တစ်ခုယူပြီး ပုံဆောင်ခဲကို ထုတ်ယူစစ်ဆေးလိုက်တယ်။ ပုံဆောင်ခဲအော်ရာက အရမ်းရှုပ်ထွေးတယ်၊ ဝိညာဥ်စွမ်းအင်၊ တစ္ဆေစွမ်းအင်၊ ရုပ်အလောင်းစွမ်းအင်တွေ ရောယှက်ပါဝင်နေတယ်။ ကြည့်နေရုံနဲ့ နားလည်မှာ မဟုတ်လို့ လက်တွေ့စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူပိုးကောင်တွေထဲက နည်းနည်းအားနည်းတဲ့တစ်ကောင် ခေါ်ယူပြီး ပုံဆောင်ခဲကို ချကျွေးလိုက်တယ်။

ဝမ်းမည်းကူကောင်က ဆန်စေ့အရွယ်ပဲ ရှိပေမယ့် အရိုးပိုးကောင်ပုံဆောင်ခဲက ပြောင်းဖူးစေ့အရွယ်ပဲ ရှိတော့ ခဏလေးအတွင်း အပြောင်ရှင်းပစ်လိုက်တယ်။ စားပြီးပေမယ့် ကျေနပ်ပုံ မရသေးဘူး။ စုန့်ဝမ်ဘေးမှာ ပတ်ချာလှည့် ပျံသန်းနေပြီး ကလေးတွေ မုန့်တောင်းသလို တောင်းနေတယ်။

စုန့်ဝမ် နောက်တစ်ခု ထပ်ကျွေးတော့လည်း ချက်ချင်း ကုန်သွားတယ်။ ကျွေးရင်း၊ ကျွေးရင်းနဲ့ ပုံဆောင်ခဲ ၇၀ လောက် ကုန်သွားတော့မှ ဒီကောင် စားပိုးနင့်မှာ စိုးရိမ်လို့ ဆက်မကျွေးဘဲ ရပ်လိုက်တယ်။ ကူပိုးကောင်လည်း အစာဝသွားတော့ ဟိုဟိုဒီဒီ လျှောက်မပျံဘဲ စုန့်ဝမ်လက်ပေါ်တင် လှဲနေတယ်။ ခဏနေတော့ သူ့အမြီးဖျားကနေ ပိုးမျှင်တွေ ထွက်လာပြီး၊ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်လာတယ်။ သိပ်မကြာခင် ပိုးအိမ်တွေထဲ ရောက်သွားတယ်။

ကြည့်နေရင်း စုန့်ဝမ် စိတ်လှုပ်ရှားလာတယ်။ ကူပိုးကောင်တွေ ပိုးအိမ်ဖွဲ့တာ သားလောင်းအဆင့်ကနေ၊ ကူပိုးကောင်စစ်စစ်အဖြစ် ကူးပြောင်းချိန်မှာပဲ ရှိခဲ့ဖူးတယ်။ အခု နောက်တစ်ကြိမ် ပိုးအိမ်ဖွဲ့တာ ကြီးကြီးမားမား အသွင်ပြောင်းဖို့ပဲ ဖြစ်ရမယ်။ ကူပိုးကောင် ပိုးအိမ်ထဲ ရောက်သွားပေမယ့် ပိုးအိမ်က ထူထူထဲထဲ ဖြစ်အောင် ဆက်ဖွဲ့နေသေးလို့ စုန့်ဝမ် တောက်လျှောက် စောင့်ကြည့်နေရတယ်။ နာရီဝက်လောက်နေမှ ပိုးအိမ်ဖွဲ့တဲ့ဖြစ်စဥ် အပြီးသတ်သွားတယ်။

ပိုအစွမ်းထက်တဲ့ ကူပိုးကောင် ရတော့မယ်ဆိုပြီး ဝမ်းသာနေချိန် အရိုးပိုးကောင်ပုံဆောင်ခဲ ၄၀ လောက်ပဲ ကျန်တော့တာ တွေးမိလို့ စိတ်မသက်မသာ ဖြစ်သွားတယ်။ ဒီပမာဏက နောက်တစ်ကြိမ်စာအတွက် မလုံလောက်ဘူး။ မျိုးပွားနှုန်း အရှိန်မြှင့်ဖို့ဆို ကူပိုးကောင် အဖို၊ အမ ချိန်ခွင်လျှာမျှအောင် မွေးထုတ်ရမှာ။

စုန့်ဝမ်လည်း လိုအပ်နေတဲ့ အရိုးပိုးကောင်ပုံဆောင်ခဲကို တောင်ခြေစျေးမှာ ရှာဝယ်ဖို့ တွေးမိသွားတယ်။ စျေးထဲက လေလွင့်ကျင့်ကြံသူတွေရော၊ အလောင်းနတ်ဆိုးဂိုဏ်းသားတွေပါ ရှေးဟောင်းစစ်မြေပြင်နယ်မြေကို သွားလေ့သွားထ ရှိတော့ တစ်ယောက်ယောက်မှာ ရှိလောက်တယ်။

အရိုးပိုးကောင်ပုံဆောင်ခဲ ရှာဖွေတာနဲ့ ကျင့်ကြံမှု အရှိန်မြှင့်ဖို့ အချိန်ရအောင် ယွမ်ချန်ကို အကြောင်းပြချက်တစ်ခု ပေးပြီး ခွင့်ဆယ်ရက် ယူလိုက်တယ်။ စျေးတစ်ပတ် လှည့်ကြည့်ပေမယ့် အရိုးပိုးကောင်ပုံဆောင်ခဲ ရောင်းတဲ့သူ လုံးဝမတွေ့ရဘူး။ ဒါကြောင့် ကိုယ်ပိုင်ဆိုင် ဖွင့်ပြီး ဝယ်ယူဖို့ ဆုံးဖြတ်လိုက် ရတယ်။ ဆိုင်တွေကတဆင့် ရှာခိုင်းရင် အချိန်ကြာပြီး၊ စျေးပိုကြီးမယ်လေ။

ဆိုင်နေရာရှာရင်း ဂိုဏ်းတူအကိုရှုရဲ့ ဆိုင်နေရာ လွတ်နေလို့ အဲဒီမှာပဲ ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆိုင်နေရာအရောက် ဘေးဆိုင်က ချန်ယီ့ဆိုင် ဖြစ်နေလို့ စုန့်ဝမ် အံအားသင့်သွားတယ်။ ချန်ယီလည်း ဆိုင်နေရာ ပြောင်းပြီပေါ့။

“ညီမလေးချန် .. အရောင်းအဝယ် ကောင်းရဲ့လား”

ချန်ယီကို တွေ့တာနဲ့ ရင်းရင်းနှီးနှိး နှုတ်ဆက်လိုက်တယ်။ ချန်ယီက အလောင်းနတ်ဆိုးဂိုဏ်းမှာ ရှိစုမဲ့စု အသိအကျွမ်းနှစ်ယောက်ထဲက တစ်ယောက်လေ။

“အယ် .. ကျိယင် အကိုကြီး၊ ပြန်လာပြီလား။ အကို ရှာနေတာရော တွေ့လား”

“ရခဲ့ပြီ၊ ဒီအတွက် ညီမကို ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို လျှို့ဝှက်ထားပေးဦးနော်”

ချန်ယီက လေးနက်တဲ့ အမူအရာနဲ့ ခေါင်းညိမ့်ပြတယ်။

“စိတ်မပူပါနဲ့၊ ညီမ နားလည်ပါတယ်။ ဒါနဲ့ အကိုကြီး ဝိညာဥ်ဆေးပင် လာဝယ်တာလား။ လိုတာရှိရင် ပြောနော်”

“မဝယ်သေးပါဘူး။ လမ်းကြုံလို့ စျေးထဲဖြန်သွားရင် ညီမကို တွေ့လို့ လာနှုတ်ဆက်တာ”

နေ့လည်နေ့ခင်း စျေးထဲ လူရှင်းချိန်ဖြစ်နေလို့ စုန့်ဝမ်လည်း ချန်ယီနဲ့ ခဏတဖြုတ် စကားပြောဖြစ်တယ်။ ချန်ယီက စတုတ္ထအဆင့် ဝိညာဥ်အမြစ်ပဲ ပိုင်ဆိုင်လို့ ကျင့်ကြံမှုမှာ ခရီးသိပ်မပေါက်ဘူး။ ချီစုစည်းခြင်း တတ်ယအဆင့်ပဲ ရောက်သေးတယ်။ ဝိညာဥ်ဆေးပင် စိုက်ပျိုးတဲ့အလုပ်ကလည်း အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၀ လုံးပဲ လစာရတော့ အရင်းအမြစ်တွေလည်း မဝယ်နိုင်ဘူး။ ကျန်းရှောင်ဖန်း အကူအညီနဲ့ ဝိညာဥ်ဆေးပင်တွေ ရောင်းချနိုင်လို့သာ အရင်းအမြစ်တချို့ ဝယ်ယူနိုင်ပြီး တတိယအဆင့် ရောက်လာတာ။ သူ့အတွက်က အတွင်းစည်းတပည့်ဖြစ်ဖို့ မျှော်လင့်ချက် မရှိဘူး။ အခြေခံတည်ဆောက်ခြင်းဆေးလုံး ရယူနိုင်ဖို့ဆို ဝေးရော။ အခြေတည်အဆင့် တက်ဖို့က အခြေခံတည်ဆောက်ခြင်းဆေလုံး အသုံးပြုနိုင်မှာ အောင်မြင်ဖို့ ရာခိုင်နှုန်း များတယ်။ ဂိုဏ်းတူအကိုရှု ပြင်ပထွက်ပြီး အခြေတည်အဆင့် တက်ဖို့ နည်းလမ်း ရှာရတာ ဂိုဏ်းကနေ ဆေးလုံးမရလို့ ဖြစ်မယ်။

ချန်ယီက အင်မော်တယ်လမ်းစဥ်ကို သိပ်ပြီး မက်မက်မောမော မရှိလို့ သူ့အတွက် အခြေတည်အဆင့် မတက်နိုင်တာက ပြဿနာ မဟုတ်ဘူး။ သူ့ရည်ရွယ်ချက် ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ပဲတဲ့။ ဆေးခန်းမ အတွင်းတပည့်ဖြစ်နေတဲ့ ကျန်းရှောင်ဖန်းအရိပ်အောက် ခိုလှုံနေရလို့ ဒီနှစ်တွေအတွင်း နှောင့်ယှက်ခံရတာ မရှိဘဲ အေးအေးဆေးဆေး နေနိုင်ခဲ့တယ်တဲ့။ ဒါပေမယ့် ချန်ယီ့စကားနဲ့ ဟန်ပန်အမူအရာတွေကတဆင့် တချို့အရာတွေ စုန့်ဝမ် ရိပ်မိခဲ့တယ်။ ကျန်းရှောင်ဖန်းက အရင်လို့ ရိုးသား၊ သဘောကောင်းတဲ့လူငယ်လေး မဟုတ်တော့ဘူး။ သူ့ဆီက စောင့်ရှောက်ကူညီမှု ရဖို့အတွက် ချန်ယီအနေနဲ့ ကိုယ့်ကျင့်တရားပိုင်း မေးခွန်းထုတ်စရာ ရင်းနှီးမြုပ်နှံ့မှုတွေ လုပ်ခဲ့ရတယ်။ ချန်ယီက ဂိုဏ်းကို သံယောဇဥ် မရှိကြောင်း၊ သူ့ဘဝ နောက်ပိုင်းကာလတွေမှာ သေမျိုးလောကဆီ အရောက်ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးချင်ကြောင်း ရင်ဖွင့်ခဲ့တယ်။

မွန်းလွဲပိုင်းရောက်တော့ လူစည်လာပြီ။ စုန့်ဝမ်လည်း ချန်ယီကို နှုတ်ဆက်ပြီး စျေးက ပြန်ထွက်လာခဲ့တယ်။ စျေးအပြင်ဘက် ရောပ်တာနဲ့ လူရှင်းတဲ့နေရာရှာပြီး သိုလှောင်အိတ်ထဲ ပါလာတဲ့ဝတ်စုံကို လဲဝတ်တယ်။ အဝတ်လဲပြီး ပြန်ထွက်လာတော့ ရုပ်ရည်နဲ့ အော်ရာပါ ပြောင်းပြီး လေလွင့်ကျင့်ကြံသူအသွင် ဖြစ်သွားပြီ။

ရုပ်ဖျက်ပြီးတာနဲ့ စျေးထဲ ပြန်ဝင်လာပြီး ချန်ယီဆိုင်ဘေးက နေရာလွတ်အခန်းမှာ ဆိုင်ဖွင့်လိုက်တယ်။ နေရာ ပြင်ပြီးတာနဲ့ “ရှေးဟောင်းစစ်မြေပြင်မှ အရိုးပိုးကောင် ပုံဆောင်ခဲများ စျေးကောင်းပေးဝယ်သည်”ဆိုတဲ့ ဆိုင်းဘုတ်ငယ်တစ်ခု တပ်လိုက်တယ်။

ဆိုင်းဘုတ်တင်လိုက်တာနဲ့ စျေးစီမံခန့်ခွဲရေးအဖွဲ့သားတစ်ယောက် ရောက်လာပြီး ဆိုင်ခန်းခ ကောက်တယ်။ စုန့်ဝမ်က အဆင့်နိမ့်ဝိညာဥ်ကျောက် ၅ လုံး ထုတ်ပေးပြီး အေးအေးဆေးဆေး ထိုင်စာင့်နေခဲ့တယ်။

ဆိုင်ချင်း ကပ်နေပေမယ့် ချန်ယီက အော်ရာပါ ပြောင်းလဲထားတဲ့ စုန့်ဝမ်ကို မမှတ်မိဘူး။ လေလွင့်ကျင့်ကြံသူတစ်ယောက်လို့ပဲ ယူဆလိုက်တယ်။ ဝိညာဥ်ဆေးပင်တွေ အရောင်းသွက်တော့ သူ့ဟာသာ အလုပ်ရှုပ်နေတယ်။

စုန့်ဝမ်ဆိုင်ကတော့ လူသူကင်းရှင်းနေတယ်။ စုန့်ဝမ်က အလျင်မလိုဘူး။ အရိုးပိုးကောင်ပုံဆောင်ခဲက ရှေးဟောင်းစစ်မြေပြင် သွားတဲ့သူ ရှိရင်တောင် ယူလာသူရှိမှ ဝယ်လို့ရမှာလေ။

………………..

All Chapters