← Chapters

အခန်း (၅၂၄)

Vol. 36 Ch. 524

အခန်း (၅၂၄)

Vol. 36 Ch. 524

အချိန်တော်ကြာပြီးနောက် နင်ယွမ်ရှန်းက မျက်လုံးကို ပြန်ဖွင့်လိုက်၏။

“ဘုရင်မင်းမြတ် တစ်ပါး အားနည်းတာကို ပြလို့မဖြစ်ဘူး။ မဟုတ်ရင် တိုင်းသူပြည်သားတွေက လေးစားမှု ကင်းမဲ့လာလိမ့်မယ်။ ရန်သူတွေကလည်း အစွယ်ထုတ်လာကြလိမ့်မယ်။ ငါ့မှာ အချိန်မရှိတော့ဘူး။ အချိန် သိပ်မရှိတော့ဘူး။ ငါ လုံးဝ အားမနည်းသွားခင်မှာ ထီးနန်းလုပွဲအတွက် ရလဒ်တစ်ခု ထွက်ကို ထွက်ရလိမ့်မယ်”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မဟုတ်ရင် ငါကုတင်ပေါ်မှာလှဲပြီး လမ်းမလျှောက်နိုင်တဲ့ အချိန်ကျရင် နင်ချီနဲ့ နင်ယီတို့ကို ထိန်းချုပ်ထားနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် တိုင်းပြည်မှာ ပြည်တွင်းစစ်ကြီး ဖြစ်လာလိမ့်မယ်။ ဒါမှမဟုတ် တိုင်းပြည်တစ်ခုလုံး ပြိုလဲသွားလိမ့်မယ်။ အဲဒီအကျိုးဆက်ကို ငါခံနိုင်ရည် မရှိဘူး။ ဒီလိုသာ ဖြစ်ခဲ့ရင် နင်မျိုးနွယ်စု တစ်ခုလုံးရဲ့ အခြေခံက ပျက်စီးသွားလိမ့်မယ်”

ရှမ့်လန်က ခပ်မဆိတ်ပင် နေထိုင်လျက် ရှိ၏။ ခဏကြာပြီးနောက် သူက ပြောလိုက်၏။ “အရှင်မင်းကြီး... ကောင်းကင်ပင်လယ်နန်းဆောင်က ဆန်းကြယ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကို ပိုင်ဆိုင်တယ်။။ သူတို့ဆီမှာ အရှင်မင်းကြီးကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေ ရှိကောင်း ရှိနေနိုင်ပါလိမ့်မယ်”

“မဖြစ်ဘူး။ မဖြစ်ဘူး”

နင်ယွမ်ရှန်းက ငြင်းပယ်လိုက်သည်။ “ငါ သူတို့ကို မရှာချင်ဘူး။ သူတို့ကို သွားရှာမယ့်အစား ကုတင်ပေါ်မှာပဲ အသေခံလိုက်မယ်။ တကယ်လို့ အင်ပါယာကျန်းလီသာ နိုင်ခဲ့မယ်ဆိုရင် အဲဒီအင်အားစုတွေ အကုန်လုံး ချေမှုန်းခံရမှာ”

ထိုအချိန်မှာတော့ ကောင်းကင်ပင်လယ်နန်းဆောင်ပေါ်တွင် ရှိနေသည့် သူ၏ ရွံရှာမုန်းတီးမှုကို ဖုံးကွယ် မထားတော့ချေ။ ပြီးနောက် နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ရှမ့်လန်... မင်းငါ့ကို ပြောစမ်း။ နင်ယီနဲ့ နေချီ ကြားထဲမှာ ဘယ်သူက ထီးနန်းကို ဆက်ခံဖို့ ပိုပြီး သင့်တော်လဲ”

ရှမ့်လန်က ပြောလိုက်သည်။ “မင်းသားနင်ကျန်းပေါ့”

နင်ယွမ်ရှန်းက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောဆိုလိုက်၏။ “ငါမင်းကို မေးတာ နင်ယီနဲ့ နေချီ နှစ်ယောက်ထဲမှာ ဘယ်သူက သင့်တော်လဲလို့ မေးတာ”

ရှမ့်လန်က ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ “အရှင်မင်းကြီး… ကျူးမိသားစုက အင်အားကြီးလွန်းတယ်။ တော်ဝင်ရန်အင်ပါယာနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်တယ်။ အခု တော်ဝင်ရန်အင်ပါယာရဲ့ မူဝါဒအသစ်က အဆုံးသတ်ပိုင်းကိုတောင် ရောက်နေလောက်ပြီ။ တကယ်လို့ သူတို့ရဲ့ မူဝါဒသစ် ပြီးဆုံးသွားခဲ့မယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု အာဏာအပြည့် ရရှိလိမ့်မယ်။ အဲအချိန်မှာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လက်အောက်ခံ နိုင်ငံငယ်လေးတွေက လွတ်လွတ်လပ်လပ် ရပ်တည်ခွင့် ရှိပါတော့မလား။ တော်ဝင်ရန်အင်ပါယာက ကျုပ်တို့ကို ဝင်တိုက်မယ် ဆိုရင်ကော။ အဲနေ့ကို ရောက်လာပြီဆိုရင် ကျူးမိသားစုက ရွှဲ့ပြည်နယ်ကို သိမ်းပိုက်ဖို့ တော်ဝင်ရန် အင်ပါယာရဲ့ ရှေ့ပြေးလမ်းပြ ဖြစ်လိမ့်မယ်”

ဘုရင်မင်းမြတ်က ထိုအချက်ကို သတိထားမိ၏။ သို့ပေမည့် သူက ကျန်းမာနေစဉ်ကာလပတ်လုံး ထိုကိစ္စကို အဖြေရှာထားရန် အချိန်များစွာ ရှိနေသေး၏။ သူ့၌ ဖြေရှင်းဖို့ အတွေ့အကြုံနှင့် အချိန် လုံလောက်သည်ဟု သူက ခံစားနေမိ၏။ ဝန်ကြီးချုပ် ကျူးဟုန်ကျူး ဆုံးပါးသွားလျှင် ကျူးမိသားစုက ဦးဆောင်လမ်းပြ ပျောက်ဆုံး သွားပေလိမ့်မည်။ သို့ပေမည့် ယခု ဘုရင်မင်းမြတ်၌ အချိန် သိပ်မကျန်တော့ချေ။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီးက ဒါကိုမြင်လို့ပဲ မင်းသားနင်ချီကို အင်အားကြီးလာအောင် မွေးမြူပေးထားတာလို့ ကျုပ်ထင်တယ်။ ဒီအခြေအနေကနေ ရုန်းထွက်ပြီး ရွှဲ့ပြည်နယ်ရဲ့ အနာဂတ်အတွက် တစ်စုံတစ်ခု ဖန်တီးပေးချင်တာ မဟုတ်လား”

“ဒါ ငါ့ရဲ့ ဆန္ဒပဲ” နင်ယွမ်ရှန်းက သဘောတူညီသလို ခေါင်းညိတ်လိုက်သည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “အရှင်မင်းကြီး သံသယမဝင်အောင်လို့ ဝန်ကြီးချုပ် ကျူးဟုန်ကျူးက အချိန် အကြာကြီး အိမ်မှာပဲ အနားယူနေခဲ့တယ်။ အာဏာရှင်ဆန်တဲ့ အပြုအမူမျိုးကို သူက နည်းနည်းလေးတောင် မပြုလုပ်ခဲ့ဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ ဝန်ကြီးချုပ်ကျူးက သူ့ရဲ့အစွယ်ကို ထုတ်ပြလာခဲ့ပြီ။ အရှင်မင်းကြီးကို အတိုင်းအတာ တစ်ခုအထိ တုန်လှုပ်စေခဲ့တယ်”

ရှမ့်လန်ကြောင့်သာ မဟုတ်ပါက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဤအကြပ်အတည်းမှ အောင်မြင်စွာ ထွက်နိုင် လိမ့်မည် မဟုတ်ချေ။ ဝန်ကြီးချုပ် ကျူးဟုန်ကျူးက သူတော်စင်ဘုံကျောင်းရှေ့တွင် ရှိနေသည့် ဖြစ်ရပ်များကို ဖိနှိပ်ရန်နှင့် အိမ်ရှေ့စံမင်းသား ကျန်းချုံးကို တိုက်ခိုက်ခြင်းအား တားဆီးရန် လူလုံး ထွက်ပြခဲ့ရ၏။

အပေါ်ယံမှကြည့်လျှင် အရာအားလုံးက အရှင်မင်းမြတ်အတွက်ဖြစ်ပြီး အရှင်မင်းမြတ်၏ ဆန္ဒနှင့် ကိုက်ညီ သယောင်ရှိ၏။ သို့ပေမည့် တကယ်တမ်းမှာတော့ လောကကြီးအား သူ၏အာဏာကို ထုတ်ဖော် ပြသလိုက်ခြင်း ဖြစ်သလို မင်းကြီးကိုလည်း သူ၏ အစွမ်းအစအား ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။

နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ဒါဆိုရင် နင်ချီ နန်းဆက်ခံလို့ မဖြစ်ဘူးလား”

ရှမ့်လန်က ဖြေလိုက်သည်။ “ဒါလည်း မဖြစ်နိုင်ဘူး”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “နင်ချီက ထူးချွန် ထက်မြက်တယ်။ သူက ကျုံးမိသားစုနဲ့ ရွှယ်မိသားစုကို ဖိနှိပ်ထားနိုင်မှာပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ တတိယမင်းသားက ကျုံးမိသားစုနဲ့ ရွှယ်မိသားစုကို ဖိနှိပ်ထားနိုင်လိမ့်မယ်လို့ ကျုပ် ယုံတယ်။ ဒါပေမဲ့ သူက အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေ ကွဲပြားမှုကို တားဆီးထားနိုင်မှာ မဟုတ်ဘူး။

ကျူးမိသားစုက တတိယမင်းသား နန်းတက်လာမှာကို ခွင့်ပြုမှာ မဟုတ်သလို ကျုံးမိသားစုနဲ့ ရွှယ်မိသားစု ကလည်း အိမ်ရှေ့စံမင်းသား နန်းတက်လာမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီတော့ သူ့တို့က အပေါ်ယံမှာ ရင်းနှီးဟန်ဆောင်ထားတယ် ဆိုပေမဲ့ တကယ်တမ်းမှာတော့ တစ်ဖက်ဖက်က မသေမချင်း ရပ်တန့်ကြမှာ မဟုတ်ဘူး။”

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ပြောင်းပြန်အားဖြင့် မင်းသားနင်ကျန်းသာ နန်းတက်ရင် နှစ်ဖက်လုံး လက်ခံနိုင်တဲ့ ရလဒ်တစ်ခုပဲ”

နင်ယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ “မဖြစ်သေးဘူး။ မင်း လိုရာဆွဲပြီး ပြောချင်ရာ မပြောနဲ့။ နင်ကျန်းက အရမ်းအားနည်းလွန်းတယ်”

ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ဘူး။ မင်းသားနင်ကျန်းက လုံးဝ အားမနည်းဘူး။ သူက လျစ်လျူရှုခံထားရတဲ့ မင်းသားတစ်ပါး ဖြစ်နေရုံပဲ။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မဟုတ်ဘူး။ မဟုတ်ဘူး။ နင်ကျန်းက ကျုံးမိသားစုကို မဖိနှိပ်နိုင်ဘူး။ ကျူးမိသားစုကိုလည်း မဖိနှိပ်နိုင်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “အကယ်၍ ကျူးမိသားနဲ့ ကျုံးမိသားစု နှစ်ဖက်လုံး အကြီးအကျယ် ထိခိုက်ပြီး နစ်နာသွားမယ်ဆိုရင်ကော။ နင်ကျန်းမှာ အင်ပါယာကျန်းလီရဲ့ မျိုးဆက်အထောက်အပံ့ ရှိတဲ့အတွက် သူ့ရဲ့ အထောက်အပံ့က အကန့်အသတ် မရှိဘူး။ သူက ပြိုင်ဘက်ကင်းအင်အားကြီးတစ်ခုအဖြစ် ကြီးထွား လာနိုင်တယ်”

နင်ယွမ်ရှန်းက ခေါင်းခါနေဆဲပင်။

“နင်ကျန်းက အရမ်းကို အားနည်းလွန်းတယ်။ တကယ့်ကို အားနည်းလွန်းတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “မင်းသားနင်ကျန်းရဲ့ အနောက်မှာ ကျုပ်ရဲ့ ကျင်းမိသားစု ရှိမယ်။ ပျံ့မိသားစုနဲ့ ကျန်းချုံးတို့ရဲ့ အကူအညီလည်း ရှိလိမ့်မယ်။ ဘယ်လိုလုပ် အားနည်းမှာလဲ”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်းရဲ့ ကျင်းမိသားစုကလွဲရင် ဘယ်သူကမှ နင်ကျန်းကို သေချာ ဂရုစိုက်မှာ မဟုတ်ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “အဲဒါ အရှင်မင်းကြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရလိမ့်မယ်။ အရှင်မင်းကြီးက နင်ကျန်းပေါ်မှာ အမြဲတမ်း လစ်လျူရှုခဲ့တာကိုး။ ဒါကြောင့် တိုင်းပြည်ထဲမှာ ရှိနေတဲ့ အရာရှိ အရာခံအားလုံးက မင်းသားနင်ကျန်းကို အထင်သေးရဲကြတယ်။ အရှင်မင်းကြီးရဲ့ သဘောထား ပြောင်းလိုက်တာနဲ့ မင်းသားနင်ကျန်းကလည်း စွမ်းအားကြီးကြောင်းကို ပြသနိုင်လိမ့်မယ်။ အဲဒီကျရင် ပျံ့မိသားစုနဲ့ ကျန်းချုံးတို့က အလိုလို သူ့ဘက်ကို ပါလာလိမ့်မယ်”

ရှမ့်လန်၏ ပြစ်တင်ဝေဖန်မှုကို ကြားရသည်ဆိုသော်လည်း မင်းကြီးက ဒေါသ မထွက်ခဲ့ချေ။ အဘယ့်ကြောင့် ဆိုသော် ရှမ့်လန်ပြောဆိုသည်မှာ အမှန်တရား ဖြစ်နေသောကြောင့်ပင်။

ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး… အရှင်မင်းကြီးက မင်းသားနင်ကျန်းကို ကြိုးစားခွင့်တောင် မပေးဘဲနဲ့ မလုပ်နိုင်ဘူးဆိုပြီး ဘယ်လိုလုပ် သိရတာလဲ”

မင်းကြီးက မျက်မှောင်ကြုတ်နေပြီး မည်သည့်စကားမှ မဆိုချေ။ သူက ခေါင်းကိုက်သလိုပင် ခံစားနေရ၏။ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ ဦးနှောက်သွေးကြောပိတ်သွားတာ ခဏလေး ဆိုပေမဲ့ ခန္ဓာကိုယ်ကိုတော့ အကြာကြီး ထိခိုက်စေခဲ့တယ်။ အနည်းဆုံး လဝက်လောက် ကုတင်ပေါ်မှာ အနားယူဖို့ လိုလိမ့်မယ်။ အဲလိုအချိန်မျိုးမှာ ညီလာခံ မတက်နိုင်ရင် ဘာတွေ ဖြစ်လာမလဲ”

နင်ယွမ်ရှန်းက အမြဲတမ်း ကျန်းမာရေး ကောင်းသူ ဖြစ်၏။ ယခု ရောဂါဖောက်လာပြီး ပြန်ကောင်းလာသည် ဆိုလျှင်တောင်မှ နောက်ဆက်တွဲ အကျိုးဆက်များက တကယ့်ကို ပြင်းထန်နေပေလိမ့်မည်။ လဝက်လောက် ညီလာခံ မတက်နိုင်ပါက နန်းတွင်းရေးရာ ကိစ္စရပ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားဖို့ ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာ ကိစ္စပင်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “အကယ်၍ ရောဂါကြောင့်သာ ညီလာခံ မတက်နိုင်ဘူးဆိုရင် အခြေအနေက ပိုပြီးတော့ ဆိုးလာလိမ့်မယ်။ အဲဒီအချိန်ကျရင် အိမ်ရှေ့စံမင်းသားကော တတိယမင်းသားကပါ လှုပ်ရှား လိမ့်မယ်။ သူတို့ရဲ့ နန်းလုပွဲက ချက်ချင်းပဲ ပြင်းထန်လာလိမ့်မယ်”

“အရေးကြီးဆုံးက နန်အိုနိုင်ငံပဲ။ ချောင်ပြည်နယ်နဲ့ နန်အိုနိုင်ငံတို့ရဲ့ အခြေအနေက အရေးကြီးတယ်။ ကျုပ်တို့ရဲ့ ပြည်ပ ပတ်ဝန်းကျင် အခြေအနေက တကယ့်ကို အန္တရာယ်များနေတယ်။ အထူးသဖြင့် ချောင်ပြည်နယ်က ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ ဘာပဲပြောပြော အရှင်မင်းကြီးက ရောဂါကြောင့် အားနည်း သွားခဲ့ပြီ။ ပတ်ဝန်းကျင်က လူတွေက သဘာဝကျကျ သူတို့ရဲ့ အစွယ်ကို ဖော်ထုတ်ပြီး အခွင့်အရေးကို အသုံးချ ကိုက်ခဲ့တော့မယ်။

ဒါကြောင့် ရွှဲ့ပြည်နယ်နဲ့ ချောင်ပြည်နယ်တို့ကြားက ပဋိပက္ခကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ရွှဲ့ပြည်နယ်ဘက်က အလျှော့ပေးပြီး လိုက်လျောရင်တော့ တစ်မျိုးပေါ့။ ပြီးတော့ ကျုပ်တို့ အလျှော့ပေးလိုက်တဲ့ ခဏမှာပဲ ချောင်ဘုရင်က အခွင့်အရေးယူပြီး ကျုပ်တို့အပေါ် ဗိုလ်ကျလိမ့်မယ်။ သူက ဖိအား ပေးလိမ့်မယ်။ ရွှဲ့ပြည်နယ်အနေနဲ့ နိုင်နေရဲ့သားနဲ့တောင် သိက္ခာကျစေမဲ့ စာချုပ်ကို လက်မှတ်ထိုးလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်”

နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ သူ ချောင်ဘုရင်အကြောင်းကို ကောင်းကောင်းသိ၏။ ထိုလူက လောဘကြီးပြီး ကောက်ကျစ်စဉ်းလဲသည်။ ဆွေးနွေးပွဲစကားဝိုင်းတွင် ရွှဲ့ပြည်နယ်ဘက်က အနည်းငယ် လိုက်လျောလိုက်သည်နှင့် သူက ပါးစပ်ကို အကျယ်ကြီးဟကာ အရာအားလုံးကို ဝါးမျိုမှာ သေချာသည်။

ရွှဲ့ပြည်နယ်၏ နယ်စပ် မိုင်ပေါင်း ဆယ်ချီကို ဖယ်ပေးခိုင်းခြင်းမျိုး၊ ရွှဲ့ဘုရင်ကို လူသိရှင်ကြား တောင်းပန်ခိုင်းခြင်းမျိုး၊ ပြီးနောက် ရွှဲ့ပြည်နယ်ကို ရွှေဒင်္ဂါး တစ်သန်း လျော်ကြေးပေးခိုင်းခြင်းမျိုးလည်း လုပ်လာနိုင်၏၊ သူ နေမကောင်းနေစဉ်တွင် ချောင်ဘုရင်က အန္တရာယ်ရှိသည့် စမ်းသပ်မှုမျိုးကိုပင် ထပ်မံ ပြုလုပ်လာနိုင်သည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဒါကြောင့် ကျုပ်တို့က ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပြဿနာကို ဖြေရှင်းလို့ မရဘူး။ နယ်စပ် အမဲလိုက်ပွဲကို ကျင်းပပြီး နိုင်တဲ့လူက နယ်မြေကိုရမယ်။ လျော်ကြေးရမယ်။ လေးလ ကြာတဲ့အချိန်မှာ အရှင်မင်းကြီးရဲ့ ကျန်းမာရေးကလည်း ပြန်ကောင်းလာလောက်ပြီ။ လူတိုင်းရဲ့ ရှေ့မှောက်ကို လန်းလန်းဆန်းဆန်း တက်ကြွကြွနဲ့ ပြန်ပေါ်လာနိုင်ပြီ။

အဲဒီအချိန်ကျရင် နယ်စပ် အမဲလိုက်ပွဲမှာ ချောင်ဘုရင်ကို အပြတ်အသတ် အနိုင်ယူလိုက်တာနဲ့ ချောင်ဘုရင်က လုံးဝ ဆုတ်ခွာသွားလိမ့်မယ်။ အရှင်မင်းကြီးရဲ့ ဂုဏ်သတင်းကလည်း ကောင်းကင်ပေါ်က နေမင်းကြီးလို ပြန်ပြီး ထွန်းလင်းတောက်ပလာလိမ့်မယ်။ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုလည်း လုံးဝ ဖုံးလွှမ်းသွားလိမ့်မယ်။ အရာရှိတွေပဲ ဖြစ်ဖြစ်၊ ရန်သူတွေပဲ ဖြစ်ဖြစ် အရှင်မင်းကြီးကို အားလုံးက ကြောက်ရွံ့သွားလိမ့်မယ်။

ဒါကြောင့် နယ်စပ် အမဲလိုက်ပွဲမှာ ကျုပ်တို့က သရေကျရုံလောက်နဲ့ မရဘူး။ နှစ်ဖက် အင်အား ကွာခြားချက်က တကယ့်ကို ကြီးမားနေရမယ်။ ပြီးတော့ ချောင်ပြည်နယ်ဘက်က သူတို့ သေချာပေါက် နိုင်ရမယ်လို့လည်း ထင်နေရလိမ့်မယ်။ ဒါမှသာ သူတို့က လုံးဝ သဘောကျ ကျမှာ။

ကျုပ်က စစ်သည်တွေကို သုညကနေ စုဆောင်းပြီး လေးလအတွင်း ပြိုင်ဘက်ကင်းတဲ့ စစ်တပ်ကြီးတစ်ခု ဖြစ်အောင် လေ့ကျင့်ပေးမယ်။ စစ်သည် ၂၀၀၀ နဲ့ ချောင်ပြည်နယ်ရဲ့ တကယ့် ထိပ်တန်း လက်ရွေးစင် တပ်သား ၅၀၀၀ ကို အနိုင်တိုက်မယ်။ ဒီရလဒ်က လုံးဝကို ထူးချွန်ပြောင်မြောက်ရမယ်။ တုန်လှုပ်စရာ ကောင်းရမယ်။ အံ့အားသင့်စရာ အလှည့်အပြောင်းတစ်ခုအဖြစ် ဖန်တီးရမယ်။

အရှင်မင်းကြီး… အခုအချိန်မှာ အရှင်မင်းကြီးအနေနဲ့ ချောင်ဘုရင်၊ ပြီးတော့ နန်းမြို့ထဲမှာ ရှိနေတဲ့ အရာရှိ အရာခံတွေ၊ ပြီးတော့ တောင်ပိုင်းနိုင်ငံအတွက် အကြီးအကျယ် တုန်လှုပ်သွားနိုင်စေတဲ့ ဒီလို အောင်ပွဲမျိုးကို အထူးလိုအပ်နေတယ်။ ဒီလို အောင်ပွဲမျိုးက ကုန်ကျစရိတ်နဲ့ အကျိုးအမြတ် တွက်ကြည့်ရင်တောင် တကယ့်ကို တန်နေပြီ။ စစ်သည် တစ်သိန်းတောင် မလိုသလို မိုးထိအောင်များတဲ့ စစ်စရိတ်တွေလည်း မလိုဘူး။ ဒါပေမဲ့ ရလာမယ့် အကျိုးသက်ရောက်မှုကတော့ အတူတူပဲ။”

နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။ “တကယ်လို့ ရှုံးသွားရင်ရော”

ရှမ့်လန်က ပြောလိုက်၏။ “ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ကျုပ်တို့ကို ရှုံးမယ်လို့ ထင်ကြမှာပေါ့။ ဒါပေမဲ့ ကျုပ် မရှုံးရဘူးလို့ အာမခံတယ်။ တကယ်လို့ ရှုံးသွားခဲ့ရင် ကျုပ် မင်းသားနင်ကျန်းနဲ့အတူ ထွက်သွားမယ်။ နုရှောင့်မြို့ကိုပြန်ပြီး ထီးနန်းလုပွဲဆိုတာကို လုံးဝ စွန့်လွှတ်လိုက်မယ်။ တကယ်လို့ ကျုပ်သာ အောင်မြင်ခဲ့မယ် ဆိုရင်တော့ အရှင်မင်းကြီး ...”

နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။ “မင်းဘာလိုချင်တာလဲ”

“အရှင်မင်းကြီးအနေနဲ့ ထီးနန်းလုပွဲနိုင်ဖို့ နင်ကျန်းကို တရားဝင် အခွင့်အရေး ပေးရမယ်။ ပြီးတော့ သူ့ကို ထျန်းရွှဲ့ မြို့စောင့်တပ်ရဲ့ တပ်မှုးအဖြစ် ခန့်အပ်ပေးရမယ်”

ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ မင်းသားနင်ကျန်းကို စစ်သည် ၅၀၀၀ ထပ်မံ တိုးချဲ့ခွင့် ပေးရမယ်။”

ထျန်းရွှဲ့မြို့တော်၏ တပ်မှုး၊ မြို့တော်တစ်ခုလုံး၏ မြို့စောင့်တပ်ကို တာဝန်ယူထားရသူ ဖြစ်နေပြီး လောကတွင် နံပါတ်တစ် တပ်မှုးနေရာလည်း ဖြစ်၏။ ထိုပြင် လက်ရှိ ထျန်းရွှဲ့မြို့တော်၏တပ်မှုး သည် အိမ်ရှေ့စံမင်းသား၏ လူဖြစ်ပြီး ရှမ့်လန်ကို အကြိမ်ကြိမ် စော်ကားဖူးသူလည်း ဖြစ်သည်။

သူက ရှမ့်လန်ကို မြို့တံခါးအဝင်ဝတွင် ပိတ်ဆို့ပြီး ဖမ်းဆီးချင်ခဲ့သူ ဖြစ်၏။ ရှမ့်လန်ကို အိမ်တော်ထဲသို့ အတင်းဝင်ရောက်စေပြီး ဖမ်းဆီးချင်သူလည်း ဖြစ်၏။ သူက စစ်သည်ထောင်ချီကို စေလွှတ်ပြီး ရှမ့်လန်ကို ဝိုင်းရံ ပိတ်ဆို့ခဲ့ဖူး၏။

ထျန်းရွှဲ့မြို့တော်တပ်မှုး ရာထူးကိုသာ လက်လွှတ်ခဲ့ပါက အိမ်ရှေ့စံမင်းသားအတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်လာပေလိမ့်မည်။

နင်ကျန်းအတွက် ဆိုလျှင်တော့ ကြယ်တံခွန် တစ်ခုကဲ့သို့ပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားမည့်အရာမျိုးပင်။ ထိုအရာက နင်ယွမ်ရှန်းအနေနှင့် နင်ကျန်းအား ထီးနန်းလုပွဲ၌ တရားဝင် ဝင်နွှဲရန် အရည်အချင်း ပြည့်မီကြောင်း လောကကြီးတစ်ခုလုံးကို ကြေညာလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

ရှမ့်လန် ပြောသည်မှာ အမှန်ပင် ဖြစ်၏ နင်ယွမ်ရှန်းက ဤကဲ့သို့သောအောင်မြင်မျိုးကို တကယ့်ကို ရေးကြီးခွင်ကျယ် လိုအပ်လျက် ရှိနေ၏ အကယ်၍ ရှမ့်လန်သာ အံ့ဖွယ်ကိစ္စရပ်တစ်ခုကို ဖန်တီးနိုင်သည် ဆိုပါက ခဲတစ်လုံးထဲဖြင့် ငှက်သုံးကောင် ပစ်ချလိုက်သကဲ့သို့ပင်။

သို့ပေမည့် နင်ယွမ်ရှန်းက ပြန်စဉ်းစားကြည့်လိုက်သည့်အချိန်မှာတော့ ရယ်စရာကြီး ကဲ့သို့ပင် ခံစားရသည်။ စစ်သည်များကို သုညမှ စတင် စုဆောင်းပြီး လေးလအတွင်း လောက၏ နံပါတ်တစ် ထိပ်တန်းစစ်သည်များ ဖြစ်အောင် လေ့ကျင့်ပေးလိမ့်မည်။ မည်သို့ ဖြစ်နိုင်မည်နည်း။

နယ်စပ် အမဲလိုက်ပွဲ ကျင်းပသည်နှင့် ချောင်ပြည်နယ်က သူတို့၏ အစွမ်းထက်ဆုံး၊ အတော်ဆုံး လက်ရွေးစင် စစ်သည်များကို စေလွှတ်မှာ ဖြစ်၏ ထို့အပြင် နယ်စပ်အမဲလိုက်ပွဲ၌ နင်ယွမ်ရှန်းက ဝူဘုရင်ကိုပင် ရှုံးနိမ့်ခဲ့ဖူး၏။

ချောင်ပြည်နယ်၏ ထိပ်တန်း အကျဆုံး လက်ရွေးစင် စစ်တပ်က ဝူပြည်နယ်ထက် ပိုမိုကာ သန်မာ၏။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရွှဲ့ပြည်နယ်က စစ်ပွဲကြီးကြီးမားမားကို မတိုက်ခိုက်ခဲ့ရလောက်အောင်ပင်။ အနောက်ဘက်ရှိ ချောင်ပြည်နယ်ကမူ လျန်နိုင်ငံနှင့် အမြဲတမ်း ပဋိပက္ခ ဖြစ်ပွားပြီး တိုက်ခိုက်လျက် ရှိနေသည်။

အတိုင်းအတာတစ်ခုအရ ပြောရမည်ဆိုလျှင် ချောင်ပြည်နယ်၏ စစ်သည်များက ပိုမိုကာ ရဲရင့်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်၏။ ရှမ့်လန် လေးလလောက်ပဲ လေ့ကျင့်ပေးထားသည့် စစ်သည် ၂၀၀၀ က ချောင်ပြည်နယ်၏ တကယ့် ထိပ်တန်း လက်ရွေးစင် စစ်သည် ၅၀၀၀ ကို အနိုင်တိုက်ခိုက်ချင်နေ၏။ ဤအရာက စိတ်ကူးယဉ် အိပ်မက်တစ်ခု ကဲ့သို့ပင်။

All Chapters