အခန်း (၁၃၀+၁၃၁)
Vol. 13 Ch. 130+131
Ch-130+131
စူးယွင်ဤနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ခြံဝတွင် လူလေးငါးယောက်စောင့်နေသည်ကိုတွေ့လိုက်ရသပြီး နေအိမ်စီမံခန့်ခွဲမှုတင်းကြပ်ထားသောကြောင့် ရှန်းကျစ်ဟွိုက်တစ်ခုခုများ ဖြစ်နေပြီလားဟု မသေမချာဖြစ်သွားရ၏။သူမသည် ရှေ့သို့အပြေးသွားပြီး အိတ်ထဲမှ ဖဲကြိုးတစ်ချောင်းကို ထုတ်ပြလိုက်သည်။
"ကျွန်မက အဝတ်အထည်ဌာနက စူးယွင်ပါ။ညွှန်ကြားရေးမှူးရှန်းနဲ့ တွေ့ချင်လို့ သတင်းပို့ပေးပါဦး"
မကြာသေးမီ၌ စူးယွင်၏ဂုဏ်သတင်းသည် အဖွဲ့အစည်းတွင်းကြီးထွားလာခဲ့ပြီး ရှန်းကျစ်ဟွိုက်၏လူများအနေဖြင့် သူမနာမည်ကို အတိုင်းအတာတစ်ခုအထိ ကြားဖူးကြသည်။
သူတို့ထဲမှ တစ်ဦးသည်ပြောလာ၏။
"သခင်မလေးစူး ခဏစောင့်ပါ"
"ကျေးဇူးတင်ပါတယ်"
မကြာခင်မှာပင် ထိုသူပြန်လာပြီး ကိုယ်ကို အနည်းငယ်လှည့်ကာ ပြောလာသည်။
"သခင်မလေးစူး လိုက်ခဲ့ပါ"
ရှန်းအိမ်တော်သည်ကြီးမားသော်လည်း နဉ်အိမ်တော်နှင့်ယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။သို့သော် အတွင်းပိုင်းအပြင်အဆင်သည် ဥယျာဉ်ပုံစံဘက်သို့ပိုမိုအသားပေးထား၏။တစ်ကယ်လို့အခြားအချိန်သာဆိုလျှင် စူးယွင်သည်အခွင့်အရေးယူ၍ အသေးစိတ်ကြည့်ရှုနေမိမှာအသေအချာပင်။
သူသည်တံခါးကို သုံးချက်ခေါက်ပြီးနောက် တွန်းဖွင့်လိုက်ကာ စူးယွင်အား ပြောလာ၏။
"သခင်မလေးစူး ကြွပါ"
"ကျေးဇူးတင်ပါတယ်"
သူသည်သူမနောက်မှလိုက်မဝင်ဘဲ စူးယွင် တစ်ယောက်တည်းသာချန်ခဲ့လေသည်။
သူမမျက်လုံးများမှာ အခန်းပတ်လည်သို့ လှည့်လည်ကြည့်ရှုရာမှ ညာဘက်ရှိအိပ်ရာထံတွင် အဆုံးသတ်သွား၏။အခန်းတွင်းဝယ် အိပ်ရာထဲလဲနေသောရှန်းကျစ်ဟွိုင်နှင့် သူ့အားပြုစုပေးနေသည့်အစေခံမိန်းကလေးတစ်ဦးသာရှိသည်။
စူးယွင်သည် ရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်၏။
"ညွှန်ကြားရေးမှူးရှန်း"
စူးယွင်အားမြင်လိုက်သည်နှင့် ရှန်းကျစ်ဟွိုက်သည်ထထိုင်လာပြီး စကားပြောရန်ပြင်လိုက်သော်လည်း ချောင်းဆိုးလိုက်သည့် အရှိန်ဖြင့် စကားစပြတ်သွားကာပြင်းပြင်းထန်ထန်ချောင်းဆိုးတော့သည်။
"အဟွတ် အဟွတ် အဟွတ် အဟွတ် အဟွတ်"
အစေခံမိန်းကလေးသည် ရေတစ်ခွက်ကိုအမြန်ငှဲ့ပေးလိုက်ပြီး ကျောအားပုတ်ပေးလိုက်သည်။
"သခင်လေး......"
သူသည်လက်ဝှေ့ယမ်ကာတားလိုက်ရာ အစေခံမိန်းကလေးသည်ကျန်နေသည့် စကားလုံးများကို ချက်ချင်းမြိုသိပ်ထားလိုက်၏။
သူမသည်နူးညံ့သောခေါင်းအုံးနှစ်လုံးကို ကောက်ယူကာ ရှန်းကျစ်ဟွိုက်၏နောက်တွင် ခုပေးလိုက်သည်။ရှန်းကျစ်ဟွိုက်သည် သူမထံတစ်ချက်ကြည့်လာပြီး ပြောလိုက်၏။
"သခင်မလေးစူး ကျွန်တော်တို့အချင်းချင်းကြားမှာ တရားဝင်ကျင့်ဝတ်တွေကို လိုက်နာနေဖို့မလိုပါဘူး ထိုင်ပါ"
စူးယွင်သည် သူမအတွက်အသင့်ပြင်ထားပြီးသားထိုင်ခုံကို ကြည့်လိုက်သည်။သူမလည်းတုံ့ဆိုင်းမနေဘဲ ထိုင်ချလိုက်ပြီး လိုရင်းကိုတန်းပြောလိုက်၏။
"ညွှန်ကြားရေးမှူးရှန်းရှင့်ရဲဒဏ်ရာက ပြင်းထန်လား"
"ပြီးတော့ နဉ်ကျင်းရောအဆင်ပြေရဲ့လား"
သူသည်ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ
"မင်းလာတယ်ဆိုပြီးအကြောင်းကြားလာကတည်းက ဘာမေးမယ်ဆိုတာကျွန်တော် သိထားပြီးသားပါ"
"ဒါဆိုရင်...."
"အခြေအနေမကောင်းဘူးထင်တယ်။နယ်စပ်မှာ ထောက်ပံ့ရေးပစ္စည်းတွေအကုန်ပြတ်လပ်နေတယ်။ကျွန်တော်တို့က ထောက်ပံ့ပစ္စည်းတွေဝယ်ဖို့ စီစဉ်ထားပေမယ့် အလစ်ဝင်တိုက်ခံခဲ့ရပြီး ငွေကြေးတွေ အကုန်ဆုံးရှုံးသွားတယ်။ပြီးတော့ ကျွန်တော်လည်း ဒဏ်ရာရခဲ့တယ်"
ရှန်းကျစ်ဟွိုက်၏ဒဏ်ရာသည် ခါးတွင်ဖြစ်သည်။ယခုတော့ စောင်ဖြင့်ဖုံးအုပ်ထားသဖြင့် စူးယွင်မှာမည်မျှပြင်းထန်သည်ကို မပြောနိုင်သော်လည်း သူ၏လက်ရှိအသွင်အပြင်ကိုကြည့်ပြီးနောက် ထိခိုက်မှုမှာမသေးငယ်လှကြောင်း သိနိုင်၏။
စူးယွင်သည်နှုတ်ခမ်းအားဖိကိုက်လိုက်ပြီး သူမစိုးရိမ်စိတ်သည် လှိုင်းလုံးများပမာ မျက်လုံးများမှလျှံကျလာတော့သည်။
"ဒါဆိုအခု ဘာလုပ်ကြမလဲ....."
"အိမ်တော်ကနေပစ္စည်းတချို့ စုဆောင်းထားပေမယ့် ဒါကကြာကြာခံမယ်မထင်ဘူး"
သုံးရက်အကြာတွင် ရှေ့တန်းအခြေအနေအရ အရေးတကြီးလိုအပ်သည့်ထောက်ပံ့ရေးပစ္စည်းများမှာ အလွန်အကျွံ့ပြတ်လပ်သွားသဖြင့် နယ်စပ်မှအကူအညီပေးရန်အတွက်အရေးပေါ်တောင်းဆိုစာတင်ခဲ့ကြသည်။
စစ်ပွဲအခြေအနေတည်ငြိမ်စေရန်အတွက် ဧကရာဇ်သည်ဘဏ္ဍာတိုက်အားဖွင့်ကာ ထောက်ပံ့ပေးရန်အမိန့်ပေးခဲ့၏။ရှန်းကျစ်ဟွိုက်မှာဝယ်ယူမှုများအား ကိုင်တွယ်ရန်ကူညီပေးခဲ့သော်လည်း မမျှော်လင့်သည်မှာလမ်းခုလတ်တွင်ရန်သူ့တပ်ဖွဲ့များနှင့် ကြုံတွေ့ခဲ့ရသည်။ငွေကြေးများမှာလုယက်ခံခဲ့ရပြီး သူလည်းပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့၏။နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရမှုနှင့်လှူတမ်းမှုများအပြင် လက်ရှိအိပ်ရာထဲလဲနေသည့် အခြေအနေများသာမရှိခဲ့ပါက သူသည်ရာထူးမှဖယ်ရှားခြင်းခံရနိုင်သည်။
စူးယွင်သည် သူမအင်္ကျီစအားစိုးရိမ်တကြီးဆုပ်ကိုင်ထားရာ သူမ၏ဖြူဖျော့နေသော လက်များထက်တွင် သွေးကြောများပင်ထင်းထွက်နေတော့၏။သူမမှ
"ဝမ်ကောမှာငွေကြေးအချို့ရှိတာမလို့ အကုန်ထုတ်ပြီးကူညီပေးနိုင်ပါတယ်"
"သခင်မလေးစူး စိတ်မပူပါနဲ့"
ရှန်းကျစ်ဟွိုက်မှာအသာအကြံပေးလာသည်။
"ဝမ်ကောမှာငွေတွေရှိတာ ကျွန်တော်သိပါတယ်။ဒါပေမယ့် ဒီတစ်ခါနယ်စပ်ကိုစစ်သား တစ်သိန်းကျော်သွားခဲ့တာပါ။အကုန်ထုတ်လိုက်ရင် ဝမ်ကောကဘာဖြစ်သွားမယ်ဆိုတာကို မင်းစဉ်းစားကြည့်ဖူးလား"
"ဘဏ္ဍာတိုက်က ဗလာဖြစ်နေပေမယ့် မြို့တော်မှာရာထူးဘွဲ့ထူးရှိတဲ့ မိသားစုတွေ အများကြီးကျန်ပါသေးတယ်။ကျွန်တော်တို့ ငွေအချို့ရှာလို့ရနိုင်ပါတယ်....."
ရှန်းကျစ်ဟွိုက်အသံမှာ တိုးလျသွားပြီး သူ့မျက်လုံးများထဲရှိစိုးရိမ်စိတ်ကို ဖုံးကွယ်ရန်မျက်လွှာချလိုက်သည်။
သူအကြောက်ဆုံးအရာမှာ လူများမှပါဝင်ကူညီဖို့ဆန္ဒမရှိမည်ကိုပင်။
မိဖုရားကြီး၏မွေးနေ့ပွဲအတွက် ငွေကြေးအမြောက်အမြားသုံးစွဲခဲ့ရပြီး ယခုအခါ နန်းတော်မှသူတို့အားငွေကြေးပေးအပ်ရန် တောင်းဆိုလာပါက လူများသည် အကြောင်းပြချက်များစွာရှာဖွေပြီး မကူညီဘဲရှောင်ဖယ်နေကြမည်ကိုသာသူစိုးရိမ်မိသည်။
စူးယွင်သည်လည်း သူ့စိတ်ထဲမှစိုးရိမ်စိတ်ကို သတိပြုမိပြီး ပြောလိုက်၏။
"ကိစ္စမရှိပါဘူး ကျွန်မနည်းလမ်းရှာကြည့်ပါ့မယ်"
"ကျွန်မအခုတော့ပြန်လိုက်ပါဦးမယ်။နောက်နေ့မှထပ်တွေ့ကြတာပေါ့"
သူမမတ်တပ်ရပ်လိုက်သည်။
"ဒီနေ့အလျင်စလိုလာခဲ့ရတာဆိုတော့ ဘာမှ ယူမလာမိဘူး အားနာလိုက်တာ"
"သိပ်ပြီးလဲစိတ်ပူမနေပါနဲ့ နောက်မှရှင့်ဆီ အားဖြည့်ဆေးအချို့ပို့ပေးလိုက်ပါ့မယ်။ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ"
"ကိစ္စမရှိပါဘူး ချောင်းဆိုးတာလောက်လေးပါပဲ......အဟွတ်......ဘာမှမဖြစ်ပါဘူး သိပ်မကြာခင်သက်သာသွားမှာပါ.....အဟွတ်....."
ချောင်းဆိုးသံပြင်းပြင်းနှင့်အသက်ရှူမဝအောင် ရုန်းကန်နေသည်အားမြင်သော် စူးယွင်သည် သူ့အားအလျင်စလိုတိုက်တွန်းလိုက်၏။
"စကားသိပ်မပြောဘဲ အိပ်ရာထဲမှာပဲနားနေလိုက်ပါ"
"ရပါတယ်"
သူပြန်ပြောလိုက်သော်လည်း ရုတ်တရက် တစ်ခုခုကိုသတိရသွားသည်။
"ရှောင်ရှင်း သခင်မလေးစူးအတွက် အမွှေးနံ့သာတွေသွားယူလာခဲ့"
"ဟုတ်ကဲ့"
သိပ်မကြာခင်မှာပင် သူမသည်အမွှေးနံ့သာထုတ်ကိုစူးယွင်လက်ထဲ ထည့်ပေးလာသည်။
"ကျွန်တော်မင်းအတွက် ကြိုပြင်ထားပေမယ့် မပေးဖြစ်သေးတာ။အခုမင်းရောက်လာမှတော့ ယူသွားပြီးသုံးလိုက်ပါ။ဒီအမွှေးနံ့သာက စိတ်ငြိမ်စေတဲ့အာနိသင်ရှိတယ် မအိပ်ခင်ထွန်းထားလိုက်ရင် ကောင်းကောင်းအိပ်ပျော်စေပါလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ကျွန်မသွားတော့မယ်နော်"
"ဂရုစိုက်သွားပါ"
စူးယွင်ထွက်သွားသည်နှင့် ရှန်းကျစ်ဟွိုက်သည် ဘေးနားရှိလက်ဖက်ရည်ခွက်ကိုယူ၍ တစ်ငုံသောက်ကာ စိတ်ထဲ၌တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
"ရှောင်းယွင်ရုံးခန်းကိုသွားပြီး ငွေတွေကို စာရင်းရှင်းလိုက်ပါ။ဝမ်ကောဆက်လည်ပတ်နိုင်ဖို့ကလွဲပြီး ကျန်တာကိုနဥ်အန်းမင်းသမီးရဲ့အိမ်တော်ဆီ သွားပို့လိုက်"
နဥ်အန်းမင်းသမီးသည် အိမ်တော်သို့ မကြာခဏလာရောက်လေ့ရှိပြီး နဉ်ကျင်းနှင့် ဆက်ဆံရေးကောင်းမွန်ပုံရသောကြောင့် ဤကိစ္စကိုနဥ်အန်းမင်းသမီးထံအပ်နှံခြင်းမှာ ပြဿနာမရှိသင့်ပေ။
စူးယွင်မှဘာကြောင့် ငွေအမြောက်အမြား လိုအပ်ရသည်ကို ရှောင်းယွင်မသိသော်လည်း ဘာမှမမေးဘဲစာရင်းစာအုပ်ကို ယူကာ ရုံးခန်းသို့သွားလိုက်သည်။
စူးယွင်သည်ခုံပေါ်တွင်ထိုင်ရင်း ရှန်းကျစ်ဟွိုက်၏စကားများကို ပြန်စဉ်းစားလိုက်၏။လူတိုင်းသာ ပါဝင်ကူညီဖို့ဆန္ဒရှိမည်ဆိုလျှင် ငွေကြေးအရပြဿနာမရှိနိုင်တော့ပေ။သို့သော် မရင်းနှီးသည့်လူများထံမှ သူတို့ငွေကိုစွန့်လွှတ်ဖို့ ဆွဲဆောင်ဖို့ဆိုသည်မှာ.....သူတို့ဆန္ဒရှိမည်မဟုတ်ကြချေ။
မည်သို့ပင်ဖြစ်စေ စစ်ပွဲနိုင်နိုင်ရှုံးရှုံး သူတို့ထံသက်ရောက်မှုရှိလာမည်မဟုတ်၍ပင်။
စူးယွင်၏လက်ချောင်းများမှာ စားပွဲအားခေါက်နေပြီး အတွေးနယ်ချဲ့နေသည်။သူမမှာ ငွေရှာမည့်အကြံတစ်ခုရှာရပေမည်။
သို့သော် မည်သည့်အကြံမှာအလုပ်ဖြစ်ပါမည်နည်း။
သူမသည်အဝတ်အစားရောင်းသူတစ်ယောက်သာပင်..... ခဏလေး အဝတ်အစား ရောင်းတာ!
စူးယွင်သည်ရုတ်ချည်းထိုင်ခုံပေါ်မှ ခုန်ထလိုက်ပြီးအမြန်ထွက်သွားတော့သည်။
စူးယွင်သည် ယွဲ့မန်လော်သို့တစ်ယောက်တည်းရောက်လာပြီး ပြောလိုက်၏။
"ကျွန်မအမျိုးသမီးလျို့နဲ့ တွေ့ချင်ပါတယ် သတင်းပို့ပေးလို့ရမလား"
ထိုသို့ပြောပြီးနောက် ငွေတုံးလေးတစ်တုံးကို တစ်ဖက်လူ၏လက်ထဲထည့်ပေးလိုက်သည်။
သူသည်လက်ဖြင့်ဆကြည့်ပြီး ပြုံးကာ
"ရပါတယ် ခဏစောင့်ပေးပါဦး သခင်မလေး"
"ကျေးဇူးတင်ပါတယ်"
ဒုတိယထပ်ညာဘက်အစွန်ဆုံးအခန်းတွင် အမျိုးသမီးလျို့သည် ငွေဆံညှပ်ဖြင့်ဆံပင်များကိုထုံးဖွဲ့ထားသည်။မျက်နှာစိမ်းအားမြင်လိုက်သည်နှင့် သူမနှုတ်ခမ်းထက်မှအပြုံးဖျော့ဖျော့သည် မှေးမှိန်သွား၏။
သူမသည်တည်ငြိမ်အေးစက်စွာဖြင့် မေးလာသည်။
"သခင်မလေးကဘာကိစ္စရှိလို့များပါလိမ့်"
"ကျွန်မကဝမ်ကောရဲ့တာဝန်ခံစူးယွင်ပါ။ဒီနေ့အမျိုးသမီးလျို့နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ ရောက်လာတာပါ"
စူးယွင်မှပြန်ဖြေလိုက်သည်။
"ရှင့်ရဲ့ဂုဏ်သတင်းကို ကျွန်မကြားဖူးပါတယ်"
အမျိုးသမီးလျို့မှာယဥ်ယဉ်ကျေးကျေးပင်ပြန်ဖြေပြီးနောက် လက်ကိုင်ပုဝါအားကောက်ကိုင်ကာ လက်ချောင်းများဖြင့်ရစ်ပတ်နေလိုက်သည်။
"ဒါပေမယ့် ဝမ်ကောကအမျိုးသမီးဝတ်အထည်နဲ့ပက်သက်တာလုပ်ကိုင်ပြီး ယွဲ့မန်လော်ကတော့ ဖျော်ဖြေရေးလုပ်ငန်းသာသာပါပဲ။ဒါက လုံးဝကိုကွဲပြားတဲ့စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်မှာ ကျွန်မစိုးရိမ်ပါတယ်"
"အမျိုးသမီးလျို့ ရှင်ကအရမ်းဆန္ဒစောနေတာပဲ။ယွဲ့မန်လော်မှာ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေမရေတွက်နိုင်အောင်ရှိနေတာကို ပူးပေါင်းဖို့မဖြစ်နိုင်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
စူးယွင်သည် စားပွဲပေါ်လက်ချောင်းများဖြင့် အသာခေါက်လိုက်သည်။
"ဒါ့အပြင် ယွဲ့မန်လော်ကအစားအသောက်လုပ်ငန်းကိုလည်း လုပ်ကိုင်တယ်မဟုတ်လား။လူတစ်စုကနေနောက်တစ်စုကို ပြောင်းတာကငွေပိုရှာဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလား"
"မင်းကဘာကိုဆိုလိုတာလဲ"
အမျိုးသမီးလျို့မှ မေးလိုက်သည်။
မည်သူမှငွေကိုငြင်းပယ်မည်မဟုတ်သလို စူးယွင်မှသူမ၏ဖောက်သည်အုတ်မြစ်ကို ချဲ့ထွင်နိုင်သည်ဟု ပြောလာသောကြောင့် အမျိုးသမီးလျို့မှာ စိတ်ဝင်စားစရာကောင်းပြီးသင့်လျော်သည့်စိတ်ကူးဟု ယူဆမိသည်။စူးယွင်၏အဆိုပြုချက်မှာ ပူးပေါင်းဆောင်ရွက်မှုမဖြစ်ခဲ့လျှင်တောင် သူမ၏လက်ရှိအခြေအနေအရ နားထောင်ကြည့်ရုံနှင့်ထိခိုက်မသွားစေပေ။
"ဝမ်ကောမှာ အခုလက်ရှိအသင့်ချုပ်ပြီးသား အဝတ်အစားတွေ အစုလိုက်ရှိပြီး အဝတ်အစားပြပွဲတစ်ခုလုပ်ဖို့အတွက် ယွဲ့မန်လော်ကမိန်းကလေးတွေကို ငှားရမ်းချင်ပါတယ်"
သင့်တင့်သည့်အသွင်အပြင်နှင့်ကျက်သရေရှိသောအလှမယ်များကိုရှာရသည်မှာ မလွယ်ကူမှန်း စူးယွင်သိပါ၏။သို့သော်ဖျော်ဖြေရေးလောကတွင်ကြီးပြင်းလာသည့် အမျိုးသမီးများ၏အကြည့်နှင့်အပြုံးတိုင်းမှာ အချိန်ကြာလာသည်နှင့်အမျှတိုးတက်လာသည်ဖြစ်ရာ သူတို့သည်အကောင်းဆုံး ကိုယ်စားလှယ်များသာဖြစ်ကြသည်။
အမျိုးသမီးလျို့မှာ နားမလည်ဟန်ဖြင့်မေးလာ၏။
"အလှမယ်တွေနဲ့အဝတ်အစားပြပွဲဟုတ်လား"
စူးယွင်မှရှင်းပြလိုက်သည်။
"ဒါကိုပြပွဲတစ်ခုလို့ ယူဆနိုင်ပါတယ်။တစ်ကယ့်လူတွေက အဝတ်အစားတွေဝတ်ပြီးပြသရမှာပါ"
"ယွဲ့မန်လော်ကအမျိုးသမီးတွေက လှပပြီးကျက်သရေရှိတာကြောင့် ဒီအဝတ်အစားတွေကို သေသေချာချာလေးဝတ်ပြနိုင်မှာပါ"
"ဝမ်ကောကအစပိုင်းကြော်ငြာတာတွေ လုပ်ဆောင်ပေးမှာပါ။ဝင်ပေါက်မှာဖိတ်စာစစ်တာအပါအဝင်ပေါ့။ပြီးတော့ကျွန်မတို့က မျိုးရိုးမြင့်အမျိုးသမီးတွေကိုပါ ဖိတ်ကြားမှာပါ။တစ်ချိန်တည်းမှာပဲ ရှင်ကသူတို့ဆီကနေ အစားအသောက်ဝန်ဆောင်မှုတွေအတွက် စျေးကွက်ရှာဖွေနိုင်ပါတယ်။ဒါက အပြန်အလှန်အကျိုးရှိတဲ့ အခြေအနေပဲမလား"
ဝမ်ကော၌အဝတ်အစားရောင်းပြီး ယွဲ့မန်လော်မှာ အစားအစာရောင်းသည်။
အမျိုးသမီးလျို့သည် နှုတ်ခမ်းများအားတင်းတင်းစေ့ကာ စဉ်းစားလိုက်၏။ယွဲ့မန်လော်၏ဟင်းပွဲများမှာ မြို့တော်တွင်းနာမည်ကြီးပေမယ့် ဖျော်ဖြေရေးနှင့်ဆက်စပ်နေသည်ကြောင့် အမျိုးသမီး အများစုမှာ ထိုနေရာ၌စားသောက်ရန်ဆန္ဒမရှိကြ၍ အမြတ်အစွန်းမှာသိသိသာသာ ဆုံးရှုံးခဲ့ရသည်။
"ဒါကဆွဲဆောင်မှုတော့ရှိသားပဲ"
အမျိုးသမီးလျို့မှာ နောက်ဆုံးတွင်ပြောလိုက်သည်။
"အမျိုးသမီးလျို့ ဝမ်ကောကရှင့်ကိုအရှုံးခံစေမှာမဟုတ်ပါဘူး။ပြပွဲကိုသုံးရက်ကြာ ကျင်းပမှာဖြစ်လို့ ပြပွဲရဲ့အခကြေးငွေသုံးပုံနှစ်ပုံကို ရှင်နဲ့ခွဲဝေယူပါ့မယ်။စားသောက်ဆိုင်ရဲ့ရောင်းအား မကောင်းရင်တောင် ရှင်ကငွေရနေဦးမှာပါ"
စူးယွင်မှထပ်ပြောလိုက်သည်။
အမျိုးသမီးလျို့သည် သူမရှေ့မှယုံကြည်မှုအပြည့်ရှိသော အမျိုးသမီးကိုကြည့်လိုက်ပြီး နောက်ထပ်မေးခွန်းတစ်ခုထပ်မေးလိုက်၏။
"ဒါပေမယ့် ပြပွဲရောင်းအားမကောင်းရင် ဘယ်လိုလုပ်မလဲ"
"အဲလိုဖြစ်နိုင်ပါ့မလား"
စူးယွင်သည် မျက်ခုံးပင့်ကာမာန်ဝင့်၍ယုံကြည်မှုအပြည့်ဖြင့် ပြောလာ၏။
"ဝမ်ကောရဲ့အဝတ်အစားတွေက ဘယ်လိုလုပ်မရောင်းရပဲနေမှာလဲ"
သူမရှေ့ရှိအမျိုးသမီး၏ အလွန်အမင်း ယုံကြည်မှုရှိပုံကြောင့် ငြင်းပယ်ဖို့ရာခက်ခဲသွားပုံဖြင့် အမျိုးသမီးလျို့မှာ ခေါင်းသာအသာငြိမ့်ပြလိုက်ရတော့သည်။
သူမသဘောတူလိုက်သည်ကို မြင်သောအခါ စူးယွင်သည်အချိန်ဆွဲမနေဘဲ အမြန်ပြန်သွားကာ ပွဲအတွက်မြှင့်တင်မှုများကို စတင်လုပ်ဆောင်လိုက်၏။
အကျိုးသက်ရောက်မှုအမြင့်ဆုံးရရှိစေရန် စူးယွင်သည် ရုန်စာအားအကြောင်းကြားခဲ့ရာ ရုန်စာကလည်းချက်ချင်းပင် အဖွဲ့အစည်း၏နာမည်ဖြင့် ပွဲကိုကြော်ငြာရာတွင် ကူညီပေးခဲ့သည်။
အစပိုင်းတွင်လူအများအပြားသည် ဖိတ်စာရသောအခါ တက်ရောက်ရန်စိတ်အားထက်သန်ခဲ့ကြသော်လည်း တည်နေရာမှာယွဲ့မန်လော်ဖြစ်ကြောင်းမြင်လိုက်ရချိန်တွင် တုံ့ဆိုင်းသွားကြ၏။
သူတို့သည် ဝမ်ကော၏ချုံဆမ်းများကိုနှစ်သက်ပေသိ ယွဲ့မန်လော်ဆိုသည့်နေရာမှာတော့ ယဉ်ကျေးသိမ်မွေ့သောအမျိုးသမီးများဝင်ဖို့ရန် မသင့်တော်ဟုပြောလာကြသည်။သူတို့စဉ်းစားနေချိန်မှာပင် သူတို့ဖခင်များမှာ ပြပွဲအားစူးယွင်မှဦးစီးကျင်းပကြောင်းကြားလိုက်ရ၍ ဘာမှမပြောတော့ဘဲသွားကြဖို့သာ တိုက်ရိုက်ညွှန်ကြားခဲ့ကြ၏။
ယွဲ့မန်လော်မှအမျိုးသမီးများမှာ ချုံဆမ်းများဝတ်ဆင်၍ သူတို့၏ကျက်သရေကို ပြသမည်ဟု အမျိုးသားများကြားသိရသောအခါ ခံစားကြည့်ရှုကြရန် စိတ်အားထက်သန်စွာဖြင့် ဒုတိယထပ်၌သီးသန့်အခန်းများကို အလျင်အမြန်ကြိုတင်အမှာတင်ခဲ့ကြသည်။
ယွဲ့မန်လော်၏ ပထမထပ်ကိုအလယ်တွင်Tပုံသဏ္ဌာန်စင်မြင့်အဖြစ် ပြောင်းလဲထား၏။စင်မြင့်၏ဘေးနှစ်ဖက်တွင် အဖြူရောင်အဝတ်စများဖြင့်ခင်းထားသော စားပွဲဝိုင်းငယ်လေးများရှိပြီး ထိုင်ခုံနေရာ သတ်မှတ်ရန်နာမည်ကတ်ပြားများ တင်ထားသည်။
ယွဲ့မန်လော်၏ စားသောက်ဆိုင်လုပ်ငန်းနှင့် သဘောတူညီချက်အရ ဧည့်သည်များသည် ပြပွဲမတိုင်မီသာ အစားအစာများအားမှာယူရမည်ဖြစ်သဖြင့် ပွဲကိုကြည့်ရှုရင်း အစားအစာများကိုစားသုံးနိုင်မည်ဖြစ်၏။
ဆယ့်ငါးမိနစ်ကြာသော် အခန်းတစ်ခုလုံးရှိ မီးများမှိန်ကျသွားသည်။မြင့်မားသောတိုင်များထက်တွင် ဖယောင်းတိုင်များထွန်းညှိထားပြီး စူးယွင်သည်ရောင်စုံမှန်များကို အခန်းပတ်လည်တွင် ဗျူဟာကျကျထားရှိကာ စင်မြင့်ပေါ်သို့အလင်းဖျဖျကို ရောင်ပြန်ဟပ်စေ၏။
သံစုံတီးဝိုင်းအဖွဲ့မှာဗုံများအား ပြင်းထန်သောစည်းချက်နှင့်အတူ တီးခတ်လာပြီး ပြပွဲစတင်ကြောင်းကို အချက်ပြလာသည်။
ချုံဆမ်းများကိုဝတ်ဆင်ထားသော ပုံပန်းချီသဖွယ်မိန်းကလေးများသည် စင်မြင့်၏ အစွန်းနှစ်ဖက်မှနေ ညီညီညာညာလျှောက်လာကြလေ၏။သူတို့အားဦးဆောင်သူမှာ နာမည်ကြီးပြည့်တန်ဆာမလေးကျန်းဖြစ်သည်။သူမသည် အနီရောင်ချုံဆမ်းကို ဝတ်ဆင်ထားပြီး ခါးတွင်အနုစိတ်ဇာပုံစံများ ဖောက်ထားကာ နူးညံ့သည့်ဇာကွက်များသည် သူမ၏သွယ်လျသောခါးကို ပုံဖော်ပေးထား၏။
သူမစကတ်၏ခွဲကြောင်းမြင့်မြင့်မှာ သူမ၏ အပြစ်အနာအဆာကင်း၍ဖြူဖွေးသောအသားအရေကိုထုတ်ဖော်ပြသနေပြီး အနီရောင်အထည်မှတစ်ဆင့် သူမခြေတံများ၏ လှပသောကောက်ကြောင်းကိုမြင်နေရကာ အခန်းထဲရှိလူတိုင်း၏အာရုံကို ဖမ်းစားခဲ့သည်။ဝတ်စုံမှသူမခန္ဓာကိုယ်ထက်ကပ်တွယ်နေပုံသည် မည်သူမဆိုမျက်လုံးလွှဲရန် မဖြစ်နိုင်လောက်အောင်ပင်။
နောက်ထပ်ပြည့်တန်ဆာတစ်ဦးသည် ပန်းရောင်လည်ပင်းစည်းချုံဆမ်းကို ဝတ်ဆင်ထားပြီး နူးညံ့သောကြိုးများသည် သူမ၏လှပသောငန်းလည်တိုင်ကဲ့သို့ လည်တိုင်သွယ်သွယ်ကိုပေါ်လွင်စေသည်။သူမ၏ဆွဲဆောင်မှုရှိသော ညှပ်ရိုးများသည် ဆန့်ထုတ်ထားသော လက်မောင်းလေးနှင့်ဆက်စပ်နေပြီး ပုံကျနေသောအဖြူရောင်အင်္ကျီစမှာသူမခြေကျင်းဝတ်အသားအရေကို အသာဖုံးကွယ်ထားလေ၏။
ဤပွဲအတွက်ချုပ်ပုံများမှာ အရိုင်းဆန်သလို ကျက်သရေရှိလှပြီး နူးညံ့နေပြန်ကာရင့်ကျက်မှုလည်းရှိနေသည်။စင်မြင့်ထက်ရှိပြပွဲပြီးသွားသည့်နောက်တွင် လူတိုင်းထံဆန္ဒတစ်ခုသာကျန်ရစ်ခဲ့တော့၏။
ငွေကိုအမြန်ဆုံးရှာဖွေနိုင်ရန်အတွက် စူးယွင်သည် လေလံပွဲပုံစံကိုရွေးချယ်ခဲ့ပြီး အမြင့်ဆုံးဈေးပေးနိုင်သူမှာ ပစ္စည်းများကိုရရှိမည်ဖြစ်သည်။
ဝမ်ကော၏လက်ရှိရေပန်းစားမှုကြောင့် တစ်ရက်တည်းဖြင့်သုံးရက်တာပွဲနှင့်တူညီသော ငွေပမာဏကို သူမရှာဖွေနိုင်ခဲ့၏။
ဒုတိယနေ့တွင် စူးယွင်သည်လုပ်ငန်းများစွာနှင့်ဆက်သွယ်ခဲ့ပြီး ညလုံးပေါက်အလုပ်,လုပ်ကာ ပူးတွဲအမှတ်တံဆိပ် ထုတ်ကုန်အမျိုးမျိုးကို ဖန်တီးခဲ့ကြသည်။ထိုသည်တို့မှာ မြို့တော်တစ်ဝှမ်းလျင်မြန်စွာ ပျံ့နှံ့သွားပြီး ငွေအားပိုရရှိစေခဲ့၏။
စတုတ္ထနေ့တွင် စူးယွင်သည်နဥ်အန်းမင်းသမီးအိမ်တော်၌ စုဆောင်းထားသော ငွေအားလုံးကိုထုတ်ယူကာ နန်းတော်အမိန့်ကို အကြောင်းပြချက်အဖြစ်အသုံးပြုပြီး ယခင်ရရှိထားသော ရန်ပုံငွေများနှင့်အတူ လက်ရှိရထားသောဝင်ငွေများအား ဧကရာဇ်ထံနယ်စပ်ကိုထောက်ပံ့ပစ္စည်းများဝယ်ယူရန်အတွက်ဆက်သခဲ့သည်။
ယခင်ဖြစ်ရပ်ကြောင့် ဧကရာဇ်သည်ဤလုပ်ငန်းအတွက်အရာရှိများပိုခန့်ခဲ့ပြီး အိမ်ရှေ့မင်းသားကိုယ်တိုင်ဤကိစ္စကို ကြီးကြပ်စေခဲ့၏။
နိုင်ငံရေးကိုနားမလည်သော စူးယွင်သည် အရောင်းအဝယ်အားအပြီးသတ်ကာ ဝမ်ကောသို့ပြန်လာပြီး ရေချိုးကာနားရန် ပြင်ဆင်နေသည်။သို့သော်စားပွဲထက်ချန်ထားခဲ့သည့်အမွှေးနံ့သာထုပ်ကိုကြည့်လိုက်ပြီး တစ်တိုင်ထုတ်ကာမီးညှိလိုက်ပြီး အရုဏ်တက်သည်အထိထွန်းထားလိုက်၏။
အမွှေးတိုင်နံ့မှာ အခန်းတွင်းပြည့်နှက်သွားပြီး ရှောင်ဟယ်အားချောင်းဆိုးသွားစေသည်။
စူးယွင်သည် ရုတ်ချည်းချောင်းဆိုးသံကြောင့်လန့်သွားပြီး မျက်မှောင်ကြုံ့လိုက်သည်။
"ဘာဖြစ်တာလဲ"
ရှောင်ဟယ်သည် သူမနှာခေါင်းကိုသုတ်လိုက်သည်။
"နည်းနည်းလေး အနံ့ပြင်းနေလို့ပါ"
သူမသည်ထိုသို့ပြောရင်း အိပ်ရာဘေးရှိ အမွှေးတိုင်အိုးကို ကောက်ကိုင်လိုက်သည်။သူမထပ်ပြီး အနံ့ခံကြည့်လိုက်ရာ သူမအမူအရာသည် အနည်းငယ်ပြောင်းလဲသွား၏။
"ဒီအနံ့က အရမ်းရင်းနှီးနေတယ်"