← Chapters

အခြေတည်အဆင့်ဆီသို့

Vol. 7 Ch. 84

အခြေတည်အဆင့်ဆီသို့

Vol. 7 Ch. 84

ဒီလိုနဲ့ ကျင့်ကြံလုပ်ကိုင်လာရင်း တစ်နေ့မှာ အလုပ်ဆင်းဖို့ အလောင်းခွဲစိတ်ဂူထဲအရောက် စည်းကမ်းထိန်းအဖွဲ့ ရောက်နေတာ တွေ့လိုက်ရတယ်။ အဲဒီထဲမှာ တစ်ယောက်က ဂိုဏ်းမှာ အင်မတန်ရှားပါးတဲ့ အစီအရင်ခန်းမဝတ်စုံနဲ့လူ။ စည်းကမ်းထိန်းအဖွဲ့ဝင်တွေက အလောင်းခွဲစိတ်ဂူကို ချောင်ကြိုချောင်ကြားမချန် သေချာစစ်နေကြတယ်။ အလုပ်ကိုတော့ မနှောင့်ယှက်ကြဘူး။ ဒီအလုပ်က အလောင်းနတ်ဆိုးဂိုဏ်း ကျင့်ကြံသူတိုင်း အားထားရတဲ့ အလောင်းသွေးချီ ထုတ်လုပ်တာဆိုတော့ ရပ်နားလို့ မရဘူး။

စုန့်ဝမ်လည်း ယွမ်ချန်ဆီက ခွဲစိတ်ရမယ့်အလောင်းတွေ ထုတ်ယူရင်း အခြေအနေ စုံစမ်းကြည့်တယ်။

“ဂိုဏ်းတူအကိုယွမ် ... စည်းကမ်းထိန်းအဖွဲ့ ဘာလာလုပ်တာလဲ”

“သိပ်မကြာခင်က သွေးရည်ကန်မှာ စုထားတဲ့ သွေးအရည်အသွေး ကျဆင်းသွားတယ်။ သန့်စင်သွေး ထုတ်လုပ်မှုလည်း ထက်ဝက်လောက် ကျသွားတယ်။ အကြီးအကဲတွေက ဒီမှာ ခင်းကျင်းထားတဲ့ သွေးစုဆောင်ရေးအစီအရင် ချို့ယွင်းတာလား သိချင်လို့ စစ်ဆေးရေး လုပ်ခိုင်းလိုက်တာ”

ယွမ်ချန်က အလောင်းခွဲစိတ်ဂူရဲ့ တာဝန်ခံပီပီ အတော်လေး စိုးရိမ်နေတယ်။

စုန့်ဝမ်လည်း စိုးရိမ်ပြီး နှလုံးခုန်တောင် မြန်လာတယ်။ ဒီလပိုင်းမှာ အရင်းအမြစ် လိုအပ်ချက်ကြောင့် စီးပွားရှာချင်ဇောနဲ့ သွေးအဆီအနှစ်ကို အရူးအမူး စုပ်ယူခဲ့မိတယ်လေ။ ခွဲစိတ်ရတဲ့အလောင်းဆီကပဲ ကန့်သတ်စုပ်ယူခဲ့ပေမယ့် အခုလပိုင်းမှာ လေထဲပျံ့လွင့်နေတဲ့ သွေးအဆီအနှစ်ပါ စုပ်ယူခဲ့တယ်။ ဒါကြောင့်များ သွေးရည်ကန်ထဲက သွေးတွေရဲ့ သွေးအဆီအနှစ် ကျဆင်းခဲ့တာလား။

စုန့်ဝမ် ခေါင်းခါလိုက်တယ်။ ဒါက မဖြစ်နိုင်ဘူး၊ သွေးအဆီအနှစ်က ရေခိုးရေငွေ့လို့ အငွေ့ပြန်လွယ်တဲ့ အမျိုးအစားမှ မဟုတ်တာ။ သူစုပ်တာကလည်း နှစ်နဲ့ချီနေပြီ၊ အခုတလော နည်းနည်းပိုယူမိပေမယ့် သွေးရည်ကန် အရည်အသွေး ကျလောက်အောင် မများဘူး။ သိုလှောင်အိတ်နဲ့ ထည့်ယူမှသာ သိသိသာသာ ကျဆင်းမှာ။ ဒါဆို သွေးရည်ကန်ထဲက သွေးကို ခိုးတဲ့သူ တစ်ယောက်တော့ ရှိနေပြီ။ တစ်ယောက်တောင် ကချင်မှ ကမယ်။

ပြဿနာက သန့်စင်သွေးအနှစ် ရောင်းချတဲ့နေရာမှာ သဲလွန်စ မကျန်ဖို့ပဲ။ တွေးမိသလောက်ဆို ရုပ်ဖျက်ရုံမက အော်ရာပါ ပြောင်းလဲပြီး လှုပ်ရှားခဲ့လို့ ဘယ်လိုမှ ခြေရာခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဂူထဲမှာ အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၈၀၀ တန် သန့်စင်သွေးအနှစ်ပုလင်း ၂၀ ရှိနေတာက နည်းနည်းဆိုးတယ်။ ဒီအချိန်မှာ ဒီလောက်ပမာဏများများ ရောင်းထုတ်ဖို့ မသင့်ဘူး။ စည်းကမ်းထိန်းအဖွဲ့က ဂူထဲက အစီအရင်မှာ ပြဿနာ ရှာမတွေ့ရင် လူတွေဘက် လှည့်လာမှာ သေချာတယ်။ ဒါဆို စျေးထဲမှာပါ လိုက်စုံစမ်းမှာပဲ။ တခါတည်းနဲ့ ရောင်းထုတ်ရင် သိသာမယ်၊ တစ်နေ့ကို တစ်ပုလင်း ခွဲရောင်းရင်လည်း အကြိမ်များပြီး သဲလွန်စ ကျန်သွားနိုင်တယ်။ နောက်ဆုံးတော့ ခဏဖွတ်ထားဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။

နေ့ဝက်လောက် အစီအရင်ကို ပြန်စစ်ပြီးချိန် အစီအရင်မှာ ပြဿနာ မရှိတာ အတည်ပြုပြီးတဲ့နောက် စည်းကမ်းထိန်းအဖွဲ့က အလောင်းခွဲစိတ်သူတွေဆီ အာရုံကျလာတယ်။ သူတို့တွေ သေချာစောင့်ကြည့်တာ၊ နောက်ကြောင်းလိုက်စစ်တာတွေ လုပ်နေလို့ အားလုံးနေရကြပ်နေတယ်။ စုန့်ဝမ်လည်း သူတို့ စစစ်နေတည်းက သွေးအဆီအနှစ် မစုပ်ယူဖြစ်တော့ဘူး။ လျှို့ဝှက်ဆန်းကြယ်စွမ်းအားကို သူတို့ အာရုံခံနိုင်မှာ မဟုတ်ပေမယ့် သံသယဝင်စရာ အဖြစ်ခံလို့ မရဘူး။ ဒါက နတ်ဆိုးဂိုဏ်း၊ အထောက်အထား ပြည့်စုံအောင် ရှာနေမှာ မဟုတ်ဘူး၊ စစ်ဆေးနည်းပေါင်းစုံနဲ့ ညစ်ထုတ်မယ့်ကောင်တွေ။

ညနေပိုင်း အလုပ်သိမ်းပြီး စည်းကမ်းထိန်းအဖွဲ့က ယွမ်ချန်ကို ခေါ်သွားတာ စုန့်ဝမ် တွေ့လိုက်ရတယ်။ နောက်တစ်နေ့မနက် တာဝန်ခံသစ်အဖြစ် ဖုန့်သန်းဆိုသူ ချီစုစည်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူ ရောက်နေတယ်။ ယွမ်ချန်ကိုတော့ စုန့်ဝမ် နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ဘူး။

ကြားမိသလောက်ဆို ယွမ်ချန်က မသမာမှု လုပ်ခဲ့တယ်တဲ့။ သူက တာဝန်ခံအနေနဲ့ သွေးရည်တင်မက၊ အရိုးနဲ့ အသားတွေပါ ကိုင်တွယ်စီမံ ရတယ်။ အရိုးနဲ့ အသားက စျေးကောင်းတယ်လေ။ လမ်းမှန်ကျင့်ကြံသူတွေရော၊ နတ်ဆိုးကျင့်ကြံသူတွေပါ ကျင့်ကြံမှု အထောက်အကူအဖြစ် နတ်ဆိုးသားရဲအသား စားကြတယ်။ ဒါပေမယ့် တချို့သော အစွန်းရောက် နတ်ဆိုးကျင့်ကြံသူတွေက ပိုမြန်တဲ့ ဖြတ်လမ်းနည်းအနေနဲ့ ကျင့်ကြံသူအသားကို စားကြတယ်။ လမ်းမှန်ကျင့်ကြံသူအလောင်းက ရလာတဲ့အသားဆို ပိုပြီးတောင် စျေးကောင်းပေးသေးတယ်။ ယွမ်ချန်က သွေးရည်ရော၊ အရိုး၊ အသားပါ ကိုင်တွယ်ရလို့ မသိမသာ ထုတ်ရောင်းစားခဲ့တာ ရှိတယ်။ ဆီကိုင်တဲ့လက် ဆီပေတာ မဆန်းပေမယ့် ဆီလျော့နေတာ သတိပြုမိတဲ့အချိန် ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းစုဆိုသလို တရားခံ ဖြစ်သွားတာပေါ့။

..................

သုံးရက်ကြာ မွှေနှောက်စစ်ဆေးအပြီးမှာ စည်းကမ်းထိန်းအဖွဲ့ အလောင်းခွဲစိတ်လိုဏ်ဂူက ပြန်ထွက်သွားတယ်။ စောင့်ကြည့်သူ ချန်ခဲ့လားတော့ စုန့်ဝမ် မသိဘူး။ မသိမသာ အကဲခတ်ကြည့်တော့ အလောင်းခွဲစိတ်သူထဲ လူသစ် မတွေ့ရဘူး။ တောင်ခြေစျေးထဲ ပတ်ကြည့်တော့လည်း ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့ရဘူး။

ဒါနဲ့ သန့်စင်သွေးအနှစ်တွေ ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်လို တစ်ရက်တည်း များများစားစား မရောင်းရဲ့တော့ဘူး၊ ရက်ခြားပြီး တစ်ကြိမ်ကို နှစ်ပုလင်း၊ သုံးပုလင်း ခွဲရောင်းရတယ်။ တစ်လကြာအောင် စောင့်ကြည့်ပြီး ဘာစုံစမ်းစစ်ဆေးမှုမှ မရှိကြောင်း အတည်ပြုနိုင်တာနဲ့ အရင်အတိုင်း သွေးအဆီအနှစ် ခိုးယူသန့်စင်တဲ့အလုပ်ကို ပြန်လုပ်ခဲ့တယ်။ မဟူရာကူတွေ စားအားကလည်း ကောင်းတာကိုး။ သန့်စင်သွေးအနှစ် ရောင်းချတိုင်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရုပ်ဖျက်၊ အော်ရာပြောင်း၊ ဆိုင်ပြောင်းပြီး ခြေရာခံ မရအောင် လုပ်ခဲ့တယ်။

.........

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်ပြီး စုန့်ဝမ် အလောင်းနတ်ဆိုးဂိုဏ်း ရောက်ခဲ့တာ ၆ နှစ် ရှိခဲ့ပြီ။ နောက်ပိုင်းနှစ်တွေမှာ ဂိုဏ်းအပြင်ကို လုံးဝမထွက်ဘဲ ကျင့်ကြံမှုကိုပဲ အားစိုက်နေခဲ့တယ်။ နှစ်စဥ်ယူရတဲ့ ဂိုဏ်းတာဝန်ကိုလည်း ချန်ယီကို အတုယူပြီး ဝိညာဥ်ကျောက်တုံး ဖောဖောသီသီ သုံးစွဲပြီး ဖြေရှင်းလို့ရတဲ့တာဝန်ပဲ ရွေးယူခဲ့တယ်။ မနှစ်က အလောင်းခွဲစိတ်သူအဖြစ် တာဝန်ထမ်းဆောင်တာ ၅ နှစ် ပြည့်ပြီဖြစ်လို့ တခြားအလုပ် ရွေးချယ်ခွင့် ရခဲ့ပေမယ့်၊ မပြောင်းဘဲ ဆက်လုပ်ခဲ့တယ်။ လိုတရအိုးကြီးကို မခွာနိုင်ဘူးလေ။

ဒီနေ့တော့ မနက်စောစော လိုဏ်ဂူအိမ်က ထွက်လာပြီး အလောင်းခွဲစိတ်ဂူဆီ မသွားဘဲ၊ အလောင်းနတ်ဆိုးတောင်ထိပ်က ဂိုဏ်းရဲ့ ပင်မခန်းမဆောင်ဆီ ပျံသန်းတက်ရောက်လာခဲ့တယ်။ ပုံမှန်ဆို ဒီနေရာက စုန့်ဝမ်လို အပြင်စည်းတပည့်တွေ ခြေချခွင့် မရှိဘူး။ ဒီနေ့က ထန်ခန်းတောင်တန်း အနောက်တောင်ဘက်မှာ တည်ရှိတဲ့ ခမ်းခြောက်သွေးဘုံအမည်ရ လျှို့ဝှက်နယ်မြေ ဖွင့်လှစ်မှာဖြစ်လို့ ချွင်းချက်အနေနဲ့ တက်ခွင့်ပြုထားတာ။

ခမ်းခြောက်သွေးဘုံကို နတ်ဆိုးလမ်းစဥ်ဂိုဏ်း (၃)ဂိုဏ်း ဖြစ်တဲ့ အလောင်းနတ်ဆိုးဂိုဏ်း၊ သွေးနီဂိုဏ်းနဲ့ နက်နဲယင်စွမ်းအင်ဂိုဏ်းတို့ ပူးတွဲထိန်းချုပ်ထားတာ။ လျှို့ဝှက်နယ်မြေကို နှစ်သုံးဆယ်မှာ တစ်ခါဖွင့်ပြီး ချီစုစည်းခြင်းအဆင့် တပည့်တွေပဲ ဝင်ခွင့်ပြုတယ်။ လျှို့ဝှက်နယ်မြေမှာ ချီစုစည်းခြင်း ကျင့်ကြံသူတွေ လိုအပ်တဲ့ ပထမအဆင့် ဝိညာဥ်ဆေးပင်တွေ ပေါက်ရောက်တယ်။ ဒုတိယအဆင့်ဆေးပင် တချို့တလေ ရှိပေမယ့် အတော်ရှားတယ်။

အခြေတည်ဆေးလုံး ဖော်စပ်ရာမှာ လိုအပ်တဲ့ အဓိကဝိညာဥ်ဆေးပင်သုံးမျိုးထဲက နှစ်မျိုးဖြစ်တဲ့ ကောင်းကင်ဝိညာဥ်သစ်သီးနဲ့ ကျောက်စိမ်းအနှစ်မြက်ပင်တို့ ခမ်းခြောက်သွေးဘုံမှာ ပေါက်ရောက်တယ်။ အခြေတည်အဆင့် ကျင့်ကြံသူဆိုတာ ဂိုဏ်းတိုင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒါကြောင့် အခြေတည်အဆင့် တက်ရောက်ရာမှာ ထောက်ကူပြုတဲ့ အခြေတည်ဆေးလုံးက တန်ဖိုးကြီးသလို၊ ဆေးဖော်စပ်ရာမှာ အသုံးဝင်တဲ့ ဝိညာဥ်ဆေးပင်တွေလည်း တန်ဖိုးကြီးလာတယ်။

လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခွင့်ရ အရေအတွက်ကို ဝိညာဥ်ဆေးပင်တွေ ရေရည်ပေါက်ဖွားရှင်သန်နိုင်ဖို့ ရည်ရွယ်ပြီး ဂိုဏ်းသုံးဂိုဏ်းက သင့်လျော်သလို သတ်မှတ်လေ့ ရှိတယ်။

ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေဆီ သွားရောက်မယ့် စုန့်ဝမ်ရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဝိညာဥ်သစ်သီး .....

စုန့်ဝမ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ အကြီးအကဲရှီရှို့ရန်က ကာကွယ်နိုင်ဖို့ ကျင့်ကြံမှုကို အားစိုက်မြှင့်တင်ခဲ့တယ်။ အလောင်းခွဲစိတ်ဂူက သွေးအဆီအနှစ်တွေ ချေဖျက်နိုင်သလောက် စုပ်ယူခဲ့ပြီး၊ ရနိုင်သမျှ ကျင့်ကြံမှုအရင်းအမြစ်တွေ ဝယ်ယူခဲ့တယ်။ အလောင်းခွဲစိတ်ဂူက ဝိညာဥ်အပိုင်းအစတွေနဲ့ တောင်ခြေစျေးက ဝယ်ယူခဲ့တဲ့ ကျင့်ကြံသူဝိညာဥ်တွေ စုပ်ယူပြီး တားမြစ်ဝိညာဥ်ပညာကို အရှိန်မြှင့် လေ့ကျင်ခဲ့လို့၊ လွန်ခဲ့တဲ့ ၆ လလောက်က အခြေတည်ကျင့်ကြံမှုအဆင့် ဝိညာဥ်စွမ်းအင်ကို ရရှိခဲ့တယ်။

အရင်းအမြစ် ဖောဖောသီသီ သုံးနိုင်လို့ ကျင့်ကြံမှုအဆင့်လည်း တက်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၈ လ၊ ကျင့်ကြံမှုတစ်ဆို့နေချိန် ရှေားဟောင်းစစ်မြေပြင်နယ်မြေက ရခဲ့တဲ့ မြွေအကြေးခွံသစ်သီး စားလိုက်လို့ အတားအဆီးကို ချိုးဖျက်ပြီး ချီစုစည်းခြင်း နဝမအဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း အခြေခိုင်အောင် ကျင့်ကြံရင်း ချီစုစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်းနယ်ပယ်လို့ တင်စားခေါ်ဝေါ်တဲ့ အထွတ်အထိပ်အဆင့်မှာ အခြေခိုင်ခဲ့ပြီး၊ အခြေတည်အဆင့် ချိုးဖျက်တက်ရောက်ဖို့ အသင့်ဖြစ်နေပြီ။

ဒါက အပြောလွယ်ပေမယ့် ကျော်လွှားရခက်ခဲတဲ့ ချောက်ကမ်းပါးလိုပဲ။ အကြီးအကဲရှီ အန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်လို့ အခြေတည်အဆင့် တက်ရောက်နိုင်ဖို့က စုန့်ဝမ်အတွက် အရမ်းအရေးကြီးနေပြီ။ ဝိညာဥ်စွမ်းအင်က အခြေတည်အဆင့်ဆိုပေမယ့် ကျင့်ကြံမှုအဆင့်က ချီစုစည်းခြင်း ဖြစ်နေသရွေ့ အကြီးအကဲရှီဆီက လွတ်မြောက်မှာ မဟုတ်ဘူး။

အခြေတည်အဆင့် အမြန်ဆုံးရောက်ဖို့ အရိုးရှင်းဆုံးနည်းက အခြေတည်ဆေးလုံး သောက်တဲ့နည်းပဲ ရှိတယ်။ စုန့်ဝမ်လို အသက်နှစ်ဆယ် ပြည့်ပြီးခါစ ချီစုစည်းခြင်း အထွတ်အထိပ်နယ်ပယ် ကျင့်ကြံသူသာ အခြေတည်ဆေးလုံး သောက်ခွင့်ရရင် တစ်ခါတည်းနဲ့ အဆင့်ချိုးဖြတ်ဖို့က ၇၅ ရာခိုင်နှုန်း သေချာတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တည်းက အခြေတည်ဆေးလုံး ရနိုင်မယ့်လမ်းကြောင်းကို စုံစမ်းခဲ့တယ်။ သူက ချီစုစည်းခြင်း အဋ္ဌမအဆင့်ပဲ ထုတ်ပြထားတဲ့ အပြင်စည်းတပည့် ဖြစ်တာကြောင့် ဂိုဏ်းကနေ အခြေတည်ဆေးလုံး ရယူဖို့ မဖြစ်နိုင်ဘူး။ ကျင်ကြံမှုအဆင့်ကို အမှန်အတိုင်း ထုတ်ပြရင်လည်း အတွင်းစည်းတပည့်ဖြစ်ဖို့ အချိန်ယူရတာ၊ ဆရာရှာရတာနဲ့တင် နှစ်နဲ့ချီ အချိန်ကုန်မယ်။ အလှည့်ကျဖို့လည်း စောင့်ရနိုင်တယ်။ အဲဒီအချိန်အတွင်း အကြီးအကဲရှီရှို့ အန္တရာယ်ပြုလာရင် သေဖို့ပဲ ရှိတယ်။

အပြင်က ရယူဖို့ စုံစမ်းတော့ အနီးဆုံးရနိုင်တာ မိုင်ထောင်ချီဝေးတဲ့ ကျောက်တောင်စျေး၊ အဲဒီစျေးကို ခွန်းသိစီးပွားရေးမဟာမိတ်ဆိုတဲ့ အဖွဲ့အစည်းက ထိန်းချုပ်ထားတယ်။ အခြေတည်ဆေးလုံးပါ ရောင်းချတဲ့လေလံပွဲကြီတွေ နှစ်စဥ်လိုလို ကျင်းပလေ့ ရှိတယ်။ တစ်ပွဲမှာ အလွန်ဆုံး ၃ လုံးပဲ ပါဝင်လေ့ရှိတော့ အလုအယက် ဝယ်ယူရလို့ စျေးအရမ်းမြင့်တယ်။ အနိမ့်ဆုံးစျေးနှုန်းက အဆင့်နိမ့်ဝိညာဥ်ကျောက် သုံးသောင်းကျော်တယ်။ စုန့်ဝမ်အတွက် စျေးနှုန်းကို တတ်နိုင်ရင်တောင် လက်ထဲထိန်းထားနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ဒီစိတ်ကူးကို လက်လျှော့လိုက်ရတယ်။

တကယ်တော့ အခြေတည်နယ်ပယ် တက်ရောက်ဖို့က အဆင့်နှစ်ဆင့်ပဲ လိုတယ်။ ပထမအဆင့်က ဒန်တန်မှာ ရှိနေတဲ့ ဝိညာဥ်ချီကို ဝိညာဥ်ချီအရည်အဖြစ် ဖိသိပ်ပြောင်းလဲရမယ်၊ ဒုတိယအဆင့်က ဝိညာဥ်စွမ်းအင်ကို ဝိညာဥ်အသိဥာဏ်အဖြစ် ပုံသွင်းယူရမယ်။ စုန့်ဝမ်က လက်ရှိအချိန်မှာ ဒုတိယအဆင့်ကို အရင်ပြီးမြောက်ခဲ့ပြီးပြီ။ ပထမအဆင့်ပဲ ကျန်တော့တယ်။ ဒါက ကျင့်ကြံမှု ပုံမှန်ဆက်လုပ်သွားရင် အခြေတည်ဆေးလုံး မပါဘဲ အဆင့်ချိုးဖျက်နိုင်မှာ သေချာတယ်။ အချိန်က ဆယ်စုနှစ်တစ်စုနီးနီး အချိန်ပေးဖို့တော့ လိုမယ်။ ခက်တာက အချိန်ဖိအား။ အချိန်မရှိလို့ အဲ့လောက်ထိ မစောင့်နိုင်တော့ဘူး။

စုံစမ်းရင်း ဆေးပညာရှင်တစ်ယောက်ဆီက အခြေတည်ဆေးလုံး ဖော်စပ်ရာမှာ အသုံးပြုတဲ့ ကောင်းကင်ဝိညာဥ်သစ်သီးက ဝိညာဥ်ချီကို အရည်အဖြစ် ပုံသွင်းရာမှာ တိုက်ရိုက်သုံးနိုင်တယ်လို့ သိခဲ့ရတယ်။ ဒါကြောင့် စုန့်ဝမ်က ဝိညာဥ်သစ်သီးကို အရယူဖို့ ခမ်းခြောက်သွေးဘုံကို ဝင်ချင်ခဲ့တာ။ ကောင်းကင်ဝိညာဥ်သစ်သီးက အခြေတည်ဆေးလုံး ဖော်စပ်ရာမှာ အဓိကအမယ်ဖြစ်လို့ ပြင်ပစျေးကွက်မှာ လုံးဝရှာမရဘူးလေ။

ဒီလိုနဲ့ စုန့်ဝမ်တစ်ယောက် ခမ်းခြောက်သွေးဘုံဆိုတဲ့ လျှို့ဝှက်နယ်မြေမှာ အသက်နဲ့ရင်း လှုပ်ရှားဖို့ ဖြစ်လာခဲ့ပါတော့တယ်။

All Chapters