ထောင်ချောက်
Vol. 46 Ch. 631
ဇူယွမ်မှာ သီးခြားကျင့်ကြံခြင်း ပြုလုပ်နေသကဲ့သို့ ကလန်အသီးသီးမှာလည်း ကြီးမြတ်သောရှန်းဟွတောင်တန်း၏ နယ်နိမိတ်အကာအကွယ်အား အင်တိုက်အားတိုက် ချိုးဖြတ်နေလျက် ရှိသည်။ ထို့ကြောင့် ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာ အပါအဝင် ရတနာတည်နေရာများစွာ ပေါ်ပေါက်လာသည်။
လက်ရှိအချိန်၌ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ နယ်နိမိတ်အကာအကွယ်မှာ မကြာမီမှာပင် ကျိုးပျက်သွားတော့မည်ဖြစ်ကြောင်း ကလန်အသီးသီးမှ နားလည်သိရှိထားကြသည်။ ကြီးမြတ်သောရှန်းဟွတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာများရှိ အကောင်းမွန်ဆုံး ကောင်းချီးများ ပေါ်ထွက်လာတော့မည်ပင် ဖြစ်သည်။
ရတနာတည်နေရာများ အဆက်မပြတ် တွေ့ရှိလာမှုကြောင့် ကန်ရွှမ်းကလန်မှ တပည့်များမှာလည်း အလွန်ပင် အလုပ်များနေကြရသည်။ ရတနာတည်နေရာ မည်မျှပင် များပြားနေပါစေ ကြီးမြတ်သောရှန်းဟွတောင်တန်းအတွင်း ရှိနေကြသော ကလန်များထက် အရေအတွက် နည်းပါးနေလိမ့်မည်သာ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် တွေ့ရှိထားသော ရတနာတည်နေရာများအား ကာကွယ်စောင့်ရှောက်ခြင်း မပြုပါက အခြားသူများမှ လက်ဦးမှု ရယူသွားလိမ့်မည်ပင် ဖြစ်၏။
တောင်ထွတ်တစ်ခုပေါ်ရှိ ဝါးအိမ်ငယ်တစ်ခုရှေ့၌
ယောင်ယောင်မှာ သူမ၏ သေးကျဉ်းသောခါးလေးအား လှုပ်လီလှုပ်လဲ့ဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းနေလျက် ရှိသည်။ သူမ၏ တင့်တယ်လှပသော မျက်နှာလေးကြောင့် ကန်ရွှမ်းကလန်မှ ယောက်ျားလေးတပည့်များမှာ မျက်လုံးကျွတ်ထွက်မတက် ကြည့်ရှုနေကြပါသော်လည်း အေးစက်ခက်ထန်မှုများ ပြည့်နှက်နေသော သူမ၏ မျက်ဝန်းများအား ကြောက်ရွံ့ကြသဖြင့် မည်သူကမှ စကားစမြည် လာရောက်ပြောဆိုရဲခြင်း မရှိကြပေ။
"ယောင်ယောင်..." လီချင်းချန်မှာ ယောင်ယောင်အား မြင်တွေ့လိုက်ရသောအခါ၌ အံအားသင့်သွားဟန်ဖြင့် ဝါးအိမ်ငယ်အတွင်းမှ လျင်မြန်စွာ ထွက်ခွာလာသည်။ "တာဝန်ပြီးသွားပြီလား။"
လွန်ခဲ့သော ရက်အနည်းငယ်ခန့်မှစ၍ ယောင်ယောင်မှာ တက်ကြွစွာဖြင့် ရတနာတည်နေရာများအား စောင့်ရှောက်ရသော တာဝန်ကို ရယူထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တက်ကြွစွာ ကာကွယ်စောင့်ရှောက်ပေးခြင်းမှာ ယောင်ယောင်၏ ပုံမှန်အပြုအမူများနှင့်ပင် အနည်းငယ် ခြားနားနေသည်။
ယောင်ယောင်မှ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် လီချင်းချန်၏ ပြုမူဆောင်ရွက်ပုံများအား နှစ်သက်သည့်အတွက် ခပ်ဖွဖွပင် ပြုံးပြလိုက်သေးသည်။
"ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာတွေ ရှိသေးလား။" ယောင်ယောင်မှ မေးမြန်းလိုက်သည်။
လီချင်းချန်မှ အံ့အားသင့်စွာ စကားဆိုလိုက်သည်။ "နင်အခုပဲ ပြန်ရောက်တာလေ။ နည်းနည်းမှတောင် အနားမယူတော့ဘူးလား။"
ယောင်ယောင်မှ ခေါင်းအားခါယမ်းပြလိုက်သည်။
လီချင်းချန်မှ တောင်၏အနောက်ဖက်အားကြည့်ကာ နီထွေးသော နှုတ်ခမ်းသားလေးအား ခပ်ဖွဖွဖိကိုက်၍ ပြောလိုက်သည်။ "နင်အရမ်း ကြိုးစားပေးရတဲ့ထိ သူကထိုက်တန်လို့လား။"
ယောင်ယောင်သည် ယခုကဲ့သို့ အလွန်တက်ကြွစွာဖြင့် အလုပ်ကြိုးစားနေခြင်းမှာ ဇူယွမ်တင်ကျန်နေသော ကြီးမားသော အကြွေးများအား ကူဆပ်ပေးရန်ဖြစ်ကြောင်း လီချင်းချန်မှ ကောင်းစွာသိရှိနေသည်။
သို့သော် ဇူယွမ်မှာ ရတနာများအား ရရှိသည်နှင့်တစ်ပြိုင်နက် သီးခြားကျင့်ကြံခြင်းကို ပြုလုပ်ကာ ယောင်ယောင်အား တစ်ဦးတည်း ထားရစ်လျက် အကြွေးဆပ်ခိုင်းထားသည်။
ထို့ကြောင့် လီချင်းချန်မှာ ဇူယွမ်၏လုပ်ရပ်သည် ယောင်ယောင့်အပေါ်တွင် တရားမျှတမှုမရှိဟု ခံစားနေရခြင်း ဖြစ်သည်။ ထို့အပြင် ယောင်ယောင်မှာ မည်သည့်အကြောင်းကိစ္စများပင် ဖြစ်ပေါ်လာစေကာမူ ဇူယွမ်တစ်ဦးတည်းအပေါ် ဂရုတစိုက် ရှိနေခြင်းက လီချင်းချန်အား ပို၍ပင်အံ့သြစေသေးသည်။
"ငါကသူ့ကို ထောင်ချောက်ဆင်တယ် ဖြစ်မှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ လုပ်နေတာပါ။" ယောင်ယောင်မှာ အကြွေးများပိနေသော ဇူယွမ်၏ အမူအရာအား မြင်ယောင်လာမိသဖြင့် ခပ်ဖွဖွပင် ပြုံးလိုက်မိသည်။
လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအားခါယမ်းလိုက်သည်။ "အခုလောလောဆယ် ပေါ်လာတဲ့ ရတနာတည်နေရာ တစ်ခုတော့ရှိတယ်။ တခြားရွေးချယ်ခံတွေက အဲ့နေရာကို သွားနေကြပြီ။ ဘာမှတော့ သိပ်ကျန်တော့မယ် မထင်ဘူး။"
လီချင်းချန်မှ ကျောက်စိမ်းစာလိပ်တစ်ခုအား ထုတ်ယူကာ မြေပုံအားပြသ၍ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ "ဒါက အခုတလောမှ ပေါ်လာတဲ့ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာပဲ။ ဒါပေမယ့် အဲ့ဒါက ငါတို့ပိုင်နက်ထဲမှာ ရှိတာမဟုတ်ဘူး။ ကောင်းကင်တစ္ဆေကလန်ရဲ့ ပိုင်နက်အနားမှာပဲ။ အဲ့နေရာနဲ့ အနီးတဝိုက်မှာ တခြားရတနာတည်နေရာတွေလည်း နည်းနည်းပါးပါး ရှိသေးတယ်။ လောလောဆယ်တော့ အဲ့နေရာတွေကို ဘယ်သူကမှ အရေးမစိုက်လာသေးဘူး။"
"အဲ့ဒါကြောင့် နင်ကခပ်မြန်မြန်သွားပြီး အထဲက အစောင့်အရှောက်သားရဲကို ရှင်းနိုင်မယ်ဆိုရင်တော့ အဲ့နေရာက ရတနာတွေကိုယူလာပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာလို့ရလိမ့်မယ်။"
ယောင်ယောင်မှာ မြေပုံအား တစ်ချက်မျှကြည့်ရှုကာ တည်နေရာအား မှတ်သားလိုက်ပြီးနောက် စကားဆိုလိုက်သည်။ "အဲ့ဒါဆိုရင် ငါသွားလိုက်ဦးမယ်။" သူမသည် လီချင်းချန်အား ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
လီချင်းချန်မှာ ထွက်ခွာသွားသော ယောင်ယောင်၏ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် တောင်တန်းအနောက်ဖက်အားကြည့်ကာ ရေရွတ်လိုက်သည်။ "ဘာလို့ ဇူယွမ်ဆိုတဲ့ ကောင်လေးက ဒီလောက်တောင် ကံကောင်းနေရတာလဲ။"
ထို့နောက် လီချင်းချန်မှာ မြေပုံပေါ်ရှိ ရတနာတည်နေရာအား ကြည့်ရှုလိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။
"ဘာလို့ ဒီရတနာတည်နေရာနဲ့ ပက်သတ်တဲ့ သတင်းတွေက ဘာမှမကြားရတာလဲ..."
တောင်တန်းတစ်နေရာ၌
ယောင်ယောင်မှာ ကောင်းကင်ထက်မှနေ၍ ထင်းရှူးပင်တစ်ပင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူမသည် မျက်ဝန်းများမှာ တောင်တန်းတစ်နေရာရှိ ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာပေါ်တွင်သာ ရှိနေ၏။
ထိုနေရာသည် ကျက်တီးမြေတစ်ခု ဖြစ်နေသောကြောင့် လက်ရှိအချိန်၌ လူသူကင်းမဲ့နေလျက် ရှိသည်။ မည်သူကမှလည်း ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာမှာ ကျက်တီးမြေကဲ့သို့သော နေရာမျိုးတွင် ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့်ပင် ဖြစ်သည်။
ယောင်ယောင်မှာ ပတ်ဝန်းကျင်အား တစ်ချက်မျှ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ကျက်တီးမြေထံသို့ သွားရောက်လိုက်သည်။
ယောင်ယောင်၏ပုံရိပ်မှာ ကျက်တီးမြေတောင်တန်းပေါ်၌ တင့်တယ်လှပစွာ တည်ရှိနေ၏။
သို့သော် ယောင်ယောင်မှာ တောင်တန်းပေါ်၌ လျှောက်လှမ်းခြင်း မပြုရသေးခင်မှာပင် မြေပြင်တုန်ခါလာသောကြောင့် မျက်မှောင်ကျုံ့မိသွားသည်။
တောင်တန်းပေါ်၌ ပျံ့နှံ့နေသော ထူးခြားသည့် စွမ်းအင်တစ်မျိုးမှာ ယောင်ယောင်၏ စိတ်ဝိဉာဉ်အား ဖိနှိပ်ထားသည်ဟု ခံစားလိုက်ရ၏။
ယောင်ယောင်မှာ အရပ်မျက်နှာတစ်ခု၌ လေထုထဲမှတဆင့် ကောင်းကင်ထက်တွင် ပျံ့နှံ့နေသော ဖျော့တော့သည့် အစိမ်းရောင် စွမ်းအင်လှိုင်းများအား ကြည့်ရှုလိုက်သည်။
ထိုအရာမှာ အလွန်ပြင်းထန်သော အဆိပ်ငွေ့များပင် ဖြစ်သည်။
ယောင်ယောင်မှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ အဆိပ်ငွေ့များအား ကြည့်ရှုလိုက်သည်။
ရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာမှာ ထောင်ချောက်တစ်ခုပင် ဖြစ်၏။
ယောင်ယောင်မှာ အနည်းငယ်မျှ တွေးတောကြည့်လိုက်မိသည်။ ယခုထောင်ချောက်မှာ မြင့်မြတ်သောနန်းတော်၏ လုပ်ရပ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ ကြည့်ရသည်မှာ မြင့်မြတ်သောနန်းတော်မှ တစ်စုံတစ်ယောက်သည် သူမ၏လုပ်ရပ်များအား တိတ်တဆိတ် စောင့်ကြည့်ထားသည့်ပုံ ရ၏။ ရောင်စဉ်ခုနစ်သွယ် ရတနာတည်နေရာအား လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းအပေါ် မြင့်မြတ်သောနန်းတော်မှ အငြိုးအတေး ထားနေခြင်းပင် ဖြစ်ပေလိမ့်မည် ဖြစ်သည်။
ထိုအငြိုးအတေးအား ဖြေဖျောက်နိုင်ရန်အတွက် မြင့်မြတ်သောနန်းတော်မှာ ယောင်ယောင်အား လက်စားချေရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပုံရသည်။
ကျက်တီးမြေတောင်တန်း၏ အပြင်ဖက်၌
တောင်ကုန်းတစ်ခုပေါ်တွင် ပုံရိပ်နှစ်ခု ရပ်နေလျက် ရှိသည်။ တစ်ဦးမှာ ငွေမျှင်ရောင် အဝတ်အစားအား ဆင်မြန်းထားလျက်ရှိကာ ကျန်တစ်ဦးမှာ အနက်ရောင် အဝတ်အစားအား ဆင်မြန်းထားလျက် ရှိပေသည်။
ထိုနှစ်ဦး၏ အဝတ်အစားများပေါ်၌ မြင့်မြတ်သောနန်းတော်၏ အမှတ်အသားအား ခပ်နှိပ်ထားလျက် ရှိသည်။
၎င်းတို့မှာ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံ နှစ်ဦးပင် ဖြစ်သည်။
ငွေမျှင်ရောင် အဝတ်အစားအား ဆင်မြန်းထားသူမှာ လိန်ကြွင်းဟုခေါ်တွင်ပြီး အနက်ရောင် အဝတ်အစားအား ဆင်မြန်းထားသူမှာ ထျယ်မို ဖြစ်သည်။
ထိုနှစ်ဦးမှာ မြင့်မြတ်သောနန်းတော်၌ ချိုင်ယင်းထက် အဆင့်သတ်မှတ်ချက် မြင့်မားကြသော ရွေးချယ်ခံများပင် ဖြစ်သည်။
ယင်းတို့နှစ်ဦးမှာ ကျက်တီးမြေတောင်တန်းအားကြည့်လျက် အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။ "ငါတို့ရဲ့ စီနီယာအကိုတော် ခန့်မှန်းချက်အတိုင်း တကယ်ဖြစ်လာလိမ့်မယ်လို့တောင် မထင်ထားဘူး။ ကန်ရွှမ်းကလန်က တကယ်ကို ဒီလိုနေရာကို တစ်ယောက်တော့ လွှတ်လိုက်သေးတာပဲ။"
"ကန်ရွှမ်းကလန်က လူတွေက ဒီရောင်စဉ်ခြောက်သွယ် ရတနာတည်နေရာနဲ့ ပက်သတ်ပြီး ဘာမှသိပ်မသိကြလို့ ဖြစ်မယ်။ ဒီတောင်တန်းမှာက စိတ်ဝိဉာဉ်ကို ဖိနှိပ်နိုင်တဲ့ ကျောက်တုံးကျောက်ဆောင်တွေ နေရာအနှံ့ ရှိနေတာ။ ဇူရှောင်ယိုက စိတ်ဝိဉာဉ်စွမ်းအင်ကလွဲရင် ဘာမှရှိတဲ့သူ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဒီကနေ ထွက်နေတဲ့ အဆိပ်ချီတွေကို ကြာကြာခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး။"
"တောင်တန်းတလျှောက် ပျံ့နေတဲ့ အဆိပ်ချီတွေက အဆိပ်သွေးနဲ့ မွေးဖွားလာတဲ့ စီနီယာအကိုတော် ကျင်းချန်းဇယ်ကိုယ်တိုင် လုပ်ထားတာ။ ဘယ်ရွေးချယ်ခံကမှ အကိုတော်ရဲ့ အဆိပ်ကို ခံနိုင်စွမ်း မရှိကြဘူး။ အဲ့ဒါကြောင့် ဇူရှောင်ယိုလည်း သေမှာပဲ။"
"ကန်ရွှမ်းကလန်က သတိထားမိသွားရင် တခြားရွေးချယ်ခံတွေကို လွှတ်လိမ့်မယ်ထင်တယ်။ အဲ့အခါကြရင် ငါတို့နှစ်ယောက်တည်းနဲ့ အဆင်ပြေပါ့မလား။" ထျယ်မိုမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
"ငါတို့ရဲ့ စီနီယာအကိုတော်၊ အမတော်တွေက အဲ့လိုဖြစ်ခံမှာ မဟုတ်ပါဘူး။" လိန်ကြွင်းမှ ပြုံးကာပြောလိုက်သည်။
"တော်သေးတာပေါ့။"
ထျယ်မိုမှာ ပြုံးလိုက်ပြီးနောက် ကျက်တီးမြေအားကြည့်ကာ စကားဆိုလိုက်သည်။ "ဒီလို အလှနတ်ဘုရားမလေးက ဒီတိုင်းသေသွားရမှာတော့ နှမြောစရာပဲ။"
"ငါတို့မြင့်မြတ်သောနန်းတော်ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်များ ထင်နေကြလား။ ကန်ရွှမ်းကလန်က ငါတို့မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်။ အဲ့ဒါကြောင့် ငါတို့ကသာ ပြန်ပြီးကလဲ့စားမချေရင် လူတွေအမြင်မှာ ရယ်စရာကြီး ဖြစ်သွားမှာပေါ့။"
"စိတ်ဝိဉာဉ်ကို ဖိနှိပ်နိုင်တဲ့ ကျောက်တုံးကျောက်ဆောင်တွေရှိတဲ့ တောင်တန်းကို ရောက်လာရတာ သူမကံဆိုးတာပဲ။"
"သူမ မရှိတော့ရင် ကန်ရွှမ်းကလန်က ဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်ရသေးတာပေါ့။"