အခန်း (၁၂၈+၁၂၉)
Vol. 13 Ch. 128+129
ဒေါက် ဒေါက် ဒေါက်*
စူးယွင်သည်ကောင်တာကိုမှီရင်း လက်ဖြင့် စားပွဲပေါ်သို့ခေါက်လိုက်သည်။
"မင်းဘာလို့ ညဉ့်နက်တဲ့အထိမအိပ်သေးတာလဲ"
ရှောင်းယွင်၏မျက်လုံးများတွင် မျက်ကွင်းညိုများဖြင့်ရစ်ဝိုင်းနေပြီး လက်တစ်ဖက်ဖြင့်ခေါင်းကိုထောက်ထားကာ မည်သည့်အချိန်မဆို အိပ်ပျော်သွားနိုင်သည့် ပုံစံမျိုးရှိနေသည်။
သူသည် မျက်လုံးများကိုပွတ်သပ်လိုက်ပြီး သူ့ရှေ့တွင်မည်သူရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါတွင်တော့ ချက်ချင်းဆိုသလိုထရပ်လိုက်သည်။
"ဆိုင်ရှင်စူး ပြန်လာပြီပဲ"
"အင်း"
စူးယွင်သည်ဆိုင်အတွင်းထဲလျှောက်လာရာ ရှောင်းယွင်လည်း အမြန်လိုက်လာလေသည်။
"မနေ့ညက မင်းဘာတွေလုပ်နေတာလဲ။ဘာလို့ ဒီလောက်တောင်ပင်ပန်းနေရတာလဲ"
သူမမှတ်မိသလောက်ဆိုလျှင် ရှောင်းယွင်သည် ပုံမှန်အားဖြင့်အင်အားအပြည့်ရှိပြီး ပင်ပန်းနွမ်းနယ်သည့်လက္ခဏာကို ပြသရန်မဖြစ်နိုင်ပေ။
"အစ်မဟယ်က ဒီရက်ပိုင်းအလုပ်သမားတွေ ခေါ်နေတယ်လေ။အလုပ်သင်တွေလည်း ရှာနေတယ်။ကျွန်တော်က ဘာမှလုပ်စရာမရှိဘူးထင်လို့ အစ်မဟယ်နောက်လိုက်ပြီး ကျွမ်းကျင်မှုအချို့ကိုသင်ယူခဲ့တာ"
သူသည် ခေါင်းအားကုတ်ရင်း အနေရခက်သောအပြုံးဖြင့် ပြုံးပြလာသည်။
"ကျွန်တော်က အရည်အချင်းသိပ်မရှိတော့ မလိုက်နိုင်ဘူးလေ။ဒါကြောင့် နည်းနည်း ကြာသွားတာ"
"နောက်တစ်ခါ ကျွန်တော်ဘယ်တော့မှထပ်မငိုက်တော့ပါဘူး"
စူးယွင်သည် အသေးအမွှားကိစ္စများကို စိတ်ပူတတ်သူမဟုတ်ပေ။ထို့အပြင် ပြီးခဲ့သည့်အဖြစ်အပျက်များနောက်ပိုင်း သူမသည် လတ်တလော၌အလုပ်များကို လက်လွှတ်ထားပြီး ရှောင်းယွင်နှင့်ရှောင်ဟယ်တို့ကိုသာ အများစုအားကိုင်တွယ်ခိုင်းထားသည်။သူမသည် သူတို့ကိုကျေးဇူးတင်နေဆဲပင်။
"ဝမ်ကောကလူအင်အားရှိပါတယ်။တစ်ကယ်လို့ မင်းပင်ပန်းနေတယ်ဆိုရင် အနားယူဖို့ရက်နည်းနည်းလောက် ခွင့်ယူလို့ရတယ်လေ။ငါကမင်းကို အနားမပေးဘဲအလုပ်ခိုင်းနေတဲ့ ရက်စက်တဲ့သူဌေးတစ်ယောက်မဟုတ်ပါဘူး"
ရှောင်းယွင်သည် စူးယွင်၏စရိုက်ကို သိသည်မှာ သေချာသည်။သူသာအနားယူဖို့ လိုအပ်ကြောင်း ပြောလိုက်ပါက သူမသည်တစ်ခွန်းမှ မပြောဘဲခွင့်ပြုပေးမည်ကို သူသိ၏။သို့သော် သူမကိုတွေ့လိုက်ရပြီး အခုမှ.....
သူစကားမပြောသည်ကို မြင်သောအခါ စူးယွင်သည် သူ၏ဆိုလိုရင်းကို နားလည်လိုက်သည်။
"မင်းကဘာလို့ ရုတ်တရက်ကြီးချက်ပြုတ်ရတာကို စိတ်ဝင်စားသွားတာလဲ"
သူမမှတ်မိသလောက်ဆိုလျှင် ရှောင်းယွင်သည် ဘာမဆိုစားတတ်သူဖြစ်သည်။ချက်ပြုတ်သည့်အပေါ်မှာ အချိန်ပေးမည့်အစား ပေါင်မုန့်တစ်လုံးသာဝယ်စားပြီး ဖြေရှင်းမည့်သူပင်။
"အစ်မဟယ်က ပြောတယ်။အရသာရှိတဲ့ မုန့်တစ်ခုခုလုပ်တာက.....လုပ်တာက....."
ရှောင်းယွင်သည် စာသိပ်မသင်ဖူးသူဖြစ်သောကြောင့် မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။
သူ့မျက်နှာသည်ရဲလာပြီး ပြတင်းပေါက်ထံငေးကြည့်ရင်း မျက်နှာလွှဲလိုက်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အစ်မဟယ်ပြောတာပဲလေ"
"ငါ နားလည်ပါပြီ"
အတွေ့အကြုံရှိသူဖြစ်သည့် စူးယွင်သည်သူ့ပုခုံးကိုပုတ်ကာ စနောက်လိုက်သည်။
"မင်းကတစ်ယောက်ယောက်ကို သဘောကျနေတယ် မဟုတ်လား"
"သူက ဘယ်မိသားစုကလဲ။မင်းအတွက် သွားပြီးလက်ထပ်ခွင့် တောင်းပေးလို့ရတယ်နော်"
ရှောင်းယွင်တွင် မိဘများမရှိတော့ဘဲ စူးယွင်သည် သူ့ကိုမောင်လေးတစ်ယောက်လို စစ်မှန်စွာသဘောထားခဲ့သည်။သူ့အတွက်လက်ထပ်ခွင့်တောင်းပေးရန် ကမ်းလှမ်းခြင်းသည် လုံးဝကိုစည်းကမ်းနှင့် ကိုက်ညီလေ၏။
"မ.....မဟုတ်ပါဘူး......ဘယ်သူမှ မရှိပါဘူး.....အဲဒီလို မပြောပါနဲ့"
ရှောင်းယွင်သည် မျက်လုံးထဲမှခံစားချက်များကို ဖုံးကွယ်ရန်အတွက် ခေါင်းကိုငုံ့ချကာ အလျင်အမြန်မျက်နှာလွှဲလိုက်သည်။
သူရှက်နေသည်ကို မြင်သောအခါ စူးယွင်သည် ဆက်၍ဖိအားမပေးဘဲ ပြုံးလိုက်၏။
"ငါကဘာမှထပ်မပြောတော့ပါဘူး"
ရှောင်းယွင်သည် သူမကိုခိုးကြည့်လိုက်သော်လည်း စူးယွင်သတိမထားမိအောင် အမြန်ပင်မျက်စိလွှဲလိုက်သည်။
စူးယွင်သည် သူ့ကိုခဏနားခွင့်ပေးလိုက်ပြီးနောက် ဆိုင်ခွဲအချို့ကိုကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့၏။လျှောက်ကြည့်လိုက်ကာ ဆိုင်တိုင်းမှစီးပွားရေးကောင်းနေသည်ကိုမြင်သည်နှင့် သူမမှာအလွန်ပျော်ရွှင်သွားပြီး လူတိုင်းကိုအလုပ်စောစောဆင်းခွင့် ပေးလိုက်သည်။
သူမသည်စောင်ပါးလေးခြုံကာ အချိန်အတော်ကြာမသုံးဖြစ်ခဲ့သောလှုပ်ကုလားထိုင်ပေါ်လှဲပြီး အသာလှုပ်ယမ်းနေလိုက်၏။
"ဝမ်ကောကို မရောက်တာအတော်ကြာပြီ။ငါ ခုနကဆိုင်တွေကို သွားကြည့်တုန်း ငါမသိတဲ့လူတွေတောင် အတော်များများရှိနေတယ်"
ရှောင်းယွင်မှ ပြန်ဖြေလိုက်သည်။
"အစ်မကအဖွဲ့အစည်းမှာ ရာထူးတက်သွားပြီလေ။မိဖုရားကြီးကလည်း အစ်မကို အရမ်းချီးကျူးနေတာ။အခုဆိုရင် ချုံဆမ်းက မြို့တော်တစ်ခုလုံးမှာမရှိမဖြစ်ဝတ်စုံ ဖြစ်နေပြီ။ဝမ်ကောသာလူတွေထပ်မခန့်ရင်အမှီမလုပ်နိုင်တော့ဘူး"
မွေးနေ့ပွဲပြီးနောက်တွင် နန်းတော်၏ဂုဏ်ကျက်သရေကိုဖော်ထုတ်လိုသော အဖွဲ့အစည်းသည် ထိုည၌ဧကရာဇ်နှင့်မိဖုရားကြီးတို့ စူးယွင်အားချီးကျူးခဲ့ပုံကို ကြေညာခဲ့သည်။လမ်းမများတွင် ကြော်ငြာရန်အတွက် လူများကိုငှားရမ်းကာ ပိုက်ဆံပင် သုံးစွဲခဲ့ကြ၏။
ရှောင်းယွင်သည် စာရင်းစာအုပ်ကိုယူလာပြီး သူမထံပေးလိုက်သည်။
"ဒီရက်ပိုင်းက ဝင်ငွေကိုကြည့်ပါဦး။အဆပေါင်းများစွာ တိုးလာတာပဲ"
စူးယွင်သည် ဟိုဟိုဒီဒီလှန်ကြည့်လိုက်သည်။လက်ရေးသည် သပ်ရပ်ပြီးမှတ်တမ်းများမှာ ရှင်းလင်းကာအသေးစိတ်ကျလေ၏။ငွေကြေးတိုင်းကို စာရင်းသွင်းထားပြီး အမှားအယွင်းအတွက်နေရာမရှိပေ။
"တစ်ရက်ခြားလိုက်တာနဲ့တင် မင်းရဲ့စာရင်းကိုင်ကျွမ်းကျင်မှုကိုငါအမှီလိုက်နိုင်မှာမဟုတ်တော့ဘူး"
"အိမ်တော်ထိန်းက သေသေချာချာသင်ပေးခဲ့တာပါ"
ကောင်းသောသင်ကြားမှုသည် ဂရုတစိုက် သင်ယူရန်လိုအပ်ပြီး သူသည်လည်းအားထုတ်မှုများစွာလုပ်ခဲ့သည်မှာ သေချာသည်။
သူမသည် ပြုံးပြီးပြောလိုက်၏။
"မင်းလဲ ကြိုးစားခဲ့ရတာပဲ"
ရှောင်းယွင်သည် ခေါင်းကုတ်လိုက်ပြီး ကျေနပ်ပြုံးကြီးဖြင့် ရယ်မောလိုက်သည်။စူးယွင်သည် အပြင်ဘက်ကောင်းကင်ကို ကြည့်လိုက်ပြီး အချိန်တန်ပြီဟုခံစားလိုက်ရ၏။သူမသည် လှုပ်ကုလားထိုင်ပေါ်မှ ထလိုက်သည်။
"ရှောင်ဟယ်ကိုသွားရှာပြီး ထမင်းအတူစားရအောင်"
ရှောင်းယွင်မှာ ပြန်မဖြေခင် ခဏတာရပ်သွားလေ၏။
"ကောင်းပြီ"
တံခါးမှနေအသံတစ်သံ ထွက်လာလေသည်။
"ဘယ်သူက ငါ့ကိုရှာနေတာလဲ"
ရှောင်ဟယ်သည် အစားအစာဘူးကို သယ်လာကာ ဖြည်းဖြည်းချင်းလျှောက်ဝင်လာသည်။
"ဝမ်ကောရဲ့ဆိုင်ရှင် ပြန်လာပြီလို့အပြင်မှာ ကြားလိုက်ရတာနဲ့ ဆိုင်ကိုအမြန်ပိတ်ပြီး သခင်မလေးအတွက်အစားအစာ ယူလာတာ"
စူးယွင်သည် သက်ပြင်းချဟန်ဆောင်လိုက်သည်။
"ခြေတစ်လှမ်းနောက်ကျသွားလိမ့်မယ်လို့ မထင်ထားဘူး"
"သခင်မလေးက နောက်မကျပါဘူး အချိန်ကိုက်ပါပဲ"
ရှောင်ဟယ်သည် ရှောင်းယွင်ယူလာသော စားပွဲပေါ်တွင်အစားအစာဘူးကို တင်လိုက်ပြီး တစ်ထပ်ချင်းစီဖွင့်လိုက်သည်။
"ဟင်းပွဲတွေအကုန်လုံး နွေးနွေးလေးရှိနေသေးတယ်"
အပူလှိုင်းတစ်ခုသည်သူတို့ဆီ ရောက်ရှိလာပြီး နှစ်လိုဖွယ်ကောင်းသောရနံ့တစ်ခုပါလာသည်။စူးယွင်သည် ယဉ်ကျေးမနေတော့ဘဲ တူတစ်စုံအားကောက်ယူကာ ချက်ချင်းစားတော့၏။
ချိုမြိန်ပြီးအဆီမပါသောဟင်းရည်သည် သူမပါးစပ်ထဲတွင် ပေါက်ကွဲထွက်သွားသည်။သူမသည် ခေါင်းငြိမ့်လိုက်ပြီး လက်မထောင်ပြလိုက်၏။
"အရသာက အတူတူပဲ စားလို့ကောင်းတယ်"
"ကောင်းတယ်ဆိုရင် ပိုစားပါ။သခင်မလေးနည်းနည်း ပိန်သွားတယ်"
"ရပါတယ်"
စူးယွင်သည် ခါးပတ်လည်ရှိအဝတ်ကို ဆွဲလိုက်သည်။
"နည်းနည်းပဲ ပိန်သွားတာပါ"
"သခင်မလေးက သိသိသာသာကိုပိန်နေတာပါ။အရိုးတွေတောင် ထွက်လာတော့မယ် ကြည့်ပါဦး"
စူးယွင်သည် ပိန်သွယ်သူဖြစ်ပြီး မွေးနေ့ပွဲအတွက် လတ်တလောအချိန်ပိုလုပ်ခဲ့ရသည့်အတွက် သူမ၏ကျန်ရှိနေသော အသားလေးပင်အရိုးများကို မနည်းထိန်းထားရသည်။
ရှောင်ဟယ်သည် သက်ပြင်းချလိုက်ပြီး
"နောက်ရက်တွေမှာ ခဏတော့သခင်မလေး ဒီမှာပဲနေလိုက်ပါ။ကျွန်မ နေ့တိုင်း ချက်ပြုတ်ပေးပါ့မယ်။သခင်မလေး ကိုယ်အလေးချိန် ပြန်တက်လာအောင်လုပ်ရမယ်"
သူမသည် အထူးတလည်စစ်ဆေးရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး နဉ်ကျင်း၏ပုံရိပ်ကိုမတွေ့ရသောကြောင့် သူအလုပ်ရှုပ်နေသည်ဟုယူဆကာ စူးယွင်သည်ဝမ်ကော၌နေနိုင်သည်ဟု ထင်လိုက်သည်။
စူးယွင်မှာ ပြုံးလိုက်မိ၏။
"ကောင်းပါပြီ အခြေအနေပေါ်တော့မူတည်တာပေါ့။ဒါပေမယ့် ငါလက်ထပ်တဲ့အခါနင့်ကို ထမင်းချက်အဖြစ်ငှားမယ်"
"လက်ထပ်မယ်ဟုတ်လား"
ရှောင်ဟယ်၏မျက်လုံးများမှာ ပြူးကျယ်လာပြီး သူမကိုင်ထားသောတူများသည် လေထဲတွင်ရပ်တန့်သွားကာ အောက်ကိုပင်မချနိုင်တော့ပေ။
အနီးနားတွင်ရပ်နေသော ရှောင်းယွင်လည်း တောင့်တင်းသွားပြီး သူ၏စိုးထိတ်သွားသောမျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်လေးများပါလာလေသည်။
ရှောင်ဟယ်သည် မယုံကြည်နိုင်စွာဖြင့် သူမနားများကို ပွတ်သပ်ပြီးထပ်မေးလိုက်၏။
"ကျွန်မလတ်တလော အရမ်းအလုပ်များနေတာ။ကျွန်မ နားတွေချို့ယွင်းနေတာပဲ ဖြစ်ရမယ်"
စူးယွင်မှ ပြန်ဖြေလိုက်သည်။
"နင်နားမကြားမှားပါဘူး။ငါလက်ထပ်တော့မယ်။လာမယ့်နှစ်မတ်လမှာ"
သူမမှာ အံ့အားသင့်သွားပြီး ပြောလာသည်။
"ဒီလောက် မြန်တာလား။နည်းနည်း အလျင်စလို မဖြစ်ဘူးလား"
"မဟုတ်ဘူး။ငါတော့ အချိန်ကိုက်ပဲလို့ထင်တယ်"
နွေဦးကာလအစောပိုင်းပန်းများမှနေရာတိုင်း၌ ပွင့်လန်းနေချိန်သည်လက်ထပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။
ရှောင်ဟယ်သည် သူမတူများကိုချလိုက်ပြီး မျက်မှောင်ကြုံ့ကာ နဉ်ကျင်းကိုအပြစ်တင်သည့်လေသံဖြင့်
"သခင်မလေး သခင်လေးနဥ်ကသခင်မလေးရဲ့ရာထူးကို အသိအမှတ်ပြုထားပေမယ့် တရားဝင်ထိမ်းမြားခွင့်မတောင်းရသေးဘူး။ဒီလောက်ထိ မြန်မြန်သဘောတူလိုက်တာက အရမ်းအလျင်စလိုဖြစ်လွန်းတယ်"
တိတ်ဆိတ်နေခဲ့သော ရှောင်းယွင်ပင် နောက်ဆုံးတွင် စကားပြောလာသည်။
"ကျွန်တော်လည်း ဒီချဉ်းကပ်မှုက အကောင်းဆုံး မဟုတ်ဘူးလို့ထင်ပါတယ်"
သူတို့သည် အခြေအနေအပြည့်အစုံကိုမသိကြသောကြောင့် စိုးရိမ်ပူပန်ကြခြင်းသည် သာမန်ပင်။
စူးယွင်သည်ပြုံးလိုက်ပြီးနောက် နန်းတော်တွင်ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုရှင်းပြလိုက်သည်။
ရှောင်းယွင်သည် ခေါင်းငုံ့ထားပြီးသူ၏ ပန်းကန်ထဲမှ ထမင်းကိုတူများဖြင့် ထိုးဆွနေတော့၏။
ဒါဆို သူကမင်းသားပေါ့။
ရှောင်ဟယ်သည် သူမနားရှိလူ၏ စိတ်ဓာတ်ကျနေသော ခံစားချက်ကို သိရှိနိုင်သော်လည်း မည်သို့ဖြေရှင်းရမည် သို့မဟုတ် မည်သို့ပြောရမည်ကို မသိပေ။သူမသည် မသိဟန်ဆောင်ကာပင် ပြုံး၍ပြောလိုက်သည်။
"ဂုဏ်ပြုပါတယ် သခင်မလေး"
"ကျေးဇူးပဲ"
ရှောင်းယွင်သည် မျက်တောင်ခတ်လိုက်ပြီး သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုများကို ပျော်ရွှင်သောအမူအရာဖြင့် အစားထိုးလိုက်သည်။
"ကျွန်တော်လည်း ဂုဏ်ပြုပါတယ် သခင်မလေး"
"ကျေးဇူးပါပဲ"
စူးယွင်မှာ ပြုံးလိုက်၏။
သူသည်အနည်းငယ်မှင်တက်သွားမိသလို ခံစားလိုက်ရသော်လည်း အနည်းငယ်မနာလိုဖြစ်မိဆဲပင်။သူသည်ထိုအခိုက်အတန့်ကို ပို၍ကြာကြာဆက်ရှိစေချင်သော်လည်း ထိုနေရာမှအမြန်ဆုံးထွက်ပြေးချင်နေမိပြန်သည်။
ရှောင်းယွင်သည် နှုတ်ခမ်းကိုဖိကိုက်ကာ မေးလိုက်၏။
"ကျွန်တော် လတ်တလောအစ်မဟယ်ဆီကနေ ချက်ပြုတ်နည်းတွေသင်ယူနေတာမလို့ မင်္ဂလာဧည့်ခံပွဲမှာ ထမင်းချက်အကူအနေနဲ့ကူညီပေးလို့ရမလား"
နောက်ဆုံးစကားလုံးသုံးလုံးအား စမ်းသပ်သည့်အနေဖြင့် သို့မဟုတ် တောင်းဆိုချက်ကဲ့သို့လေသံတိုးတိုးဖြင့် ပြောလိုက်သည်။စူးယွင်သည် သိပ်စဉ်းစားမနေဘဲ သူမအပြုံးသည် ပို၍ပင်ကျယ်ပြန့်လာ၏။
"ရတာပေါ့။မင်းတို့အားလုံး ပျော်ရွှင်မှုကို ခံစားနိုင်အောင် ငါစာအိတ်နီကြီးပေးမယ်"
သူသည် သူ့အင်္ကျီလက်စကိုဆွဲလိုက်ပြီး ပြောလာသည်။
"ကျွန်တော် ကြိုးစားပြီးသင်ယူပါ့မယ်"
သူမအတွက် ချက်ပြုတ်ပေးနိုင်လောက်သည်ထိ အရည်အချင်းမရှိသောကြောင့် ဤအစီအစဉ်သည်ပင် သိပ်မဆိုးပါဟုသူတွေးလိုက်သည်။ဤသည်ကို သူ၏ပံ့ပိုးမှုအဖြစ် သတ်မှတ်နိုင်သေး၏။
ထမင်းစားပြီးသည်ထိ နဉ်ကျင်းသည်သူမကို လာမရှာသေးသောကြောင့် ရှောင်ဟယ်၏အတင်းအကြပ်တိုက်တွန်းမှုအောက်တွင် သူမသည်ဝမ်ကော၌တစ်ညနေခဲ့သည်။
ရင်းနှီးပြီးသားအခန်းသို့ ပြန်ရောက်သောအခါ စူးယွင်သည်လွမ်းဆွတ်မှုကို ခံစားလိုက်ရ၏။
သူမဤနေရာကို ပထမဆုံးရောက်လာစဉ်တွင် တစ်ယောက်တည်းသာဖြစ်သည်။ယခုတော့ ချစ်သူရော သူငယ်ချင်းတွေပါ ရှိနေပြီပင်။
တစ်ကယ်ကံကောင်းတယ်လို့ ခံစားရတယ်။
"ယွင်အာ"
နဉ်ကျင်းသည် လေနှင့်နှင်းများကိုဖြတ်၍ ဝမ်ကောထဲသို့ လျှောက်ဝင်လာသည်။
သူသည် မနေ့ကနှင့်တူညီသောအဝတ်အစားများကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ညလုံးပေါက်ပြန်မအိပ်ရသေးသည့်ပုံစံမျိုးပေါ်နေ၏။
"ရှင် ပင်ပန်းနေပြီလား"
စူးယွင်သည် သူ့အတွက်ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။
"မနေ့ညက လုံးဝမအိပ်လိုက်ရဘူးလား"
သူသည်မနေ့ညတွင် ခုံပေါ်၌သာအဖြစ်မှီအိပ်ခဲ့ပုံကိုသတိရလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ခဏလေးပဲ အိပ်ခဲ့ရတာ"
နယ်စပ်တွင်ရုတ်တရက်ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး သာမန်ပြည်သူများသည်ဆင်းရဲဒုက္ခ ရောက်နေကြသည်။သူသည် စစ်တပ်ကို ဦးဆောင်ရန် မူလကငြင်းဆန်ခဲ့သော်လည်း မကြာမီတွင်ဧကရာဇ်သည် စူးယွင်ကို အကြောင်းပြချက်အဖြစ်သုံးကာ အခြေအနေသည်ပြင်းထန်၍ မဖြေရှင်းပါက မင်္ဂလာဆောင်ရန်အတွက် ငွေကြေးများစုဆောင်းနိုင်မည်မဟုတ်ကြောင်း ပြောခဲ့၏။
မင်းသားအိမ်တော်သည် ချမ်းသာကြွယ်ဝပြီး မင်္ဂလာပွဲကုန်ကျစရိတ်များကို ကာမိနိုင်သော်လည်း သူသည်သူမကိုအကောင်းဆုံးများသာ ပေးချင်လေသည်။
သူသည်လူတိုင်းအားမနာလိုဖြစ်စေချင်၏။
စူးယွင်သည် သူမအနားယူခဲ့သည့်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"ရှင်အထဲကိုသွားပြီး ခဏလောက်နားလိုက်ပါလား"
"မလိုပါဘူး"
နဉ်ကျင်းသည် ရေနွေးခွက်အားယူလိုက်သည်။
"ဒါကမှ ကိုယ့်ကိုနိုးကြားနေစေမှာ"
သူမသည် ခပ်ရွဲ့ရွဲ့ဖြင့် ရေနွေးခွက်ကိုဆွဲယူကာ ထပ်ဖြည့်ပေးလိုက်သည်။
"ဒါဆိုရင်လဲ ပိုသောက်ပါ။မလောက်ရင် ကျွန်မပြန်ဖြည့်ပေးမယ်။ဒီညရှင်မအိပ်နိုင်အောင် ကျွန်မသေချာလုပ်ပေးမယ်"
"စားပွဲပေါ်ကလက်ဖက်ရည်တွေ အကုန်မသောက်မချင်း ကျွန်မရှင့်ကိုအိပ်ခွင့်မပေးဘူး"
သူမ၏စူးရှသော အကြည့်အောက်တွင် နဉ်ကျင်းသည် ဆက်သောက်နေခဲ့ပြီး ရေနွေးအားအပြီးသတ်လိုက်သည်နှင့် သူမကိုတုံ့ပြန်ခွင့်မပေးဘဲ ချက်ချင်းပြောလိုက်သည်။
"နောက်နှစ်ရက်နေရင် ကိုယ်နယ်စပ်ကိုသွားတော့မယ်"
ရေနွေးခွက်အားလှမ်းယူလာသော လက်သည် ရပ်တန့်သွားသည်။စူးယွင်သည် ဂရုမထားဟန်လေသံဖြင့် မေးလိုက်၏။
"ဘယ်လောက်ကြာမှာလဲ"
"မသေချာဘူး။ဒါပေမယ့် မင်္ဂလာပွဲမတိုင်ခင်တော့ ကိုယ်သေချာပေါက်ပြန်လာမယ်"
နဉ်ကျင်းသည် သူမကိုသူ့လက်ထဲဆွဲသွင်းလိုက်ပြီး သူမနှုတ်ခမ်းထောင့်၌ အနမ်းတစ်ခုပေးလိုက်သည်။
"မင်္ဂလာဦးညကို မလွတ်ချင်ဘူး"
စူးယွင်သည် ရှက်ရွံ့သွားသောမျက်နှာဖြင့် သူ့ရင်ဘတ်ကိုအသာရိုက်လိုက်သည်။
"ရှင်ကလေ အတည်အတံ့ပြောလို့မရဘူးလား"
သူသည်သူမနားရွက်ကို အသာညှစ်လိုက်ပြီး နွေးထွေးသောသူ့အသက်ရှူသံသည် သူမမျက်နှာအား ထိခတ်လာသည်။
"အတည်မဟုတ်ဘူးလား။ယွင်အာ သဘောကျတယ်လို့ ထင်တာပဲ"
"ပေါက်ကရတွေ ဆက်မပြောပါနဲ့"
စူးယွင်သည် သက်ပြင်းချလိုက်ပြီး သူ့အားမကြည့်ဘဲနေလိုက်သည်။
နဉ်ကျင်းသည် သူ့လက်ထဲမှမျက်နှာနီမြန်းနေသောမိန်းကလေးအားကြည့်ပြီး မရယ်မိဘဲမနေနိုင်တော့ရာ ကိုယ့်ကိုယ်ကိုယ်မတားဆီးနိုင်မီ သူမကိုနောက်ထပ်အနမ်းတစ်ပွင့်ပေးလိုက်၏။
စူးယွင်သည် အနည်းငယ်ပူနွေးနေသော သူ့လက်မောင်းကို ညှစ်လိုက်ပြီးစိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"အန္တရာယ်တော့ မရှိဘူးမလား"
"မရှိပါဘူး။ကိုယ်မရောက်ဖူးတဲ့ စစ်မြေပြင်ဆိုတာ မရှိဘူး။ဒီတစ်ခုက တစ်ကယ်ကိုသေးသေးလေး အရမ်းကိုသာမန်ကျတယ်"
သူသည် သူမလက်ကိုသူ့လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းများယှက်ကိုင်လိုက်သည်။
"ဒါကကိုယ်တို့မင်္ဂလာပွဲအတွက် ကံကောင်းခြင်းတွေ ထပ်တိုးဖို့ပဲလေ။ဒါမှပဲကိုယ်တို့က အသက်ကြီးတဲ့အထိ ချစ်နေကြမှာ"
"ရှင် လေးလေးနက်နက်မပြောပြန်ဘူး"
စူးယွင်သည် သူ့အားစနောက်သည့်ဟန်ဖြင့်ဒေါသတကြီးကြည့်လိုက်ပြီးနောက်သူ့ထံခေါင်းလှည့်၍ စူးစူးစိုက်စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမယ့် သတိထားပါ။ဘာပဲဖြစ်ဖြစ် ဘာတစ်ခုမှ မဖြစ်ပါစေနဲ့"
စူးယွင်စိုးရိမ်နေသည်ကို သူမြင်နိုင်ပါသည်။သူသည် ပေါ့ပေါ့ပါးပါးအမူအရာအားရပ်တန့်လိုက်ပြီး သူမကိုလေးလေးနက်နက် ကတိပေးလိုက်၏။
"စိတ်မပူပါနဲ့။ကိုယ် ဘာမှမဖြစ်စေရဘူး။ကိုယ်ပြန်ရောက်လာတာနဲ့ယွင်အာကို လက်ထပ်မယ်"
သူ၏ကတိကို ကြားရသောအခါ စူးယွင် အနည်းငယ်စိတ်သက်သာရာရသွားသည်။သူမသည် သူ့လက်ကိုဆွဲလိုက်ပြီး သူ့အားအိမ်ထဲ၌ခဏနားစေချင်ခဲ့၏။
"မလိုပါဘူး။ကိုယ်ရှန်းကျစ်ဟွိုက်နဲ့ ညစာစားဖို့ ချိန်းထားတယ်။ယွင်အာ လိုက်ချင်လား"
အမျိုးသားနှစ်ယောက် အပြင်ထွက်စားကြမည်ဆိုလျှင် သူမလိုက်သွားခြင်းမှာမည်သည့်အဓိပ္ပာယ်ရှိမည်နည်း။
သိပ်စဉ်းစားမနေဘဲ သူမသည်ငြင်းဆန်လိုက်သည်။
"ကျွန်မ မ...."
သို့သော် သူမစကားမဆုံးမီ အလျင်အမြန် စိတ်ပြောင်းလိုက်ပြီး ပြောလိုက်သည်။
"နေဦး ကျွန်မလိုက်မယ်"
သူတို့သည်ခဏတာခွဲရတော့မည်ဖြစ်သောကြောင့် အတူရှိနေရသည့်အချိန်ပိုတိုင်းမှာတန်ဖိုးရှိသည်ဟု သူမတွေးလိုက်မိသည်။
ထို့နောက် သူ့အဝတ်အစားများ ညစ်ပတ်နေသေးသည်ကို သတိရပြီးပြောလိုက်၏။
"ကိုယ်အိမ်ပြန်ပြီး အဝတ်လဲလိုက်ဦးမယ်။ပြီးမှလာခေါ်မယ်"
"မလိုပါဘူး။ရှင်ကလိပ်စာပဲ ပို့ပေးလိုက်ပါ။ ကျွန်မကိုယ့်ဘာသာလာခဲ့မယ်။ရှင်ကခဏနားလိုက်ပါ"
သူမ ပြန်ဖြေလိုက်သည်။
သူ့ချစ်သူမှ သူ့အားအလွန်ဂရုစိုက်နေသည်ကို မြင်သောအခါ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု အလိုလိုဖြစ်ပေါ်လာလေ၏။သူသည် သူမခေါင်းကို အသာပွတ်သပ်လိုက်ပြီး ပြောလာသည်။
"ကောင်းပြီ"
---------
စူးယွင်သည် တံခါးဝတွင်ရပ်နေပြီး မျက်မှောင်ကြုံ့ကာရင်းနှီးနေသည့်နေရာကို စိုက်ကြည့်နေသည်။
"အိုး နဉ်ကျင်းရေ ထမင်းစားတာက စားတာပါပဲ။ဘာလို့ဒီလိုနေရာမျိုးကို ရွေးရတာပါလိမ့်"
သူမစိတ်ထဲမှနေ တွေးလိုက်သည်။
"သူကဘာတွေ စဉ်းစားနေတာလဲ"
အစားအသောက်စားပြီးနောက်တွင် သူမ နောက်ဆုံးတော့စိတ်အပန်းပြေတော့မည်ပင်။
သူမသည် အင်္ကျီလက်ကိုခေါက်လိုက်ပြီး ဒေါသထွက်နေသည့်ကြားမှ အတွင်းသို့ လျှောက်ဝင်သွားသည်။
သူမသည် သူ့အားဆူပူရပေမည်။
*ဒုန်း*
စူးယွင်မှ တံခါးအားတွန်းဖွင့်လိုက်ရာ အမျိုးသားနှစ်ဦးသည်သူမကိုတည့်တည့် စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။အနေရခက်ခြင်းမှာ လှိုင်းလုံးများကဲ့သို့သူမထံ ထိမှန်လာ၏။
သူမသည် ကသိကအောက်ဖြစ်ဟန်ဖြင့်ပြုံးလိုက်ပြီး ပြောလာသည်။
"တောင်းပန်ပါတယ် ကျွန်မနောက်ကျသွားတယ်"
အမျိုးသားနှစ်ဦးသည် စိတ်မဆိုးဘဲသဘာဝကျကျပင်ပြုံးပြကာ လာထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
သူမထိုင်လိုက်သည်နှင့် လက်လှမ်းကာနဉ်ကျင်းပေါင်ကိုဆွဲလိမ်လိုက်ပြီး အံကြိတ်ကာပြောလိုက်၏။
"ရှင်ကတော့ စောစောရောက်နေတာပဲ"
နဉ်ကျင်းသည် သူမ၏ဆိုးသွမ်းနေသောလက်ကို ဆုပ်ကိုင်လိုက်ပြီးရှင်းပြလာသည်။
"မနေ့က ရှန်းကျစ်ဟွိုက်ကယွင်အာဒီကိုလာဖူးတယ်ကြားတော့ ဒီနေရာကိုကြိုတင်မှာထားလိုက်တာ"
"ကျွန်မကဘာမှမပြောပါဘူး"
သို့သော် သူမစိတ်ခံစားချက်မှာတော့သိသိသာသာပင် ကြည်လင်လာသည်မှာရှင်းနေသည်။
"မဟုတ်ဘူး ကိုယ်ကသာပြောချင်နေတာပါ"
သူ ပြန်ဖြေလိုက်သည်။
စူးယွင်သည်ပြုံးလိုက်ပြီး သူ့ကိုစားစရာအချို့ခပ်ပေးကာ ပြောလာ၏။
"ဒီဟာက စားလို့ကောင်းတယ် မြည်းကြည့်ပါဦး"
သူတစ်ကိုက်စားလိုက်ပြီး သူမနား,နားကပ်ကာ ပြောလိုက်သည်။
"အင်း တစ်ကယ်စားလို့ကောင်းတယ်"
သူတို့နှစ်ဦးမှာသူ့ရှေ့တွင်ချစ်ခင်တွယ်တာမှုအား ပြသနေကြသည်ကိုမြင်သောအခါ ရှန်းကျစ်ဟွိုက်မှာ စကားမပြောမိဘဲမနေနိုင်တော့ပေ။
"မင်းတို့နှစ်ယောက်ဆက်ဆံရေးက အတော်ကောင်းတာပဲ"
"ငါတစ်ကယ် မနာလိုဖြစ်မိတယ်"
စူးယွင်သည် သူ့အားကြည့်လိုက်ပြီးပြန်ဖြေလာသည်။
"ရှင်မနာလိုဖြစ်ရင် တစ်ယောက်ယောက်ကို သွားရှာပေါ့။ရှင့်အတွက်လူအချို့ကို ကျွန်မအကြံပြုပေးလို့ရတယ်။အဖွဲ့အစည်းမှာ အရည်အချင်းရှိတဲ့အမျိုးသမီးတွေအများကြီးပါ"
"ကျွန်တော့်ရဲ့အသက်မွေးဝမ်းကျောင်းက လောလောဆယ်လုပ်ကိုင်နေဆဲပါပဲ။လက်ရှိတော့ အခြေကျဖို့အချိန်မတန်သေးဘူး"
ရှန်းကျစ်ဟွိုင်အတွက်တော့ အသက်မွေးဝမ်းကျောင်းအား အရင်တည်ထောင်ပြီးမှ မိသားစုဘဝထူထောင်ခြင်းသည်သူ့ချဉ်းကပ်မှုပင်ဖြစ်သည်။
စူးယွင်သည် နှာခေါင်းရှုံ့ကာမျက်လုံးလှန်လိုက်သည်။ဧကရာဇ်၏တိုက်ရိုက်အမိန့်အောက်ရှိကုန်သည်ကြီးများအသင်း၏ညွှန်ကြားရေးမှူးရာထူးသည် လူအများစု တစ်သက်လုံးရောက်ရန် ကြိုးစားသော်လည်း မရနိုင်သောရာထူးဖြစ်၏။
"ရှင်ကလက်ရှိရာထူးကိုတောင်ရောက်နေပြီ။ ဒါပေမယ့်ရှင့်ရဲ့အသက်မွေးဝမ်းကျောင်းကို မတည်ဆောက်ရသေးဘူးလား။ဒီလို Versailles(ကိုယ်ကချမ်းသာပြီး အာဏာရှိနေတာကို ဆင်းရဲပြီး ကိုယ့်ကိုကိုယ်ဘာမှမဟုတ်ပါဘူးဆိုပြီး ဟန်ဆောင်ပန်ဆောင်လုပ်တာ)လုပ်ပြနေတာကို ရပ်လို့မရဘူးလား"
ရှန်းကျစ်ဟွိုက်သည် နားမလည်ဟန်ဖြင့်ကြည့်လာသည်။
"Versaillesကဘာလဲ"
"အရမ်း ရိုးသားလွန်းတာကိုပြောတာပါ"
သူမှပြုံးလိုက်သည်။
"လုံးဝ မဟုတ်ရပါဘူး"
သူသည်ပြောနေရင်း အင်္ကျီလက်ကိုခေါက်တင်ကာ နဉ်ကျင်းအတွက် ဝိုင်ငှဲ့ပေးလိုက်သည်။
နဉ်ကျင်းနှင့်နီးကပ်စွာထိုင်နေသော စူးယွင်သည်သူ့အင်္ကျီလက်မှာ သူမ၏မျက်နှာအား ပွတ်သပ်သွားသည်ကို ခံစားလိုက်မိ၏။သူမ အသက်ရှူလိုက်ရာ ရင်းနှီးသော်လည်း ဖော်ပြမရနိုင်သောရနံ့တစ်ခုသည် လေထဲတွင်သင်းပျံ့လာသည်။
"ညွှန်ကြားရေးမှူးရှန်း ဒီရနံ့ကိုဘယ်ကဝယ်တာလဲ။ကျွန်မဒီရနံ့ကို အရင်ကရဖူးသလို ခံစားရတယ်"
တူအားကိုင်ထားသည့် ရှန်းကျစ်ဟွိုက်၏လက်သည် မသိမသာလေးရပ်တန့်သွားသည်။
"ဒီရနံ့ကို မှာယူဖန်တီးထားတာ။စျေးကွက်မှာ မရနိုင်ပါဘူး။ဒါပေမယ့် ပါဝင်ပစ္စည်းအချို့က သမားရိုးကျဆန်တာမလို့ရင်းနှီးသလို ခံစားရနိုင်ပါတယ်"
"အကယ်၍သခင်မလေးစူးကြိုက်တယ်ဆိုရင် လူတစ်ယောက်ကိုအိမ်တော်ဆီ ပို့ခိုင်းလိုက်မယ်လေ"
ထိုရနံ့တွင် သိမ်မွေ့သောစန္ဒကူးရနံ့နှင့်ဗနီလာရနံ့အနည်းငယ်ပါဝင်နေ၏။သင်းထုံသော်လည်း လန်းဆန်းစေသည်။စူးယွင်အတော်လေး နှစ်သက်မိ၏။
"ကျေးဇူးတင်ပါတယ်"
ထမင်းဝိုင်းသည် ပေါ့ပေါ့ပါးပါးစကားပြောဆိုမှုများဖြင့် ကုန်ဆုံးသွားသည် သို့မဟုတ် အတိအကျပြောရလျှင် ရှန်းကျစ်ဟွိုက်နှင့် စူးယွင်တို့ပြောဆိုနေကြခြင်းသာဖြစ်သည်။နဉ်ကျင်းသည် ရံဖန်ရံခါမှသာတုံ့ပြန်လေ၏။
သူတို့အိမ်တော်သို့ ပြန်ရောက်သောအခါ စူးယွင်မှသူ့ကိုမေးလိုက်သည်။
"ရှင်ကသူနဲ့ ဘယ်လိုဆုံခဲ့ကြတာလဲ"
သူတို့သည် စကားနည်းနည်းသာပြောဆိုကြပြီး အတူတူအချိန်ဖြုန်းခဲကြသော်လည်း ဆက်ဆံရေးကောင်းနေခြင်းသည် ထူးဆန်းလှသည်။
"သူစစ်ဆေးရေးစာမေးပွဲအတွက် မြို့တော်ကို ခရီးသွားနေတုန်း ဓားပြအဖွဲ့တစ်ဖွဲ့နဲ့ကြုံခဲ့တာ။ကိုယ်ကအမှတ်မထင်ဖြတ်သွားရင်း သူ့ကိုကယ်ခဲ့တယ်။နောက်ဆုံးတော့ အတူတူခရီးသွားဖြစ်ခဲ့ပြီး သူ့ရဲ့စကားပြောပုံနဲ့အမူအကျင့်က ကိုယ်နဲ့တော်တော်လေးပနံတာကိုသိလိုက်ရတယ်လေ။အချိန်ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးသွားကြတာ"
အစောကအဖြစ်အပျက်အားပြန်သတိရရင်း နဉ်ကျင်းသည်စကားသိပ်မပြောခဲ့သော်လည်း ရှန်းကျစ်ဟွိုက်မှသူ့ကိုပြောလျှင်တော့ ပြန်တုံ့ပြန်လေ့ရှိသည်။
"ဒါဆိုရှင်တို့နှစ်ယောက်......"
စူးယွင်မှဆက်မေးတော့မည့်အချိန်တွင် နဉ်ကျင်းသည်သူမနှုတ်ခမ်းကို ကျီစယ်ဟန်ဖြင့်ကိုက်လိုက်သည်။
"ယွင်အာသူ့အကြောင်းကို ခုနကတည်းကအကြာကြီး ပြောနေခဲ့တာ။အခုလဲသူ့အကြောင်း ဆက်ပြောနေသေးတယ်။ကိုယ့်မှာ ဒေါသမရှိဘူးလို့ထင်နေတာလား"
"ကျွန်မ....."
နဉ်ကျင်းသည် သူမခြေထောက်များကို လက်ဖြင့်သိမ်းဖက်ကာ အိပ်ရာဆီသို့ခေါ်သွားလိုက်သည်။
"ဒါဆိုလူ့သဘာဝကို အတူတူဆွေးနွေးကြရအောင်လား"
သူမသည်နဉ်အိမ်တော်တွင် နဉ်ကျင်းနှင့်အတူရက်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး အခြားဘယ်နေရာမှ မသွားခဲ့ပေ။
စားပွဲနားတွင်ရပ်နေရင်း သူမပြင်ဆင်ထားသော အစာခြောက်များကိုနဉ်ကျင်း၏အိတ်ထဲသို့ ထည့်ပေးလိုက်သည်။
"ငွေပါယူသွားပါလား။တစ်ခုခုဝယ်ဖို့လိုရင် ပိုအဆင်ပြေအောင်လို့လေ"
သူမသည်ဗီရိုထဲမှနေ ငွေတစ်အိတ်လှမ်းယူရင်း ပြောလိုက်သည်။
"မလိုပါဘူး"
နဉ်ကျင်းသည် သူမလက်ကိုဆုပ်ကိုင်လိုက်ပြီး အသာညှစ်ကာကူကယ်ရာမဲ့ဟန်အပြုံးဖြင့် ပြုံးလိုက်သည်။
"နယ်စပ်လိုနေရာမျိုးက လူသူမရှိတဲ့ မြေရိုင်းတွေလေ။အဲဒီလိုအရာမျိုး ယူသွားတာကအသုံးမဝင်ပါဘူး"
"ရှင်ပြောတာမှန်ပါတယ်"
သူမသည် နှုတ်ခမ်းစူလိုက်ပြီးထပ်ပြောလာသည်။
"ဒါဆို ကျွန်မအစားအစာအချို့ထုပ်ပိုးပေးရမလား။မီးဖိုချောင်မှာ သစ်ချသီးတွေတွေ့တယ်။ရှင့်အတွက် အကုန်ထုပ်ပေးလိုက်မယ်"
"တော်ပါပြီ။ဒီအိတ်ထဲမှာတောင်အများကြီး ရှိနေပြီ"
နဉ်ကျင်းမှ အိတ်များအားကြည့်လိုက်ရာ တောင်ပုံရာပုံဖြစ်နေပြီပင်။သူသည်အသာကောက်ယူလိုက်ပြီး သူမရှေ့တွင်ဝှေ့ယမ်းပြလိုက်သည်။
"ယွင်အာသာ ဒါကိုသယ်သွားရင်ဘယ်လိုလဲ"
စူးယွင်သည် သူ့အားစူးစိုက်ကြည့်လိုက်ပြီး လက်တစ်ဖက်ဖြင့်အိတ်ကို လှမ်းယူလိုက်စဉ် အပြစ်တင်စကား ပြောလိုက်သေးသည်။
"ဘယ်လောက်တောင်လေးနေလို့.....အ"
သူမသည် အိတ်ကိုလက်နှစ်ဖက်ဖြင့် ကမန်းကတန်းမ,လိုက်ရပြီး အနည်းငယ်ရှက်ရွံ့သွားရသည်။
"နည်းနည်းတော့လေးပေမယ့် ဒီလောက်ဆို အဆင်ပြေပါပြီ"
နဉ်ကျင်းသည်ပြုံးလိုက်ပြီး သူမလက်ကောက်ဝတ်ကိုအသာပွတ်သပ်လိုက်သည်။
"ကိုယ်မကြာခင် ပြန်လာမှာပါ။ယွင်အာ သိပ်စိတ်ပူစရာမလိုပါဘူး"
စူးယွင်သည် သူ့ကိုစိုက်ကြည့်လိုက်ပြီး
"ကျွန်မ မပူပါဘူး။စိတ်ကူးနဲ့ ပြောမနေပါနဲ့။ကျွန်မက....."
သူမစကားမဆုံးမီ သူသည်သူမကိုသူ့ရင်ခွင်တွင်းဆွဲသွင်းလိုက်ပြီး သူမလည်တိုင်ထက်တွင် ခေါင်းတင်ကာအနည်းငယ်တွန်းတိုက်လိုက်သည်။
စူးယွင်သည် သူ့ကျောပြင်ပေါ်တွင် လက်တင်လိုက်ပြီး အသာလေးပုတ်ပေးလိုက်၏။သူမလည်တိုင်တစ်လျှောက်ရှိ ယားယံသောခံစားချက်ကိုလျစ်လျူရှုရန်မှာ ခက်ခဲလှသည်။
သူမစကားပြောတော့မည့်အချိန်တွင် တံခါးဝမှ ကျယ်လောင်သောအသံတစ်သံထွက်လာလေ၏။
"အရှင်မင်းသား ထွက်ခွာဖို့အချိန်တန်ပါပြီ"
စူးယွင်သည် မျက်တောင်ခတ်လိုက်ပြီး လည်ချောင်းထဲမှစကားလုံးများကိုမြိုချလိုက်ကာ ပြောလိုက်၏။
"ကျွန်မရှင်ပြန်လာမှာကို စောင့်နေမယ်"
"အင်း"
နဉ်ကျင်းသည် ခေါင်းငုံ့ကာသူမနှုတ်ခမ်းထက်တွင် အနမ်းတစ်ပွင့်ချန်ထားခဲ့လေသည်။
စူးယွင်သည် သူ့အားလိုက်ပို့ရန် တံခါးဝသို့ မသွားခဲ့ပေ။သူမသည် ဤကဲ့သို့သောခွဲခွာခြင်းမျိုးကိုနှစ်သက်ခြင်းမရှိချေ။
ထိုအစား သူမသည်ပြတင်းပေါက်နားတွင် ရပ်နေပြီး ပါးလွှာသောစက္ကူအလွှာမှတစ်ဆင့်သာကြည့်နေလိုက်သည်။မှိန်ပျပျ အရိပ်အယောင်သည် သေးငယ်လာရင်း နောက်ဆုံးတွင် အဝေးသို့ပျောက်ကွယ်သွားတော့၏။
နဉ်ကျင်းထွက်သွားပြီးနောက် စူးယွင်သည် နဉ်အိမ်တော်တွင် ဆက်နေချင်စိတ်မရှိတော့ပေ။သူမသည် အရင်ဆုံးဝမ်ကောတွင်သောင်တင်နေခဲ့ပြီး လုပ်စရာဘာမှ မရှိသည်ကိုတွေ့သောအခါ အဖွဲ့အစည်းသို့ ပြန်လာခဲ့သည်။
အမျိုးသမီးကျောက်သည် သူမနေရာတွင် ထိုင်ရင်း လက်ကိုင်ပုဝါတစ်ထည်ကိုပန်းထိုးနေသည်။အရိပ်တစ်ခု သူမအပေါ်ကျရောက်လာ၍ မော့ကြည့်လိုက်သောအခါ ရင်းနှီးနေသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။သူမသည် အံ့ဩတကြီးဖြင့်မေးလာသည်။
"ဒီကိုဘာကိစ္စနဲ့ ရောက်လာတာလဲ"
မင်္ဂလာပွဲနီးလာပြီ ဖြစ်သော်လည်း အလုပ်များမှာ မရှုပ်သေးပေ။စူးယွင်သည် သူမဘေးရှိ နေရာလွတ်တွင်ထိုင်လိုက်သည်။
"နဉ်ကျင်းကတစ်ခုခုလုပ်ဖို့ ထွက်သွားရတယ်။ကျွန်မမှာလုပ်စရာဘာမှမရှိတော့ လာပြီး နည်းနည်းလေ့ကျင့်မလားလို့ပါ"
အမျိုးသမီးကျောက်မှာ ရယ်လိုက်မိသည်။
"မင်းကသတို့သမီးဖြစ်တော့မှာကို ဘယ်လိုများအားနေနိုင်မှာလဲ"
"အိမ်တော်မှာလူတွေ အရမ်းများတယ်။ကျွန်မလည်း သိပ်မသိဘူး။ဒီအတိုင်း ထိုင်နေရတာ အရမ်းပျင်းစရာကောင်းတာပဲ"
စူးယွင်သည် အနီရောင်အဝတ်စတစ်ခုကို ထုတ်လိုက်ပြီးပေတံဖြင့် တိုင်းတာလိုက်သည်။
အမျိုးသမီးကျောက်သည် အဝတ်စအားမော့ကြည့်လာ၏။သူမကိုင်ထားသော လက်ကိုင်ပုဝါထက် သေးငယ်သော်လည်း ပိုရှည်လေသည်။
"ဒါနဲ့ ဘာလုပ်ဖို့လဲ"
"ခေါင်းစည်းပါ"
စူးယွင်သည်ပြုံးပြီး ပြန်ဖြေလိုက်သည်။
"လက်ထပ်ပြီးရင် သူ့ဆံပင်ကိုစည်းပေးမယ်လို့ ကတိပေးထားတာ"
"ဒီအရောင်ကို ဘယ်လိုထင်လဲ"
သူမ မေးလိုက်သည်။
အမျိုးသမီးကျောက်မှာ ကြည့်လိုက်ပြီးပြန်ဖြေလာ၏။
"ဒီအရောင်က မင်္ဂလာဆောင်အတွက် တော်တော်လေးကိုသင့်တော်တယ်"
"ဘာတွေ ပြောနေတာလဲ"
စူးယွင်၏မျက်နှာမှာနီရဲလာပြီး အဝတ်စကို လက်ချောင်းဖြင့်ရှက်ကိုးရှက်ကန်းလှည့်နေသည်။
"ကျွန်မကသာမန်ရက်တွေမှာသုံးလို့ရမယ်လို့ တွေးနေတာ"
သူမပါးများနီရဲလာသည်ကို မြင်သောအခါ အမျိုးသမီးကျောက်သည် သူမကိုမစဘဲမနေနိုင်တော့ပေ။
"မကြာခင် သတို့သမီးဖြစ်တော့မှာကို ခုထိ ရှက်နေတုန်းပဲ"
"ကျွန်မ မရှက်ပါဘူး"
စူးယွင်မှာ အလျင်အမြန်ငြင်းဆိုလိုက်သည်။
ဖိအားထပ်မပေးလိုသောကြောင့် အမျိုးသမီးကျောက်သည် အလေးအနက်ထားသော လေသံသို့ပြောင်းလိုက်သည်။
"အရောင်က တော်တော်ကောင်းပါတယ်။မင်းသားချန်ရဲ့ရုပ်ရည်ကလည်း ချောမောတာပဲကို ဒီအရောင်ကသူ့နဲ့လိုက်ဖက်တယ်"
"ကျွန်မလည်း အဲ့လိုပဲထင်တယ်"
စူးယွင်၏နှုတ်ခမ်းများသည် အပြုံးသေးသေးလေးအသွင်ကွေးညွှတ်သွားပြီး သူမသည် အဝတ်စကိုပြန့်ပြန့်လေးဖြစ်အောင် ပွတ်သပ်ကာပို၍အနားကပ်ကြည့်ပြီးစစ်ဆေးလိုက်သည်။အဝတ်စသည် မင်္ဂလာပွဲအတွက်ပြီးပြည့်စုံလိမ့်မည်ဟုထင်ရ၏။
နောက်ရက်အနည်းငယ်ကြာအောင် စူးယွင်သည် ခေါင်းစည်းများ ချုပ်ခြင်း သို့မဟုတ် အဝတ်အချို့ချုပ်ခြင်းများဖြင့်သာ အဖွဲ့အစည်းတွင်အချိန်ဖြုန်းခဲ့သည်။
သို့သော် သူမပတ်ဝန်းကျင်ရှိလူတိုင်းမှာတော့ သူမအားရှောင်ဖယ်နေကြပြီး နှာခေါင်းကိုအုပ်ကာ ထွက်သွားတတ်ကြ၏။
ဘာပဲဖြစ်ဖြစ်လေ.....
အချစ်နံ့က အရမ်းပြင်းလွန်းနေတာကိုး။
အမှန်ပါပဲ ဤကဲ့သို့မထင်သည့်လူတစ်ယောက်တော့ ရှိနေပါသေးသည်။
ဝမ်လဲ့သည် နေ့တိုင်းသူမအနားမှဖြတ်သွားပြီး သူမမှမတူညီသောချုပ်နည်းများကိုသုံးနေသည်အား သတိပြုမိလိုက်၏။သူမ မျက်မှောင်ကြုံ့လိုက်မိသည်။
ဒီတစ်ယောက်က တစ်ကယ်ကိုပြိုင်ဆိုင်လိုစိတ်ပြင်းပြတာပဲ။
မဖြစ်ဘူး သူမအနိုင်ရသွားလို့မဖြစ်ဘူး။
သူမသည်အဝတ်စကို ကောက်ယူလိုက်ပြီး ညရောက်သည်ထိဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
စူးယွင်သည် ဝမ်လဲ့၏အတွေးများကို သတိမထားမိပေ။သူမသည် ပုံမှန်အတိုင်းပင် ဆက်လက်လုပ်ဆောင်နေပြီး ပုံမှန်အချိန်၌ အိမ်ပြန်ခဲ့သည်။
"နင်တို့ကြားပြီးပြီလား။ငွေတွေကအခိုးခံရတာထင်တယ်နော်"
"ဘာ။ဒါဆိုသူတို့ ရှုံးနိုင်ခြေရှိလား"
"မဖြစ်နိုင်တာ။မင်းသားချန်က သိုင်းပညာမှာ အရမ်းကျွမ်းကျင်တာ။ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ"
"ဒါပေမယ့် ဒီတစ်ခါတော့မတူဘူး။ကူညီဖို့ ထောက်ပံ့ရေးပစ္စည်းတွေ မရှိဘူးတဲ့။အားအကောင်းဆုံးလူတောင်မှ မခံနိုင်ဘူးလေ"
"ဖြစ်ကောင်းဖြစ်နိုင်တာ သူကခုထိ....."
"မဖြစ်နိုင်ဘူး။သူ ပြန်လာလိမ့်မယ်"
စူးယွင်သည် သူတို့နှစ်ဦးရှေ့တွင်ရပ်နေပြီး စိတ်ပိုင်းဖြတ်ထားသောလေသံဖြင့် အခိုင်အမာထပ်ပြောလိုက်သည်။
"သူ ပြန်လာမှာ။ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာလိမ့်မယ်"
သူတို့နှစ်ဦးသည် သူမကိုမသိကြသော်လည်း သူမလေသံအရ နဉ်ကျင်းကို သိကြောင်း ခန့်မှန်းနိုင်သည်။ပိုပြောမိခြင်းကိုမလိုလားသောကြောင့် သူတို့သည်လက်အားယမ်းကာ ဆင်ခြေအချို့ပေးပြီး အလျင်အမြန်ထွက်ခွာသွားကြ၏။
စူးယွင်သည်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမနှလုံးသားသည် တဒုန်းဒုန်းခုန်နေတော့သည်။
လွန်ခဲ့သောရက်အနည်းငယ်၌ နယ်စပ်မှအရေးပေါ်သတင်းများ ရောက်လာပြီး ထောက်ပံ့ရေးပစ္စည်းများမလုံလောက်ကြောင်းပြောလာ၏။ဧကရာဇ်သည် နိုင်ငံတော်ဘဏ္ဍာတိုက်ကိုဖွင့်လှစ်ပြီး ပိုဝယ်ရန်အတွက်ရှန်းကျစ်ဟွိုက်ကို စေလွှတ်ခဲ့သည်။
ဒါပေမယ့် ဘယ်လိုလုပ်အဆင်မပြေဖြစ်သွားရတာလဲ။
စူးယွင်သည် သူမ၏ချုပ်လက်စအဝတ်စကို ဆွဲလိုက်ပြီး ရှန်းအိမ်တော်ဘက်သို့ အမြန်ပြေးသွားလိုက်သည်။