← Chapters

အခန်း (၅၃၃)

Vol. 36 Ch. 533

အခန်း (၅၃၃)

Vol. 36 Ch. 533

ရှမ့်လန်က ပြုံးလိုက်၏။ “အင်း... ကျုပ်တာ မမှားဘူးဆိုရင် ရောဂါလက္ခဏာက ပေါင်ခြံက စလိမ့်မယ်နဲ့ ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာက ရှိတဲ့ သွေးကြောတွေက အရမ်းကို ထူထပ်လို့လေ”

“အား”

ရုတ်တရက် ကျုံးမိသားစု၏ မွေးစားသမီး ကျုံးမင်က ရုတ်တရက် အော်ဟစ်လိုက်၏။ စောဏကလေးတင် ဆီးသွားတုန်း ဗိုက်ထဲ၌ တစ်ခုခု ဖြစ်သလို သူမ ခံစားခဲ့ရ၏။ သို့ပေမည့် နာလည်း မနာကျင်သလို၊ ယားလည်း မယားသောကြောင့် အာရုံစိုက်မနေခဲ့ချေ။

ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “အစပိုင်းမှာတော့ မနာဘူး။ ယားလည်း မယားဘူး။ ဒါပေမယ့် မကြာခင်မှာပဲ သည်းမခံနိုင်လောက်အောင် ယားလာလိမ့်မယ်။ နောက်ဆုံး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားမယ်။ အဲဒီအချိန်ရောက်ပြီဆိုရင်တော့ နတ်ဒေဝါတွေဆင်းပြီး ကယ်တင်နိုင်မယ်ဆိုရင်တောင် မရတော့ဘူး။ ဓားဘုရင်မိန်းမ အခုချိန်မှာ တိရစ္ဆာန်လိုတောင် ဖြစ်နေပြီ။ ဒါတွေအားလုံးကို ခင်ဗျားတို့ သိပြီးသား ဖြစ်လိမ့်မယ်”

ကျုံးမင်၏ မျက်နှာအမူအရာက အလုံးစုံ ပြောင်းလဲသွားခဲ့၏။ သူမက အမြန်လှည့်ပြီး တဲထဲသို့ ပြေးဝင် သွား၏။ သူမ၏ သံချပ်ကာကို ချွတ်၏။ သူမ မြင်လိုက်ရသည်က သူမ၏ ပေါင်ခြံတွင် အစက်အပြောက်များ ပေါ်ပေါက်လာခဲ့ခြင်းပင်။ သူမ၏ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားခဲ့၏။ နှလုံးသားထဲလည်းလည်း အော်ဟစ်လျက် ရှိနေ၏။ “ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ”

ပြီးနောက် ကျုံးရှစ်ရှစ်၏ လက်အောက်မှ ကျွမ်းကျင်သူများက တဲထဲသို့ဝင် သို့မဟုတ် ထူထပ်သည့် သစ်တောထဲသို့ ပြေးဝင်ပြီး ဘောင်းဘီကို ချွတ်ကာ ကြည့်ကြသည်။

“အား... အား”

ပြီးနောက် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ထိုသူထဲမှ တချို့၏ ပေါင်ခြံ၌ အစက်အပြောက်များ ရှိနေပြီး တချို့မှာတော့ မရှိကြချေ။

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “ကျုပ်သာ မမှားဘူးဆိုရင် တချို့လူတွေက ဖျားနာနေကြပြီ။ ဒီလူတွေက ရေကို အရင်ဆုံးသောက်တဲ့လူတွေ ဒါမှမဟုတ် သွေးမျိုးဆက်စွမ်းရည်မှာ ပိုပြီးအားကောင်းတဲ့ လူတွေပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် စိတ်မပူနဲ့။ ခင်ဗျားတို့ ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူး”

ကျုံးရှစ်ရှစ်၏ စစ်သည်များက ထိုစကားကို ကြားသည့်အချိန်မှာတော့ အလုံးစုံ ထိတ်လန့်သွားခဲ့ကြသည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ကျုံးရှစ်ရှစ်... မင်းဆီမှာ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာရှိတယ်။ ဒါကြောင့် မင်းက ရေတွင်းထဲက ရေကို မသောက်ဘူး။ ပြီးတော့ မင်းက စမ်းရေကိုပဲ သောက်ရတာ ကြိုက်တယ် မဟုတ်လား။

မြောက်ပိုင်းအမဲလိုက်ကွင်းမှာ ကျေးဇူးတောင်ဆိုတဲ့ တောင်တစ်လုံးရှိတယ်။ အဲဒီတောင်ပေါ်မှာ ချောက်ကမ်းပါးတစ်ခု ရှိတယ်။ ချောက်ကမ်းပါးထဲမှာ စမ်းရေအဆက်မပြတ် ထွက်နေတဲ့ အက်ကွဲကြောင်းတစ်ခု ရှိနေတယ်။ အဲဒါက အရမ်းကို ချိုမြတဲ့ စမ်းရေတွေပဲ။

ဒါပေမယ့် အဲဒီစမ်းရေကလည်း ညစ်ညမ်းနေပြီ။ ကျုပ်က ဓားဘုရင်မိန်းမရဲ့ အဆိပ်ရှိတဲ့သွေးတွေကို အဲဒီစမ်းရေရဲ့ အရင်းအမြစ်ထဲကို ထိုးထည့်ထားခဲ့တာ။ အဲဒီစမ်းရေကို ကျိုချက်သောက်ခဲ့တယ်လို့တော့ ခင်ဗျား မပြောနဲ့နော်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျုံးရှစ်ရှစ်၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။ သူမက ရေနွေးသောက်ရသည်ကို အကြိုက်နှစ်သက်ဆုံး ဖြစ်ပြီး အကောင်းဆုံးသော လက်ဖက်ခြောက်ကိုသာ ခတ်၏။ ရေနွေးကျိုရန် အသုံးပြုခဲ့သည့် ရေက ချောက်ကမ်းပါးရှိ အက်ကွဲကြောင်းမှ စမ်းရေပင် ဖြစ်၏။ သူမက လွန်ခဲ့သည့် နှစ်နာရီခန့်ကမှ ထိုအရာကို သောက်ခဲ့၏။

“ရှမ့်လန် .. ရှင်... ရှင် ကျွန်မကို လိမ်နေတာ” ကျုံးရှစ်ရှစ်က တုန်ယင်နေသည့် အသံဖြင့် ပြောသည်။

ရှမ့်လန်က လှောင်ပြောင်လိုက်၏။ “ကျုပ်က ဘာလို့ ခင်ဗျားကို လိမ်ရမှာလဲ။ ကျုပ်မှာ အဆိပ်ရှိတဲ့ သွေးတစ်ပိဿာခွဲလောက် ကျန်နေသေးတယ်။”

ပြီးနောက် သူက လက်ထဲရှိ အဆိပ်ရှိသည့် သွေးပုလင်းကို မြှောက်ပြလိုက်၏။ အနီရောင်တွင် အစိမ်းရောင်၊ ခရမ်းရောင် အနည်းငယ် ပါဝင်နေပြီး ထိုသွေးအရောင်က ထူးခြား၏။ ထိုအရာသည် ဓားဘုရင်မိန်းမ၏ အဆိပ်ရှိသည့် သွေးအမှန်ပင်။

ကျုံးရှစ်ရှစ်က ဆံပင်များ ထောင်ထသွားသကဲ့သို့ပင် ခံစားနေရပြီး သူမ၏ တစ်ကိုယ်လုံးက ယားယံ လာသလိုပင် ခံစားရ၏။ မရေတွက်နိုင်သည့် ပိုးများက သူမ၏ သွေးထဲတွင် ကူးခတ်လျက် ရှိနေသည့်ပုံပင်။ ထို့ပြင် အလွန်အမင်းလည်း မျိုးပွားကာ မွေးဖွားနေသလားဟုပင် ထင်ရ၏။ သူမက သံချပ်ကာကို ချွတ်ပြီး ပေါင်ခြံကို ကြည့်ချင်၏။ ဖားပြုတ်နှင့်တူသည့် အစက်အပြောက်များ ရှိမရှိကို ကြည့်ချင်နေခြင်းပင်။

“သခင်မလေး ရွှယ်ရွှယ်က ဒီလိုကပ်ပါးပိုးကောင် အမျိုးအစားကို အကောင်းဆုံး သိလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒါက စေတီတောင်ရဲ့ အဆိပ်ပဲလေ။ ပျောက်ကင်းသွားရင်တောင်မှ ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ အရေပြားတွေ ကတော့ ပျက်စီးသွားလိမ့်မယ်။ ဒီပိုးက ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲ ရောက်တာ ၂ နာရီတောင် မပြည့်သေးဘူး ဆိုရင်တော့ ခင်ဗျား အချိန်မီနိုင်ပါသေးတယ်။ ကျုံးမင်လိုလူ ဆိုရင်တော့ ပျောက်ကင်းသွားရင်တောင် ခန္ဓာကိုယ်ကတော့ တစ်ဝက်တစ်ပျက်တော့ ပျက်စီးသွားလိမ့်မယ်”

ဤသို့ ပြောလိုက်သည်နှင့်တပြိုင်နက် ကျုံးရှစ်ရှစ်က အလန့်တကြား ဖြစ်သွား၏။ သူမက ဓားဘုရင်မိန်းမ ကဲ့သို့ ဖြစ်ချင်စိတ် မရှိချေ။ ထိုအရာက သေသည်ထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ သူမက ရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားရမည်အစား သေခြင်းကိုသာ ပိုမိုလိုလား၏။

“အင်း... ငါ အဆိပ်မိတာ ၂ နာရီပဲ ရှိသေးတယ်။ အချိန်မီနိုင်ပါသေးတယ်။ အချိန်မီနိုင်သေးတယ်။ ငါ ရွှယ်ရွှယ်ကို အမြန်ဆုံး ရှာရမယ်။ ငါ အမြန်ဆုံး ကယ်တင်ဖို့ လိုတယ်”

ထိုအချိန်မှာတော့ ကျုံးရှစ်ရှစ်က ဘာကိုမှ ဂရုမစိုက်တော့ချေ။ လက်စားချေခြင်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူမ၏ အလှအပနှင့် အသက်ထက် မည်သည့်အရာက ပိုမိုကာ အရေးကြီးမည်နည်း။ ရလဒ်အားဖြင့် သူမက ထိတ်လန့်တကြားဖြစ်ပြီး စကားတစ်ခွန်းမှ မဆိုချေ။ သူမ၏ မြင်းပေါ်သို့ ခုန်တက်ပြီး နန်းမြို့တော်ဆီသို့ အလျင်အမြန်ဖြင့် မောင်းထွက်သွားခဲ့၏။ ရွှယ်ရွှယ်ဆီမှ အကူအညီကို ရယူရန် ဖြစ်သည်။

ချက်ချင်းပဲ ကျုံးမိသားစု၏ အခြားသော ကျွမ်းကျင်သူများက သူမ၏ နောက်သို့ လိုက်ပါသွားခဲ့၏။ “သခင်မလေး စောင့်ပါအုံး။ စောင့်ပါအုံး”

သို့သော်ငြား ကျုံးရှစ်ရှစ်၏ မြင်းက အလွန်ပင် မြန်ဆန်၏။ သူမက ဖုန်မှုန့်များကြားထဲမှ အခြားသောသူများကို မျက်ခြေဖြတ်ခဲ့၏။ ကျုံးမိသားစုမှ ကျွမ်းကျင်သူများက အစွမ်းကုန်ပင် နောက်မှ လိုက်ပါကြသည်။

ကျုံးရှစ်ရှစ်က ပြေးသွားခဲ့ပြီ ဖြစ်၏။ ကျုံးမိသားစု၏ လက်ရွေးစင်စစ်သည် ၂၀၀၀ က ပိုမိုကာ ထိတ်လန့်သွားခဲ့ကြ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်းက အမဲလိုက်ကွင်းဆီမှ ရေကို သောက်ခဲ့ကြပြီး အားလုံး၏ ခန္ဓာကိုယ်ထဲတွင် ကူအဆိပ်ပိုးကောင်များ ရောက်ရှိနေပြီ ဖြစ်၏။ လက်ရှိအချိန်တွင်တော့ သူတို့က အမဲလိုက်ကွင်းကို သိမ်းပိုက်ရန် စိတ်ခံစားချက် မရှိတော့ချေ။ ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို ကုသရန် နန်းမြို့တော်ကိုသာ ပြန်ချင်၏။

အထူးသဖြင့် ကျုံးမင်၏ ရောဂါက အစပျိုးနေပြီ ဖြစ်၏။ “ရှမ့်လန်... ရှင် စောင့်နေ၊ ကျုံးမိသားစုက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး” ပြီးနောက် ကျုံးမင်က မြင်းပေါ်သို့ ခုန်တက်ကာ နန်းမြို့တော်သို့ ထွက်ခွာသွား၏။ ခဏကြာမှတော့ ကျုံးမိသားစု၏ စစ်သည် ၂၀၀၀ ကျော်တို့က အားလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားရပြီ။

ရှမ့်လန်က နာကျည်းမှုအား လှမ်းကာ ပြောလိုက်၏။ “ကဲ... ကျုပ်တို့ ဝင်ကြရအောင်”

နာကျည်းမှု၊ လန်ညီနောင် ၁၀ ဦး၊ ထို့ပြင် စစ်သည်ပေါင်း ၃၀၀ နှင့် ဗလာသွေးမျိုးဆက်ပိုင်ရှင် ၂၀၀၀ ကျော်တို့ ဦးဆောင်ပြီး မြောက်ပိုင်းအမဲလိုက်ကွင်းထဲသို့ ဝင်ရောက်လိုက်၏။

ရှမ့်နုက ဘေးတစ်ဖက်မှ မေးသည်။ “သခင်လေး... ရေတွင်းအသစ် တူးလိုက်ရမလား”

ဘေးတစ်ဖက်မှ နာကျည်းမှုက ပြုံးလိုက်၏။

ရှမ့်နုနှင့် ဝူလဲ့တို့က ထိတ်လန့်သွားသည်။ “သခင်လေး... ကျုံးရှစ်ရှစ်ကို လှည့်စားခဲ့တာလား”

ဟုတ်ပေသည်။ သူ ကျုံးရှစ်ရှစ်ကို လှည့်စားခဲ့ခြင်းသာ ဖြစ်၏။ ပထမဦးဆုံး သူက ကူပိုးကောင်ကို အရမ်းတန်ဖိုးထား၏။ ရှမ့်လန်က ထိုအရာများကို အဘယ့်ကြောင့် ရေတွင်းထဲသို့ ထည့်ရမည်နည်း။ ကျုံးရှစ်ရှစ် ထိခိုက်ခဲ့သည့် အာရုံကြောအဆိပ်က ကူပိုးကောင်၏ အရည်ကြည်သာ ဖြစ်၏။ သို့ပေမည့် ထိုအရာက အစွမ်းအနည်းငယ်တော့ ရှိ၏။

ကူပိုးကောင်များက ရှမ့်လန်အတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည့် အရာဖြစ်၏။ ထို့ကြောင့် သူက တစ်ကောင်မှ အဆုံးရှုံး မခံနိုင်ချေ။ သွေးမျိုးဆက် ပြောင်းလဲမှုက ကူပိုးကောင်များအပေါ် အလုံးစုံ မူတည်လျက် ရှိနေသောကြောင့်ပင်။ အဘယ်ကြောင့် သူက သန်းနှင့်ချီသည့် ပိုးကောင်များကို အလဟဿ ဖြုန်းတီး ရမည်နည်း။

ဒုတိယအချက်အားဖြင့် ဤကူပိုးကောင်များက အစွမ်းထက်သည် ဆိုသော်လည်း ပျက်စီးလွယ်၏။ ရေနွေးနှင့် ကျိုသည်ဆိုသည်နှင့် ချက်ချင်း သေကြပေလိမ့်မည်။ ရေတွင်းထဲတွင် အသက်ရှင်ဖို့ ဆိုသည်မှာ ခက်ခဲလှ၏။ စမ်းရေထဲမှာ ဆိုလျှင် ပိုမိုကာ ဆိုးပေလိမ့်မည်။ အဓိပ္ပာယ် မရှိပေ။ ထို့ကြောင့် မည်သို့မှ မဖြစ်နိုင်သည့် ကိစ္စရပ်မျိုးပင်။

ရှမ့်နုက ပြောလိုက်၏။ “ဒါဆိုရင် ဒီလူတွေရဲ့ ကိုယ်ပေါ်က ဖားပြုတ်လို ထုံကျင်တဲ့ အစက်အပြောက်တွေက ဘာတွေလဲ။ ပြီးတော့ သူတို့က သိုင်းပညာ မြင့်မားတဲ့ လူတွေလေ။ သူတို့အားလုံးက ကျုံးရှစ်ရှစ်ရဲ့ ဘေးက ကျွမ်းကျင်သူတွေ မဟုတ်လား”

ထိုအချိန်မှာတော့ လီချင်းချိုး၌ ပြောစရာ ရှိသည်။ ‘ရှမ့်လန်... မင်းကို ငါ အဆုံးမရှိ ကျေးဇူးတင်တယ်။ ဒါပေမယ့် မင်းက ငါ့ကို နေ့တိုင်း ဒီလိုညစ်ပတ်တဲ့ အလုပ်တွေ မလုပ်ခိုင်းလို့ မရဘူးလား။ ဒါက မဟာပညာရှင် တစ်ယောက်ရဲ့ အဆင့်အတန်းကို ထိခိုက်စေတယ်။’

ဟုတ်ပေ၏။ ဤလူများက စေတီတောင်၏ ကူပိုးကောင်ကြောင့် ဖျားနာနေခြင်း မဟုတ်ဘဲ အရေပြားရောဂါ ဖြစ်သည့် အပင်အဆိပ်တစ်မျိုးကြောင့်ပင်။

ဝူလဲ့က ပြောလိုက်၏။ “သခင်လေး... ရွှယ်ရွှယ်နဲ့ ရန်နန်းဖေးတို့က စေတီတောင်နဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် အဆိပ်အကြောင်းကို ကောင်းကောင်းသိမှာပဲ။ အခု သူတို့ အဆိပ်မမိဘူးဆိုတာ မကြာခင် သိနိုင်လိမ့်မယ်။ ကျုံးရှစ်ရှစ်က ကျွန်မတို့ကို ပြဿနာရှာဖို့ ထပ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ အရှင်မင်းကြီးဆီ တိုင်တန်းပြီး ကျုံးရှစ်ရှစ်ကို နှင်ထုတ်ဖို့ လုပ်ရမယ်ထင်တယ်။”

ရှမ့်လန်က ပြုံးလိုက်သည်။ “ဒီလိုကိစ္စသေးသေးလေးအတွက် ဘုရင်မင်းမြတ်ရဲ့ အကူအညီကို သွားတောင်းနေမယ်ဆိုရင် ငါက အရည်အချင်း မရှိသလို ဖြစ်နေမှာပေါ့”

ထိုအချိန်မှာပဲ ဝူလဲ့နဲ့ ရှမ့်နုတို့ သတိပြုမိသည်က သူတို့၏ဘေးတွင် အရူးကြီးရှိနေသော်လည်း လီချင်းချိုး မရှိကြောင်းကိုပင်။

..............

ကျုံးရှစ်ရှစ်က မာနကြီးပြီး အကျိုးသင့်အကြောင်းသင့်ကို နားမလည်သည့် မိန်းမတစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သောသူမျိုးနှင့် ပြောဆိုဆက်ဆံရလျှင် မည်သူမဆို ခေါင်းကိုက်ရပေလိမ့်မည်။ သူမကို အပြီးတိုင် သတ်ပစ်ခြင်းက လွယ်၏။ မဟုတ်ပါက အမြဲတမ်း ပြဿနာ ရှာနေမှာ သေချာ၏။

သို့သော်ငြား ရှမ့်လန်က သူမကို သတ်၍ မဖြစ်ချေ။ သူမကို သတ်လိုက်လျှင် ဖြစ်လာနိုင်မည့် အကျိုးဆက်ကို သူ မခံနိုင်သောကြောင့်ပင်။ ကျုံးမိသားစုက အမှန်ပင် အင်အားကြီးမား၏။ ရှမ့်လန်၏ လက်ရှိ အရေးကြီးဆုံး ဦးစားပေးက ပဉ္စမမင်းသားနင်ကျန်းကို အင်အားရှိသမျှ အားပေးထောက်ခံဖို့နှင့် ထောက်ပံ့ပေးရန်ပင်။ သူကိုယ်တိုင် အခြေခိုင်အောင် အရင်ဆုံးပြုလုပ်ရပေမည်။ ကျုံးရှစ်ရှစ်ကို သတ်လိုက်သည်နှင့် သူ သေသည်အထိ နားရတော့မည် မဟုတ်ချေ။

ဟုတ်ပေ၏ ရှမ့်လန်၌ ဤသို့ ဆိုးယုတ်ပြီး အကျိုးသင့်အကြောင်းသင့် မရှိသည့် အမျိုးသမီးကို ကိုင်တွယ်ဖို့ နည်းလမ်းပေါင်း တစ်ဒါဇင်တော့ ရှိနေသေး၏။ မည်သည့်နည်းလမ်းက အနိမ့်ဆုံး စည်းမျဉ်းရှိမည်နည်း။ ရှမ့်လန်က အခြေခံအားဖြင့် တစ်စုံတစ်ခုကို ရွေးချယ်ရပေလိမ့်မည်။

..............................

ကျုံးရှစ်ရှစ်က ရှမ့်လန်၏ ခြောက်လှန့်မှုနှင့် အဆိပ်ခတ်ခြင်းတို့ကြောင့် ကြောက်လန့်တကြား ဖြစ်သွား၏။ သူမက လီ ၁၀၀၀ မြင်းပေါ်သို့ တက်ပြီး နန်းမြို့တော်ဆီသို့ အရူးအမူး မောင်းနှင်သွားခဲ့၏။ သူမက တခြားဘာကိုမှ မစဉ်းစားချေ။ ရွှယ်ရွှယ်ကို အမြန်ဆုံး ရှာဖွေကာဖြင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဆိပ်ပိုးကောင်ကို စစ်ဆေး ကုသပေးရန်သာ စိတ်ထဲရှိသည်။

သူမက အချိန်တစ်မိနစ်မျှပင် အလဟဿ မဖြုန်းတီးနိုင်ချေ။ ဘာမှမသိလိုက်ဘဲ သူမက ကျုံးမိသားစုမှ ကျွမ်းကျင်သူများနှင့် စစ်သည်များကို အနောက်တွင်ချန်ကာ ထွက်လာမိခဲ့၏။ သူမက လူသူပြတ်တောက်သည့် လမ်းတစ်လျှောက်တွင် တစ်ယောက်တည်း မောင်းနှင်သွားခဲ့၏။

ရုတ်တရက် သူမ၏ အမြင်အာရုံက ဝေဝါးလာ၏။ ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်သို့ ပျံတက်သွား၏။ နှိုင်းယှဉ်၍ မရနိုင်အောင် ကျွမ်းကျင်လွန်းသည့် ပညာရှင်တစ်ယောက်က သူမ၏ခန္ဓာကိုယ်ကို ပွေ့ဖက် သယ်ဆောင်၏။ ပြီးနောက် တောအုပ်ကဲ့သို့ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏။ ခဏကြာမှတော့ ခြေရာလက်ရာ မည်သည့်အရာမှ မရှိတော့ဘဲ ပျောက်ကွယ်သွားသည်။

အစမှအဆုံးထိ ကျုံးရှစ်ရှစ်က အကူအညီတောင်းရန် အော်ဟစ်ခြင်းပင် မလုပ်နိုင်ခဲ့ပေ။

တစ်မိနစ်ခန့် အကြာမှာတော့ ကျွမ်းကျင်သူက တစ်ဖန်ပြန်လည်ကာ ပေါ်လာ၏။ ကျုံးရှစ်ရှစ်၏ မြင်းကို တောအုပ်ထဲတွင် ဝှက်ထား၏။ ဤထိပ်တန်းကျွမ်းကျင်သူမှာ ဓားဘုရင် လီချင်းချိုးမှလွဲ၍ တခြားလူ မဟုတ်ချေ။ သူက တကယ့်ပင် အကူအညီမဲ့သလို ခံစားနေမိ၏။

‘ရှမ့်လန်... ဘာလို့လဲ။ ဘာလို့လဲ။ မင်းငါ့ကို ဘာလို့ ဒီလိုယုတ်မာတဲ့ အလုပ်တွေပဲ အမြဲတမ်း လုပ်ခိုင်းနေတာလဲ။ ငါတကယ် မခံနိုင်တော့ဘူး။’

သူက ကျုံးရှစ်ရှစ်ကို သယ်ဆောင်ကာ အစွမ်းကုန် ပြေးသွား၏။ ပြီးနောက် လျှို့ဝှက်လှိုဏ်ဂူတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။

“ရှင် ဘယ်သူလဲ။ ရှင် ဘာလုပ်ချင်တာလဲ” ကျုံးရှစ်ရှစ်က လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိပြီးနောက် သူမ၏ လျှို့ဝှက်လက်နက်ကို ထုတ်လိုက်၏။ ဤအရာက ရှမ့်လန် ဖန်တီးထားခဲ့သည့် လျှို့ဝှက်လက်နက်နှင့် ဆင်တူ၏။ ထိုအရာ နာမည်ကြီးလာပြီးနောက် တခြားသောသူများက လိုက်လံတုပကာ ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။

ရန်နန်းဖေး၏ တောင်ပင်လယ်ဓားဂိုဏ်းနှင့် ရန်အီတို့၏ ရေနက်တပ်ဖွဲ့မှ လူများကလည်း ထိုအရာကဲ့သို့ တူညီသည့်အရာများကို ဖန်တီးကာ အသုံးပြုလျက် ရှိနေကြ၏။ ကျုံးရှစ်ရှစ်က ကောင်းကင်ဘုံ၏ မာနကြီးသည့် သမီးတစ်ယောက် ဖြစ်သောကြောင့် တခြားသောသူများက သူမကို ဒုက္ခပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူမနှင့် ရွှယ်ရွှယ်တို့၏ လက်ထဲတွင် ထိုကဲ့သို့သော လက်နက်များ ရှိသည်။

ဖြောက်

မရေတွက်နိုင်သည့် အဆိပ်အပ်များက ဓားဘုရင် လီချင်းချိုး၏ ခန္ဓာကိုယ်ပေါ်သို့ ဝင်ရောက်သွား၏။

နောက်ထပ်ဖြစ်ပျက်သွားသည်က ကျုံးရှစ်ရှစ်ကို တကယ်ပင် အံ့အားသင့်စေခဲ့၏။ လီချင်းချိုးက ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ချေ။ ထိုအစား သူ့၏ ခန္ဓာကိုယ်ထဲမှ ကြီးမားလွန်းသည့် အတွင်းအားကို ထုတ်ဖော်လိုက်၏။ မရေတွက်နိုင်အောင် များပြားလှသည့် အဆိပ်အပ်များက လေထုနံရံတစ်ခုနှင့် တိုက်မိသည့်အလားပင် ထင်ရ၏။ အားလုံးသော အရာများက အောက်သို့ လွင့်စင်ကျဆင်းသွားခဲ့သည်။

ကျုံးရှစ်ရှစ်က အံ့အားသင့်သွား၏။ ဤလူ၏ သိုင်းပညာက အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း။ စဉ်းစား၍ပင် မရနိုင်ခဲ့ချေ။ ဤလူက မည်သူဖြစ်သနည်း။ သူမ မြင်ရသည်က မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထား၏။ ဤအရာက အဖြူရောင် မျက်နှာဖုံးတစ်ခုပင်။ သိုင်းပညာက တကယ်ပင် နာနာဘာဝ တစ်ကောင်ကဲ့သို့ ထူးချွန်လွန်း၏။

“ရှင်ဘယ်သူလဲ။ ရှင် ဘယ်သူလဲ။ ကျွန်မကို အမြန်လွှတ်ပေး။ ကျွန်မ ဘာမှမဖြစ်ခဲ့သလိုပဲ နေပေးမယ်။ ကျွန်မ ဘယ်သူလဲဆိုတာကို ရှင် သိသင့်တယ်။ ကျွန်မအဖေက ကျုံးယောင်၊ ကျွန်မရဲ့ အဒေါ်က ရွှဲ့ပြည်နယ်ရဲ့ မိဖုရားကျုံးပဲ။ ကျွန်မနဲ့ စေ့စပ်ထားတဲ့ လူက တော်ဝင်ရန်အင်ပါယာ ဝူမင်းသားရဲ့ သားတော်ပဲ။

ရှင် ကျွန်မကို ထိခိုက်ဝံ့တယ်ဆိုရင် လောကကြီးအဆုံးထိ ပြေးမယ်ဆိုရင်တောင် အလကားပဲ။ ရှင်က သိုင်းပညာမှာ အရမ်းအဆင့်မြင့်တယ်။ ဒီလို မဟုတ်တာတွေ လျှောက်လုပ်ပြီး အချိန်ဖြုန်းနေရတာ နှမျောစရာပဲ။ ရှင် ကျုံးမိသားစုကို ဘာလို့ သစ္စာမခံတာလဲ။ ကျွန်မတို့က ရှင့်ကို ကြွယ်ဝမှုနဲ့ ကြီးမားတဲ့ ဂုဏ်ကျက်သရေကို ဖန်တီးပေးနိုင်တယ်။

ကျွန်မကို အခုလွှတ်ပေး။ ကျွန်မ ချက်ချင်းပြန်ရမယ်။ ကျွန်မ နောက်ကျရင် ရှင့်ရဲ့ မိသားစုတစ်ခုလုံး သတ်ပစ်ခံရလိမ့်မယ်။ ရှင် ရှမ့်လန်နဲ့ ဘာပတ်သက်မှု ရှိလဲ။ ရှင် သူနဲ့ ဆွေမျိုးတွေလား”

သို့ပေမည့် ထိုသူက စကားတစ်ခွန်းမှ ပြန်မပြောချေ။ ထိုအစား သူမ၏ ပါးစပ်ထဲသို့ တစ်စုံတစ်ခုကို လောင်းထည့်လိုက်၏။ သူမ နောက်တစ်ကြိမ် နိုးထလာသည့်အချိန်မှာတော့ ကျုံးရှစ်ရှစ်က အမြင်အာရုံ တစ်ခုလုံး ဝေဝါးနေသကဲ့သို့ပင်။ ထို့အတူ သူမက ကောင်းကင်ဘုံသို့ ရောက်နေသည့်အလား ခံစားနေရပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း မီးလောင်နေသကဲ့သို့ပင်။

သူမ၏ ပတ်ဝန်းကျင်တွင် ဖြစ်နေသည့် အရာအားလုံးက လက်တွေ့မဆန်ဘဲ အိပ်မက်ထဲသို့ ရောက်ရှိ နေသည့်လားပင်။ သူမက အိပ်မက်မက်နေ၏။ သူမက အမျိုးသားတစ်ယောက်နှင့် ချစ်တင်းနှောလျက် ရှိ၏။ သူမက တစ်ချိန်တည်းမှာပဲ ငိုချင်သလို ရယ်ချင်သလို ဖြစ်နေ၏။

သူမက သီချင်းဆိုရင်း ကခုန်နေမိ၏။ ထိုသူက အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသောကြောင့် မျက်နှာကို မမြင်ရချေ။ သို့သော်ငြား ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် အသက်ငယ်ရွယ်ကြောင်းတော့ သိသာ၏။ ထိုသူက အလွန်ပိန်သွယ်၏။ ရင်ဘတ်တွင်လည်း မက်မွန်ပန်းပုံ မှဲ့တစ်ခု ရှိသည်။

ကျုံးရှစ်ရှစ်က ယခင်ကထက် ပိုမိုကာ စိတ်လှုပ်ရှားနေသည့် အလားပင်။ စကားလုံးများက သူမ၏ နှလုံးသားထဲမှ စီးကျလာကာ ထွက်ပေါ်လျက် ရှိနေ၏။ ထိုအရာက တီးတိုးညည်းညူသံများပင်။ ထိုကဲ့သို့ သူမ အရူးအမူး ဖြစ်နေသည့်အချိန်၌ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် အပြင်ဘက်၌ မိုးများ သည်းထန်စွာ ရွာသွန်းလျက် ရှိနေ၏။

All Chapters