အခန်း (၁၂၄+၁၂၅)
Vol. 13 Ch. 124+125
ဘုရင်မင်းမြတ်သည်လည်း အခြားသူများနည်းတူ အံ့အားသင့်ခဲ့ရသည်။သူသည် စိတ်ကိုငြိမ်သက်စေရန် ကြိုးစားရင်း ရွှေခွက်တွင်းမှ အရက်ကိုတစ်ငုံသောက်လိုက်ပြီး မိဖုရားကြီးဘက်လှည့်ကြည့်လိုက်၏။
ဒီကိစ္စက.....
မူလ၌နဉ်ကျင်းသည် သူမအားသဘောကျပါက လက်ထပ်ခွင့်ပေးပြီးကိုယ်လုပ်တော်အဖြစ် ခန့်အပ်လိုက်ပါက ခက်ခဲမည်မဟုတ်ဟု သူထင်ခဲ့သည်။
သို့သော် ယခုမူ......
နဉ်ကျင်း၏စိတ်နေစိတ်ထားသည် ခိုင်မာလှသည်။တစ်ကြိမ်ဆုံးဖြတ်ပြီးပါက မည်သူမျှ သူ့ကိုဆွဲဆောင်၍ရတော့မည်မဟုတ်ပေ။ဤသည်မှာလည်း နှစ်ပေါင်းများစွာကြာအောင် ဘုရင်မင်းမြတ်မှနဉ်ကျင်းအား လက်ထပ်ရန် အကြံပေးခဲ့သော်လည်း မည်သည့်အခါတွင်မှ အတင်းအကြပ်မပြုလုပ်ခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။
ဘုရင်မင်းမြတ်သည် ခေါင်းစောင်းကာ မိဖုရားကြီး၏နား,နားကပ်၍ တီးတိုးမေးလိုက်၏။
"မိဖုရားကြီး ဘယ်လိုထင်လဲ"
"စူးမိန်းကလေးမှာ ရုပ်ရည်လှပမှု၊အရည်အချင်းရှိမှုအပြင် လိုအပ်တဲ့သင့်လျော်မှုတွေမှန်သမျှ ရှိနေပါတယ်။ဒါပေမယ့် သူမကနောက်ခံနိမ့်ကျတာမလို့ မိဖုရားအဖြစ်ခန့်အပ်ဖို့ရာမှာ စည်းမျဥ်းဥပဒေတွေကို လိုက်နာရာတစ်ကယ်မရောက်ပါဘူး"
မိဖုရားကြီးသည် ဘုရင်မင်းမြတ်၏မျက်နှာအမူအရာကို အသာကြည့်လိုက်ရာ ကျေနပ်နေသောအသွင်ကို မြင်လိုက်ရသည့်အတွက် သူမရင်ထဲတွင် ခါးသီးသောခံစားချက်တစ်ခု ပေါ်လာလေသည်။
သူမသည် ပါးစောင်အားကိုက်လိုက်ပြီး သတိထားကာ ပြောလိုက်သည်။
"ကျင်းအာက အမြဲတမ်းလျစ်လျူရှုတတ်ပါတယ်။အထူးသဖြင့် အမျိုးသမီးတွေအပေါ်ပေါ့။တစ်စုံတစ်ဦးကို စိတ်ဝင်စားဖို့ဆိုတာက သူ့အတွက်တော့ခက်ခဲလွန်းပါတယ်။ဒီတစ်ကြိမ် သူ့ဆန္ဒအတိုင်းသာမဖြစ်ခဲ့ရင် ပြဿနာတွေရှိလာမှာ စိုးရိမ်မိပါတယ်"
သူသည်ကြုံ့ထားသောနဖူးကို လက်ဖြင့်ဖိကာ
"အဲဒါကိုပဲ ကျန်းစိတ်ပူနေရတာ"
မိဖုရားကြီးသည် သူ့လက်အားဆွဲ၍ သူမလက်ဖဝါးပေါ်အသာတင်ထားလိုက်ပြီး တင်းတင်းဆုပ်ကိုင်ကာ သိမ်သိမ်မွေ့မွေ့လေးပြုံးလိုက်သည်။
"ကျင်းအာကို ဘာလို့ခွင့်ပြုမပေးလိုက်ရမှာလဲ။သူ့ဘဝက အရမ်းကြမ်းတမ်းခဲ့တာကို အခုသူတစ်ကယ်နှစ်သက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ရတာက ရှားပါးတဲ့ကိစ္စတစ်ခုပါ"
ဘုရင်မင်းမြတ်သည် လက်ကိုပြန်ရုပ်လိုက်ပြီး ပြောလာ၏။
"အဲဒါနဲ့ပက်သက်ပြီး မယ်တော်ကြီးနဲ့ တိုင်ပင်ဖို့လိုမယ်"
"မယ်တော်ကြီးက အခုထိဆုတောင်းပွဲလုပ်နေတုန်းမလို့ အနှောင့်အယှက်ပေးဖို့ရာမသင့်လျော်ပါဘူး။ဒါ့အပြင် ကျင်းအာအမြန်ဆုံးလက်ထပ်ပြီး သားသမီးရဖို့ကိုမယ်တော်ကြီးထက် ပိုပြီးမျှော်လင့်နေတဲ့သူဘယ်သူရှိ သေးလို့လဲ မဟုတ်ရင်....."
သူမသည်စကားကိုအဆုံးမသတ်ဘဲ ချန်ထားခဲ့သည်။
သို့သော် ဘုရင်မင်းမြတ်သည်လည်း မကြာသေးမီက နဉ်ကျင်း၏အိမ်တော်၌ ဖြစ်ပျက်ခဲ့သည်များကို ကြားသိထား၏။သူသည် နှုတ်ခမ်းများကိုစေ့ပိတ်လိုက်ပြီး စကားမပြောခဲ့ပေ။
မိဖုရားကြီးသည် မျက်လွှာချလိုက်ကာ သူမမျက်ဝန်းများထဲရှိ မနာလိုမှုနှင့်မသိသာသောမကျေနပ်မှုတို့ကို ဖုံးကွယ်ထားလိုက်လေသည်။
နဉ်ကျင်းအား သူမမှပြုစုပျိုးထောင်ခဲ့သည်မှာ မှန်သော်လည်း ဝေဖန်သိတတ်လာပြီးသူ့ကိုယ်ပိုင်စရိုက်ပေါ်လာချိန်တွင်တော့ သူမနှင့်ရင်းနှီးမှုသိပ်မရှိတော့ပေ။
ထို့အပြင် သူသည်ထူးထူးခြားခြားအရည်အချင်းရှိလှပြီး ဘုရင်မင်းမြတ်သည်လည်းသူ့ကိုအလွန်တန်ဖိုးထားလေသည်။တစ်ခါတစ်ရံတွင် သူသည်သူမ၏ကိုယ်ပိုင်သား လက်ရှိအိမ်ရှေ့စံကိုပင် မေ့လျော့ထားတတ်၏။အိမ်ရှေ့စံရာထူးကို ခိုင်မာစေရန်အတွက် သူမသည်ရာထူးရှိမျိုးရိုးမြင့်မိန်းကလေးတစ်ဦးကို အိမ်ရှေ့စံမိဖုရားအဖြစ် အစောကတည်းမှရွေးချယ်ခဲ့ပြီးဖြစ်သည်။
ယခုနဉ်ကျင်းသည် သာမန်အရပ်သူတစ်ဦးကို လက်ထပ်လိုသောကြောင့် ဤသည်မှာ သူမအတွက် အခွင့်အရေးကြီးတစ်ခုပင်ဖြစ်၏။သူမသည် ဤကိစ္စကိုပျက်ပြားခွင့်မပြုနိုင်ပေ။
သူမသည် လက်စွပ်ကိုချိန်ညှိလိုက်ပြီး အသာပြောလိုက်သည်။
"စူးမိန်းကလေးကရော မင်းသားချန်ကို ဘယ်လိုမြင်လဲ"
စူးယွင်သည် သူ့ထံခေါင်းစောင်းကြည့်လိုက်ရာ သူမမျက်ဝန်းများတွင် စိတ်ခံစားမှုများဖြင့်လှိုင်းထနေတော့သည်။
"မင်းသား.....မင်းသားချန်ကပြည်သူတွေကြားမှာ နာမည်ဂုဏ်သတင်းကောင်းမရှိသလို ပြီးပြည့်စုံတဲ့သူလည်း မဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော်မျိုးမမျက်လုံးထဲမှာတော့ သူကနူးညံ့သိမ်မွေ့တယ်၊စာနာထောက်ထားတတ်တယ်၊ပြီးတော့ ဂုဏ်ကျက်သရေရှိတယ်။သူကမဟာကျိုးမင်းဆက်မှာအကောင်းဆုံးလူသားပါ။သူ့ကိုလက်ထပ်ရမှာ ကျွန်မဘဝသုံးခုရဲ့အကြီးမားဆုံး ကံကောင်းခြင်းကြောင့်ပါပဲ"
ဤအဖြေအားကြားလိုက်ရသောအခါ မိဖုရားကြီးသည်အတော်လေးကျေနပ်သွားတော့သည်။သူမသည် ထရပ်လိုက်ပြီး ဝတ်စုံကိုသပ်ရပ်အောင်ပြင်ကာ ဒူးတစ်ဖက် ထောင်လျက် မပြတ်မသားဖြစ်နေဆဲဖြစ်သည့် ဘုရင်မင်းမြတ်ထံလျှောက်တင်လိုက်၏။
"မိခင်တစ်ဦးအနေနဲ့ ကျင်းအာကို သူချစ်ရတဲ့သူနဲ့ခွဲခွာရမှာ မမြင်လိုပါဘူး။အရှင့်ရဲ့ ဂုဏ်အသရေနဲ့ချီးမြှောက်ပေးပြီး ဒီချစ်သူနှစ်ဦးရဲ့ဆန္ဒတွေကို ပြည့်ဝစေဖို့ခွင့်ပြုပေးလိုက်ပါ"
သူမသည် တန်း၍ဒူးထောက်ချလိုက်ကာ သူမအသံသည် နူးညံ့သော်လည်း ခိုင်မာမှုအပြည့်ရှိသောကြောင့် တစ်ဦးတစ်ယောက်မှနေငြင်းပယ်ပစ်ရန် ခက်ခဲသွားစေသည်။
နဉ်ကျင်းသည် ဦးညွှတ်အရိုအသေပြုကာ သူ့အသံသည်လည်း ခိုင်မာပြတ်သားနေ၏။
"ဒီဘဝမှာ သားတော်စူးယွင်နဲ့အတူရှိဖို့သာ ဆန္ဒရှိပါတယ်။သူမသာမဟုတ်ခဲ့ရင် သားတော်လည်းလောကီကိုစွန့်ပြီး ဘုန်းကြီးဝတ်လိုက်မှာမလို့ လောကီကိစ္စတွေမှာ ဘယ်တော့မှရှုပ်ထွေးတော့မှာမဟုတ်ပါဘူး"
"သားတော်ရဲ့ဆန္ဒကို ခမည်းတော်ကခွင့်ပြုပေးဖို့တောင်းဆိုပါတယ်"
ပွဲကြည့်နေကြသူထဲရှိ အမတ်များအားလုံးသည်လည်း ချက်ချင်းထရပ်ကာ တညီတညွတ်တည်းဟစ်ကြွေးလာကြသည်။
"ဒီဆန္ဒကိုခွင့်ပြုပေးဖို့ ဘုရင်မင်းမြတ်ကို ကျွန်တော်မျိုးတို့ တောင်းဆိုပါတယ်"
နဉ်ကျင်းသည် ရာထူးကြီးမြင့်သော်လည်း သူ၏စရိုက်ကြောင့် မည်သူမျှသူတို့သမီးများကို သူနှင့်လက်ဆက်ပေးရန် မဝံ့ရဲကြပေ။ယခုတစ်စုံတစ်ဦးမှ သူ့အားလက်ခံလိုသည့်အတွက် တစ်နည်းအားဖြင့်ဆိုရသော် ထိုအချက်သည် သူတို့အတွက်စိတ်သက်သာရာရစေခဲ့၏။
အဘယ်ကြောင့်ဆိုသော် တော်ဝင်အမိန့်တော်သည် သူတို့အိမ်တံခါးသို့ ဘယ်အချိန်ရောက်လာမည်ကို မည်သူမှကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။
ဘုရင်မင်းမြတ်သည် သူ့ရှေ့မှအမတ်များကို မြင်လိုက်ရပြီး စိတ်မချမ်းမြေ့မှုကို အတင်းအကြပ်မြိုသိပ်ထားလိုက်ရ၏။သူသည်သူ့အောက်တွင် ဒူးထောက်ခစားနေသော နဉ်ကျင်းထံအကြည့်ပို့လိုက်သည်။သူ၏သားများအားလုံးထဲတွင် နဉ်ကျင်းသည်သာသူနှင့်အတူဆုံးဖြစ်သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် နဉ်ကျင်းမှအလေးအနက်ရှိမရှိကိုသိနိုင်သလို သူသည်ပြောလိုက်ပါကလည်း ပြောသည့်အတိုင်းအမှန်တကယ်လုပ်ဆောင်မည်မှာ ရှင်းနေ၏။ဘုရင်မင်းမြတ်သည် အကျိုးဆက်အား လောင်းကြေးထပ်ရန် မဝံ့ရဲပေ။
သူသည်သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ရာ သူ့မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခုပေါ်လာလေ၏။
ကောင်းပြီလေ သူ့ဆန္ဒအတိုင်းဖြစ်ပါစေတော့။
"လာခဲ့ကြစမ်း"
ဘေးတွင်စောင့်ဆိုင်းနေသော မိန်းမစိုးချုပ်သည် ချက်ချင်းရှေ့သို့တိုးလာသည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"မင်းသားချန်က အရွယ်ရောက်ပြီဖြစ်ကြောင်း တော်ဝင်အမိန့်တော်နဲ့အတူ ကြေညာလိုက်တယ်။အသက်အရွယ်နဲ့အပြုအမူလိုက်ဖက်ညီတဲ့ အဝတ်အထည်ဌာနက အလယ်အလတ်အဖွဲ့ဝင်စူးယွင်ကို မင်းသားချန်ရဲ့တရားဝင်ဇနီးအဖြစ် ချီးမြှင့်လိုက်တယ်။သူတို့တွေလာမယ့်နှစ်နွေဦးအစောပိုင်းတွင် လက်ထပ်ကြမယ်"
"သားတော်ခမည်းတော်ကို ကျေးဇူးတင်ပါတယ်"
ကိစ္စများပြေလည်သွားသောအခါ အမတ်များသည် သူတို့ရင်ထဲမှ အလေးချိန်တစ်ခု လျော့သွားသည်ဟုခံစားလိုက်ရပြီး ချက်ချင်းဆိုသလို ဂုဏ်ပြုစကားများပြောဆိုလာကြသည်။
"မင်းသားချန်ကို ဂုဏ်ပြုပါတယ် သခင်မလေးစူးကို ဂုဏ်ပြုပါတယ်"
လက်ထပ်ခွင့်ကိုချီးမြှင့်ပြီးဖြစ်သော်လည်း သူတို့မှာမင်္ဂလာမဆောင်ရသေးသောကြောင့် စူးယွင်သည်ကြင်ယာတော်မင်းသမီးအဖြစ် ဤနေရာတွင်မနေနိုင်သေးပေ။သူမကို အစောပိုင်းမှလာခေါ်သည့်မိန်းမစိုးလေးကသာ ပြန်လိုက်ပို့ပေးလေသည်။
"ကျွန်တော်မျိုးကလည်း သခင်မလေးစူးကို ဒီလိုဝမ်းမြောက်စရာကိစ္စအတွက် ဂုဏ်ပြုပါတယ်"
မိန်းမစိုးလေးမှာပြောပြီးနောက် ရိုရိုကျိုးကျိုးဦးညွှတ်ကာ လေးစားမှုတို့ပိုတိုးလာသော လေသံဖြင့်ပြောလာ၏။လူတိုင်းအထင်သေးခဲ့ကြသည့် ကုန်သည်အိမ်မှသမီးလေးသည် အချိန်ခဏတာအတွင်းအနာဂတ်၏ကြင်ယာတော်မင်းသမီးအဖြစ် ပြောင်းလဲသွားမည်ကို မည်သူမှထင်မထားခဲ့ကြပေ။ထိုရာထူးသည် မည်သူမဆိုတွေးတောကြည့်ရန်ပင် မစဉ်းစားနိုင်လောက်အောင် မြင့်မားလှပေသည်။
အနည်းဆုံးတော့ အစောပိုင်းတွင်မည်သူကမှ သူမအားရိုင်းရိုင်းစိုင်းစိုင်း မပြောမိခဲ့ကြပေ မဟုတ်ပါက မင်းသားချန်မှ ခန်းမထဲတွင် စူးယွင်ကိုခုခံကာကွယ်ခဲ့သည့်ပုံအရ သူတို့ခေါင်းများ အန္တရာယ်ရှိနေမည်မှာ အသေအချာပင်။
"ကျေးဇူးတင်ပါတယ်"
စူးယွင်သည် သူမအိတ်ကပ်ကိုပုတ်လိုက်ရာ ငွေကြေးအနည်းငယ်ပါကြောင်းသိလိုက်ရ၍ မိန်းမစိုးလေးအား ပေးလိုက်သည်။
"ဒါကကျွန်မမှာရှိတာအကုန်ပဲ အားနာလိုက်တာ"
မိန်းမစိုးလေးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခံလိုက်သည်။
"သခင်မက အရမ်းရက်ရောလှပါပြီ။ကျွန်တော်မျိုးအနေနဲ့ကတော့ ဘယ်လိုဖြစ်ဖြစ်ဂုဏ်ယူစရာပါပဲ"
သူမှသူမအားမြှောက်ပင့်လိုက်သော်လည်း သူသည်သူမနှင့်ရင်းနှီးရန် ကြိုးစားနေမှန်းသိသာလှသည်။ငွေကြေးမှ အရေးကြီးသည် မကြီးသည်မှာ ဒုတိယပင်ဖြစ်၏။
သူသည်သူ၏မြင်းမြှီးတုတ်ကိုအသာယမ်းလိုက်ပြီး ပြောလာသည်။
"ကျွန်တော်မျိုးမှာ အခြားကိစ္စတွေရှိသေးလို့ ခွင့်ပြုပါဦး"
စူးယွင်မှဘေးခန်းမသို့ပြန်ရောက်သွားသော် လူများမှာသူမပတ်လည်တွင် အမြန်စုဝေးလာပြီးမေးခွန်းမျိုးစုံမေးလာကြတော့သည်။
သူမသည် ခန်းမတွင်း၌ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ်ရှင်းပြလိုက်သော်လည်း ထိမ်းမြားခွင့်အမိန့်တော်အပိုင်းကိုတော့ ချန်လှပ်ထားခဲ့၏။
ရှောက်ချီသည် သူမအားလက်မထောင်ပြကာ
"ညီမစူးယွင် နင်ကတစ်ကယ်ကိုသတ္တိရှိတာပဲ။ခန်းမကြီးထဲမှာတောင် ဒီလိုမျိုးပွင့်ပွင့်လင်းလင်း ပြောရဲတယ်"
"အဲဒီအချိန်တုန်းက ငါလဲသိပ်မတွေးမိခဲ့ဘူး။ဒါပေမယ့် အခုပြန်စဉ်းစားကြည့်တော့... နည်းနည်းတော့..."
စူးယွင်သည် ခဏရပ်ပြီးပြုံးလိုက်သည်။
"ဒါက ခန်းမထဲမှာငါ့ကို ကျောထောက်နောက်ခံပြုမယ့်သူရှိလို့ပဲနေမှာ"
သူတို့ထင်သည်မှာ သူမပြောသည့်လူသည်ရုန်စာဟုပင် အလိုလိုတွေးလိုက်မိပြီး သက်ပြင်းချလိုက်ကြသည်။
"အကြီးအကဲသာခန်းမထဲရှိမနေရင် နင်လဲဒီလို ပြောရဲမှာမဟုတ်ပါဘူး"
အမျိုးသမီးကျောက်မှာ ဝင်ပြောလာ၏။
"တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ"
စူးယွင်မှ ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မမှတ်ထားပါ့မယ်"
----------
"အလုပ်လက်မဲ့ရာထူးလို့ ရှင်ပြောနေတဲ့ဟာကဒါလား"
စူးယွင်သည် နဉ်ကျင်းယူလာသော တော်ဝင်အမိန့်တော်ကိုဖွင့်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။
"မင်းသားချန်......"
နဉ်ကျင်းသည် ငြင်သာစွာရယ်မောလိုက်ပြီး စူးယွင်၏ခါးကို ပွေ့ဖက်လိုက်ကာ သူ့လက်များသည် သူမ၏ခါးလေးကိုဆွဲညှစ်လာသည်။
"ကိုယ်ကအမတ်ကြီးတွေရဲ့ အဆူခံရပြီး မျက်နှာသာကိုသာမရခဲ့ရင် အလုပ်လက်မဲ့ ရာထူးပဲမဟုတ်ဘူးလား"
စူးယွင်သည် သူ့လက်မောင်းကို ရိုက်လိုက်ပြီး
"ကိုယ့်ကိုယ်ကိုယ် လျှောက်လဲချက်တင်နေတုန်းပဲလား"
"ချေပပြောနေစရာမလိုပါဘူးကွာ"
နဉ်ကျင်းသည် ခေါင်းအားငုံ့လိုက်ကာ သူမပခုံးထက်တွင်တင်လိုက်သည်။
"ဒီအမိန့်တော်ပေါ်က စာလုံးတွေကမလှဘူးလား"
ဤအကြောင်းအားပြောလာသောအခါ စူးယွင်သည်တစ်ခုခုသတိရသွားပြီး သူ့ထံလှည့်ကြည့်လာ၏။
"အဲ့ဒီနေ့ကရှင်လက်ထပ်ဖို့တောင်းဆိုတဲ့အခါ ဘုရင်မင်းမြတ်ကငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ"
"အဲဒါကဖြစ်ကိုဖြစ်မလာနိုင်ဘူး"
နဉ်ကျင်းသည်သူမနှုတ်ခမ်းထောင့်လေးကို နမ်းရှိုက်လိုက်ကာ
"ကိုယ်ကသာ ရာထူးအဆင့်အတန်းရှိမနေတဲ့သူကိုလက်ထပ်ရင် လူတိုင်းပျော်ကြမှာပဲလေ။သူတို့အားလုံးက ဘုရင်မင်းမြတ်အနေနဲ့မင်္ဂလာပွဲကိုအမြန်ဆုံးခွင့်ပြုပေးဖို့ မျှော်လင့်နေကြတာ"
ထိုသည်ကပင် ပွဲနေ့၌လက်ထပ်ခွင့်ပေးရန် သူတောင်းဆိုခဲ့သည့် အကြောင်းရင်းပင်ဖြစ်သည်။သူသည်ဘုရင်မင်းမြတ်မှသဘောတူရန်ဖိအားပေးဖို့အတွက် အခြားသူများ၏ဖိအားကို အသုံးပြုချင်ခဲ့ခြင်းပင်။
"တကယ်လို့သာ.....ရှင်ကတစ်ကယ်ကြီးဘုန်းကြီးဝတ်သွားရမယ်ဆိုရင်ရော"
နဉ်ကျင်းသည် သူမပါးလေးကိုညှစ်လိုက်၏။
"မင်းကဘာတွေလျှောက်တွေးနေတာလဲ။ကိုယ်ကမင်းနဲ့မခွဲနိုင်ဘူးလေ"
"ဒါဆိုရှင်....."
"သူတို့သာသဘောမတူရင် ကိုယ်တို့လဲကိုယ်တို့ဘာသာပဲ လက်ထပ်ကြတာပေါ့။သူတို့ကို ကိုယ်တို့မလိုအပ်ဘူး။ပြီးတော့ကိုယ်ကလည်း သူတို့နဲ့အတူနေ,နေတာမှမဟုတ်တာ"
"ရှင်ကတော့လေ....."
နဉ်ကျင်းသည် သူမနှုတ်ခမ်းများအားဖိကပ်နမ်းရှိုက်လိုက်ပြီး ပြုံးလာ၏။
"ဒီနေ့ကနေ့ကောင်းလေးပဲ သွားဆေးကြောပြီးစောစောအိပ်ကြရအောင်"
နောက်တစ်နေ့မနက်တွင် စူးယွင်သည်သူမခါးကိုပွတ်သပ်လိုက်ပြီး အိပ်ရာထက်တွင် အိပ်ပျော်နေသေးသောသူအားမြင်လိုက်ရသောအခါ အားဖြင့်ကန်ချလိုက်သည်။
"အ"
နဉ်ကျင်းသည် အိပ်ပျော်နေရာမှခုန်ထလာကာ အိပ်ချင်မူးတူးဖြင့် သူမထံမျက်လုံးများမှေးစဥ်းကာကြည့်လာသည်။
နောက်တစ်ခဏတွင်တော့ သူသည်ရယ်မောလာပြီး
"မနက်စောစောစီးစီးမှာ ကိုယ့်ခင်ပွန်းကိုလုပ်ကြံဖို့ ကြိုးစားနေတာလား။မင်းကကိုယ့်ကို ဒီလိုမျိုးဆက်ဆံနေပြီပေါ့လေ"
မနေ့ညမှအခြေအနေကိုပြန်တွေးမိလိုက်သောအခါ စူးယွင်သည်ဒေါသထပ်ထွက်လာပြီး
"ကျွန်မကရည်ရွယ်ချက်ရှိရှိနဲ့ကန်လိုက်တာ"
နဉ်ကျင်းသည် မတ်မတ်ထိုင်လိုက်ပြီး သူမလက်ချောင်းထိပ်လေးကို အသာညှစ်ရန် လက်ဆန့်လာသည်။
"ကိုယ့်အမှားပါ နောက်တစ်ခါဆိုအချိန်ကိုပိုပြီးဂရုစိုက်လိုက်ပါ့မယ်"
"သွားစမ်းပါ"
ယောက်ျားတွေရဲ့စကားဆိုတာ အမြဲလိမ်ကောက်နေကြတာပဲလေ။အထူးသဖြင့် အိပ်ရာပေါ်ကကိစ္စတွေမှာပေါ့။
စူးယွင်သည် သူ့အားစူးစူးစိုက်စိုက်ကြည့်ကာ
"ကျွန်မသွားတော့မယ်။နေ့လည်စာဘာစားရမလဲဆိုတာ ကိုယ့်ဘာသာပဲစဉ်းစားလိုက်တော့"
"ဒီညပြန်လာမှာလား"
"မလာဘူး"
ဘုန်း!
တံခါးအားဆောင့်ပိတ်သွားလေသည်။
အဖွဲ့အစည်းသို့သွားရာလမ်းတွင် သူမသည် တစ်စုံတစ်ဦးနှင့်မျက်နှာချင်းဆိုင်မိသွားသည်။ထိုသူသည်မူလတွင် စကားပြောရန်ရည်ရွယ်ချက်မရှိသော်လည်း စူးယွင်အားမြင်လိုက်သောအခါ ချက်ချင်းရပ်လိုက်ပြီး ဦးညွှတ်ကာနှုတ်ဆက်လာ၏။
"သခင်မလေးစူး မင်္ဂလာပါ"
စူးယွင်သည်ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ"
တစ်မိနစ်အကြာတွင် နောက်တစ်ဦးမှ ဦးညွှတ်လာပြီး
"သခင်မလေး စူး မင်္ဂလာပါ"
"မင်္ဂလာပါ မင်္ဂလာပါ"
"သခင်မလေးစူး မင်္ဂလာပါ"
ဘာတွေဖြစ်နေတာလဲ?ပုံမှန်ဆိုရင်လူတွေက တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကြပေမယ့် ဒီလိုမျိုးတော့တစ်ခါမှမဖြစ်ဖူးပါဘူး။
စူးယွင်သည်လူတိုင်း၏ နှုတ်ခွန်းဆက်စကားများကိုတုံ့ပြန်ရင်း အဖွဲ့အစည်းသို့ ရောက်လာသည်။နောက်ဆုံးသူမသည် အဝတ်အထည်ဌာန၏တံခါးအား တွန်းဖွင့်လိုက်ပြီးစကားပြောရန်ပြင်လိုက်စဉ် လူတိုင်းသည်သူတို့၏အပ်နှင့်အပ်ချည်များကို ချလိုက်သည်အားမြင်လိုက်ရပြီး သူတို့သည်တစ်ပြိုင်နက်ပြောလာကြ၏။
"သခင်မလေးစူး အေးချမ်းသာယာပါစေ"
"ဒီမှာဘာတွေဖြစ်နေတာလဲ"
စူးယွင်မှာအံ့အားသင့်သွားရသည်။အခြားဌာနများမှလူတို့ ဤကဲ့သို့ဖြစ်နေလျှင်ပင် အဝတ်အထည်ဌာနကပါ အဘယ်ကြောင့်ဤကဲ့သို့လုပ်နေရပါသနည်း။
သူမနှင့်အနီးဆုံးတွင်ရပ်နေသော ရှောက်ချီမှ ပြောလာ၏။
"စူးယွင် ဘေးကိုကြည့်လိုက်"
စူးယွင်သည် သူမ၏အကြည့်အတိုင်းလိုက်ကြည့်လိုက်ရာ နန်းတွင်းဝတ်စုံနှင့်ဆံထိုးပန်ထားသော အသက်၃၀ခန့်အမျိုးသမီးတစ်ဦးမှာ သူမထံသို့လျှောက်လာသည်ကို မြင်လိုက်ရသည်။
ရုတ်ချည်းဆိုသလို သူမနားလည်သွားတော့၏။
အမျိုးသမီးသည် ရှေ့သို့လျှောက်လာပြီး ဦးညွှတ်လာသည်။
"အစေခံကျန်းက သခင်မလေးစူးကိုဂါရဝပြုပါတယ်"
စူးယွင်မှမေးလိုက်သည်။
"ဘာကိစ္စများရှိလို့ပါလဲ"
"ကျွန်မကိုမိဖုရားကြီးက သခင်မလေးစူးအတွက် နန်းတော်ရဲ့ဓလေ့ထုံးတမ်းတွေ သင်ပေးဖို့စေလွှတ်လိုက်တာပါ"
သူမ၏နေထိုင်မှုပုံစံသည် ကိုယ်တိုင်သင်ယူထားခြင်းဖြစ်သည်။အပြင်လူများနှင့် ပေါ့ပေါ့ပါးပါးတွေ့ဆုံခြင်းအတွက်တော့ အဆင်ပြေသော်လည်း ယခုတွင်သူမမှာ တော်ဝင်မိသားစုနှင့်လက်ထပ်ပြီး မင်းသားကြင်ယာတော်ဖြစ်လာတော့မည်ဖြစ်ရာ လက်ရှိအမူအကျင့်တို့သည် သေချာပေါက် မလုံလောက်တော့ပေ။
စူးယွင်၏နှုတ်ခမ်းများမှာတွန့်သွားရပြီး တုံ့ဆိုင်းနေဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်မကတစ်ကယ်ပဲသင်ယူဖို့လို,လို့လား"
"သခင်မလေးစူး မင်းသားကြင်ယာတော်အနေနဲ့ သခင်မလေးကကိုယ့်ကိုယ်ကိုယ်သာမကပဲ တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကိုပါ ကိုယ်စားပြုပါတယ်။မိဖုရားကြီးက လက်ထပ်ပွဲမတိုင်မီ နန်းတော်စည်းကမ်းတွေကို သင်ကြားပေးလိုက်တာကအကောင်းဆုံးဖြစ်မယ်လို့ယူဆထားပါတယ်။ဒါကလဲ သခင်မလေးကောင်းကျိုးအတွက် လုပ်ပေးနေတာပါ"
စူးယွင်သည် မပြုံးချင်ပြုံးချင်ဖြင့်ပြုံးလိုက်ကာ
"ကြင်နာလွန်းနေပါပြီ"
အထိန်းတော်ကျန်းသည် ခြေတစ်လှမ်းနောက်ဆုတ်ပြီး သူမလက်ကိုဆန့်ထုတ်လာသည်။
"ဒါဆိုရင်ကျေးဇူးပြုပြီး သခင်မလေးစူးကကျွန်မနဲ့အတူ ဘေးခန်းမကိုလိုက်ခဲ့ပေးပါ"
"ကောင်းပြီလေ ကျွန်မဒီမှာလုပ်စရာတွေ ရှိသေးတယ်။ရက်နည်းနည်းလောက် စောင့်ပေးလို့ရမလား"
"ကျွန်မကအကြီးအကဲရုန်နဲ့ စီစဉ်ထားပြီးပါပြီ။သခင်မလေးစူးက စိတ်ချလက်ချနဲ့နည်းဥပဒေတွေကို သင်ယူနိုင်ပါတယ်"
စူးယွင်သည်အတင်းအကြပ်အားစိုက်ပြုံးလိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်"
---------
"ခါးကိုမတ်မတ်ထား လမ်းလျှောက်တဲ့အချိန်ဆိုလက်တွေကိုသိပ်မယမ်းနဲ့"
အထိန်းတော်ကျန်းသည် သစ်သားပြားတစ်ချပ်ကိုကောက်ယူပြီး စူးယွင်၏ခေါင်းပေါ်တွင် တင်လိုက်ရင်းသက်ပြင်းချလာသည်။
"ဒါကို မြဲမြဲကိုင်ထား မကျစေနဲ့"
စူးယွင်သည် မျက်လုံးလှန်လိုက်ပြီး သစ်သားပြားမှအရိပ် သူမအပေါ်သို့ကျရောက်နေသည်ကို ကြည့်လိုက်သည်။
"ဒါ.....ဒါကြီးကအဆင်မပြေဘူးနော်"
အထိန်းတော်ကျန်းသည် ပေတံကိုမြှောက်လိုက်ပြီး စူးယွင်၏ခါးကိုဖိလိုက်သည်။
"မကုန်းနဲ့"
"ကျွန်မ....."
"သခင်မလေးစူး ခြေနှစ်လှမ်းရှေ့တိုးလိုက်ပါ"
စူးယွင်သည် သတိထား၍ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ခြေထောက်ကိုရွှေ့လိုက်သည်နှင့် သစ်သားပြားသည် ကျယ်လောင်သောအသံဖြင့်ပြုတ်ကျသွားသည်။
သူမသည် ခေါင်းငုံ့ပြီးသက်ပြင်းချလိုက်သည်။
"ကျွန်မ လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောသားပဲ"
"ရပါတယ်။လူတိုင်းကအစပိုင်းမှာ ရုန်းကန်ရတာပါပဲ။ကျွန်မတို့နည်းနည်းလေး ထပ်လေ့ကျင့်ကြမယ်"
အထိန်းတော်ကျန်းသည် သစ်သားပြားကို သူမ၏ခေါင်းပေါ် ပြန်တင်ပေလိုက်သည်။
နတ်ဒေဝါအပေါင်း ကူညီကြပါ!
ဒီလက်ထပ်ပွဲက မဖြစ်နိုင်တော့ဘူးနော်။
နှစ်နာရီအကြာတွင် အထိန်းတော်ကျန်းသည် စူးယွင်အား လက်ဖက်ရည်ခွက်တစ်ခွက် ပေးလိုက်သည်။
"သခင်မလေးစူး ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ကျွန်မမနက်ဖြန်မှ ပြန်လာခဲ့ပါ့မယ်"
စူးယွင်သည်လက်ဖက်ရည်ကို တစ်ကျိုက်တည်းမော့ချလိုက်ရာ သူမနှုတ်ခမ်းထောင့်တွင် ရေစက်အနည်းငယ်ကျန်ရစ်ခဲ့သည်။မည်သည့်ကျင့်ဝတ်ကိုမှဂရုမစိုက်ဘဲ သူမအင်္ကျီလက်ဖြင့်သုတ်ကာမေးလိုက်၏။
"ဒီကိစ္စကဘယ်လောက်တောင်ကြာဦးမှာလဲ"
"ကြာချိန်ကတော့ သခင်မလေးဘယ်လောက် ကောင်းကောင်းသင်ယူနိုင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်"
အထိန်းတော်ကျန်းမှပြန်ဖြေလာသည်။
"ဪ"
စူးယွင်၏မျက်လုံးများမှာ လုံးဝအရှုံးပေးလိုက်သည့် အမူအရာကိုပြသနေသည်။
သူမသာဘယ်တော့မှမှန်မှန်ကန်ကန်မသင်ယူနိုင်ရင် သေတဲ့ထိသင်နေရမှာလား။
အထိန်းတော်ကျန်းသည် စာအုပ်တစ်အုပ်ကိုထုတ်ကာ သူမအားပေးလိုက်သည်။
"ဒါကတော်ဝင်စည်းကမ်းတွေ အားလုံးပါပဲ။သခင်မလေးစူး ကြည့်ရှုပြီးသင်ယူလို့ရပါတယ်"
စူးယွင်သည် ခေါင်းငုံ့လိုက်ကာစကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
အထိန်းတော်ကျန်းသည် ရေစိုနေသောအင်္ကျီလက်ကို ကြည့်ကာမျက်မှောင်ကြုံ့လိုက်သည်။
"သခင်မလေးစူး လက်ဖက်ရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းသောက်ရပါမယ်။ရေစိုတာမျိုး မဖြစ်ပါစေနဲ့။စိုသွားရင်တောင် လက်ကိုင်ပုဝါကိုသုံးပါ။ဒီလိုအင်္ကျီလက်စက မင်းသမီးတစ်ပါးသုံးသင့်တဲ့အရာ မဟုတ်ပါဘူး"
စူးယွင်သည် လေးလေးနက်နက်ခေါင်းငြိမ့်လိုက်ပြီး သူမမျက်နှာတစ်ခုလုံးတွင် ခိုင်မာသောဆုံးဖြတ်ချက်တို့ဖြင့် ပြည့်နှက်နေလေသည်။
"နားလည်ပါပြီ"
"ဒါဆိုရင် ကျွန်မကိုခွင့်ပြုပါဦး"
အထိန်းတော်ကျန်းမှာပြောပြီး ထွက်ခွာသွားတော့သည်။
သူမထွက်သွားသည်နှင့်တစ်ပြိုင်နက် စူးယွင်သည်ချက်ချင်းဆိုသလိုထိုင်ခုံပေါ်လဲကျသွားပြီး စာအုပ်ကိုစားပွဲပေါ်ပြီးစလွယ်ပစ်တင်လိုက်သည်။
"ဘယ်လောက်တောင်အဓိပ္ပာယ်မရှိတာတွေလဲ။ဒီလိုမျိုးအသုံးမဝင်တဲ့အရာတွေကို သင်ယူရတာဘာတွေများထူးဆန်းသွားလို့လဲ"
"နင်အရမ်းပင်ပန်းနေပုံရတယ်"
ရှောက်ချီသည် သူမဘေးရှိထိုင်ခုံလွတ်တွင် ထိုင်လိုက်ပြီး စာအုပ်ကိုအမှုမထားဟန်ဖြင့်လှန်ကြည့်လိုက်သည်။
ပုံများနှင့်စာများ နှစ်မျိုးလုံးပါဝင်လေ၏။
ကြည့်လိုက်မိသည့်သူမမျက်လုံးများပင် ပင်ပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရသည်။
"စူးယွင် နင်ကဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး မင်းသမီးဖြစ်သွားရတာလဲ။နင့်ရဲ့ ရာထူးကလည်း တန်းပြီးမြင့်တက်သွားတာပဲ"
"ပြောရရင်အရှည်ကြီးပဲ"
ရှောက်ချီသည် နောက်ပြောင်သလို ပြောလာသည်။
"အံ့သြစရာမရှိတော့ပါဘူး။နင်ကအမြဲတမ်း ယုံကြည်မှုရှိရှိပြောနေတာ တစ်ကယ်တော့ နင့်မှာကျောထောက်နောက်ခံအကြီးကြီးရှိနေလို့ကိုး။ငါသာဆိုရင်လည်း အာဏာပြမိမှာပဲ"
စူးယွင်သည် သူမအားတစ်ချက်ကြည့်လိုက်ပြီး မျက်စိမှိတ်လိုက်ကာ
"ဒါဆိုငါနင့်ကို ပေးလိုက်မယ်။ရှေ့ဆက်ပြီး ကြိုးစားကြည့်လိုက်"
"ဟားဟားဟား ငါကနောက်နေတာပါ။ငါမယူရဲပါဘူး"
ရှောက်ချီသည် ရယ်မောရင်း သူမလက်ကို စူးယွင်လက်ပေါ် တင်လိုက်သည်။
"အဖွဲ့အစည်းမှာအမြဲရှိနေတဲ့သူက မင်းသားချန်ဖြစ်နေလိမ့်မယ်လို့ ငါတစ်ခါမှမမျှော်လင့်မိခဲ့ဘူး။ဒါက ကောလာဟလတွေနဲ့ လုံးဝမတူတာပဲ"
"နင်ကသာအများကြီးလျှောက်တွေးနေတာ။တစ်ကယ်တော့ သူကသရုပ်ဆောင်ရတာကို အရမ်းကြိုက်တဲ့သူတစ်ယောက်လေ"
ရှောက်ချီ၏မျက်လုံးများမှာ တောက်ပလာပြီး စိတ်အားထက်သန်စွာဖြင့်ရှေ့သို့မှီလိုက်သည်။
"ဪ ဒါနဲ့ငါကြားထားတဲ့ အတင်းအဖျင်းတွေကရှိနေသေးတယ်နော်"
"သူကထူးခြားတဲ့ပုံစံမျိုးမလို့ပါ"
"ငါနားလည်ပါပြီ"
ရှောက်ချီမှ ခေါင်းငြိမ့်လိုက်သည်။
"ဒါပေမယ့် လေးလေးနက်နက်ပြောရရင် သူကနင့်အပေါ်တစ်ကယ်ကို ကောင်းကောင်းဆက်ဆံပါတယ်"
သူမလိုအပ်ချိန်တိုင်း အမြဲရှိနေပေးကာ တစ်ချက်မှ မငြီးငြူခဲ့ပေ။
"ပြောပါဦး နင်တို့နှစ်ယောက် ဘယ်လိုဆုံခဲ့ကြတာလဲ"
"ငါတို့လဲ သိချင်တယ်ဟေ့ သိချင်တယ်"
နောက်ကျမှရောက်လာသည့် ဝမ်လဲ့နှင့်ချန်းရွှေအာတို့တောင် ချက်ချင်းဝိုင်းအုံလာကြသည်။
ထို့နောက် စူးယွင်သည်လည်း သူမနှင့်မင်းသားချန်တို့ မည်သို့တွေ့ဆုံဖြစ်ခဲ့ကြောင်း အတိုချုပ်ပြန်ပြောပြလိုက်၏။
"ငါထင်မထားခဲ့မိဘူး"
ချန်းရွှေအာမှာ ခေါင်းမော့ကြည့်လာပြီး ပြောလိုက်သည်။သူမအကြည့်သည် စူးယွင်၏အကြည့်နှင့်ဆုံသွားသောအခါ အနည်းငယ်စိတ်မသက်မသာဖြစ်သွားရသည်။
"ငါကတမင်ရည်ရွယ်ပြီးပြောခဲ့တာမဟုတ်ပါဘူး။ငါက......မင်းသားချန်က...."
စူးယွင်သည် သူမပုခုံးကိုပုတ်ကာ ပြုံးလိုက်ပြီး
"ငါတို့ကဒီအတိုင်းစကားပြောခဲ့ကြရုံပါပဲ။ငါ နားလည်ပါတယ်"
"စူး......စူးယွင် ငါတောင်းပန်ပါတယ်"
ချန်းရွှေအာသည် ရှေ့တက်လာပြီး သူမလက်များမှာစိုးရိမ်တကြီးဖြင့် အင်္ကျီလက်ကိုလိမ်နေပြီး စိတ်မသက်မသာဖြင့်ပြောလိုက်သည်။
"နင်တို့ရဲ့ဆက်ဆံရေးကို ငါကမသိခဲ့ဘူးလေ တမင်တကာပြောခဲ့တာမဟုတ်ပါဘူး"
"လူကြီးတွေပြောခဲ့သလိုပဲ။မသိတာက အပြစ်မဟုတ်ဘူး ဒါပေမယ့် *ပါးစပ်ကနေ ဒုက္ခရောက်နိုင်တယ်*ဆိုတာကလည်း မှန်တယ်။နင် ကံကောင်းတာက ငါတို့ပဲကြားလိုက်တာမလို့ ခွင့်လွှတ်ပေးလိုက်လို့ရတယ်။ဒါပေမယ့် အခြားသူတစ်ယောက်သာဆို နဉ်ကျင်းရဲ့နားထဲရောက်သွားရင်.....ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာ နင်သိလား"
"ဒီသင်ခန်းစာကို နင်မှတ်ထားပြီး ဒီလိုအမှားမျိုးထပ်မလုပ်တော့ဖို့ ငါမျှော်လင့်တယ်"
ချန်းရွှေအာသည် စူးယွင်မှသူမကိုစိုးရိမ်သောကြောင့်သာပြောနေကြောင်း နားလည်လေသည်။သူမသည် ခေါင်းငုံ့လိုက်ကာ အလေးအနက်ပြန်ဖြေလိုက်၏။
"ကျေးဇူးတင်ပါတယ်"
ကိစ္စသည်မကြာမီမှာပင်ပြေလည်သွားပြီး ထိုအကြောင်းအရာကိုလုံးဝမေ့ပစ်လိုက်ကြတော့သည်။စူးယွင်သည် အပြင်ဘက်ရှိကောင်းကင်ကိုကြည့်လိုက်ရာ အနည်းငယ်မှောင်နေပြီပင်။
"နင်တို့တွေအခု ပြန်ကြတော့မှာလား"
မွေးနေ့ပွဲပြီးဆုံးသွားပြီဖြစ်ပြီး အဖွဲ့အစည်း၏တစ်နှစ်တာအကြီးမားဆုံးပွဲသည်လည်း ချောမွေ့စွာပြီးဆုံးသွားပြီဖြစ်သည်။လုပ်စရာများသည် ဖြည်းဖြည်းချင်းလျော့နည်းလာနေပြီး ရုန်စာမှာသူတို့အားနောက်ရက်အနည်းငယ်ထိအနားယူခိုင်းရန် စီစဉ်ထားပုံရ၏။
ရှောက်ချီမှ မေးလာသည်။
"ငါတို့ကအပြင်ထွက်ပြီး တစ်ခုခုစားဖို့ စဉ်းစားထားတယ်။နင်လိုက်ခဲ့မလား"
"ကောင်းပြီလေ....."
"နင့်ရဲ့ဓလေ့ထုံးတမ်းသင်ခန်းစာတွေက မပြီးသေးဘူး။နင်ကအမှီလိုက်ဖို့ပဲ အာရုံစိုက်သင့်တယ်"
ဝမ်လဲ့မှာပြောပြီးသည်နှင့် စာအုပ်ကိုယူကာ စူးယွင်၏ပေါင်ပေါ်တင်လိုက်သည်။
"ဒါကစာကြည့်တိုက်ရဲ့ရတနာတစ်ခုပဲ။ဘယ်သူမဆို ထိတွေ့လို့ရမယ့်အရာမဟုတ်ဘူး"
"ဒါဆိုရင် နင်ကပဲ ဒီ*ကံကောင်းခြင်း*ကို ယူသွားလိုက်ပါ"
စူးယွင်မှာထိုသို့ပြောပြီး စာအုပ်ကိုဝမ်လဲ့၏ လက်ထဲသို့တွန်းပို့လိုက်သည်။
ဝမ်လဲ့သည် လန့်ဖျပ်သွားပြီး စာအုပ်ကို မီးလောင်နေသည့်အတိုင်း တင်းတင်းဆုပ်ကိုင်လိုက်၏။သူမသည် စာအုပ်ကိုစူးယွင်၏ပေါင်ပေါ်သို့ အမြန်ပြန်ပစ်ချလိုက်သည်။
"ငါကဒီလိုပေါ့ပေါ့တန်တန် ယူလိုက်လို့မရဘူး။နင်ကမင်းသားကိုယ်တိုင်တောင်းဆိုပြီး ဘုရင်မင်းမြတ်ကနေ လက်ထပ်ခွင့်ပေးလိုက်တဲ့သူနော်။သတင်းထွက်သွားရင် ဘုရင်မင်းမြတ်ရဲ့အမိန့်ကိုမနာခံဘူးလို့ ယူဆကြလိမ့်မယ်။အဲဒါကသေရေးရှင်ရေး ကိစ္စပဲ"
စူးယွင်သည် နှုတ်ခမ်းများအားတင်းတင်းစေ့လိုက်သည်။
"ငါသိပါတယ်။ဒါပေမယ့် ဒီစည်းကမ်းတွေက အရာရာကိုခက်ခဲအောင်လုပ်ဖို့ပဲ ရည်ရွယ်နေတာလေ"
သူမသည် ခေါင်းလှည့်ကာ စာအုပ်ကိုစားပွဲထက်ပစ်တင်လိုက်သည်။
"ထားလိုက်ပါတော့။အပြင်ထွက် လမ်းလျှောက်ကြရအောင်။ဒီအဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို ငါနောက်မှရှင်းလိုက်မယ်"
"ဒါပေမယ့်....."
စူးယွင်သည် ဝမ်လဲ့၏လက်ကိုဆွဲကာ တံခါးဆီသို့ခေါ်သွားလိုက်သည်။
"ဒါပေမယ့်တွေမရှိဘူး။အခု သွားကြစို့"
ယွဲ့မန်လော်....
"ငါတို့ကဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"
စူးယွင်မှမေးလိုက်သည်။
"ဒီနေ့အထက်တန်းပြည့်တန်ဆာလေးက လက်ထပ်တော့မှာမလို့ လူအုပ်ကြီးလိုက်လာကြည့်ကြမှာလေ"
ရှောက်ချီမှာ တိုးတိုးလေးပြောရင်း ရယ်မောလိုက်သည်။
"ဒီကအထက်တန်းပြည့်တန်ဆာလေးက ဩချရလောက်အောင်လှပတယ်လို့ကြားဖူးတယ်။မိုင်တစ်ရာအတွင်းက ယောက်ျားတွေအားလုံးကိုဆွဲဆောင်နိုင်တယ်တဲ့။ဒီလိုမျိုးပွဲအကြီးကြီးရှိနေမှတော့ ငါတို့ကလည်းပွဲကြည့်ဖို့လာရမှာပေါ့ဟ"
ချန်းရွှေအာသည် မျက်မှောင်ကြုံ့လိုက်ပြီးချေပလာသည်။
"လက်မထပ်ရသေးတဲ့အမျိုးသမီးတွေအနေနဲ့ ဒီလိုနေရာမျိုးကိုလာတာကငါတို့ရဲ့ဂုဏ်သတင်းကို ထိခိုက်စေနိုင်တယ်နော်"
"အိုး တောင်းပန်ပါတယ်"
ရှောက်ချီသည်ကိုယ်ဟန်ဖြင့်ပယ်ချလာ၏။
"လူအများကြီးပဲ ဒီကိုလာကြတာကျ သူတို့ရဲ့ဂုဏ်သတင်းကဘာမှမဖြစ်သွားပါဘူး"
မဟာကျိုးမင်းဆက်သည် အမျိုးသမီးများ ပြည့်တန်ဆာအိမ်များထဲသို့သွားရောက်ခြင်းကို မဆန့်ကျင်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူတို့သည်ဂုဏ်ရှိန်ကြီးမားသော အမျိုးသမီးများဖြစ်ကြ၍ ထိုနေရာတွင်သာမြင်တွေ့ရပါက ကောလာဟလများထွက်ပေါ်လာမည်မှာ ရှောင်လွှဲ၍မရပေ။ရှောက်ချီသည် ဆက်လက်စည်းရုံးလာ၏။
"လာစမ်းပါဟယ် ငါကအပေါ်ထပ်မှာ သီးသန့်အခန်းကိုကြိုမှာထားပြီးပြီ။အရမ်းကို သီးသန့်ကျပါတယ် ဘာပြဿနာမှရှိလာမှာမဟုတ်ပါဘူး"
စူးယွင်သည် လှပသောသူများအားကြည့်ရသည်ကို နှစ်သက်ပြီး ဤကဲ့သို့သောပွဲမျိုးကို စိတ်ဝင်စားလေသည်။
"ငါတော့တော်တော်လေးစိတ်ဝင်စားတာမလို့ သွားကြည့်ချင်တယ်"
ဝမ်လဲ့သည်အသေးစိတ်အချက်အလက် လေးများကို ဂရုစိုက်သူမဟုတ်သလို ကောလာဟလများကိုလည်း ဂရုစိုက်တတ်သူမဟုတ်ပေ။သူမသည်လည်း သဘောတူလာ၏။
"ငါလဲကြည့်လို့ရတယ်"
အမျိုးသမီးကျောက်၏ခင်ပွန်းသည်လဲ သားသမီးရနေပြီဖြစ်သောကြောင့် ထိုကိစ္စမျိုးကို ပို၍ပင်ဂရုမစိုက်တော့ပေ။
လူတိုင်းသဘောတူကြောင်း မြင်သောအခါ ချန်းရွှေအာသည်လည်း ကိုယ့်ကိုယ်ကိုယ် သတ္တိရှိအောင်လုပ်ကာ အတွင်းသို့လိုက်သွားလိုက်သည်။
ရှောက်ချီသည် စားပွဲထိုးနောက်မှလိုက်သွားပြီး သီးသန့်အခန်းတံခါးသို့ရောက်ခါနီးတွင် တစ်စုံတစ်ဦးမှာသူတို့ကိုလှမ်းခေါ်လာ၏။