အခန်း (၅၂၇)
Vol. 36 Ch. 527
ချောင်သံတမန်က ပြုံးလိုက်၏။ “ကောင်းပြီ။ ကောင်းပြီ ... ရပါပြီ။ ဖြည်းဖြည်းပြောပါ။ အလောမကြီးပါနဲ့”
ထိုစကားထွက်လာချိန်မှာတော့ နင်ကျန်း၏ မျက်နှာက ရဲကနဲ ဖြစ်သွား၏။ ချောင်သံတမန်က သူ့ကို စကားထစ် နေသည်ဟု လှောင်ပြောင်ခြင်း ဖြစ်သည်။
ပြီးနောက် နိုင်ငံခြားရေးရာဌာနမှ ဝမ်ဟိုင်လီက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “တကယ်တော့ ဆွေးနွေးစရာ ဘာမှမရှိဘူး။ ဒါက ကျုပ်တို့ရဲ့ နောက်ဆုံး ရာဇသံပဲ။ အချိန်ဖြုန်းနေစရာ မလိုဘူး။ ကျုပ်တို့ရဲ့ သတ်မှတ်ချက်တွေ ကလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် နယ်စပ်စစ်ပွဲရဲ့ တာဝန်အားလုံးက ရွှဲ့ပြည်နယ်ဘက်မှာ ရှိတယ်။ ခင်ဗျားတို့က စစ်ပွဲကို စတင်ခဲ့သူတွေ ဖြစ်ပြီး အရှက်တကွဲ ရှုံးနိမ့်ခဲ့တာလည်း ခင်ဗျားတို့ပဲ”
အဖြူကို အမဲဖြစ်အောင် ပြောဆိုနေခြင်းက တကယ့်ကို အံ့အားသင့်စရာပင်။ တကယ်တမ်း နယ်စပ်စစ်ပွဲ၏ တာဝန်က ချောင်ပြည်နယ်တွင်သာ ရှိ၏။ ရန်စခဲ့သည်ကလည်း ချောင်ပြည်နယ်ဖြစ်ပြီး စစ်ကို စတင် တိုက်ခိုက်သည်ကလည်း ချောင်ပြည်နယ်ပင်။
“ဒါက ကျုပ်တို့ အရှင်မင်းကြီး ရွှဲ့ဘုရင်ဆီကို ပေးပို့လိုက်တဲ့ ရာဇသံပဲ။ ပထမအချက် ... အမှားလုပ်တဲ့လူ တစ်ယောက်အနေနဲ့ ရွှဲ့ပြည်နယ်က ချောင်ပြည်နယ်ကို တောင်းပန်ရလိမ့်မယ်။ ဒါကိုလည်း တလောကလုံး သိရှိအောင် ကြေညာပေးရမယ်။ ဒုတိယအချက်အားဖြင့် ကျုပ်တို့ အရှင်မင်းကြီးက မြေပုံကို လေ့လာကြည့်တဲ့ အချိန်မှာ ငြိမ်းချမ်းရေး ရဲတိုက်နဲ့ တခြားရဲတိုက် (၂၃) ခုလုံးက လွန်ခဲ့တဲ့ နှစ် ၁၃၀ တည်းက ချောင်ပြည်နယ်ပိုင် ဖြစ်ခဲ့တယ်ဆိုတာ တွေ့ရတယ်။
ဒီတော့ အခု ကျုပ်တို့ ဉစ္စာရင်း ရဲတိုက် (၂၃) ခုကို ပြန်ပြီးရယူလိုက်ပြီ။ ဒါတွေက အစောကြီးတည်းက ကျုပ်တို့အပိုင်ပဲ။ ပြီးတော့ ကျုပ်တို့ အဲဒီခံတပ်တွေကနေ ဆုတ်ခွာပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဒီရဲတိုက် ၂၃ ခုလုံးမှာရှိတဲ့ မြေယာတွေကလည်း ချောင်ပြည်နယ်ရဲ့ နယ်မြေတွေ ဖြစ်တယ်။ တစ်ယောက်မှ ကျူးကျော်လို့ မရဘူး။ ကျုပ်တို့လည်း တစ်လက်မမှ အလျှော့ပေးမှာ မဟုတ်ဘူး။
တတိယအချက်အနေနဲ့ ရွှဲ့ပြည်နယ်က ဘာအကြောင်းပြချက်မှ မရှိဘဲ နယ်စပ်စစ်ပွဲကို စတင်ခဲ့တယ်။ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတယ် ဆိုပေမဲ့ ဒါက ကျုပ်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ ဒါကြောင့် ရွှဲ့ပြည်နယ်က ကျုပ်တို့ကို ရွှေဒင်္ဂါး ငါးသိန်းတိတိ လျော်ကြေးပေးရမယ်။ အရှင်မင်းကြီးက ကျုပ်တို့နောက်မှာ အခိုင်အမာ ရပ်တည်ပေးနေတယ်။ ဒီတော့ ကျုပ်တို့က ဘယ်လိုမှ နောက်ဆုတ်ပေးမှာ မဟုတ်ဘူး။ ဒီအချက်တွေကိုလည်း လုံးဝ ပြောင်းလဲပေးမှာ မဟုတ်ဘူး။ ခင်ဗျားတို့ ရွှဲ့ပြည်နယ်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ စာချုပ်မှာ လက်မှတ်ထိုးမလား။ ဒါမှမဟုတ် စစ်မြေပြင်မှာ တွေ့ကြမလား” ချောင်သံတမန်က ပြတ်ပြတ်သားသားနှင့် အပြင်းအထန် ပြောဆိုနေ၏။
“ဟား ဟား ဟား” ရှမ့်လန်က မည်သို့မှ မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဝမ်ဟိုင်လီက ချက်ချင်း ဒေါသထွက်သွား၏။ ရှမ့်လန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒီခွေးကောင်လေး ဘယ်ကရောက်လာတာလဲ။ ဒီမှာ စကားပြောဖို့ အခွင့်အရေး မင်းမှာ ရှိလား။ မင်းသားနင်ကျန်း ဒီကောင့်ကို အပြင်ထုတ်လိုက်ပါ။ မဟုတ်ရင် ကျုပ်တို့ ဆွေးနွေးပွဲကို ရပ်ပြီး စစ်မြေပြင်မှာ တွေ့ကြတာပေါ့”
ရှမ့်လန်က လက်ခုပ်တီးလိုက်၏။ ချက်ချင်းပဲ လူဆယ်ယောက်တို့က ပြေးဝင်လာ၏။ ထိုသူတို့က သူတောင်းစား ဝတ်စုံများကို ဝတ်ဆင်ထားခဲ့သည့် လန်ညီနောင်များပင် ဖြစ်၏။ တစ်ယောက်ချင်းစီတိုင်းက တုတ်များကို ကိုင်ဆောင်လာသည်။
ချောင်သံတမန်များက အမှန်ပင် ထိတ်လန့်သွားခဲ့၏။ “ခင်ဗျားတို့ ဘယ်သူတွေလဲ။ ဒါ မြင့်မြတ်တဲ့ ဆွေးနွေးပွဲ နေရာတစ်ခုပဲ။ ဘာလုပ်ဖို့ ကြိုးစားချင်တာလဲ။ ရှမ့်လန်… မင်းဘာလုပ်တာလဲ”
လန်ညီနောင်တို့က မည်သည့်စကားကိုမှ မဆိုချေ။ ရှေ့ဆီသို့ ပြေးဝင်လာခဲ့၏။ ပြီးနောက် ခွေးရိုက်တုတ်များကို ကိုင်ဆောင်ကာဖြင့် ကောင်းကောင်းရိုက်နှက်တော့သည်။
“ဘုန်း ဘုန်း ဘုန်း”
တခဏအတွင်းမှာပဲ ချောင်သံတမန်များက သရဲလို၊ ဝံပုလွေလို၊ ခွေးလိုပင် အော်ဟစ်ငိုကြွေးနေ၏။ သွေးများကလည်း နေရာအနှံ့သို့ ပြန့်နှံ့နေ၏။
“ရှမ့်လန်… ဘာလုပ်တာလဲ။ မင်းသေချင်နေတာလား။ မင်း သံတမန်တွေကို ရိုက်ရဲတယ်ပေါ့။ ဟုတ်လား။”
“လူခေါ်... လူခေါ်” ရှမ့်လန်က ရုတ်တရက် အော်ဟစ်လိုက်၏။ “ဒီသူတောင်းစားတွေ ဘယ်ကနေ ရောက်လာခဲ့ကြတာလဲ။ ဟ… လာဖမ်းကြစမ်း။ လာဖမ်းကြစမ်း”
“ဟာ… သခင်ကြီးဝမ် ခင်ဗျား အဆင်ပြေရဲ့လား။ ချောင်သံတမန်တို့... ခင်ဗျားတို့ အဆင်ပြေရဲ့လား။ ဒီသူတောင်းစားတွေ တော်တော်သတ္တိရှိတာပဲ။ ဘယ်လိုဖြစ်ပြီး ဒီအခန်းထဲဝင်ပြီး လူရိုက်ရဲရတာလဲ။ မင်းတို့ကို ဒီလိုသတ္တိတွေ ဘယ်သူပေးထားတာလဲ။ ဘယ်သူခိုင်းလိုက်တာလဲ ပြောစမ်း။ လူတွေခေါ်၊ လူတွေခေါ်”
နောက်ဆုံးမှာတော့ ရှမ့်လန်၏ အော်သံက ချောင်သံတမန်များ၏ အော်သံထက်ပင် ပိုမိုကာ ကျယ်လောင်လျက် ရှိသည်။
သူက တကယ့်ကို ရဲရင့်ပြတ်သားစွာဖြင့် ချောင်သံတမန်ခေါင်းဆောင် ဝမ်ဟိုင်လီ၏ ရှေ့ဆီသို့ သွား၏။ “သခင်ကြီးဝမ်ကို မရိုက်ကြနဲ့။ မင်းတို့ အားလုံး သေချင်နေကြတာလား။ မင်းတို့ ဒုက္ခရောက်ကုန်မယ်နော်။ သခင်ကြီးဝမ်… ကျုပ် ခင်ဗျားကို ကယ်တင်ပေးဖို့ ရောက်လာပြီ။ လာကယ်ပြီ”
ပြီးနောက် ရှမ့်လန်က သူ၏ခြေထောက်ကို မြှောက်ကာဖြင့် ခုန်ဝင်သွားခဲ့၏။ ထိုခြေထောက်က သံတမန် ခေါင်းဆောင်ကြီး ဝမ်ဟိုင်လီ၏ ဆီးခုံသို့ တည့်တည့်ရောက်ရှိသွား၏။
ခြေထောက်၏ ကန်ချက်က ပြင်းထန်လွန်းသောကြောင့် ချောင်သံတမန်ခေါင်းဆောင် ဝမ်ဟိုင်လီက ချက်ချင်းဆိုသလိုပဲ လူးလိမ့်သွား၏။ လက်နှစ်ဖက်ဖြင့် သူ၏ အမျိုးသားအင်္ဂါကို ဖိပြီး မြေပြင် တစ်ခုလုံးတွင် လူးလှိမ့်နေ၏။ နာကျင်မှုက တကယ့်ကို ပြင်းထန်လွန်းသောကြောင့် သတိလစ် မေ့မျောလုမတတ်ပင်။ ရှမ့်လန်၏ ကန်ချက်က တကယ့်ကို ရက်စက်လွန်းသည်။
“သခင်ကြီးဝမ်.. ခင်ဗျား ဘယ်ကိုထိသွားသေးလဲ။ ခင်ဗျား အားတင်းထား။ အားတင်းထား။ ကျုပ်အခုပဲ အကူအညီ ခေါ်လိုက်မယ်” ရှမ့်လန်က အော်ဟစ်လိုက်၏။ ပြီးနောက် ဝမ်ဟိုင်လီ၏ မျက်နှာကို ပစ်မှတ်ထားပြီး တက်နင်းလိုက်ပြန်၏။
“အား”
နောက်ထပ် နာကျင်သည့် အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာ၏။ ဝမ်ဟိုင်လီ၏ ရှေ့သွားနှစ်ချောင်း ကျွတ်ထွက်သွားသည်။
ရိုက်နှက်မှုက စုစုပေါင်း ငါးမိနစ်နီးပါးခန့် ကြာမြင့်၏။ ငါးမိနစ်ပင်။ ပြီးနောက် လန်ညီနောင် ဆယ်ယောက်တို့က အလျင်အမြန် ပြန်လည်ထွက်ခွာသွားခဲ့၏။ ထွက်မသွားခင် စကားတစ်ခွန်းကို အော်ဟစ်ခဲ့၏။ “မင်းတို့ ဆောင်ကြာမြိုင်လာပြီး မိန်းမတွေနဲ့ အိပ်တယ်။ ပြီးတော့ ပိုက်ဆံမရှင်းခဲ့ဘူး။ တကယ့်ကောင်တွေ။ နောက်တစ်ခါ ဒါမျိုးလုပ်ရင် ထပ်လာရိုက်မယ်”
ချောင်သံတမန် ဆယ်ယောက်ကျော်တို့က မြေပြင်ပေါ်တွင် လူးလှိမ့်လျက် ရှိ၏။ ကြည့်ရှုနေသူများ အတွက်တော့ တကယ့်ကို ဝမ်းနည်းစရာ မြင်ကွင်းတစ်ခု ကဲ့သို့ပင်။
ရှမ့်လန်က သံတမန်ရေးရာဌာန၏ ခေါင်းဆောင်ရှေ့ ထိုင်ချလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သခင်ကြီးဝမ်.. စိတ်မပူနဲ့။ ဒီကိစ္စအတွက် ကျုပ် သေချာပေါက် စုံစမ်းပေးမယ်။ ဒီကောင်တွေ ဘယ်ကကောင်တွေလဲဆိုတာ ကျုပ် သေချာစုံစမ်းပေးမယ်။
ဒါပေမဲ့ တစ်ခုတော့ ပြောအုံးမယ်။ ပြည့်တန်ဆာကြွေးကိုတော့ မပေးလို့မဖြစ်ဘူး။ လောင်းကစားကြွေး ဆိုတာ ငြင်းဆိုလို့ ကောင်းတယ်ဆိုပေမဲ့ ပြည့်တန်ဆာကြွေးကိုကျတော့ ငြင်းလို့ မဖြစ်ဘူး။ ခင်ဗျားတို့ ပိုက်ဆံ ပေးစရာရှိတာ ပေးလိုက်စမ်းပါ။ ဒါမှမဟုတ် မပေးနိုင်ရင်လည်း ကျုပ်ကိုပြော။ ကျုပ် စိုက်ပေးမယ်”
…………
တစ်နာရီကြာပြီးသည့်နောက် …
ရွှဲ့ပြည်နယ်မှ သမားတော်များ၏ ရိုးရှင်းသည့် ကုသမှုကို ခံယူပြီးသည့်နောက် ချောင်သံတမန်များက ဆွေးနွေးပွဲစကားဝိုင်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။ သို့ပေမည့် ထိုလူတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာများ ရှိနေပြီး တချို့နေရာများဆိုလျှင် ရောင်ကိုင်းနေ၏။ ဒဏ်ရာများက အပေါ်ယံသာ ဖြစ်သော်လည်း တကယ့်ကို ဆိုးရွားလွန်း၏။ ကြည့်မကောင်း၊ ရှုမကောင်းပင်။
သံတမန်ဌာန၏ခေါင်းဆောင် ဝမ်ဟိုင်လီက အမျိုးသားအင်္ဂါ ရောင်ရမ်းလျက် ရှိနေသည်။ နာကျင်မှုကိုလည်း လုံးဝမခံစားရဘဲ ထိုနေရာက ထုံကျင်နေ၏။
လက်ရှိအခြေအနေမှာတော့ သူ၏ နှလုံးသား တစ်ခုလုံးက ဒေါသတရားများနှင့် ပြည့်နှက်နေ၏။ ထိုတင်သာမကချေ။ ကြောက်ရွံ့မှုများကလည်း ရောနှောပါဝင်နေ၏။ သူက ရန်သူ၏ နိုင်ငံထဲရောက်ရှိနေကြောင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကာ အမှတ်ရမိ၏။ သူတို့၏ မြေပိုင်နက်နေရာ မဟုတ်ချေ။ ဤအချိန်မှာတော့ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် တုန်လှုပ်မှုကို စကားလုံးများနှင့်ပင် ဖော်ပြ၍ မရချေ။
ဤလောကကြီးထဲတွင် တကယ်ပဲ ထိန်းချုပ်မရနိုင်သည့် မိုက်မဲလွန်းသော ဥပဒေမဲ့လူတစ်ယောက် ရှိနေလေသည်လား။ တခြားနိုင်ငံ၏ သံတမန်များကို လူသိရှင်ကြား ရိုက်နှက်ခဲ့၏။ ဤအရာက ရူးသွပ်ဖွယ်ရာ ကောင်းလွန်းလှ၏။ သေရမည်ကို မကြောက်လန့်ပေဘူးလား။
တခြားနိုင်ငံသို့ သံတမန်အဖြစ် သွားရောက်ချိန်တွင် အသေရိုက်နှက်ခံရသည်ဟူ၍ မကြားဘူးချေ။ မကြိုက်လျှင်တောင်မှ အနည်းဆုံး လူကြီးလူကောင်းတစ်ယောက်၏ အရှိန်အဝါမျိုးဖြင့် ဆက်ဆံခံရ၏။
ဆွေးနွေးပွဲ စကားဝိုင်း၏ တစ်ဖက်တစ်ချက်တွင် နိုင်ငံနှစ်ခုမှ ဆွေးနွေးမည့်လူများရှိ၏။ ညာဘက်ခြမ်းတွင် ချောင်ပြည်နယ်ဆီမှ ဆယ်ယောက်ကျော်ရှိပြီး ရွှဲ့ပြည်နယ်ဘက်တွင် နင်ကျန်းနှင့် ရှမ့်လန် နှစ်ယောက်တည်းသာ ရှိ၏။ သို့ပေမည့် ဒီတစ်ကြိမ်မှာတော့ ပိုမို၍ သဟဇာတ ရှိလာ၏။ ရွှဲ့ပြည်နယ်ဘက်တွင် ရှမ့်လန်တို့ နှစ်ယောက်သာ ရှိသော်လည်း သူတို့၏ မာန်မာနက တစ်ဖက်လူများကို အရှိန်အဝါဖြင့် ဖိနှိပ်ထားသည်။
ရှမ့်လန်က ခြေထောက်ကိုပင်ချိတ်ကာ ထိုင်၏။ ပြီးနောက် မေးမြန်းလိုက်၏။ “ကျုပ်နာမည်က ရှမ့်လန်ပါ။ ဟို သခင်ကြီးဝမ် ကျုပ်ကို မှတ်မိရဲ့လား”
‘မှတ်မိရုံတင် မကဘူး။ ပြာမှုန်ဖြစ်သွားရင်တောင်မှ ငါ မင်းကို မမေ့ဘူး’
ပြီးနောက်မှာတော့ သံတမန် ခေါင်းဆောင် ဝမ်ဟိုင်လီက သူ၏ အမျိုးသားအင်္ဂါ တုန်ယင်သွားခဲ့၏။ ပြီးနောက် သူက နာကျင်မှုကို ခပ်ဖျော့ဖျော့ ခံစားလိုက်ရသည်။
ရှမ့်လန်က မျက်မှောင်ကြုတ်ပြီး ခပ်မာမာ အော်ဟစ်လိုက်၏။ “ခင်ဗျား ကျုပ်ကို မှတ်မိရဲ့လား”
ဤအခြေအနေက နိုင်ငံနှစ်ခုကြား ဆွေးနွေးပွဲနှင့် မတူဘဲ လူမိုက်ဂိုဏ်းမှလူများ လာရောက်ကာ အကြွေးတောင်းနေသည်နှင့်ပင် ဆင်တူသည်။
“မှတ်မိပါတယ်။ မှတ်မိပါတယ်”
‘လူကြီးလူကောင်း တစ်ယောက်က အခွင့်အရေးမရှိဘဲ ဒီလို ရိုက်နှက်မှုကို မလုပ်သင့်ဘူး။ ရှမ့်လန်.. မင်းစောင့်နေ၊ စောင့်နေ၊ ငါ တော်ဝင်ရန်မြို့တော်ကိုရောက်ရင် ဒီကိစ္စကို အစီရင်ခံတင်ပြမယ်။ တော်ဝင်ရန် နိုင်ငံတော်ရဲ့ အင်ပါယာဆီမှာ ဒီကိစ္စကို တိုင်ကြားမယ်။ မင်းကတော့ သေဖို့သာပြင်ထား။ မင်းက တခြားနိုင်ငံရဲ့ သံတမန်တွေကို ရိုက်နှက်ခဲ့တယ်။ ဒါ ဘယ်တုန်းကမှ ဖြစ်ဖူးတဲ့ ကိစ္စမဟုတ်ဘူး။ ခေါင်းဖြတ်ခံရဖို့သာ စောင့်နေတော့”
“ခင်ဗျား မှတ်မိရဲ့လား” ရှမ့်လန် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်၏။ သူ၏လေသံက တကယ်ပင် အာဏာရှင်ဆန်၏။ လက်ကို စားပွဲပေါ်တင်ထားပြီး စားပွဲကို ထကာ ရိုက်နှက်တော့မည့် ပုံစံမျိုးပြ၏။ နောက်ခဏအတွင်းမှာပဲ ဆိုးသွမ်းလူမိုက်တစ်ဖွဲ့ ထွက်ပေါ်လာပြီး သူတို့ကို မသေရုံတမယ် ရိုက်နှက်တော့မည့် ဟန်ပန်မျိုးပင်။
ချက်ချင်းပဲ ချောင်ပြည်နယ်၏ အရာရှိဆယ်ဦးတို့က အလျင်အမြန် ခေါင်းညိတ်လိုက်ကြ၏။ “ကျုပ်တို့ မှတ်မိပါတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ အခြေအနေက ပိုပြီးကောင်းလာပြီလို့ ကျုပ်တို့ ခံစားမိတယ်။ ကျုပ်တို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့”
ပြီးနောက် သူက ဆက်ပြောလိုက်၏။ “တကယ်တော့ ဆွေးနွေးစရာ မရှိပါဘူး။ ကျုပ်တို့ဘက်က နောက်ဆုံး ရာဇသံကိုပဲ ပေးမယ်။ လေးလကြာတဲ့ အချိန်ကျရင် ချောင်ပြည်နယ်နဲ့ ရွှဲ့ပြည်နယ်တို့က နယ်စပ် အမဲလိုက်ပွဲ ကျင်းပမယ်။ ဒီပဋိပက္ခကို ဖြေရှင်းပစ်မယ်။ ကျုပ်တို့ ရွှဲ့ပြည်နယ်က စစ်သည် နှစ်ထောင်ကို စေလွှတ်မယ်။ ခင်ဗျားတို့ ချောင်နိုင်ငံက စစ်သည်ငါးထောင် စေလွှတ်။ ခင်ဗျားတို့ရဲ့ အကောင်းဆုံး လက်ရွေးစင် စစ်သည်တွေကို စေလွှတ်နိုင်တယ်။ ကျုပ်တို့ အသေအကြေ တိုက်ပွဲဝင်ကြမယ်”
“ခင်ဗျားတို့ ချောင်ပြည်နယ်က စစ်သည်ငါးထောင်ကို စေလွှတ်၊ ကျုပ်တို့က နှစ်ထောင်ကို စေလွှတ်မယ်။ မင်းသားနင်ကျန်းက အဲတပ်ကို ဦးဆောင်လိမ့်မယ်။ ရှုံးတဲ့လူက ဘုရင်ကို လူသိရှင်ကြား တောင်းပန်ရမယ်။ နယ်စပ် မိုင်နှစ်ဆယ်နဲ့ ခံတပ် ၂၃ ခုကို ပေးရမယ်။ ပြီးတော့ တစ်ဖက်လူကို ရွှေဒင်္ဂါး ရှစ်သိန်းတိတိ လျော်ကြေးပေးရမယ်။ အဲတာပဲ။
ဘယ်သူ ကန့်ကွက်ချင်လဲ။ သဘောတူတယ်ဆိုရင် အခုချက်ချင်း လက်မှတ်ထိုးလို့ရပြီ။ ဒါက ချက်ချင်း အကျိုးသက်ရောက်မှုရှိတယ်။ ဆွေးနွေးပွဲပြီးပြီ။
ဒီကိစ္စက ဘယ်လောက်ရိုးရှင်းလဲ ကြည့်။ ဒါကို လအနည်းငယ် ကြာအောင် ညှိနှိုင်းဆွေးနွေးနေကြသေးတယ်။ ဟမ့်.. ကျုပ် … ရှမ့်လန်ဝင်ပါလိုက်တာနဲ့ ပြဿနာအားလုံး ရှင်းလင်းပြီးသား ဖြစ်သွားပြီ။ ကဲ … ဘယ်လောက်ကောင်းလဲ ကြည့်ကြအုံး”
ရှမ့်လန်၏စကားကို ကြားသည့်အချိန်မှာတော့ ချောင်ပြည်နယ်၏ သံတမန်များအားလုံးက အလုံးစုံ အံ့အားသင့်လို့ နေ၏။ အထူးသဖြင့် နိုင်ငံရေးရာ ဝန်ကြီးဌာနဆီမှ သံတမန် ခေါင်းဆောင် ဝမ်ဟိုင်လီပင် ဖြစ်လေ၏။ သူက မိမိ၏ နားကိုပင် မိမိ မယုံကြည်နိုင်သလို ဖြစ်နေ၏။
ရှမ့်လန်က နိုင်ငံရပ်ခြား သံတမန်များကို ရိုက်နှက်ခဲ့ခြင်းကပင် တကယ့်ကို အံ့အားသင့်စရာ ကိစ္စ ဖြစ်၏။ ယခု ရှမ့်လန် ပြောလိုက်သည့် စကားလုံးများနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ယခင်ပြုလုပ်ခဲ့သည့် အကြောင်းအရာများက အံ့အားသင့်စရာ မဟုတ်တော့ချေ။
ရှမ့်လန်က အရူးတစ်ယောက်များ ဖြစ်နေသည်လား။ လောကကြီးထဲတွင် ယခုထက် ပိုမိုကာ အဓိပ္ပာယ် မရှိသည့် ကိစ္စရပ်မျိုး ရှိနေသေးသည်လား။ ရှမ့်လန်က တိုင်းပြည်ကို ဤမျှ စိတ်ရောကိုယ်ပါ အားစိုက် ထုတ်၍ ဖျက်ဆီးရန် ကြံစည်နေသည်လားပင် မသိခဲ့ချေ။
နယ်စပ် အမဲလိုက်ပွဲ ဆိုသည်မှာ အဆန်းမဟုတ်ပေ။ ညှိနှိုင်းဆွေးနွေးမှုများ ပျက်ပြယ်သွားသည့် အချိန်ခါမျိုး၌ ထိုကဲ့သို့သောပြိုင်ပွဲမျိုးကို ပြုလုပ်ပြီး အဆုံးအဖြတ်ကို ခံယူလေ့ရှိ၏။ ပုံမှန်အားဖြင့် နယ်စပ် အမဲလိုက်ပွဲများက အင်အားချင်း မျှတ၏။
ရွှဲ့ပြည်နယ်၏ စစ်သည်ပေါင်း ၂၀၀၀ နှင့် ချောင်ပြည်နယ်၏ အထက်တန်း လက်ရွေးစင် စစ်သည် ၅၀၀၀ ကို တိုက်ခိုက်ရမည်လား။ ဦးနှောက်မရှိသည့် လူမိုက်ပင်လျှင် ထိုအရာက ရူးသွပ်နေသည့် ကိစ္စရပ်မျိုး ဖြစ်လိမ့်မည်ဟု တွေးမိလိမ့်မည်။ ၂၀၀၀ နှင့် ၂၀၀၀ ချင်း ယှဉ်တိုက်လျှင်ပင် ရွှဲ့ပြည်နယ်က ချောင်ပြည်နယ်ကို အနိုင်ရရှိဖို့ မဖြစ်နိုင်ချေ။
မကြာသေးခင်က ဝူဘုရင်နှင့် ရွှဲ့ဘုရင်တို့က နယ်စပ်အမဲလိုက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသော်လည်း အဆုံးသတ်မှာတော့ ရွှဲ့ပြည်နယ်က ရှုံးနိမ့်ခဲ့၏။ သူတို့ ချောင်ပြည်နယ်က ဝူပြည်နယ်ထက်ပင် ပိုမိုကာ စစ်ရေးစွမ်းရည် ကောင်းမွန်သည်။
‘ရှမ့်လန်… မင်းက ငါတို့ ချောင်ပြည်နယ် မနိုင်မှာ စိုးရိမ်နေတာလား။ ဒါကြောင့် ရယ်စရာကောင်းတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနေတာလား။ မင်းက ချောင်ပြည်နယ်ဘက်က သူလျှိုများလား။’
ခဏလောက် ကြာပြီးနောက် ဝမ်ဟိုင်လီက သူ၏ အောက်ပိုင်းမှ နာကျင်မှုကိုပင် မေ့လျော့လုမတတ် ဖြစ်သွား၏။ သူက တုန်ယင်နေသည့်အသံဖြင့် မေးမြန်းလိုက်၏။ “မင်းသားနင်ကျန်း... နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးဆိုတာ ဒီလို ပေါ့ပေါ့တန်တန် လုပ်လို့ရတာ မဟုတ်ဘူး”
ဤမျှ ကောင်းမွန်သည့် အခွင့်အရေးမျိုး လောကထဲတွင် ရှိနေသေးသည်လား။
နင်ကျန်းက ပြန်လည်ကာ ဖြေလိုက်သည်။ “ကျုပ်က ဒီဆွေးနွေးညှိနှိုင်းမှုအတွက် အာဏာကုန် လွှဲပြောင်း ခံထားရတဲ့လူပဲ။ ရှမ့်လန်ရဲ့စကားက ကျုပ်ရဲ့ဆန္ဒသဘောထားနဲ့ တူတူပဲ။ ကျုပ်က အပြည့်အဝ ဆန္ဒပြုတယ်”