← Chapters

နိုင်ငံအဆင့် စားသောက်ပွဲ အခမ်းအနား

Vol. 1 Ch. 248

နိုင်ငံအဆင့် စားသောက်ပွဲ အခမ်းအနား

Vol. 1 Ch. 248

ရှားနိုင်ငံ၏ တော်ဝင်မြို့တော် ရှားယွိမြို့သည် ပျားပန်းခပ်မျှ လှုပ်ရှား သက်ဝင်နေခဲ့သည်။ ရှန်ဝူနိုင်ငံမှ အိမ်ရှေ့စံနှင့် ကြင်ယာတော် အစောင့်အကြပ်တပ် ရောက်ရှိမှုကြောင့် ရှားယွိမြို့မှာ ပိုမိုအသက်ဝင် နေတော့သည်။

ရှန်ဝူနိုင်ငံသည် နိုင်ငံခြောက်ခုတွင် အင်အား အကြီးဆုံး ဖြစ်ပြီး ဗာဂျရာအဆင့် လူနှစ်ယောက် ရှိသော တစ်ခုတည်းသော တိုင်းပြည် ဖြစ်လေသည်။ ကျန်းပိုင်လီသည် ရှားနိုင်ငံမှ စစ်သည်သိန်းချီအား ဝိညာဉ်ပျောက ်တောင်ကြားတွင် မြုပ်နှံခဲ့ပြီးနောက် ရှားနိုင်ငံသားများမှာ ကျီးလန့်စာစား ဖြစ်နေကြဆဲ ဖြစ်လေသည်။ မည်သည့်အချိန်တွင် ရှန်ဝူနိုင်ငံမှ စစ်သည်များ ရှားနိုင်ငံတောင်ဘက်ကို ကျူးကျော်၍ ရှားနိုင်ငံကို ချေမှုန်းမည်ကို ဘယ်သူမှ မသိနိုင်ကြပေ။

ရှားဝူဟွေ့နှင့် စုလောရွှယ်တို့၏ နှစ်နိုင်ငံ ချစ်ကြည်ရေး ထိမ်းမြားမှုသည် နိုင်ငံသားများ၏ စိတ်အား အနည်းငယ် အေးစေလေသည်။ စုလောရွှယ်သည် ရှားနိုင်ငံမှ လူငယ်များစွာ၏ ရင်ထဲမှ နတ်ဘုရားမလေး ဖြစ်လျှင် ဖြစ်လိမ့်မည်။ သို့သော် နှစ်နိုင်ငံ ချစ်ကြည်ရေး ထိမ်းမြားမှုသာ လုပ်လိုက်လျှင် ရှားနိုင်ငံ ချေမှုန်းခံရမည်အား စိုးရိမ်နေစရာ မလိုတော့ပေ။ ဤတစ်နည်းတည်းကသာ ရှားနိုင်ငံသားများ၏ စိတ်နှလုံးကို အေးချမ်းစေနိုင်သည်။

ထို့ကြောင့် ရှားဝူဟွေ့ ရောက်လာသည့်အခါ ရှားနိုင်ငံမှ အရာရှိများ၊ တိုင်းသူပြည်သားများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ ရှားဝူဟွေ့သည် ရှန်ဝူနိုင်ငံ သစ္စာဖောက်၏ လုယက်တိုက်ခိုက်ခြင်း ခံရ၍ ရှားယွိမြို့သို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသော်လည်း ရှားနိုင်ငံ ပြည်သူပြည်သားများ၏ ရှားဝူဟွေ့အပေါ် ချစ်ခင်လေးစားမှုကို သက်ရောက်ခြင်း မရှိပေ။ မည်သို့ပင် ဖြစ်စေ သူသည် ရှန်ဝူနိုင်ငံ၏ အိမ်ရှေ့စံသာ ဖြစ်လေသည်။

ရှားနိုင်ငံမှ အရာရှိများသည် မချမ်းမြေ့လှသော အတိတ်ကို မေ့လျော့ နေကြသည် ထင်သည်။ အတိတ်တွင် ဘာမှ မဖြစ်ခဲ့သည့်အလား ပြုမူနေကြသည်။ သူတို့သည် ရှားဝူဟွေ့ မြို့ထဲသို့ ဝင်စဉ်တွင် တလေးတစား ကြိုဆိုကြပြီး တော်ဝင်မိသားစုမှ ရှားဝူဟွေ့ နေထိုင်ရန် အိမ်တော်ကို သေချာပြင်ဆင် ပေးလေသည်။ အရာရှိများသည် သူ့ထံ မကြာမကြာ သွားရောက်ကြပြီး လိုအပ်သည်ကို ဖြည့်ဆည်းပေးကာ ရှားနိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှုကို ပြသနေကြလေသည်။

ဘုရင် စုတိကောသည် သုံးရက်အကြာတွင် နန်းတော်အတွင်း နိုင်ငံအဆင့် စားသောက်ပွဲ အခမ်းအနားကို ကျင်းပမည်ဟု ကြေညာလိုက်ပြီး ရှားဝူဟွေ့ကို မည်မျှ အလေးထားကြောင်း ပေါ်လွင်စေခဲ့သည်။ သူတို့သည် ခြောက်ရက်မြောက် နေ့တွင် စုလောရွှယ်ကို ရှန်ဝူနိုင်ငံသို့ စေလွှတ်မည်ဖြစ်ပြီး နှစ်နိုင်ငံ ထုံးတမ်းစဉ်လာများအတိုင်း လက်ထက်ပွဲ အခမ်းအနားကို ကျင်းပ၍ တရားဝင် မဟာမိတ်ပြုမည် ဖြစ်လေသည်။

စုတိကောသည် ရှေ့ဆုံးမှ ဦးဆောင်၍ နောက်မှ ရှန်ဝူစစ်တပ် လိုက်ပါလာကာ မြို့ပြင်တွင် စခန်းချကြသည်။ စစ်သားများသည် အတော်လေး စိတ်ဓာတ် ကျနေကြသည်။ ကျန်းရီ၏ နှောင့်ယှက်မှု အပြီး စစ်သည်များ ပုန်မကန်သေးသည် ကပင် ချီးကျူးသင့်နေပြီ ဖြစ်လေသည်။

ရှားဝူဟွေ့ အရှက်မရှိဆိုလျှင် ထိုက်ရှစ်ကျန်းနှင့် သူ့လက်အောက်ခံ အရာရှိတို့က ပို၍ပင် အရှက်မဲ့သေးသည်။ သူတို့သည် ရှားနိုင်ငံမှ အရာရှိများ အလည်အပတ် လာတိုင်း လက်ခံ တွေ့ဆုံနေကြပြီး စားသောက်ပွဲ အခမ်းအနားများ ကိုလည်း ဆက်တိုက်တက်ရောက် နေကြလေသည်။ သူတို့၏ စကားအပြောအဆို တို့တွင် ရှန်ဝူနိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို သိသိသာသာ ဖော်ပြနေကြသည်။ မသိလျှင် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ရပ်တို့ကို လုံးဝ မေ့လျော့နေကြသည့် အလား ...

"ကျန်းရီကို မတွေ့သေးဘူးလား"

နိုင်ငံအဆင့် ညစာစားပွဲ အခမ်းအနား မတိုင်ခင် ညတွင် ရှားဝူဟွေ့သည် ညစာစားပွဲ တစ်ခုဆီမှ ပြန်ရောက်လာခဲ့သည်။ သူသည် ရောက်ရောက်ချင်း ရှန်ဝူနိုင်ငံမှ စစ်သူကြီးတစ်ဦးကို ဆင့်ခေါ်ကာ မေးမြန်းခဲ့သည်။

"ဘာသတင်းမှ မရသေးပါဘူး"

စစ်သူကြီးသည် အံကြိတ်၍ လျှောက်တင်လိုက်သည်။

"ကျန်းရီ တောင်စဉ်သုံးထောင်ကို သွားရင်သွား၊ မသွားရင် တစ်ယောက်ယောက်က သူ့ကို ဝှက်ထားပေးတာ ဖြစ်နိုင်ပါတယ် ... ရှားနိုင်ငံဘက်မှာလည်း ဘာသတင်းမှ မရသေးပါဘူး"

"အသုံးကို မကျဘူး"

ရှားဝူဟွေ့သည် လက်ဖက်ရည်ကို ကိုင်၍ ပေါက်ခွဲလိုက်သည်။ သူ့ပုံပန်းသွင်ပြင်သည် ဤရက်များအတွင်း ပြန်လည် ပြည့်ဖြိုးလာသော်လည်း သူ့စိတ်ထဲတွင် မည်မျှ အရှက်တကွဲ အကျိုးနည်း ခံစားနေရသည်ကို သူသာ အသိဆုံးဖြစ်သည်။ ရှားနိုင်ငံမှ အရာရှိများ၊ မှူးမတ်များသည် လေးစား၍ နှိမ့်ချသည့်ဟန် ပြုမူနေကြသော်လည်း မျက်နှာပေါ်နှင့် မျက်ဝန်းထဲမှ လှောင်ရိပ်များကို ရှားဝူဟွေ့ အတိုင်းသား မြင်နေရလေသည်။

အရေးကြီးဆုံး တစ်ခု ...

သူနှင့် စုလောရွှယ် ရှန်ဝူနိုင်ငံသို့ အပြန်လမ်းတွင် ကျန်းရီ ထပ်မံ တိုက်ခိုက်လျှင် မည်သို့ လုပ်မည်နည်း။ မိန်းမစိုးဝေ့ကို သူ့အား သယ်ဆောင်ခိုင်း၍ ရှန်ဝူနိုင်ငံသို့ ခွေးတစ်ကောင်လို ထွက်ပြေး ရဦးမည်လော။ သူသည် နိုင်ငံတစ်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်ပါလျက် ဤသို့ အရှက်ခွဲ ခံနေရသည်။ ဤရက်များအတွင်း ရှားဝူဟွေ့ ရူးမသွားသည် ကပင် တော်လှပြီဖြစ်သည်။

"ရှာကြ ... ဆက်ရှာ ... လူတိုင်းကို ရှာခိုင်း"

ရှားဝူဟွေ့သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ စစ်သူကြီးသည် ထွက်သွားရန် ပြင်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားကာ ထပ်လျှောက်တင်လိုက်သည်။

"အရှင့်သား ... မိုးပြာနဂါး အင်ပါယာက တစ်ယောက်ယောက်ကို ကင်းထောက်သံတမန် ရာထူး ချီးမြှင့်လိုက်တယ်လို့ ကြားတယ်၊ အခု ကင်းထောက်သံတမန်က အရှင့်သားနဲ့ မင်းသမီး စုလောရွှယ်ရဲ့ လက်ထပ်ပွဲကို ချီးမြှင့်ပေးဖို့ ရှားယွိမြို့ကို လာနေပြီတဲ့"

"ကင်းထောက်သံတမန် ... .အဲ့တာဘာလဲ"

ရှားဝူဟွေ့သည် ထိုသို့သော အကြောင်းအရာတို့ကို နားထောင်ချင်စိတ် ရှိပါမည်လော။ သူသည် မိုးပြာနဂါး အင်ပါယာကို အထင်မကြီးရာ အင်ပါယာမင်းသား၊ မင်းသမီးများအကြောင်း ဆိုလျှင်တောင် စိတ်မဝင်စားပေ။ သူသည် လက်ယမ်းကာသာ ပြောလိုက်သည်။

"အဲဒါတွေ တွေးမနေနဲ့၊ ကျန်းရီကိုသာ အရင်ရှာ ... သူ့ကို မတွေ့မချင်း ငါ့ကို သတင်းလာမပို့နဲ့"

***

"ကင်းထောက်သံတမန်"

ရှားနိုင်ငံ၏ နန်းတွင်း  တစ်နေရာတွင် အရက် သောက်ထားသည့်အလား ဖြူဖျော့နေသည့် မျက်နှာ၊ မနိမ့်လွန်း မမြင့်လွန်းသော အရပ်နှင့် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသူ တစ်ဦး ရှိလေသည်။ ရှားနိုင်ငံ၏ ဘုရင် စုတိကောသည် အမှုထမ်းထံမှ သတင်းရသည်နှင့် မျက်နှာပျက်သွားခဲ့သည်။

သူသည် ဘေးရှိ ကုန်းကုန်းကြီးကို ကြည့်ကာ မေးလိုက်သည်။

"ဒီကင်းထောက် သံတမန်က ဘယ်ကလာတာလဲ၊ ဘာလို့ စောစောစီးစီးက သတင်း မပို့ကြတာလဲ၊ ဘာလို့ ဒီကင်းထောက်သံတမန် အကြောင်း ဘာအချက်အလက်မှ မရှိတာလဲ"

ကုန်းကုန်းကြီးသည် ဦးညွှတ်၍ ပြန်လျှောက်တင်လိုက်သည်။

"မင်းကြီး ... ဒီကင်းထောက် သံတမန်က ဒီနှစ်ရက်အတွင်းမှ ပေါ်ထွက်လာတာပါ၊ မြို့အုပ်ချုပ်သူ အရာရှိလင်းက စာချွန်လွှာတစ်ခု ပါးလိုက်ရုံပဲ ရှိပါသေးတယ် ... ဒီကင်းထောက်သံတမန် ဘယ်သူလဲ ဆိုတာကိုတော့ ကျွန်တော်မျိုးလည်း မသိကြောင်းပါ ... သူက ရထားလုံးထဲမှာပဲ နေပြီး အပြင်ကို မထွက်ပါဘူး၊ ဒါပေမဲ့ အင်ပါယာက မကြာခင် ကြေညာလိမ့်မယ် အုပ်ချုပ်သူလင်းက ပြောပါတယ်၊ သူက မင်းသမီးရဲ့ လက်ထပ်ပွဲကို အင်ပါယာကိုယ်စား လာရောက်ချီးမြှင့်မှာပါ"

"အိုး ... ကောင်းပြီလေ"

စုတိဝမ်သည် ခေါင်းကိုက်လာ၍ နားထင်ကြောများကို ဖိကာ ညွှန်ကြားလိုက်သည်။

"ဒါဆိုလည်း ကင်းထောက်သံတမန်ကို ကောင်းကောင်းကြိုဆိုပြီး လက်ဆောင် ကောင်းကောင်းတွေလည်း ပြင်ဆင်ပေးလိုက်၊ သူ့ကို လျစ်လျူရှုမထားနဲ့ ... ပြီးတော့ လူတစ်ယောက် လွှတ်ပြီး သူနဲ့ ပတ်သက်တာတွေနဲ့ မင်းသမီး လင်းရွှယ် ဘာလိုချင်တာလဲ ဆိုတာ စုံစမ်းခိုင်းလိုက်"

"ကောင်းပါပြီ"

ကုန်းကုန်းကြီးသည် အရိုအသေ ပေးလိုက်ပြီး စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်ထက် မြန်သော အမြန်နှုန်းဖြင့် အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ် သွားခဲ့သည်။

***

နောက်တစ်နေ့တွင် နိုင်ငံအဆင့် စားသောက်ပွဲ အခမ်းအနား စတင်ခဲ့သည်။ အခြားလေးနိုင်ငံမှ သံတမန်များသည် ရှားယွိမြို့သို့ စောစော ရောက်ရှိနေကြပြီး နန်းတော်ထဲ ဝင်ကြလေသည်။ ရှားဝူဟွေ့သည်လည်း နန်းတွင်းဝတ်စုံကို ဆင်ယင်၍ ရှားနိုင်ငံစစ်တပ်၏ အကာအကွယ်နှင့် နန်းတွင်းသို့ သွားရောက်လေသည်။ လမ်းတစ်လျှောက်တွင် ရှားနိုင်ငံသားတို့၏ ကောင်းချီးပေးသံများ သောသောညံ နေကြသည်။ လက်ထပ်ပွဲပြီးသွားလျှင် ရှားနိုင်ငံနှင့် ရှန်ဝူနိုင်ငံ တရားဝင် ပေါင်းစည်းသွားကြမည် ဖြစ်ပြီး ရှားနိုင်ငံသားတို့မှာ နိုင်ငံပျက်စီးမည့် အရေး တွေးပူနေရန် မလိုတော့ချေ။

"ကျင်းရှန်နိုင်ငံမှ သံတမန် ရောက်ရှိလာပါပြီ"

"မြောက်ဘက် လျန်နိုင်ငံမှ သံတမန် ရောက်ရှိလာပါပြီ"

"မြောက်ဘက် မန့်နိုင်ငံမှ သံတမန် ရောက်ရှိလာပါပြီ"

နန်းတွင်း၏ ရင်ပြင်ကျယ်ကြီးထဲတွင် ဟင်းလျာများ၊ သစ်သီးအမျိုးမျိုးနှင့် ဝိုင်တို့ကို ရွှေရောင် စားပွဲကြီးများနှင့် ခင်းကျင်း ထားလေသည်။ ရှားနိုင်ငံမှ စာပေသမားများ၊ အရာရှိများသည် အခမ်းအနားသို့ စောစီးစွာ ရောက်ရှိနေကြပြီး သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ထိုင်နေကြလေသည်။ အခြားနိုင်ငံများမှ သံတမန်များသည် လက်ဆောင်ပစ္စည်းများ ပေးအပ်၍ ဆုမွန်ကောင်း တောင်းပေးကြသည်။

"ရှန်ဝူနိုင်ငံ အိမ်ရှေ့စံမင်းသား ရောက်ရှိလာပါပြီ"

ရှားဝူဟွေ့သည် နန်းတွင်းထဲ ခပ်မြန်မြန် ဝင်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့သည် နိုင်ငံအဆင့် အခမ်းအနား တစ်ခုဖြစ်ပြီး သူသည် ကုန်းကုန်းဝေ့၊ တာဝန်ရှိ စစ်သူကြီး ထိုက်ရှစ်ကျန်းနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဋ္ဌမအဆင့် လူလေးယောက်ကိုသာ ခေါ်လာခဲ့ရသောကြောင့် ဖြစ်လေသည်။

"ဂုဏ်ပြုပါတယ် ... "

ရှားဝူဟွေ့ ရောက်လာသည်နှင့် လူတစ်အုပ်က ဝိုင်းအုံကာ ဆုမွန်ကောင်းများ တောင်းပေးကြတော့သည်။ ရှားဝူဟွေ့သည် ရွေးချယ်စရာ မရှိဘဲ စိုးရိမ်ကြောင့်ကြမှုများကို ဘေးချိတ်၍ ပြန်လည် နှုတ်ဆက်နေရလေသည်။

"ရှန်မိနိုင်ငံရဲ့ သံတမန် မင်းသမီးယွင်ဖေး ရောက်ရှိလာပါပြီ"

အော်သံစူးစူး ပျံ့လွင့်လာသောကြောင့် လူအုပ်သည် တစ်ခဏ မှင်တက်သွားကြသည်။ ရှန်မိနိုင်ငံသည် မင်းသမီးတစ်ပါးကို အမှန်တကယ် စေလွှတ်ခဲ့သည်။ ထို့ပြင် ထိုမင်းသမီးသည် ထူးချွန် ထက်မြက်လှသည်ဟု နာမည်ကြီးသော မင်းသမီးဖြစ်လေသည်။

လူတိုင်းသည် ဂိတ်တံခါးဝကို ကြည့်ရှုနေကြလေသည်။ နိုင်ငံအဆင့် စားသောက်ပွဲ အခမ်းအနားကို တက်ရောက်ရန် အဆင့်မီသော လူငယ်များ၏ မျက်လုံးများ တောက်ပနေကြလေသည်။ ယွင်ဖေးသည် အတွင်းဝတ်များနှင့် လွန်စွာ ပနံသင့်လှသော ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမသည် အလွန ်တောက်ပနေပြီး လူတိုင်းအား ဖမ်းစား နေခဲ့သည်။ ရှားဝူဟွေ့သည်ပင် သူမမှာ အသက်ရှူ မှားလောက်အောင် လှသည်ဟု ခံစားလိုက်ရသည်။

ယွင်ဖေး၏ နှုတ်ခမ်းများသည် သိမ်မွေ့သော အပြုံးတစ်ခုကို ပုံဖော်လျက်ရှိပြီး ရှားဝူဟွေ့ကို လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အပြန်အလှန် နှုတ်ဆက်စကား ဆိုလိုက်သည်။ ထို့နောက် သူမနေရာတွင် ဝင်ထိုင်နေခဲ့သည်။

"စစ်သေနာပတိချုပ် ရောက်ရှိလာပါပြီ"

အချိန် ကုန်လာသည်နှင့် အရေးပါသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။ နန်းတွင်းရင်ပြင်သည် ဧည့်သည်များဖြင့် ပြည့်လို့နေသည်။ ရှားဝူဟွေ့သည် ရှေ့ဆုံးတန်း၏ ဘယ်ဘက်ထောင့်တွင် ထိုင်လျက်ရှိပြီး မင်းကြီးနှင့် စုလောရွှယ်တို့ ရောက်လာမည့်အချိန်ကို စောင့်ကြည့်နေသည်။

"မင်းကြီးနဲ့ မင်းသမီး လောရွှယ် ရောက်ရှိလာပါပြီ"

ထိုကြည်လင်လှသော အသံ ထွက်ပေါ်လာချိန်တွင် လူတိုင်းသည် မတ်တတ်ရပ်လိုက်ကြပြီး ရှေ့သို့ စိတ်အားထက်သန်စွာ စောင့်ကြည့် နေကြလေသည်။ မင်းကြီးစုတိဝမ်သည် အသက်ရှူ မှားလောက်အောင်လှသည့် မိန်းမပျိုလေး တစ်ယောက်ကို လက်တွဲ၍ ဝင်လာသည့်အခါ လူတိုင်းသည် လက်ဆောင်ပေးအပ်ရန် အဆင်သင့် ပြင်လိုက်ကြသည်။ ထိုခဏတွင် ရှားဝူဟွေ့၏ မျက်နှာထက်တွင် အလွန်တောက်ပသော အပြုံးတစ်ခု ရှိနေခဲ့သည်။

"ကင်းထောက်သံတမန် ကျန်း ... ရောက်ရှိလာပါပြီ"

အပြင်မှ အော်သံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အပြင်တွင် ရပ်နေသော မိန်းမစိုး၏ အော်သံမဟုတ်ဘဲ မိုးပြာနဂါး အင်ပါယာမှ ရှားနိုင်ငံတွင် တာဝန်ကျနေသည့် အရာရှိလင်း၏ အော်သံ ဖြစ်လေသည်။

"ဝှစ် ... ဝှစ် ... ဝှစ်"

ရှားနိုင်ငံမှ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ၊ မှူးမတ်များသည် အပြင်ဘက်သို့ ဒေါသတကြီး ကြည့်လိုက်ကြသည်။ ဘယ်လို အကျိုးကြောင်း မဆီလျော်တဲ့ ကင်းထောက်သံတမန်လဲ ... မင်းကြီး ရောက်လာရုံပင် ရှိသေး၍ လူတိုင်းသည် လက်ဆောင်များ ပေးရန် ပြင်ဆင်နေကြချိန် ဖြစ်သည်။ ထိုလူက အခမ်းအနားကို နှောင့်ယှက်ရန်များ လာရောက်လေသလော။

ရှားဝူဟွေ့၊ ယွင်ဖေး၊ စုလောရွှယ်နှင့် နိုင်ငံအသီးသီးမှ သံတမန်များသည် အပြင်ဘက်သို့ ကြည့်လိုက်ကြသောအခါ အံ့အားသင့် သွားကြသည်။ အကြည့် တစ်ချက်တည်းနှင့်ပင် သူတို့ အားစေးမိ ဆွံ့အသွားရန် လုံလောက်နေလေပြီ။ ယွင်ဖေး၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး ရှားဝူဟွေ့မှာ သုန်မှုန်သွားခဲ့သည်။

ထူးခြားသည့် ဖြစ်တည်မှုနှင့် လူငယ်တစ်ဦး ... ထိုလူငယ်သည် အနီရောင်ချုပ်ရိုး ရွှေရောင်ဖောင်းကြွ ပုံရိပ်တို့ဖြင့် ဆင်ယင်ထားသော အနက်ရောင် အရာရှိ ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ဓား တစ်ချောင်းကို ချိတ်ထားကာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ှစ်ယောက် ခြံရံ၍ လျှောက်လှမ်း လာခဲ့သည်။

လူငယ်သည် နန်းရင်ပြင်သို့ သိမ်မွေ့ခြင်း အလျဉ်းမရှိဘဲ ဝင်ရောက်လာကာ အတွင်းရှိ လူတိုင်းကို အထက်စီးဆန်စွာ ကြည့်လိုက်ပြီး မကျေနပ်သည့် လေသံနှင့် ပြောလိုက်သည်။

"ကင်းထောက် သံတမန်ကို မြင်တဲ့အခါ ဘယ်လို အရိုအသေ ပေးရမလဲဆိုတာ မသိကြဘူးလား ... မင်းတို့တွေ ပုန်ကန်ဖို့ ကြိုးစားနေကြတာလား"

"ဟင် ... "

နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် ဝတ်ရုံရှည်ကို ဆင်မြန်းထားသော ရေခဲကြာပွင့်လေး အလား လှပနေသည့် စုယလောရွှယ်သည် လူငယ်ကို မြင်သည့်ခဏတွင် မျက်ဝန်းများ ဝိုင်းစက်သွားခဲ့သည်။ မည်သည့် ခံစားချက်မှ မရှိဘဲ အေးစက်နေသည့် မျက်နှာထက်တွင် မြို့များ၊ နိုင်ငံများကိုပင် ကျရှုံးသွားစေသည့် အပြုံးလေးတစ်ခု ပထမဆုံးအကြိမ် ဖြစ်ထွန်းလာခဲ့သည်။

***

All Chapters