အခန်း (၅၂၃)
Vol. 36 Ch. 523
ပုံစံတူတွင် အကြိမ်နည်းငယ် လေ့ကျင့်ပြီးနောက် မိန်းမစိုးကြီးလီမူက သက်ရှိလူသားအပေါ်တွင် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်၏။
“လီစွမ်း လာစမ်း” မိန်းမစိုးကြီးလီမူက ခေါ်လိုက်သည်။
နောက်ဆုံးမှာတော့ သူက သူ၏ မွေးစားသား လီစွမ်းကို စမ်းသပ်ခံအဖြစ် အသုံးပြု၏။ အဘယ်ကြောင့် ဆိုသော် လူတိုင်း၏ ဦးနှောက် တည်ဆောက်ပုံ အခြေခံက အတူတူပင် ဖြစ်ကြောင်း ရှမ့်လန်က ပြောပြခဲ့သောကြောင့်ပင်။
မင်းကြီး၏ သွေးကြောပိတ်ဆို့နေသည့် နေရာကို လီစွမ်း၏ ဦးနှောက်ထဲတွင်လည်း ရှာတွေ့နိုင်၏။ သို့ပေမည့် ထိုနေရာတွင် ပိတ်ဆို့နေခြင်း မရှိချေ။ ပိုမို၍ အရေးကြီးမားသည်မှာ မိန်းမစိုးကြီး လီစွမ်းက မည်သည့် ရောဂါဝေဒနာမှ မရှိဘဲ ကျန်းမာနေသူ ဖြစ်သော်လည်း ငွေအပ်ဖြင့် ဦးနှောက်ကို အထိုးခံနေရခြင်းပင်။
သူက အသက်ကို ပြင်းပြင်းရှူလိုက်၏။
“ဖောက်”
ဘိုးဘေးကြီး၏ လက်ထဲမှ သွယ်လျသည့် ငွေအပ်က လီစွမ်း၏ ဦးနှောက်ထဲသို့ ရုတ်တရက် တိုးဝင်သွား၏။ ပြီးနောက် ယခင်က မှတ်သားထားသည့်အတိုင်း ငွေအပ်ကို လိုသလို သွားလာစေပြီး ဦးနှောက်ထဲရှိ အန္တရာယ်ရှိသော နေရာများကို ရှောင်ကွင်းကာ ပစ်မှတ်တည်နေရာဆီသို့ တန်းတန်းမတ်မတ် သွားသည်။
“ဟုတ်တယ်။ အဲဒီနေရာပဲ လုံးဝ တိကျတယ်”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ မိန်းမစိုးကြီး လီစွမ်းရဲ့ သွေးကြောက ကောင်းနေတာဆိုတော့ ခင်ဗျား အဲဒါကို သွားဖောက်လို့တော့ မရဘူးနော်”
“ဖောက်”
လီမူက အားအနည်းငယ် သုံးလိုက်ပြီး လီစွမ်း၏ ဦးနှောက်ထဲရှိ သွေးကြောကို သေးသေး ဖောက်လိုက်၏။ လီစွမ်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သို့ပေမည့် သူက မလှုပ်ရဲချေ။
ရှမ့်လန်ကလည်း ကြောင်အသွားသည်။
ထိုအရာက မပြီးသေးချေ။ လီမူက အတွင်းအားကို ထုတ်ပြီး သွေးကြောကို မထိခိုက်စေဘဲ ပိတ်ဆို့နေသည့် အရာကို လှုပ်ကာဖယ်ပစ်ရန် လုံလောက်သည့် အားပမာဏကို သူက ရှာဖွေနေ၏။ သူက လက်ချောင်းများကြားမှ အတွင်းအားကို ဆက်တိုက် ထုတ်လွှတ်နေခြင်းပင်။ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကာ ပြင်းထန်လာ၏။ သွေးကြော၏ ခံနိုင်ရည် အကန့်အသတ်ကို သူက ရှာဖွေနေခြင်းပင်။
ရုတ်တရက် မိန်းမစိုးလီစွမ်း၏ မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်လာပြီး သတိလစ် မေ့မျောလုမတတ်ပင်။
ရှမ့်လန်က ရုတ်တရက် စိတ်ထိခိုက်သွားသလို တုန်လှုပ်ခြင်းလည်း ဖြစ်ရ၏။ လီစွမ်း၏ အရှင်မင်းကြီးအပေါ် ထားသည့် သစ္စာတရားက တကယ့်ကို ပြိုင်ဘက်ကင်းပြီး အရှင်မင်းကြီးကို ကုသရန်အတွက် အစမ်းသပ်ခံ အဖြစ် အသက်ကို စတေးနေ၏။
“တော်ပါတော့”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား ဒီလိုဆက်လုပ်နေရင် မိန်းမစိုးကြီးလီစွမ်း ထိခိုက်သွားလိမ့်မယ်။ ပြီးတော့ ငွေအပ်ကို ချက်ချင်း ဆွဲမထုတ်သေးနဲ့အုံး။ ခဏနေမှ ဆွဲထုတ်”
ထိုအချိန်မှာတော့ မိန်းမစိုးကြီးလီမူက သူ၏ စမ်းသပ်မှုကို ရပ်တန့်လိုက်၏။ မိန်းမစိုးကြီးလီ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး ပြိုလဲမသွားအောင် မနည်းအားတင်းထားရသည်။
“အင်း.. ငါ လိုချင်သလောက်ရပြီ” ဘိုးဘေးလီမူက ပြောလိုက်၏။
…………
ရှမ့်လန်၏ လမ်းညွှန်မှုအောက်မှာပင် ဘိုးဘေးလီမူက ဘုရင်မင်းမြတ်ကို တရားဝင် အပ်စိုက်ကုသမှုကို ပြုလုပ်၏။ လီမူက အနည်းငယ် စိတ်လှုပ်ရှားလျက် ရှိနေပြီး အသက်ရှူနှုန်းများပင် မမှန်တော့သလိုပင်။
ရှမ့်လန်က ရွှဲ့ပြည်နယ်၏ မဟာပညာရှင် ၄ ဦးနှင့် တွေ့ဆုံခဲ့ဖူးပြီး ဖြစ်၏။ အားလုံးနီးပါးက သွေးနှင့်သားနှင့် လူများသာလျှင် ဖြစ်၏။ ကြီးမားသည့် အရှိန်အဝါမျိုးသာ မရှိပါက သာမန် သေမျိုး လူသားများသာ ဖြစ်၏။
လီမူကလည်း ထိုနည်းလည်းကောင်းပင်။ သူ့၌ မဟာပညာရှင် တစ်ယောက်၏ မောက်မာသည့် အရှိန်အဝါမျိုး မရှိချေ။ သူက နောက်ဆုံးလက်ကျန်လေကို မှုတ်ထုတ်လိုက်၏။ လီမူက မျက်စိတစ်မှိတ်အတွင်း အခြားသော နယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ပင် ခံစားနေမိ၏။ သို့နှင့် သူ၏ စိတ်နှလုံးက ရေကဲ့သို့ပင် တည်ငြိမ်သွားသည်။
သူက အသစ်စက်စက် ငွေအပ်တစ်ချောင်းကို ထုတ်ယူလိုက်၏။ ဘုရင်မင်းမြတ်၏ ဦးခေါင်းနောက်ဘက်ရှိ အမှတ်တစ်ခုကို ရှာပြီး ထိုးစိုက်လိုက်၏။ ဦးခေါင်းခွံကို အလွယ်တကူပင် ထွင်းဖောက်သွားခဲ့၏။ ပြီးနောက် ငွေအပ်ကို စတင်ကာ လှုပ်ရှား၏။
ရှမ့်လန်က ရှင်းလင်းစွာ မြင်နေရ၏။ ရွေ့လျားမှုက တကယ့်ကို တိကျပြီး မည်သည့် လွဲချော်မှုမှ မရှိချေ။ စက္ကန့် အနည်းငယ်အတွင်းမှာပင် ငွေအပ်က ပိတ်ဆို့နေသည့် သွေးကြောကို ရှာဖွေတွေ့ရှိပြီး အလွယ်တကူ ဖောက်ဝင်သွား၏။ ဒုတိယအဆင့် ပြီးဆုံးသွားပြီ ဖြစ်၏။
နောက်တစ်ဆင့်မှာတော့ သွေးစီးဆင်းမှုကို ပြန်လည်ကာ ကောင်းမွန်စေရန် အတွင်းအားကို အသုံးပြု၍ သွေးကြောထဲရှိ သွေးခဲကို လှုပ်ခါကာ ဖယ်ရှားခြင်း ဖြစ်ပြီး ထိုအရာက တကယ့်ကို အံ့မခန်းပင် ဖြစ်သည်။
ထရန်စဖော်မာ စက်ရုပ်ကြီးက ပန်းထိုးခြင်းအလုပ်ကို ပြုလုပ်နေသကဲ့သို့ပင်။ သူ့၌ ပေါင်တစ်သောင်း အားရှိသော်လည်း သူက တစ်ကျပ်သားအားကိုသာ သုံးနေရ၏။
“ဖောက်” အတွင်းအားကို လွှတ်ထုတ်လိုက်သည်။
တစ်ခဏအတွင်းမှာပဲ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ဦးနှောက်ထဲမှ သွေးခဲများက ရုတ်တရက် ပျက်စီးသွား၏။ သွေးစီးဆင်းမှုက ပြန်လည်ကာ ကောင်းမွန်လာ၏။ အတားအဆီး မရှိတော့ချေ။ သွေးမလျှောက်တော့သည့် တည်နေရာတစ်ခုလုံးက သွေးထောက်ပံ့မှုကို ပြန်လည်ကာ ရရှိ၏။
အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်က သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်၏။ ကုလားထိုင်ပေါ်သို့ အသာ ထိုင်ချလိုက်မိသည်။
“ဘယ်လိုနေသေးလဲ။ ဘယ်လိုနေသေးလဲ” မိဖုရားကြီးကျုံးက တုန်တုန်ယင်ယင်ဖြင့် မေးမြန်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အောင်မြင်ပါတယ်။ ဘုရင်မင်းမြတ် ဘာမှမဖြစ်တော့ပါဘူး”
မိဖုရားကြီးကျုံး၏ ခြေထောက်များက ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်၌ပင် တိုက်ရိုက် ထိုင်ချလိုက်မိ၏။
…………..
အချိန်အတော် =ကြာပြီးနောက် ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ မျက်လုံးအိမ်များက စတင် လှုပ်ရှားလာခဲ့၏။ ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တုန်လာခဲ့၏။ သို့သော်ငြား ခန္ဓာကိုယ်မှာ လေဖြတ် ထားသည့် အခြေအနေမျိုး၌ ရှိနေဆဲပင်။
ရှမ့်လန်၏ အကြံပေးချက်ကြောင့် မိဖုရားကြီးကျုံးနှင့် မိန်းမစိုးကြီး လီစွမ်းတို့က ဘုရင်မင်းမြတ်၏ အာရုံကြောများကို ပြန်လည် ကောင်းမွန်လာစေရန် ခန္ဓာကိုယ်ကို နှိပ်နယ်ပေးနေကြ၏။ အချိန်ခဏ ကြာပြီးနောက် ဘုရင်မင်းမြတ်က သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ သူက ရှမ့်လန်ကို လှမ်းကြည့်၏။
ရိုးရိုးသားသား ဝန်ခံရမည် ဆိုလျှင် ဦးနှောက်သွေးကြောပိတ်ခြင်း ဖြစ်ပွားသည့် ခဏအတွင်း သူ၏ နှလုံးသားက မျှော်လင့်ချက် ကင်းမဲ့သွားခဲ့၏။ သေမင်း ရောက်လာသည်ဟုပင် သူက ခံစားနေမိ၏။ ထိုအချိန် သူ၏ ခေါင်းထဲတွင် ပေါ်လာသည့်သူက ရှမ့်လန် တစ်ယောက်တည်းသာ ဖြစ်၏။ ဤလောကကြီးထဲတွင် သူ့ကို ကယ်တင်နိုင်သည့်သူ ရှိသည်ဆိုလျှင် ရှမ့်လန်သာလဖြစ်ပေလိမ့်မည်။
တကယ်ပဲ ရှမ့်လန်က သူ့ကို ကယ်တင်နိုင်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်က နန်းမြို့တော်၌ ရှိနေ၏။ သူတို့နှစ်ယောက်က ဆုံစည်းဖို့ တကယ်ပင် ရေစက်ပါခဲ့ပုံပေါ်၏။ မဟုတ်ပါက နင်ယွမ်ရှန်းက ယနေ့ သေဆုံးနှင့်နေပြီ ဖြစ်၏။ တစ်နာရီကျော်ကျော် ကာလအတွင်း သူက တကယ့်ကို ငရဲဝဆီသို့ အလည်တစ်ခေါက် သွားခဲ့ရသလို ခံစားခဲ့ရ၏။ ယနေ့မှစ၍ သူတို့နှစ်ယောက်ကြားတွင် ရှိနေသည့် ဆက်ဆံရေးက ခွဲခြား၍ မရနိုင်အောင်ပင် ပိုမိုကာ ခိုင်မြဲသွားခဲ့ပြီ ဖြစ်၏။
“ကျေးဇူးပါပဲ။ ကျေးဇူးပါပဲ”
မိဖုရားကြီးကျုံးက ရှမ့်လန်၏ လက်ကို ကိုင်ပြီး မျက်ရည်အဝိုင်းသားဖြင့် တတွတ်တွတ် ပြောဆိုလျက်ရှိသည်။ “မင်းက လိမ္မာတဲ့ ကလေးတစ်ယောက်ပါပဲ။ ငါအရင်တုန်းက မင်းကို အထင်လွဲပြီး သတ်ပစ်ချင်ခဲ့တယ်။ ငါ့ကို ခွင့်လွှတ်ပါ။ ဒီနေ့ကစပြီး ငါ မင်းကို ကျေးဇူးဆပ်ပါမယ်။ နောင် မင်းမှာ ကိစ္စတစ်ခုခု ရှိတယ်ဆိုရင် ငါ့ဆီကိုသာ လာခဲ့ပါ။ လိမ္မာတဲ့ကလေး၊ လိမ္မာတဲ့ကလေးလေးပဲ”
မိဖုရားကြီးကျုံး၏ စကားလုံးများက ရှုပ်ထွေးနေပြီး အဓိပ္ပာယ်လည်း သေသေချာချာ မပေါ်လွင်ပေ။ သို့ပေမည့် သူမက ပွင့်လင်းရိုးသားသည့် စိတ်နေသဘောထား ရှိကြောင်း သိသာ၏။
နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်းပြ၏။ လီမူနှင့် မိန်းမစိုးကြီး လီစွမ်းတို့က နောက်သို့ ဆုတ်ခွာသွားသည်။
မိဖုရားကြီးကျုံးကလည်း ကြောင်သွား၏။ “ကျွန်မရော ထွက်သွားရမှာလား”
ဘုရင်မင်းမြတ်က ခေါင်းညိတ်လိုက်သည်။
မိဖုရားကြီးကျုံးက မလိုလားသော်လည်း နောက်သို့ ဆုတ်ခွာ ထွက်ခွာသွားခဲ့၏။ ချက်ချင်းပဲ အခန်းထဲ၌ နင်ယွမ်ရှန်းနှင့် ရှမ့်လန်တို့သာလျှင် ကျန်ရှိခဲ့၏။
……………
ရှမ့်လန်၏ ကယ်တင်မှုက တကယ်ပင် အချိန်ကိုက် ဖြစ်၏။ တစ်နာရီ မပြည့်ခင်မှာပဲ သွေးကြော များကို ပြန်လည်ကာ ပွင့်စေခဲ့ပြီး ခေတ်မီ ဆေးပညာနှင့် ကုသခြင်းထက်ပင် ပိုမိုကာ လျင်မြန်စေခဲ့၏။ ထို့ကြောင့် နင်ယွမ်ရှန်း၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များက ထိခိုက်မှု မရှိသလောက်ပင်။ အမှန်စင်စစ်မှာတော့ သူက ခန္ဓာကိုယ်တစ်ခုလုံး အားနည်းလျက် ရှိနေပြီး ထုံကျင်နေဆဲတော့ ရှိ၏။ ပါးစပ်မှ စကားကို သွက်သွက်လက်လက် ဖြစ်အောင် မပြောနိုင်သေးချေ။
“ခွေးကောင်လေး… ငါ မင်းအပေါ်မှာ အသက်တစ်ချောင်း အကြွေးတင်သွားပြီ။ ဒါပေမဲ့ အခုတော့ ဒီကျေးဇူးကို ပြန်ပြီး မဆပ်နိုင်သေးဘူး” နင်ယွမ်ရှန်းက အားနည်းစွာ ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “နင်ယန်နဲ့ ကျုပ်က အတူတူ အိပ်ပြီးပြီ ဆိုမှတော့ ဒါက ကျုပ် လုပ်သင့်တဲ့ ကိစ္စရပ်ပါပဲ”
ထိုစကားကို ကြားသည့် အချိန်မှာတော့ နင်ယွမ်ရှန်း၏ လက်များက တုန်ယင်သွားခဲ့သည်။ “အင်း... မင်း ငါ့အသက်ကို ကယ်ခဲ့တယ်ဆိုရင်တောင် ငါ မင်းကို ရိုက်ချင်စိတ်က မထိန်းနိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ .... တစ်ယောက်ယောက် ငါ့ကို အဆိပ်ခတ်ခဲ့တာလား” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။
ဤအဖြေက သူ့အတွက် တကယ့်ကို အရေးကြီး၏။ အကယ်၍ ရှမ့်လန်က တစ်ယောက်ယောက် အဆိပ်ခတ်ခဲ့သည်ဟု ပြောလျှင် ရွှဲ့ပြည်နယ်တစ်ခုလုံး ဖရိုဖရဲဖြစ်မည်။ ပထမဦးဆုံး သံသယ ရှိရမည့်သူမှာ မိဖုရားကြီးကျုံးပင်။ ဘာပဲဖြစ်ဖြစ် သူမက ဘုရင်မင်းမြတ်နှင့်အတူ ကုတင်ပေါ်တွင် ရောက်ရှိနေသည့်အချိန် ဤသို့ ဖြစ်ခဲ့သည် မဟုတ်ပါလား။
မိဖုရားကြီးကျုံး သံသယရှိခံရသည် ဆိုပါက တတိယမင်းသားနှင့် ကျုံးမိသားစုကလည်း ပါဝင်လာပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်၏ စကားတစ်ခွန်းက အလွန်ပင် ကြီးမားသည့် ဂယက်ကို ရောက်ရှိစေပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး။ အရှင်မင်းကြီးရဲ့ ကျန်းမာရေးကြောင့်ပဲ ဖြစ်တာပါ”
မင်းကြီးက စိတ်သက်သာရာ ရသွား၏။ ပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ တစ်စုံတစ်ယောက်က သူ့ကို အဆိပ်ခတ်သည်ထက်စာလျှင် သူ၏ ခန္ဓာကိုယ် ချို့ယွင်းမှု ဖြစ်သည်ကို ပို၍ လိုလား၏။ အကယ်၍ တစ်ယောက်ယောက်က အဆိပ်ခတ်ခြင်းသာ ဖြစ်သည်ဆိုလျှင် ထိုအရာက ရက်စက်လွန်းရာကျ၏။
“ငါ... ငါ့ ကျန်းမာရေးက ကောင်းပါတယ်” နင်ယွမ်ရှန်းက ပြောလိုက်သည်။
နင်ယွမ်ရှန်းက တကယ်ပင် ကျန်းမာရေး ကောင်းမွန်သူ ဖြစ်၏။ အသက် ၅၀ ကျော် ရှိပြီ ဖြစ်သော်လည်း အများဆုံး ၄၀ လောက်သာ ထင်ရ၏။ သန်မာအားကောင်းသည့် အရွယ်ကောင်းတွင် ရှိနေဆဲပင်။
ရှမ့်လန်က တစ်ခုခု ပြောချင်သော်လည်း ခဏလောက် စဉ်းစားပြီးနောက် ရပ်တန့်လိုက်၏။
“ဘာဖြစ်လို့လဲ” နင်ယွမ်ရှန်းက တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ဒီရက်ပိုင်းမှာ လက်တွေ တုန်သလို ခံစားရလား။ တစ်ခုခုပေါ် တင်ထားတဲ့အချိန်မှာ လက်တွေက အလိုလျောက် တုန်နေတတ်လား။ ဒါပေမဲ့ ပစ္စည်းတစ်ခုခုကို ကိုင်ထားတဲ့ အချိန်ကျတော့လည်း ကောင်းနေပြန်ရော အဲလို ဖြစ်လား”
နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ သူ မနှစ်ထဲက ဤရောဂါ လက္ခဏာကို တွေ့ရှိရ၏။ အားနေသည့် အချိန်မျိုးတွင် လက်များသွက်လက်မှုရှိစေရန် ပစ္စည်းတစ်ခုကို ကိုင်ပြီး ဆော့ကစား လေ့ကျင့်ပေးမှုကိုပင် ပြုလုပ်ခဲ့သေးသည်။
ရှမ့်လန်က မေးလိုက်၏။ “ခြေလက်တွေ နည်းနည်း တောင့်တင်းသလို ခံစားရလား”
နင်ယွမ်ရှန်းက ဖြေသည်။ “တစ်ခါတလေပေါ့”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒီရက်ပိုင်း အိပ်ရော အိပ်ပျော်ရဲ့လား”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “သိပ်မကောင်းဘူး”
ရှမ့်လန်က စိတ်နှလုံး လေးလံသွားခဲ့၏။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ ဘယ်လို သတင်းဆိုးမျိုးလဲ။ ငါ ခံနိုင်ရည် ရှိပါတယ်။ ပြောတာပြောပါ”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ထင်တာ မမှားဘူးဆိုရင် အရှင်မင်းကြီးမှာ အရမ်းကို ရှားပါးတဲ့ ရောဂါတစ်ခု ဖြစ်နေနိုင်တယ်။ လှုပ်ရှားမှုဆိုင်ရာ ရှုပ်ထွေးတဲ့ ရောဂါတစ်ခုလေ။ ကျုပ်က အဲဒါကို ‘ပါကင်ဆန်ရောဂါ’ လို့ နာမည်ပေးထားတယ်”
နင်ယွမ်ရှန်း၏ မျက်နှာက ပျက်ယွင်းသွား၏။ လက်သီးကို ဆုပ်လိုက်မိ၏။ သူက မျက်လုံးကို မှိတ်လိုက်၏။ ဘာကြောင့် ဖြစ်ရသနည်း။ သူ၏ ကျန်းမာရေးက ကောင်းမွန်သည်။
နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ကုလို့ ရလား”
ရှမ့်လန်က ပြောလိုက်သည်။ “သက်သာအောင် လုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ အမြစ်ပြတ်အောင်တော့ လုပ်လို့ မရဘူး”
နင်ယွမ်ရှန်းက နောက်ကို အသာလှဲချပြီး မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘယ်နှနှစ်လောက် အသက်ရှင်နိုင်လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မပူပါနဲ့ အရှင်မင်းကြီး။ ကျုပ် သေသေချာချာ ဂရုစိုက်ပေးမယ်ဆိုရင် နောက်ထပ် ၁၀ နှစ် ၂၀ လောက်တော့ အေးအေးဆေးဆေး အသက်ရှင်ပါသေးတယ်။ ဒါပေမဲ့ ဒီရောဂါက နေ့တိုင်း တဖြည်းဖြည်း ပိုဆိုးလာလိမ့်မယ်။ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ် တုန်ယင်မှုက ပိုပြီး သိသာလာလိမ့်မယ်။ နောက်ဆုံးအချိန်ကျရင် လမ်းတောင်လျှောက်နိုင်မှာမဟုတ်ဘဲ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရလိမ့်မယ်”
နင်ယွမ်ရှန်းက ခေါင်းကိုမော့ကာဖြင့် နာကျင်မှုကို ခံစားလိုက်ရ၏။ အချိန်တော်ကြာပြီးမှ သူက ပြောလိုက်၏။ “ငါလမ်းမလျှောက်နိုင်တော့ဖို့အတွက် ဘယ်နှနှစ်လောက် လိုနေသေးလဲ”
ရှမ့်လန်က ဖြေ၏။ “၆ နှစ်၊ ၇ နှစ် လောက်ပါ။”
နင်ယွမ်ရှန်း၏ မျက်ဝန်းထောင့်က စိုစွတ်လာပြီး မျက်ရည်များ စီးကျလာခဲ့၏။ သူက နုနယ်သော လူတစ်ယောက် ဖြစ်နေသေး၏။ သူက ကျန်းမာသန်စွမ်းသည်ဟု ထင်မှတ်ထားခဲ့၏။ အသက် ၈၀၊ ၉၀ သို့မဟုတ် အသက် ၁၀၀ ထိ ကျန်းမာနေလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် ယခုသတင်းဆိုးက သူ့ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။