← Chapters

အခန်း (၅၃၁)

Vol. 36 Ch. 531

အခန်း (၅၃၁)

Vol. 36 Ch. 531

ဝမ်အာသည် ဝမ်တကို မြို့အပြင် တောင်ပေါ်ရှိ လူသူကင်းမဲ့သည့် တည်နေရာဆီသို့ ခေါ်ဆောင်သွားခဲ့၏။ ဤနေရာက တကယ့်ကိုဝေးကွာပြီး လူပြတ်လပ်လွန်း၏။ ဝမ်တသာ တကယ်အရူးဖြစ်ပါက အိမ်ပြန်လမ်းကို သေချာပေါက် မှတ်မိလိမ့်မည် မဟုတ်ချေ။

“အစ်ကိုကြီး... ကျုပ် ရုတ်တရက် ဗိုက်နာလာလို့ အိမ်သာ ခဏသွားလိုက်အုံးမယ်။ ဒီမှာ ထိုင်ပြီး စောင့်နေနော်” ဝမ်အာက ပြော၏။

ဝမ်တက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်အာက ခဏလောက် တွန့်ဆုတ်သွား၏။ “အစ်ကိုကြီး... ဒီလောက်ဝေးဝေး လမ်းလျှောက်လာရတာ ပူနေရောပေါ့။ အစ်ကိုကြီး အဝတ်အစားတွေ ချွတ်ပေးလိုက်လေ၊ ကျုပ် ကူပြီး သိမ်းထားပေးမယ်”

သူက အဝတ်အစားများကိုပင် နှမျောနေသည်။ ‘အစ်ကိုကြီး... ခင်ဗျား ဘယ်လိုပဲ ဖြစ်ဖြစ် သေရမယ့် လူပဲ။ ဒီလို ကောင်းတဲ့ အဝတ်အစားတွေ အလဟဿ ဖြုန်းတီးပစ်လို့ မဖြစ်ဘူး’

ဝမ်တက သတို့သားဝတ်စုံကို ချွတ်ပေးလိုက်၏။ ရာသီဥတုက အေးစက်လျက် ရှိနေ၏။ ညနေစောင်းခဲ့ပြီ ဖြစ်သော်လည်း ဝမ်တ၌ အတွင်းခံ ပါးပါးလေး တစ်ထည်သာ ကျန်ရှိခဲ့၏။

ဝမ်အာက အဝတ်အစားများကိုယူပြီး ပြောလိုက်သည်။ “အစ်ကိုကြီး ဒီမှာ ထိုင်စောင့်နေနော်။ လျှောက်မသွားနဲ့”

ဝမ်တက ခေါင်းညိတ်၏။ ပြီးနောက် သစ်ငုတ်တို တစ်ခုပေါ်တွင် အသာထိုင်ချလိုက်၏။ ဝမ်အာသည် သူ၏ အစ်ကိုကြီးကို တစ်ချက်လှမ်းကြည့်ပြီး ကျောခိုင်းကာ ထွက်ခွာသွားခဲ့လေ၏။ ဝမ်တက တောထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။

အတော်အတန် ဝေးကွာသည့် နေရာသို့ ရောက်သည့်အချိန်မှာတော့ ရုတ်တရက် သူ့၏ အနောက်ဘက်ဆီမှ ဝမ်တ၏အသံ ထွက်ပေါ်လာခဲ့သည်။ “ညီလေး... မိဘတွေကို ကောင်းကောင်း စောင့်ရှောက်”

ဝမ်အာ၏ ရင်ထဲတွင် ဒိန်းကနဲ တုန်လှုပ်သွားလေ၏။ အစ်ကိုကြီးက အရာအားလုံးကို သိနေ၏။

“စိတ်မပူနဲ့။ အစ်ကို အိမ်ကို ပြန်မလာတော့ဘူး” ဝမ်တက ပြောလိုက်သည်။

ဝမ်အာ၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့၏။ သူက ချက်ချင်းပဲ အပြေးအလွှားနှင့် ထွက်ပြေးသွားခဲ့၏။

ဝမ်တက သစ်ပင်ငုတ်တိုပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက်ရှိပြီး ကောင်းကင်ယံထက်မှ မိုးကုတ်စက်ဝိုင်း ဆီသို့ ဆက်လက်ကာ ငေးကြည့်နေသည်။

မိုးချုပ်ပေတော့မည်။ ရာသီဥတုကလည်း တဖြည်းဖြည်းနှင့် အေးစက်လာ၏။ သူက အဝတ်ပါးပါးလေး တစ်ထည်ကိုသာ ဝတ်ဆင်ထား၏။ သို့ပေမည့် ဘာတစ်ခုမှ မခံစားရသကဲ့သို့ပင် ကျောက်ရုပ်တုကြီး တစ်ခုကဲ့သို့ မလှုပ်မယှက်နှင့် ထိုင်လျက်ရှိနေပြီး ငေးမောနေ၏။ သူက သေမင်း ရောက်ရှိလာမည့် အချိန်ကို တိတ်တဆိတ်နှင့် စောင့်ဆိုင်းနေ၏။

တစ်ရက် ကုန်ဆုံးသွား၏။ နှစ်ရက် ကုန်ဆုံးသွား၏။ သုံးရက် ကုန်ဆုံးသွားသည်။

ဝမ်တက မြေပြင်ပေါ်တွင် မလှုပ်မယှက်နှင့် လဲလျောင်းလျက် ရှိနေ၏။ ရုတ်တရက် လူတစ်ယောက်က သူ၏ ပါးကို ရိုက်ပြီး နွေးထွေးသည့် ဟင်းရည်တစ်ခွက် ပါးစပ်ထဲသို့ လောင်းထည့်ပေး၏။

“ဒါ ဘာဟင်းရည်လဲ။ ဘာကြောင့် ဒီလောက် အရသာ ရှိရတာလဲ”

ထိုအရာက ဂျင်ဆင်း ကြက်ပေါင်းရည်ပင် ဖြစ်၏။ သေချာသည်မှာ ဝမ်တ တစ်ခါမှ မသောက်ခဲ့ဖူးချေ။ ဂျင်ဆင်းကြက်ပေါင်းရည် တစ်ပန်းကန်လုံး သူ့ကို တိုက်၏။ ဝမ်တ၏ အေးစက်တောင့်တင်းနေသည့် ခန္ဓာကိုယ်က ချက်ချင်း နွေးထွေးလာသလို ခံစားရ၏။

သန်မာအားကောင်းသည့် အမျိုးသမီး တစ်ယောက်က သူ့ကို ပွေ့ထူ၏။ ပြီးနောက် ပါးကို ခပ်ပြင်းပြင်း ရိုက်ကာ မျက်လုံးဖွင့်ခိုင်းသည်။

“မအိပ်နဲ့အုံး၊ မသေနဲ့အုံး။ ငါ့ရဲ့ လက်ချောင်းတွေကို ကြည့်စမ်း။ ဒါ ဘယ်နှချောင်းလဲ ဒါ ဘယ်နှချောင်းလဲ”

ဝမ်တက ဖြေ၏။ “တစ်ချောင်းပါ။”

“ကောင်းပြီ။ မင်းက ငါတို့လူပဲ”

ထို အမျိုးသမီးစစ်သည်တော်က ဝမ်တကို ပွေ့ချီပြီး လှည်းတစ်စီးပေါ်သို့ တင်၏။ လှည်းပေါ်တွင် လူတစ်ဒါဇင်ကျော်ရှိ၏။ ဝမ်တက ထိုလူများထံမှ ရင်းနှီးကျွမ်းဝင်မှုတစ်မျိုးကို ခံစားရ၏။ တူညီသည့် ဝမ်းနည်းဖွယ်ရာ အမှောင်ထု၊ တူညီသည့် အာရုံခံစားလွယ်သည့် အထီးကျန်ဆန်မှု၊ တူညီသည့် သိရှိမှု အရာအားလုံးပင် ဖြစ်သည်။

............

ဗလာသွေးမျိုးဆက်ပိုင်ရှင် တစ်ယောက် ဖြစ်လာနိုင်ချေမှာ လူ ၅၀၀ လျှင် တစ်ယောက်နှုန်းသာ ရှိ၏။ မြို့တော်နှင့် လက်အောက်ခံ မြို့များအပါအဝင် လူဦးရေက စုစုပေါင်း ၆ သန်းခန့် ရှိ၏။ သို့ပေမည့် တချို့က သေဆုံးသွားခဲ့ပြ ဖြစ်ပြီး တချို့မှာ အရွယ်မရောက်သေးချေ။ အသက်ရှင်ကျန်ရှိခဲ့သည့် အရွယ်ရောက်ပြီးသော ဗလာသွေးမျိုးဆက် ပိုင်ရှင်မှာ လူဦးရေ ၂၀၀၀ ခန့်သာ ရှိ၏။

ရွှဲ့ပြည်နယ်၏ ဘုရင် နင်ယွမ်ရှန်းနှင့် ချောင်ဘုရင်တို့ ပြဇာတ်ကနေသည်က တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ဤတစ်လအတွင်း ရှမ့်လန်က အချိန်များစွာပေးပြီး ဤဗလာသွေးမျိုးဆက်ပိုင်ရှင် လူ ၂၀၀၀ ကို ရှာဖွေခဲ့၏။ ဆိုင်ခုံခင်းပြီး စစ်သား စုဆောင်းသည်ဆိုခြင်းက ဟန်ပြသက်သက်သာ ဖြစ်၏။ သူက ဤ ဗလာသွေးမျိုးဆက် ပိုင်ရှင်အားလုံးကို စာရင်းပြုစုပြီးသား ဖြစ်သည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် အစောပိုင်းတည်းက ရှမ့်လန်က နယ်စပ် အမဲလိုက်ပွဲတွင် အနိုင်ရရန် စီစဉ်ထားခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် သူက ဤတစ်လအတွင်း ဝမ်းနည်းဖွယ်ရာ ကောင်းသည့် ဇာတ်လမ်းများကို မြင်တွေ့ခဲ့၏။ ဗလာသွေးမျိုးဆက် ပိုင်ရှင်များက တကယ်ကို သနားစရာ ကောင်း၏။ သူက ဤလူစုကို ကယ်တင်ချင်စိတ်လည်း ပေါ်ပေါက်လာခဲ့၏။

အဓိကအချက်အားဖြင့် ထိုသူတို့က အမှန်တကယ် သုံးမရသူများ မဟုတ်ကြချေ။ အပြစ်ပယ်ခံရသောကြောင့် အတွင်းစိတ် အားနည်းလျက်ရှိပြီး ထိခိုက်ခံစားလွယ်သူများသာ ဖြစ်၏။ ဤလူများက တကယ်တမ်းတွင် ဉာဏ်ကောင်းကြသော်လည်း လူမှုဆက်ဆံရေးစွမ်းရည် လုံးဝ မရှိကြောင်း ရှမ့်လန်က သိရှိခဲ့သည်။

လူအများနှင့် ပုံမှန် စကားပြောဆိုနိုင်စွမ်း မရှိကြချေ။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်ကို ရှမ့်လန်က နားမလည်သော်လည်း ဤအရာက ဗလာသွေးမျိုးဆက်အားလုံး၏ တူညီသည့် ဝိသေသလက္ခဏာ တစ်ရပ်ပင် ဖြစ်၏။

ခေတ်သစ်ကမ္ဘာမြေတွင် ဤကဲ့သို့ လူမှုဆက်ဆံရေး ချို့ယွင်းသည့် လူများ ရှိတတ်ပြီး တချို့နေရာများတွင် ထိုသူတို့ကို စိတ်ကျန်းမာရေးမကောင်းသူများအဖြစ် သတ်မှတ်ကြ၏။

လူ၏ သဘောသဘာဝက ရှုပ်ထွေး၏။ ရှမ့်လန်က မေတ္တာရှင် တစ်ယောက် မဟုတ်ချေ။ သူက တစ်နိုင်ငံတည်းသားများကိုပင် ချစ်မြတ်နိုးခြင်း မရှိချေ။ ထိုမျှမကသေးပေ။ ရှမ့်လန်က လူများကို ကြည့်သည့်အချိန်၌ ထိုသူတို့၏ ဆိုးဝါးသည့် ဘက်ခြမ်းကိုသာ အဓိက ကြည့်ရှုလေ့ရှိ၏။ ထို့ကြောင့် သူက အထူးသဖြင့် ရက်စက်ပြီး ယုတ်မာတတ်သည့် လူတစ်ယောက်၏ပုံ ပေါ်နေသည်။

သို့သော်ငြား ဤ ဗလာသွေးမျိုးဆက်ပိုင်ရှင် ၂၀၀၀ အပေါ်တွင်တော့ ရှမ့်လန်က အကန့်အသတ်မဲ့သော သူ၏ မေတ္တာကို ပုံအောပေးထား၏။ အနိုင်ရရှိဖို့ သက်သက်မဟုတ်ဘဲ ထိုသူတို့၏ ကံကြမ္မာကို သူက ကယ်တင် ပြောင်းလဲပေးလိုခြင်းပင်။ အမှန်တကယ်အားဖြင့် ၁၀ ရက် မပြည့်ခင်မှာပဲ သူက လူပေါင်း ၂၀၀၀ ကျော်ကို ခေါ်ယူထားနိုင်ခဲ့၏။

သူ စာရင်းကောက်ယူထားသည့် ဗလာသွေးမျိုးဆက်ပိုင်ရှင်က လူပေါင်း ၂၃၀၀ ကျော်ရှိ၏။ ထို့ကြောင့် သူက အချိန်၊ လူအင်အား၊ ငွေအင်အား အများအပြားကို သုံးစွဲပြီး တစ်ယောက်ချင်းစီတိုင်းကို လိုက်ရှာကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။

ဤဗလာသွေးမျိုးဆက် လူသားများက စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် ပိုတူ၏။ သို့သော်လည်း ဖြူစင်လွန်းကြ၏။ စိတ်ဆိုး၊ စိတ်မိုက် မကောင်းမှုဟူ၍ မရှိကြချေ။ အမှန်တကယ် ဖြူစင်ပြီး လူရော၊ တိရစ္ဆာန်ရော မည်သည့်အရာကိုမှ အန္တရာယ်ပြုတတ်သည့် လူများ မဟုတ်ကြပေ။

ဥပမာအားဖြင့် ဝမ်တဆိုလျှင် ရှမ့်လန် သူ့ကို ကယ်တင်နိုင်ရန် ၃ ရက်ကြာ အချိန်ယူခဲ့ရ၏။ အကြောင်းက သူ လူလွှတ်လိုက်သည့် အချိန်တွင် ဝမ်တက ပျောက်ဆုံးနေပြီ ဖြစ်သောကြောင့်ပင်။

ဝမ်တ၏ မိဘများကို မေးသည့်အချိန်၌ ဝမ်တက သူများအိမ်သို့ သမက်အဖြစ် လိုက်ပါသွားသည်ဟု အခိုင်အမာ ငြင်းဆိုကြ၏။ ရှမ့်လန်လွှတ်လိုက်သည့် အမျိုးသမီးစစ်သည်များက ရိုးဖြောင့်သူများ ဖြစ်ပြီး ဉာဏ်နီဉာဏ်နက် မများကြချေ။ ဝမ်တ တကယ်ပဲ အိမ်ထောင်ကျသွားသည်ဟု ထင်မှတ်ကာ လိပ်စာကို တောင်း၏။ ဝမ်တ၏ မိဘများက လိပ်စာအတုနှင့် မိသားစုအမည်ကို ပေးလိုက်၏။

ထို့ကြောင့် ရှမ့်လန်၏ အမျိုးသမီးစစ်သည်များက ဝမ်တကိုရှာဖွေဖို့ မိုင် ၂၀၀ ကျော်ဝေးသည့် ထိုမိသားစုထံသို့ ခရီးနှင်၏။ နောက်ဆုံးမှာမှ ထိုမိသားစုက မရှိကြောင်း၊ ဝမ်တ ဒီနေရာဆီသို့ ရောက်ရှိမလာကြောင်း သိရှိလိုက်ရသည်။

ထို့ကြောင့် အမျိုးသမီးစစ်သည် ၂ ဦးတို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဝမ်တ၏ မိဘများကို စစ်ဆေး မေးမြန်းတော့၏။ ထိုအချိန်မှာတော့ ဝမ်တ၏ အဖေက ပါးစပ်ပိတ်နေခဲ့ပြီး အမေဖြစ်သူက ငိုရုံသာ ငို၏။ ဝမ်အာ၏ မိန်းမကမူ သူတို့ကို မောင်းထုတ်ရန် ကြိုးစားခဲ့၏။ အမျိုးသမီးစစ်သည်များက ဇွဲမလျှော့ဘဲ မေးမြန်းတော့မှ ဝမ်အာ၏ မိန်းမက ဝမ်တကို အပြင်ဘက် တောထဲသို့ လွှတ်ပစ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ယခုဆိုလျှင် သေပင် သေလောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့၏။

အမျိုးသမီးစစ်သည်များက ဒေါသအကြီးအကျယ် ထွက်သွားခဲ့၏။ ဝမ်အာ၏ ခြေထောက်များကို ရိုက်ချိုးပစ်၏။ ပြီးနောက် ဝမ်တကို စွန့်ပစ်ထားခဲ့သည့် နေရာအတိအကျကို မေးမြန်းပြီး သွားရောက် ကယ်တင်ခဲ့ရ၏။ ဝမ်တကဲ့သို့သော လူမျိုးက ဒါဇင်နှင့်ချီကာ ရှိသည်။

လဝက်ခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်က ဗလာသွေးမျိုးဆက်ပိုင်ရှင် ၂၃၈၉ ဦးကို ရှာဖွေတွေ့ရှိခဲ့၏။ သို့သော်ငြား နောက်ဆုံးမှာတော့ လူတစ်ဒါဇင်ကျော်က ရှမ့်လန်လာကယ်သည်ကိုပင် မစောင့်နိုင်ဘဲ သေဆုံးသွားခဲ့၏။ သူတို့က နေအိမ်ရှိ ထင်းတဲထဲတွင် သို့မဟုတ် တောထဲတွင် အသီးသီး သေဆုံး သွားခဲ့ကြ၏။ တကယ်ကို အဖြစ်ဆိုးကြ၏။

ဤ ဗလာသွေးမျိုးဆက် ၂၃၀၀ က နင်ကျန်း၏ ချန်းဖန်မြို့စား အိမ်တော်ဆီသို့ ရောက်ရှိလာ၏။ ရှမ့်လန်က စစ်သည်တစ်ဦး၏ အရှိန်အဝါကို သုံး၍ ထိုသူတို့ကို တင်းကြပ်စွာ အမိန့်ပေးခြင်းမျိုး မလုပ်ခဲ့ချေ။ ပထမဦးဆုံး သူက တစ်ယောက်လျှင် အဝတ်အစားသစ် ၅ စုံစီ ပေး၏။ ပြီးနောက် မရေတွက်နိုင်သည့် ကြက်၊ ဘဲ၊ ငါးများကို သယ်ဆောင်လာသည်။

နေ့စဉ် သူတို့က ဆန်ဖြူထမင်း၊ ဂျုံပေါက်စီ ဖြူဖြူ၊ ဟင်းသီးဟင်းရွက်နှင့် အသားများကို ဗိုက်ကားသည် အထိ စားသောက်ရ၏။ အိမ်တွင်နေရသည့်ဘဝနှင့် နှိုင်းယှဉ်လျှင် ဤနေရာက သူတို့အတွက် နတ်ပြည်ကဲ့သို့ပင်။ လူတိုင်းက မိမိတို့၏ ခန္ဓာကိုယ်ကို ပြန်လည် ကျန်းမာသန်စွမ်းလာအောင် ပြုလုပ်ရ၏။

သာမန်လူများသာဆိုလျှင် ငရဲပြည်မှ နတ်ပြည်ပေါ်သို့ ရောက်ရှိလာသည့်အတွက် ကောင်းကင်ကြီးကို ကျေးဇူးတင်စကား အထပ်ထပ် ပြောပေမည်။ ထို့ပြင် ရှမ့်လန်၏ အာရုံစူးစိုက်မှုကို ရရှိရန် အသည်းအသန် ကြိုးစားကြပေလိမ့်မည်။

သို့သော်ငြား ဤဗလာသွေးမျိုးဆက်ပိုင်ရှင်များကတော့ ထိုသို့ မလုပ်ကြချေ။ အစပိုင်းတွင် သူတို့က ဝေပေးသည့် အဝတ်အစားများကိုပင် မဝတ်ရဲကြချေ။ ဝတ်ပြီးသွားလျှင် အနည်းငယ် ညစ်ပတ်သွားသည်နှင့် ဂရုတစိုက် ဖုန်ခါ သန့်ရှင်းရေးလုပ်ကြ၏။ ဤအရာက သူတို့အတွက် တကယ်ကို တန်ဖိုးကြီးအရာတစ်ခု ကဲ့သို့ပင်။

ထမင်းစားချိန်၌လည်း ငါး၊ အသား၊ ကြက်၊ ဘဲ၊ အမဲနှင့် ဆိတ်သားများလည်း ပါဝင်၏။ သို့သော်ငြား လူတိုင်းက အသီးအရွက်ဟင်းလျာကိုသာ ရွေးချယ်၍ စား၏။ အသားဟင်းများကို တခြားသူ စားသောက်ရန် ချန်ထားတတ်၏။ ပါးစပ်မှ သွားရည်ကျနေသော်လည်း မစားမိအောင် တကယ်ပင် ထိန်းချုပ်ထားနိုင်ကြ၏။ ဤသည်ကြောင့် ပထမ ထမင်းတစ်နပ်တွင် ကြက်၊ ဘဲ၊ အမဲနှင့် ဆိတ်သားများ ပိုလျှံသွားခဲ့၏။

အစပိုင်းက ရှမ့်လန်နှင့် သူ့၏ အဖွဲ့သားများက အံ့အားသင့်သွားကြ၏။ ဤလူများက အသားမကြိုက်၍ များလားဟု တွေးကြ၏။ နောက်ပိုင်းမှာတော့ မကြိုက်၍ မဟုတ်ဘဲ မစားရဲ၍ ဖြစ်ကြောင်း သိရှိသွားကြသည်။

ထို့ကြောင့် ရှမ့်လန်က တစ်ဦးချင်း ထမင်းစားစနစ်ကို စတင်ကာ ဖန်တီးပြီး တစ်ယောက်လျှင် ထမင်း ဟင်းသီးဟင်းရွက် နှင့် အသားမည်မျှ စားရမည်ဖြစ်ကြောင်း သတ်မှတ်ပေးပြီး မလောက်လျှင် ထပ်မံ တောင်းယူခွင့်ရှိကြောင်းပါ ပြော၏။

နောက်ဆုံးမှာတော့ လူတိုင်းက မိမိရရှိသည့် ဝေစုကိုသာ စားပြီး ထပ်မံတောင်းယူခြင်း မရှိကြပေ။

သုံးရက်ကြာပြီးသည့်နောက် ရှမ့်လန်က ပထမလအတွက် လစာထုတ်ပေး၏။ တစ်ယောက်လျှင် ငွေဒင်္ဂါး ၃၀ စီ ဖြစ်၏။ ဤ ဗလာသွေးမျိုးဆက်ပိုင်ရှင် လူများအတွက် ဤပမာဏက တကယ်ကို များပြားလွန်းလှ၏။ သာမန်လူသားတစ်ယောက်အတွက်ပင်လျှင် ထိုအရာက ငွေအမြောက်အများ ဖြစ်၏။ သို့ပေမည့် ဤလစာကို ထုတ်ပေး၍ မရခဲ့ချေ။ လူတိုင်းက လက်ခံရန် ငြင်းဆန်နေသောကြောင့်ပင်။

ရှမ့်လန်က အတင်းအကြပ်ပေး၏။ သို့သော်ငြား နောက်တစ်နေ့ သူတို့ အိပ်ရာထသည့်အချိန်မှာတော့ ခြံဝင်းထဲတွင် ငွေဒင်္ဂါးများ ပုံထားသည့် တောင်ပူစာလေး တစ်ခုကို မြင်ရ၏။ ငွေဒင်္ဂါး တောင်ပူစာလေး တစ်ခုပင်။

လူ ၂၀၀၀ ကျော်တို့က သူတို့အား ပေးထားခဲ့သည့် ငွေများကို တစ်ပြားမကျန် ပြန်လည်ကာ ပေးအပ်ခဲ့ခြင်း ဖြစ်၏။

ဝူလဲ့က ကျောက်ခဲကဲ့သို့ မာကျောပါသည် ဆိုသော နှလုံးသားပိုင်ရှင် ဖြစ်၏။ သို့ပေမည့် ဤမြင်ကွင်းကို မြင်ရချိန်မှာတော့ သူမက မည်သို့မှ မနေနိုင်ဘဲ မျက်ရည်များပင် ကျမိသည်။

အမျိုးသမီးစစ်သည် တော်တော်များများတို့ကလည်း မျက်ရည်ကျကြ၏။ လောကကြီးထဲတွင် ဤမျှ ရိုးသားဖြူစင်လွန်းသည့် လူများ၊ လိမ္မာရေးခြား ရှိသည့် ကလေးငယ်များကဲ့သို့သောလူများ ရှိလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။

နာကျည်းမှုက နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြမ်းတမ်းရက်စက်လွန်းသူ ဖြစ်၏။ နေ့စဉ်နေ့တိုင်း လန်ညီနောင် ၁၀ ယောက်တို့ကို သေလုနီးပါးအထိ ရိုက်နှက်ပြီး ထိုသူတို့၏ ဘဝကို သံသယဝင်လာ စေသည်အထိ ဆဲဆိုလေ့ရှိသူပင်။ နာကျည်းမှု၏ စစ်သည်လေ့ကျင့်ပေးသည့် စည်းမျဉ်းက သေအောင် ရိုက်နှက် လေ့ကျင့်ပေးခြင်းပင်။

သို့သော်ငြား သူက ရှမ့်လန်ကို သွားရှာခဲ့ပြီး ဤမျှ စကားနားထောင်သော စစ်သည်များ တစ်ခါမှ မတွေ့ဖူးကြောင်း ချီးကျူးခဲ့၏။

စည်းကမ်းထိန်းသိမ်းစရာ မလိုအပ်ချေ။ လုံးဝကို စည်းကမ်းထိန်းသိမ်းစရာ မလိုပေ။ လူ ၂၀၀၀ ကျော် စုဝေးလိုက်သည်နှင့် ထိုသူတို့က လူတစ်ယောက်ကဲ့သို့ ဖြစ်သွား၏။ မည်သည့်အမိန့်ကိုမဆို နာခံကြ၏။ အမိန့်ပေးစရာ မလိုဘဲ တတ်စွမ်းသမျှ အကောင်းဆုံး လုပ်ဆောင်ကြသည်။

အဝတ်အစား ဝတ်စေခြင်း၊ လျှော်ဖွပ်ခြင်း၊ စောင်ခေါက်ခြင်း စသည့် အရာအားလုံးကို ပြုလုပ်၏။ စံနမူနာ တစ်ခု ပြသလိုက်သည်နှင့် အားလုံးက ချက်ချင်းလိုက်ပါကာ လုပ်၏။ လူနှစ်ထောင်ကျော် အတူ ရှိနေသော်လည်း အတင်းအဖျင်း ပြောဆိုခြင်းများ မရှိချေ။ အလုံးစုံ တိတ်ဆိတ်ငြိမ်သက်၏။ သို့သော်ငြား လေထုအခြေအနေက အလွန်တရာ သဟဇာတဖြစ်ပြီး ညီညွတ်၏။

ဤလူများက ခံစားလွယ်သော်လည်း သံယောဇဉ်ကို တန်ဖိုးထားကြ၏။ အချင်းချင်း စကားမပြောကြ သော်လည်း ကြင်နာမှုများနှင့် ပြည့်နှက်နေ၏။ မကြာခင်မှာပဲ သူတို့က အချင်းချင်း တိတ်တဆိတ် ဂရုစိုက် ကူညီတတ်လာကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ရိုးအဖြောင့်မတ်လွန်းသော လူများ ဖြစ်ရုံသာမက ခွေးတစ်ကောင်နှင့်ပင် အမှီသဟဲပြုကာ နေထိုင်ခဲ့ကြသည့်လူများ ဖြစ်သောကြောင့် လူအချင်းချင်း ဆိုလျှင် ပြောနေဖွယ်ရာပင် မရှိချေ။

စည်းကမ်းအတင်းကျပ်ဆုံး တပ်မှူးတစ်ယောက်ဖြစ်သော နာကျည်းမှုက ယခင်ကကဲ့သို့ တင်းတင်းကျပ်ကျပ် နှင့် ရက်စက်ခြင်းမျိုး မရှိတော့ချေ။ သူ၏ အမူအရာက နူးညံ့လာပြီး သူ၏ သဘောထားကလည်း ကြင်နာမှု၊ စိတ်ရှည်မှုတို့နှင့် ပြည့်ဝလာခဲ့၏။

ပထမ ၁၀ ရက်အတွင်း ထိုသူတို့၏ သွေးမျိုးဆက်ကို ပြုပြင်ပြောင်းလဲခြင်း မလုပ်သေးချေ။ တန်းစီခြင်း၊ ဘယ်ညာခွဲခြင်း၊ စစ်ရေးပြတို့ကိုသာ လေ့ကျင့်ရ၏။ ဘာမှမရှိသည့် အခြေအနေတစ်ခုဆီမှ စတင်ရသည့် စစ်တပ်တစ်ခုအတွက် တန်းစီခြင်း၊ ညီအောင် လမ်းလျှောက်ခြင်း၊ ဘယ်ကွေ့၊ ညာကွေ့နှင့် နောက်ပြန်လှည့်ခြင်း တို့ကပင်လျှင် မည်မျှခက်ခဲကြောင်း ရှမ့်လန်က ကောင်းကောင်း သိရှိသည်။

လူတစ်ယောက်တည်း လုပ်ဆောင်ရန် မခက်ခဲသော်လည်း လူပေါင်း ၂၀၀၀ တပြိုင်နက်တည်း ညီညွတ်အောင် ပြုလုပ်ဖို့ ဆိုသည်မှာတော့ တကယ်ပင် ခက်ခဲလွန်း၏။ ထို့အပြင် ဤလူများက ပညာဟူ၍ သင်ကြားဖူးသည့် လူများ မဟုတ်ချေ။

သို့ပေမည့် ရလဒ်များက ရှမ့်လန်နှင့် နာကျည်းမှုတို့အား အံ့အားသင့်စေခဲ့၏။ ဤလူအုပ်စုသည် အလွန် လျင်မြန်စွာဖြင့် သင်ယူနိုင်ကြ၏။

သုံးရက်အတွင်း ထိုသူတို့က စစ်ရေးပုံစံ အားလုံးကို သင်ယူတတ်မြောက်ခဲ့ပြီး ဖြစ်၏။ ရှေ့သို့ ချီတက်သည့် ဖြစ်စေ၊ ဘယ်လှည့်ညာလှည့်၊ သို့မဟုတ် နောက်သို့ ပြန်လှည့်ရသည်ဖြစ်စေ သူတို့က စနစ်တကျဖြင့် သေသေသပ်သပ်နှင့် လုပ်ဆောင်နိုင်ကြ၏။ ထို့ပြင် လေ့ကျင့်ရေးကာလ တစ်လျှောက်လုံးတွင် လူတိုင်းက အလွန် အာရုံစူးစိုက်စွာဖြင့် အလေးအနက်ထားကာ ပြုမူဆောင်ရွက်ကြ၏။ မည်မျှသေးငယ်သည့် ကိစ္စတစ်ခု ဖြစ်စေ၊ လူတိုင်းက မိမိတို့၏ စွမ်းအင် ၁၂၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုနေသည်လားပင် ထင်ရသည်။

နာကျည်းမှုက ချီးကျူးစကာကို အားရပါးရ ပြောဆိုနေမိ၏။ “သခင်လေး.. ဒီလိုစစ်သားကောင်းတွေ၊ ဒီလို အလေးအနက်ထားပြီး အာရုံစူးစိုက်တဲ့သူတွေကို ကျုပ်တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒီလူတွေရဲ့ စည်းကမ်းနဲ့ အမိန့်နာခံမှုကို ဘယ်သူမှတောင် နှိုင်းယှဉ်လို့ မရလောက်အောင်ပဲ။ တကယ့်ကို ထူးခြားတယ်။ အရမ်းလည်း ထူးခြားတယ်။ မယုံကြည်နိုင်စရာပဲ။

သခင်လေး.. သူတို့ကို အင်အားတွေသာ ပေးနိုင်မယ်ဆိုရင် သူတို့က လောကကြီးတစ်ခုလုံးမှာ အကောင်းဆုံး စစ်သည်တွေ ဖြစ်လာမှာ အမှန်ပဲ။ ဒါက တကယ့်ကို အနိုင်မခံ၊ အရှုံးမပေးတဲ့ အထက်တန်းစား လက်ရွေးစင် စစ်သည်တွေပဲ။

စစ်တပ်တစ်ခုအတွက် အရေးကြီးဆုံးက ဘာလဲ။ ရဲစွမ်းသတ္တိ၊ အာရုံစိုက်နိုင်မှု၊ စည်းကမ်း၊ စည်းလုံးညီညွတ်မှု အဲဒါတွေရှိပြီး နောက်ဆုံးမှ အင်အားဖြစ်လိမ့်မယ်။ ကျုပ်တို့ရဲ့ စစ်သည်တွေက ဒီအရည်အချင်းတွေနဲ့ ပတ်သက်ရင် အမြင့်ဆုံး အခြေအနေကို ရောက်နေပြီ”

All Chapters