ဝိညာဥ်ဆေးပင်
Vol. 7 Ch. 78
စုန့်ဝမ်လည်း ရည်မှန်းချက်ဆီ ဆက်ထွက်ခဲ့တယ်။ နှစ်မိုင်လောက် ခရီးပေါက်တော့ ဝမ်းမည်းအတောင်မာကူတွေကို စေလွှတ်ပြီး နောက်ယောင်ခံလိုက်သူ ရှိ၊မရှိ စစ်ဆေးတယ်။ ဘယ်သူမှ မရှိတာ သေချာတော့မှ ဆက်ထွက်လာခဲ့တယ်။
ဆယ့်ငါးမိနစ်လောက်နေတော့ ခေါင်းပွချီကာဒါသစ်ပင် ပေါက်ရာ အရိုးပုံကြီးဆီ ရောက်လာတယ်။ အရိုးပုံက သုံးဧကလောက် ကျယ်ဝန်းတဲ့လိုဏ်ဂူထဲမှာ ရှိတာ၊ ဂူကြမ်းပြင်တစ်ခုလုံး အရိုးတွေနဲ့ ပြည့်နေတယ်။ အလယ်မှာ ပေနှစ်ရာလောက် မြင့်မားတဲ့ အရိုးပုံက တောင်ငယ်တစ်လုံးလို ရှိနေတယ်။ အရိုးပုံထိပ်ဆုံးမှာ ကျောက်စိမ်းအရောင် တောက်ပနေတဲ့ ဝိညာဥ်သစ်ပင် ၂ ပင် ရှိနေတယ်။ တစ်ပင်က တစ်ပေခွဲလောက်ပဲ မြင့်ပြီး၊ နောက်တစ်ပင်က သုံးပေကျော်ကျော် မြင့်တယ်။ ဒါက သူရှာနေတဲ့ နှစ်သုံးရာရှိ ခေါင်းပွချီကာဒါသစ်ပင်ပဲ။
အပင်ကို တွေ့ပေမယ့် မလှုပ်ရှားရဲသေးဘူး။ ကူကိုးကောင်တွေ စေလွှတ်ပြီး ပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ် စစ်ဆေးတယ်။ ထူးခြားတာ တစ်ခုမှ မတွေ့ရဘူး၊ အားလုံးပုံမှန်ပဲ။ ဒါပေမယ့် ပုံမှန်ဖြစ်နေတာကိုက ထူးခြားချက်လို့ စုန့်ဝမ် မှတ်ယူလိုက်တယ်။ အငြိုးကြီးတစ္ဆေနှစ်ကောင် နေထိုင်တဲ့နေရာမှာ ထူးခြားတာ မတွေ့ရတာကိုက ထူးခြားတာပဲလေ။
ဘယ်လိုစစ်စစ် မထူးလာလို့ သူပဲ စလှုပ်ရှားဖို့ စုန့်ဝမ် ဆုံးဖြတ်ခဲ့တယ်။ အလောင်းရုပ်သေးကို အရိုးပုံပေါ် တက်ခိုင်းပြီး အပင်တွေဆီ ချဥ်းကပ်ခိုင်းလိုက်တယ်။ သူကတော့ ဖြစ်လာသမျှ ရင်ဆိုင်ဖို့ သွေးစတေးနည်းစနစ်ရော၊ သွေးလွတ်မြောက်နည်းစနစ်ပါ အသက်သွင်းရင်း စောင့်ကြည့်နေခဲ့တယ်။
စုန့်ဝမ် သတိထားခဲ့တာ မမှားဘူး။ အလောင်းရုပ်သေး အပင်နား ရောက်တာနဲ့ အရိုးပုံကြီး လှုပ်ခါလာတယ်။ အရိုးပုံထဲမှာ တစ်စုံတစ်ခု လျင်လျင်မြန်မြန် ရွေ့လျားလာပြီး မျက်စိတမှိတ်စာအတွင်း အလောင်းရုပ်သေး ခြေထောက်နား အရိုးပုံထဲကနေ တစ္ဆေအထီးကောင် ခုန်ထွက်လာတယ်။ အလောင်းရုပ်သေးလည်း အမြန်ခုန်ရှောင်ပေမယ့် မလွတ်တော့ဘဲ တစ္ဆေလက်သည်းတွေက ခြေထောက်တစ်ဖက်ကနေ ဆွဲချရင်း နောက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်တယ်။ ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အလောင်းရုပ်သေးက တစ္ဆေအထီးကောင်အတွက် ပြိုင်ဘက် မဟုတ်ခဲ့ဘူး။
တစ္ဆေအထီးကောင်က အလောင်းရုပ်သေးကို ဖျက်ဆီးနေရင်း တစ်ခုခု မှားနေတာ သတိထားမိပြီး အရိုးပုံထဲကို ပြန်ကြည့်လိုက်တယ်။ သူထွက်လာတည်းက သူတို့ခိုအောင်းရာကို ဖော်ပြမိသွားပြီဆိုတာ အခုမှ သတိထားမိသွားတယ်။ အရိုးပုံထဲမှာ ဂူတစ်ခုလို နေရာလွတ်တစ်ခု ရှိနေပြီး ဒဏ်ရာရနေတဲ့တစ္ဆေမက မလှုပ်နိုင်သေးဘဲ လဲလျောင်းနေတယ်။ တစ္ဆေမဘေးမှာ ကူပိုးကောင်အုပ်ကြီး ပတ်ချာလှည့်ဝဲပျံနေလို့ တစ္ဆေအထီးလည်း မလှုပ်ရှားရဲတော့ဘူး။
“လူသား .. သူ့ကို ထိခိုက်အောင် လုပ်ရင်၊ မင်းဝိညာဥ်ကိုပါ အမှုန့်ကြိတ်ပစ်မယ်”
တစ္ဆေအထီးကောင်ခမျာ အမြီးနင်းခံလိုက်ရသလို ဒေါသထွက်ပြီး ကြိမ်းဝါးနေတယ်။ တစ္ဆေစွမ်းအင်တွေ အရှိန်ပြင်းပြင်း လှုပ်ခတ်လာပြီး လိုဏ်ဂူတစ်ခုလုံး တစ္ဆေအော်ရာတွေ ဖုံးလွှမ်းလာတယ်။
အငြိုးကြီးတစ္ဆေရဲ့ တုန့်ပြန်ပုံကို ကြည့်ရင်း စုန့်ဝမ် ကျေနပ်နေတယ်။ တကယ်တော့ သူက ကံစမ်းကြည့်လိုက်တာ။ အရင်တစ်ခေါက် တိုက်ပွဲမှာ ဝိညာဥ်ပျက်သုဥ်းလုနီးနီး ဒဏ်ရာရတဲ့ တစ္ဆေမကို ကယ်သွားတာ ကြည့်ရင်း သူတို့ကြားမှာ နက်ရှိုင်းတဲ့ သံယောဇဥ်နှောင်ကြိုး ရှိလောက်တယ်လို့ တွက်ဆပြီး အကြပ်ကိုင်ဖို့ အကြံရခဲ့တာ။ ခုတော့ အလုပ်ဖြစ်သွားပြီ။
“ငါ့ကို သက်တမ်းနှစ်သုံးရာရှိတဲ့ ချီကာဒါအပင် ပေးလိုက်။ ဒါဆို သူ့ကို အန္တရာယ်မပြုဘဲ ထွက်သွားပေးမယ်”
“မရဘူး”
“အော် .. ဒီလိုလား”
စုန့်ဝမ် စကားဆုံးတာနဲ့ ကူပိုးကောင်တွေဆီက တစ္ဆေမဘေးနား အရှိန်အဟုန်နဲ့ တိုးကပ်ပျံသန်းလာတယ်။ သူတို့ဆီက ဝိညာဥ်စွမ်းအင်လှိုင်းဖိအားကြောင့် အလွန်တရာ အားနည်းနေတဲ့ တစ္ဆေမရဲ့ဝိညာဥ် ပြယ်လွင့်လုမတတ် ခါယမ်းလာတယ်။
တစ္ဆေအထီးကောင်လည်း ထိတ်လန့်သွားတယ်။
“ရပ် .. ဟေ့ကောင်၊ ရပ်လိုက်စမ်း။ ငါပေးမယ် .. အခုရပ်လိုက်”
တစ္ဆေအထီးကောင် ပြောပြောဆိုဆို ချီကာဒါသစ်ပင်ကို ဆွဲနှုတ်ဖို့ အနားတိုးကပ်သွားတယ်။
အဲဒီအချိန်မှာ အားနည်းနေတဲ့ တစ္ဆေမဆီကအသံ ထွက်လာတယ်။
“ထျန်းကော .. မလုပ်နဲ့။ အဲဒီ ခေါင်းပွချီကာဒါအပင်က နင် ခက်ခက်ခဲခဲ ရှာပြီး စိုက်ထားရတာ။ အဲဒါ နင်အဆင့်မြင့်တစ္ဆေဖြစ်ဖို့ အဓိကသော့ချက်လေ။ မပေးပါနဲ့”
တစ္ဆေအထီးကောင် တွေဝေသွားတယ်။
“ငါမပေးရင် သူက နင့်ကို သတ်လိမ့်မယ်။ ဒီအပင်က နောက်ထပ် ရှာလို့ရတယ်။ နင့်ဝိညာဥ် ပျက်စီးသွားရင် ပြန်ဝင်စားဖို့တောင် အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
တစ္ဆေအထီးကောင် တွေဝေနေတာ မြင်တော့ စုန့်ဝမ် စိတ်ပူလာတယ်။
“မြန်မြန်လုပ်၊ သူမသေချင်ရင် ချီကာဒါအပင် ငါ့ကိုပေး၊ မပေးရင် သူ့ကို အခုသတ်ပစ်မယ်”
“မလုပ်နဲ့၊ ရော့ .. ယူလိုက်”
တစ္ဆေအထီးကောင် ထိတ်လန့်သွားပြီး နှစ်သုံးရာသက်တမ်းရှိ ခေါင်းပွချီကာဒါအပင်ကို ဆွဲနှုတ်ပြီး လှမ်းပစ်ပေးလိုက်တယ်။
စုန့်ဝမ် အမြန်ဖမ်းယူပြီး စစ်တယ်။ အစစ်ဖြစ်နေလို့ ကျေနပ်နေချိန် တစ္ဆေမဆီက ဖျော့တော့တဲ့စကားသံကြောင့် ထိတ်လန့်သွားတယ်။
“ထျန်းကော .. နှုတ်ဆက်ပါတယ်”
စကားဆုံးတာနဲ့ တစ္ဆေမရဲ့ဝိညာဥ် ပြိုကွဲကြွေလွင့်သွားတယ်။
“မလုပ်နဲ့ ..”
ကျယ်လောင်တဲ့ အော်သံနဲ့အတူ တစ္ဆေအထီးကောင်လည်း တစ္ဆေမဆီ တဟုန်ထိုး ပြေးသွားတယ်။ ကွဲကြေပျံလွင့်နေတဲ့ ဝိညာဥ်အပိုင်းအစတွေကို စုစည်းဖို့ ကြိုးစားပေမယ့် အချည်းနှီးပဲ။
ပြင်းထန်တဲ့တစ္ဆေစွမ်းအင်လှိုင်းကြောင့် တစ္ဆေမအနား ပျံဝဲနေတဲ့ ဝမ်းမည်းအတောင်မာကူ ၁၆ ကောင် ပြေးချိန်တောင် မရလိုက်ဘဲ ကြေမွပြီး အသက်ပျောက်သွားတယ်။ အရိုးပိုးကောင်တွေနဲ့ တိုက်ခိုက်ချိန်က ၁၅ ကောင်၊ အခု ၁၆ ကောင်ဆိုတော့ ဒီခရီးမှာ ၃၁ ကောင် ဆုံးရှုံးလိုက်ရပြီ။
တစ္ဆေအထီးကောင်ရဲ့ သတ်ဖြတ်လိုစိတ်ဆန္ဒက လိုဏ်ဂူတစ်ခုလုံး ဖုံးလွှမ်းနေပြီ။ စုန့်ဝမ်လည်း တစ္ဆေအထီးကောင် တစ္ဆေမရဲ့ ဝိညာဥ်အပိုင်းအစတွေကို လိုက်ဖမ်းနေချိန်၊ ကူပိုးကောင်တွေ သေဆုံးချိန်တည်းက ထွက်ပြေးခဲ့တယ်။ သွေးစတေးနည်းစနစ်နဲ့ သွေးလွတ်မြောက်နည်းစနစ်ကို အသက်သွင်းရင်း မြန်နှုန်းမြှင့်အဆောင်ပါ အသုံးချပြီး မြန်နိုင်သမျှမြန်မြန် ထွက်ပြေးပါတော့တယ်။
……..
စုန့်ဝမ်တစ်ယောက် ဘာမှတွေးမနေဘဲ ဝေးနိုင်သမျှ ဝေးဝေးရောက်အောင် ပြေးနေခဲ့တယ်။ နဂိုတည်းက အစွမ်းထက်တဲ့ အငြိုးကြီးတစ္ဆေ ဒီအချိန် ဘယ်လောက်ထိ အန္တရာယ်များမယ်ဆိုတာ တွေးကြည့်နေစရာတောင် မလိုဘူး။
တစ္ဆေနှစ်ကောင်ကြား သံယောဇဥ်ရှိတာ ရိပ်မိပေမယ့် ဒီလောက်ထိ နက်ရှိုင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ တစ္ဆေအထီးကောင်က တစ္ဆေမအတွက် သူ့တက်လမ်းကို စွန့်လွှတ်နိုင်သလို၊ တစ္ဆေမကလည်း သူ့ဝိညာဥ်ကိုပါ စတေးခံရဲတဲ့အထိ ပေးဆပ်ခဲ့တယ်။ ဒီလောက်နက်ရှိုင်းတဲ့ ချစ်မေတ္တာမျိုးက ရက်စက်ကြမ်းကြုတ်တဲ့ အငြိုးကြီးတစ္ဆေတွေကြား ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
တစ္ဆေမဝိညာဥ်ကို ထိန်းချုပ်စုစည်းမရတဲ့အဆုံး တစ္ဆေအထီးက လက်စားချေဖို့ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ လိုဏ်ဂူတစ်ခုလုံး ဖုံးလွှမ်းနေတဲ့ တစ္ဆေစွမ်းအင်က အရိုးပုံထဲက အရိုးတွေကို သူ့ဆီ ပျံဝဲစေပြီး စုစည်းပေးလိုက်တယ်။ ချက်ချင်းဆိုသလို အငြိုးကြီးတစ္ဆေရဲ့ အင်အားက ချီစုစည်းခြင်း နဝမအဆင့်ထိ ရောက်သွားတယ်။ စုလာတဲ့အရိုးတွေက သံချပ်ကာဝတ်စုံသဏ္ဍာန် ဖွဲ့တည်လာတယ်။
အသက်တစ်ရှိုက်စာအတွင်း သုံးပေသာသာ တစ္ဆေပုကနေ အရပ် ၇ ပေကျော် မြင့်မားတဲ့ အရိုးသံချပ်ကာဝတ်တစ္ဆေကြီးအသွင် ကူးပြောင်းသွားတယ်။
“လူသား .. မင်းသေဖို့သာ ပြင်ထားပေတော့”
အငြိုးကြီးတစ္ဆေလည်း အော်ဟစ်ကြုံးဝါးရင်း စုန့်ဝမ်ပြေးတဲ့နောက် အရှိန်ကုန်မြှင့်ပြီး လိုက်ဖမ်းပါတော့တယ်။
အဲဒီအချိန်လေးမှာတင် စုန့်ဝမ်က ၄ မိုင်လောက် ခရီးပေါက်နေပြီ။ ဒါပေမယ့် သွေးအနှစ် လောင်ကျွမ်းစေပြီး အရှိန်မြှင့်နေရတော့ သွေးအနံ့တွေက လမ်းတလျှောက် ကျန်ရစ်ခဲ့တယ်။ အငြိုးကြီးတစ္ဆေက ဒါကို အာရုံခံပြီး လိုက်ဖမ်းတယ်။ အငြိုးကြီးတစ္ဆေက ပင်ပန်းစပြုလာတဲ့ စုန့်ဝမ်ကို တဖြည်းဖြည်း မီလာတယ်။
“ဘုန်း”
ခြေကုန်သုတ် ပြေးနေရင်း ရှေ့တည့်တည့်မှာ ပေါ်လာတဲ့ ဖုတ်ကောင်ကို စုန့်ဝမ် ဝင်တိုက်မိသွားတယ်။ ဖုတ်ကောင်က ချီစုစည်းခြင်း တတိယအဆင့်ခွန်အားပဲရှိလို့ တော်သေးတယ်။ လူက ဘာမှမဖြစ်ဘဲ ဖုတ်ကောင်ပဲ လွင့်စင်ပေါက်ကွဲသွားတယ်။
စုန့်ဝမ်ဆီက ထွက်ပေါ်နေတဲ့ သွေးအနံ့က ပြင်းလွန်းတာကြောင့် လမ်းတလျှောက် ဖုတ်ကောင်တွေကို ဆွဲဆောင်သလို ဖြစ်နေတယ်။ ဒါပေမယ့် စုန့်ဝမ်က မြန်လွန်းနေတော့ ဖုတ်ကောင်တွေ လမ်းပေါ်ရောက်လာချိန် သူက အဲဒီနေရာမှာ မရှိတော့ဘူး။
နောက်ကလိုက်နေတဲ့ အရိုးသံချပ်ကာဝတ် အငြိုးကြီးတစ္ဆေမှာ ဖုတ်ကောင်တွေကြောင့် အခက်ကြုံလာရတယ်။ တချိန်လုံး ဟိုတိုက်၊ ဒီတိုက်နဲ့ စုန့်ဝမ်ကို လိုက်မမီ ဖြစ်နေတယ်။ နောက်ဆုံး စိတ်မရှည်တော့တဲ့ အငြိုးကြီးတစ္ဆေက စိတ်ဝိညာဥ်တိုက်ခိုက်မှု သုံးလိုက်တယ်။ ဖောက်ထွင်းမြင်ရတဲ့ ဝိညာဥ်စွမ်းအင်ဓားက မျက်စိတမှိတ်တာအတွင်း စုန့်ဝမ်ခေါင်းနောက်ကို ဖောက်ဝင်သွားတယ်။
စိတ်ဝိညာဥ်တိုက်ခိုက်မှု ထိမှန်သွားပေမယ့် စုန့်ဝမ်က တစ်ချက်ပဲ ယိုင်သွားပြီး အရှိန်မပျက် ဆက်ပြေးသွားတယ်။ အငြိုးကြီးတစ္ဆေ ထိတ်လန့်သွားတယ်၊ စိတ်ဝိညာဥ်တိုက်ခိုက်မှု ခံလိုက်ရသူက ဘာမှမဖြစ်သလို နေနိုင်မယ်လို့ ယောင်လို့တောင် မတွေးမိဘူးလေ။ သူသာ စိတ်ဝိညာဥ်တိုက်ခိုက်မှု ပြုလုပ်ဖို့ အားစိုက်လိုက်ရတာကြောင့် ပြေးအားကျသွားပြီး အကွာအဝေး ပိုတိုးသွားတယ်။
……
စုန့်ဝမ် အသက်လုပြေးနေရချိန် ရွှမ်ယဲ့လည်း အလုပ်ရှုပ်နေတယ်။ လမ်းခွဲမရောက်ခင်နေရာမှာ ယန်မီးတောက်အစီအရင်ကို သေချာ နေရာချနေတယ်။ အစီအရင်အလံ ၈ လက်ကို အလွယ်တကူ မမြင်သာအောင် ကျောက်စိုင်ကျောက်တုံးတွေကြား ဖုံးကွယ်ပြီး နေရာချတယ်။ စိတ်ဝိညာဥ်အာရုံနဲ့တောင် သေချာစစ်ဆေးမှ မြင်နိုင်လိမ့်မယ်။
အာလုံးပြင်ဆင်ပြီးတာနဲ့ ရွှမ်ယဲ့လည်း အစီအရင်ပြားကို အသင့်ကိုင်ရင်း ပြန်ထွက်လာမယ့်စုန့်ဝမ်ကို စောင့်နေခဲ့တယ်။ သူ့မျက်စိထဲမှာ စုန့်ဝမ်က ဆူဖြိုးတဲ့သိုးတစ်ကောင်ပဲ၊ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်နဲ့ မလိုက်ဖက်အောင် ဝိညာဥ်စွမ်းအင် အားကောင်းတာ၊ အငြိုးကြီးတစ္ဆေရဲ့ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတာက တစ်ခုတည်းသောအဖြေကို ညွှန်ပြနေတယ်။ အဆင့်မြင့်စိတ်ဝိညာဥ်ရတနာ ပိုင်ဆိုင်ထားတဲ့သဘောပဲ မဟုတ်လား။ ဒါကို မမက်မောတဲ့ ကျင့်ကြံသူ ရှားတယ်၊ ရွှမ်ယဲ့လည်း တူတူပါပဲ။
ခဏနေတော့ စုန့်ဝမ်အော်ရာကို အာရုံခံမိလို့ ရွှမ်ယဲ့ ဝမ်းသာသွားတယ်။
“လာပြီ .. လာပြီ။ အမ် ... ဘာလဲဟ၊ သူက ထွက်ပြေးနေတာလား။ တစ်ခုခုတော့ မှားနေပြီ”
ရွှမ်ယဲ့ စဥ်းစားရကြပ်သွားတယ်။ နောက်ကလိုက်လာတာ ဟိုတစ္ဆေဆိုရင် ရင်ဆိုင်ဖို့ ခက်မှာ သူသိတယ်။ ဒါပေမယ့် လောဘစိတ် လွှမ်းမိုးနေလို့ ရှေ့ဆက်တိုးဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။
စုန့်ဝမ် အစီအရင်ထဲ ရောက်တာနဲ့ အစီအရင်ပြားထဲ ဝိညာဥ်စွမ်းအင် ထည့်သွင်းပြီး အသက်သွင်းလိုက်တယ်။ ချက်ချင်းဆိုသလို အစီအရင် အကာအရံက ထွက်ပေါက်မရှိအောင် ပိတ်ဆို့ပြီး မီးတောက်တွေ လွှမ်းမိုးသွားတယ်။
........................