← Chapters

အခန်း (၅၃၀)

Vol. 36 Ch. 530

အခန်း (၅၃၀)

Vol. 36 Ch. 530

နှစ်ရက်အကြာမှာတော့ နန်းမြို့တော်တွင် စိတ်ကူး၍ပင် မရနိုင်သည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်က စစ်သည်များ စုဆောင်းရန် ဆိုင်ခုံတစ်ခုကို ဖွင့်လှစ်ထားပြန်၏။ ဆိုင်ခုံပေါ်တွင် စစ်သည် စုဆောင်းသည်ဟု ရေးသားထားပြီး လစဉ် ငွေဒင်္ဂါးပြား ၃၀ ရမည်ဟု ရေးထား၏။ အလုပ်ခန့်သည်နှင့် တစ်နှစ်စာ လစာကို တပြိုင်နက်တည်း ပေးချေမည်။ လူတိုင်းက ရယ်ရခက်၊ ငိုရခက်ပင်။ ယုံကြည်နိုင်စရာ မရှိပေ။

“မဖြစ်နိုင်ဘူး။ ရှမ့်လန်.. မင်းဆီမှာ စစ်သည် တစ်ယောက်မှ မရှိဘူး။ နောက်ဆုံးတော့ အတင်းအကျပ် စစ်သည် စုဆောင်းချင်တာလား။ နယ်စပ်အမဲလိုက်ပွဲက လေးလတောင် မလိုတော့ဘူး။ စစ်သည် တစ်ယောက်မှ မရှိဘဲနဲ့ အခုမှစပြီး စုဆောင်းမှာပေါ့။ ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ”

“မင်းက နောက်ဆုံးအချိန်ကျမှ ထပြီး ထမင်းစားဖို့ လုပ်နေတာပဲ။ မင်းရဲ့ ကြိုးစားမှုက ဘာမှ မဖြစ်တော့ဘူး”

“မင်း စာမေးပွဲမှာတုန်းက အံ့ဖွယ်ရာ ကိစ္စရပ်ကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာ ငါတို့ ဝန်ခံတယ်။ ဒါပေမဲ့ ဒါက ကျန်းလီရဲ့ ထူးခြားတဲ့ သွေးမျိုးဆက်ရှိသူတွေကို ရှာတွေ့ခဲ့လို့လေ။ အခု မင်းတွေ့ခဲ့တဲ့ ထူးခြားတဲ့ သွေးမျိုးဆက်ရှိသူ ဆယ်ယောက်က နောက်ဆုံးအသုတ်တွေပဲ။ အခု မင်းက လူ ၂၀၀၀ တောင် စုဆောင်း ချင်သေးတယ်ပေါ့။ အဲလို သွေးမျိုးဆက်ရှိတဲ့သူတွေ ရှိသေးတယ်လို့ မင်း ထင်နေတာလား”

“ဒီအမဲလိုက်ပွဲဆိုတာ သူတို့အတွက် သေကွင်းပဲ။ ဘယ်သူက အဲဒီနေရာမှာသွားပြီး စစ်သည် ဝင်လုပ်ချင်မှာလဲ။ လစာ ဘယ်လောက်မြင့်မြင့် ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး”

“စုဆောင်းနေပြီ။ လစာက ၅ဆ၊ လစာ ၁၀ဆ၊ တိုင်းပြည်အတွက် ဂုဏ်ယူစရာတွေ လုပ်ရမယ်”

ရှမ့်လန်က စစ်သည် စုဆောင်းရန်အတွက် ၃ ရက်တိတိ ဆိုင်ခန်းဖွင့်ခဲ့ပြီး တစ်ယောက်မှ စုဆောင်း၍ မရသလောက် နီးပါးပင်။ မည်သူမှ လာရောက် စာရင်းပေးသွင်းခြင်း မရှိချေ။

လစာက အလွန်များပြားသည် ဆိုသော်လည်း ထိုပိုက်ဆံက မိမိ၏ အသက်ကို ရောင်းစားရသည့်အတွက် ရရှိသည့် ငွေမျိုးပင်။ ထိုအရာက ရှာဖွေရသည် ဆိုသော်လည်း သုံးဖြုန်းရန် အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။ တကယ်တမ်း လာသူများ ရှိသော်လည်း အားလုံးက မောင်းထုတ်ခြင်း ခံရ၏။ အရည်အသွေး မပြည့်မီ၍ မခေါ်ဟု ဆောင့်ကြွားကြွား ပြောခဲ့ပြန်သည်။

စတုတ္ထနေ့မှာတော့ ရှမ့်လန်က စစ်သည် တစ်ယောက်မှ မစုဆောင်းနိုင်သေးချေ။ ပဉ္စမနေ့မှာတော့ ရှမ့်လန်က အားသင့်စရာ လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့၏။ အတင်းအကျပ် ဝင်ရောက် ဆွဲခေါ်ခြင်းပင်။

သန်မာသည့် အမျိုးသမီးစစ်သည်တို့က အိမ်များထဲသို့ အတင်းဝင်ရောက်ပြီး လူများကို တစ်ယောက်ပြီး တစ်ယောက် ဆွဲထုတ်၏။ ပြီးနောက် တပ်ထဲသို့ အတင်းအကျပ် ခေါ်သွင်း၏။

အစပိုင်းမှာတော့ နန်းမြို့တော်ရှိ လူများစွာတို့က ဒေါသထွက်ခဲ့သည်။ “ဒါ တကယ့်ကို မိုက်ရိုင်းတာပဲ။ ဒါ ယုတ်မာတာပဲ”

ထို့ပြင် လူတွေကို အတင်းအကျပ် ဖမ်းဆီးခြင်း ဖြစ်၏။ မကြာခင်မှာပဲ သူတို့က အံ့အားသင့်သွားခဲ့၏။ အကြောင်းရင်းက ရှမ့်လန် ဖမ်းဆီးခဲ့သည့် လူအားလုံးက အမှိုက်သရိုက်တွေကြီး ဖြစ်၏။ တစ်ဦးချင်းစီတိုင်းက အားနည်းပြီး နာမကျန်း ဖြစ်နေကြ၏။ ဦးနှောက်များကလည်း ပုံမှန် အလုပ် မလုပ်ကြချေ။ ရှမ့်လန်က မြို့တော်ရှိ အသုံးမဝင်သည့် လူများကို တပြိုင်နက်တည်း ဖမ်းဆီးရန် ကြိုးစားနေခြင်းကဲ့သို့ပင်။

“မင်းက တကယ့်ကို အရူးပဲ။ တကယ့်ကို သုံးစားမရဘဲ မိုက်မဲတဲ့ စစ်တပ်ကြီး တစ်ခုကို တည်ဆောက်ချင် နေတာလား”

..........

ဗလာသွေးမျိုးဆက်ပိုင်ရှင်များ၌ တူညီသည့် ဝိသေသလက္ခဏာတစ်ခုစီ ရှိ၏။ သူတို့၏ ခန္ဓာကိုယ်များက အားနည်း၏။ မျက်နှာများက ဖြူဖတ်ဖြူရော်ဖြစ်ပြီး မျက်ဝန်းများက တက်ကြွမှုကင်းမဲ့ကာ ပုံမှန်မဟုတ်ကြပေ။

ရှမ့်လန်က ထိုသူများကို ဉာဏ်ရည်နိမ့်ပါးသူများဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းမှာတော့ ထိုသူတို့က ဉာဏ်ရည်နိမ့်ပါးခြင်း မရှိကြောင်း သိရှိလိုက်ရ၏။ သူတို့က ပြင်ပလောကကြီးနှင့် တုံ့ပြန်ဆက်ဆံရာတွင် အနည်းငယ် နှေးကွေးလေးလံနေခြင်းသာ ရှိ၏။

ပတ်ဝန်းကျင်ရှိသူများနှင့် စကားပြောသည့်အခါ သူတို့က ပြန်လည် တုံ့ပြန်နိုင်ခြင်း မရှိကြချေ။ သူတို့က ပျင်းရိလေးကန်ပြီး စကားနည်းကြ၏။ တစ်နှစ်ပတ်လုံး အိမ်ထဲတွင်သာ ပုန်းအောင်းနေခဲ့ကြပြီး အပြင်သို့ထွက်ကာ လူများနှင့် ပြောဆိုဆက်ဆံခြင်း မရှိကြပေ။ ကြည့်ရသည်မှာ အမှန်တကယ်ပင် ဉာဏ်ရည်မမှီသူများ၊ အရူးများနှင့် ဆင်တူသည်။

သို့သော်ငြား ရှမ့်လန်၏ အမြင်တွင်မူ ထိုသူတို့က စိတ်ဓာတ်ကျဆင်းသည့် ရောဂါကို ခံစားနေရခြင်း သို့မဟုတ် အော်တစ်ဇင် (Autism) ကဲ့သို့သော စိတ်ဝေဒနာတစ်မျိုးကို ခံစားနေရသူများနှင့် ဆင်တူ၏။ ဤ ဗလာသွေးမျိုးဆက် လူတန်းစားများက လူအဖွဲ့အစည်း၏ အောက်ဆုံးနားတွင် ရှိနေရုံသာမက ထိုသူတို့က အသက်ရှင်လျက် ရှိနေရက်နှင့် မရှိသည့်သူများကဲ့သို့ ကွယ်ပျောက်နေကြသည့် သူများပင်။

ထိုသို့ ဗလာသွေးမျိုးဆက် ပိုင်ဆိုင်သူများက မျိုးရိုးလိုက်ခြင်း မဟုတ်ဘဲ မျိုးရိုးဗီဇ ပြောင်းလဲခြင်းတစ်မျိုးနှင့့် ပိုမိုကာ ဆင်တူ၏။ တချို့ဆိုလျှင် ကြွယ်ဝချမ်းသာသည့် မိသားစုများတွင် မွေးဖွားလာသည့် သူများ ဖြစ်၏။ မိဘများ၏ သွေးမျိုးဆက်စွမ်းအင်က ထူးခြားပြီး မွေးချင်းမောင်နှမများကလည်း ထိပ်တန်းအဆင့်တွင် ရှိကြသော်လည်း ရုတ်တရက် ဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဤအသုံးမကျသည့် ဗလာသွေးမျိုးဆက် ပိုင်ရှင်များမှာတော့ မိဘနှင့် မိသားစု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရ၏။

သာမန် ဆင်းရဲသားမိသားစုများ၌ မွေးဖွားလာခဲ့သည့် ဗလာသွေးမျိုးဆက်ပိုင်ရှင်များက မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်၏။ ချမ်းသာသည့် အိမ်များတွင် မွေးဖွားလာခဲ့သည့်လူများမှာတော့ မိသားစု၏ အထင်သေးခြင်းကို ခံရသော်လည်း အနည်းဆုံးတော့ စားစရာရနေသေးသည်။

ဆင်းရဲသည့် အိမ်များ၌ မွေးဖွားသည့် သူများမှာတော့ အမှန်တကယ်ပင် ထမင်းတစ်လုတ် စားရရန်ပင် ခက်ခဲလှ၏။ ငတ်တစ်လှည့် ၊ ပြတ်တစ်လှည့်နှင့် ရိုက်နှက်ဆဲဆိုခြင်းကို နေ့စဉ်နှင့်အမျှ ခံခဲ့ရပြီး တချို့ဆိုလျှင် မိသားစုမှပင် နှင်ထုတ်ခြင်းကို ခံရ၏။

သာမန်လူများသည် အိမ်မှနှင်ချခံရသည်ဆိုပါက လမ်းဘေးတွင် တောင်းရမ်းစားသောက်၍ အသက်ရှင် နေထိုင်ကြနိုင်သေး၏။ သို့ပေမည့် ဤကဲ့သို့ စိတ်ဓာတ်ကျဆင်းမှု ရောဂါကိုခံစားနေရသည့် အသက်ရှင် လိုစိတ် ကင်းမဲ့နေသော လူတန်းစားများက အိမ်မှနှင်ထုတ်ခံရသည်နှင့် တပြိုင်နက် တိတ်ဆိတ်သည့် နေရာတစ်ခုကို ရှာဖွေကာ အစာငတ်ခံ၍ သေဆုံးသွားတတ်ကြသည်။

ဤကာလအတွင်း ရှမ့်လန်က ထိုသူများကို သေသေချာချာ လေ့လာစောင့်ကြည့်ခဲ့၏။ ထိုသူတို့က လုံးဝ မေ့လျော့ခံအဖြစ် တည်ရှိနေသည့် လူများဖြစ်ပြီး အလွန်ဝမ်းနည်းဖွယ် ကောင်းသည့် လောကကြီးတစ်ခုထဲတွင် သီးသန့်နေထိုင်နေသည့် သူများကဲ့သို့ပင်။ ဤလူများက အာရုံခံစားမှုက လွယ်ကူလွန်း၏။ စိတ်ဓာတ်ကျဆင်းနေသော်လည်း ကြင်နာတတ်၏။ မည်သူ့ကိုမှ အန္တရာယ်မပြုတတ်သည့် သူများပင် ဖြစ်၏။

ရှမ့်လန်ကဲ့သို့ အေးစက်ပြီး ရက်စက်လွန်းသူ တစ်ယောက်ပင်လျှင် ဤလူများ၏ ဇာတ်ကြောင်းကို သိရသည့် အချိန်၌ မျက်ရည်ဝဲသည်အထိ ခံစားခဲ့ရ၏။ လွန်ခဲ့သည့် နှစ်များအတွင်း ဤဗလာသွေးမျိုးဆက် ပိုင်ရှင်များက တိတ်တဆိတ်နှင့် လူ့လောကထဲမှ ထွက်ခွာသွားခဲ့သည်မှာ မည်မျှများပြားနေပြီနည်း။ ကောင်းကင်ဘုံကသာ သိရှိပေလိမ့်မည်။

ထို့ကြောင့် ရှမ့်လန်၏ လက်အောက်တွင် ရှိနေသည့် အမျိုးသမီးစစ်သည်တော်များက ထိုဗလာသွေးမျိုးဆက် ပိုင်ရှင်များကို ခေါ်ဆောင်သွားရန် ထိုသူတို့၏နေအိမ်များသို့ ဝင်ရောက်စီးနင်းခြင်း ပြုလုပ်သည့်အချိန်၌ ဟန်ပြခုခံမှုများကိုသာ ကြုံတွေ့ခဲ့ရ၏။ ထိုဟန်ပြခုခံမှုများကလည်း ထိုသူတို့၏ မိသားစုဝင်များထံမှသာ ဖြစ်၏။

ခေါ်ဆောင်ခြင်းကို ခံရသည့် ဗလာသွေးမျိုးဆက်ပိုင်ရှင်များက သူတို့ကို လာရောက်ဖမ်းဆီးသည့်အချိန်၌ မျက်ဝန်းထဲတွင် ထိတ်လန့်သည့် အရိပ်အယောင် အနည်းငယ်သာ ပေါ်ပေါက်တတ်၏။ ပြီးနောက် တိတ်ဆိတ် ငြိမ်သက်မြဲပင်။ တစ်ချိန်တည်းမှာပဲ သူတို့၏ မိသားစုများက ဟန်ပြ သရုပ်ဆောင်၍ အော်ဟစ် ဆဲဆိုကြသည်။

အဘယ်ကြောင့် သူတို့၏ သားကို ဖမ်းခေါ်သွားရသနည်း။

အဘယ်ကြောင့် သူတို့မိသားစု၏ အသက် သွေးကြောကို ခေါ်ဆောင်သွားရသနည်း

… စသဖြင့် အော်ဟစ်နေကြခြင်းပင်။ သို့ပေမည့် ရှမ့်လန်က ငွေဒင်္ဂါးများကို ထုတ်၍ ပေးလိုက်သည့် အချိန်မှာတော့ ထိုအော်ဟစ်ဆဲဆို တားဆီးသံများက ပြောင်းလဲသွားခဲ့၏။

ငိုသံအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။ တစ်ယောက်ချင်းစီတိုင်းက သူတို့၏သားများကို ဖက်ကာဖြင့် သည်းထန်စွာ ငိုကြွေးကြ၏။ သူတို့၏ သားနှင့် ခွဲခွာရမည်ကို အလုံးစုံ မလိုလားသည့် ဟန်ပြုသည်။

သို့ရာတွင် ဤဗလာသွေးမျိုးဆက်ပိုင်ရှင်များ၏ အဝတ်အစားများက စုတ်ပြတ်သတ်လျက် ရှိပြီး မျက်နှာသွင်ပြင်များကို ကြည့်ရှုရသည်မှာ အာဟာရပြတ်လပ်နေပုံပင်။ ပုံမှန်အချိန်များတွင် ကောင်းမွန်စွာ ဆက်ဆံခံရခြင်း မရှိကြောင်း တစ်ချက်ကြည့်လိုက်ရုံနှင့် သိသာ၏။

ရှမ့်လန်က ဤစစ်သည်များအတွက် လစာအဖြစ် တစ်လလျှင် ငွေဒင်္ဂါး ၃၀ သတ်မှတ်ပေးခဲ့၏။ ဤပမာဏက တကယ်ပင် များပြားလွန်းလှရုံသာမက အလွန်အမင်းလည်း ဖြုန်းတီးလွန်းရာ ကျ၏။ သာမန်စစ်သည် တစ်ယောက်၏ လစာထက် ဆယ်ဆများ ပိုများသည်။

ဗလာသွေးမျိုးဆက်ပိုင်ရှင် တစ်ယောက်ကို ခေါ်ယူသည့် အချိန်တိုင်း ရှမ့်လန်က ထိုသူတို့၏ မိဘနှင့် မိသားစုကို စစ်သည်တစ်ယောက်၏ လစာ ၆ လစာနှင့် အခြေချ နေထိုင်စရိတ် ငွေဒင်္ဂါး ၁၈၀ ကို ပေးအပ်ခဲ့၏။ နန်းမြို့တော်တွင် နေထိုင်သည့်သူများအတွက် ဤပမာဏက သာမန်အရပ်သားများအတွက် ဆိုလျှင်ပင် ငွေအတော်များလေ၏။ သာမန်မိသားစုများဆိုလျှင် ၁၀ နှစ်ကြာအောင် စုဆောင်းလျှင်ပင် ဤကဲ့သို့ များပြားသည့် ပမာဏကို ရရှိလိမ့်မည် မဟုတ်ချေ။

“ကဲ ဒီနေရာမှာ လက်မှတ်ထိုး။ ပြီးရင် ဒီသားနဲ့ ခင်ဗျား ဘာမှ မဆိုင်တော့ဘူး” ငွေပေးချေပြီးသည့်နောက် ရှမ့်လန်၏ အမျိုးသမီးစစ်သည်များက စာချုပ်တစ်စောင်ကို ကမ်းပေး၏။

မိဘများ၏ ရင်ထဲတွင် ဤစာချုပ်က သားဖြစ်သူ၏ ခန္ဓာကိုယ်ကို ရောင်းစားခြင်းသာမကဘဲ အသက်ကို ရောင်းစားသည့် စာချုပ်မှန်း သိကြ၏။ သို့ပေမည့် ငွေရှိလျှင် မိသားစုထဲမှ ကျန်သည့်သားများကို အိမ်ထောင်ပြု ပေးနိုင်သည်။ အိမ်ကောင်းကောင်း ဆောက်လုပ်ပေးနိုင်ည်။ ထို့ကြောင့် သူတို့က မျက်ရည်စက်လက်ဖြင့် လက်မှတ်ကိုသာ ထိုးလိုက်ကြ၏။ ပြီးနောက် သူတို့၏ သားများကို ဖက်ကာ ငိုကြွေးကြသည်။

..................

ဝမ်တသည် ဗလာသွေးမျိုးဆက်ပိုင်ရှင် တစ်ယောက် ဖြစ်၏။ သူက ငယ်စဉ်တည်းက အားနည်း၏။ မျက်နှာက ဖြူဖတ်ဖြူရော်နှင့်ဖြစ်ပြီး ခြေလက်များက အားအင်ကင်းမဲ့၏။ သူ၏မိသားစု အခြေအနေက သာမန်လူတန်းစား ဖြစ်သောကြောင့် စားဝတ်နေရေးကတော့ ပြေလည်သည်ဟု ပြောရပေလိမ့်မည်။ တစ်လျှောက်လုံး သူက မည်သူ့မှမမြင်နိုင်သည့် လူတစ်ယောက်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ခဲ့၏။

နေ့စဉ်နေ့တိုင်း သူက အလုပ်ကို ကြိုးစားစွာ လုပ်ကိုင်၏။ အလုပ်ကြမ်း မလုပ်နိုင်ဘူးဆိုလျှင်တောင် ပေါ့ပေါ့ပါးပါး အလုပ်များကို ရွေးချယ်ကာ လုပ်ကိုင်တတ်၏။ အားလပ်သည့် အချိန်တိုင်း၌ တံခါးဝတွင် ထိုင်ပြီး ကောင်းကင်ကြီးကို နာရီပေါင်းများစွာ ငေးမောကြည့်ရှု နေတတ်သည်။

လူတိုင်း၏ မျက်လုံးထဲမှာတော့ သူက အရူးတစ်ယောက် ဖြစ်၏။ မိဘများနှင့်ပင် ပုံမှန်စကားပြောဆိုခြင်း မရှိချေ။ ထို့ကြောင့် မည်သူကမှ သူ၏နာမည်ကို မခေါ်ကြဘဲ ‘ဝမ်အရူး’ ဟုသာ ခေါ်ဆို၏။ သူက တစ်နေ့လျှင် ထမင်းတစ်နပ်သာ စား၏။ တစ်ခါစားလျှင်လည်း ထမင်းတစ်ပန်းကန်ကိုသာ စား၏။

သို့သော်ငြား ထိုသို့နေထိုင်သည့်တိုင်အောင် သူက မိသားစု၏ ဝန်ထုပ်ဝန်ပိုး ဖြစ်နေဆဲဖြစ်ပြီး မိသားစု၏ နေ့စဉ် ဆဲဆိုခြင်းကို ခံရ၏။ မိဘများက မည်မျှ မနှစ်မျို့သည် ဆိုသော်လည်း သူက သွေးသားရင်း ဖြစ်သောကြောင့် ဘဝက နေသာထိုင်သာတော့ ရှိသည်။

သို့ပေမည့် သူ့၏ ညီဝမ်အာ အိမ်ထောင်ပြုပြီးနောက် သူ၏လောက အခြေအနေတစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ဝမ်တ က ထင်းတဲထဲသို့ မောင်းထုတ်ခြင်းကို ခံရ၏။ ကြက်များ၊ ဘဲများနှင့် အတူနေရပြီး ဘေးတွင်လည်း ဝက်ခြံရှိ၏။ နေ့စဉ်နေ့တိုင်း ရိုက်နှက်ဆဲဆိုခြင်းကို ခံရ၏။ အမှန်တကယ်ပင် ဝက်များ၊ ခွေးများနှင့်မခြား သူက နေထိုင်ရခြင်းပင်။

ညီဖြစ်သူ ဝမ်အာ၌ ကလေးနှစ်ယောက် ရရှိလာပြီးနောက် ဝမ်တ၏ အိမ်တွင်းနေထိုင်မှု အခြေအနေက ပိုမိုကာ နိမ့်ကျသွားခဲ့၏။ တစ်နေ့လျှင် ထမင်းတစ်နပ်ပင် မှန်မှန် မစားရတော့ပေ။ အိမ်တွင် စားမည့် ပါးစပ်ပေါက်များ များပြားလာသောကြောင့် အစားအစာက ရှားပါးလာခဲ့၏။

ည၌ ဝမ်တကို အဖော်ပြုရန် ခွေးအိုကြီးတစ်ကောင် ရှိ၏။ သူ၏ တစ်ဦးတည်းသော မိတ်ဆွေရင်းချာနှင့် မိသားစုက ထိုခွေးအိုကြီးပင်။ သူက ထိုခွေးအိုကြီးနှင့် နေ့စဉ်နေ့တိုင်း စကားပြော၏။ သို့ပေမည့် မကြာသေးခင်က ထိုခွေးအိုကြီးကို သူ၏ညီဖြစ်သူ ဝမ်အာက သတ်ဖြတ်ပစ်လိုက်၏။ ဝမ်တ၏ ဘဝက လုံးဝ အမှောင်ကျဆင်းသွား၏။ သူ၏ မျှော်လင့်ချက်ရောင်ခြည် အားလုံးက ပျောက်ကွယ်သွားခဲ့သည်။

နေ့လယ်စာ စားချိန်သို့ ရောက်ရှိလာခဲ့ပြန်၏။ ဝမ်တသည် တစ်နေ့လျှင် ဤတစ်နပ်ကိုသာ စားရ၏။ ဝမ်အာ၏ မိန်းမက ဝမ်တကို ‘အရူး’ ဟုဆိုကာ ရွံရှာလွန်းသောကြောင့် ထမင်းစားပွဲတွင် အတူပေး၍ မစားပေ။ ထမင်းစားရန် ခေါ်သည့်အချိန်တိုင်း ဝမ်တက ပန်းကန်လုံးတစ်လုံးကို ကိုင်လျက် ရောက်လာတတ်၏။ ထမင်း မည်မျှထည့်ပေးမည် ဆိုသည်က ဝမ်အာ့မိန်းမ၏ စိတ်အခြေအနေပေါ်တွင် မူတည်၏။ စိတ်မကြည်လျှင် ထမင်းပန်းကန်လုံး တစ်ဝက်ပင် မရချေ။

ထမင်းစားပွဲဝိုင်းတွင် ဝမ်တ၏ မိဘများ၊ ဝမ်အာနှင့် သူ၏မိန်းမ၊ ကလေးနှစ်ယောက်တို့က ထမင်းစားကြ၏။

“အစ်ကိုကြီးကို ထမင်းစားဖို့ ခေါ်လိုက်အုံး” ဝမ်အာက အမေ့ကို ပြောသည်။

“ဘာစားစရာ ရှိလို့လဲ။ တစ်ရက်လောက် မစားရုံနဲ့ သေမသွားပါဘူး” ဝမ်အာ၏ မိန်းမက ဆိုးဆိုးဝါးဝါးဖြင့် လှမ်းကာ ပြော၏။ ပြီးနောက် စားပွဲပေါ်တွင် ရှိနေသည့် တစ်ခုတည်းသော အဆီပါသည့် အသားတုံးကို တူဖြင့် လှမ်းညှပ်၏။ သူမ၏ အဖေက သားသတ်သမား တစ်ယောက်ဖြစ်၏။ နေ့တိုင်း အသားစ၊ အရိုးအကျန်များကို ချန်ထားလေ့ရှိပြီး တစ်ခါတစ်ရံ သမီးထံသို့ ပေးပို့တတ်၏။

“အဖေနဲ့ အမေ... နှစ်ယောက်လုံးက အသက်ကြီးနေပြီ။ နောက်ဆိုရင် ကျွန်မနဲ့ ဝမ်အာပဲ ရှာဖွေကျွေးမွေး ရတော့မှာ။ ဟို ဝမ်အရူးကောင်ကို ဘယ်လိုလုပ်မလဲ”

ဝမ်အာ၏ မိန်းမက အေးစက်စက်နှင့် ပြောလိုက်၏။ “ကျွန်မတို့က ဒီလူအို နှစ်ယောက်ကို ရှာကျွေးထားရမှာတင် မကဘူး၊ အရူးကိုပါ ဆက်ပြီးကျွေးမွေးနေရအုံးမှာလား”

ဝမ်တ၏အဖေက ခေါင်းငုံ့ပြီး ထမင်းကို ဆက်စားနေ၏။ ဘာတစ်ခုမှ ဝင်မပြောချေ။ မူလက သူ အလုပ်လုပ်နိုင်၏။ သို့ပေမည့် မကြာသေးခင်က ခြေထောက်ကျိုးသွားခဲ့သည်။ ထို့ကြောင့် သားဖြစ်သူ၏ လုပ်စာဖြင့် စားသောက်နေရသည်။

ဝမ်အာ၏ မိန်းမက ဆက်ပြော၏။ “ကျွန်မ အခုပဲ ပြောပြလိုက်မယ်။ ဝမ်အာရဲ့ အလုပ်က ကျွန်မအဖေ ရှာပေးထားတာ။ တစ်လမှ ငွေဒင်္ဂါး နှစ်ပြားပဲ ရတယ်။ ဝမ်အာရဲ့လုပ်စာနဲ့ တစ်အိမ်သားလုံးကို ရှာကျွေးခိုင်းမယ် ဆိုရင်တော့ မဖြစ်နိုင်ဘူး”

ဝမ်တ၏အမေက တီးတိုးပြောလိုက်သည်။ “ချွေးမလေး... ငါတို့ဆီမှာ စုဆောင်းထားတာလေးတွေ ရှိပါသေးတယ်။ ပြီးတော့ သားကြီးက တစ်နေ့မှ ထမင်းတစ်နပ်ပဲ စားတာပါ။ သူစားတာကလည်း ကြောင်စာလောက်တောင် မရှိပါဘူး”

ဝမ်အာ၏ မိန်းမက အေးစက်စက်နှင့် တုံ့ပြန်၏။ “ရှင်းရှင်းပဲ ပြောမယ်။ ရှင်တို့ အဲဒီအရူးကို ဆက်ပြီး ဆက်ကျွေးချင်တယ် ဆိုရင်လည်း ပြီးရော။ ဒီနေ့ကစပြီး ရှင်တို့နှစ်ယောက်ကို ကျွန်မ ဂရုမစိုက်နိုင်တော့ဘူး။ ဝမ်အာကို ခေါ်ပြီး ကျွန်မအိမ် ပြန်တော့မယ်”

ဝမ်အာက ဘာမှ မကြားသကဲ့သို့ပင် ခေါင်းငုံ့ကာ ထမင်းစားနေ၏။ ဝမ်တ၏အမေ မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာ၏။ သူမက ငိုကြွေးကာ ပြောလိုက်သည်။ “အမေတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သားကြီး အစာငတ်ခံနေတာကို ဒီတိုင်းတော့ ထိုင်မကြည့်နိုင်ဘူး။ သူသာ အစာငတ်ပြီး သေသွားတယ် ဆိုရင် ငါတို့မိသားစုရဲ့ မျက်နှာ ဘယ်မှာ သွားထားရမှာလဲ။ ပတ်ဝန်းကျင်က ငါတို့ကို လူတွေလို့တောင် ထင်ပါတော့ မလား”

ဝမ်အာ၏ မိန်းမက ပြောလိုက်၏။ “ဒါက လွယ်လွယ်လေးပဲ။ သူ့ကို မြို့အပြင်ဘက်ကို ခေါ်ပြီး ပစ်ထားလိုက်ရုံပဲ။ ပြီးတော့ သူက အရူးပဲ။ အိမ်ပြန်လမ်းကို သေသေချာချာ မှတ်မိမှာ မဟုတ်ဘူး”

ဝမ်တ၏ အမေက ငိုယိုကာ မေးသည်။ “အိမ်နီးနားချင်းတွေ မေးရင် ဘယ်လိုပြောမလဲ”

“သားကြီးကို သမက်အဖြစ်လိုချင်တဲ့ လူတွေရှိလို့ လာတောင်းပြီး ခေါ်သွားပြီလို့ ပြောလိုက်ပေါ့”

“အင်း... တကယ် ဝဋ်ကြွေးပါလား။ ဝဋ် ... ဝဋ်” အမေအိုကြီးက ငိုကြွေးလျက် ရှိ၏။

ဝမ်အာ၏ မိန်းမက အမိန့်ပေးလိုက်လသည်။ “ထမင်းတစ်ပန်းကန်ကို မောက်မောက်ထည့်၊ အသားနှစ်ဖတ် ထည့်ပြီး အဲဒီအရူးဆီ သွားပို့လိုက်”

ပြီးနောက် ဝမ်တက ထင်းတဲထဲတွင် အသားဟင်းနှင့် ထမင်းကို စားရ၏။ ဤသည်က နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ်ဖြင့် အသားစားရခြင်း ဖြစ်သလို ပထမဦးဆုံးအကြိမ်ဖြင့် ဗိုက်ပြည့်အောင် စားရခြင်းလည်း ဖြစ်၏။

စားသောက်ပြီးနောက် အမေဖြစ်သူက သူ့ကို ရေမိုးချိုးခိုင်းပြီး အဝတ်အစားသစ် တစ်စုံကို လဲပေး၏။ အဝတ်အစားက အသစ်စက်စက်တော့ မဟုတ်ချေ။ ဝမ်အာ မင်္ဂလာဆောင်တုန်းက ဝတ်ဆင်ခဲ့သည့် သတို့သား ဝတ်စုံဖြစ်၏။ ဝမ်တက လူသစ်တစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားသည်။

ပြီးနောက် ညီဖြစ်သူ ဝမ်အာက ဝမ်တကို အိမ်ပြင်ဘက်သို့ ခေါ်ထုတ်သွား၏။

အိမ်နီးနားချင်းများက ထိုမြင်ကွင်းကိုမြင်တော့ လှမ်းကာ မေးမြန်းကြသည်။ “ဟေ့... မင်းအစ်ကိုကြီးကို ဘယ်ခေါ်သွားမလို့လဲ”

ဝမ်အာက ပြုံးကာ ဆို၏။ “လူကောင်းသူကောင်း တစ်ယောက်က ကျုပ်အစ်ကိုကြီးကို သဘောကျလို့ သမက်အဖြစ် ခေါ်သွားချင်လို့တဲ့ဗျာ။ အဲဒါ လိုက်ပို့မလို့”

အိမ်နီးနားချင်းများက ချက်ချင်းပဲ ရယ်မောလိုက်ကြသည်။ “ဂုဏ်ယူပါတယ်ကွာ။ မင်းအစ်ကိုကြီးကတော့ ကောင်းစားတော့မှာပဲ”

“ဟုတ်ပါ့ဗျာ ... ကျေးဇူးပါပဲ” ဝမ်အာက ပြုံးကာ ပြောလိုက်၏။

အိမ်နီးနားချင်းများ တံခါးပိတ်လိုက်သည်နှင့် ချက်ချင်းပဲ တီးတိုး လှောင်ပြောင်လိုက်ကြသည်။ “ဟွန်း ဝဋ်လိုက်အုံးမယ်။ ဝဋ်လိုက်အုံးမယ်။ နောက်ထပ် အသက်တစ်ချောင်းကတော့ စွန့်ပစ်ခံရတော့မယ်”

All Chapters