မဟူရာကူပိုးကောင်
Vol. 7 Ch. 83
ညပိုင်းရောက်တော့ စျေးထဲ လူရှင်းလာပြီ။ ချန်ယီလည်း မမှောင်ခင် ဆိုင်သိမ်းပြီး ပြန်သွားတယ်။ ည ၇ နာရီလောက်နေတော့ စုန့်ဝမ်ဆီ လူတစ်ယောက် ရောက်လာတယ်။ ရောက်လာသူက အပြင်စည်းတပည့်ဝတ်စုံဝတ်ပြီး ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ရှိနေတာကြောင့် စုန့်ဝမ် စိတ်ဝင်စားသွားတယ်။ ဒီအဆင့်လောက်မှ ရှေးဟောင်းစစ်မြေပြင်နယ်မြေကို သွားရဲမှာ မဟုတ်လား။
“မင်းက အရိုးပိုးကောင်ပုံဆောင်ခဲ ဝယ်ချင်တာလား”
“ဟုတ်ပါတယ်၊ ပစ္စည်းပါလာလား”
“ငါ့မှာ အရိုးပိုးကောင်အသေတွေ ရှိတယ်။ ပုံဆောင်ခဲတော့ မထုတ်ရသေးဘူး။ ဒါပေမယ့် ဝယ်ချင်ရင် အဲဒီပုံဆောင်ခဲက ဘာအသုံးဝင်လဲဆိုတာ ပြောပြရမယ်”
ထင်မှတ်မထားတဲ့ ကမ်းလှမ်းချက်ကြောင့် စုန့်ဝမ် အံအားသင့်သွားတယ်။ စျေးထဲမှာ ရှာမရတည်းက အသုံးပြုသူ မရှိနိုင်ဘူးလို့ တွေးထားပေမယ့် ဒီလိုမေးလာသူ ရှိမယ်လို့ မထင်ခဲ့မိဘူး။ ဆိုင်းဘုတ်မှာ အရိုးပိုးကောင်လို့ မရေးဘဲ တိတိကျကျ ရေးမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်မိတယ်။
“ကျနော်လည်း အတိအကျတော့ မသိဘူး။ အကြီးအကဲရှီ ခိုင်းလို့ ဝယ်ပေးတာပါ”
တဖက်လူက အပြင်စည်းဂိုဏ်းသားဖြစ်လို့ အကြီးအကဲရှီနာမည် ယူသုံးပြီး ခပ်တိုးတိုး ပြောလိုက်တယ်။ ငါတောင် တပည့်ဝတ်စုံ မဝတ်ဘဲ၊ ရုပ်ဖျက်ဝယ်နေရတည်းက အကြီးအကဲရှီက လူသိရှင်ကြား မဖြစ်စေချင်ဘူးဆိုတဲ့ သဘောပေါ့။
အပြင်စည်းတပည့်လည်း တွန့်သွားတယ်။
“အကြီးအကဲရှီရှို့”
ခပ်တိုးတိုး ရွတ်လိုက်ပေမယ့် စုန့်ဝမ်က အမူအရာ မပျက်တဲ့အပြင် ရိုးသားဟန်ပေါ်နေလို့ ဆက်မမေးရဲတော့ဘူး။ အကြီးအကဲတစ်ယောက် တိုးတိုးတိတ်တိတ် လုပ်ခိုင်းတာကို စပ်စုမိတယ်ဆိုတာ အပြင်စည်းတပည့် ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူးလေ။
“အကြီးအကဲရှီ လိုချင်တာဆိုရင် ငါမစပ်စုရဲပါဘူး။ ငါ့မှာ အရိုးပိုးကောင်အလောင်း ၁၀ ခု ရှိတယ်။ ငါရိုင်းပြမိတာ တောင်းပန်တဲ့အနေနဲ့ အကြီးအကဲဆီ လက်ဆောင်အဖြစ် ဂိုဏ်းတူညီအကိုကပဲ ပို့ပေးပါ”
စုန့်ဝမ်က တွေဝေမနေဘဲ လက်ခံယူပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်တယ်။
“အကြီးအကဲရှီက ဒါတွေ အရေးတကြီး လိုနေတာ။ ဆယ်ကောင်ဆို သွားပို့လို့ ရပြီ။ ဂိုဏ်းတူအကိုကို ကျေးဇူးတင်ပါတယ်။ ခွင့်ပြုပါဦး”
အပြင်စည်းတပည့် ထွက်သွားတာနဲ့ စုန့်ဝမ်လည်း ဆိုင်းဘုတ်ဖြုတ်၊ ဆိုင်သိမ်းပြီး ထွက်လာခဲ့တယ်။ စုန့်ဝမ် ခပ်လှမ်းလှမ်း ရောက်တာနဲ့ အရိုးပိုးကောင် ပေးသွားတဲ့ အပြင်စည်းတပည့် မှောင်ရိပ်ထဲက ထွက်လာပြီး စုန့်ဝမ်နောက် လိုက်လာခဲ့တယ်။ စုန့်ဝမ်ကို ချီစုစည်းခြင်း စတုတ္ထအဆင့်လို့ သိထားတော့ ပေ ၇၀၀ အကွာက ခွာပြီး လိုက်လာတယ်။ ဒါက စတုတ္ထအဆင့် ကျင့်ကြံသူ ဝိညာဥ်အာရုံ ဖြန့်ကြတ်နိုင်စွမ်းရဲ့ အပြင်ရောက်နေပြီလေ။ ဂိုဏ်းနဲ့ နီးနေသရွေ့တော့ သူမလုပ်ရှားရဲသေးဘူး။ အကြီးအကဲတစ်ယောက် နာမည်သုံးတာ မှန်မှန်၊ မှားမှား သတိထားတာ အကောင်းဆုံးပဲ။
လိုက်နေရင်း ရုတ်တရက် ချီစုစည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူ ပုံမှန်အမြန်နှုန်းထက် ကျော်လွန်ရွေ့လျားသွားတာ သိလိုက်ရလို့ ပြုံးမိသွားတယ်။
“သွေးလွတ်မြောက်နည်းစနစ် သုံးတယ်ပေါ့။ ဒါကို မင်းတစ်ယောက်ပဲ တတ်တယ် ထင်နေတာလား။ ငါလည်း လေ့ကျင့်ထားတယ်၊ ဘယ်သူပိုစွမ်းမလဲ ကြည့်ကြသေးတာပေါ့”
စုန့်ဝမ် အလျင်စလို လှုပ်ရှားလေ၊ လိုက်လာသူက တစ်ခုခု ဖုံးဖိထားလားဆိုတဲ့ သံသယနဲ့ ဖိလိုက်လေပဲ။ ၁၅ မိနစ်လောက် ပြေးလွှားပြီးတော့ ဂိုဏ်းကနေ ဆယ်မိုင်အကွာမှာ ရှိတဲ့ ရေကန်ဆီ ရောက်လာတယ်။ ရေကန်နားအရောက် ရှေ့ကပြေးနေတဲ့ စုန့်ဝမ်ရဲ့အော်ရာ ရုတ်တရက် ပျောက်သွားလို့ နောက်ကလိုက်သူ အံအားသင့်သွားတယ်။
“ဒီကောင် ဘယ်ရောက်သွားတာလဲ”
လိုက်လာသူ အပြင်စည်းတပည့် စိတ်ရှုပ်သွားပြီး ရေကန်နားက မှောင်ရိပ်ထဲ တဝဲလည်လည် လိုက်ရှာနေတယ်။
လိုက်ရှာသူ အာရုံများနေချိန် အမှောင်ထုထဲက ဝိညာဥ်ဖြိုခွဲဆူးချွန် အရှိန်နဲ့ ပစ်လွှင့်လာတယ်။ လက်နက်က အလယ်အဆင့်ပေမယ့် အသုံးပြုသူက အားနည်းတော့ သူ့အတွက် အန္တရာယ် မရှိဘူး။
“လှည့်ကွက်လေး လာပြနေပြန်ပြီ”
လိုက်လာသူ အပြင်စည်းတပည့်က ချီစုစည်းခြင်း ပဥ္စမအဆင့် အလောင်းရုပ်သေးကို ထုတ်ပြီး ကာကွယ်ခိုင်းလိုက်တယ်။ သူက ဝိညာဥ်ဖြိုခွဲဆူးချွန် ထွက်လာတဲ့ ပေ ၁၅၀ အကွာက ချုံပုတ်ဆီ ဓားမြှောင်တစ်ချောင်း ထုတ်ယူပြီး အားကုန်သုံး ပစ်လွှတ်လိုက်တယ်။
“ဒုတ်”
ဓားမြှောင်စိုက်ဝင်သွားတဲ့ အသံကြောင့် အားပါးတရ ပြုံးရင်း ဟိတ်ဟန်အပြည့် လမ်းလျှောက်သွားချိန် သူ့ဘောင်းဘီပေါ် ပိုးကောင်အုပ်စု တက်လာတာ သတိမထားမိလိုက်ဘူး။
“အား .. “
ခြေလှမ်း ၂ လှမ်းပဲ လှမ်းရသေးတယ်၊ ပိုးကောင်အုပ်စုက ဂွဆုံကနေ ဖောက်ဝင်ပြီး ကိုက်ဖြတ်လိုက်ကြလို့ ငယ်သံပါအောင် အော်ဟစ်ရင်း လဲကျသွားတယ်။ အသက်တစ်ရှိုက်စာအတွင်းမှာ ဝေဒနာကို မချိမဆန့် ခံစားရင်း အသက်ထွက်သွားပါတော့တယ်။
လိုက်လာသူ လဲကျသွားတာနဲ့ စုန့်ဝမ်က သူပစ်လိုက်တဲ့ ဓားမြှောင်ကို ကိုင်ပြီး ချုံပုတ်ထဲက ထွက်လာတယ်။ အလောင်းရုပ်သေးလည်း သခင်သေသွားလို့ မလှုပ်မယှက် ရပ်နေတယ်။ စုန့်ဝမ်က အလောင်းနား ကပ်လာပြီး ဝိညာဥ်ကို အမြန်စုပ်ယူလိုက်တယ်။
ဝိညာဥ်ကို စုပ်ယူပြီးတာနဲ့ သိုလှောင်အိတ်နဲ့ အလောင်းရုပ်သေးအိတ်ကို ယူပြီး၊ အလောင်းကို မီးတောက်အဆောင်နဲ့ ပြာချ ဖျောက်ဖျက်ပစ်လိုက်တယ်။ ပြာကိုပါ လေဓားနည်းစနစ်နဲ့ လေထဲလွင့်ပါအောင် ဖျောက်ပစ်ခဲ့တယ်။ သိုလှောင်အိတ် ဖွင့်စစ်တော့ အဆင့်နိမ့်ဝိညာဥ်ကျောက် လေးရာပဲ တွေ့လို့ ဆဲတောင် ဆဲမိသွားတယ်။
“သူတောင်းစားကတော့ကွာ”
အရိုးပိုးကောင်အလောင်း ၅၀ ထပ်တွေ့ရလို့ ဝိညာဥ်ကျောက်နဲ့အတူ တပါတည်း သိမ်းလိုက်တယ်။ တခြားတန်ဖိုးရှိတာ ဘာမှမတွေ့ရဘူး။ ဘာမှယူမနေတော့ဘဲ ဓားမြှောင်ပါ ပြန်ထည့်လိုက်တယ်။ အလောင်းရုပ်သေးကိုလည်း ပြန်ထည့်သိမ်းခဲ့တယ်။ အနီးဝန်းကျင် သဲလွန်စ မကျန်အောင် ရှင်းပြီးတာနဲ့ ထွက်လာခဲ့ပြီး ဆယ်မိုင်အကွာအဝေး ရောက်မှ သိုလှောင်အိတ်နဲ့ အလောင်းရုပ်သေးအိတ်ကို မြေမြုပ်ဖျောက်ဖျက်လိုက်တယ်။ ဂိုဏ်းသားချင်း သတ်ရတာဆိုတော့ လူမသိလေ ပိုကောင်းလေပဲ။ ပစ္စည်းတွေ ယူသုံးရင် မတော်တဆ ပေါ်သွားနိုင်တယ်။ အလောင်းရုပ်သေးက ချီစုစည်းခြင်း ပဥ္စမအဆင့်ဆိုတော့ မက်လောက်စရာ မရှိဘူး။
.........
ကျန်တဲ့ခွင့်ရက် ၉ ရက်လုံးလုံး လိုဏ်ဂူအိမ်ထဲ အခန်းအောင်းပြီး ကြားမှာ လစ်ဟာသွားတဲ့ ကျင့်ကြံမှုအချိန်ကို ကာမိအောင် ဖိဖိစီးစီး ပြန်ကျင့်ကြံနေခဲ့တယ်။ သူသတ်လိုက်တဲ့သူ ဘယ်သူလဲ၊ ဂိုဏ်းက စုံစမ်းနေလားတောင် အပြင်ထွက် စနည်းမနာခဲ့ဘူး။ သဲလွန်စ မကျန်အောင် လုပ်ခဲ့ရင် မဆိုင်သလိုနေတာ အကောင်းဆုံးပဲ။ မလုံမလဲနဲ့ လိုက်စုံစမ်းမှ ပေါ်သွားမှာ။
ကျင့်ကြံနေရင်း ချီစုစည်းခြင်း နဝမအဆင့် အလောင်းရုပ်သေးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုးစားသန့်စင်ခဲ့တယ်။ ကျင့်ကြံမှုအဆင့် ကွာဟချက် ကြီးမားလို့ ဖြေးဖြေးချင်း အချိန်ယူ သန့်စင်နေရတယ်။ ပိုးအိမ်ထဲက ဝမ်းမည်းအတောင်မာကူကလည်း လုံးဝကို မလှုပ်သေးဘူး။ ဒါနဲ့ နောက်အကောင်တွေကို အရိုးပိုးကောင်ပုံဆောင်ခဲ မကျွေးသေးဘဲ စောင့်ကြည့်နေခဲ့တယ်။
ခွင့်ဆယ်ရက် ကုန်ဆုံးသွားတာနဲ့ နောက်နေ့ မနက်စောစော အလောင်းခွဲစိတ်လိုဏ်ဂူဆီ စုန့်ဝမ် အရောက်လာခဲ့တယ်။ ယွမ်ချန်က ခွဲစိတ်ရမယ့်အလောင်းတွေ ထုတ်ပေးပြီးတာနဲ့ စုန့်ဝမ် လုပ်ငန်းစခဲ့တယ်။
တခြား အလောင်းခွဲစိတ်သူတွေ ရောက်လာတော့ စုန့်ဝမ် ပြန်ရောက်နေတာ မြင်ပြီး အံအားသင့်ကုန်ကြတယ်။ နတ်ဆိုးစွဲကပ်တာလို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ အလောင်းခွဲစိတ်သူတွေ အသက်ရှင်လျက် ပြန်ရောက်လာတာ အရမ်းရှားတယ် မဟုတ်လား။ ဒီလို ပြန်လာနိုင်တာကိုက အရည်အချင်း မြင့်မားကြောင်း သက်သေပြရာ ရောက်တယ်။
အရင်တည်းက စုန့်ဝမ်ကို အာရုံကျနေတဲ့ ခပ်ဝဝအမျိုးသမီးက အလုပ်ဆင်းချိန် စုန့်ဝမ်ဘေးက ဖြတ်ရင်း ခပ်တိုးတိုး ပြောသွားတယ်။
“မောင်လေးကျိယင်၊ အစ်မက ဇုန်(၂) လိုဏ်ဂူနံပါတ်(၇၄)မှာ နေတယ်။ မင်းလာလည်ချင်ရင် အချိန်မရွေး အသင့်ပဲနော်”
ပြောပြီးတာနဲ့ ယိမ်းနွဲ့ပြီး လျှောက်လှမ်းသွားတဲ့ အရပ် ၆ ပေ မြင့်တဲ့ ခပ်ဝဝအမျိုးသမီးကို ကြည့်ရင်း စုန့်ဝမ် ကိုယ့်လက်ကို ဓားနဲ့ ဖြတ်မိလုနီးနီး ဖြစ်သွားတယ်။ သူနဲ့သာဆိုရင် အားအင်ကုန်ခမ်းပြီး ထမ်းစင်နဲ့ သယ်ထုတ်နေရမှာ ကျိန်းသေပဲ။
........
ပိုးအိမ်ထဲ အောင်းနေတဲ့ ဝမ်းမည်းအတောင်မာကူလည်း ၁၅ ရက်မြောက်နေ့မှာ ပိုးအိမ်ထဲက ပြန်ထွက်လာတယ်။ အရွယ်အစား၊ ပုံသဏ္ဍာန် ပြောင်းမသွားပေမယ့် ခွန်အားကတော့ ချီစုစည်းခြင်း အဋ္ဌမအဆင့်ထိ ရောက်သွားပြီ။ ဒါပေမယ့် အဆင့်မြင့်ကူအဖြစ် တိုးတက်မလာလို့ နည်းနည်းတော့ စိတ်ပျက်သွားတယ်။ သေချာစစ်ကြည့်တော့ ခေါင်းကလွဲရင် တစ်ကိုယ်လုံး အနက်ရောင် ဖြစ်နေပြီး၊ ခေါင်းလေးပဲ မီးခိုးရောင် ကျန်တော့တယ်။ ခေါင်းပါ အနက်ရောင် ပြောင်းသွားရင် အဆင့်မြင့်ကူ ဖြစ်သွားနိုင်တယ်လို့ တွေးမိပြီး၊ မျှော်လင့်ချက် ပြန်ပေါ်လာပြန်တယ်။ ဒီကူပိုးကောင်ကို တခြားအကောင်တွေနဲ့ မတူအောင် မဟူရာကူလို့ နာမည်ပေးလိုက်တယ်။
မဟူရာကူက ပိုးအိမ်ထဲက ထွက်လာတည်းက ဆာလောင်ကြောင်း တောက်လျှောက်အချက်ပြနေလို့ ငွေရောင်ကျောက်တစ်ခု ချပေးပြီး သွေးအနှစ် ၈ စက်ပါ ချကျွေးလိုက်တယ်။ အကုန်ပြောင်အောင် စားပြီးတော့မှ မဟူရာကူက ဗိုက်ပြည့်ပြီလို့ အချက်ပြလာတယ်။ သူစားနေတာ ကြည့်နေတဲ့ စုန့်ဝမ်ကတော့ မျက်လုံးပြူးနေပြီ။ တစ်ခါစားရင် ငွေရောင်ကျောက်တစ်တုံးနဲ့ သွေးအနှစ် ၈ စက်။ ဒါက အဆင့်နိမ့်ဝိညာဥ်ကျာက် ၁၅ လုံးလေ။ ရေရှည်မှာ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ ဒီကောင် နင်းကန်စားတာ ပိုးအိမ်ထဲက ထွက်လာချိန် ဗိုက်ဆာနေတာကြောင့် ဖြစ်ပါစေလို့ပဲ ကောင်းကင်ကို တိုင်တည်ဆုတောင်းနေမိတော့တယ်။
ဘယ်လောက်ပဲကုန်ကုန် အဆင့်မြင့်ကူပိုးကောင် လိုချင်နေတော့ နောက်တစ်ကောင်ကို အဆင့်မြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတစ်ခါ အမတစ်ကောင် ရွေးခဲ့တယ်၊ ပထမကောင်က အထီးဆိုတော့ အဖို၊အမ တစ်စုံ ရမယ်။ ချီစုစည်းခြင်း ပဥ္စမအဆင့် ဝမ်းမည်းကူ အမတစ်ကောင် ထုတ်ယူပြီး အရိုးပိုးကောင်ပုံဆောင်ခဲ ကျွေးတယ်။ ထုံးစံအတိုင်း ပုံဆောင်ခဲ ၇၀ ကျော် စားပြီးတော့ ဗိုက်ဝသွားတယ်၊ ခဏနေတော့ ပိုးချည်မျှင်တွေ ထုတ်၊ ပိုးအိမ်တည်ဆောက်ပြီး ဝင်သွားတယ်။
စုန့်ဝမ်အကြည့်က ဂူထဲပတ်ပျံနေတဲ့ ဝမ်းမည်းကူပိုးကောင် သုံးဆယ်ကျော်ဆီ ရောက်သွားတယ်။ ပိုအင်အားကြီးတဲ့ မဟူရာကူကောင် ဖန်တီးနိုင်ပြီဆိုတော့ ဒီကောင်တွေက အရေးမပါတော့ဘူး။ ထိန်းသိမ်းထားလည်း ကုန်ကျစရိတ် တက်လာတာပဲ အဖက်တင်မယ်။ မဟူရာကူပိုးကောင်ကလည်း ဝမ်းမည်းကူတွေကို စားမလို၊ ဝါးမလို ကြည့်နေတယ်။ တိရစ္ဆာန်လောကမှာ အားကြီးသူက အနိုင်ယူတာ၊ ဇတ်တူသားစားတာ မထူးဆန်းဘူး။ ဒါနဲ့ အဆင့်မြှင့်တင်ဖို့ အဖို၊အမ တစ်စုံ ချန်ထားပြီး၊ အကုန်သတ်လိုက်တယ်။ မဟူရာကူကလည်း မဆိုင်းမတွ အကုန်စားပစ်လိုက်တယ်။
တစ်လခွဲလောက်နေတော့ ပိုးအိမ်ထဲက ကူပိုးကောင် ထွက်လာတယ်။ ပထမအကောင်လို တကိုယ်လုံး အနက်၊ ခေါင်းက မီးခိုရောင်နဲ့ ချီစုစည်းခြင်း အဋ္ဌမအဆင့်ခွန်အား ပိုင်ဆိုင်တယ်။ အဖို၊အမ တစ်စုံ မိတ်လိုက်ခိုင်းပြီး တစ်လနေတော့ ဥနှစ်လုံး ဥတယ်။ ကူအိုးထဲ တစ်လကြာ သားဖောက်အပြီး တစ်ကိုယ်လုံး အနက်ရောင် အစက်အပြောက်တွေ ပြည့်နေတဲ့ သားလောင်း ၂ ကောင် ပေါက်လာတယ်။ နောက်ထပ် တစ်လခွဲနေတော့ ပိုးအိမ်ကနေ မဟူရာကူ ၂ ကောင် ပေါက်လာတယ်။ သူတို့လည်း ချီစုစည်းခြင်း အဋ္ဌမအဆင့်ခွန်အား ပိုင်ဆိုင်ထားတယ်။ မျိုးပွားတာ အောင်မြင်ပြီဆိုတော့ ချန်ထားတဲ့ ဝမ်းမည်းကူနှစ်ကောင်ကို သတ်ပြီး အကောင်ပေါက်တွေကို ကျွေးလိုက်တယ်။
ကူပိုးကောင်တွေက ပိုးအိမ်က ထွက်ထွက်ချင်းပဲ အစာကို အလွန်အကြူး စားတာ၊ နောက်တော့ ပုံမှန်အတိုင်းပဲ စားကြတယ်။ တစ်ကောင်စီကို ဝိညာဥ်ပစ္စည်းတချို့နဲ့ သွေးအနှစ်တစ်စက်ပဲ တိုက်ကျွေးရလို့ တစ်ရက်ကို အဆင့်နိမ့်ဝိညာဥ်ကျောက် နည်းနည်းပဲ ကုန်တယ်။ ဒါလည်း သေးတဲ့စရိတ်တော့ မဟုတ်ဘူး။
…………….
မဟူရာကူလေးကောင် ရပြီးတဲ့နောက် အရေအတွက်ကို အရင်တိုးချဲ့ပြီးမှ ခွန်အားမြှင့်တင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှစ်ကောင်ထိ တိုးပွားအောင် မွေးခဲ့တယ်။ စရိတ်တော့ ကြီးတယ်။ တစ်လကို ဝိညာဥ်ကျောက် တစ်ထောင်လောက် ကုန်ကျတယ်။ စရိတ်ကာမိအောင် လစဥ် သွေးအနှစ် ၉ ပုလင်း ရောင်းရတယ်။ အလောင်းခွဲစိတ်ဂူက သွေးပင်လယ်လို ဖြစ်နေတော့ ဒီအတွက် စိတ်မပူရဘူး။ အရူးအမူး စုပ်ယူပြီး ရောင်းစားနေခဲ့တယ်။
ကူပိုးကောင် အဆင့်မြှင့်ဖို့ အားစိုက်သလို၊ ကျင့်ကြံမှုကိုလည်း အားစိုက်ခဲ့တယ်။ သံသယ မကင်းတဲ့ အလောင်းဘုရင်သွေးသန့်စင်ပညာကို ပုံမှန်ပဲ ကျင့်ကြံပြီး တားမြစ်ဝိညာဥ်ပညာကို ဦးစားပေး မြှင့်တင်တယ်။ ရှေးဟောင်းစစ်မြေပြင်မှာ ကျင့်ကြံသူလေးယောက်ရဲ့ ပြည့်စုံတဲ့ဝိညာဥ်ကို စုပ်ယူခဲ့သလို၊ ဝယ်ယူခဲ့ ဝိညာဥ်သုံးခုကိုပါ စုပ်ယူသန့်စင်ခဲ့လို့ တိုးတက်မှုနှုန်း အရမ်းမြန်ခဲ့တယ်။ နောက်ဆုံးမှာ ဝိညာဥ်အင်အားက ချီစုစည်းခြင်း နဝမအဆင့်နဲ့ ညီမျှတဲ့အထိ ရောက်လာတယ်။ စုန့်တေမ်လည်း ဝမ်းသာအားရနဲ့ နောက်ထပ် ကျင့်ကြံသူဝိညာဥ်တွေ ဝယ်ယူပြီး ချီစုစည်းခြင်း အထွတ်အထိပ်အဆင့်နဲ့ ညီမျှတဲ့အထိ မြှင့်တင်နိုင်ခဲ့တယ်။
အင်အားမြှင့်တင်ပြီးချိန် တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ဖို့ စုန့်ဝမ် စဥ်းစားလာရတယ်။ ဒီအချက် ရှေးဟောင်းစစ်မြေပြင်နယ်မြေမှာ သူ့ရဲ့အားနည်းချက် ဖြစ်ခဲ့တယ် မဟုတ်ပါလား။ ဒါနဲ့ အရောင်းအဝယ်ခန်းမဆီ သွားပြီး တစ္ဆေလက်သည်းနည်းစနစ်ဆိုတဲ့ လက်နက်မဲ့တိုက်ခိုက်ရေးနည်းစနစ်ကို ဝယ်ယူခဲ့တယ်။ ဒီပညာက ရုပ်ခန္ဓာကြံ့ခိုင်မှုကို အခြေခံတာဆိုတော့ သူ့အတွက် အံဝင်ဂွင်ကျပဲ။ ဒီပညာ လေ့ကျင့်ဖို့ ဂျန်ဂျင်းကျောက်ဆိုတဲ့ ဝိညာဥ်ကျောက်တစ်မျိုး လိုတယ်၊ ဒီဝိညာဥ်ကျောက်ဆီက ရွှေအဆီအနှစ်ကို စုပ်ယူပြီး လက်အစုံကို မပျက်စီးနိုင်လောက်အောင် မာကြောတဲ့အထိ ကျင့်ကြံရမှာ။ အဆင့်တစ်ခု ရောက်လာရင် ဓားချီနဲ့ ဆင်တူတဲ့ ချီစွမ်းအင် ထုတ်လွှတ်တိုက်ခိုက်နိုင်တယ်။
ထုံးစံအတိုင်း ပညာအသစ်တစ်ခု လေ့ကျင့်လေ၊ ကုန်ကျစရိတ် တိုးလာလေနဲ့၊ နောက်ဆုံးတော့ လိုတရအိုးလို ဖြစ်နေတဲ့ အလောင်းခွဲစိတ်ဂူက သွေးအဆီအနှစ်ကိုပဲ အရူးအမူး စုပ်ယူရပြန်တယ်။
.............