ဒီဘုရင်နဲ့ အတူထိုင်ပါ
Vol. 1 Ch. 250
"ဟူး..."
ကျန်းရီ အပါအဝင် ခန်းမထဲမှ လူအတော် များများသည် စိတ်သက်သာရာ ရသည့်အနေနှင့် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ လင်းချမ်းနှင့် လင်းကျန့်သည် သူတို့ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး အခုမှ ပြုတ်ကျသွားသလို ခံစားလိုက်ကြရသည်။
မင်းကြီး၏ မျက်နှာထက်တွင် အပြုံးပန်းကြီး ပွင့်လန်း လာခဲ့သည်။ သူသာ ကျန်းရီရှိနေသော ပွဲတွင် ရှားနိုင်ငံမှ စစ်သူကြီးများအား မထိန်းနိုင်လျှင် ကျန်းရီတို့ သုံးယောက် သေရလိမ့်မည်။ ထိုသို့ ဖြစ်လာပါက မိုးပြာနဂါး အင်ပါယာသည် သေချာပေါက် ဒေါသ ထွက်ပေလိမ့်မည်။ ကျန်းရီသည် ကင်းထောက် သံတမန် အဖြစ် ချီးမြှင့် ခံထားရသည်။ ရှားနိုင်ငံ၏ နန်းတွင်းထဲတွင် သူသေဆုံး သွားပါလျှင် မိုးပြာနဂါး အင်ပါယာသည် သူတို့၏ ဂုဏ်သတင်းကို ပြန်ယူဆောင်ရန် သေချာပေါက် ကြိုးစား ပေလိမ့်မည်။
ရှားနိုင်ငံတွင် အခြားနိုင်ငံ တစ်ခုခုဆိုပါက ဤပြဿနာ ပြီးပြတ် သွားလောက်ပြီ ဖြစ်သည်။ တကယ့် အရေးပါသော အချက်မှာ ရှားနိုင်ငံသည် အလွန်အမင်း အင်အားနည်းနေသည်။ အင်အားစု တစ်ခုကို သွားရောက် ရန်မစသည်က အကောင်းဆုံး ဖြစ်သည်။
"စားပွဲတစ်ခု ပြင်ပေးကြစမ်း"
စုတိဝမ်သည် အမိန့်ပေးပြီးနောက် တစ်ခုခု မှားနေသည်ကို သတိရသွားသည်။ အင်ပါယာ၏ အဆင့် သတ်မှတ်ချက် အရဆိုလျှင် ကင်းထောက် သံတမန်သည် သူ့ထက်ပင် ရာထူးမြင့်သေးသည်။ မည်သည့် နေရာတွင် သူစားပွဲ ပြင်ပေးရမည်နည်း။ ရှေ့ဆုံးတန်းတွင် ပြင်ပေးလိုက်လျှင် စုတိကောတို့ ရှားဝူဟွေ့တို့နှင့် အတူတူ ထိုင်ခိုင်းသလို ဖြစ်သွားလိမ့်မည်။ ရှားဝူဟွေ့တို့အား ဒုတိယမြောက် အတန်းသို့ ရွှေ့ထိုင်ခိုင်းရန်မှာလည်း မဖြစ်နိုင်ပေ။
"သိပြီ"
စုတိဝမ်သည် အကြံတစ်ခု ရသွားခဲ့သည်။ သူသည် ဘေးရှိ ရွှေသားစစ်စစ်ဖြင့် ပြလုပ်ထားသော စားပွဲကြီးကို ညွှန်ပြကာ ကျန်းရီအား ဖိတ်ခေါ်လိုက်သည်။
"သံတမန်ကျန်း... ဒီကိုလာပြီး ဒီမင်းကြီးနဲ့အတူ ထိုင်ပါ"
"ဝိုး"
နန်းရင်ပြင်တွင် နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်သွား ခဲ့ပြန်သည်။ ရွှေသား အတိပြီးသော စားပွဲကြီးသည် ကြီးမားလွန်း၍ လူငါးယောက်၊ ခြောက်ယောက်တော့ အသာလေး ဆန့်လေသည်။ ထို့ကြောင့် စုတိဝမ်၊ စုလောရွှယ်နှင့် ကျန်းရီတို့ အတူထိုင်ရန် အဆင်ပြေလေသည်။
ပြဿနာမှာ... ကျန်းရီသာ ထိုနေရာတွင် ထိုင်လိုက်လျှင် သူ့အဆင့်အတန်းမှာ အဆင့်များစွာ ခုန်တက် သွားလိမ့်မည်။ ဘုရင်တစ်ပါးနှင့် ယှဉ်ထိုင်ရသည့် အဆင့်အတန်းကို စဉ်းစား ကြည့်ကြပါကုန်လော့၊ ကျန်းရီသည် ဘုရင်တစ်ပါးနှင့် အဆင့်အတူတူ ဟူသည့် အဓိပ္ပာယ် သက်ရောက် သွားလိမ့်မည်။
ရှားဝူဟွေ့သည် စိတ်ထဲတွင် ဒေါသတကြီးဖြင့် အော်ဟစ် ကျိန်ဆဲနေလေပြီ၊ စုတိကောသည် ခေါင်းယမ်း၍ သက်ပြင်း ချလိုက်သည်။ စုတိဝမ်၏ စိတ်နေစိတ်ထားသည် ပျော့ပျောင်းလွန်းရာ ဘုရင်တစ်ပါး အနေနှင့် မသင့်တော်ပေ။ ရှားနိုင်ငံသာ သူ့အုပ်ချုပ်မှုအောက်တွင် ဆက်ရှိနေပါလျှင် အနှေးနှင့် အမြန်ဆိုသလို အခြားနိုင်ငံများ သို့မဟုတ် မိုးပြာနဂါး အင်ပါယာ၏ ချေမှုန်းခြင်း ခံရလိမ့်မည်။
"အင်း..."
ကျန်းရီသည် ဘာမှမမှားသည့်နှယ် ရွှေစားပွဲကြီးဆီ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွား လေသည်။ လင်းချမ်းနှင့် လင်းကျန့်တို့သည် မျက်လုံးများ တောက်ပနေကြပြီး ကျန်းရီကို လေးစားစွာ ကြည့်နေကြသည်။ မင်းသမီးလင်းရွှယ်သည် အလွန်တရာ အကျိုးရှိလှသော ဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း အတွင်း မိုးပြာနဂါး အင်ပါယာသည် နှိမ့်နှိမ့်ချချနေ၍ နိုင်ငံခြောက်ခုတည်း ဟူသော သေမင်းတံခါးဝ၏ အနောက်တွင် ရုန်းကန် နေခဲ့ရသည်။ နိုင်ငံခြောက်ခု၏ အမြင်တွင် မိုးပြာနဂါး အင်ပါယာသည် သေအံ့ဆဲဆဲ ကျားတစ်ကောင်သာ ဖြစ်လေသည်။ သူတို့ စေလွှတ်ထားသော နိုင်ငံအသီးသီးမှ ရုံးစိုက်ရာအရပ်ရှိ အရာရှိတို့မှာ ကိုးရိုးကားရားနိုင်လှသော အဆင့်အတန်းတွင် ရှိကြလေသည်။ ပုံမှန် အခမ်းအနား တစ်ခုတွင် ဘုရင်မပြောနှင့် သာမန်အရာရှိ တစ်ဦးကတောင် သူတို့အား အလေးမထားကြပေ။ ဤသို့သော အခမ်းအနားမျိုးသို့ တက်ရောက်ရာတွင် သူတို့အတွက် ထိုင်စရာ တစ်နေရာ ရသည်ကပင် ကံကောင်းသည်ဟု ဆိုနိုင်သည်။
ယခု ကျန်းရီသည် ဘုရင်နှင့်အတူ ထိုင်လျက်ရှိသည်။ ကျန်းရီသည် အင်ပါယာ အဖွဲ့အစည်း၏ ဂုဏ်ကို မြှင့်တင် ပေးခဲ့လေသည်။
ခြေဗလာနှင့် လူတစ်ယောက်သည် ဖိနပ်ဝတ်ရမည်ကို မကြောက်ပေ။ (ဘာမှမရှိတဲ့သူ တစ်ယောက်က ဆုံးရှုံးစရာ မရှိတဲ့ အတွက် စိုးရိမ်ပူပန်နေဖို့ မလိုပါဘူးတဲ့)
ယနေ့အခြေအနေ ဖြစ်လာရခြင်းသည် ကျန်းရီ မိုက်ကြေးခွဲ လိုက်ခြင်းသာ ဖြစ်လေသည်။ သူသည် သူ့ကိုယ်သူ အင်ပါယာ၏ လူဟု တစ်ခါမှ သတ်မှတ် မထားခဲ့ပေ။ အင်ပါယာသည် သူ့ကို အသုံးချချင်လျှင် သူကလည်း အင်ပါယာ၏ အမည်ဖြင့် စိတ်ကြိုက် ပြဿနာရှာနိုင်ရန် အင်ပါယာ၏ ဂုဏ်ကို မြှင့်တင် ပေးရပေမည်။
ဇာတ်လမ်းသည် အစတည်းက မလှမပဖြစ်နေပြီးသာ ဖြစ်ရာ အလွန်ဆုံးမှ သူသေရုံသာ ရှိမည်။ မိုးပြာနဂါးအင်ပါယာနှင့် လက်အောက်ခံနိုင်ငံများ မည်သည့်အခြေအနေ ဖြစ်လာမည်နည်း၊ စစ်ပွဲ ဖြစ်လာမည်လား... ထိုအရာများအားလုံးသည် သူ့ကိစ္စ မဟုတ်ပေ။
ကျန်းရီသည် ရွှေစားပွဲကြီးတွင် မင်းကြီးထိုင်ခုံ၏ ဘယ်ဘက်၌ ထိုင်ချလိုက်သည်။ အလယ်တွင် စုတိဝမ်ထိုင် နေ၍ စုလောရွှယ်သည် ညာဘက်ခြမ်းတွင် ထိုင်နေလေသည်။ ကျန်းရီ စိတ်ရူးပေါက်ကာ မင်းကြီးအား သတ်လိုက်မည်စိုး၍ အနားရှိ ကုန်းကုန်းများသည် သတိ အနေအထား ဖြစ်နေကြပြီး စစ်အရာရှိများသည်လည်း စိတ်အေးအေး မထားနိုင်ကြပေ။
"မင်းတို့တွေ နောက်ဆုတ်ကြ"
ကုန်းကုန်းများသည် ရန်သူတစ်ယောက်အား ရင်ဆိုင်နေရသည့်နှယ် ပြုမူနေသည်ကို မြင်ရသောအခါ စုလောရွှယ်သည် မပျော်မရွှင်စွာ အမိန့်ပေးလိုက်သည်။ နန်းရင်ပြင် တစ်ခုလုံးတွင် ကျန်းရီကို မကြောက်သောသူမှာ သူမတစ်ယောက်သာ ရှိသည်။ သူမ ဤနေရာတွင် ရှိနေသရွေ့ ကျန်းရီသည် ကိုယ့်စိတ်ကိုယ် ထိန်းနိုင်မည်မှန်း သူမ သေချာသိသည်။
ကျန်းရီသည် ငြိမ်သက်စွာ ထိုင်၍ အကြည့်ကို တခြားနေရာသို့သာ ပို့ထားလေသည်။ သူသည် စုလောရွှယ်ကို တစ်ချက်တောင် မကြည့်ပေ။ သူကြည့်မိလျှင် သူ့ကိုယ်သူ မထိန်းနိုင်ပဲ သူမအား လုပြေးမိမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်လေသည်။
မည်သည့် အခြေအနေတွင် ဖြစ်စေ စုလောရွှယ်နှင့် ရှားဝူဟွေ့တို့၏ လက်ထပ်ပွဲသည် ရှိနေမည်သာ ဖြစ်သည်။ ကျန်းရီမပြောနှင့် မိုးပြာနဂါး အင်ပါယာကတောင် ဤလက်ထပ်ပွဲအား တားဆီးနိုင်မည် မဟုတ်ပေ။ ဤကိစ္စသည် နှစ်နိုင်ငံလုံး၏ ဂုဏ်သတင်းနှင့် ဆက်စပ်နေသည်သာ။
အရေးအကြီးဆုံးမှာ စုလောရွှယ်သည် သူမစိတ်ကို ဆုံးဖြတ်ထားပြီး ဖြစ်သည်။ နိုင်ငံအတွက်၊ သူမခမည်းတော်နှင့် မယ်တော်အတွက် လက်ထပ်ပွဲကို သူမလုပ်ရမည်။ ကျန်းရီကလည်း သူမ ဆုံးဖြတ်ချက်ကို လေးစားသည့်အနေဖြင့် ပြဿနာ ရှာမည် မဟုတ်ပေ။
အခမ်းအနား စတင်တော့မည် ဖြစ်သော်လည်း ကျန်းရီ ရောက်နေသည့် အတွက် အခမ်းအနား၏ လေထုမှာ အတော်ကိုးရိုးကားရား နိုင်နေလေသည်။ မှူးမတ် အများစုသည် အခြေအနေကို ထိန်းညှိရန် ကြိုးစားနေပါသော်လည်း ရှားဝူဟွေ့၊ စုတိကောနှင့် ကျန်းရီတို့၏ မျက်နှာများမှာ တင်းမာ နေလေသည်။
နန်းတွင်း အစေခံလေးများသည် စားသောက်ဖွယ်ရာများ၊ ဝိုင်များကို တည်ခင်းရင်း အလုပ်ရှုပ် နေကြသလို အကမယ်လေးများသည်လည်း သံစဉ်နှင့် လိုက်ဖက်စွာ ကပြ ဖျော်ဖြေ နေကြသည်။ သာယာ ပျော်ရွှင်စရာ ကောင်းသည့် အခမ်းအနား ဖြစ်လာရမည် ဖြစ်သော်လည်း လူအများစုသည် စိတ်ဖိစီး နေကြလေသည်။ စုတိဝမ်သည်လည်း လည်ပတ် လှုပ်ခါနေသည့် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေရသည့် အလား အလွန်အမင်း မသက်မသာ ဖြစ်နေလေသည်။
အခြားနိုင်ငံလေးခုမှ သံတမန်များကမူ အရှက်ခွဲခံရသည်မှာ သူတို့ မဟုတ်လေရာ ပျော်ပျော်ပါးပါး ပွဲကြည့် နေကြလေသည်။ အထူးသဖြင့် ယွင်ဖေးသည် မျက်လုံးများ လခြမ်း ကွေးလေးများ သဖွယ် ဖြစ်သွားသည်အထိ ပြုံးကာပြုံးကာဖြင့် မလှမ်းမကမ်းတွင် ရှိနေသော ကျန်းရီထံ ဝိုင်တစ်ခွက်ပြီး တစ်ခွက် မြှောက်ပြ နေလေသည်။ ကျန်းရီ၏ မျက်နှာမှာ သုန်မှုန် နေသော်လည်း သူ့ပုံရိပ်ကို ထိန်းရမည် ဖြစ်သောကြောင့် တစ်ခွက်ပြီးတစ်ခွက် သောက်နေရသည်။
ဝိုင်များ သောက်သုံးကြကာ သီချင်းအနည်းငယ် ပြီးဆုံး သွားသည့်နောက် လေထု တင်းမာမှုသည် လျော့ကျ လာလေသည်။ ရှားဝူဟွေ့နှင့် ကျန်လူများသည်လည်း အစက မျက်နှာထားမျိုး မရှိကြတော့ပေ။ အရာရှိများသည် သောက်ကြစားကြရင်း တစ်ချက်တစ်ချက်တွင် ရယ်သံများ၊ ဂုဏ်ပြုသံများလည်း ထွက်လာ တတ်သေးသည်။
ကျန်းရီသည် စကားသိပ်မပြောဘဲ ဝိုင်ကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေသောကြောင့် အားလုံးသည် အနည်းငယ် စိတ်အေး သွားကြသည်။ ကျန်းရီ ပြဿနာ မရှာသရွေ့ အခမ်းအနားသည် စီစဉ်ထားသည့် အတိုင်း ပြီးဆုံးသွားမည်သာ။
စုလောရွှယ်သည် မျက်လွှာချ၍ အမူအရာကင်းမဲ့စွာ ထိုင်နေလေသည်။ သူမ ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ပေ။ ယွင်ဖေးသည် ရံဖန်ရံခါတွင် စာနာသည့် မျက်လုံးများနှင့် စုလောရွှယ်ကို လှမ်းကြည့်ကာ ပြီးလျှင် ကျန်းရီကို လှမ်းကြည့်၍ သက်ပြင်း တစ်ချချနှင့် ကောင်းကင်ဘုံ၏ ကျီစယ် တတ်ပုံကို တွေးတောလျက် ရှိသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
အခမ်းအနား တစ်ဝက်ခန့် ပြီးဆုံးပြီ ဖြစ်ရာ အရေးကြီးသော အခန်းကဏ္ဍ စတင်တော့မည်။ ရှားဝူဟွေ့သည် လက်ပြလိုက်ရာ လူတစ်အုပ်သည် သေတ္တာကြီးများကို သယ်ဆောင်၍ ဝင်လာကြသည်။
ရှားဝူဟွေ့၏ လက်ဖွဲ့ပစ္စည်းများကို ကျန်းရီ လုသွားခဲ့သည်။ ယခုပစ္စည်းများမှာ ဤရက်များ အတွင်း ရှန်ဝူနိုင်ငံမှ ထပ်မံပြင်ဆင်ပေး၍ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်နှင့် တိုက်ရိုက် ပို့ပေးလိုက်ခြင်း ဖြစ်သည်။
ထိုခဏတွင် ရှားဝူဟွေ့ မတ်တတ်ရပ်လိုက်သည်။ သူ့လက်မှ ရှေးဟောင်းနတ်ဘုရား လက်စွပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး ကျောက်စိမ်း သေတ္တာသုံးလုံး ပေါ်ထွက်လာခဲ့သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
"ဒါက သူတော်စင်အဆင့် လက်နက်တစ်ခု၊ ကောင်းကင် ကျောက်တုံးတစ်ခုနဲ့ စိတ်ဝိညာဉ်အတွက် ရှားပါးရတနာဖြစ်တဲ့ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် တစ်ခုပါ... ဒါပေမဲ့ ဒီလက်ဆောင် ပစ္စည်းတွေက ရှားနိုင်ငံရဲ့ ရတနာဖြစ်တဲ့ မင်းသမီးလောရွှယ်နဲ့ ယှဉ်လိုက်ရင် ဘာတန်ကြေးမှ မရှိပါဘူး၊ ဒီပစ္စည်းတွေက မင်းသမီးလောရွှယ်ကို လက်ထပ်ခွင့်ရဖို့ မင်းကြီးစုဆီ ဆက်သတဲ့ ရှန်ဝူနိုင်ငံနဲ့ ဝူဟွေ့ရဲ့ စိတ်ရင်းပါ...ဝူဟွေ့က သူမကို တစ်ဘဝလုံး ကာကွယ် စောင့်ရှောက် သွားဖို့နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး နောက်ထပ် နှစ်ပေါင်းတစ်သောင်း ကြာသည်အထိ တည်မြဲသွားဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်"
စိတ်ဝိညာဉ် အားဖြည့်ဆေးပင်...
ကျန်းရီ၏ မျက်လုံးများ တောက်ပ လာသောကြောင့် ကုန်းကုန်းများနှင့် အရာရှိများမှာ သတိအနေအထား ဖြစ်သွားကြသည်။ စုတိကောသည် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ကျန်းရီသည် စိတ်ဝိညာဉ်အားဖြည့်ဆေးပင်ကို လုရဲလျှင် သူကလည်း ကျန်းရီ၏ အသက်အား ချက်ချင်းနှုတ်ယူလိုက်မည် ဖြစ်သည်။
စုလောရွှယ်၏ ကိုယ်လေးသည် တုန်ခါသွားပြီး မျက်တောင်ရှည်များ လှုပ်ရှားလာခဲ့သည်။ သူမ စိတ်လှုပ်ရှား နေသောကြောင့် ထိုသို့ ဖြစ်လာခြင်း မဟုတ်ပေ၊ နာကျင်ရ၍သာ ဖြစ်လေသည်။ သူမချစ်သော အမျိုးသား၏ ရှေ့တွင် အခြား လူတစ်ယောက်၏ လက်ထပ်ခွင့် အတောင်းခံရခြင်း... ထိုအရာသည် ဘယ်သောအခါမှ နောက်ပြန်ဆုတ်၍ မရနိုင်သည့် တစ်စုံတစ်ခုလည်း ဖြစ်လေသည်။ သူမ မည်သို့ ခံစားနေရမည်ကို တွေးကြည့်နိုင်ပါသည်။
ကျန်းရီသည် မလှုပ်ရှားဘဲ တည်ငြိမ်နေ၍ တိတ်ဆိတ်စွာသာ ရှိနေခဲ့သည်။
ရှားနိုင်ငံ၏ မင်းကြီးသည် စိတ်သက်သာရာ ရသွားသည့် အတွက် သက်ပြင်းတစ်ချက်ချကာ မတ်တတ်ရပ်၍ ပြုံးလိုက်သည်။
"ဝူဟွေ့ကို လက်ထပ်ခွင့်ရတာ လောရွှယ်အတွက် ကောင်းချီး တစ်ခုပါပဲ၊ ရှားနိုင်ငံအနေနဲ့ လက်ထပ်ခြင်းကနေ တစ်ဆင့် ရှန်ဝူနိုင်ငံနဲ့ ပေါင်းစည်း လိုက်တာလည်း ဖြစ်တယ်၊ ဝူဟွေ့ရဲ့ လက်ထပ်ခွင့် တောင်းခြင်းကို လက်ခံကြောင်း၊ လက်ထပ်ခြင်းကနေ နိုင်ငံနှစ်ခု ပေါင်းစည်းသွားပြီ ဖြစ်ကြောင်း ငါကိုယ်တော် ကြေညာလိုက်တယ်..."
စုတိဝမ်၏ စကားမဆုံးခင်တည်းက စုလောရွှယ်၏ မျက်ဝန်းထောင့်မှ မျက်ရည်များ စီးကျလာခဲ့သည်။
ကျန်းရီ၏ မျက်နှာပေါ်မှ သွေးကြောများ ထောင်ထနေပြီး သူ့အမူအရာသည် ကြောက်စရာ ကောင်းလာခဲ့သည်။ သူသည် မြင်သမျှကို ဖျက်ဆီးတော့မည့် သားရဲကြီး တစ်ကောင်အလား အန္တရာယ် အငွေ့အသက်တို့ကို ထွက်ပေါ်လာလေသည်။
"ဘန်း"
စုတိဝမ်၏ နောက်ဆုံး စကားအဆုံးတွင် ကျန်းရီသည် လက်ထဲမှ ခွက်ကို တင်းတင်းဆုပ် လိုက်ရာ ကွဲကြေ သွားခဲ့လေသည်။ ရုတ်တရက် သူမတ်တတ် ရပ်လိုက်သည်။ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါအား မထိန်းချုပ်ထားတော့ဘဲ ထုတ်လွှတ်လိုက်ရာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့ သွားလေသည်။
*****