← Chapters

အခန်း (၅၂၅)

Vol. 36 Ch. 525

အခန်း (၅၂၅)

Vol. 36 Ch. 525

သို့ပေမည့် ရှမ့်လန်က ကြွားလုံးထုတ်ခဲ့သမျှ အရာအားလုံး အမှန်တကယ် ဖြစ်အောင် လုပ်နိုင်၏။ ဤတစ်ကြိမ် ကြွားလုံးက အနည်းငယ် ကြီးမား၏။ သူဘာလုပ်သင့်သနည်း။ လောင်းကြေး ထပ်သင့်သလား။ ယခင်က အရှင်မင်းကြီး အနေနှင့် လောင်းကြေး မထပ်ချင်ခဲ့ချေ။ သို့ပေမည့် ရောဂါဖြစ်ပြီးနောက်မှာတော့ သူက ငရဲတံခါးဝဆီသို့ အလည်ရောက်ရှိခဲ့ပြီးပြီ ဖြစ်၏။ သူ့ကို ကယ်တင်ခဲ့သည်မှာ ရှမ့်လန်ပင်။ ကိုယ်တိုင်လည်း အံ့ဖွယ်ရာ ကိစ္စရပ်များကို ပြုလုပ်ခဲ့ဖူးသူပင်။ ဤကလေးက ကောင်းကင်ဘုံက သူ့ဆီသို့ ပေးပို့လိုက်သည့် လက်ဆောင်များလား။

နင်ယွမ်ရှန်းက ရှမ့်လန်ကို အချိန်တော်ကြာ စူးစိုက်ကြည့်ရှု၏။ “ရှမ့်လန်… ငါ နင်ကျန်းကို မယုံဘူး။ ဒါပေမဲ့ မင်းကိုတော့ ယုံတယ်။ ငါ မင်းကို စစ်သည်တွေ အစကနေ ပြန်လည် လေ့ကျင့်ခွင့် ပေးမယ်။ ပြီးတော့ နယ်စပ် အမဲလိုက်ပွဲကို လုပ်ပေးမယ်။ တကယ်လို့ မင်းရှုံးသွားခဲ့ရင် ချက်ချင်း ထွက်သွားရမယ်။ ပင်လယ်ရပ်ခြားကို ထွက်သွား။ ဝေးလေကောင်းလေပဲ။

မင်းပြောတဲ့အတိုင်းဆိုရင် ပါကင်ဆန်ရောဂါ ဆိုတာကို ခံစားနေရပြီဆိုတော့ ငါ့မှာ အချိန် သိပ်မရှိတော့ဘူး။ ငါ တကယ် အားနည်းသွားပြီ ဆိုတာနဲ့ မင်းကို ငါကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ နင်ချီနဲ့ နင်ယီတို့က မင်းကို လက်လွတ်ထားမှာ မဟုတ်ဘူး”

နင်ယွမ်ရှန်း၏ စကားလုံးတိုင်းတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေ၏။ ပြီးနောက် သူက အားတင်းကာ ပြောလိုက်သည်။ “တကယ်လို့ ဒီတစ်ခါ မင်းနိုင်သွားခဲ့ရင် ငါ နင်ကျန်းကို ထီးနန်းလုခွင့် အခွင့်အရေး တရားဝင် ပေးမယ်။ ငါသူ့ကို ထျန်းရွှဲ့ တပ်မှုးအဖြစ် ခန့်အပ်ပေးမယ်။ ပြီးတော့ စစ်သည် ၅၀၀၀ ထပ်မံ တိုးချဲ့ခွင့် ပေးမယ်”

ရှမ့်လန်က လက်ကို ဆန့်တန်းလိုက်၏။ “ကတိနော်”

မင်းကြီးကလည်း လက်ကို ဆန့်တန်းလိုက်သည်။ “ကတိပါပဲ”

အတတ်နိုင်ဆုံး ထိန်းထားသော်လည်း ဘုရင်မင်းမြတ်၏ လက်များက တုန်ယင်နေဆဲပင်။

“အရှင်မင်းကြီး… ကျုပ် အရှင်မင်းကြီးကို စိတ်ပျက်စေမှာ မဟုတ်ဘူး။ ဒီအံ့ဖွယ်ကိစ္စရပ်ကို မင်းသားနင်ကျန်း အတွက်တင် မဟုတ်ဘူး။ အရှင်မင်းကြီးအတွက် ကျုပ်လုပ်မှာပါ”

………..

ရှမ့်လန်က အိမ်သို့ ပြန်ရောက်လာခဲ့၏။ မတွေ့ရတာ ကြာမြင့်နေပြီ ဖြစ်သည့် လူတစ်ယောက်ကို တွေ့ရသောကြောင့် အလွန်အံ့အားသင့်သွား၏။ ထိုသူက ရှမ့်လန်နှင့် နင်ယန်တို့အတွက် တော်ဝင်ရန်နိုင်ငံဆီသို့ ပြန်သွားပြီး တကယ့်ကို အကြီးအကျယ် လုံးပန်းကာဖြင့် လူတိုင်းကို လိုက်လံ တောင်းပန် ခယခဲ့ရသည့် ယွမ်မင်ကျယ်ပင် ဖြစ်၏။

“ညီလေးလန်”

“အကိုယွမ်” ရှမ့်လန်နှင့် ယွမ်မင်ကျယ်တို့က တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်လိုက်သည်။

“ညီလေးလန်… ကျုပ်တကယ့်ကို အသုံးမကျခဲ့ဘူး။ လအနည်းငယ်လောက်အတွင်း အလုပ်တွေ ကြိုးစား လုပ်ခဲ့ပေမဲ့ နင်ဟန်ရဲ့ ပေးစာတစ်ဝက်လောက်တောင် အရာမရောက်ခဲ့ဘူး”

ယွမ်မင်ကျယ်က မိမိကိုယ်ကို ပြန်လည် လှောင်ပြောင်လိုက်ခြင်းပင်။ လွန်ခဲ့သည့် လအနည်းငယ်လုံး သူက အသုံးမဝင်ခဲ့သလိုပင် ကံတရား၏ လှောင်ပြောင်မှုကို ခံစားရ၏။ ပြီးနောက် သူက ခဏမျှ တုံ့ဆိုင်းကာဖြင့် ပြောလိုက်၏။

“ညီလေးလန်…. ညီလေး သိချင်လောက်မယ့် သတင်းတစ်ခု ငါ့မှာ ရှိတယ်။ ချောင်ယောင်းအာက ပင်လယ်ရပ်ခြားမှာ တိုင်းပြည်တစ်ခုကို တည်ထောင်လိုက်ပြီတဲ့”

“ချောင်ယောင်းအာက ပင်လယ်ရပ်ခြားမှာ တိုင်းပြည်တစ်ခု တည်ထောင်လိုက်ပြီ ဟုတ်လား” ရှမ့်လန်က တကယ်ပင် အံ့အားသင့်သွားမိသည်။

အချိန်မည်မျှ ကြာခဲ့သနည်း။ ချောင်ယောင်းအာက နုရှောင့်မြို့ဆီမှ ထွက်ခွာသွားသည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။ ထိုကဲ့သို့သောကာလတိုလေးအတွင်း သူမက ပင်လယ်ရပ်ခြား တည်နေရာတွင် တိုင်းပြည်တစ်ခုကို ထူထောင်လိုက်သည်လား။ သို့ပေမည့် သူမ၏ အိမ်မက်က ဘာမှန်းမသိသည့် လောကကြီးထဲ လှည့်လည်စူးစမ်း ရှာဖွေရန်ပင် မဟုတ်ပါလား။ အဘယ့်ကြောင့် တိုင်းပြည်ထူထောင်မည့် လမ်းစဉ်ကို ရွေးချယ်လိုက်ရသနည်း။

“အစ်ကိုကြီး… ခင်ဗျားရတဲ့သတင်းက မှန်ရဲ့လား”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “ပင်လယ်ရပ်ခြား မြို့ပြတွေမှာ ရှိနေတဲ့ ကျွန်းပိုင်ရှင်တွေ၊ ပြီးတော့ မြို့စားမင်းတွေက တော်ဝင်ရန်မြို့တော်ဆီကို ရောက်ရှိလာခဲ့ပြီး အင်ပါယာရဲ့ ကာကွယ်မှုကို လာတောင်းခံခဲ့တယ်။ သူတို့ဆီကနေ သတင်း ရခဲ့တာပဲ”

“အဲလောက်တောင် များတာလား။ လူအများကြီး ရောက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်က ချောင်ယောင်းအာက မြို့ပေါင်းများစွာကို ဖျက်ဆီးပစ်လိုက်ပြီဆိုတဲ့ သဘောလား”

ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ဟုတ်တယ်။ မင်းပြောတာ အမှန်ပဲ။ သူက အနောက်ဘက်ဒေသဆီကို ခရီးသွားပြီး လမ်းတစ်လျှောက်မှာရှိတဲ့ မြို့ပေါင်းများစွာကို ချေမှုန်းပစ်ခဲ့တယ်။ ချေမှုန်းခဲ့တဲ့ မြို့စားမင်းတွေထဲက တစ်ဝက်လောက်က အနောက်ဘက်ဒေသကို ထွက်ပြေးသွားခဲ့ပြီး ကျန်တစ်ဝက်ကပဲ အရှေ့ဘက်ဒေသကို ထွက်ပြေးလာကြတာ။ သူတို့က အင်ပါယာဆီ ရောက်လာပြီး သူမကို နှိမ်နင်းပေးဖို့ တောင်းဆိုနေကြတယ်”

ရှမ့်လန်က မေးမြန်းလိုက်၏။ “အင်ပါယာကရော ဘယ်လိုသဘောရလဲ”

ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ဘယ်သူက ဂရုစိုက်မှာမို့လဲ”

လောလောဆယ် တော်ဝင်ရန်အင်ပါယာက ကုန်းမြေကိုသာလျှင် အလေးထားပြီး ပင်လယ်ပြင်ကို အရေး မစိုက်ပေ။ ဤမြို့စားမင်းများအတွက်နှင့် အင်ပါယာ က အဘယ့်ကြောင့် ချောင်ယောင်းအာကို သွားရောက်ကာ တိုက်ခိုက်ချေမှုန်းပေးရမည်နည်း။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ”

ယွမ်မင်ကျယ်က ရှင်းပြလိုက်သည်။ “ချောင်ယောင်းအာက ပင်လယ်ဓားပြတွေကို ဦးဆောင်ပြီး လောကသစ်ကို လှည့်လည်ရှာဖွေဖို့ ရွက်လွှင့်ခဲ့တယ်။ လမ်းတစ်လျှောက်မှာတော့ မရေတွက်နိုင်တဲ့ ပင်လယ်ဓားပြတွေ၊ ပြီးတော့ ကုန်သည်သင်္ဘောတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ သူက ဘယ်သူ့ကိုမှ စပြီး ရန်မစခဲ့ဘူး ဆိုပေမဲ့ သူ့ရဲ့ရေတပ်အင်အား နည်းပါးမှုကိုမြင်တော့ တခြားသူတွေက ဘယ်လိုမှ မနေနိုင်ကြတော့ဘူး။ ရန်စပြီး တိုက်ခိုက်ခဲ့တာပေါ့”

ပင်လယ်ပြင်၌ ကုန်သည်သင်္ဘောများနှင့် ပင်လယ်ဓားပြများက သိပ်မခြားနားကြောင်း ရှမ့်လန်က ကောင်းကောင်းသိ၏။ ကုန်သည်သင်္ဘောများကလည်း ပင်လယ်ဓားပြများကဲ့သို့ပင် ဗိုလ်ကျစိုးမိုးမှုကို ပြုလုပ်တတ်ကြပြီး အခွင့်အခါသင့်သည်ဆိုပါက တခါတည်း လုယက်တတ်ကြ၏။ ချောင်ယောင်းအာ၏ ရေတပ်က တကယ်ပင် အင်အားနည်းပါးသည့်ပုံပေါ်၏။ အများစုက အမျိုးသမီးများဖြစ်၏။ ထို့ကြောင့် အားနည်းပုံက ထင်ရှား၏။

နောက်ဆုံးမှာတော့ အဲဒီ ပင်လယ်ဓားပြနဲ့ ကုန်သည်သင်္ဘောအုပ်စု အကုန်လုံးက ကံဆိုးမိုးမှောင် ကျခဲ့တာပဲ။ သူက လမ်းတစ်လျှောက်မှာရှိတဲ့ အရာအားလုံးကို ချေမှုန်းပစ်ခဲ့တယ်။ တားဆီးလို့ကို မရနိုင်ခဲ့ဘူး။ ထွက်ပြေးလာခဲ့တဲ့ မြို့စားမင်းတွေရဲ့ ပြောပုံအရဆိုရင် သူမက အင်အား ဆယ်ဆလောက် ပိုများတဲ့ ရန်သူတွေကိုတောင် ချေမှုန်းတိုက်ခိုက်ခဲ့တယ်တဲ့”

ရှမ့်လန်က လေအေးတစ်ချက်ကိုပင် ရှူရှိုက်လိုက်မိ၏။ ဆယ်ဆလောက်များပြားသည့် ရန်သူများကို ချေမှုန်းပစ်ခဲ့သည် ဟုတ်လား။ ချောင်ယောင်းအာက မည်သည့်နေရာကိုရောက်ရောက် အစွမ်းထက်လွန်း လှချေသည်။

ယွမ်မင်ကျယ်က ပြောလိုက်၏။ “ပြီးတော့ မုန်တိုင်းတစ်ခုကြောင့် သူမရဲ့သင်္ဘောက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်းအပေါ် သောင်တင်သွားခဲ့တယ်။ အဲဒီမှာ နှစ်လလောက် ပျောက်ဆုံးသွားခဲ့တယ်။ အားလုံးက သူ့ကို သေပြီလို့ ထင်မှတ်ခဲ့တယ်။

ဒါပေမဲ့ တပ်ဖွဲ့ကို ပြန်ဖွဲ့စည်းပြီး ပြန်ပေါ်လာခဲ့တယ်။ အရင်တုန်းကထက် ပိုပြီး အစွမ်းထက်လာတယ်။ ပြီးတော့ လူတွေကို ကြက်သီးမွေးညင်း ထစေနိုင်လောက်တဲ့ အရှိန်အဝါမျိုးကို ထုတ်လွှတ်နိုင်တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ သင်္ဘောတွေက သမုဒ္ဒရာထဲကို ပြန်ရောက်သွားပြီး အရာအားလုံးကို ချယ်လှယ်တော့တာပဲ”

ထိုအရာကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်က ကြောင်အသွားခဲ့၏။ နှစ်လပျောက်သွားသည် ဟုတ်လား။ ထို့အပြင် သူမ ဘာဖြစ်သွားရသနည်း။ ချောင်ယောင်းအာက မူလကတည်းက အလွန် အစွမ်းထက်ပြီးသား ဖြစ်၏။ အဘယ့်ကြောင့် ပိုမိုကာ အင်အားကြီးမားလာရသနည်း။ ကောင်းကင်ဘုံကို ပုန်ကန်သည့် အရာမျိုးပင် ပြုလုပ်နိုင်တော့မည်လား။

“ဒီလိုနဲ့ သူမက အနောက်ဘက်ကို ဆက်လက်ချီတက်ပြီး လမ်းတလျှောက်မှာရှိတဲ့ အရာအားလုံးကို ချေမှုန်း သတ်ဖြတ်ပစ်ခဲ့တာပဲ။ မရေတွက်နိုင်တဲ့ ပင်လယ်ဓားပြတွေ၊ ကုန်သည်သင်္ဘောတွေကို ဖျက်ဆီးပစ်ခဲ့ပြီး အဲဒီလူတွေလက်ထဲကနေ ကျွန်းပေါင်းများစွာကို ကယ်တင်ခဲ့တယ်။ သူမ ကယ်တင်လိုက်တဲ့ ကျွန်းတွေက စုစည်းပြီးတော့ တိုင်းပြည်တစ်ခု ဖွဲ့စည်းလိုက်တယ်။ ပြီးတော့ သူမက ဘုရင်မ ဖြစ်လာခဲ့တာပဲ။ ဒီလိုနဲ့ ပင်လယ်ရပ်ခြားမှာ ယှဉ်ပြိုင်လို့ မရအောင် အားကောင်းလွန်းတဲ့ တိုင်းပြည်တစ်ခု ပေါ်ပေါက်လာခဲ့တာပဲ။”

ရှမ့်လန်က ခေါင်းနပမ်းပင် ကြီးသွားမိ၏။ ဤဇာတ်ကွက်က အဘယ်ကြောင့် ရင်းနှီးနေရသနည်း။ Game of Throne ထဲက နဂါးမယ်တော်နှင့်ပင် ဆင်တူနေပါလား။ သို့ပေမည့် ချောင်ယောင်းအာက နဂါးမယ်တော်နှင့် မတူချေ။

ပထမတစ်ချက်အားဖြင့် နဂါးမယ်တော်က အရပ်ပုပြီး ချောင်ယောင်းအာက အရပ်ရှည်၏။ ဒုတိယအချက်အားဖြင့် နဂါးမယ်တော်က ကံကောင်းခြင်း၊ အကူအညီနှင့် နဂါးသုံးကောင်တို့ကို အားကိုးရ၏။ ချောင်ယောင်းအာကတော့ ကောင်းကင်ဘုံကိုပင် တုန်လှုပ်နိုင်စွမ်း ရှိသည့် သူမ၏ ကိုယ်ပိုင် အားအင်သက်သက်ကိုသာ အားကိုးခြင်း ဖြစ်၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “သူမ ကလေးမွေးပြီးသွားပြီလား”

ယွမ်မင်ကျယ်က ခေါင်းခါယမ်းလိုက်၏။ “မသိဘူး။ ဘာသတင်းမှလည်း မကြားရဘူး”

ရှမ့်လန်က တွေးတောလိုက်မိ၏။ သူ၏ တွက်ချက်မှုအရဆိုလျှင် သူမက ကိုယ်ဝန်ရှိနေသည်မှာ (၁၁) လ နီးပါးရှိနေ၏။ မွေးပင်မွေးပြီးလောက်ပြီ ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါနဲ့ ဘယ်မှာလဲ။ ကျုပ်တို့နဲ့ ဘယ်လောက်ဝေးတဲ့နေရာမှာ ရှိလဲ”

“သေသေချာချာ မသိဘူး။ အနောက်ဘက်ကို ခရီးဆက်သွားခဲ့တာပဲ။ လမ်းတစ်လျှောက်လုံး တိုက်ခိုက် ချေမှုန်းပြီး ကျွန်းအသီးသီးကို လွတ်မြောက်ရေးရအောင် ဖန်တီးပေးခဲ့တယ်။ အခု ဘယ်ရောက်နေလဲ ဆိုတာ တိတိကျကျ မသိဘူး။ ဒါပေမဲ့ လွန်ခဲ့သည့်လ အနည်းငယ်တုန်းကတော့ မြို့တစ်မြို့ ဖျက်ဆီးခံလိုက်ရတယ်။ အဲဒီနေရာက အခု ငါတို့နဲ့ ကီလိုမီတာ တစ်သောင်းခွဲလောက် ဝေးလိမ့်မယ်”

သောက်ကျိုးနည်း… လွန်ခဲ့သည့်လ အနည်းငယ်တုန်းကတောင် ကီလိုမီတာ တစ်သောင်းခွဲထိ ရောက်ရှိနေပြီလား။ ထို့သို့ဆိုလျှင် ယခု ချောင်ယောင်းအာ မည်သည့်နေရာသို့ ရောက်ရှိနေမည်နည်း။ ကောင်းကင်ဘုံသာ သိရှိပေလိမ့်မည်။

“ကလေးရော မွေးပြီးပြီလား”

ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်၏။ “တော်ဝင်ရန် အင်ပါယာဆီကို ထွက်ပြေးလာခဲ့တဲ့ ကျွန်းပိုင်ရှင်တွေက ချောင်ယောင်းအာ ဗိုက်ကြီးနေတာကို မြင်ခဲ့ကြသေးလား”

ယွမ်မင်ကျယ်က ခေါင်းညိတ်လိုက်သည်။ “အင်း မြင်ခဲ့ကြတယ်။ ဗိုက်က အရမ်းကြီးနေပြီတဲ့။ ဒါကြောင့် သူ့ကို ‘နတ်ဆိုးသန္ဓေ ဘုရင်မ’ လို့တောင်မှ ခေါ်ဆိုကြတယ်။ ဘာလို့လဲဆိုတော့ အရမ်းကို အစွမ်းထက်လွန်းလို့။ ဗိုက်ကြီးကြီးနဲ့တောင် တိုက်ခိုက်နိုင်တုန်းပဲ။ ပြီးတော့ ဘယ်သူကမှ သူမကို မယှဉ်နိုင်ဘူး။ ဒါကြောင့် လူတွေက သူမရဲ့ဗိုက်ထဲမှာ နတ်ဆိုးတစ်ကောင်ကို လွယ်ထားတယ်လို့ ထင်ကြတယ်။ သဘာဝလွန်စွမ်းအားတွေ သူမဆီက ထွက်ပေါ်လာတာ အဲဒီသန္ဓေသားကြောင့်လို့လည်း ပြောကြတယ်”

ရှမ့်လန်က ခေါင်းပင်မူးသွားမိ၏။ သူ့စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့၏။ လှပပါသည် ဆိုသည့် ချောင်ယောင်းအာက ဗိုက်အကြီးကြီးနှင့် ဓားနှစ်လက်ကို ကိုင်စွဲကာ ရှိသမျှအရာအားလုံးကို ခုတ်ထွင် ရှင်းလင်းနေသည့်ပုံ ဖြစ်၏။ သူမ၏ရှေ့တွင် ရှိနေသည့် အရာအားလုံးက ပြောင်သလင်းခါပြီး သေဆုံးနေ၏။ သူမက ပြိုင်ဖက်ကင်း နှိုင်းယှဉ်မရနိုင်သည့် သိုင်းကျင့်ကြံသူ တစ်ယောက်ပင်။ သူမ၏ ဗိုက်ထဲတွင် ရှိနေသည့် ကလေးက ရန်သူများ၏ အော်ဟစ်သံများကို နားဆင်ပြီး ကြီးပြင်းလာရမည့် အရာမျိုးပင်။

ယွမ်မင်ကျယ်က ပြောလိုက်၏။ “ညီလေး… ဒီအမျိုးသမီးက ကောင်းကင်ကိုတောင် အာခံနိုင်အောင် စွမ်းအားကြီးမားတယ်။ ဒါပေမဲ့ မင်းရဲ့ကလေးကို လွယ်ထားရတယ်ဆိုတော့ မင်းဘယ်လိုခံစားရလဲ”

ရှမ့်လန်က ဖြေဆိုလိုက်သည်။ “အင်း… ကျုပ်အထင်တော့ အဲဒါတွေအကုန်လုံးက ကျုပ်နဲ့ မသက်ဆိုင်သလိုပါပဲ။”

ဤအရာက သူ၏ရင်ထဲမှ စကားအစစ်အမှန်ပင် ဖြစ်၏။ အခြေအနေကို ပြောရမည်ဆိုလျှင် သူက သုတ်ပိုး လှူဒါန်းလိုက်သလိုပင်။ သူ့၏သုတ်ပိုးကို ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးက ယူသုံးလိုက်သလိုဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးက သူ့၏သွေးကို လွယ်ထားသည် ဆိုသော်လည်း ဤကိစ္စက သူနှင့် ဘာမှ မသက်ဆိုင်သလိုပင်။

ယွမ်မင်ကျယ်က မေးမြန်းလိုက်၏။ “ချောင်ယောင်းအာ အကြောင်းကို ကြားပြီးတဲ့နောက်မှာ ငါကတော့ ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့ လူပိုကြီးတစ်ယောက်လိုတောင် ခံစားလာရတယ်။”

ရှမ့်လန်က နှစ်သိမ့်လိုက်သည်။ “ဒီလို ကောင်းကင်ဘုံကိုတောင် အာခံနိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရှေ့မှာ ဘယ်ယောက်ျားမဆို အသုံးမကျဘူးလို့ ခံစားရမှာပဲ။ ဒါက သဘာဝပါပဲ အစ်ကိုကြီး ..။”

“အရင်တုန်းက ငါထင်တာ နင်ဟန်နဲ့ ချောင်ယောင်းအာတို့ကို အဆင့်တူတယ်လို့။ အခု ချောင်ယောင်းအာက နင်ဟန်ထက် အများကြီးပိုပြီး သာလွန်နေတယ်လို့ ခံစားမိတယ်။ မင်းသမီးနင်ဟန်က ကောင်းကင်ပင်လယ် နန်းဆောင်ကိုပဲ ကျောထောက်နောက်ခံအဖြစ် ရှိနေတာ။ ချောင်ယောင်းအာကတော့ သူ့ရဲ့ခြေထောက်ပေါ်မှာ သူ ရပ်တည်နေနိုင်တယ်။”

“နင်ဟန်… အဲဒီခွေးမလေး” ရှမ့်လန်က ကျိန်ဆဲလိုက်၏။

“ညီလေး… မင်းနင်ဟန်နဲ့ ပြဿနာတက်ခဲ့တယ် မဟုတ်လား” ယွမ်မင်ကျယ်က မေးမြန်းလိုက်သည်။

ရှမ့်လန်က အံ့အားသင့်သွား၏။ “အစ်ကိုကြီး... ဒီကိစ္စကို ခင်ဗျားသိနေပြီလား”

“မင်း တော်ဝင်ရန်မြို့တော်ကို မရောက်ဖူးသေးလို့ပါ။ အဲဒီနေရာက အရှေ့တိုင်းလောကကြီးရဲ့ အချက်အချာ တည်နေရာတစ်ခုပဲ။ အထက်တန်းလွှာတွေရဲ့ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်နီးပါး ရှားပါးတယ်။ ဒီရက်ပိုင်းအတွင်း သတင်းတွေအကုန်လုံးက ပျံ့နှံ့နေခဲ့တာပဲလေ။”

အာဏာရှိသူများ စုဝေးနေထိုင်ခဲ့သည့် တော်ဝင်ရန် အင်ပါယာ၏ မြို့တော်ကြီးက မည်သို့ပုံစံရှိမည် ဖြစ်ကြောင်းကို ရှမ့်လန်က မှန်းဆကြည့်နိုင်သည်။

ယွမ်မင်ကျယ်က သက်ပြင်းချလိုက်၏။ “ညီလေး… ဒီကိစ္စက သိပ်တော့မကောင်းဘူး။ ကောင်းကင် ပင်လယ်နန်းဆောင်က မင်းထင်ထားတာထက် အများကြီးပိုပြီး ကြောက်ဖို့ကောင်းတယ်”

“သူတို့က ကျုပ်ကို သီးသန့်လက်စားချေမယ်လို့ ပြောချင်နေတာလား”

“အဲလိုတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်က မင်းကို လျစ်လျှူရှုထားတယ် ဆိုတာနဲ့တင် တော်တော်ကို အန္တရာယ်များနေပြီ။ သူတို့ကို မျက်နှာလုပ်ချင်ပြီး မင်းကို ရန်သူလို ဆက်ဆံလာမယ့် လူတွေက အများကြီးပေါ်လာလိမ့်မယ်”

ရှမ့်လန်က မည်သို့မှ ထပ်မဆဲပဲ မနေနိုင်တော့ချေ။ “နင်ဟန်… အဲဒီခွေးမ”

နဂိုက ရှမ့်လန်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့၏ ဆက်ဆံရေးက အလွန်ရင်းနှီးသည် မဟုတ်သော်လည်း ထိုနေရာတွင် ရှိနေသည့် ပညာရှင်များက ရှမ့်လန်ကို လေးစားသမှုရှိပြီး အပြန်အလှန် အကျိုးပြုခဲ့၏။ အရာအားလုံးက နင်ဟန်ကြောင့် လုံးဝပျက်စီးသွားခဲ့ခြင်း ဖြစ်၏။

ယွမ်မင်ကျယ်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ “ဟင်း.. ငါကတော့ တကယ်ကို လူပိုကြီး တစ်ယောက်လိုပါပဲ။”

......

All Chapters