← Chapters

အခန်း (၅၃၇)

Vol. 36 Ch. 537

အခန်း (၅၃၇)

Vol. 36 Ch. 537

မျှော်လင့်ထားသည့်အတိုင်းပင် သွေးမျိုးဆက်ကို ပြုပြင်ထားသည့် လီကုန်းကျီက ဒုတိယမြောက် နိုးထလာခဲ့၏။ ထိုသူက မှန်ရှေ့တွင် မူးမေ့လဲကျလျက် ရှိနေ၏။

ဝမ်တက ထိုသူ၏ ပခုံးကို အသာပုတ်ကာ ပြောသည်။ “နောက်က လိုက်ခဲ့”

လီကုန်းကျီက ဝမ်တ၏ နောက်သို့လိုက်ပြီး ကွင်းထဲသို့ ရောက်ရှိလာ၏။

ဝမ်တက ပြောလိုက်သည်။ “ဒါကို စမ်းမကြည့်”

အထူးအထွေ ပြောင်းလဲခြင်း မရှိချေ။ အားလုံးသော သူတို့က ထိုအတိုင်းပင်။ မြန်မြန်ဆန်ဆန်နှင့် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ရှစ်နာရီကြာမှာတော့ စမ်းသပ်မှုရလဒ်အားလုံးကို နာကျည်းမှုဆီသို့ သတင်းပေးပို့ပြီး ဖြစ်၏။

နာကျည်းမှုက ရလဒ်များကို မကြည့်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အားလုံးက အတူတူ ထူးချွန်ကြသည် ဆိုသည်ကို သိရှိထားသောကြောင့်ပင်။ သူ့ကို အံ့အားသင့်စေသည်က ဤလူများ၏ စည်းကမ်းနှင့် အလိုလို သိစိတ်ပင်။

ယခင်က လန်ညီနောင်တို့က အထူးသွေးမျိုးဆက်ကို ပိုင်ဆိုင်ကြသော်လည်း သွေးမျိုးဆက် အသက်ဝင်လာခဲ့ပြီးနောက် အားလုံး ဝရုန်းသုန်းကားပင်။ စည်းကမ်းတကျ ဖြစ်တည်စေရန်အတွက် မနည်းပင် ကြိုးစားခဲ့ရ၏။ ဤလူ ၂၀၀၀ ကတော့ မည်သည့် အမိန့်၊ ညွှန်ကြားချက်မှ မလိုခဲ့ချေ။ သူတို့ကိုယ်တိုင် အားလုံး စမ်းသပ်မှုကို ပြီးမြောက်စေခဲ့၏။ ဘယ်သူမှ စောင့်ကြည့်နေစရာ မလိုအပ်ချေ။

နာကျည်းမှု၏ မျက်လုံးများကလည်း စိုစွတ်လာပြန်၏။

“ဒါ ... ဒါ... လောကကြီးရဲ့ အကောင်းဆုံး စစ်သည်တွေပဲ။ ငါ နာကျည်းမှုက ဒီလိုစစ်သည်တွေရဲ့ တပ်မှူးတစ်ယောက် ဘာကြောင့် ဖြစ်လာရတာလဲ။ တကယ်ကို အံ့အားသင့်စရာပဲ။ မယုံကြည်နိုင်ဘူး။”

သာမန်စစ်တပ် တစ်ခုအတွက် တစ်ယောက်ချင်းစီတိုင်း၏ အမြင့်ဆုံး လက်ခွန်အားက ကီလို ၄၀၀ ကျော်၏။ အမြန်နှုန်းက မီတာ ၁၀၀ ကို အသက်ရှူရှိုက်စာ ၁၀ ကြိမ်တွင်း ရောက်နိုင်၏။ စစ်သားတစ်ဦးချင်းစီတိုင်းက တန်ဖိုးရှိ၏။ ဤအရာက အိမ်မက်တစ်ခုကို အကောင်အထည် ဖော်နေသကဲ့သို့ပင်။

သူ့၌ လူ ၂၀၀၀ ကျော် ရှိ၏။ ယခင်က ထိုသူတို့က ခွန်အားမရှိသော်လည်း ယခုအချိန်မှာတော့ ကောင်းကင်ဘုံက မယုံကြည်နိုင်စရာကောင်းသည့် အင်အား၊ လျင်မြန်မှုနှင့် အမြန်နှုန်းကို ပေးအပ်၏။ ယခု ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။ စိတ်ဓာတ်၊ စည်းကမ်း၊ ခွန်အား၊ စိတ်ဝိညာဉ် အရာအားလုံး ပြည့်စုံ၏။

ထို့အတူ ယခုအချိန်က စမှတ်သာ ရှိသေး၏။ ၃ လကြာ လေ့ကျင့်ပြီးလျှင် မည်မျှ အားကောင်းလာမည်နည်း။ နာကျည်းမှုက သူ၏ မျက်ရည်ကို တခြားသူများ မမြင်အောင် ခေါင်းကို အသာလှည့်လိုက်၏။ သူက စိတ်လှုပ်ရှားနေ၏။ ထို့အတူ ဝမ်းနည်းနေမိသည်။

လူပေါင်း ၂၀၀၀ ကျော်တို့၏ ကံကြမ္မာက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ယခင်က ထိုသူတို့၏ မိဘနှင့် မိသားစုများက ထိုသူတို့ကို အထင်သေးပြီး ဝက်၊ ခွေးများထက် ပိုမိုကာ ဆိုးသည့် ဘဝတွင် နေထိုင်စေခဲ့၏။ ယခုအချိန်မှာတော့ ထိုသူတို့ အားလုံးက လူများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ လူပင် ရိုးရိုးမဟုတ်ချေ။ လူထဲမှ လူ ထူးခြားလာသည့် လူများ ဖြစ်၏။

လန်ညီနောင် ၁၀ ဦးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤလူများ ပြောင်းလဲခဲ့ခြင်းက ဖီးနစ်ငှက် အသက်ဝင် နိုးထလာသကဲ့သို့ပင် ခံစားရ၏။ နာကျည်းမှုက လန်ညီနောင် ၁၀ ယောက်တို့ ထက် ဤလူ ၂၀၀၀ ကို ပိုမို၍ ချစ်သည်ဟု ခံစားရ၏။ ထို့ပြင် သူက လူတိုင်း၏ နာမည်ကို သိနေသည်။

“ဒါ ငါ့ရဲ့ စစ်သည်တွေ၊ ငါ့ရဲ့ညီအစ်ကိုတွေပဲ။”

ပြီးနောက် နာကျည်းမှုက သူ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး အမိန့်ပေးလိုက်၏။ “လေ့ကျင့်ရေး လက်စွဲစာအုပ် အခန်းတစ်၊ အခန်းနှစ်၊ အားလုံး လွတ်လပ်စွာ လေ့ကျင့်ကြ၊ နာရီဝက်အတွင်း အကုန်လုံး ထမင်းစားကြမယ်။ စားပြီးရင် လေ့ကျင့်ရေး လက်စွဲစာအုပ် အခန်း သုံးနဲ့လေးကို နောက်ထပ် နာရီဝက် လေ့ကျင့်ကြမယ်။ လေ့ကျင့်ပြီးရင် အိပ်မယ်”

နာကျည်းမှုက အမိန့်ပေးလိုက်သည်။

ဗလာသွေးမျိုးဆက်ကို ပိုင်ဆိုင်သော လူနှစ်ထောင်ကျော်တို့က အချိန်တိုအတွင်း စုစည်းလာခဲ့၏။ သူတို့က စတုရန်းပုံစံ နှစ်ဆယ့်သုံးစုအဖြစ် သီးခြားစီ ရပ်ကြ၏။ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သည့် စည်းကမ်းကိုမှ ထပ်ကာ ပြောနေစရာ မလိုအပ်ချေ။ စတုရန်းပုံစံတိုင်းကလည်း ပေတံဖြင့် တိုင်းတာထားသကဲ့သို့ပင် တိကျ၏။

ပြီးနောက် လူပေါင်းနှစ်ထောင်ကျော်တို့က လေ့ကျင့်ရေးကို စတင်၏။ မည်သည့် အမိန့်ပေးမှု၊ မည်သည့် ကြီးကြပ်သူကိုမှ မလိုအပ်ချေ။

အမှန်တကယ်တမ်းမှာတော့ တစ်ယောက်ချင်းစီတိုင်းက စက်ရုပ်များ မဟုတ်ကြချေ။ ဦးနှောက်ထဲတွင် ကြီးကျယ်မြင့်မြတ်သည့် အတွင်းစိတ်နှင့် သက်ဝင်လှုပ်ရှားတတ်သည့် စိတ်ရှိ၏။ သူတို့က သွေးမျိုးဆက် ပြောင်းလဲပြီးနောက် ပိုမိုကာ အားကောင်းလာခဲ့ကြ၏။ သို့ပေမည့် သူတို့၌ မာန၊ ပျင်းရိမှု မည်သည့်အရာမှ မရှိချေ။ ယခင်ကအတိုင်း အမိန့်နာခံတတ်၏။ ကျေးဇူးတင်တတ်၏။ ကြင်နာတတ်၏။ နူးညံ့သိမ်မွေ့တတ်၏။

နာကျည်းမှုက အမှောင်ထဲတွင် ပုန်းအောင်းကာ ကြည့်ရှုနေခဲ့၏။ သူက ထိုသူ ၂၃၀၀ ကျော်တို့ကို လောဘတကြီးနှင့် ကြည့်ရှုနေခြင်းပင်။

“ဒါ ငါ့ရဲ့ အဓိက တပ်သားတွေပဲ။ တကယ့် ပြိုင်ဘက်ကင်းမယ့် တပ်သားတွေပဲ။ သုံးလအတွင်း နယ်စပ် အမဲလိုက်ကွင်းမှာ လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေရမယ်။ ရှမ့်လန်၊ သခင်လေး... ခင်ဗျားက အရမ်းကို အံ့အားသင့်စရာ ကောင်းတယ်။ တကယ်ကို ကြီးကျယ်မြင့်မြတ်တဲ့ အံ့ဖွယ်ရာ ကိစ္စတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ”

…..

ပျံ့ရှောင်း၏စစ်တပ်ကြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်မှာ လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ဝူပြည်နယ်၏ အတွင်းပိုင်းမှာတော့ တကယ့်ကို ပျက်စီးယိုယွင်းလျက် ရှိ၏။ ပျံ့ရှောင်းက တကယ့်ကို ရက်စက် ကြမ်းကြုတ်လွန်း၏။ စပါးကျီပေါင်း ၁၅ ခုထက်မနည်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုင်ငံ၏ သုံးပုံတစ်ပုံ နီးပါးခန့်ကို ဖျက်ဆီးခဲ့သည်။

လူအများအပြား အသက်ခံရသည် ဆိုသော်လည်း ဤအရာက အဓိကပြဿနာတော့ မဟုတ်ချေ။ အဓိက ပြဿနာက စားနပ်ရိက္ခာ ပြတ်လပ်ခြင်းပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ပျံ့ရှောင်းက ဝင်ရောက် လုယက်စဉ်တွင် စပါးကျီ တော်တော်များများကို မီးရှို့ဖျက်ဆီးခဲ့၏။ လယ်ကွင်းထဲတွင် ရိတ်သိမ်းရန် ကျန်နေသေးသည့် သီးနှံပင်များ အားလုံးကိုလည်း မီးရှို့ခဲ့၏။ ထို့ကြောင့် ယခုနှစ် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်၌ ဝူပြည်နယ်၏ စပါးထွက်ရှိမှုနှုန်းက လေးပုံတစ်ပုံခန့် ကျဆင်းသွားခဲ့၏။

ထို့ပြင် နုရှောင့်မြို့တိုက်ပွဲ ရှုံးနိမ့်မှုက အခြေအနေကို ပိုမိုကာ ဆိုးဝါးစေခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝူပြည်နယ်က အင်အားပြန်လည် မွေးမြူခဲ့ရသည်။

ဝူဘုရင်က ငယ်ရွယ်သူ တစ်ယောက် ဖြစ်၏။ သူ၏ ဩဇာအာဏာကို ပြသလိုသောကြောင့် မုတ်ဆိတ်မွေးပင် ထားခဲ့ဖူးသည်။ ပိုမိုခန့်ညား ကြီးမြတ်သည်ဟု အမြင်ရှိစေသောကြောင့်ပင်။ သို့ပေမည့် လွန်ခဲ့သည့် လအနည်းငယ်က စစ်ရှုံးပြီးနောက် သူ၏ မုတ်ဆိတ်မွေးကို ရိတ်ပစ်ခဲ့၏။

ယခုအချိန်မှာတော့ ဝူဘုရင်က ချောင်ပြည်နယ်မှ သံတမန်ကို နောက်တစ်ကြိမ် တွေ့ဆုံလက်ခံ၏။ ထိုသူက ရွှဲ့ဘုရင်နှင့် ဆက်ဆံခဲ့ဖူးသည့် ချောင်ပြည်နယ်ဝန်ကြီးပင် ဖြစ်၏။

“ရွှဲ့ဘုရင်က အကြီးအကျယ် နေမကောင်းဖြစ်နေတယ်။ သူက ကျုပ်တို့ဘုရင်မင်းမြတ်နဲ့ ပြေလည်မှု ရယူချင်တယ် ဆိုပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဆုံးရှုံးခဲ့ရပြီ။ နိုင်ငံ အရှက်သိက္ခာရစေတဲ့ အဖြစ်မျိုး မလိုလားဘူး။ ဒါကြောင့် ဒီလိုရယ်စရာကောင်းတဲ့ နယ်စပ်အမဲလိုက်ပွဲဆိုတဲ့ကိစ္စကို အဆိုပြု တင်သွင်းလာခဲ့တာပဲ။”

ချောင်သံတမန်က ပြောလိုက်သည်။ “ဝူဘုရင်မင်းမြတ် အနေနဲ့ ဒီကိစ္စကို ကြားသိပြီးသွားပြီလား”

ဝူဘုရင်က ကြားသိပြီးသည်မှာ အမှန်ပင်ဖြစ်၏။ မကြားမိဖို့ ကိစ္စကလည်း ခဲယဉ်း၏။ ဤသတင်းက မဖြစ်မနေ သူ၏နားထဲသို့ ရောက်ရှိလာ၏။ အဘယ့်ကြောင့်ဆိုသော် သတင်းက တောမီးပမာ ပျံ့နှံ့နေပြီ ဖြစ်သောကြောင့်ပင်။

“တစ်စွန်းတစ်စတော့ ကြားမိပါတယ်”

ချောင်သံတမန်က ဆက်ပြော၏။ “နင်ယွမ်ရှန်းရဲ့ လုပ်ရပ်က တကယ့်ကို အရှက်မရှိဘူး။ ငြိမ်းချမ်းရေးအတွက် ရှမ့်လန်နဲ့ နင်ကျန်းတို့ကို စတေးခံအဖြစ် အသုံးပြုခဲ့တာလေ။ ချောင်ပြည်နယ်ကို အကျိုးအမြတ်တွေ ပေးဖို့ ကြံစည်နေတာ ထင်ရှားတယ်”

ဝူဘုရင်က မေးမြန်းလိုက်သည်။ “ဒီကိစ္စက ဟုတ်လို့လား”

သံတမန်က ပြောလိုက်၏။ “ဒါနဲ့ ဝူပြည်နယ်မှာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ် သင့်နေတယ်လို့ ကြားတယ်။ ဟုတ်ပါသလား”

ဝူဘုရင်က ပြောလိုက်သည်။ “စားနပ်ရိက္ခာ ရှားပါးနေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ငတ်မွတ်ခေါင်းပါးတဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး”

သံတမန်က ပြောလိုက်၏။ “ချောင်ပြည်နယ်မှာ ဒီနှစ် သီးနှံတွေ အထွက်တိုးတယ်။ ကျုပ်တို့က ညီရင်းအစ်ကိုတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အရှင်မင်းကြီးကို စပါးတင်း တစ်သန်း ချေးပေးဖို့ဆန္ဒရှိပါတယ်”

ထိုစကားကို ကြားသိလိုက်သည့်အချိန်မှာတော့ ဝူဘုရင်က မင်သက်သွားခဲ့၏။ ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် နန်းတွင်းမှူးမတ်များ အားလုံးက ဝမ်းသာအားရ ဖြစ်သွားသည်။

စပါးတင်း တစ်သန်းဆိုသည်က ပေါင်သန်းပေါင်း ၁၀၀ ကျော် ပမာဏ ရှိ၏။ ထိုအရာက တကယ့်ကို များပြားလွန်းသည့် ပမာဏမျိုးပင်။ ဤရိက္ခာ အရေအတွက်က လူနှစ်သန်းကို ၂ လ၊ ၃ လခန့် ကျွေးမွေးထားနိုင်သည့် ပမာဏ ဖြစ်၏။ လိုအပ်ချက် အနည်းငယ် ရှိနိုင်သော်လည်း အနည်းဆုံးတော့ ဆောင်းရာသီကုန်သည်အထိတော့ တောင့်ခံထားနိုင်ပေလိမ့်မည်။ ချောင်ပြည်နယ်က ဤမျှငွေကြေးကို ထပ်မံကာ သုံးစွဲဦးမည်လား။

ဝူဘုရင်က ပြောလိုက်၏။ “ချောင်ဘုရင်ရဲ့ စေတနာက ကျုပ်ကို တကယ့်ပဲ စိတ်လှုပ်ရှားစေခဲ့တယ်။ ခင်ဗျားတို့ ဘုရင်မင်းမြတ်ဆီကို အကြွေးစာချုပ် ချက်ချင်းပဲ ရေးပေးလိုက်ပါ့မယ်”

ချောင်သံတမန်က ပြောလိုက်သည်။ “ဝူဘုရင်... ကျုပ်တို့က ဒီရိက္ခာတွေကို ချေးငှားချင်ရုံတင် မကဘူး။ အတိုးလည်းမယူဘူး။”

ဝူဘုရင်က သူ၏ပလ္လင်ပေါ်မှ ဆင်းသက်လာခဲ့၏။ အနောက်တောင်ဘက်အရပ်ဆီကို မျက်နှာမူပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။ “ချောင်ဘုရင်က တကယ့် အရှင်သခင် စစ်စစ်ပါပဲ”

ချောင်သံတမန်က ပြန်လည်ကာ ပြောလိုက်သည်။ “ဒါပေါ့ဗျာ။ ဒါပေမယ့် ကျုပ်တို့ ဘုရင်မင်းမြတ်ဆီမှာ တောင်းဆိုမှု အသေးစားလေး တစ်ခုတော့ ရှိတယ်”

“ဘာများပါလဲ။”

“အရှင်မင်းကြီးအနေနဲ့ ရွှဲ့ဘုရင်နဲ့ လျှို့ဝှက်သဘောတူညီမှု စာချုပ်တစ်ခုကို ချုပ်ဆိုဖူးတယ်လို့ ကြားသိရတယ်။”

ဝူဘုရင်က ပြောလိုက်၏။ “ဘယ်ကများ ကြားခဲ့တာလဲ။”

“အင်း.. ဟုတ်ပြီ။ ဒါပေမယ့် ကျုပ်တို့ ဘုရင်မင်းမြတ် လိုလားတာက ရွှဲ့ဘုရင် နင်ယွမ်ရှန်းနဲ့ ချုပ်ဆိုထားခဲ့တဲ့ ဘယ်လို လျှို့ဝှက်သဘောတူညီမှုမျိုးမဆို ပျက်ပြယ်ကြောင်း ဝူဘုရင်ဘက်က တလောကလုံးကို အသိပေး ကြေညာပေးဖို့ပါပဲ။”

သူက ဝူဘုရင်ကို ရွှဲ့ဘုရင်နှင့် ချုပ်ဆိုထားသည့် လျှို့ဝှက်စာချုပ်အား ဖျက်ဆီးစေခြင်းပင်။ ဟုတ်ပေ၏။ ဤလောကကြီးတွင် လျှို့ဝှက်သဘောတူညီချက် မှန်သမျှက ဖျောက်ဖျက်ခံရဖို့အတွက်သာ ဖြစ်၏။ သို့သော်ငြား စာချုပ်ကို စုတ်ဖြဲခဲ့သည့်အချိန်က မမြန်ဆန်လွန်းနေပေဘူးလား။ လအနည်းငယ်သာ ရှိသေး၏။ ရေးသားထားသည့် မင်ပင် ခြောက်သေးမည် မဟုတ်ချေ။ ထိုအရာကို အဘယ်သို့ ပြုလုပ်ရမည်နည်း။

ချောင်သံတမန်က ဆက်လက်ကာ ပြော၏။ “ဒါတင်မကသေးဘူး။ ကျုပ်တို့ ဘုရင်မင်းမြတ်က ဝူပြည်နယ်နဲ့ လျှို့ဝှက်သဘောတူညီမှု စာချုပ်သစ် တစ်ခုကိုလည်း ချုပ်ဆိုလိုတယ်။ ကျုပ်တို့နိုင်ငံနှစ်ခုက သွေးသောက် ညီအစ်ကိုတွေ ဖြစ်လာမှာပေါ့။”

ဝူဘုရင်က ပြောလိုက်သည်။ “ချောင်ပြည်နယ်နဲ့ ကျုပ်က အရင်တည်းက ညီအစ်ကိုတွေပါပဲ။ အခမ်းအနား သဘောတရားအရတော့ လိုအပ်တာပေါ့။ ပြီးတော့ ဒါက စာရွက်ပေါ်က သဘောတူညီမှု တစ်ခုပါပဲ”

ချောင်ပြည်နယ်၏ ရည်ရွယ်ချက်က တကယ့်ကို ရိုးရှင်း၏။ ဝူဘုရင်သာ ရွှဲ့ဘုရင်နှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းပြီး ချောင်ဘုရင်နှင့် လျှို့ဝှက်စာချုပ်သစ်ကို ချုပ်ဆိုလိုက်သည်နှင့် တပြိုင်နက် စပါးတင်းပေါင်း တစ်သန်းကို အတိုးမဲ့ ချေးယူရရှိမည် ဖြစ်၏။ ဝူပြည်နယ်အနေနှင့် အတိုးပေးစရာပင် မလိုအပ်ချေ။

ထိုစဉ်မှာပဲ ဝူပြည်နယ်၏ အမတ်ကြီး ဝူကျိက ဘေးတစ်ဖက်မှ လှမ်းကာ ပြောလိုက်၏။ “သံတမန်ကြီး... ကြည့်ရတာ ဒီနယ်စပ်အမဲလိုက်ပွဲဆိုတာ ရွှဲ့ဘုရင်နင်ယွမ်ရှန်း အနေနဲ့ သူ့အသားကို သူလှီးထုတ်ပြီး ချောင်ပြည်နယ်ကို ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။”

ချောင်သံတမန်က ပြောလိုက်သည်။ “အမှန်ပဲပေါ့။ နင်ယွမ်ရှန်းက တကယ့်ကို နေမကောင်း ဖြစ်နေတယ်။ နန်းလုပွဲကလည်း ပိုပြီး ပြင်းထန်လာပြီ။ ရွှဲ့ပြည်နယ်က ချောင်ပြည်နယ်စစ်သည်တွေ ရောက်လာမှာကို ကြောက်နေတယ်။ မူလတုန်းက သူတို့က အလျှော့ပေးချင်ပေမယ့် ဒါက အရှက်ခွဲခံရသလို ဖြစ်လိမ့်မယ်လို့ ခံစားရတယ် ထင်တယ်။ ဒါကြောင့် ရယ်စရာကောင်းတဲ့ နယ်စပ်အမဲလိုက်ပွဲ ဆိုတာကို အဆိုပြု တင်သွင်းခဲ့တာပေါ့။ ပြီးတော့ သူက နင်ကျန်းနဲ့ ရှမ့်လန်ဆိုတဲ့ နာမည်မရှိတဲ့ အညတရကောင်လေး နှစ်ကောင်ကို စတေးပြီး ကျုပ်တို့ဆီမှာ တမင်တကာ အရှုံးပေးစေချင်တာ ထင်ရှားနေပြီ။”

ဝူကျိက ပြောလိုက်၏။ “ဒါဆိုရင် ရယ်စရာကောင်းတဲ့ နယ်စပ်အမဲလိုက်ပွဲ ပြီးသွားရင် ဘာဆက်ဖြစ်နိုင်လဲ”

သူ့စကား၏ အဓိပ္ပာယ်က ရိုးရှင်း၏။ ချောင်ပြည်နယ်၏ လောဘက ဤမျှနှင့် ရပ်တန့်သွားပါ့မလား။ နယ်စပ်အမဲလိုက်ပွဲကို အနိုင်ရရှိပြီးနောက် နယ်မြေမိုင် ၂၀ နှင့် ရွှေဒင်္ဂါး ၈ သိန်းကို ရရှိရုံဖြင့် ရွှဲ့ပြည်နယ်ကို လက်လွှတ်ပေးပါတော့မည်လား။

ချောင်သံတမန်က ပြောဆိုလိုက်၏။ “ဒါပေါ့။ ဒီမှာတင် ရပ်တန့်ရတော့မှာပေါ့။ ကျုပ်တို့ ဘုရင်မင်းမြတ်က ယုံကြည်မှုကို အလေးအနက်ထားတယ်လေ။”

ဝူကျိက ပြုံးကာ ပြောလိုက်သည်။ “ချောင်ဘုရင်ရဲ့ ယုံကြည်စိတ်ချရမှုကတော့ တကယ့်ကို နာမည် ကျော်ကြားတာပါပဲ”

ချောင်သံတမန်က တိုက်တွန်း ပြောဆိုလိုက်၏။ “အရှင်မင်းကြီး အနေနဲ့ ရွှဲ့ပြည်နယ်နဲ့ လျှို့ဝှက်စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာပြီး ချောင်ပြည်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုရုံပါပဲ။ အဲဒီနည်းနဲ့ ရိက္ခာစပါးတင်းပေါင်း တစ်သန်းကို ရရှိနိုင်ပါလိမ့်မယ်။ ဘာကြောင့် ငြင်းပယ်ရမှာလဲ”

ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် မှူးမတ်အားလုံးက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ဝူဘုရင်က ပြောလိုက်၏။ “သံတမန်ကြီး... ခဏလောက် အနားယူပါအုံး။ ဒါက အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ကျုပ်တို့ ဆွေးနွေးဖို့ လိုပါသေးတယ်”

ချောင်သံတမန်က ထွက်ခွာသွား၏။ ပြီးနောက် ဝူနန်းတွင်းထဲတွင် ဆွေးနွေးညှိနှိုင်းမှုများနှင့် ဆူညံ သွားခဲ့၏။ မှူးမတ်ပေါင်း ထက်ဝက်ကျော်တို့က သဘောတူညီကြ၏။ ဤအရာက အရင်းအနှီး စိုက်ထုတ်စရာ မလိုဘဲ အမြတ်ရမည့် ရောင်းဝယ်မှုတစ်ခုကဲ့သို့ပင်။

စာချုပ်ဟောင်းတစ်ခုကို စုတ်ဖြဲပြီး အသစ်တစ်ခုကို ချုပ်ဆိုလိုက်ရုံနှင့် ရိက္ခာစပါးတင်းပေါင်း တစ်သန်းကို ရရှိ၏။ လောကကြီးတွင် ဤမျှကောင်းသည့် အပေးအယူမျိုး ဘယ်မှာ ရှိမည်နည်း။ မယူပါက လူမိုက်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မှူးမတ်အားလုံးတို့က ဒူးထောက်ကာ ဦးတိုက်ကာ ဝူဘုရင်ကို သဘောတူညီရန် တောင်းဆိုကြ၏။

“အရှင်မင်းကြီး... သန်းပေါင်းများစွာ ငတ်မွတ်နေကြတဲ့ လူတွေအတွက် ကျုပ်တို့က ဒီကိစ္စကို ပစ်ပယ်ထားလို့ မဖြစ်တော့ပါဘူး။ သဘောတူညီရပါလိမ့်မယ်”

“အရှင်မင်းကြီး... ဆောင်းတွင်းက ပိုပြီးတော့ အေးလာခဲ့ပါပြီ။ အစားအစာသာ မရှိရင် ပြည်သူတွေ အကုန်လုံးက ငတ်ပြီးတော့ သေကုန်နိုင်ပါလိမ့်မယ်”

“အရှင်မင်းကြီး... တိုင်းသူပြည်သားတွေ ဆိုတာ အရှင့်သားသမီးတွေပါပဲ။ သူတို့က အရှင်မင်းကြီးကို မိဘလို အားကိုးမျှော်ကိုးနေကြတဲ့ လူတွေပါ”

သူတို့၏ စကားများ၌ နောက်ကွယ်ရှိ အဓိပ္ပာယ်က ရှင်းလင်းလှ၏။ ရိက္ခာကို ရရှိရန်အတွက် ဝူဘုရင်ကို သစ္စာဖောက်ခိုင်းခြင်းသာ ဖြစ်သည်။

All Chapters