← Chapters

အခန်း (၁၂၂+၁၂၃)

Vol. 13 Ch. 122+123

အခန်း (၁၂၂+၁၂၃)

Vol. 13 Ch. 122+123

ညဉ့်နက်လာပြီဖြစ်၍ နန်းတော်သည် တောက်ပသောညပုလဲများ၊အနီရောင်ဖယောင်းတိုင်များဖြင့် လင်းထိန်နေသည်။တောက်ပနွေးထွေးသော အရောင်အသွေးများ၏ ဆက်နွှယ်မှုမှာမှုန်မှိုင်း၍အိပ်မက်ဆန်သော အငွေ့အသက်ကိုဖန်တီးပေးနေ၏။

စူးယွင်သည် အနည်းငယ်ခေါင်းငုံ့ထားပြီး လှမ်းလိုက်သောခြေလှမ်းတိုင်းတွင် စိုးရိမ်စိတ်ဖြင့် မျက်လုံးတို့သည်လည်း ဟိုကြည့်ဒီကြည့်လုပ်နေမိသည်။

ဘယ်ဘက်တွင်အမျိုးသားတို့၏ ထိုင်ခုံများ၊ညာဘက်တွင်အမျိုးသမီးတို့၏ ထိုင်ခုံများရှိ၏။အမျိုးသားများမှာဝိုင်သောက်နေကြပြီး သူတို့၏မျက်နှာများတွင် ပျော်ရွှင်မှုဖြင့်မျှော်လင့်နေဟန်များ ပေါ်လွင်နေသည်။

အမျိုးသမီးများမှာမူ ဆံညှပ်များကိုပြန်ပြင်နေကြပြီး ဘေးနားရှိလူတို့နှင့် ရံဖန်ရံခါစကားပြောဆိုနေကြကာ အခမ်းအနားအစီအစဉ်နှင့် လုံးဝအဆက်အစပ်ရှိမနေပေ။

ရုတ်ချည်းဆိုသလို စူးယွင်၏ခြေလှမ်းများမှာ တုံ့ဆိုင်းသွားပြီး သူမမျက်လုံးတို့သည် ဘယ်ဘက်မှဒုတိယထိုင်ခုံပေါ်ကျရောက်သွားလေသည်။

နဉ်ကျင်းသည် လက်တစ်ဖက်ဖြင့်မေးထောက်ကာမှီထိုင်နေပြီး လျစ်လျူရှုဟန်ဖြင့်အသာယမ်းနေမိသော ရွှေရောင်ဝိုင်ခွက်ပေါ်တွင်သာ အကြည့်ပို့ထားလေ၏။သူသည် လုံးဝကိုစိတ်လွတ်ကိုယ်လွတ်ရှိနေပုံရသည်။

တစ်စုံတစ်ခုအား သူခံစားမိသွားသည်ကြောင့်အတန်ငယ်မျက်လွှာပင့်ကြည့်လာ၏။သူသည် အမူအရာပျက်ယွင်းနေသော စူးယွင်ထံလှမ်းကြည့်ကာ ကျီစယ်ရိပ်တို့ဖြင့်အပြုံးနုနုလေးတစ်ခုဆက်သလာသည်။

စူးယွင်သည် တိတ်တဆိတ်ပင်စိတ်သက်သာရာရမှုကို ခံစားလိုက်ရပြီး သူ့အားမမြင်ချင်ယောင်ဆောင်ကာ သူမ၏ခြေလှမ်းတို့ကို ရှေ့သို့ဆက်လှမ်းလိုက်၏။

မိန်းမစိုးလေး၏နောက်တစ်လှမ်းအကွာတွင် ရပ်နေခဲ့ပြီး သူ၏တရားဝင်အရိုအသေပြုခြင်းကို ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ ချက်ချင်းဆိုသလို ဒူးထောက်လိုက်သည်။

"အရပ်သူစူးယွင်က ဘုရင်မင်းမြတ်နဲ့မိဖုရားခေါင်ကို ဂါရဝပြုနှုတ်ဆက်ပါတယ်"

"ထပါ"

အဖြေစကား ထွက်လာ၏။

"ကျေးဇူးကြီးမားလှပါတယ် ဘုရင်မင်းမြတ် ကျေးဇူးကြီးမားလှပါတယ် မိဖုရားကြီး"

စူးယွင်သည် ရိုကျိုးစွာပင်ပြန်‌ပြောလိုက်သည်။

ဘုရင်မင်းမြတ်မှ မိန့်ကြားလာ၏။

"အကြီးအကဲရုန်စာက မိဖုရားခေါင်ရဲ့ဝတ်စုံကို မင်းဖန်တီးခဲ့တယ်လို့ ကျန်းကိုပြောတယ်"

စူးယွင်သည် ရိုကျိုးစွာပင်ဦးညွှတ်၍ ခေါင်းအနည်းငယ်ငုံ့ကာ ပြန်ဖြေလိုက်သည်။

"ဒီဝတ်စုံက ဌာနရဲ့စုပေါင်းကြိုးပမ်းမှုပါ အရှင်။ကျွန်‌တော်မျိုးမက ကိုယ်ပိုင်အကြံဉာဏ်အချို့ပဲ ထောက်ပံ့ပေးခဲ့တာပါ"

သူ့ခုံထက်ထိုင်နေသော သခင်ကြီးရှန်းသည် အေးစက်စက်ရယ်သံပြုကာ မတ်တပ်ထရပ်၍ လက်ခုပ်အုပ်ကာ

"ဘုရင်မင်းမြတ် ဒီရိုင်းစိုင်းတဲ့အရပ်သူက ဝန်ခံပြီးဖြစ်တဲ့အတွက် သူမကိုဆွဲထုတ်ပြီး ရှင်းလင်းဖို့ရာအချိန်မဆွဲသင့်ကြောင်းပါ"

သူ့အောက်ဘက်ခုံတွင်ထိုင်နေသော ဝူရုန်းဟော်မြို့စားသည်လည်း ထရပ်ကာ လက်ခုပ်အုပ်၍

"ဘုရင်မင်းမြတ် အခြားသူစကားကသာ အမှန်ဖြစ်တယ်လို့ မယူဆသင့်ကြောင့်ပါ။ဒီ....."

သခင်ကြီးရှန်းသည် စကားဖြတ်ပြောလာ၏။

"ဒီလိုမျိုးအရှက်ရဖွယ်‌ကောင်းတဲ့အရာတွေကို ဖျက်ဆီးပစ်ရမှာ သဘာဝကျပါတယ်။ပြီးတော့ ဒီအမျိုးသမီးမှာလဲ အပြစ်ရှိမယ်လို့ကျွန်တော်မျိုးသံသယရှိကြောင်းပါ။သူမက အယူမှားတဲ့ဂိုဏ်းတစ်ခုခုရဲ့ အကြွင်းအကျန်ဖြစ်နေနိုင်ပါတယ်"

"သခင်ကြီးရှန်းရဲ့စွပ်စွဲချက်တွေက အတော်လေးပြင်းထန်လွန်းနေပြီ"

တစ်စုံတစ်ယောက်မှ ကန့်ကွက်လာသည်။

"မိုက်မဲလိုက်တာ"

သခင်ကြီးရှန်းသည် သူ၏အင်္ကျီလက်ကိုခါယမ်းကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ဒီအပြုအမူက ယဉ်ကျေးမှုကိုဖျက်ဆီးလိုစိတ်ရှိနေပါတယ်။ဒီဝတ်စုံက လူတွေကိုဦးနှောက်ဆေးဖို့လုပ်နေတယ်ဆိုတာလဲ အထင်အရှား‌တွေ့နေရတာ။အဝတ်အစားလို့ခေါ်တဲ့အရာကို အသုံးပြုပြီးယုံကြည်‌မှုဆိုင်ရာအယူဝါဒတွေ ဖြန့်ဝေပြီး မင်းဆက်ကိုဖြုတ်ချဖို့ ကြိုးပမ်းတာကလွဲရင် အခြားဘာဖြစ်နိုင်ဦးမှာလဲ"

“ဒီလိုကိစ္စမျိုးတွေဆိုတာ အရင်မင်းဆက်မှာ မဖြစ်ခဲ့ဖူးတာလဲ မဟုတ်ပါဘူး”

သခင်ကြီးရှန်းမှ ထပ်ဖြည့်ပြောလာသည်။အမှန်တော့ ယခင်မင်းဆက်တွင် ဘာသာရေးနောက်လိုက်ဟုခေါ်သောသူများနှင့်ပူးပေါင်းပြီး ဘာသာရေးသဘောတရားများကိုအသုံးချကာ လူများအားစိုးမိုးခြယ်လှယ်ခဲ့သူများရှိခဲ့သည်။ဆယ်စုနှစ်များစွာကြာအောင်ပြည်သူများသည် မသေမျိုးဖြစ်ရန် နတ်မင်းများအားကိုးကွယ်ခဲ့ကြပြီး လူ့အဖွဲ့အစည်းကို ရှုပ်ထွေးမှုနှင့်ဆုတ်ယုတ်မှုတွင်းကျရောက်စေခဲ့သည်။

လက်ရှိဘုရင်မင်းမြတ်မှာ အာဏာကိုသိမ်းယူပြီး ထီးနန်းဆက်ခံခဲ့ကာ မသမာသောထိုအဖွဲ့အစည်းတို့၏ အကြွင်းအကျန်များကို ဖယ်ရှားခြင်း၊အယူမှားနေကြသည့်ဂိုဏ်းများကို တိုက်ဖျက်ရန် ဗုဒ္ဓဘာသာအား အသုံးပြုခဲ့ရခြင်း၊ပြီးလျှင် မသေမျိုးဖြစ်ခြင်းနှင့် နတ်မင်းတို့အားကိုးကွယ်ခြင်းဆိုသည်မှာ ဒဏ္ဍာရီများသာ ဖြစ်သည်ဟူသောအယူအဆကိုသာ ထည့်သွင်းပေးခြင်းတို့မပြုလုပ်ခဲ့ပါလျှင် လူ့အဖွဲ့အစည်းသည်ဆယ်စုနှစ်‌ပေါင်းများစွာ ဆုတ်ယုတ်သွားနိုင်၏။

ကံမကောင်းစွာဖြင့် ဤဖြစ်ရပ်ကြောင့်ပင် လုံဟွမ်ဘုရားကျောင်းသည် မဟာကျိုးမင်းဆက်အောက်တွင် ထွန်းကားလာခဲ့ပြီး တစ်နိုင်ငံလုံးတွင် နောက်လိုက်များစွာရရှိခဲ့သည်။

ဝူရုန်းဟော်မြို့စားမှ ပြောလာ၏။

"အမတ်က ဒီလိုအခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေ မလုပ်သင့်ပါဘူး"

သခင်ကြီးရှန်းမှာ လှောင်ပြောင်ပြုံးလိုက်သည်။

"ဝူရုန်းဟော်မြို့စား မင်းရဲ့သမီးကြီးကဒီလိုအဝတ်အစားမျိုး ဝတ်ဆင်ရတာကို သဘောကျတယ်လို့ငါကြားတယ်။သူမက မင်းရဲ့သမီးဆိုတော့ မင်းမှာအာဏာကိုလုယူဖို့ရည်ရွယ်ချက်တွေရှိနေတာများလား"

ဝူရုန်းဟော်မြို့စားသည် ချက်ချင်းပင်အသံကျယ်ကျယ်ဖြင့် ဒူးထောက်ချလိုက်သည်။သူသည် စိတ်ရင်းမှန်ဖြင့်ပြောလိုက်၏။

"ဘုရင်မင်းမြတ် ကျွန်တော်မျိုးကမဟာကျိုးမင်းဆက်အပေါ် အမြဲသစ္စာရှိခဲ့ပြီး ဒီလိုအကြံအစည်မျိုးလုံးဝမစဉ်းစားခဲ့ဖူးပါဘူး။ဘုရင်မင်းမြတ် အမှန်တရားကိုသိမြင်ပေးဖို့ တောင်းဆိုပါတယ်"

သခင်ကြီးရှန်းလည်း ဒူးထောက်ချလိုက်သည်။

"ဘုရင်မင်းမြတ် ကျွန်တော်မျိုးက အရှင့်ကို နှစ်ပေါင်းများစွာအမှုထမ်းခဲ့တာဖြစ်လို့ အယူမှားဂိုဏ်းတွေရဲ့ အန္တရာယ်ကိုသေချာနားလည်ထားပါတယ်။အတိတ်ကလိုကြေကွဲစရာမျိုးထပ်မဖြစ်ပွားစေဖို့ ဒီကိစ္စကိုသေချာစစ်ဆေးသင့်ကြောင်းပါ"

"ဟားဟားဟား ဒါကတစ်ကယ်ကိုရယ်စရာကောင်းလွန်းတာပဲ"

ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့သော နဉ်ကျင်းသည် ရုတ်ချည်းဆိုသလိုစားပွဲထက်မှ ခေါက်ယပ်တောင်အားကောက်ယူကာ ခပ်ဟဟရယ်လိုက်သည်။

"သခင်ကြီးရှန်း မင်းကအသက်ကြီး‌နေပြီလို့ခံစားနေရတယ်ဆိုရင်လည်း ဘာလို့မိသားစုကိုခေါ်ပြီး တောင်ပေါ်အပန်းဖြေစခန်းဆီအပန်းသွားဖြေတာမျိုးမလုပ်ရတာလဲ"

နဉ်ကျင်းသည် မျက်ခုံးပင့်ကာ ခြေထောက်တစ်ချောင်အားခုံပေါ်တင်၍ဒူးထောင်ထိုင်လိုက်ပြီး ပျင်းရိဟန်ပါသော်ငြားမထီမဲ့မြင်ပြုသံဖြင့် ပြောလိုက်သည်။

"မျက်စိစုံမှိတ်ခေါင်းမာတဲ့အပြင် မင်းရဲ့ပုပ်ပွနေတဲ့ပါးစပ်ကိုသုံးပြီး လူတစ်ယောက်အနေနဲ့ သင့်လျော်မှုမရှိတဲ့အဓိပ္ပာယ်မဲ့စကားတွေ မပြောပါနဲ့"

သခင်ကြီးရှန်းသည် ထိုစကားများကြောင့် ဒေါသထွက်သွားပြီး စက်ဆုပ်ဟန်ဖြင့်ပြန်ပြောလိုက်သည်။

"မင်းသားချန်က ဘာကိုဆိုလိုတာလဲ"

နဉ်ကျင်းသည် မထီမဲ့မြင်ဟန်ဖြင့်ပြုံးကာ သူ့လေသံသည် အထက်စီးဆန်မှုတို့ဖြင့်ပြည့်နေသည်။

"ဆိုလိုတာက ဒီမင်းသားမင်းကိုမမြင်ချင်တော့ဘူးလို့ပြောနေတာပါ"

"မင်းသားချန်က စစ်ရေးအောင်မြင်မှုတွေကြောင့် စည်းမဲ့ကမ်းမဲ့လုပ်လို့ရမယ်လို့ မထင်လိုက်ပါနဲ့။ဒါကနန်းတော်ဖြစ်ပြီး ဘုရင်မင်းမြတ်ရှိနေပါတယ်။အရှင်မင်းသားရဲ့အပြုအမူတွေကို သတိထားပေးပါ"

သခင်ကြီးရှန်းမှ ဆူပူလာသည်။

"ဒီမင်းသားအရွယ်ရောက်ကတည်းက ငွေ‌ရောင်လှံကို သယ်ပြီးရန်သူစခန်းတွေထဲ ဝင်ခဲ့တာလေ။မင်းရဲ့စကားလုံးသက်သက်လောက်ကို ကြောက်နေစရာလိုလို့လား"

နဉ်ကျင်းသည် မထီမဲ့မြင်ဟန်ဖြင့်ပြုံးလိုက်ပြီး သူ၏လေသံသည် ဂရုမစိုက်ဟန်ပေါ်ကာမည်သူ့ကိုမျှငဲ့မကြည့်ဘဲပြောလိုက်၏။

နဉ်ကျင်းသည် ခေါင်းစောင်းလိုက်ပြီး သူ့လက်ထဲရှိ ခေါက်ယပ်တောင်ကို လှလှပပလေးလှည့်နေလိုက်သည်။မည်သူတစ်ဦးတစ်ယောက်မှ တုံ့ပြန်ရန်အခွင့်အရေးမရမီ ငွေဖြူဓားသွားတစ်ချောင်းသည် လှစ်ကနဲထွက်လာကာ သခင်ကြီးရှန်းထံ ဦးတည်သွားပြီး ဆံပင်ဖြူတစ်မျှင်သည်စားပွဲထက်ကျသွားလေ၏။

သခင်ကြီးရှန်းသည် ရုတ်ချည်းပစ်လွှတ်လိုက်သောဓားကြောင့် အံ့အားသင့်သွားပြီး ထိတ်လန့်တုန်ယင်သွားကာ ဝိုင်စားပွဲနှင့်တိုက်မိသွားသည်။အလှဆင်ထားသောစားပွဲသည် အပိုင်းပိုင်းကွဲသွားပြီး ပစ္စည်းများလဲ ကြမ်းပြင်ပေါ်ပြန့်ကျဲကာ ရှုပ်ထွေးသွားစေတော့၏။

"သခင်ကြီး"

အစေခံတစ်ဦးသည် ချက်ချင်းဆိုသလိုရှေ့တက်လာကာ သူ့အားထိန်းပေးလိုက်ပြီး သူ့ဝတ်ရုံပေါ်မှဝိုင်စွန်းများကို သုတ်ရန်လက်ကိုင်ပုဝါတစ်ထည် ထုတ်ပေးလိုက်သည်။

ဘုရင်မင်းမြတ်သည် မျက်မှောင်ကြုံ့ကာ အော်လိုက်၏။

"ရဲတင်းလိုက်တာ"

အခန်းထဲရှိလူတိုင်းသည် အစောပိုင်းမြင်ကွင်းကြောင့် အံ့အားသင့်နေဆဲဖြစ်ပြီး ဘုရင်မင်းမြတ်၏ဆူပူသံကိုကြားပါမှ အမြန်ဒူးထောက်ချကာ ပြောလာကြသည်။

"ဘုရင်မင်းမြတ် ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပါ"

"နဉ်ကျင်း မင်းသားတစ်ပါးဖြစ်ပြီးဘုရင်မင်းမြတ်ရှေ့မှာ ဘယ်လိုလုပ်ဒီလိုမဆင်မခြင် လုပ်ရဲတာလဲ။ကိုယ့်ကိုယ်ကို ဘာပြောစရာ ရှိလဲ"

ဘုရင်မင်းမြတ်မှ ပြောလာ၏။

နဉ်ကျင်းသည် မတ်မတ်ရပ်လိုက်ပြီး

"ခမည်းတော် သခင်ကြီးရှန်းကတော်ဝင်မျိုးနွယ်တစ်ဦးဖြစ်ပြီး ရာထူးကြီးတစ်ခုကိုယူထားပေမယ့် အပြစ်မရှိတဲ့လူတွေကို အထောက်အထားမရှိဘဲ တန်းအပြစ်ပေးပြီးမတရားစွပ်စွဲခဲ့တာပါ။ဒါကအဆုံးစွန်ရောက်နေပြီဖြစ်တဲ့ မိုက်မဲမှုပဲဖြစ်ပါတယ်"

"လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ရှန်းမိသားစုဟာ ဂုဏ်သိက္ခာကျဆင်းခဲ့ပါတယ်။ဒါကလည်း အများစုဟာသခင်ကြီးရှန်းရဲ့ အရည်အချင်းမရှိမှုကြောင့်ဆိုတာ အသေအချာပါပဲ။သူကတိုင်းပြည်အာဏာကို အကူအညီမပေးနိုင်သလို သူ့ကိုယ်ပိုင်အိမ်တော်ကိုတောင် မစီမံနိုင်တဲ့သူပါ။သူ့ရာထူးနဲ့မလိုက်ဖက်တဲ့ သူ့ဂုဏ်သိက္ခာကြောင့် တော်ဝင်မိသားစုကိုပါအရှက်ရစေခဲ့ပါတယ်"

နဉ်ကျင်းမှ အေးစက်စက်ဖြင့်ပြန်ပြောလိုက်သည်။

သူ့သားနှစ်ယောက်၏မအောင်မြင်မှုနှင့် ပတ်သက်၍ အမြဲထိလွယ်ရှလွယ်ဖြစ်တတ်သော သခင်ကြီးရှန်းသည်ထိုစကားများကြောင့် ဒေါသထွက်သွားတော့၏။သူ့မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ထိုနေရာတွင်ပင်မေ့လဲသွားတော့မလိုပင်။

သူသည်အသက်ရှူကြပ်လာကာ စိတ်ပျက်အားငယ်စွာဖြင့် ဘုရင်မင်းမြတ်ထံမှ ရှင်းပြချက်ကို တောင်းခံခဲ့သည်။

"ဘုရင်မင်းမြတ် ကျွန်တော်မျိုးကနှစ်ပေါင်းများစွာကြာ‌အောင် သစ္စာရှိရှိနဲ့အမှုထမ်းခဲ့ပေမယ့် ကျွန်တော်မျိုးအသက်ကြီးလာချိန်မှ မင်းသားချန်ရဲ့စော်ကားမှုကို ခံလိုက်ရတာပါ။ဒီအရှက်ရမှုကြောင့် ကျွန်တော်မျိုးအသက်ရှင်နေဖို့ မတတ်နိုင်တော့ပါဘူး"

"ဒါဆိုလည်းသေလိုက်လေ"

နဉ်ကျင်းသည် လျစ်လျူရှုဟန်ဖြင့်ပြောပြီး ခန်းမထဲရှိတုတ်ခိုင်သောတိုင်လုံးကြီးတစ်ခုထံ ညွှန်ပြလိုက်သည်။

"အဲ့တိုင်ဆီ ပြေးတိုက်လိုက်။ခဏလေးနဲ့ ပြီးသွားလိမ့်မယ်။နာကျင်စေမှာ မဟုတ်ပါဘူး"

"မင်း.....မင်း....."

သခင်ကြီးရှန်းသည် စကားထစ်ငေါ့သွားသော်လည်း နဉ်ကျင်း၏အင်အားကြီးမားသောအရှိန်အဝါအား ကြုံတွေ့လိုက်ရချိန်တွင် သူ၏အသံမှာ တိမ်ဝင်သွားရ၏။

"တော်ကြတော့"

ဘုရင်မင်းမြတ်မှာ တိတ်တိတ်နေရန် လက်အားမြှောက်ပြလိုက်သည်။

"ဒီ‌နေရာကနန်းတော် မင်းတို့အငြင်းပွားရမယ့်နေရာမဟုတ်ဘူး။နဉ်ကျင်း မင်းကဘုရင်မင်းမြတ်ရှေ့မှာ မလျော်မကန်စကားပြောခဲ့တယ်။မင်းရဲလစဉ်စရိတ်ကို သုံးလတိတိလျှော့ချရမယ်"

နဉ်ကျင်းသည်ပခုံးတွန့်ကာ အမှုမထားဟန်ဖြင့်အရိုအသေပေးလိုက်သည်။

"ဒီသားတော်က အပြစ်ပေးတာကို လက်ခံပါတယ်"

"သခင်ကြီးရှန်း ဝူရုန်းဟော်မြို့စား မင်းတို့နှစ်ယောက်လုံးထိုင်ပြီး စားစရာရှိတာစားကြတော့။ဒီကိစ္စကို ကျန်းကိုယ်တိုင်ဆုံးဖြတ်မယ်"

ဘုရင်မင်းမြတ်မှာ အငြင်းပွားမှုပြီးဆုံးကြောင်းအချက်ပြဟန်ဖြင့် လက်အားခါပြလိုက်သည်။

သခင်ကြီးရှန်းသည်လက်နှစ်ဖက်အားယှက်ပြီး ဝူရုန်းဟော်မြို့စားနှင့်အတူအရိုအသေပေးလိုက်၏။

"ကျေးဇူးတင်ပါတယ် ဘုရင်မင်းမြတ်"

"အင်း"

ဘုရင်မင်းမြတ်သည် ခေါင်းငြိမ့်ပြပြီးနောက် ပြောလာ၏။

"စူးယွင် ရှေ့ထွက်ခဲ့ပါ"

စူးယွင်သည် နှုတ်ခမ်းအားဖိကပ်ကာ ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။

"ဘုရင်မင်းမြတ် မိဖုရားကြီး"

ဘုရင်မင်းမြတ်သည်သူမထံအာရုံစိုက်ကြည့်လိုက်ပြီး

"ကျန်းမင်းကို မေးမယ်။မင်းကဘာလို့ အဲ့ဒီလိုအဝတ်အစားမျိုး ဖန်တီးရတာလဲ"

"ဘုရင်မင်းမြတ်ကို ပြန်လျှောက်တင်ရရင် ဒီအဝတ်အစားကို ချီဖောင်လို့ခေါ်ပါတယ်။ဝတ်စုံကိုပုဇဉ်းခေါင်းသီးတပ်ဆင်ပြီး ချုပ်ပုံတစ်ခုလုံးအတွက် ရိုးရာပုံစံကိုသာရွေးချယ်ခဲ့ပြီး ကျွန်တော်မျိုးမတို့ဘိုးဘွားတွေရဲ့ အလွန်ကောင်းမွန်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို အပြည့်အဝဖော်ပြဖို့၊လူအများမေ့လျော့နေခဲ့တဲ့ ယဉ်ကျေးမှုတွေကို ပြန်လည်ရှာဖွေပြီးအမှတ်ရစေဖို့ ရည်ရွယ်ထားတာပါ။ချီဖောင်ရဲ့ချုပ်ပုံကတော့ မဟာကျိုးမင်းဆက်အမျိုးသမီးတွေရဲ့ ထူးခြားတဲ့ ကျက်သရေရှိမှုကိုပေါ်လွင်စေပြီး သူတို့ရဲ့ အကောင်းဆုံးနဲ့အစစ်မှန်ဆုံးသောကိုယ်ပိုင်ပုံစံကို ဖော်ပြခွင့်ရဖို့ပဲဖြစ်ပါတယ်"

သူမသည် နှုတ်ခမ်းအားဖိကပ်ထားကာ စင်မြင့်ထက်ရှိပုဂ္ဂိုလ်နှစ်ဦးထံမှ တုံ့ပြန်မှုမရှိသည်အားမြင်ပါမှ ဆက်ပြောလိုက်သည်။

"မဟာကျိုးမင်းဆက်ရဲ့ဥပဒေတွေကိုလည်း ကျွန်တော်မျိုးမ သေချာလေ့လာထားပါတယ်။မင်းဆက်ရဲ့အမျိုးသမီးတွေကို အိမ်ကနေထွက်ပြီး လောကထဲမှာအောင်မြင်မှုတစ်ခုခုရယူဖို့ တက်တက်ကြွကြွနဲ့အားပေးနေခဲ့တာပါ"

"အမျိုးသမီးတွေရဲ့နေထိုင်ပုံကို ပြောင်းလဲနိုင်မယ်ဆိုရင် သူတို့ရဲ့အတွေးအခေါ်တွေနဲ့ စိတ်ဓာတ်တွေကလည်း ပြောင်းလဲနိုင်ပါတယ်။လူတွေကိုသူတို့ရဲ့ အဝတ်အစားတွေက သတ်မှတ်ပေးပါတယ်။သူတို့နှစ်သက်တဲ့ အဝတ်အစားကိုဝတ်ဆင်ရတာဟာ အခြားသူအတွက် မဟုတ်ဘဲသူတို့ကိုယ်တိုင်အတွက်ပါ။ခေတ်ရေစီးကြောင်းတွေ တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုလည်း တိုးတက်လာမှာမလို့ အနာဂတ်ရဲ့ဖန်တီးမှုတွေကလည်း ပိုအဆင်ပြေလာပြီးထူးခြားလာပါလိမ့်မယ်။ကျွန်မတို့လုပ်ဆောင်ဖို့ လိုအပ်တာကတော့ လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ဖို့၊ဖန်တီးဖို့ ပြီးတော့ကျွန်မတို့တွေက ကျဉ်းမြောင်းတဲ့လောကငယ်လေးရဲ့ ဆွေးမြေ့နေတဲ့ရပ်တန့်မှုထဲမှာပဲ ပိတ်မိမနေဖို့ပါ"

စူးယွင်သည် သူမ၏အကြည့်ကို သခင်ကြီးရှန်းထံလှည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

"နဉ်ကျင်းမင်းသား ပြောတာမှားတယ်လို့မထင်ပါဘူး။သခင်ကြီးရှန်းက အမှားအမှန်ကို ခွဲခြားနိုင်ဖို့ သက်လတ်ပိုင်းအရွယ်ကိုကျော်လွန်နေပြီဖြစ်ပြီး တစ်ကယ်တော့သူက ဒီနေရာမှာ တခြားသူတွေကို လက်ညှိုးထိုးပြဖို့ မသင့်တော်ပါဘူး"

"လူတစ်ယောက်ရဲ့မိုက်မဲမှုက ထိတ်လန့်စရာကောင်းပေမယ့် တကယ်ကြောက်စရာကောင်းတာက ကိုယ့်ကိုယ်ကိုဉာဏ်ပညာရှိသလိုဟန်ဆောင်ပြီး မိုက်မဲပြနေတာပါပဲ"

"မင်းဘယ်လိုတောင် ဒီလိုရဲရဲတင်းတင်း ပြောရဲတာလဲ။ရိုးရိုးသာမန်လူတစ်ယောက်ကများ ဘယ်လိုလုပ်ဒီလောက်တောင်မိုက်မဲရိုင်းစိုင်းစွာပြောရဲရတာလဲ"

သခင်ကြီးရှန်းသည် စားပွဲပေါ်လက်ဖြင့်ရိုက်ချပြီး အော်ပြောလိုက်သည်။

"ဒီရိုင်းစိုင်းတဲ့မိန်းမကို ဖမ်းခေါ်သွားပြီး ကြိမ်ဒဏ်အချက်နှစ်ဆယ် ပေးလိုက်စမ်း"

ခွမ်း!

အထိမခံသောဖန်ခွက်သည် ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းကွဲကြေသွား၏။

"ဘယ်သူလုပ်ရဲလဲ စမ်းကြည့်လိုက်"

နဉ်ကျင်းသည် တိတ်ဆိတ်စွာထိုင်နေလျက်ပင် မျက်လုံးမှေးကျဉ်းလျက်အေးစက်စွာ ပြောလိုက်သည်။သူ့ပတ်ဝန်းကျင်မှနေ ရက်စက်သောအရှိန်အဝါများ ပျံ့နှံ့လာပြီး နောက်တစ်စက္ကန့်မှာပင် လှုပ်ရှားဝံ့သူတိုင်းသည် ကွဲကြေသွားသည့်ဖန်ခွက်အလား ကံကြမ္မာကိုရင်ဆိုင်ရမည့်ပုံပင်။ဘာမှမကျန်တော့သည်ထိ ဖျက်ဆီးခံရတော့မည့်အလား။

ခန်းမထဲတွင်လုံးဝတိတ်ဆိတ်သွားတော့သည်။မည်သူတစ်ဦးတစ်ယောက်ကမှ စကားပြောရဲခြင်း မရှိတော့ပေ။မိဖုရားခေါင်မှ စကားပြောလာသည်အထိပင်။

"ပန်ကုန်းကတော့ ဒီချီဖောင်ကိုသဘောကျတယ်။ပြီးတော့စူးယွင်ရဲ့ စိတ်ဓာတ်ကိုလည်း လေးစားတယ်။သူမကပြတ်သားတဲ့မိန်းကလေးတစ်ဦးပါ"

"ကျေးဇူးတင်ပါတယ် မိဖုရားကြီး"

မိဖုရားခေါင်မှ ဆက်ပြောလာသည်။

"စူးယွင်ကို တစ်ခုမေးချင်တယ်။ဒီအဝတ်အစားကို ဖန်တီးဖို့ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ"

စူးယွင်သည် သူမ၏အောက်နှုတ်ခမ်းကိုကိုက်ကာ စဉ်းစားလိုက်သည်။

"ပထမတော့ အသက်ရှင်ရပ်တည်ရေးအတွက်ပါ။ဒါပေမယ့်အခုတော့ ကျွန်တော်မျိုးမနှစ်သက်လို့ပါ"

"ကျွန်တော်မျိုးမမှာ ရည်မှန်းချက်ကြီးကြီးမားမားတွေလည်း မရှိပါဘူး။အဘွားဆီကနေသင်ယူစကတော့ ပိုက်ဆံနည်းနည်းလေးရပြီး အဆင်ပြေပြေနေချင်ခဲ့ရုံပါပဲ။ဒါပေမယ့်နောက်ပိုင်း ဒီကိုရောက်လာတော့မှ ချီဖောင်ချုပ်လုပ်ရတာကို တစ်ကယ်သဘောကျမှန်းသိခဲ့ရပါတယ်"

"ဒါကအသက်ဝင်လာသလိုမျိုးပါပဲ။ရှေးရိုးစဉ်ဆက်မိရိုးဖလာကန့်သတ်ချက်တွေနဲ့ ချည်နှောင်ခံထားရတဲ့အမျိုးသမီးတွေက အခုအချိန်မှာစိတ်ဓာတ်အသစ်တွေနဲ့ပြည့်နှက်လာတာကို ကျွန်တော်မျိုးမမြင်တွေ့နေရပါတယ်"

"ကျွန်တော်မျိုးမကလူတိုင်းကို ကျေနပ်အောင်မလုပ်နိုင်သလို လူတိုင်းကို သဘောကျအောင်လည်း မလုပ်နိုင်ပါဘူး။ဖြတ်သန်းခဲ့ရသမျှထဲမှာ ဝေဖန်မှုတွေ၊အထင်အမြင်သေးမှုတွေနဲ့ ရင်ဆိုင်ရရင်တောင် ကျွန်တော်မျိုးမချစ်မြတ်နိုးရတဲ့အလုပ်ကိုပဲ ဆက်လုပ်ခဲ့တာပါ"

"ဒါပေမယ့်အဲဒါကသာ ဘဝကိုဘယ်လိုနေထိုင်ရမယ်ဆိုတဲ့သဘောတရားပဲမဟုတ်ဘူးလား"

ဘုရင်မင်းမြတ်မှ ရယ်မောလာသည်။

"ပြောသွားတာ ကောင်းတယ်။မင်းကအရာရှိတစ်ဦးဖြစ်ဖို့ အရည်အချင်းရှိတယ်"

"အရှင့်ရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် ဘုရင်မင်းမြတ်။ဒါကလည်း‌ခေတ်ကာလကောင်းတစ်ခုဖြစ်နေလို့ပါ"

စူးယွင်သည်ပြုံးလျက် ပြန်ဖြေလိုက်သည်။သူမသာတစ်ကယ့် စူးယွင် ဖြစ်ခဲ့ပါက သူမတွင်ဤအတွေးမျိုးရှိမည်မဟုတ်ဘဲ သူမ၏ ကံကြမ္မာသည် စူးယွင်၏ကံကြမ္မာအတိုင်း အဆုံးသတ်သွားနိုင်သည်ဟု သူမတွေးလိုက်မိ၏။

"ကျန်းရဲ့အမိန့်နဲ့ ကြေငြာလိုက်တယ်။အဝတ်အထည်ဌာနရဲ့ အငယ်တန်းအဖွဲ့ဝင် စူးယွင်ဟာ ထက်မြက်လိမ္မာပြီး ကျက်သရေရှိတယ်။သူမကိုဒီနေရာကနေပဲ အလယ်အလတ်အဖွဲ့ဝင်အဖြစ် တိုးမြှင့်ပေးလိုက်တယ်"

စူးယွင်သည်ဒူးထောက်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ယှက်ကိုင်လျက် ပြောလိုက်သည်။

"ကျေးဇူးကြီးမားလှပါတယ် ဘုရင်မင်းမြတ်။ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ"

"ထပါ"

ဘုရင်မင်းမြတ်သည်ပြောလိုက်ပြီး သခင်ကြီးရှန်းဘက်လှည့်လိုက်သည်။

"ဒီအဝတ်အစားပေါ်ကပန်းထိုးလက်ရာဟာ အကောင်းဆုံးဖြစ်ပြီး သူဖော်ပြတဲ့ အဓိပ္ပာယ်ကလည်း အလွန်ပြည့်စုံလှတယ်။မိဖုရားခေါင်နဲ့ဆွေးနွေးပြီးနောက်မှာ ကျန်းတို့ နှစ်ဦးစလုံးက ဒီကိစ္စဟာအန္တရာယ်ရှိတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုပြီး သဘောတူလိုက်ကြတယ်။သခင်ကြီးရှန်းက ဒါကိုကျေနပ်မယ်လို့ မျှော်လင့်ပါတယ်"

သခင်ကြီးရှန်းသည် အတင်းအကြပ်ပြုံးလိုက်ရပြီး နားချရန်ကြိုးစားနေဆဲပင်။

"ဘုရင်မင်းမြတ်ပြောတဲ့အတိုင်းပါပဲ ကျွန်တော်မျိုးလည်း သဘောကျရမှာသဘာဝကျပါတယ်"

ဘုရင်မင်းမြတ်သည် သူ၏လက်ကိုယမ်းပြလိုက်သည်။

"ဒါဆိုရင် ပွဲတော်ကိုဆက်ကျင်းပပါ"

"ခဏလေးနေပါဦး သားတော်ပြောစရာရှိပါသေးတယ်"

နဉ်ကျင်းသည် အသာထရပ်ကာလူတိုင်းရှေ့တွင် ပြောလိုက်၏။

ဘုရင်မင်းမြတ်နှင့်မိဖုရားခေါင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။

သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ခုနကသူလုပ်ခဲ့တာ လုံလုံလောက်လောက်ပွဲကြည့်စရာမဖြစ်သေးဘူးလို့ ထင်နေတာလား။

မိဖုရားခေါင်သည် ဘုရင်မင်းမြတ်၏လက်ကို အသာအယာပုတ်လိုက်ပြီး စောင့်ကြည့်ရန်နှင့်အလျင်စလို မပြုလုပ်ရန် တိတ်တဆိတ် အချက်ပြလိုက်သည်။

နဉ်ကျင်းသည် သူ၏ကျောကိုမတ်မတ်ထားကာ စူးယွင်၏ဘေးသို့ လျှောက်သွားလိုက်၏။သူသည် သူမအားအသာပြုံးပြပြီးနောက် ပြတ်သားသောအမူအရာဖြင့် သူ၏ဝတ်ရုံကိုခါကာ ဒူးထောက်ချလိုက်သည်။

"သားတော်ကခမည်းတော်ကို နောက်ထပ် တစ်ခု တောင်းဆိုစရာရှိပါသေးတယ်"

ဘုရင်မင်းမြတ်၏ရင်ခုန်သံသည် လွဲချော်သွားခဲ့သော်လည်း မည်ကဲ့သို့သတ်မှတ်ရမည်မှန်းမသ်ိနိုင်သော စိတ်ခံစားမှုတစ်ခုဖြစ်လာပေသိ သူ၏မျက်နှာထားသည် တည်ငြိမ်နေဆဲပင်။

"ပြောပါ ကျင်းအာဘာများလဲ"

နဉ်ကျင်းသည် စူးယွင်ထံမော့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းတို့သည် မယိမ်းယိုင်သော ဆုံးဖြတ်ချက်ဖြင့်ပြည့်နှက်နေကာ သူ့ဆန္ဒကို ဖော်ထုတ်လာ၏။

"သားတော်ကစူးယွင်နဲ့အချိန်အတော်ကြာ သိကျွမ်းခဲ့ပါတယ်။သူမကဉာဏ်ရည်ထက်မြက်ပြီး ကျက်သရေရှိရုံသာမက ထက်မြက်ပြီးကောင်းမွန်လှသူတစ်ဦးပါ။သူမကိုသားတော်စတွေ့တဲ့အချိန်ကစလို့ နက်ရှိုင်းတဲ့လေးစားမှုနဲ့ချစ်ခင်မှုကို ခံစားခဲ့ရပါတယ်။သားတော် ခမည်းတော်နဲ့မိဖုရားခေါင်တို့က သားတော်တို့ကိုကောင်းချီးပေးဖို့နဲ့ သားတော်တို့အပေါ် လက်ထပ်ထိမ်းမြားခြင်းစာချုပ်ကိုစီစဥ်ပေးဖို့ တောင်းဆိုချင်ပါတယ်"

ထိတ်လန့်တုန်လှုပ်ဖွယ်တိတ်ဆိတ်မှုမှာ ထိုစကားနောက်တွင်ကပ်ပါလာလေသည်။

ခန်းမထဲရှိလူတိုင်းသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး သူတို့စိတ်များသည် အခြေအနေကိုပေါင်းစည်းရန် အပြေးအလွှားလုပ်ဆောင်နေကြရ၏။

အမြဲတစေ ခပ်တန်းတန်းနှင့်တစ်ကိုယ်တည်းနေတတ်သော အေးစက်သည့်နဉ်ကျင်းမှာ အဖွဲ့အစည်းမှသာမန်အဖွဲ့ဝင်တစ်ဦးအတွက် ရုတ်တရက်ကြီးထုတ်ဖော်ပြောဆိုခဲ့သည်။သူတို့ကြားတွင် ကိုယ်ရေးကိုယ်တာဆက်သွယ်မှုရှိနေသည်မှာ ယခုအခါတွင်တော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီပင်။

ဧည့်သည်များသည် စူးယွင်အားဂုဏ်ပြုရမည်လား သို့မဟုတ် သူမအားသနားရမည်လားဟုပင် မသေချာတော့ဘဲ ကြောင်နေခဲ့ကြပြီး ရုတ်တရက်ကြေညာချက်သည် ခန်းမ၏လေထုတစ်ခုလုံးကို အောက်ခြေမှ အထက်သို့လှန်ပစ်လိုက်တော့သည်။

ဘုရင်မင်းမြတ်သည် နဉ်ကျင်းထံတုန်လှုပ်ဟန်ဖြင့် စိုက်ကြည့်နေပြီး သတင်းစကား၏ အလေးအနက်ထားမှုကို စီမံနိုင်ရန်ကြိုးစားနေရ၏။

"မင်း...... ဒါက....."

နဉ်ကျင်းသည် တည်ငြိမ်သောအမူအရာဖြင့် သူ၏လက်ကို မြှောက်လိုက်ပြီး ဖွဖွပြုံးလိုက်ကာ ပြောလာသည်။

"ခမည်းတော် သားတော်ရဲ့ဘဝက အခက်အခဲတွေနဲ့ ပြည့်နှက်နေတာပါ။သားတော်က ဘယ်တုန်းကမှအများကြီးမတောင်းဆိုဝံ့ခဲ့ပါဘူး။ဒါပေမယ့် အခုလို ကံကောင်းခြင်းမျိုးနဲ့အတူ စူးယွင်ကိုတွေ့ဆုံခဲ့ရပြီး သားတော်ကလည်းခမည်းတော်တို့နှစ်ဦးရဲ့ ကောင်းချီးပေးမှုကိုခံယူချင်ပါတယ်။သူမကိုသားတော်ရဲ့ မိဖုရားအဖြစ် သားတော်ရဲ့မင်းသမီးအဖြစ်ဘွဲ့ပေးဖို့ အမိန့်ထုတ်‌မယ့်အခွင့်အရေးကို တောင်းဆိုချင်ပါတယ်"

ခန်းမတစ်ခုလုံးအား ထိတ်လန့်တုန်လှုပ်ဖွယ် တိတ်ဆိတ်မှုမှ ဖုံးလွှမ်းသွားတော့သည်။

မင်းသမီးတဲ့လား......

သာမန်အရပ်သူတစ်ဦးအား ဤကဲ့သို့ဘွဲ့ထူးမျိုး မည်သို့ပေးအပ်နိုင်မည်နည်း။ထိုအရာသည် ထုံးတမ်းစဉ်လာများနှင့်စည်းမျဉ်းများအားလုံးကို ဆန့်ကျင်နေသည်။ထိုအရာသည် မျှော်မှန်းထားသောအစီအစဉ်အား ချိုးဖောက်ခြင်းဖြစ်ပြီး တော်ဝင်နန်းတော်တွင် မကြုံစဖူးသောလှုပ်ရှားမှုတစ်ခုပင်ဖြစ်၏။

ဧည့်သည်များသည် ရှုပ်ထွေးသောအကြည့်များကို လဲလှယ်ကြပြီး အချို့မှာအဆိုပြုချက်၏ ရဲရင့်မှုကြောင့်ထိတ်လန့်နေကြပြီး အချို့မှာမူ သူတို့၏အတွေးများကို ထုတ်ဖော်ပြောဆိုရမည်လား မသေချာဖြစ်နေတော့သည်။လေထုသည် တင်းမာမှုများဖြင့် ပြည့်နှက်နေ၏။

All Chapters