အခန်း (၅၂၆)
Vol. 36 Ch. 526
မွန်းတည့်ချိန်ကို ရောက်ချိန်မှာတော့ ....
ရှမ့်လန်က အိမ်တံခါးမကြီးကို ခပ်တင်းတင်းပိတ်ထား၏။ မူလန်က ရေမိုးချိုးသန့်စင်ပြီး အဝတ်အစားများကို လဲလှယ်ကာ ဝတ်ဆင်ထားခဲ့ပြီးဖြစ်၏။ သူမက အမွှေးနံ့သာ တချို့ကို ထွန်းညှိလိုက်၏။ လိုက်ကာများကိုချပြီး ဖယောင်းတိုင်များကိုလည်း ထွန်းလိုက်၏။
သူမအတွက် ဝိုင်တစ်ခွက်၏ သုံးပုံတစ်ပုံခန့်ကို ငှဲ့ပြီး ရှမ့်လန်အတွက် ငါးပုံတစ်ပုံခန့် ငှဲ့ပေး၏။ ခံစားမှု သက်ဝင်ရုံလောက် သောက်ရန်လိုအပ်၏။ အများကြီးသောက်လျှင် ကိုယ်ဝန်ရရှိမှုကို ထိခိုက်မည်ကို စိုးရသည်။
ခဏမျှ တွေဝေပြီးသည့်နောက် သူမက နောက်ထပ်အမွှေးတိုင်တစ်ခုကို ထွန်းညှိလိုက်၏။ ထိုအမွှေးတိုင်က စိတ်ကြွဆေး အနည်းငယ်ပါဝင်၏။ သူတို့နှစ်ယောက်က ချိုမြိန်သည့် စကားလုံးများကို ပြောဆိုကြ၏။ အနမ်းချင်းဖလှယ်ကြ၏။ တဖြည်းဖြည်း တစ်ယောက်နှင့်တစ်ယောက် တစ်သားတည်း ဖြစ်သွားကြ၏။
မူလန်က ကလေးလိုချင်နေသည်မှာ ရူးမတတ်ပင်။ မူလန်က ဤအချိန်ကို စောင့်မျှော်နေခြင်း ဖြစ်၏။ ယခုဆန္ဒများ ပြည့်ဝသွားချိန်မှာတော့ ဂျင်ဆင်းသီးကို စားလိုက်ရသကဲ့သို့ အင်အား ပြည့်ဝကာ ကျေနပ်သွားသည်။
မူလန် မည်မျှ ကလေးလိုချင်သနည်း ဆိုသည်ကို ရှမ့်လန်က သဘောပေါက်လိုက်မိ၏။ အရာအားလုံး ပြီးမြောက် သွားခဲ့ပြီး နာရီဝက်ကြာခဲ့သည်ဆိုလျှင်တောင် သူမက ခြေထောက်နှစ်ဖက်ကို နံရံမှာကပ်ပြီး ထောင်ထား တုန်းပင်။ သူမက ကလေးလိုချင်လွန်းလို့ ရူးခါနေပြီ ဖြစ်၏။
ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “မိန်းမ.. ရလောက်ပါပြီ။ ဒီပုံစံကြီးနဲ့ နေနေတာ တစ်နာရီတောင် ပြည့်တော့မယ်”
မူလန်က ပြောလိုက်၏။ “နေဦး။ ခဏစောင့်အုံးမှ ဖြစ်မယ်”
သူမက ငြင်းလိုက်၏။ သူမ၏ လှပသည့် မျက်နှာလေးက ဝိုင်မူးနေသကဲ့သို့ပင် ပန်းရောင်သန်းပြီး လှပသည့် မျက်ဝန်းအိမ်ကြီးများတွင် စိတ်ကူးယဉ် အိမ်မက်များနှင့် ပြည့်နှက်နေသကဲ့သို့ပင်။ ကိုယ်ဝန်တောင် မရသေးချေ။ သူမက ကလေးအကြောင်းကို စဉ်းစားနေပြီ ဖြစ်၏။ သူမကို ကြည့်ရှုရသည်မှာ ကလေး သုံး၊ လေးနှစ်အရွယ်ထိ ရောက်နေသည့် ပုံပင်။
...........
ညနေစောင်းမှာတော့ မူလန်နှင့် နင်ယန်တို့က ဆွေးနွေးညှိနှိုင်းကြ၏။ “ယောက်ျားရဲ့ ခန္ဓာကိုယ်က သိပ်ပြီး အားကောင်းတာ မဟုတ်ဘူး။ အဲဒီကိစ္စကို အရမ်းကြီး မလုပ်နဲ့။ သုံးရက်တစ်ခါလောက်ဆို လုံလောက်ပြီ။ ပြီးတော့ အရမ်းကြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်နဲ့။ သူ့ကို နာအောင်မလုပ်နဲ့။
ပြီးတော့ ယောက်ျားက အရမ်းဆိုးတယ်။ ရှုပ်ရှုပ်ထွေးထွေးတွေ တောင်းဆိုလာရင် လက်ခံလို့ရပေမဲ့ အရမ်းကြီး အလိုလိုက်စရာ မလိုဘူး။ အရေးကြီးဆုံးက အိမ်ကို ကောင်းကောင်းစောင့်ရှောက်ရမယ်။ ရှုပ်ရှုပ်ထွေးထွေး မိန်းမတွေ အိမ်ထဲကို မဝင်လာစေနဲ့”
နောက်ဆုံးမှာတော့ နင်ယန်က မနေနိုင်ဘဲ မေးလိုက်မိ၏။ “ရှမ့်လန်က လူရှုပ်လူပွေတစ်ကောင်ပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကဆို ပြည့်တန်ဆာအိမ်ကို သွားခဲ့သေးတယ်။ သူ ပြည့်တန်ဆာအိမ်ကို သွားရင် ဘယ်လိုလုပ်မလဲ။ လိုက်ပြီး ရိုက်နှက်ရမှာလား”
မူလန်က ကြောင်အမ်းသွားခဲ့၏။ ဤကဲ့သို့သော ကိစ္စမျိုး ရှိခဲ့သေးသလား။ နင်ယန်က သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ “အင်း မဟုတ်သေးဘူး ငါ စကားမှားသွားတာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သူက လေးကြိမ်လောက် တွေဝေခဲ့ပြီး တကယ်လည်း မသွားဖြစ်ပါဘူး။ သွားချင်ပေမဲ့ သတ္တိမရှိလို့လည်း နေမှာပေါ့”
မူလန်က ပြတ်ပြတ်သားသား ပြောလိုက်၏။ “တကယ်လို့များ သူ ပြည့်တန်ဆာအိမ်ကို သွားပြီဆို သူ့ကို အပြစ်ပေးလိုက်။ ရှင့်ကို လဝက်လောက် အထိမခံနဲ့”
နင်ယန်က ပြန်မေးလိုက်သည်။ “အဲဒါက သူ့ကို အပြစ်ပေးတာလား၊ ငါ့ကို အပြစ်ပေးတာလား”
မူလန်က စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ ‘ရှင်က တကယ့်ကို အသုံးမကျတဲ့ အသင်းဖော်တစ်ယောက်ပဲ။ ယောက်ျားကို စောင့်ကြည့်ဖို့ ရှောင်ပင်းလောက်တောင်မှ အားကိုးလို့ မရဘူး။ အင်း.. ဟိုလူရှုပ်လူပွေကောင်။ ရှင် စောင့်ကြည့်နေလိုက်။ ပင်းအာ ကလေးမွေးပြီးသွားရင် အဲဒီမြေခွေးမကို ရှင့်ကို စောင့်ကြည့်ခိုင်း ထားလိုက်မယ်။ နင်ယန် .. ရှင်က အပြင်ပန်းကသာ မာကျောပြီး အတွင်းစိတ်က အရမ်းပျော့ညံ့လွန်းတယ်။ ရှင့်ကို အားကိုးလို့ မရဘူး’
မူလန်က ဆက်ပြောလိုက်၏။ “ဒါဆိုရင် ရှင့်အတွက် တစ်ခုပဲ မှာခဲ့တော့မယ်”
“ဘာလဲ”
“ကျုံးရှစ်ရှစ်ကို ယောက်ျားနား မကပ်စေနဲ့။ အိမ်ကို ရောက်လာရင် ရိုက်သာလွှတ်လိုက်။ နားလည်တယ်မလား”
နင်ယန်က မေးမြန်းလိုက်သည်။ “ကျုံးရှစ်ရှစ်က ရှမ့်လန်ကို ရိုက်နှက်မှာ စိုးလို့လား”
မူလန်က ပြောလိုက်၏။ “မဟုတ်ဘူး။ သူ ယောက်ျားနဲ့ လာအိပ်မှာစိုးလို့”
နင်ယန်က အံ့အားသင့်သွားသည်။ “ရှမ့်လန်.. အဲဒီလူရှုပ်လူပွေကောင်က အဲလောက်ထိလည်း ဆွဲဆောင်မှု မရှိပါဘူး။ ပြီးတော့ အဲလောက် သုံးစားမရတဲ့လူ။ လူရှုပ်ကောင်ကို ဘယ်လိုလုပ် မိန်းမတွေက ကြိုက်မှာလဲ။”
မူလန်က ဘာမှ မပြောတော့ချေ။ သူမ၏ လှပသည့်မျက်ဝန်းများက နင်ယန်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ‘နင်ယန်… ကျွန်မ ကျင်းမူလန် ရှင့်ကို အထင်သေးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မယောကျာ်းက ကျွန်မကို ချစ်လို့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းခဲ့တာ။ မဟုတ်ရင် ရှင်နဲ့တွေ့တဲ့ ဒုတိယမြောက်နေ့မှာထဲက ရှင် သူနဲ့ အိပ်ပြီးနေလောက်ပြီ”
နောက်တစ်ရက် မနက်စောစောမှာတော့ မူလန်က နန်းမြို့တော်မှ ထွက်ခွာပြီး ရွှမ်ဝူမြို့ဆီသို့ ပြန်သွား၏။ လမ်းခွဲခါနီးမှာတော့ ရှမ့်လန်ကို သူမက နှုတ်ဆက်စကားပြောခဲ့သည်။
“လူရှုပ်.. တခြားမိန်းမတွေကို လျှောက်မထိနဲ့နော်”
ကျင်းမူလန်က ရှမ့်လန်ကို ဖက်ပြီး အသက်ရှူမဝတော့သည်အထိ နမ်းရှိုက်နေ၏။ သူမက တကယ့်ကို ခွဲခွာချင်စိတ် မရှိချေ။ နှစ်ယောက်သား အချိန်အတန်ကြာ ရှိနေကြပြီး ခွဲခွာရသည့်အချိန်တိုင်းက လူနှစ်ယောက်ကို ဓားနှင့်ခြမ်းထုတ်လိုက်သကဲ့သို့ပင် နာကျင်ရစေ၏။
သို့ပေမည့် အခြားနည်းလမ်းလည်း မရှိချေ။ မူလန် ဖြေရှင်းရမည့် ကိစ္စရပ်ပေါင်းများစွာက အိမ်၌ ရှိနေ၏။ သူမ၏ဖခင် ကျင်းကျိုးက နုရှောင့်မြို့ကို တာဝန်ယူထားပြီး မူလန်ကတော့ ရွှမ်ဝူမြို့နှင့် သင်္ဘောကျင်းကို တာဝန်ယူထားရသည်။
ရှမ့်လန်နှင့် မူလန်တို့၏ အိပ်မက်များကို သယ်ဆောင်ပြီး ခရီးဝေးသွားမည့် သင်္ဘောကြီး တည်ဆောက်မှုကိုလည်း ကြီးကြပ်စောင့်ရှောက်ရပေဦးမည်။ ထိုသင်္ဘောကြီးက မူလန်၏ ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်အိမ်မက်များ၊ ကဗျာနှင့် ခရီးရှည်ကြီးကို သယ်ပိုးသွားရမည့် အရာမျိုးပင်။ ထို့ကြောင့် သူမက ထိုသင်္ဘောကြီးကို အကောင်းဆုံး တည်ဆောက်ချင်၏။
............
ဘုရင်မင်းမြတ် နာမကျန်းဖြစ်နေသောကြောင့် ညီလာခံ မတတ်ရောက်သည်မှာ ရက်အနည်းငယ် ကြာမြင့်ပြီ ဖြစ်၏။ နန်းတော်တစ်ခုလုံးကလည်း လှုပ်လှုပ်ရှားရှား ဖြစ်လို့နေခဲ့၏။ မြို့တော်တစ်ခုလုံး ထူးဆန်းပြီး အန္တရာယ်ရှိသည့် လေထုက လွှမ်းခြုံနေသကဲ့သို့ပင်။
နင်ယွမ်ရှန်း၏ ကျန်းမာရေးက တကယ့်ကို ကောင်းမွန်၏။ ကာလရှည်ကြာ ဖျားနာနေခြင်းလည်း မရှိချေ။ အသက် ၅၀ ကျော်ပြီ ဖြစ်သော်လည်း အသက် ၄၀ နီးပါးကဲ့သို့ နုပျို၏။ ထို့ကြောင့် လူတိုင်းက အချိန်အဟုန် တစ်ခုအနေနှင့် အသားကျခဲ့ပြီးဖြစ်၏။ နင်ယွမ်ရှန်း ထီးနန်းပေါ်တွင် အချိန်အတော်ကြာ ဆက်ရှိနေဦးမည် ဖြစ်၏။ နောက်ထပ် နှစ် ၂၀၊ ၃၀ ဤသို့ပင် ခရီးဆက်မည်ဟု အားလုံးက ထင်ခဲ့သည်။
ယခု နင်ယွမ်ရှန်းက နာမကျန်းဖြစ်နေ၏။ လူတိုင်း၏ စိတ်ထဲတွင် အတွေးပေါင်းများစွာကို ဖြစ်ပေါ်စေ၏။ နင်ယွမ်ရှန်း မည်မျှကြာအောင် ထီးနန်းကို ဆက်လက်စိုးစံနိုင်မည်နည်း။ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားသင့်သည် မဟုတ်ပါလား။ အလစ်အငိုက်မမိအောင် သူတို့က ပြင်ဆင်ထားသင့်၏။
လူတိုင်းက ဘုရင်မင်းမြတ်၏ ရောဂါအခြေအနေကို အသည်းအသန် စုံစမ်းလျက် ရှိနေ၏။ မည်သည့် ရောဂါ ဖြစ်သနည်း။ ကုသ၍ ရသလား။ ဉာဏ်ကောင်းသူအချို့က ရှမ့်လန် နန်းတော်ထဲဝင်သွားပြီး အရှင်မင်းကြီးကို ဆေးကုသပေးခဲ့ကြောင်းကိုပင် စုံစမ်း သိရှိသွားခဲ့၏။ ထို့ကြောင့် အကြောင်းပြချက်မရှိဘဲ ရှမ့်လန်ဆီသို့ လာရောက် လည်ပတ်သူများပင် များပြားလာခဲ့၏။ ရှမ့်လန်ဆီမှ အဖြေတစ်ခုခုကို သူတို့က ရယူလိုသည်။
သို့ပေမည့် ဘုရင်မင်းမြတ်၏ အခြေအနေကို သိရှိသူ လေးယောက်တည်းသာ ရှိ၏။ ရှမ့်လန်၊ လီစွမ်း၊ မိဖုရားကြီးကျုံးနှင့် လီမူတို့ပင်။ မည်သူကမှ ထိုအကြောင်းအရာနှင့် ပတ်သက်၍ နှုတ်ဖွင့်ဟ ပြောဆိုခြင်း မရှိကြချေ။
သို့ပေမည့် ရိုးသားပြီး ပွင့်လင်းလွန်းသည့် မိဖုရားကြီးကျုံးက သူမ၏ နန်းဆောင်တံခါးများကို ကိုယ်တိုင် ပိတ်ထားပြီး သူမ၏အစ်ကို ကျုံးအီနှင့် သားတော်နင်ချီ အပါအဝင် မည်သူ့ကိုမှ တွေ့ခွင့်မပေးတော့ချေ။
လီစွမ်းနှင့် လီမူတို့က မည်သူ့ကိုမှ ဖွင့်ဟလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် မိဖုရားကြီးကျုံးက ရိုးဖြောင့်လွန်းပြီး ဉာဏ်နီဉာဏ်နက်လည်း ပိုင်ဆိုင်သူ မဟုတ်ချေ။ ဟန်ဆောင်ခြင်းကိုပင် ကောင်းကောင်းမသိချေ။ ထို့ကြောင့် ဧည့်သည်များကို တံခါးပိတ် ငြင်းပယ်လိုက်ခြင်းက လူများကို တွေးစရာဖြစ်သွားစေခဲ့၏။ မိဖုရားကြီးကျုံး ဤသို့လုပ်နေပုံထောက်လျှင် အရှင်မင်းကြီး၏ရောဂါက တော်တော်ဆိုးဝါးတာ ဖြစ်ပုံရ၏။
မကြာခင်မှာပဲ နန်းမြို့တော်အတွင်း ကောလာဟလများ ပျံ့နှံ့သွားခဲ့၏။ အရှင်မင်းကြီးက မိန်းမကိစ္စ များလွန်းသောကြောင့် လေဖြတ်သွားခဲ့သည့် သတင်းပင်။ ကောလာဟလများက အမှန်တရားနှင့် နီးစပ်သည်ဟု ပြောဆိုရပေလိမ့်မည်။
သာမန်ပြည်သူများကြားတွင် သမားတော်အချို့က တိတ်တဆိတ် လိုက်လံရှင်းပြကြ၏။ လေဖြတ်ခြင်းက တကယ့်ကို အန္တရာယ်များသည့် ရောဂါပင်။ ပထမတစ်ကြိမ် လေဖြတ်ပြီးလျှင် ဒုတိယကြိမ် နောက်ထပ် လေဖြတ်နိုင်၏။ ဒုတိယကြိမ် ထပ်ဖြစ်လျှင် သေဖို့သေချာလောက်ပင်။
မူးမတ်ပေါင်းများစွာတို့က ဘုရင်မင်းမြတ်ကို လာရောက်တွေ့ဆုံရန် ကြိုးစားသော်လည်း ငြင်းပယ်ခြင်းခံရ၏။ သို့ပေမည့် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားနင်ချီ၊ ကျူးဟုန်ကျူး တို့ကဲ့သို့ ပုဂ္ဂိုလ်များကိုတော့ ငြင်းပယ်၍ မရချေ။
အတိုချုပ် ပြောရမည်ဆိုလျှင် အာဏာရှိသူအားလုံးက ဘုရင်မင်းမြတ်ကို တွေ့ချင်ကြ၏။ ဘုရင်မင်းမြတ်၏ ခြေထောက်များက တောင့်တင်းနေပြီး လှုပ်ရှားရန် ခက်ခဲနေသည်ကို မြင်ရသောကြောင့် လေဖြတ်ခြင်း၏ လက္ခဏာများနှင့် တူညီနေ၏။ ထို့ကြောင့် လူများ၏အသိထဲတွင် အရှင်မင်းကြီး၏ ရောဂါအခြေအနေက အတည်ဖြစ်သွားခဲ့၏။ လေဖြတ်ခြင်းသာလျှင် ဖြစ်၏။
ပိုမို၍ ဆိုးရွားသည်မှာ မိဖုရားကြီးကျုံးနှင့် အတူနေထိုင်ရင်း လေဖြတ်သွားခြင်းပင်။ နင်ယွမ်ရှန်း တည်ဆောက် ထားခဲ့သည့် ဂုဏ်သိက္ခာများက တဖြည်းဖြည်း ပြိုလဲကုန်၏။ မည်သို့ပင်ဖြစ်ဖြစ် မိန်းမကိစ္စကို အထိန်းအကွပ်မရှိ လိုက်စား၍ လေဖြတ်သွားသည့် ဘုရင်တစ်ပါးကို သမိုင်းမှတ်တမ်းထဲ၌ ပညာရှိမင်းတစ်ပါးဟု မည်သူက သတ်မှတ်မည်နည်း။
နင်ယွမ်ရှန်း လေဖြတ်သွားပြီးနောက် ပထမဦးဆုံး နိုင်ငံရေးဂယက်ရိုက်မှုက တော်ဝင်ရန်အင်ပါယာ၊ မင်းသားဝူ၏ သားနှင့် ကျုံးရှစ်ရှစ်တို့၏ ‘မင်္ဂလာစေ့စပ်ပွဲ’က ပျက်ပြားသွားခဲ့ခြင်းပင်။ ဒုတိယနိုင်ငံရေး ဂယက်ရိုက်မှုမှာတော့ ကျူးလင်း၏တပ်များက တောင်ပိုင်းနိုင်ငံဆီမှ ဆုတ်ခွာလာခြင်း၊ တတိယနိုင်ငံရေး ဂယက်ရိုက်မှုမှာတော့ ကျုံးယောင်၏တပ်များက ဆုတ်ခွာလာခဲ့ခြင်း၊ စတုတ္ထနိုင်ငံရေး ဂယက်ရိုက်မှုမှာတော့ ချောင်ပြည်နယ်၏ သံတမန်များက မောက်မာလာခဲ့ကြပြီး ဆွေးနွေးပွဲတွင် မတန်တဆ လောဘတကြီးနှင့် တောင်းဆိုလာခဲ့ခြင်းပင်။
အမှားအယွင်းလုပ်သူက ချောင်ပြည်နယ် ဖြစ်သော်လည်း သူတို့က သိမ်းပိုက်ထားသည့် ခံတပ်များမှ ဆုတ်ခွာပေးရန် ငြင်းဆန်ရုံသာမက ရွှဲ့ဘုရင် နင်ယွမ်ရှန်းထံမှ တရားဝင် တောင်းပန်စာနှင့် လျော်ကြေး ရွှေဒင်္ဂါး ငါးသိန်းကိုပါ တောင်းဆိုလာခဲ့၏။ ချောင်ဘုရင်၏ အရှက်မရှိမှုက တကယ့်ကို အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။ တကယ်ကို သေဆုံးသင့်သည့် အဘိုးကြီးပင်။
ချောင်နှင့် ရွှဲ့ပြည်နယ်တို့၏ကြား ဆွေးနွေးပွဲကတော့ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်၏။ ဤအချိန်တွင် အမြဲတမ်း နှိမ့်ချနေထိုင်လေ့ရှိသည့် ပဉ္စမမင်းသား နင်ကျန်းက ညီလာခံသို့ ရောက်ရှိလာပြီး ဘုရင်မင်းမြတ်ကို တွေ့ဆုံ၏။ သူက ဘုရင်မင်းမြတ်၏ ဝန်ထုတ်ဝန်ပိုးကို မျှဝေလိုသောကြောင့် ချောင်ပြည်နယ်နှင့် ဆွေးနွေးပွဲကို ဦးဆောင်လိုကြောင်း တောင်းဆိုခဲ့၏။
သူ၏စကားသံက နန်းတွင်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့၏။ ချောင်နှင့် ရွှဲ့တို့၏ ဆွေးနွေးပွဲက မျှော်လင့်ချက် မရှိတော့သည့် အခြေအနေဆီသို့ ရောက်ရှိလာ၏။ နင်ကျန်းက ပါဝင်ချင်သည်ဟု ပြောဆိုနေသည်လား။ ထိုအရာက ဖြစ်နိုင်ချေမရှိသည့် ကိစ္စမျိုးပင်။ ဆွေးနွေးပွဲ အဆင်ပြေတုန်းကမလာဘဲ လမ်းဆုံးကို ရောက်ရှိနေသည့် အခြေအနေမှ ပေါ်လာခဲ့၏။ စားပွဲသောက်ပွဲနှင့် မမှီဘဲ ချေးပွဲနှင့် ကြုံစရာရှိသည်။
အရှင်မင်းကြီးက အမိန့်ထုတ်ပြန်လိုက်၏။
‘နင်ကျန်းက တိုင်းပြည်အတွက် အလုပ်အကျွေးပြုစုလိုသည့် စိတ်ထားရှိ၏။ ထိုအရာက ရှားမှရှားပင်။ ထို့ကြောင့် ချောင်ပြည်နယ်နှင့် ဆွေးနွေးရမည့် တာဝန်ကို လွှဲအပ်လိုက်သည်’ ဟူသည့် အမိန့်စာတမ်းပင်။
ထိုအမိန့်စာတမ်းကို သိရှိရချိန်မှာတော့ အားလုံး၏ စိတ်ထဲတွင် အတွေးတစ်မျိုးတည်းသာ ပေါ်ပေါက်လာခဲ့၏။ အရှင်မင်းကြီးက ခေါင်းခံမည့်လူကို လိုက်ရှာနေခြင်းပင်။ ချောင်နှင့် ရွှဲ့တို့၏ ဆွေးနွေးပွဲက ဆုံးရှုံးခြင်းနှင့်သာ အဆုံးသတ်ပေတော့မည်။ တစ်ယောက်ယောက်က တာဝန်ယူရပေလိမ့်မည်။ ထိုသို့ဆိုလျှင် မည်သူမှ အရေးမလုပ်သည့် နင်ကျန်းက ခေါင်းခံသူ ဖြစ်လာပေလိမ့်မည်။
တိုက်ရိုက် သက်ရောက်မှုအနေနှင့် နင်ကျန်း အမိန်ကိုလက်ခံပြီး ဆွေးနွေးပွဲကို တာဝန်ယူလိုက်သည်နှင့် ရွှဲ့ပြည်နယ်၏ သံတမန် အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် နေမကောင်း၊ လိပ်ခေါင်းထ၊ အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ခွင့်တိုင်လာကြ၏။
အတိုချုပ်ပြောရမည်ဆိုရင် မင်းမှုရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံရပ်ခြားရေးရာ ဝန်ကြီးဌာနတို့မှ လူများကပါ နောက်သို့ ဆုတ်ခွာသွားခဲ့ကြ၏။ နောက်တစ်ကြိမ် ဆွေးနွေးပွဲမှာတော့ ရွှဲ့ပြည်နယ်မှ တာဝန်ရှိအရာရှိ ၁၅ ယောက်လုံး ပေါ်မလာတော့ပေ။ နင်ကျန်းတစ်ယောက်တည်းသာ သောင်တင်လျက် ရှိနေပြီး နိုင်ငံရပ်ခြား ရေးရာ ခန်းမတစ်ခုလုံးက ခြောက်ကပ်နေသည်။
“ဘယ်လိုဆွေးနွေးမလဲ ကြည့်ကြသေးတာပေါ့”
“နင်ကျန်းက စကားကလည်း ထစ်သေးတယ်။ စကားကိုတောင် ရှင်းအောင် ပြောနိုင်မှာ မဟုတ်ဘူး”
နိုင်ငံရပ်ခြားရေးရာ ခန်းမဆောင်ကြီးထဲမှာတော့ ဆွေးနွေးပွဲကြီး၏ တစ်ဖက်တစ်ချက်စီတွင် လူများ ထိုင်နေကြ၏။ ညာဖက်ခြမ်းမှာတော့ ချောင်ပြည်နယ်၏ အရာရှိ (၁၂) ဦးတို့က ထိုင်နေပြီး ဘယ်ဖက်ခြမ်း မှာတော့ ရွှဲ့ပြည်နယ်၏ အရာရှိ (၂) ဦးတည်းသာ ရှိ၏။ တစ်ယောက်က ရှမ့်လန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ နင်ကျန်းပင်။ ချောင်ပြည်နယ်၏ အရာရှိများက သူတို့အိမ်၊ သူတို့ယာသို့ ရောက်ရှိနေသကဲ့သို့ပင်။ ဤနေရာက ရွှဲ့ပြည်နယ်၏ နေရာဖြစ်၏။ ထူဆန်းလွန်းလှချေသည်တကား။
“နင်ကျန်း.. မင်းက အသုံးမကျတဲ့ မင်းသားမှန်း ငါတို့သိတာပဲ။ ခပ်တည်တည်နဲ့ လာပြီး ဒီနေရာဆီ ဝင်လာချင်တယ်ပေါ့။”
ရှမ့်လန်က ပြုံးပြီး ပြောလိုက်၏။ “ခင်ဗျားက ချောင်ပြည်နယ်မှာ ဘာရာထူးယူထားတာလဲ။ ဆွေးနွေးပွဲကို စကြရအောင်”
ချောင်သံတမန်က ရှမ့်လန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရှုလိုက်သည်။
“ရွှဲ့ပြည်နယ်မှာ တခြားလူတွေ မရှိတော့ဘူးလား။ နို့နံ့မစင်သေးတဲ့ ကလေးတစ်ယောက်ကို ဆွေးနွေးပွဲကို လွှတ်လိုက်တယ်ဆိုတော့ … မင်းက ဘာရာထူးလဲ” ထိုလူက မေးမြန်းလိုက်၏။
ရှမ့်လန်က ဖြေဆိုလိုက်သည်။ “ကျုပ်က ရှမ့်လန်ပါပဲ”
“ရှမ့်လန် ဟုတ်လား”
ချောင်သံတမန်က ခေါင်းကိုခါယမ်းလိုက်၏။ “မကြားဖူးဘူး။ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ မင်းသားနင်ကျန်း... ကျုပ်က နိုင်ငံခြားရေးရာ ဌာနရဲ့ အဆင့်(၃) အရာရှိတစ်ယောက်ပဲ။ ကျေးဇူးပြုပြီး ကျုပ်ကို မျှမျှတတ ဆက်ဆံပေးပါ။ ဒီလိုအရာရှိလေးတစ်ယောက်နဲ့ ကျုပ်စကား မပြောနိုင်ပါဘူး”
သူ၏သဘောထားက ရှင်းလင်းလွန်းသည်။ ရှမ့်လန်က အဆင့်(၆) အရာရှိ ပုရွက်ဆိတ်ကောင်ပင်။ ရာထူးနိမ့်ပါးလွန်းသောကြောင့် သူ့ကဲ့သို့ အဆင့်(၃) အရာရှိတစ်ယောက်နှင့် စကားပြောဆိုရန် အရည်အချင်း မပြည့်မီပေ။
နင်ကျန်းက ဒေါသကို ထိန်းချုပ်ရင်း ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်ကိုယ်တိုင် ခင်ဗျားတို့နဲ့ ဆွေးနွေးမယ်။”