← Chapters

ပိုကောင်းအောင် ကစားမည်

Vol. 1 Ch. 247

ပိုကောင်းအောင် ကစားမည်

Vol. 1 Ch. 247

"ကင်းထောက် သံတမန်"

ကျန်းရီနှင့် ချမ်ခွမ်းတို့၏ မျက်နှာထက်တွင် အံ့သြမှုများက အတိုင်းသား။ ဒီမိုးပြာနဂါး အင်ပါယာမှ လူများ ဘာလုပ် နေကြသနည်း၊ ဘယ်အချိန်က ကျန်းရီ ကင်းထောက် သံတမန် ဖြစ်သွားရပါသနည်း။

ချမ်ဝမ်ကွမ်၏ စာထဲမှ အရိပ်အမြွက်များကို ပြန်တွေးမိသောအခါ ကျန်းရီသည် ချက်ချင်း တုံ့ပြန်လိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက် မှားပြီး နှုတ်ဆက် နေကြတာမလား ... ဒီကျန်းမျိုးနွယ်က အင်ပါယာရဲ့ ကင်းထောက် သံတမန် မဟုတ်ပါဘူး"

ထိုစိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် နှစ်ယောက်သည် အသက် အတော်အတန်ကြီးပုံ ရသည်။ နှစ်ယောက်လုံးသည် တန်ဖိုးကြီး ဝတ်ရုံများ ဝတ်ဆင်ထားကြပြီး ညီအစ်ကိုများ အလား တရုတ်အက္ခရာ'၈'ဂဏန်း(八) နှင့် တူသည့် နှုတ်ခမ်းမွေးများ ရှိကြသည်။ အသက်ပိုကြီးပုံ ရသော လင်းချမ်းသည် လက်နှစ်ဖက်ကို ဆုပ်၍ ပြန်ဖြေလာခဲ့သည်။

"အရှင်ကျန်း ... ကျွန်တော်မျိုးက ရှားနိုင်ငံမှာ အင်ပါယာ အခြေစိုက်ထားတဲ့ မြို့တစ်မြို့ရဲ့ အုပ်ချုပ်သူပါ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်ပါယာ ဆီကနေ ဒီစာကို လက်ခံရရှိပါတယ်၊ မင်းသမီးလင်းရွှယ်က အရှင့်ကို အင်ပါယာ ကိုယ်စား နယ်မြေကို ကင်းထောက်ရတဲ့ ကင်းထောက် သံတမန် အနေနဲ့ ချီးမြှင့်ကြောင်း တော်ဝင်အမိန့်စာ ထုတ်လိုက်တာပါ"

ကျန်စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လင်းကျန့်သည် အလျင်အမြန် ရွှေရောင်စာလိပ် တစ်ခု၊ တံဆိပ်ပြား တစ်ခုနှင့် ရွှေရောင်နဂါးပုံ တံဆိပ်တုံးတစ်ခုကို ထုတ်ယူကာ တလေးတစားနှင့် ပြောဆိုလာခဲ့သည်။

"အရှင်ကျန်း ... ဒါက အင်ပါယာ အမိန့်စာ၊ တော်ဝင်တံဆိပ်ပြားနဲ့ အရာရှိ တံဆိပ်တုံးတို့ပါ၊ ကျေးဇူးပြုပြီး စစ်ဆေး လက်ခံပေးပါ"

"မင်းသမီးလင်းရွှယ်"

လှပသော ပုံရိပ်တစ်ခု ကျန်းရီစိတ်ထဲတွင် ပေါ်လာခဲ့သည်။ စိတ်ဝိညာဉ်ကို ကျင့်ကြံသော ထိုမင်းသမီး လှလှသည် ဘာလိုချင်ပြန်ပြီ မသိ၊ သူ့အား မေးမြန်းခြင်းပင် မပြုဘဲ အရာရှိ ရာထူးတစ်ခု တိုက်ရိုက် ချီးမြှင့်လိုက်သည်။ ထို့ပြင် ထိုရာထူးသည် အရေးပါပုံ ပေါက်လေသည်။ အင်ပါယာ၏ ကိုယ်စား နယ်မြေကို ကင်းထောက် စောင့်ကြည့်ရခြင်း ... .

ကျန်းရီသည် အင်ပါယာ အမိန့်စာ၊ တံဆိပ်ပြားနှင့် အရာရှိ တံဆိပ်တုံးတို့ကို လက်မခံသေးဘဲ တွေဝေနေခဲ့သည်။ သူ့စိတ်ထဲတွင် မင်းသမီး လင်းရွှယ်၏ အကြံအစည်တို့ကို တွက်ချက် ကြည့်နေလေသည်။

လင်းချမ်းနှင့် လင်းကျန့်သည် ကျန်းရီ အမိန့်စာကို လက်မခံသေးဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စိတ်လှုပ်ရှား နေကြသည်။ လင်းချမ်းသည် တစ်ခုခုကို တွေးမိသွားကာ ချက်ချင်း ဝင်ပြောလာသည်။

"အရှင်ကျန်း ... အရှင်က အင်ပါယာ အတွက် ဘာမှလုပ်ပေးဖို့ မလိုသလို အင်ပါယာကလည်း တစ်ခုခုကို အမိန့်ပေး စေခိုင်းမှာ မဟုတ်ဘူးလို့ မင်းသမီးက မှာလိုက်ပါတယ်၊ အရှင်က ရှားနိုင်ငံထဲမှာ ရှိတဲ့ အင်ပါယာ မျိုးနွယ်ရဲ့ အရာရှိတွေကို ဘာမဆို အကူအညီပေးဖို့ အမိန့်ပေး စေခိုင်းနိုင်ပါတယ်"

"အမ် ... ဒီလို ရက်ရောတဲ့ ကမ်းလှမ်းမှု"

ကျန်းရီ၏ မျက်ခုံးနှစ်ဖက် ပင့်တက်သွားခဲ့ပြီး အနည်းငယ် အံ့အားသင့် နေခဲ့သည်။ သူ့ဘက်မှ မည်သည့်တာဝန်မှ လုပ်ပေးစရာ မလို၊ အမိန့်ကို နာခံနေစရာ မလိုပေ။ အင်ပါယာဘက်မှသာ အကန့်သတ်မဲ့ အကျိုးအမြတ်များ ပေးနေလေသည်။

မိုးပြာနဂါး အင်ပါယာသည် သူ့အား စည်းရုံးရန် မင်းသမီး လင်းရွှယ်ကို စိတ်ကြိုက် လုပ်ပိုင်ခွင့် ပေးထားလေသည်။

"အရင်ဆုံး ထလိုက်ပြီး ခဏလောက်စောင့်ပါ၊ ကျွန်တော် ခဏလောက် စဉ်းစားပါရစေ"

ကျန်းရီသည် ချမ်ခွမ်းကို မျက်ရိပ်ပြလိုက်ပြီး နှစ်ယောက်သားသည် အခန်းတစ်ခုထဲ ဝင်သွားလိုက်ကြသည်။ ချမ်ခွမ်း အခန်း၏ တားမြစ် အစီအရင်များကို အသက် သွင်းပြီးသည်နှင့် ကျန်းရီသည် ချက်ချင်း မေးတော့သည်။

"ကင်းထောက် သံတမန်က ဘာရာထူးလဲ?"

ချမ်ခွမ်းသည် သေချာစဉ်းစားလိုက်ပြီး ပြန်ဖြေလာခဲ့သည်။

"အဲ့ဒါက ပထမတန်းစား ရာထူးပဲ၊ နိုင်ငံခြောက်ခုရဲ့ ဘုရင်တွေ ကိုယ်တိုင်ကတောင် ကင်းထောက် သံတမန်ကို အရိုအသေ ပေးရတယ်၊ ဒါပေမဲ့ အခု မိုးပြာနဂါး အင်ပါယာက အမည်ခံပဲ ရှိတော့တာ သခင်လေးကျန်း သိမှာပါ၊ မင်းသမီးလင်းရွှယ် ကိုင်တိုင် နိုင်ငံ အသီးသီးကို အလည်လာရင်တောင် ဘုရင်တွေက သူမကို လျစ်လျူရှုထားမှာ ... အလွန်ဆုံးရှိမှ မင်းသား၊ မင်းသမီး တစ်ပါးပါးကို ကြိုဆို ဧည့်ခံခိုင်းရုံပေါ့၊ ဒါကြောင့် ဒီကင်းထောက် သံတမန်ရာထူးက ကြောင်တောင်တောင် နိုင်နေတယ်၊ အမည်အားဖြင့် အင်ပါယာကိုယ်စား နယ်မြေကို ကင်းထောက် စောင့်ကြည့်ရတယ်ပေါ့ ... တကယ်တမ်းတော့ ဘာမှတန်ကြေး မရှိဘူး"

"ဘာမှတန်ကြေး မရှိဘူး"

ကျန်းရီ ယခုမှ နားလည်သွားသည်။ ရှားနိုင်ငံမှ အင်ပါယာမျိုးနွယ် အရာရှိများကို သူအသုံးပြု နိုင်သည်ဟု လင်းချမ်း ပြောလိုက်သည့် အချိန်ကို ပြန်တွေးမိသောအခါ ရယ်စရာ ကောင်းနေသည်ကို ကျန်းရီ သိလိုက်ရသည်။ တကယ်တမ်း သေရေးရှင်ရေး အခြေအနေတွင် လင်းချမ်းနှင့် လင်းကျန့်သည် သူ့ကို ကူညီမည် မဟုတ်ဘဲ ချော်လဲရောထိုင် လုပ်လိုက်မည်မှာ သေချာသည်။

"လှည့်စားတာပေါ့"

ကျန်းရီသည် ခဏ တွေးတောလိုက်ပြီးမှ မင်းသမီး လင်းရွှယ်၏ အကြံအစည်ကို နားလည်သွားခဲ့သည်။

သူမသည် သူ့ကို ဘွဲ့တစ်ခု ပေးလိုက်ပြီး နယ်မြေတွင် ပြဿနာများ ဖန်တီးစေမည်။ အင်ပါယာ၏ အင်အား တိုးတက်လာသည်ဟု လူအများအား ထင်မြင်စေ၍ အင်ပါယာ၏ ဂုဏ်သတင်းကို မြင့်မားစေမည်။ သူမသည် နိုင်ငံများကို ရန်စ၍ နိုင်ငံအသီးသီးမှ တုံ့ပြန်မှုကို စောင့်ကြည့်မည်။ အခြေအနေ မကောင်းပါက တော်ဝင်အမိန့်စာသည် ဧကရာဇ် ကိုယ်တိုင်ပေးထားခြင်း မဟုတ်ဘဲ မင်းသမီး ပေးထားခြင်းသာ ဖြစ်သည်ဟု ပြောကာ သူ့အား ရောင်းစားသွားလိမ့်မည်။

"သခင်လေးရီ ... ပြောသင့်လား မပြောသင့်လား မသိပေမယ့် ကျွန်တော့်မှာ ပြောစရာ ရှိပါတယ်"

ချမ်ခွမ်းသည် အလေးအနက် စဉ်းစားနေပြီး မျက်မှောင်ကြုတ် ပြောလာခဲ့သည်။

ကျန်းရီသည် လက်ကာပြကာ ကိစ္စမရှိကြောင်း ပြောလိုက်သည်။

"ပြောပါ ... ငါတို့ကြားမှာ အဲ့လောက် ယဉ်ကျေးနေဖို့ လိုလို့လား၊ မင်းကို မယုံရင် ငါဘာလို့ ဒီမှာနေမှာလဲ"

"အင်း"

ချမ်ခွမ်းသည် ခေါင်းညိတ်လိုက်ပြီး မျက်နှာပျက်ပျက်နှင့် ပြောလာသည်။

"သခင်လေးရီ ... ဒီကင်းထောက် သံတမန်ရာထူးကို မယူသင့်ဘူးလို့ ကျွန်တော်ထင်တယ်၊ မိုးပြာနဂါး အင်ပါယာက သခင်လေးကို အသုံးချချင်နေတာ၊ အခြေအနေ မကောင်းရင် နိုင်ငံ ခြောက်ခုလုံးကို ရန်စသလို ဖြစ်သွားလိမ့်မယ်၊ အဲ့အခါကျရင် အင်ပါယာက သခင်လေးရီကို စွန့်ပစ်လိုက်မှာ ... အဲ့နောက်ဆို ကမ္ဘာကြီး ဘယ်လောက်ကျယ်ကျယ် သခင်လေး ပြေးစရာမြေ ရှိမှာ မဟုတ်တော့ဘူး"

"ခွီး ... "

ကျန်းရီသည် ချမ်ခွမ်း၏ ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။

"မင်းပြောတာတွေကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ ဒီကင်းထောက် သံတမန်ရာထူးကို ငါယူမယ်"

နိုင်ငံခြောက်ခုကို ဆန့်ကျင်ခြင်း ...

သူနိုင်ငံနှစ်ခုကို ရန်စထားပြီး ဖြစ်ရာ ရှားနိုင်ငံနှင့် ရှန်ဝူနိုင်ငံတွင် သူနေစရာနေရာ မရှိပေ။ ကျန်နိုင်ငံလေးခုကို ရန်စမိလျှင်တောင် ပြဿနာ မဟုတ်တော့ပေ။ သူသည် နိုင်ငံ သစ္စာဖောက်မှုကို ကျူးလွန်ထားသည့် အပြစ်သားဖြစ်ပြီး ရှားနိုင်ငံနှင့် ရှန်ဝူနိုင်ငံ နှစ်ခုလုံးနှင့် ရန်ငြိုးဖွဲ့ထားပြီး ဖြစ်သည်။ အဘယ့်ကြောင့် ပြဿနာ ထပ်မရှာဘဲ နေရမည်နည်း။

မိုးပြာနဂါး အင်ပါယာမှ သူ့အား အသုံးချချင်သည် ဆိုလျှင် သူကရော အဘယ်ကြောင့် မိုးပြာနဂါးအင်ပါယာကို ပြန်အသုံးမချဘဲ နေမည်နည်း။

နယ်မြေတွင် အင်ပါယာ အဖွဲ့အစည်းသည် နေရာတစ်ခု ရှိနေသေးသည်။ ရှားနိုင်ငံသည် အင်ပါယာနှင့် ပတ်သက်မှုများ အားလုံး ဖြတ်တောက်ချင်နေမှသာ သူ့အား ထိရဲလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုသော် ကင်းထောက်သံတမန်ကို သတ်ဖြတ်လိုက်ခြင်းသည် အင်ပါယာအား ပေါ်တင် ရန်စလိုက်ခြင်း ဖြစ်သည်။

ရှားနိုင်ငံသည် ယခုအခါတွင် အင်အားနည်းနေပြီး ရှန်ဝူနိုင်ငံကိုရော၊ အင်ပါယာကိုပါ ရန်မစရဲချေ။ သူတို့သည် ကျန်းရီကို သတ်ရဲလိမ့်မည် မဟုတ်။

ထို့ကြောင့် ကျန်းရီသည် အလျင်အမြန် ပြန်ထွက်ကာ အင်ပါယာ အမိန့်စာကို ကိုင်၍ ဖတ်ကြည့်လိုက်သည်။ သူသည် အမိန့်စာကို ဖတ်ပြီးနောက် ကောင်းကင်ကို အရိုအသေ ပေးပြီးနောက် မျက်ရည် ကျရောက်လောက်အောင် ရင်ထဲထိနေသည့် လေသံနှင့် ပြောလိုက်သည်။

"အင်ပါယာရဲ့ ကျေးဇူး ကြီးမားလှပါတယ် ... ကျန်းရီ အသက်နဲ့ရင်းပြီး အမှုထမ်းပါ့မယ်"

"ဟမ်"

လင်းချမ်းနှင့် လင်းကျန့်သည် ဆွံ့အသွားကြပြီး ချက်ချင်းပင် ဣန္ဒြေ ပြန်ဆယ်လိုက်ကြသည်။ မင်းသမီး လင်းရွှယ်သည် ကျန်းရီကို မည်သည့် အခြေအနေတွင်မဆို မရရအောင် သိမ်းသွင်းရမည်ဟု အမိန့်ပေးလိုက်သည်။ ထို့ကြောင့် သူတို့သည် ကျန်းရီ ဤမျှမြန်မြန် လက်ခံလိမ့်မည်ဟု ထင်မထားကြပေ။

နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ နောက်တစ်ကြိမ် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ကြသည်။

"ကင်းထောက်သံတမန် အရှင်ကျန်းကို နှုတ်ခွန်းဆက်ပါတယ်"

အရာရှိ အသစ်စက်စက် ဖြစ်သော ကျန်းရီသည် မည်သည့် အမူအရာမှ မပြဘဲ တည်တည်ငြိမ်ငြိမ်ပင် လက်ကာပြကာ ပြောလိုက်သည်။

"ထကြပါဗျာ ... နှစ်ယောက်လုံးက ကျွန်တော်ရဲ့ စီနီယာတွေ ဖြစ်တဲ့အပြင် ကျွန်တော့်ထက်လည်း အင်အားကောင်းကြတယ်၊ အနာဂတ်မှာလည်း ကျွန်တော့်ကို လမ်းညွှန် ပေးကြပါဦး"

"မခံယူဝံ့ပါဘူး ... မခံယူဝံ့ပါဘူး"

နှစ်ယောက်လုံးသည် ပုတ်သင်ညိုများကဲ့သို့ ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။ လင်းချမ်းသည် ရုတ်တရက် အကြံရကာ မေးလာလေသည်။

"ကင်းထောက်သံတမန် အရှင် ... ရှားနိုင်ငံက အရှင့်ကို ဖမ်းဆီးမိန့် တစ်ခု ထုတ်ပြန်ထားတယ်၊ ကျွန်တော်မျိုး ရှားနိုင်ငံရဲ့ တော်ဝင်မိသားစုဆီ အရှင့်ရဲ့ အဆင့်အတန်းကို အသိပေးရင်း ဖမ်းဆီးမိန့်ကို ပြန်ရုပ်သိမ်းဖို့ စာတမ်းတစ်ခု ပို့လိုက်ပါ့မယ်"

"ပြန်ရုပ်သိမ်းလို့ ရတယ်လား"

ကျန်းရီ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ အပြစ်သားတစ်ယောက် ဖြစ်ရခြင်း၊ လူကြားထဲတွင် ပေါ်ပေါ်ထင်ထင် လမ်းမလျှောက်နိုင်ဘဲ ခိုးကြောင်ခိုးဝှက် သွားလာရခြင်းကို မည်သူကမှ မလိုချင်ကြပေ။ မည်သူကမှ တစ်ဘဝလုံး အမှောင်ထဲတွင် နေချင်ကြမည် မဟုတ်ပေ။

"ဘာပြဿနာမှ မရှိပါဘူး"

လင်းချမ်းသည် သူ၏ မုတ်ဆိတ်မွေးရှည်ကြီးများကို ပွတ်သပ်ကာ ရှင်းပြလာခဲ့သည်။

"ရှားနိုင်ငံရဲ့ ဘုရင် စုတိဝမ်က ပေါင်းသင်း ဆက်ဆံရေး ညံ့တယ်၊ ကျန်းပိုင်လီက သူ့ရဲ့ စစ်သည်သိန်းချီကို သတ်ပစ်လိုက်တည်းက သူဦးကျိုး သွားခဲ့တာပဲ၊ ငါတို့သာ ရာဇမာန်ပါတဲ့ စာတစ်စောင်ရေးပြီး ပို့လိုက်ရင် အင်ပါယာကို သူဆန့်ကျင်ရဲမှာ မဟုတ်ဘူး၊ အနည်းဆုံးတော့ အင်ပါယာရဲ့ ကင်းထောက်သံတမန်ကို ပေါ်ပေါ်ထင်ထင် ဖမ်းဆီးမိန့် ထုတ်ရဲမှာ မဟုတ်တော့ဘူး"

ယခုပဲ အကျိုးအမြတ်တွေ ရလာလေပြီ။

မင်းသမီး လင်းရွှယ်သည် တကယ်ကို သူ့အား ရှားနိုင်ငံနှင့် ရှန်ဝူနိုင်ငံကြား ရန်မီးပျိုး စေချင်နေသည်။

သူဝင်ကစားပေးမည် ဆိုမှတော့ ... ပိုကောင်းအောင် ကစားပေးရမည်။

ကျန်းရီသည် ခဏကြာအောင် တိတ်ဆိတ်နေပြီးနောက် ရယ်ချလိုက်ပြီး လင်းချမ်းကို ကြည့်လိုက်သည်။

"မြို့အရာရှိလင်း ကျွန်တော့်အတွက် အရာရှိဝတ်စုံ တစ်ခုယူလာပြီး စစ်တပ်ကြီးကြီး တစ်ခု လုံယွမ်မြို့ပြင်မှာ စောင့်ခိုင်းထားပေးပါ၊ အရည်အချင်း အရမ်းရှိတဲ့သူတွေ မလိုဘူး၊ ထင်ရှား သိသာစေချင်ရုံ သက်သက်ပဲ ... အခမ်းအနားလေး တစ်ခု ဆိုပေမယ့် ကျွန်တော်တို့ရဲ့ အင်အားနဲ့ သြဇာကို ပြဖို့လည်း လိုသေးတယ်လေ"

"ဒါက ... "

လင်းချမ်းနှင့် လင်းကျန့်သည် ကျန်းရီ ဘာကြံနေသည်ကို မသိသည့်အတွက် ဆွံ့အ နေကြလေသည်။ ကျန်းရီသည် ယခုမှ အရာရှိရာထူး ချီးမြှင့် ခံထားရသည်ဖြစ်ရာ သူ့အမိန့်ကို ချက်ချင်း ငြင်းလိုက်ရန်လည်း မဖြစ်နိုင်ပေ။

လင်းချမ်းသည် လင်းကျန့်အား မှာစရာ ရှိသည်တို့ အနည်းငယ် မှာကြားပြီး ပြင်ဆင်ခိုင်းလိုက်သည်။ ထို့နောက် လင်းချမ်းသည် မယုံသင်္ကာနှင့် မေးလာလေသည်။

"ကင်းထောက်သံတမန် ကျန်း ... ဘာအစီအစဉ် ရှိလို့လဲ?"

"ဘာအစီအစဉ်မှ မရှိပါဘူး"

ကျန်းရီသည် ပြုံးကာ ပြန်ဖြေလိုက်သည်။

"ရှန်ဝူနိုင်ငံရဲ့ အိမ်ရှေ့စံက ရှားနိုင်ငံရဲ့ မင်းသမီးကို လက်ထပ်တော့မှာ မဟုတ်လား၊ ဒီလို ပျော်စရာ အခမ်းအနားတစ်ခု ရှိနေတာကို ကင်းထောက်သံတမန် ကျန်းက သွားချီးမြှင့် ပေးရမှာပေါ့၊ ဒီသံတမန်ကျန်းက ရှားယွိမြို့ကို ချက်ချင်း ထွက်ခွာဖို့ ပြင်နေတာလေ"

"ဟမ် ... "

လင်းချမ်းနှင့် ချမ်ခွမ်းသည် တစ်ယောက်နှင့်တစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ ဤကံဆိုးသည့် ကြယ်ပွင့်လေး ကျန်းရီ ရှားယွိမြို့သို့ သွားလျှင် ရှားယွိမြို့သည် ရုတ်ရုတ်သဲသဲ ဖြစ်ရပေဦးမည်။

***

All Chapters