← Chapters

အရိုးပိုးကောင်

Vol. 7 Ch. 76

အရိုးပိုးကောင်

Vol. 7 Ch. 76

စုန့်ဝမ် ချက်ချင်း ပြန်မဖြေဘဲ တွေဝေနေတယ်။ သူနဲ့ ရွှမ်ယဲ့က ပူးပေါင်းနေပေမယ့် ယုံကြည်မှု မဆိုနဲ့၊ ခင်မင်မှုတောင် မရှိခဲ့ဘူး။ အကျိုးစီးပွားသက်သက် အပေးအယူလုပ် ပူးပေါင်းခဲ့ကြတာ။ ရွှမ်ယဲ့က မြွေအကြေးခွံသစ်သီး ရယူတဲ့နေရာမှာ အစီအရင် ခင်းကျင်းဖို့ အကူအညီ ယူခဲ့သလို၊ သူကလည်း လမ်းပြအဖြစ် အသုံးချဖို့ပဲ ရည်ရွယ်တာ။ အခုက အပေးအယူ ပြီးသွားပြီ။ ဆက်ပူးပေါင်းဖို့ အကြောင်းရင်း မရှိတော့ဘူး။ အကယ်၍များ ရွှမ်ယဲ့က ခေါင်းပွချီကာဒါသစ်ကို လိုချင်တပ်မက်လာရင် ဘယ်လိုလုပ်မလဲ။

စုန့်ဝမ် တွေဝေနေချိန် ယီဇီက ထလာပြီး လောင်ချွန်းကို လှမ်းခေါ်တယ်။

“ဂိုဏ်းတူမောင်လေး၊ ဒီနေရာက အန္တရာယ်များတယ်၊ သွားရအောင်”

“ဟုတ်ကဲ့ အစ်မ၊ ဒါပေမယ့် အစ်မဒဏ်ရာရော သက်သာရဲ့လား”

လောင်ချွန်းက စိုးရိမ်တကြီး မေးလာတယ်။

“သိပ်မပြင်းထန်ပါဘူး။ အဖေ့အခြေအနေက အရေးကြီးတယ်။ နှောင့်နှေးလို့ မရဘူး”

“ဒါဆို သူ့ကို ဘယ်လိုလုပ်မလဲ”

လောင်ချွန်းက သတိမေ့နေတဲ့ ယန်ကူကို လက်ညိုးထိုးပြရင်း မေးလာတယ်။ သူ့အမူအရာက လူသတ်ချင်စိတ်ကို ဖုံးကွယ်မထားဘူး။ ယန်ကူက တစ္ဆေတွေ လိုက်ဖမ်းနေချိန် သူ့လမ်းသူမပြေးဘဲ သူတို့ကို တမင်လာချဥ်းကပ်လို့ သူတို့ပါ ဒုက္ခရောက်ခဲ့ရတာလေ။

ယီဇီက ချက်ချင်းပြန်မဖြေဘဲ ရွှမ်ယဲ့ကို လှမ်းကြည့်တယ်။ ရွှမ်ယဲ့က ပခုံးတွန့်ပြလိုက်တယ်။

“မင်းတို့သဘောပဲ။ သူ့ဝိညာဥ်ပင်လယ်က အတော်လေး ထိခိုက်ပျက်စီးနေပြီ။ အဆင့်မြင့်ဝိညာဥ်ပြုပြင်ဆေးလုံး မရှိရင် သတိပြန်ရဖို့ မဖြစ်နိုင်သလောက်ပဲ”

“ဒါဆို သူလည်း ခံစားရသက်သာအောင် လုပ်ပေးလိုက်တာက ငဲ့ညှာရာ ရောက်တယ်လေ”

ပြောပြောဆိုဆို လောင်ချွန်းက ယန်ကူ့ခေါင်းကို ဖရဲသီးလို ရိုက်ခွဲပစ်လိုက်တယ်။

ယန်ကူကို သတ်ပြီးတာနဲ့ သိုလှောင်အိတ်နဲ့ ဝိညာဥ်လက်နက်တွေကို လောင်ချွန်းက သိမ်းဆည်းလိုက်တယ်။

“တာအိုရောင်းရင်းတို့လည်း ဒီမှာ ရှိနေကြတာဆိုတော့ ဒါတွေကို ဘယ်လိုခွဲဝေယူကြမလဲ”

စုန့်ဝမ်က ဒါတွေကို စိတ်မဝင်စားဘူး၊ ခေါင်းပွချီကာဒါသစ်ပင် ရှိရာဆီ သွားဖို့ ထွက်လာခဲ့တယ်။ ရွှမ်ယဲ့က ထွက်သွားတဲ့စုန့်ဝမ်နဲ့ ပစ္စည်းခွဲဝေယူဖို့ ကမ်းလှမ်းနေတဲ့ လောင်ချွန်းကို ကြည့်ပြီး နေခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ချီစုစည်းခြင်း အဋ္ဌမအဆင့်ရှိသူ ပစ္စည်းတွေက မက်လောက်စရာကောင်းတယ်လေ။

ရွှမ်ယဲ့တို့ ယန်ကူ့ပစ္စည်းတွေ ခွဲဝေယူပြီး ပြန်ထွက်မယ်အလုပ် စိတ်ပျက်လက်ပျက် ပြန်ဝင်လာတဲ့စုန့်ဝမ်နဲ့ တည့်တည့်တိုးပြီး အံအားသင့်သွားတယ်။

“တာအိုရောင်းရင်း၊ ဘာဖြစ်လာတာလဲ”

“ထွက်ပေါက်မှာ အရိုးပိုးကောင်တွေ ပိတ်ဆို့ထားတယ်။ အကောင်ရေ ရာချီတယ်၊ ဒီဘက်ကိုလည်း လာနေပြီ”

ရွှမ်ယဲ့တို့အုပ်စု လန့်သွားတယ်။ အရိုးပိုးကောင်က အတော့်ကို အန္တရာယ်များတယ်။ ဒီကောင်တွေက ခြေရှစ်ချောင်းပါပြီး ပင့်ကူနဲ့ အတော်တူတယ်၊ သူတို့ကိုယ်ပေါ်မှာ မာကြောပြီး ထူထဲတဲ့အရိုးတွေက သံချပ်ကာလို ပါနေတာပဲ ကွာတယ်။ အဲဒီ အကာအကွယ်ကြောင့် ရင်ဆိုင်ရ ခက်တာ။ အရွယ်ကလည်း လက်သီးဆုပ်ကနေ၊ လင်ဗန်းအရွယ်လောက်ထိ ရှိကြတယ်။

“အရိုးပိုးကောင်တွေက ဘာလို့ ရောက်လာကြတာလဲ”

“တစ္ဆေအထီးကောင်လက်ချက် ဖြစ်မယ်”

“ဒီခွေးကောင်ကတော့ကွာ .. ဒါနဲ့ အဲ့ကောင်တွေ ဘယ်လောက်ထိ အားကောင်းလဲ”

“အနိမ့်ဆုံးက ချီစုစည်းခြင်း ပထမအဆင့်၊ အမြင့်ဆုံးက စတုတ္ထအဆင့်။ ပြဿနာက စတုတ္ထအဆင့်အကောင်က တဝက်လောက် ပါနေတယ်။ ပဥ္စမအဆင့်နဲ့ ဆဋ္ဌမအဆင့်က နည်းတယ်”

စုန့်ဝမ် အခြေအနေ ရှင်းပြလိုက်တော့ အာလုံး ငြိမ်ကျသွားတယ်။ ဒီပမာဏလောက်ဆို ဖောက်ထွက်ဖို့ အတော်ခဲယဥ်းနေပြီ။ စုန့်ဝမ်က တွေဝေနေလို့ မဖြစ်ကြောင်း သတိပေးရတယ်။

“အချိန်ဆွဲနေလို့ မရဘူး၊ အားလုံးပေါင်းပြီး ဖောက်ထွက်ရအောင်၊ တစ္ဆေကောင် ပြန်လာရင် ပိုခက်သွားလိမ့်မယ်”

စုန့်ဝမ် ပြောတာ မှန်နေလို့ အားလုံးလည်း တိုက်ခိုက်ဖို့ ပြင်ဆင်ကြတယ်။ ယီဇီက သိုလှောင်အိတ်ထဲ အလောင်းရုပ်သေး နောက်တစ်ကောင်ကို ထုတ်ယူလိုက်တယ်။ ဒီအကောင်က ချီစုစည်းခြင်း နဝမအဆင့်ခွန်အားရှိတဲ့ကောင်။ ပြင်းထန်တဲ့ အော်ရာကြောင့် စုန့်ဝမ်နဲ့ ရွှမ်ယဲ့တောင် ယီဇီနဲ့ ခပ်လှမ်းလှမ်းကို ဆုတ်လိုက်မိတယ်။ ယီဇီတို့ မကြောက်မလန့် လှုပ်ရှားရဲနေတာ ဒီဝှက်ဖဲ ရှိနေလို့ပဲ။

“သွားကြစို့”

ယီဇီက ရှေ့ဆုံးက ထွက်ဖို့ ပြင်လိုက်တယ်။

လောင်ချွန်းက ယီဇီရှေ့ ဝင်ရပ်ပြီး တားလိုက်တယ်။

“အစ်မ .. ခဏနေလေး၊ ကျနော် ပြောစရာရှိတယ်”

ယီဇီက မျက်မှောင်ကြုတ် ကြည့်နေလို့ လောင်ချွန်း အားတင်းပြီးမှ မထူးဇတ်ခင်းပြီး ပြောချလိုက်တယ်။

“ဒီမြေအောက်ဂူက အန္တရာယ်များတော့၊ အခုနေ မပြောဖြစ်ရင်၊ နောင်ပြောဖို့ အခွင့်အရေး ရချင်မှ ရတော့မှာ။ အစ်မ .. ကျနော် အမကို စတွေ့တည်းက ချစ်ခဲ့တာပါ။ ဒီနှစ်နှစ်ဆယ်အတွင်း ဒီခံစားချက်က လုံးဝမပြောင်းခဲ့ဘူး။ အစ်မနဲ့ ဂိုဏ်းတူအကိုကြီး လက်ထပ်ခဲ့လို့ ကျနော် အဝေးကနေပဲ မျိုသိပ်နေခဲ့တယ်။ ဂိုဏ်းတူအကိုကြီး ဆုံးသွားတော့ ဖွင့်ပြောချင်ပေမယ့် အခွင့်မသာခဲ့ဘူး။ အခု ဆရာအဆိပ်သင့်လို့ မြေအောက်ဂူထဲ ဆေးရှာရမယ်ဆိုတော့ စီနီယာအကိုငါးယောက်က ကြောက်ပြီး ရှောင်နေပေမယ့် ကျနော် စွန့်စားပြီး လိုက်ခဲ့တယ်။ အဲဒါ အစ်မကို ချစ်တာတစ်ခုတည်းနဲ့ ဆုံးဖြတ်ခဲ့တာ။ ဒါကို အစ်မ သိစေချင်လို့ပါ”

လောင်ချွန်း စပြောချိန်က ယီဇီ အံအားသင့်သွားပေမယ့် တဖြည်းဖြည်းနဲ့ အေးစက်နေတဲ့မျက်နှာက နူးညံ့နွေးထွေးလာတယ်။ လောင်ချွန်းခံစားချက်ကို ခံစားမိလို့လား၊ အတိမ်းအစောင်း မခံတဲ့အခြေအနေဖြစ်လို့လားတော့ မသိ။

“ဂိုဏ်းတူမောင်လေး၊ ဒီကနေ တို့နှစ်ယောက် အသက်ရှင်လျက် ထွက်နိုင်ခဲ့ရင် မင်းနဲ့ လက်ထပ်ဖို့ ငါကတိပေးတယ်”

“အစ်မ .. အစ်မ တကယ်ပြောတာလား”

လောင်ချွန်းတစ်ယောက် ဝမ်းသာပြီး မျက်ရည်တောင် ဝဲလာတယ်။

ယီဇီက ပြုံးပြီး ခေါင်းညိမ့်ပြလိုက်တယ်။

စုန့်ဝမ်နဲ့ ရွှမ်ယဲ့လည်း ထင်မထားဘဲ မေတ္တာဇတ်လမ်းလေးတစ်ခု ကြည့်လိုက်ရလို့ နည်းနည်းတောင် ကြောင်သွားတယ်။ လောင်ချွန်းလို ဥာဏ်များပြီး ရက်စက်တဲ့သူမှာ ဒီလိုမျိုး နူးညံ့တဲ့ခံစားချက် ရှိလိမ့်မယ်လို့ ထင်မထားမိကြဘူးလေ။ စုန့်ဝမ်ကတော့ ဒီကောင် ကံကောင်းပါစေလို့ပဲ တွေးလိုက်မိတယ်။

……

လောင်ချွန်းရဲ့ မေတ္တာဇတ်လမ်းလေး ပြီးတာနဲ့ သူတို့တွေလည်း အရိုးပိုးကောင်တွေကို စတင်တိုက်ခိုက်ရင်း ဖောက်ထွက်ဖို့ ကြိုးစားကြတယ်။

ယီဇီက ချီစုစည်းခြင်း နဝမအဆင့်ခွန်အားရှိတဲ့ အလောင်းရုပ်သေးကို ထိန်းချုပ်ရင်း ရှေ့ဆုံးက ထိုးဖောက်တယ်။ အလောင်းရုပ်သေးရဲ့ ကြီးမားတဲ့ခွန်အားကို အရိုးပိုးကောင်တွေ တောင့်မခံနိုင်ဘူး။ ထိပ်တိုက်တွေ့တာနဲ့ တစ်စစီ ကြေမွကုန်ပြီး လမ်းအူကြောင်း ပွင့်သွားတယ်။ လောင်ချွန်းက ယီဇီနောက် ကပ်လိုက်ရင်း ဘေးနံလုံခြုံရေးကို တာဝန်ယူထားလို့ ယီဇီက ရှေ့ကို အာရုံစိုက်ထိုးဖောက်လို့ ရနေတယ်။

ရွှမ်ယဲ့ကလည်း ဆိတ်ခေါင်းတစ္ဆေနဲ့ တစ္ဆေဗိုလ်ချုပ်အပြင် ရောင်စုံတစ္ဆေငါးကောင်ပါ ထုတ်သုံးပြီး ယီဇီတို့နောက်ကနေ တိုက်ခိုက်ထိုးဖောက်လာတယ်။

စုန့်ဝမ်က နောက်ဆုံးမှာ အလောင်းရုပ်သေးကို အကာအကွယ်ယူရင်း အရိုးသန့်စင်ဓားနဲ့ တိုက်ခိုက်လာတယ်။ အရိုးသန့်စင်ဓားက အဆင့်နိမ့်ဝိညာဥ်လက်နက်ဖြစ်လို့ သိပ်တော့ အစွမ်းမပြနိုင်ဘူး။ အခက်ကြုံရင် မီးတောက်အဆောင်တွေ ထုတ်သုံးရတယ်။ ပေါက်ကွဲမီးလောင်စေတဲ့ မီးတောက်အဆောင်က အရိုးပိုးကောင်တွေ နှိမ်နင်းရာမှာ ထိရောက်ပေမယ့်၊ အရေအတွက်က အကန့်အသတ်ရှိလို့ ထိန်းသုံးနေရတယ်။ အရိုးပိုးကောင်အုပ်ထဲမှာ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်အင်အားရှိတဲ့ကောင်တွေ ပါလာပေမယ့် အရေအတွက် နည်းလို့သာ တောင့်ခံနိုင်တာ။

သိပ်မကြာခင် ယီဇီတို့နှစ်ယောက် အတော်ဝေးဝေး ရောက်သွားပြီ။ ရွှမ်ယဲ့ကလည်း စုန့်ဝမ်ရှေ့ ပေနှစ်ဆယ်အကွာ ရောက်နေပြီ။ ဒီအချိန်မှာ ကိုယ်လွတ်မြောက်တာနဲ့ တခြားသူကို ကယ်တင်ဖို့ ဘယ်သူမှ စေတနာရှင် မလုပ်ချင်မှန်း စုန့်ဝမ် နားလည်တယ်။ အရိုးပိုးကောင်တွေ ကိုယ့်နောက်လိုက်မလာအောင် ထိုးကျွေးဖို့တောင် လုပ်လာနိုင်တယ်။ အထူးသဖြင့် သူ့ကို အမြင်မကြည်တဲ့ယီဇီပေါ့။

“ကဲ .. အစွမ်းကုန် ထုတ်သုံးရမယ့်အချိန် ရောက်လာပြီ။ သူတို့သာ အရင်ထွက်သွားရင် ငါတစ်ယောက်တည်း ပိတ်မိနေလိမ့်မယ်”

စိတ်ဆုံးဖြတ်ပြီးတာနဲ့ စုန့်ဝမ် စလှုပ်ရှားလိုက်တယ်။ ပါးစပ်ဟလိုက်တာနဲ့ ဝမ်းမည်းကူ အကောင် ၆၀ ထွက်လာပြီး အရိုးပိုးကောင်တွေဆီ တိုးဝင်သွားတယ်။ ဝမ်းမည်းကူတွေက အပြင်ရောက်တာနဲ့ စုန့်ဝမ်ပတ်လည်မှာ နေရာယူရင်း ချဥ်းကပ်လာတဲ့ အရိုးပိုးကောင်တွေကို တိုက်ခိုက်ကြတယ်။ စုန့်ဝမ်က သူတို့ကို အရိုးပိုးကောင်ရဲ့ အားနည်းချက်ဖြစ်တဲ့ ဝမ်းဗိုက်ကို ထိုးဖောက်တိုက်ခိုက်ဖို့ ညွှန်ကြားပြီးတာနဲ့ ထိန်းချုပ်မထားဘဲ ဝိညာဥ်စွမ်းအင်ကို ချွေတာခဲ့တယ်။

အရိုးပိုးကောင်တွေက ဝိညာဥ်စွမ်းအင် မရှိသလောက်နည်းတဲ့ သာမန်သားရဲတွေဆိုတော့ ဝမ်းမည်းကူတွေကို မယှဥ်နိုင်ဘူး။ တစ်ကောင်ပြီး တစ်ကောင် ဗိုက်ဖောက်စားခံရပြီး သေကုန်တယ်။ ဒါပေမယ့် ဝမ်းမည်းကူတွေက တိုက်ခိုက်ရေးကူ အမျိုးအစား မဟုတ်လို့ ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အရိုးပိုးကောင်တွေကို မနိုင်ဘူး။ အဲဒီလိုကောင်တွေဆို စုန့်ဝမ် ကိုယ်တိုင်ရှင်းရတယ်။ စုန့်ဝမ်လည်း ပုံမှန်ဆို အတော်ရုန်းကန်ရမှာ။ သွေးစတေးနည်းစနစ် အသက်သွင်းထားလို့ ရင်ဆိုင်နိုင်နေတာ။ သွေးစတေးပညာက သွေးအနှစ်တွေ လောင်ကျွမ်းပြီး ချီစုစည်းခြင်း သတ္ထမအဆင့် အထွတ်အထိပ်ထိ ယာယီမြှင့်တင်ပေးလိုက်တယ်။

စုန့်ဝမ်လည်း သွေးစတေးနည်းစနစ်က ထုတ်ပေးတဲ့အင်အားနဲ့ အရိုးသန့်စင်ဓားကို အသုံးချပြီး ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အရိုးပိုးကောင်တွေကို အပြတ်ရှင်းနေတယ်။ ဒါပေမယ့် အရိုးသန့်စင်ဓားက အဆင့်နိမ့်နေတော့ ဆယ်ကောင်လောက် သတ်ပြီးချိန်မှာ ပဲ့ရွဲ့တွန့်လိမ်ပြီး အတော်ပျက်စီးသွားလို့ ပြန်သိမ်းလိုက်ရတယ်။ အလောင်းရုပ်သေးလည်း ပြိုလဲလုနီးနီး ထိခိုက်ပျက်စီးလာလို့ သိမ်းလိုက်ရပြန်တယ်။

အခုကစပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု အားပြုရင်း အနီးကပ်တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်။ ကာကွယ်မှုအပိုင်းက ခရမ်းကြေးခွံသံချပ်ကာဝတ်စုံကို အသက်သွင်းထားသလို၊ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်က ပေးစွမ်းထားတဲ့ ကြံ့ခိုင်မှုလည်း ရှိတော့ စိတ်ချရတယ်။ ဒါနဲ့ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် အသက်သွင်းပြီး ချွန်ထက်မာကြောတဲ့ လက်သည်းရှည်ကြီးတွေ အသုံးချပြီး တိုက်ခိုက်လိုက်တယ်။

၁၀ မိနစ်လောက်နေတော့ စုန့်ဝမ်အနားမှာ ခွန်အားကြီးတဲ့ အရိုးပိုးကောင်တွေ မကျန်တော့ဘူး။ ကျန်တဲ့ကောင်တွေက ဝမ်းမည်းကူတွေ အမဲဖျက်တာ ခံနေရတယ်။ အားသွားတော့မှ ဝမ်းမည်းကူတွေ လုပ်နေတာတစ်ခုကို စုန့်ဝမ် သတိထားမိတယ်။ ဝမ်းမည်းကူတွေက အရိုးပိုးကောင်ဗိုက်ကို ဖောက်ဝင်၊ ကိုက်သတ်ပြီးရင်း ချက်ချင်းထွက်မလာဘဲ ပိုးကောင်ကိုယ်ထဲက ဖောက်ထွင်းမြင်ရတဲ့ပုံဆောင်ခဲလေးကို အားပါးတရ စားနေတယ်။ ယူကြည့်တော့ သားရဲအမြုတေ မဟုတ်တာ သေချာပေမယ့် ဘာလဲဆိုတာ သူလည်း မခွဲတတ်ဘူး။ အရိုးပိုးကောင်က ကူပိုးကောင် မွေးတဲ့နေရာမှာ အသုံးချနိုင်မယ် ထင်တာနဲ့ ပိုးကောင်အသေတချို့ သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်တယ်။ ပြင်းထန်တဲ့တိုက်ပွဲကြောင့် ဝမ်းမည်းကူတချို့လည်း ထိခိုက်ဒဏ်ရာ ရကုန်တယ်။ အများစုက အထိအခိုက် မရှိဘူး။

……………..

All Chapters