← Chapters

စိတ္တဇအချစ်ရူး

Vol. 7 Ch. 77

စိတ္တဇအချစ်ရူး

Vol. 7 Ch. 77

စုန့်ဝမ် အလုပ်ရှုပ်နေချိန် ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အရိုးပိုးကောင်နှစ်ကောင် ဂူအမိုးပေါ်က ခုန်ဆင်းလာပြီး အလစ်ဝင်တိုက်တယ်။ စုန့်ဝမ်လည်း လက်နှစ်ဖက်နဲ့ ဖမ်းညစ်ပစ်လိုက်တာ ချွန်ထက်တဲ့ လက်သည်းတွေက အရိုးပိုးကောင်တွေကိုယ်ထဲ ဖောက်ဝင်သွားပြီး နှစ်ကောင်လုံး ချက်ချင်းအသက်ထွက်သွားတယ်။ မာကြောတဲ့အရိုးတွေကို ထိုးဖောက်လိုက်ရလို့ လက်ချောင်းတွေ နာပြီး ထုံကျဥ်သွားတယ်။ အဲဒီအချိန် ချောင်းနေတဲ့ နောက်ထပ် ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အရိုးပိုးကောင်က စုန့်ဝမ်ရင်ဘတ်ကို ခုန်ပျံတိုက်ခိုက်လာတယ်။ လက်တွေ ထုံကျဥ်နေတာကြောင့် မတတ်သာတဲ့အဆုံး တစ္ဆေဒိုင်းကာကို အသက်သွင်း ကာကွယ်လိုက်ရတယ်။

“ဒုန်း”

ကျယ်လောင်တဲ့အသံနဲ့အတူ ဝင်တိုက်မိတဲ့ အရိုးပိုးကောင်ရော၊ စုန့်ဝမ်ပါ လွှင့်စင်ထွက်သွားတယ်။ အရိုးပိုးကောင်က ဂူနံရံနဲ့ ဝင်ဆောင့်မိပြီး ကြေမွသွားတယ်။

စုန့်ဝမ်က လွင့်စင်သွားပေမယ့် ရှေ့ဖက်ကို လွင့်သွားတာဖြစ်လို့ အလိုက်သင့်ပဲ သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းပြီး ခုန်ထွက်လိုက်တာ ပိတ်ဆို့ထားတဲ့ အရိုးပိုးကောင်တစ်အုပ်ကို ကျော်လွန်လွတ်မြောက်သွားတယ်။ ကူပိုးကောင်တွေလည်း ဆက်မတိုက်ခိုက်ဘဲ ပျံသန်းရင်း သခင်နောက် အမီလိုက်လာတယ်။ ခဏတာ ဘေးလွတ်တဲ့နေရာ ခြေချမိတာနဲ့ စုန့်ဝမ်လည်း သိုလှောင်အိတ်ထဲက သန့်စင်သွေးအနှစ်ပုလင်းတွေ ထုတ်ယူပြီး အမြန်သောက်လိုက်ရတယ်။ သွေးစတေးနည်းစနစ် တောက်လျှောက်သုံးလာချိန်၊ သွေးလွတ်မြောက်နည်းစနစ်ပါ သုံးလိုက်ရလို့ လောင်ကျွမ်းတဲ့သွေးအနှစ်ပမာဏ အရမ်းများသွားတယ်။ အလောင်းခွဲစိတ်ဂူက ခိုးယူလာတဲ့ သွေးအနှစ်တွေ အကုန်မရောင်းဘဲ ၁၀ ပုလင်း ယူလာလို့ တော်သေးတယ်၊ မဟုတ်ရင် သေပြီ။ အခုတောင် ၃ ပုလင်း သောက်လိုက်မှ နဂိုမူလအတိုင်း ပြန်ဖြစ်သွားတယ်။

ပတ်ဝန်းကျင်ကို ဝိညာဥ်အာရုံဖြန့် စစ်ဆေးတော့ ရှေ့မလှမ်းမကမ်းမှာ ခေါင်းပွချီကာဒါသစ်ပင်ဆီသွားတဲ့ လမ်းခွဲကို တွေ့လိုက်တယ်။ သစ်ပင်ကို အရယူဖို့ဆို ဒီလိုတိုက််ခိုက်နေလို့ မရဘူး။ ရှေ့ကလူတွေကို ကျော်မှ ဖြစ်မယ်။ အရိုးပိုးကောင်တွေ သူတို့နဲ့ တိုက်ခိုက်နေမှ အာရုံများပြီး မလိုက်နိုင်မှာ။ အကောင်းဆုံးနည်းက ပြေးဖို့ပဲ။

စုန့်ဝမ်လည်း နည်းလမ်းကို ဆုံးဖြတ်ပြီးတာနဲ့ ဝမ်းမည်ကူတွေကို ပြေးမယ့်လမ်းတလျှောက် ကြိုလွှတ်လိုက်တယ်။ ဝမ်းမည်းကူတွေ ဝင်တိုက်ခိုက်လို့ အရိုးပိုးကောင်တွေ ပရမ်းပတာ ဖြစ်သွားတာနဲ့ မြန်နှုန်းမြင့်အဆောင်ကပ်ရင်း သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းပြီး ဖြတ်ပြေးပါတော့တယ်။ သွေးစတေးနည်းစနစ်ကြောင့် ကျင့်ကြံမှုအဆင့် ယာယီမြင့်တက်နေချိန် သွေးလွတ်မြောက်နည်းစနစ်နဲ့ မြန်နှုန်းမြှင့်အဆောင်ပါ ထုတ်သုံးလိုက်လို့ ပုံမှန်အမြန်နှုန်းထက် သုံးဆကျော် ပိုလျင်မြန်သွားတယ်။

ချက်ချင်းဆိုသလို ရှေ့က ၃ ယောက်ကို မီလာတယ်။ ရွှမ်ယဲ့တို့က လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် လမ်းအလယ်ခြမ်းကနေ သွားနေတော့၊ အရိုးပိုးကောင်တွေက ဘေးတစ်ဖက်တစ်ချက်က ဝိုင်းတိုက်ခိုက်နေကြတယ်။ စုန့်ဝမ်က နဂိုစိတ်ကူးထားတဲ့အတိုင်း လမ်းအစွန်းဖက် ဂူနံရံနားက ကပ်ပြီး ဖြတ်ပြေးသွားလို့ အရိုးပိုးကောင်တွေ လှည့်ရ၊ လှုပ်ရခက်ပြီး မတားနိုင် ဖြစ်သွားတယ်။ တိုက်ခိုက်ချက်တချို့ ထိပေမယ့် အားမပါ၊ မတိကျလို့ ခရမ်းကြေးခွံသံချပ်ကာကို မဖောက်နိုင်သလို၊ မာကြောတဲ့ ခန္ဓာကိုယ်ကလည်း အထိအရှ မဖြစ်စေခဲ့ဘူး။ အသက်တစ်ရှိုက်စာအတွင်း ရွှမ်ယဲ့ရော၊ ယီဇီတို့ကိုပါ ကျော်သွားတယ်။

စုန့်ဝမ် အရှိန်အဟုန်နဲ့ ပြေးနေတာ တွေ့လိုက်ရလို့ ယီဇီ စိုးရိမ်သွားတယ်။ တစ်ယောက် လွတ်သွားရင် ကျန်တဲ့သူတွေ ဖိအားဒဏ် ပိုခံရမှာ။

“လောင်ချွန်း .. မြန်မြန်လုပ်။ ငါတို့လည်း ရွှမ်ယဲ့ထက် အရင်ထွက်နိုင်မှ ဖြစ်မယ်”

ယီဇီက အလောင်းရုပ်သေးဆီ ဝိညာဥ်စွမ်းအား အမြင့်ဆုံးထိ ဖြည့်တင်းပြီး တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်တယ်။ အလောင်းရုပ်သေးက အဆင့်မြင့်လေ၊ ထိန်းချုပ်သူက ဝိညာဥ်စွမ်းအား ပိုကုန်လေဆိုတော့ သူ့ရဲ့ဝိညာဥ်စွမ်းအားက သုံးပုံ၊တစ်ပုံပဲ ကျန်တော့တယ်။

လောင်ချွန်းကလည်း ယီဇီ အခက်ကြုံနေတာ သတိထားမိတယ်။ ဒီတိုင်း ဆက်သွားရင် ဖောက်ထွက်နိုင်တဲ့အချိန် ဝိညာဥ်စွမ်းအင် ကုန်လောက်ပြီ။

“အစ်မ ... ကျနော် ဒီကောင်တွေကို တားပေးထားမယ်။ အစ်မ လွတ်အောင်ပြေး”

ယီဇီက နှုတ်ခမ်းကို တစ်ချက်ကိုက်ရင်း ခေါင်းခါလိုက်တယ်။

“မသွားဘူး၊ ငါတို့က အတူလာတာ။ သေလည်းအတူ၊ ရှင်လည်းအတူပဲ”

ယီဇီရဲ့ ပြတ်သားတဲ့အဖြေကြောင့် လောင်ချွန်း မျက်ရည်ပါ ဝဲသွားတယ်။ ကုန်ခမ်းလုလု အားအင်လည်း ဘယ်လိုဖြစ်မှန်းမသိ ပြန်ပြည့်ဝလာသလို ခံစားလိုက်ရပါတော့တယ်။

...............

စုန့်ဝမ် လွတ်မြောက်သွားပြီး သိပ်မကြာခင် ယီဇီတို့လည်း လွတ်လာတယ်။ သူတိူ့လည်း စုန့်ဝမ်ပြေးတဲ့ လမ်းကြောင်းအတိုင်း ပြေးခဲ့တယ်။ သူတို့လိုချင်တဲ့ လျန်ချောင်းသစ်မြစ်ကလည်း ဒီလမ်းကြောင်းအတိုင်းပဲ သွားယူရမှာ။ ပိုတောင် အတွင်းကျတယ်။

အရိုးပိုးကောင်တွေ မျက်ခြေပြတ်သွားတော့မှ ယီဇီ ရပ်လိုက်တယ်။

“မောင်လေး .. ငါတို့ခဏနားရအောင်”

ယီဇီအခြေအနေက အတော်ဆိုးနေပြီ။ တစ္ဆေအထီးကောင်နဲ့ တိုက်ခိုက်ချိန်က ဝိညာဥ်ပင်လယ် ထိခိုက်ခဲ့သလို၊ ချီစုစည်းခြင်း နဝမအဆင့် အလောင်းရုပ်သေးကို အချိန်အကြာကြီး ထိန်းချုပ်ခဲ့ရလို့ ဝိညာဥ်စွမ်းအင် ကုန်သလောက် ဖြစ်နေပြီ။

“ဟုတ်ကဲ့ .. အစ်မ”

လောင်ချွန်းအသံနဲ့အတူ ကျောဘက်က စူးခနဲ နာကျင်သွားလို့ ငုံ့ကြည့်လိုက်တော့ ရင်ဘတ်က ဖောက်ထွက်လာတဲ့ဓားသွားကို တွေ့လိုက်ရလို့ ယီဇီ တုန်လှုပ်ခြောက်ခြားသွားတယ်။ သွေးတွေ ပန်းထွက်လာပြီး အသက်စွမ်းအင် လျင်လျင်မြန်မြန် ကုန်ဆုံးနေတာ ခံစားမိလိုက်လို့ သူသေရတော့မယ်ဆိုတာ ယီဇီ သိလိုက်ပြီ။ ဒါပေမယ့် လောင်ချွန်းလုပ်ရပ်ကို သူနားမလည်ဘူး။ ခုနကတင် ဘယ်လောက်ချစ်မြတ်နိုးကြောင်း ရင်ဖွင့်သူဖြစ်သလို၊ သူကလည်း လက်ထပ်ဖို့ ကတိပေးပြီးပြီလေ။

“ဘာ .. ဘာလို့လဲ”

ယီဇီကို စိုက်ကြည့်နေတဲ့ လောင်ချွန်းမျက်လုံးတွေ အရူးတစ်ယောက်လို ဖြစ်နေပြီ။

“ဘာလို့လဲ ဟုတ်လား .. မင်းတကယ်မသိလို့ မေးတာလား။ ငါမင်းကို နှစ်နှစ်ဆယ်လုံး ချစ်ခဲ့ရတာ၊ ဒါပေမယ့် ငါဘာလုပ်ပေးပေး တစ်ချက်တောင် အရေးလုပ်မခံရဘူး။ မင်းနဲ့ အကိုအကြီးဆုံး လက်ထပ်တယ်၊ ရတယ် .. ငါလက်ခံနိုင်တယ်။ ဒါပေမယ့် မင်းက အကိုကြီး ရှိနေတည်းက ဒုတိယအကိုနဲ့ ပတ်သတ်တယ်။ အကိုကြီး ဆုံးသွားတော့လည်း ကျန်တဲ့အကိုတွေနဲ့ ထပ်ရှုပ်တယ်။ သတ္တမညီအငယ်ဆုံးကိုတောင် မင်းအလွတ်မပေးဘူး။ ငါ့ကိုပဲ .. အားလုံးနဲ့ အကုန်အိပ်ပြီးမှ ဂရုစိုက်တဲ့၊ ပေးဆပ်နေတဲ့ ငါ့ကိုပဲ လျစ်လျူရှုတာ၊ သန့်ရှင်းစင်ကြယ်တဲ့ နတ်သမီးလိုလို ဟန်ဆောင်ပြီး အထက်စီးက ဆက်ဆံတယ်။ ငါအကုန်သိတယ်ကွ”

ယီဇီလည်း နာကျင်မှုကို မေ့ပြီး ဒေါသတကြီး ပြောဆိုနေတဲ့ လောင်ချွန်းကို ငေးကြည့်နေတယ်။ လောင်ချွန်းက ဒေါသတကြီး ပြောဆိုနေရာ မျက်ရည်ကလာပြီး၊ လေသံပါ နူးညံ့သွားပြန်တယ်။

“အစ်မ စိတ်ချလက်ချ သွားပါတော့။ ဆရာလည်း ကွယ်လွန်တော့မှာဆိုတော့ ဒီချီစုစည်းခြင်း နဝမအဆင့် အလောင်းရုပ်သေးကို အသုံးချပြီး ဂိုဏ်းကို ကျနော်ပဲ ထိန်းသိမ်းလိုက်ပါမယ်။ အစ်မရဲ့ သမီးလေးကိုလည်း ကောင်းကောင်းဂရုစိုက်ပါ့မယ်၊ အစ်မအလောင်းကို ပြန်ယူသွားပြီး မပုပ်မသိုးဘဲ လှလှပပလေးနဲ့ ထာဝရ သိမ်းထားပေးပါ့မယ်။ ကျနော် သေဆုံးရင် အတူတူမြုပ်နှံ့ပေးမယ်နော်”

“နင် ..နင်”

ယီဇီလည်း စကားဆုံးအောင်တောင် မပြောနိုင်ဘဲ အသက်ထွက်သွားပါတော့တယ်။

လောင်ချွန်းလည်း ယီဇီရုပ်အလာင်းဘေး ဒူးထောက်ရင်း ငိုရင်း တတွတ်တွတ် ပြောနေတယ်။

“အစ်မ .. ကျနော့်ကို အပြစ်မတင်ပါနဲ့။ ဒီီလိုဖြစ်အောင် အစ်မပဲ တွန်းပို့ခဲ့တာလေ။ အစ်မသာ ကျနော့်အပေါ် မရက်စက်ရင် ကျနော် ဒီလို မလုပ်ပါဘူး”

……..

လောင်ချွန်းတို့နဲ့ ပေသုံးရာအကွာ ကျောက်အက်ကြောင်းတစ်ခုထဲ ခိုရင်း အနားယူ၊ အားဖြည့်နေတဲ့ စုန့်ဝမ်လည်း မြင်လိုက်ရတဲ့ စိတ္တဇဆန်ဆန် ချစ်ပုံပြင်တစ်ပုဒ်ကို ငေးကြည့်ရင်း အံသြတုန်လှုပ်နေမိတယ်။ လောင်ချွန်း ဥာဏ်များတာ သိပေမယ့် ဒီလောက်ရက်စက်မယ် မထင်ခဲ့မိဘူး၊ ဂိုဏ်းတူအစ်မ အသုံးချတာ ခံရင်း ဒုက္ခရောက်မယ်တောင် ထင်ခဲ့မိသေးတယ်။

အခုတော့ လောင်ချွန်းက ဥာဏ်များသလောက် သွေးဆာသူ စိတ္တဇကောင် ဖြစ်နေပြီ။ သူ့ဆရာဖြစ်သူကတော့ ဆေးမြစ်မရလို့ အသက်ဆုံးမှာ သေချာနေပြီ။ ကျန်တဲ့ဂိုဏ်းတူညီအကိုတွေလည်း အနှေးနဲ့အမြန် သေမှာပဲ။ သနားစရာကောင်းတာ ယီဇီသမီးလေးပဲ။ ကလေးမလေးကို ဒီကောင်က အလွတ်ပေးမယ် မထင်ဘူး။ စုန့်ဝမ် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တယ်။

“တခြားလူတွေ ထားလိုက်၊ အပြစ်မဲ့တဲ့ ကလေးမလေးကိုတော့ ငါကယ်သင့်ပါတယ်။ စိတ္တဇကျင့်ကြံသူတစ်ယောက် လောကမှာ ဆက်ရှိနေရင် အပြစ်မဲ့သူတွေလည်း ဒုက္ခများမယ်။ ဒီအတွက် အကျိုးကျေးဇူးနည်းနည်းပဲ ရရင်တောင် ငါကယ်လိုက်ပါမယ်လေ”

လောင်ချွန်းက ယီဇီခါးမှာ ချိတ်ထားတဲ့ သိုလှောင်အိတ်ကို ဖြုတ်ယူဖို့ လက်လှမ်းလိုက်ချိန် ရုတ်တရက် ချဥ်းကပ်လာတဲ့ သွေးနီရောင်ပုံရိပ်ကို တွေ့လိုက်ရလို့ အံသြတုန်လှုပ်သွားတယ်။ ကမန်းကတန်း ထရပ်ရင်း မီးတောက်အဆောင် ပစ်လွှတ်ပြီး၊ သူ့ရဲ့ ချီစုစည်းခြင်း ပဥ္မမအဆင့် အလောင်းရုပ်သေးကိုပါ ထုတ်ပြီး ကာကွယ်လိုက်တယ်။

စုန့်ဝမ်က မီးတောက်အဆောင်ကို ရှောင်မနေဘဲ လက်နဲ့ ရိုက်ချလိုက်တယ်။ ပြေးဝင်လာတဲ့ အလောင်းရုပ်သေးကိုလည်း လွင့်စင်ထွက်သွားအောင် လက်သီးနဲ့ ထိုးထုတ်ပစ်လိုက်တယ်။ ခဏလောက်လေး နှောင့်နှေးသွားချိန်က လောင်ချွန်းအတွက် တန်ဖိုးရှိတယ်။ မှော်ခေါင်းလေးတစ်ခု ထုတ်ယူအသက်သွင်းဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် ဝိညာဥ်စွမ်းအင် အသက်သွင်းလုဆဲဆဲ ခေါင်းအနောက်ဘက်က စူးရှတဲ့နာကျင်မှုနဲ့အတူ ကူပိုးကောင် ၂ ကောင် ဖောက်ဝင်ပြီး ဦးနှောက်ထဲ ဝင်ဖောက်ကိုက်ဖြတ်တာ ခံလိုက်ရတယ်။ ချက်ချင်းဆိုသလို လောင်ချွန်း အရုပ်ကြိုးပြတ် လဲကျပြီး ယီဇီမျက်နှာကို ငေးကြည့်ရင်း အသက်ထွက်သွားတယ်။

ပွဲသိမ်းပြီးတော့မှပဲ စုန့်ဝမ် သက်ပြင်းချရင်း ခေါင်းခါလိုက်တယ်။ ဒီဇတ်သိမ်းက အချစ်ကြီးသူအတွက် အကောင်းဆုံးလို့ သူတော့ ထင်မိတာပဲ။ ယီဇီနဲ့ လောင်ချွန်းဆီက ပစ္စည်းတွေ သိမ်းပြီးတာနဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်တွေကို စုပ်ယူလိုက်တယ်။ သူတို့က ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ဆိုတော့ သွေးအဆီအနှစ် ပြည့်ဝလို့ လက်ခံနိုင်တာထက် နည်းနည်းတောင် ပိုသွားတယ်။

စုန့်ဝမ် အလောင်းတွေကို လက်စဖျောက်ပြီး သိပ်မကြာခင် ရွှမ်ယဲ့ မောကြီးပန်းကြီးနဲ့ ရောက်လာတယ်။ နောက်ဆုံးကျန်ခဲ့သူဆိုတော့ အရိုးပိုးကောင်အုပ်ကြီးကို ခက်ခက်ခဲခဲ ဖောက်ထွက်လာရပုံပဲ။

“တာအိုရောင်းရင်းကော .. မင်းနဲ့ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ”

စုန့်ဝမ် နည်းနည်းတောင် အံသြမိသွားတယ်။ ဒီလူက ခွာချရခက်တဲ့ ကပ်ပါးပိုးမျိုးပဲ။

“လွတ်လာလို့ တော်သေးတာပေါ့ တာအိုရောင်းရင်းရွှမ်၊ လမ်းပြပေးတာ ကျေးဇူးတင်ပါတယ်။ ငါတို့ ဒီမှာပဲ လမ်းခွဲရအောင်”

ရွှမ်ယဲ့ ရုတ်တရက် ကြောင်သွားပေမယ့် သူ့ကို ဆက်မလိုက်စေချင်တာ ရိပ်မိသွားတယ်။ သူ့ရည်မှန်းချက်လည်း ပြည့်ပြီဆိုတော့ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

“အဲ့လိုပဲ လုပ်ကြတာပါ။ လမ်းခရီး ချောမွေ့စေဖို့ ဆန္ဒပြုပါတယ်။ နောက်မှ ပြန်ဆုံကြတာပေါ့”

နှုတ်ဆက်ပြီးတာနဲ့ ရွှမ်ယဲ့လည်း နောက်ကြောင်းပြန်လှည့်ပြီး ထွက်သွားတယ်။

……………..

All Chapters