ကမ္ဘာ့အရယ်ရဆုံး ဟာသ
Vol. 1 Ch. 249
ကျန်းရီ ... မိုးပြာနဂါး အင်ပါယာ၏ ကင်းထောက်သံတမန် ...
ဤသည်မှာ ကမ္ဘာ့အရယ်ရဆုံး ဟာသဖြစ်သည်။
ထိုအတွေးသည် နန်းရင်ပြင်ရှိ လူများအားလုံး၏ အမြင်ဖြစ်သည်။ မင်းသမီး ယွင်ဖေးသည်တောင် ရယ်ချင်ချင် ဖြစ်နေခဲ့သည်။ နိုင်ငံသစ္စာဖောက်မှု ကျူးလွန်ထားသည့် အပြစ်သားသည် ဘဝအသစ်စကာ မိုးပြာနဂါး အင်ပါယာ၏ ကင်းထောက်သံတမန် ဖြစ်လာခဲ့သည်။ သူသည် စားသောက်ပွဲ အခမ်းအနားသို့ ပေါ်ပေါ်ထင်ထင် လာရောက်ခဲ့သည်။ ရောက်လာသည်နှင့် လူများအား သူ့ကို အရိုအသေ ပေးကြရန် ပြောနေလိုက်သေးသည်။
ရှားနိုင်ငံမှ အရာရှိများနှင့် စစ်သူကြီးများ ဒေါသ ထွက်နေကြသော်လည်း ယခုတွင် ပိုမိုဒေါသ ထွက်လာကြသည်။ မိုးပြာနဂါး အင်ပါယာသည် အမည်သာ ရှိတော့ပြီး တကယ်တမ်း ပျောက်ကွယ်နေသည်မှာ ကြာလှပေပြီ။ သူတို့သည် ရှားနိုင်ငံတွင် အခြေစိုက်၍ အုပ်ချုပ်နေသည့် အရာရှိလင်း ကိုတောင် အသိအမှတ် မပြုကြပေ။ ယခုမှ ဘယ်နေရာက ထွက်လာမှန်း မသိသည့် ကင်းထောက်သံတမန် ကျန်းရီကိုဆိုလျှင် ထည့်ပြောနေရန်တောင် မလိုချေ။
စစ်သူကြီး တစ်ဦးသည် ဒေါသ ထွက်လွန်းသဖြင့် မတ်တတ်ရပ်၍ ကျန်းရီကို လက်ညှိုးငေါက်ငေါက် ထိုးကာ အော်ဟစ်တော့သည်။
"မင်းက ဘာလဲ ... ငါတို့က မင်းကို နှုတ်ဆက်ရမယ်လား၊ ဘယ်မှာလဲ တော်ဝင်စစ်တပ် ... သူ့ကို ဆွဲခေါ်သွားပြီး ခေါင်းဖြတ်လိုက်စမ်း"
"ဟား ... ဟား ... ဟား"
ကျန်းရီသည် စုလောရွှယ်ကို လျစ်လျူရှုထားပါရန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေး၍ ဘုရင် စုတိကောကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ခါးမှ ရွှေဓားကို ဆွဲဖြုတ်လိုက်ပြီး ကိုင်မြှောက်ကာ ကျန်လက်တစ်ဖက်မှ ရွှေရောင်နဂါးပုံ အရာရှိ တံဆိပ်တုံးကို ကိုင်၍ အော်ပြောလိုက်သည်။
"ရှားနိုင်ငံရဲ့ ဘုရင် ... သေချာကြည့်ပါ၊ ဒါက အင်ပါယာ အဖွဲ့အစည်းရဲ့ အုပ်ချုပ်သူကို ကိုယ်စားပြုတဲ့ဓား ... ဒီအရာရှိ တံဆိပ်တုံးကိုရော အတုလုပ်လို့ ရပါ့မလား ... ဒီသံတမန်က အင်ပါယာ ကိုယ်စား နယ်မြေကို ကြည့်ရှုစစ်ဆေးဖို့ တရားဝင် ခန့်အပ်ခံထားရတာ ... ငါ့မှာ ဘုရင် ဒါမှမဟုတ် ပုန်ကန်ချင်တဲ့ စစ်သူကြီးကို ခေါင်းဖြတ် ကွပ်မျက်ခွင့် အပြည့်အဝ ရှိတယ်"
"ရှားနိုင်ငံက မိုးပြာနဂါး အင်ပါယာရဲ့ လက်အောက်ခံ မဟုတ်ဘူးလား၊ ဒါက အင်ပါယာကို ပေါ်တင် စော်ကားလိုက်တာပဲ၊ ငါ့ကို ခေါင်းဖြတ်လိုက်လို့ ရတယ် ... ဒါပေမဲ့ ဧကရာဇ်က ကျန်နိုင်ငံ ငါးခုကို ပုန်ကန်တဲ့ နိုင်ငံကို ချေမှုန်းဖို့ အင်ပါယာ အမိန့်စာ ထုတ်လိုက်ရင် ခင်ဗျားတို့ ရှားနိုင်ငံက ကျန်နိုင်ငံ ငါးခုရဲ့ စစ်တပ်တွေကို ခုခံနိုင်မှာလား"
ကျန်းရီသည် အတွင်းအားသုံး၍ စကားပြောနေသောကြောင့် သူ့လေသံများမှာ လူတိုင်း၏ နားတွင် မိုးခြိမ်းသည့်အလား ပဲ့တင် ထပ်နေတော့သည်။ စကား တစ်လုံးချင်းစီသည် အားမာန်အပြည့် ရှိလှပြီး လူတချို့၏ မျက်လုံးထဲတွင် ထိတ်လန့်ဟန်များ ပေါ်လျက်ရှိသည်။
"ဒါက ... "
ရှားနိုင်ငံ၏ ဘုရင် စုတိဝမ်သည် အစတည်းက သူရဲဘောကြောင်၍ အားနည်းသူ ဖြစ်လေသည်။ နှစ်ပေါင်းများစွာ အသောက်အစားနှင့် အပျော်အပါး လိုက်စားပြီးနောက် သူ့အရည်အချင်းများမှာ လုံးဝ ပျောက်ဆုံးလို့ နေခဲ့ပေပြီ။ သူသည် ကျန်းရီ၏ စကားများကြောင့် ထိတ်လန့်နေခဲ့သည်။
စုတိဝမ်သည် နှစ်နိုင်ငံ မဟာမိတ်ပြုရေး အတွက်ဆိုကာ သူ့သမီးကို ရောင်းစားခဲ့စဉ်က ရှန်ဝူနိုင်ငံမှ ရှားနိုင်ငံအား ချေမှုန်းမည်ကို ကြောက်၍ပင် ဖြစ်လေသည်။ ယခု ကျန်းရီသည် သူတို့နိုင်ငံအား နိုင်ငံငါးခု ပေါင်း၍ တိုက်ခိုက်မည်ဟု ပြောသည့်အခါ သူသည် ထိတ်လန့်လွန်း၍ ရှေ့သို့ ကပျာကယာ ခြေနှစ်လှမ်း တိုးလာပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်လာခဲ့သည်။
"ကင်းထောက်သံတမန် ... အထင်မလွဲပါနဲ့၊ စုတိဝမ်မှာ အင်ပါယာကို ပုန်ကန်ဖို့ ရည်ရွယ်ချက် တစ်ခုမှ မရှိပါဘူး၊ ရှားနိုင်ငံက အင်ပါယာ အဖွဲ့အစည်းကို အမြဲသစ္စာရှိရှိ အမှုထမ်းခဲ့တာ ဘာလို့ ပုန်ကန်ဖို့ စဉ်းစားရမှာလဲ ... နားလည်မှု လွဲတာပါ၊ ဒါက နားလည်မှု လွဲသွားရုံပါ "
"ဟင် ... "
ယွင်ဖေးနှင့် အခြားနိုင်ငံများမှ သံတမန်များ အပါအဝင် ရှားနိုင်ငံမှ အရာရှိများသည်ပင် ဟင်ခနဲ ဖြစ်ကုန်ကြသည်။ ယွင်ဖေးနှင့် ကျန်လူများ၏ မျက်လုံးများထဲတွင် လှောင်ရိပ်တို့ စွန်းထင်းနေခဲ့ပြီး ရှားနိုင်ငံမှ အရာရှိများ၏ မျက်ဝန်းထဲတွင်တော့ စိတ်ပျက်ဟန်များက အတိုင်းသားဖြစ်သည်။
အင်ပါယာသည် အမည် ကျန်နေသေးပြီး မည်သည့် နိုင်ငံကမှ ပေါ်ပေါ်ထင်ထင် ပုန်မကန်ရဲသော်လည်း ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်လာခဲ့သည်မှာ နှစ်တစ်သောင်းခန့် အကြာထဲက ဖြစ်လေသည်။ အင်ပါယာသည် အမည်ခံဖြင့်သာ နယ်မြေကို အုပ်ချုပ်နေသည်ဟု ပြောနိုင်ပြီး အင်ပါယာ၏ အာဏာ ကွယ်ပျောက်သွားသည်မှာ ကြာလှပေပြီ။ လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း မိုးပြာနဂါး အင်ပါယာသည် မည်သည့်နိုင်ငံကိုမှ တိုက်ခိုက်ချေမှုန်းခြင်း မရှိခဲ့ပေ။ သူတို့ တိုက်ခိုက်မည် ဆိုလျှင်တောင် အကြိမ်တစ်သောင်းခန့် စဉ်းစားကြရမည် ဖြစ်သည်။
ရှားနိုင်ငံသည် အားနည်းလွန်း၍ မိုးပြာနဂါး အင်ပါယာကို ကြောက်နေရသည် ဆိုလျှင်တောင် ကြောက်နေသူ စုတိဝမ်သည် ဘုရင်တစ်ပါး ဖြစ်နေသေးသည်။ အဘယ့်ကြောင့် သာမန် ကင်းထောက်သံတမန်လေးကို ကြောက်နေရပါသနည်း။ သူကျန်းရီကို ခေါင်းဖြတ်လျှင်တောင် အင်ပါယာ အဖွဲ့အစည်းမှ နိုင်ငံငါးခုကို ချီတက်ခိုင်း၍ ရှားနိုင်ငံကို ချေမှုန်းရန် အမိန့် ပေးနိုင်ပါမည်လော။ အမိန့်ပေးနိုင်လျှင်တောင် ကျန်ငါးနိုင်ငံက နာခံပါမည်လော။
အပြန်အလှန် အမှီသဟဲပြုခြင်းကို နားမလည်သူ မရှိပေ။ ရှားနိုင်ငံသာ ချေမှုန်း ခံလိုက်ရလျှင် နောက်တစ်လှည့်တွင် ကျင်းရှန်နိုင်ငံ၊ နောက်တစ်လှည့်တွင် ရှန်မိနိုင်ငံ စသဖြင့် ဖြစ်လာမည်သာ။
စကားဆုံးသွားခါမှ စုတိဝမ်သည် သူ့တွင် ဘုရင်တစ်ပါး၏ အရှိန်အဝါ၊ သြဇာတို့ ပျောက်ဆုံးနေသည်ကို သတိထား မိသွားခဲ့သည်။ သူသည် အိုးတိုးအမ်းတမ်းနှင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော် ကျန်းရီသည် ရုတ်တရက် ရွှေဓားကို ဆွဲထုတ်ကာ သူ့အား ကြိမ်းမောင်းသော စစ်သူကြီးအား ဓားဖြင့် ညွှန်ကာ အော်ပြောလိုက်ပြန်သည်။
"မင်းကြီးစု ... ခင်ဗျားမှာ ပုန်ကန်ချင်တဲ့ ရည်ရွယ်ချက် မရှိဘူးဆိုရင် ဘာလို့ ဒီစစ်သူကြီး သံတမန်ကို မထီမဲ့မြင် လုပ်တာ ခွင့်ပြု ထားရတာလဲ၊ ငါ့ကို ခေါင်းဖြတ်ချင်နေတာ ... ဒီလို အပြစ်သားက ဘယ်လိုလုပ်ပြီး ရှားနိုင်ငံရဲ့ စစ်သူကြီး ဖြစ်လာတာလဲ၊ ဒါက ကမ္ဘာ့ အရယ်ရဆုံး ဟာသပဲ ... မင်းကြီးစု ဒီအပြစ်သားကို ဒီသံတမန်ကိုယ်တိုင် ခင်ဗျားအတွက် ခေါင်းဖြတ်ပေးရမလား၊ ခင်ဗျားကိုယ်တိုင်ပဲ လုပ်မလား"
"ဝိုး"
နန်းတွင်းထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
အာဏာရှိလျှင် မည်သူ့ကိုမှ မသက်ညှာ၊ မောက်မာမှု၏ အနက်အဓိပ္ပာယ် ဆိုသည်မှာ ဘာတွေများ ဖြစ်သနည်း။
ယနေ့တွင် သူတို့သည် ထိုစကားတို့ဖြင့် ဖော်ပြ၍ ရသော လူတစ်ယောက်ကို ကိုယ်တွေ့ ကြုံလိုက်ရပြီဖြစ်သည်။ မနေ့ကအထိ ကျန်းရီသည် ရှန်ဝူနိုင်ငံနှင့် ရှားနိုင်ငံမှ ဖမ်းဆီးမိန့် ထုတ်ခံထားရသော အပြစ်သားဖြစ်သည်။ ယနေ့ သူသည် မိုးပြာနဂါးအင်ပါယာ၏ ကင်းထောက်သံတမန် အဖြစ် ပြောင်းလဲသွားကာ ရှားနိုင်ငံ နန်းတွင်းထဲသို့ နောက်လိုက် နှစ်ဦးတည်းဖြင့် ဝင်ရောက်လာခဲ့သည်။ ယခု သူသည် ရှားနိုင်ငံမှ စစ်သူကြီးတစ်ဦး၏ ခေါင်းကိုတောင် ဖြတ်ချင်နေသေးသည်။
လင်းချမ်းနှင့် လင်းကျန့်တို့သည် မျက်နှာများ ပျက်နေကြလေပြီ။ လင်းကျန့်ဆိုလျှင် ခြေထောက်များပါ ပျော့ခွေနေကာ လဲကျသွားမတတ် ဖြစ်နေခဲ့သည်။ ဒီအရှင်ပေါက်စက နည်းနည်းများ မနေဘူးလား၊ ရှားနိုင်ငံမှာ သူ့ကို ဆန့်ကျင်ရဲတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ထင်နေတာလား ... ရှားနိုင်ငံမှ ထိုလူများကို ဆန့်ကျင်မိလျှင် သုံးယောက်မှသည် သုံးလောင်းပြိုင် ဖြစ်သွားပေလိမ့်မည်။
"ဒါ ... ဒါက"
မင်းကြီး၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သည်။ သို့သော် သူသည် ရှက်ရွံ့နေပြီး မည်သည့်နေရာက စကားစရမည်ကို မသိပေ။ သူသည် ရှားနိုင်ငံ၏ စစ်သေနာပတိချုပ် စုတိကောနှင့် နံပါတ်တစ် စာပေရေးရာဝန်ကြီး စုတုံရှန်းအား လှမ်းကြည့်လိုက်သည်။
စုတိကော၏ မျက်နှာမှာ မည်းသည်းနေလေသည်။ သူ့အား ထိုနေ့က ကျန်းရီ အရှက်ခွဲခဲ့သည်။ ယခုအခြေအနေ တွင်လည်း သူနှင့် သွေးသားတော်စပ်သော စုတိဝမ်မှာ အကူအညီ မဲ့သည့် အခြေအနေ ဖြစ်နေသောကြောင့် သူဝင်ပါလိုက်ရသည်။
သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ရင်ထဲမှ သတ်ဖြတ်လိုစိတ်များကို ထိန်းချုပ်ကာ လက်နှစ်ဖက် ဆုပ်၍ ပြောလိုက်သည်။
"ကင်းထောက်သံတမန် ကျန်း ... ဒါက နားလည်မှုလွဲတာ ဖြစ်နေမှတော့ ဒီအတိုင်း ထားလိုက်ကြရအောင်လား၊ ကျွန်တော့်ကို မျက်နှာသာ မပေးချင်ရင်တောင် မင်းကြီးကို မျက်နှာသာ ပေးသင့်တယ်မလား"
"တစ်ယောက်နဲ့တစ်ယောက် မျက်နှာသာ ပေးရမယ်လား"
ကျန်းရီသည် အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့ပုံမှာ လုံးဝ အလျှော့ပေးမည့်ပုံ မရှိချေ။ သူသည် မျက်မှောင်ကြုတ်၍ တည်တည်ငြိမ်ငြိမ် မေးခွန်းပြန်ထုတ်လိုက်သည်။
"ကင်းထောက် သံတမန်ကျန်းလို့ ခေါ်လိုက်တာလား၊ ရာထူးအဆင့် အရဆို ခင်ဗျားက ကျွန်တော့်ထက် အများကြီး နိမ့်တယ်မဟုတ်လား ... ဘာလို့ အရှင်ကျန်းလို့ မခေါ်တာလဲ"
"မင်း ... "
စုတိကော၏ ကိုယ်ပေါ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်များ လျှံထွက်လာခဲ့ပြီး ကျန်းရီကို လက်ဝါးတစ်ချက် ရိုက်လိုက်ရန် ပြင်လိုက်သည်။ ဤအကောင် တော်တော် လွန်နေလေပြီ။
စုတိဝမ်သည် ပြဿနာ တက်တော့မည့် အရေးကို မြင်သောအခါ ရှက်ရယ်ရယ်၍ အခြေအနေကို အမြန်ဝင်ထိန်းလိုက်ရသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ ... ကင်းထောက်သံတမန် ကျန်း ဒေါသမထွက်ပါနဲ့၊ စစ်သေနာပတိချုပ်လည်း နောက်ဆုတ်လိုက်ပါ၊ ဒါက အထင်လွဲတာပါ ... ကင်းထောက်သံတမန် ကျန်းက ဒီမင်းကြီးကို မျက်နှာသာပေးမယ် မဟုတ်လား"
ကျန်းရီသည် တိတ်ဆိတ်နေလိုက်လေလျှင် လေထုမှာ အတော်လေး ကိုးရိုးကားရား နိုင်လာသည်။ ရှားနိုင်ငံမှ လူတိုင်းသည် လူသတ်ငွေ့များ ရစ်သိုင်းနေပြီး ကျန်းရီနှင့် သူ့နောက်လိုက် နှစ်ယောက်ကို အချိန်မရွေး သတ်ပစ်ကြမည့်ပုံ ပေါက်လာခဲ့သည်။
လင်းချမ်းနှင့် လင်းကျန့်တို့၏ ကျောပြင်သည် ချွေးတို့ဖြင့် ရွှဲစိုနေသော်လည်း စကားဝင် မပြောရဲချေ။ သူတို့သည် ကျန်းရီအား ကူကယ်ရာမဲ့စွာသာ ကြည့်နေရလေသည်။
"ကင်းထောက်သံတမန် ကျန်း"
ထိုအချိန်တွင် တိတ်ဆိတ်နေသော စုလောရွှယ်သည် ရုတ်တရက် စကားပြော လာခဲ့သည်။ သူမ အော်လိုက်ပြီးနောက် လှပသော မျက်လုံးအစုံသည် ကျန်းရီထံ ရောက်ရှိလာခဲ့သည်။
"ကင်းထောက်သံတမန် ကျန်းက အရမ်း မာနကြီးတာပဲ၊ ကျွန်မ ခမည်းတော်ကိုတောင် မျက်နှာသာ မပေးဘူး ... ဘာလို့ ကျွန်မနဲ့ ခမည်းတော်ကို အခု မသတ်လိုက်တာလဲ"
"ဟင် ... "
ကျန်းရီ၏ ခံစားချက် ကင်းမဲ့သော မျက်နှာထက်တွင် အမူအရာ အချို့ ပေါ်ထွက်လာခဲ့သည်။ သူ့မျက်လုံးများသည် ခါးသီးသည့် အမူအရာကို ထင်ဟပ် ပြသနေပြီး သူ့နှုတ်ခမ်းများ ကွေးညွှတ်သွားကာ အပြုံးတစ်ခုနှင့် စကားဆိုလိုက်သည်။
"ဒီကင်းထောက် သံတမန်က တစ်လောကလုံးရဲ့ မျက်နှာကို မထောက်ရင်တောင် မင်းသမီး လောရွှယ်နဲ့ မင်းကြီးစုကိုတော့ ထောက်ထား ပေးရမှာပေါ့၊ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်ကြတာပေါ့ ... မင်းကြီးစု ဒီကင်းထောက်သံတမန် အတွက် ထိုင်စရာနေရာ မပေးတော့ဘူးလား"
***