← Chapters

အခန်း (၅၃၂)

Vol. 36 Ch. 532

အခန်း (၅၃၂)

Vol. 36 Ch. 532

ဤလူစုက ဉာဏ်ရည်ကောင်းမွန်သော်လည်း အလွန်ထက်မြက်သည်ဟု ပြော၍မရနိုင်ကြောင်း ရှမ့်လန်က သိရှိ၏။ ထိုသူတို့ လျင်မြန်စွာ သင်ယူနိုင်ရခြင်း၏ အကြောင်းအရင်းက အလွန်အမင်း အာရုံစူးစိုက်မှုနှင့် အလွန်အမင်း အလေးအနက်ထားမှုကြောင့်ပင်။

သူတို့က ငယ်ရွယ်စဉ်တည်းက မိဘများ၏ အထင်အမြင်သေးခြင်းနှင့် စွန့်ပစ်ခြင်း၊ လျစ်လျှူရှုခြင်းကို ခံခဲ့ရသည့် သူများ ဖြစ်၏။ ထို့ကြောင့် မည်သည့်နေရာတွင်မဆို အစွမ်းကုန်လုပ်ဆောင်ရန် မျှော်လင့်ခဲ့ကြပြီး မိသားစုထံမှ အနည်းငယ်သော ချစ်ခင်မေတ္တာတရားများကို ရရှိရန် ကြိုးစားခဲ့ကြဖူး၏။ သို့ပေမည့် သူတို့၏ ပုံမှန်မဟုတ်သည့် အသွင်အပြင်များ၊ ပုံမှန် စကားစမြည် မပြောနိုင်ခြင်းအပြင် ခန္ဓာကိုယ် အားနည်းခြင်းကြောင့် အလုပ်များကို ကြီးကြီးမားမား ပြုလုပ်နိုင်စွမ်း မရှိကြချေ။

“သခင်လေး... သူတို့က ကောင်းကင်ဘုံက ပေးလိုက်တဲ့ လက်ဆောင်တွေပဲ။ သူတို့ရဲ့ သွေးမျိုးဆက် ပြောင်းလဲခြင်းသာ အောင်မြင်သွားခဲ့မယ် ဆိုရင် လအနည်းငယ်အတွင်း သူတို့က တကယ့်ကို အထူးချွန်ဆုံးနဲ့ အင်အားအကြီးဆုံး စစ်သည်တွေ ဖြစ်လာမယ်လို့ ကျုပ်ယုံကြည်မိတယ်။

သူတို့ရဲ့ သွေးမျိုးဆက် ပြောင်းလဲမှုသာ အောင်မြင်ခဲ့မယ်ဆိုရင် အရမ်းကြီး အားစိုက်ထုတ်မှု မလိုဘူး ဆိုရင်တောင် .... သာမန်လူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် သာလွန်တယ် ဆိုရင်တောင် ချောင်ပြည်နယ်ရဲ့ လက်ရွေးစင် စစ်သည် ၅၀၀၀ ကျော်ကို လွယ်လွယ်ကူကူ အနိုင်ရနိုင်လိမ့်မယ်”

ရှမ့်လန်က ဤလူ ၂၃၀၀ ကို ရှာဖွေရန် ၁၅ ရက် အချိန်ယူခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များ အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့ပြီး တန်းစီခြင်းပုံစံကို သင်ယူနိုင်ရန် ၁၀ ရက် ထပ်မံ အချိန်ယူ၏။ ပြီးနောက် သူက လူ ၂၀၀၀ ကို မြို့တော်မှ မြောက်ပိုင်းအမဲလိုက်ကွင်းဆီသို့ ခေါ်ဆောင်သွားရန် ကြီးမားသည့် လှည်းနှစ်ရာကို ရှာဖွေခဲ့၏။

ဤလှည်းများက လှည်းအပွင့်ကြီးများဖြစ်ပြီး ဗလာသွေးမျိုးဆက် နှစ်ထောင်ကျော်တို့ မြို့မှထွက်ခွာသည့် အချိန်မှာတော့ လူအုပ်ကြီး၏ ဝိုင်းဝန်းကာ ကြည့်ရှုခြင်းကို ခံရ၏။ အနည်းဆုံး လူပေါင်း တစ်သိန်းလောက်က ဤပြပွဲကို လာရောက်ကာ ကြည့်ရှုကြသည်။

ရှမ့်လန်ရှိနေလျှင် ပွဲကောင်းက ရှိမှာ သေချာ၏။ ဤ ဗလာသွေးမျိုးဆက်ပိုင်ရှင်များက လူအုပ်ကြီးကို မြင်သည့်အချိန်မှာတော့ သူတို့၏ နှလုံးသားထဲတွင် မလုံခြုံမှုများနှင့် ပြည့်နှက်လာခဲ့ပြီး တစ်နေရာရာ၌ ဝင်ပုန်းချင်စိတ်များ ပေါက်လာကြသည်။ သူတို့က မြေပြင်အောက်ကိုသာ ငုံ့ကြည့်နေခဲ့ပြီး လူအုပ်ကြီးကို ပြန်လည်ကာ မကြည့်ဝံ့ကြချေ။

“ဟား ဟား ဟား ဟား... ဒါ ရှမ့်လန် စုဆောင်းထားတဲ့ စစ်သည်တွေ ဟုတ်လား။ သူတို့ထဲက တစ်ယောက်ကို ငါသိတယ်။ ငါ့ရဲ့ အိမ်ဘေးက အရူးပဲ။ အသုံးမကျတဲ့ ကောင်လေ”

“ဟုတ်တယ် ဟုတ်တယ်။ ဟိုမှာ ဟိုတစ်ယောက်ကို ကျုပ်သိတယ်။ သူကလည်း ဒီတိုင်းပဲ။ ခွေးကိုတောင် ဖက်ပြီး စကားပြောတဲ့လူ။ တစ်ချိန်လုံး ကောင်းကင်ကြီးကို မော့ကြည့်နေတာ။ သူက ကျပ်မပြည့်တဲ့ လူပဲ။”

“ကောင်းကင်ဘုံ.. ရှမ့်လန်က နန်းမြို့တော်က အူကြောင်ကြောင်ကောင်တွေကို တစ်ခါတည်း ဖမ်းသွားခဲ့တာပါလား။ ဒါဆို ဦးနှောက်မရှိတဲ့ စစ်တပ်ကြီး ဖြစ်လာပြီပေါ့”

“ပေါက်ပန်းလေးဆယ်တွေ။ သူတို့သာ ခေါင်းရှိတဲ့သူတွေဆို ဘယ်လိုလုပ် ရှမ့်လန်နဲ့ နင်ကျန်းရဲ့ စစ်တပ်ထဲ ဝင်မှာလဲ။ သူတို့က အစတေးခံတွေပဲ။ ပုံမှန်လူတွေဆိုရင် ဘယ်လိုလုပ် သေချင်ကြမှာလဲ”

“ဒီအရူးတွေရဲ့ မိဘတွေက တကယ့်ကို ရက်စက်ကြတာပဲ။ သူတို့ရဲ့သားတွေကို ပိုက်ဆံရဖို့တစ်ခုတည်းနဲ့ သေဖို့ လွှတ်လိုက်တယ်။ ပြီးတော့ ရတဲ့ပိုက်ဆံကလည်း တော်တော်များတယ်လို့ ကြားတယ်။ တစ်ယောက်ကို ငွေဒင်္ဂါး ၁၈၀ တဲ့”

“ဘာ... အဲလောက်တောင် များတာလား။ ဒီလူတွေက ငွေဒင်္ဂါး ၁၈၀ နဲ့ တန်တဲ့လူတွေ ဟုတ်လို့လား။ သူတို့ကို သတ်ပြီး တစစီ ခုတ်ရောင်းမယ် ဆိုရင်တောင် ငွေဒင်္ဂါး ၂ ပြား မတန်ဘူးလေ။ ဒီလူတွေရဲ့ မိဘတွေက တကယ့်ကို ချမ်းသာသွားခဲ့တာပဲ”

“ပေါက်ကရတွေ... မကြာသေးခင်က မင်္ဂလာပွဲတွေ တစ်ခုပြီးတစ်ခု တိုးလာတာ သတိမထားမိဘူးလား။ အဲဒီလူတွေကို ရောင်းပြီး ရတဲ့ပိုက်ဆံတွေနဲ့ သူတို့ရဲ့ မိသားစုတွေက သူတို့ရဲ့သားတွေအတွက် မိန်းမတွေ ရှာပေးခဲ့ကြတာပဲ။”

“ရှမ့်လန်က တကယ့်ကို ပြဿနာကောင်ပဲ။ ဒီလူတွေက ရက် ၁၀၀ အတွင်း သေရတော့မယ် ဆိုတာရော သိရဲ့လား မသိဘူး”

“ဘာပဲပြောပြော ဒီလူတွေက အရူးတွေပဲ။ ဘယ်လိုလုပ် သိနိုင်မှာလဲ”

ထိုစကားကို ဗလာသွေးမျိုးဆက်ပိုင်ရှင်များက ကြားသိကြ၏။ သို့ပေမည့် သူတို့က မကြောက်ကြသလို ဂရုလည်း မစိုက်ကြချေ။ ရှမ့်လန်က သူတို့အား သေစေလိုလျှင် သေလိုက်ကြရုံသာ ရှိ၏။ ဆန့်ကျင်ဘက်အားဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့က လူသားအဖြစ် နေထိုင်ရခြင်း၏ အရသာကို ခံစားခဲ့ရပြီး ဖြစ်၏။ ထိုအရာက လုံလောက်ပြီ ဟုလည်း ခံစားရ၏။

လှောင်ပြောင်သံများကြားမှာပဲ ရှမ့်လန်က လူပေါင်း ၂၀၀၀ ကျော်နှင့်အတူ နန်းမြို့တော်မှ ထွက်ခွာ သွားခဲ့သည်။

“အရှင့်သား နင်ကျန်း... ကျုပ် အရှင့်သားကို တကယ်ပဲ သနားမိတယ်။ အရှင့်သား ထီးနန်းသိမ်းပိုက်ပြီး ဘုရင် ဖြစ်ခဲ့ရင်တောင်မှ နေ့တိုင်း ဒီအရူးတွေကို အုပ်ချုပ်နေရအုံးမှာပဲ။ ဒီကောင်တွေ သောက်တလွဲကောင်တွေ။” ရှမ့်လန်က ပွဲလာကြည့်ခဲ့သည့် သာမန်လူပေါင်းများစွာကို လက်ညှိုးထိုးပြလိုက်၏။

နင်ကျန်းက ပြောလိုက်သည်။ “သူတို့ကို မလှောင်ပါနဲ့။ သူတို့ကလည်း သနားစရာကောင်းတဲ့ လူတွေပါပဲ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိတဲ့ လူတွေက သနားစရာ အကောင်းဆုံးပဲ”

နင်ကျန်းက ခေါင်းကို ခါယမ်းကာဖြင့် အကူအညီမဲ့သလိုပင်။ ရှမ့်လန်နှင့် စကားဆက်ပြောရန် ရည်ရွယ်ချက် မရှိတော့ချေ။ တချို့သောအတိုင်းအတာထိ ရှမ့်လန် ပြောတာ မှန်သော်လည်း နင်ကျန်းက ရှမ့်လန်လို မောက်မာတတ်သည့် လူတစ်ယောက် မဟုတ်သောကြောင့်ပင်။

မြောက်ပိုင်းအမဲလိုက်ကွင်းသို့ ရောက်ရှိပြီးနောက် ရှမ့်လန်က ဤလူ ၂၀၀၀ကျော် တို့၏ သွေးမျိုးဆက်ကို ပြုပြင် ပြောင်းလဲရန် စတင်ကြိုးစား၏။ သူက စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ဗလာသွေးမျိုးဆက် ရှိသူများက သွေးမျိုးဆက် ပြောင်းလဲမှုကို အောင်မြင်စွာ လက်ခံနိုင်သူများ ဖြစ်သည်။

အနိမ့်ဆုံးအဆင့် ရွှေရောင်သွေးမျိုးဆက် စွမ်းအင်ကို သူတို့၏ ခန္ဓာကိုယ်ထဲတွင် အသုံးပြုနိုင်၏။ သွေးမျိုးဆက် ပြုပြင်ပြောင်းလဲပြီးနောက် ဤလူများက မည်သည့် တိုက်ခိုက်ရေး စွမ်းရည်များ ရရှိလာမည်နည်း၊ မည်ကဲ့သို့ အသွင်ကူးပြောင်းမှုများ ဖြစ်လာမည်နည်း။ ရှမ့်လန်က အလွန်အမင်းလည်း မျှော်လင့်လျက် ရှိ၏။

သို့သော်ငြား ဤကဲ့သို့ ကြီးမားသည့် သွေးမျိုးဆက် ပြုပြင်ပြောင်းလဲမှုကို ဝေးလံခေါင်သီပြီး လျှို့ဝှက်သည့် တည်နေရာတွင် လုပ်ဆောင်ရမှာဖြစ်ပြီး သတင်းအချက်အလက်ကို တခြားသူများ လုံးဝ သိရှိစေ၍ မဖြစ်ချေ။

မြောက်ပိုင်း အမဲလိုက်ကွင်းကြီးသည် အချိန်ကြာမြင့်စွာ စွန့်ပစ်ထားခဲ့သည့် တည်နေရာ ဖြစ်ပြီး ရှမ့်လန်၏ လက်အောက်ရှိ စစ်သည်ပေါင်း ရာဂဏန်းက ထိုနေရာကို စောင့်ကြပ်နေ၏။

သို့သော်ငြား ရှမ့်လန်က စစ်သည်များကို ဦးဆောင်ပြီး မြောက်ပိုင်း အမဲလိုက်ကွင်းထဲသို့ ရောက်ရှိသည့် အခါမှာတော့ တားဆီးခြင်းကို ခံရသည်။

စစ်တပ်တစ်ခုက မြောက်ပိုင်း အမဲလိုက်ကွင်းကို နာရီအနည်းငယ် စောပြီး ရောက်ရှိလာကာ စောင့်ကြပ်လျက် ရှိနေသည့် စစ်သည်ဟောင်းများကို အတင်းအကျပ် မောင်းထုတ်ပြီး ဤတည်နေရာကြီးကို အတင်းအကျပ် သိမ်းပိုက်ခဲ့ခြင်း ဖြစ်၏။ ထိုသူတို့က ရှမ့်လန်အား ကြားဖြတ်တားဆီးကြ၏။

နာကျည်းမှုက ရှေ့သို့ တက်ကာ ဆွေးနွေးသည်။ “ကျုပ်က ချန်းဖန်နယ်စား အိမ်တော်ရဲ့ တပ်မှူး နာကျည်းမှုပဲ။ အရှင်မင်းကြီးရဲ့ အမိန့်အရ စစ်သည်သစ်တွေကို ခေါ်လာပြီး မြောက်ပိုင်း အမဲလိုက်ကွင်းမှာ လေ့ကျင့်ဖို့ ရောက်လာတာ။ ကျေးဇူးပြုပြီး ဒီက ထွက်ခွာသွားပေးပါ”

မြောက်ပိုင်း အမဲလိုက်ကွင်း၏ အဝင်ဝတွင် မြင်းစီးသူရဲကောင်း ၃၀၀ တို့ ပိတ်ဆို့ထား၏။ တစ်ယောက်ချင်း စီတိုင်းက အထက်တန်းစားများ ဖြစ်သည့်ပုံပင်။ ထိုသူတို့၏ ခေါင်းဆောင်က ကျုံးမိသားစု၏ မွေးစားသမီး ကျုံးမင် ဖြစ်၏။

“အရှင်မင်းကြီးက မြောက်ပိုင်း အမဲလိုက်ကွင်းကို မင်းတို့ကို ဘယ်တုန်းက ပေးလိုက်တာလဲ။ ဘာလို့ ငါ မသိရတာလဲ”

ကျုံးမင်က အေးစက်စက် ရယ်မောလိုက်သည်။ “ကျုံးမိသားစုရဲ့ လက်ရွေးစင် စစ်သည် ၂၀၀၀ ရောက်ရှိလာပြီ။ ဒါကြောင့် ဒီအမဲလိုက်ကွင်းက ငါတို့ ယူထားတဲ့နေရာ ဖြစ်သွားပြီ။ ဘယ်သူလာလာ အရေးမကြီးတော့ဘူး။ အကုန်လုံး ထွက်သွားတော့”

ပြီးနောက် ကျုံးမင်က အော်ဟစ်ကာ အမိန့်ပေးလိုက်၏။ “ဒါ စစ်တပ်ရဲ့ တားမြစ်နယ်မြေပဲ။ ဘယ်သူမှ ချဉ်းကပ်ခွင့် မရှိဘူး။ ချိုးဖောက်တဲ့လူ ဘယ်သူမဆို အမေးအမြန်း မရှိဘဲ သတ်ဖြတ်ခံရမယ်”

ကျုံးမိသားစု၏ မြင်းစီးတပ်သား ၃၀၀ တို့က ဓားများကို တပြိုင်နက်တည်း ဆွဲထုတ်ပြီး သူတို့၏ သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်ပြသည်။

“ရှမ့်လန်... ကျုပ်တို့ သခင်မလေးက အမဲလိုက်ကွင်းထဲမှာ ရှိနေတယ်။ အခုချက်ချင်း ထွက်သွား”

ကျုံးမင်က ပြော၏။ “မင်းက ချောမောတဲ့ကောင်လေး တစ်ယောက် မဟုတ်လား။ မင်းက လူပြက် တစ်ယောက်လို ရယ်စရာကောင်းအောင်၊ ချစ်စရာကောင်းအောင် ပြောတတ်တယ် မဟုတ်လား။ ဘာလို့ အရှင်မင်းကြီးဆီ သွားပြီး တရားမျှတမှုတောင်းခံတာမျိုး မလုပ်တာလဲ။”

ထိုအခိုက်မှာပဲ ကျုံးရှစ်ရှစ် ပေါ်လာ၏။ သူမ၏ နောက်တွင် ကျုံးမိသားစု၏ လက်ရွေးစင် စစ်သည် ၂၀၀၀ ရှိ၏။ ရှမ့်လန်၏ မျက်နှာ ဖျက်ဆီးမှုကို ခံရပြီး တစ်လကျော်တွင် သူမ၏ လှပသည့် မျက်နှာက ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။ သူမ၏ ကျိုးသွားသည့် နှာခေါင်းကလည်း ပြန်လည်ကာ ဖြောင့်မတ်လာ၏။ ကျောက်စိမ်းကဲ့သို့သော နှာတံက မြင့်မားပြီး ဖြောင့်တန်းနေဆဲပင်။ တကယ်ပင် လှပလွန်းသည်။

သူမက သံချပ်ကာ ဝတ်စုံအနီရောင်ကို ဝတ်ဆင်ထားဆဲပင်။ ခန္ဓာကိုယ်က နတ်ဆိုးကဲ့သို့ပင် ဖြစ်ပြီး ခန္ဓာကိုယ်၏ လက်မတစ်ခုချင်းစီတိုင်းက ယောက်ျားတစ်ယောက်၏ စိတ်ဝိညာဉ်ကို မီးရှို့စေနိုင်စွမ်းရှိသည့် အရာမျိုးကဲ့သို့ပင်။ ဤအမျိုးသမီးက ဩဇာအာဏာ အပြည့်အဝရှိပြီး မောက်မာလွန်းသည် ဆိုသော်လည်း တကယ့်ကို ထိပ်တန်းအလှပဂေး တစ်ယောက်ပင်။ သူမ၏ ရှမ့်လန်ကို ကြည့်သည့် အကြည့်တွင် အရိုးထဲ အသားထဲထိ မုန်းတီးနေသည့် အမုန်းတရားများနှင့် ပြည့်နှက်နေ၏။

“ရှမ့်လန်... ကျွန်မ ရှင့်ကို အကြာကြီး စောင့်နေခဲ့တာ”

ကျုံးရှစ်ရှစ်က အေးစက်စက် ပြောလိုက်သည်။ “ဘာလို့ နောက်ကျနေတာလဲ”

ပြီးနောက် သူမ၏ လှပသော မျက်လုံးများက အေးစက်သွားခဲ့၏။ “အခု ကျွန်မ ရှင့်ကို ရွေးချယ်ခွင့် ပေးမယ်။ အခု အမြီးကုတ်ပြီး ထွက်သွားမလား။ ဒါမှမဟုတ် ရှေ့တက်လာပြီး အသေခံမလား။ ကျုံးမိသားစုဝင်တွေ ... နားထောင်ကြ။ ရှမ့်လန်ရဲ့ လူတွေ ဒီအဖြူရောင်မျဉ်းကို တစ်လှမ်း ကျော်လာရင် ချက်ချင်း အမေးအမြန်း မရှိ သတ်ပစ်”

“ကောင်းပါပြီ” ကျုံးရှစ်ရှစ်၏ လက်ရွေးစင် စစ်သည် ၂၀၀၀ က တပြိုင်နက်တည်း အော်ဟစ်လိုက်၏။ သူမက ဤနေရာတွင် အချိန်ကြာကြီး စောင့်စားလျက် ရှိပြီး ရှမ့်လန်အား သေစေနိုင်လောက်သည့် တန်ပြန်မှု တစ်ခုပေးရန် ပြင်ဆင်ခဲ့ခြင်းပင်။

ရှမ့်လန်က ကျုံးမိသားစု၏ စစ်သည် ၂၀၀၀ ကို လှမ်းကြည့်၏။ သူတို့က ကာကွယ်ရေးမျဉ်းကို ချမှတ်ထားပြီး ဖြစ်၏။ သို့သော်ငြား ရှမ့်လန်၌ စစ်သည် ၃၀၀ ကျော် သာ ရှိ၏။ ကျန်ရှိသည့် ဗလာသွေးမျိုးဆက် ပိုင်ရှင် ၂၀၀၀ တို့က အားနည်းလွန်းလှပြီး တိုက်ခိုက်နိုင်စွမ်းလည်း မရှိကြချေ။

တစ်ယောက်ချင်းစီတိုင်းက အလွန် တန်ဖိုးကြီး၏။ သွေးမျိုးဆက် ပြောင်းလဲပြီးသည်နှင့် တစ်ယောက် ချင်းစီတိုင်းက အထူးချွန်ဆုံးသော စစ်သည်များ ဖြစ်လာပေလိမ့်မည်။ သူတို့က အနိုင်မခံ အရှုံးမပေးသည့် စစ်တပ်၏ ပထမဦးဆုံးသော မျိုးဆက်များ ဖြစ်သောကြောင့် တစ်ဦးတစ်ယောက်ကိုမှ အဆုံးရှုံးမခံနိုင်ချေ။

ကျုံးရှစ်ရှစ်က အေးစက်စက် ပြောလိုက်၏။ “ရှမ့်လန်... ငါးအထိ စပြီး ရေမယ်။ ထွက်သွားမလား၊ ဒါမှမဟုတ် ရှေ့တက်လာပြီး အသေခံမလား။ ငါး ... လေး .... သုံး”

ထိုအခိုက်မှာပဲ ရှမ့်လန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကျုံးရှစ်ရှစ်... မင်း ငါ့ထောင်ချောက်ထဲ ရောက်သွားပြီ။ ငါကလည်း ငါးကနေ စပြီး ရေတွက်မယ်။ အခု ထွက်သွား။ မဟုတ်ရင် ငါ မင်းရဲ့ စစ်တပ်တစ်ခုလုံးကို သတ်ပစ်ရုံသာမကဘူး။ မင်းကိုလည်း သတ်ပစ်မယ်”

ပြီးနောက် ရှမ့်လန်က စတင်ကာ ရေရွတ်၏။ “ငါး .... လေး ... သုံး ... နှစ် .... တစ်”

ရှမ့်လန်၏ စကားကို ကြားချိန်မှာတော့ ကျုံးရှစ်ရှစ်က မည်သည့်စကားကိုမှ မဆိုသော်လည်း ကျုံးမင်မှာတော့ အားရပါးရ ရယ်မောလိုက်သည်။ “ရှမ့်လန်... ရှင် ဆရာကြီးတစ်ယောက်လို ဟန်ဆောင်ပြီး ကြွားဝါနေတာ အခု ရပ်လိုက်စမ်း။ ရှင်ပြောတာ ကျွန်မတို့က ရှင့်ရဲ့ ထောင်ချောက်ထဲကို ကျနေပြီ ဟုတ်လား။ ဒါ ဘာကို ဆိုလိုတာလဲ။ ဒီတခါ ဘာထောင်ချောက်ထဲကို ကျသွားတာလဲ ပြောစမ်း”

ရှမ့်လန်က ပြောလိုက်၏။ “ကျုံးရှစ်ရှစ်... မင်းက ငါ့ကိုသတ်ဖို့ မိဖုရားကြီးကျုံးကို တောင်းဆိုခဲ့တယ်ဆိုပေမယ့် သူက နန်းဆောင်တံခါးကို ပိတ်ထားပြီး ဘယ်သူနဲ့မှ မတွေ့တော့ဘူး။ ပြီးတော့ သူက မင်းနဲ့ငါ့ကြားက ပဋိပက္ခတွေကို ဂရုမစိုက်တော့ဘူး။ ဒါကြောင့် မင်း မြောက်ပိုင်းအမဲလိုက်ကွင်းမှာ စောင့်နေဖို့ ရည်ရွယ်ခဲ့တာပေါ့။

လွန်ခဲ့တဲ့သုံးရက်တုန်းက မင်း လျှို့ဝှက်စေလွှတ်ခဲ့တဲ့ ပထမဦးဆုံး တပ်သားတွေက မြောက်ပိုင်း အမဲလိုက်ကွင်းထဲကို ဝင်ရောက်ခဲ့တယ်။ ကျန်တပ်သားတွေက မနေ့ညက ဝင်လာခဲ့ပြီး မင်းကိုယ်တိုင်ကတော့ လွန်ခဲ့တဲ့ ၆ နာရီကမှ ဝင်ခဲ့တာ”

ကျုံးရှစ်ရှစ်က ပြောလိုက်သည်။ “ဝင်တော့ရော ဘာဖြစ်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “မြောက်ပိုင်းအမဲလိုက်ကွင်းထဲကို စောစောဝင်ပြီး စောင့်နေမယ်ဆိုတာ ငါခန့်မှန်းနိုင်တယ်ဆိုရင် ငါ မင်းကို စောစောသတ်ဖို့ မကြံစည်ဘဲနေမလား။”

ကျုံးမင်က ပြုံးလိုက်သည်။ “ရှမ့်လန်... ကျွန်မတို့ ဒီကိစ္စကို မစဉ်းစားထားဘူးလို့ ရှင်ထင်လား။ ရှင် ဘယ်လိုလုပ်မလဲဆိုတာ မသိဘူး။ အစားအစာထဲမှာ အဆိပ်ခတ်တာလား၊ ဒါမှမဟုတ် ရေထဲမှာ အဆိပ်ခတ် တာလား၊ ဒါမှမဟုတ် ရေထဲကို ကျောက်ရောဂါပိုးတွေ ထည့်လိုက်တာလား။

ဒါက ဖြေရှင်းရလွယ်တယ်။ ပထမဦးဆုံးအားဖြင့် ကျွန်မတို့က ကိုယ်ပိုင်အစားအစာတွေကို ယူလာတယ်။ အမဲလိုက်ကွင်းထဲက အစားအစာတွေကို မစားဘူး။ ဒုတိယအားဖြင့် ရေသောက်တဲ့အချိန်မှာ ဆူအောင် ကျိုချက်ပြီးမှ သောက်တယ်။ ဒါက အဆိပ်အများစုကို သတ်နိုင်တယ်။

ပြီးတော့ ထူးခြားတဲ့ အဆိပ်မျိုး ဖြစ်နေတယ်ဆိုရင်တောင်မှ ကျွန်မတို့ ကျုံးမိသားစုမှာ အဲဒီအဆိပ်တွေကို ရှာဖွေနိုင်တဲ့ အထူးကိရိယာတွေ ပါတယ်။ ရှင့်ဆီမှာ အဆိပ်ဘယ်နှစ်မျိုးလောက် ရှိလို့လဲ။ ရှင်က ရေတွင်းသုံးတွင်းကို တစ်ချိန်တည်း အဆိပ်ခတ်ပြီး ကျွန်မတို့ လူပေါင်း ၂၀၀၀ ကျော်ကို တစ်ခါတည်း အဆိပ်ခတ်နိုင်တယ်လို့ ထင်နေတာလား။ ဟာသပဲ”

ထိုစကားများက တကယ့်ကို ဆင်ခြင်တုံတရားနှင့် ကိုက်ညီ၏။ လက်ရွေးစင် စစ်သည်များအနေနှင့် ရန်သူ၏နေရာသို့ ရောက်ရှိသည့်အချိန်တွင် ရန်သူဆီမှ ရေ၊ အစားအစာ ထိုအရာများကို မစားသောက်ခြင်းဖြင့် နေထိုင်ခြင်း သို့မဟုတ် မစားသောက်ခင် စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်တတ်သည်မှာ သဘာဝပင် ဖြစ်၏။

ရှမ့်လန်က ပြုံးလိုက်သည်။ “ခင်ဗျားပြောတာ မှန်တယ်။ ဒါပေမယ့် ရွှယ်ရွှယ်က သူ့ရဲ့မွေးစားအမေ၊ ဓားဘုရင်ရဲ့ မိန်းမကို အဆိပ်ခတ်ခဲ့တာ သိတယ်မလား”

ဤစကားကို ကြားသည့်အချိန်မှာတော့ ကျုံးရှစ်ရှစ်နှင့် ကျုံးမင်တို့၏ မျက်နှာအမူအရာများက ပြောင်းလဲသွား ခဲ့လေ၏။ သူတို့ သေချာသိ၏။ ရွှယ်ရွှယ်နှင့် ကျုံးရှစ်ရှစ်တို့က တကယ့်ကို ရင်းနှီးသည့် ဆက်ဆံရေးရှိ၏။ သူမက ဓားဘုရင်၏ မိန်းမအကြောင်းကိုလည်း ကြားဖူး၏။

ရှမ့်လန်က ပြောဆိုလိုက်သည်။ “တခြားအဆိပ်တွေ ဘယ်လောက်ပဲ အစွမ်းထက်တယ်ဆိုဆို ရေထဲကို ထည့်လိုက်ပြီဆိုရင် အခြေခံအားဖြင့် အာနိသင် မရှိတော့ဘူး။ ပြီးတော့ အဆိပ်ပြင်း မြွေတစ်ကောင်ရဲ့ အဆိပ်ရည်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ချက်ပြုတ်လိုက်တာနဲ့ အာနိသင် ပျောက်ကွယ်သွား လိမ့်မယ်။ ဒါပေမယ့် အရမ်းကြောက်စရာကောင်းတဲ့ အရာတစ်ခု ရှိတယ်။ ရေနွေးဆူဆူနဲ့ ကျိုရင်တောင် သူတို့ကို သတ်လို့မရနိုင်ဘူး။ အဲဒါကတော့ စေတီတောင်ရဲ့ အဆိပ်ပိုးကောင်ပဲ။

ကြောက်စရာ အကောင်းဆုံးအချက်ကတော့ အဲဒီစေတီတောင်ရဲ့ အဆိပ်ပိုးကောင်က ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် မျိုးပွားနိုင်သေးတယ်။ ပိုးကောင် ရာဂဏန်းလောက် ဝင်သွားတယ်ဆိုရင် ရက်အနည်းငယ်အတွင်း သောင်း၊ သိန်း၊ ကုဋေနဲ့ချီတဲ့ ပိုးကောင်တွေအဖြစ် များပြားလာလိမ့်မယ်။

ပြီးတော့ ကျုပ်က ဓားဘုရင်မိန်းမရဲ့ သွေးအချို့ကို မြောက်ပိုင်းအမဲလိုက်ကွင်းရဲ့ ရေတွင်းထဲကို တစ်စက် ချခဲ့တယ်။ အဲဒီထဲမှာ ကူအဆိပ်ပိုးကောင် ဘယ်လောက်တောင် ရောက်ရှိသွားမလဲ။ ဖြစ်နိုင်တာ သန်းထောင်နဲ့ချီလိမ့်မယ်လို့ ထင်တယ်။ ရေကိုဆူအောင်ကျိုပြီး သောက်မယ်ဆိုရင်တောင်မှ အလကားပဲ။

ကိုယ့်ကိုယ်ကိုယ်လည်း ကြည့်ကြည့်ကြအုံး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်ပိုးကောင် ဘယ်လောက်တောင် ရှိနေမလဲ။ သောင်းဂဏန်းလောက်လား၊ သိန်းဂဏန်းလောက်လား။ ပြီးတော့ လူတစ်ယောက်ရဲ့ သွေးမျိုးဆက်စွမ်းရည်က ပိုပြီးမြင့်မားလေ အဆိပ်ပိုးကောင်ရဲ့ ပြန့်ပွားနှုန်းက ပိုပြီးများလေပဲ။

ဒီထဲမှာ တချို့ဆိုရင် စပြီး ဖျားနာနေကြပြီ ထင်တယ်။ ဒီအဆိပ်ရဲ့ ထူးခြားချက်က ခန္ဓာကိုယ် အရေပြားတွေက ဖားပြုတ်လိုမျိုး ဖြစ်လာလိမ့်မယ်။ အလင်းကို ကြောက်လာလိမ့်မယ်။ အသံတွေ အောလာလိမ့်မယ်။ ပြီးတော့ ဖြည်းဖြည်းချင်း သတိလစ်လာလိမ့်မယ်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျုံးရှစ်ရှစ်၏ ဆံပင်များက ထောင်ထသွား၏။ သူမက ဓားဘုရင် မိန်းမ၏ ဆင်းရဲဒုက္ခ ရောက်ရှိရပုံကို ကောင်းကောင်းသိ၏။ ထိုသူမက လူလည်းမဟုတ်၊ နာနာဘာဝ လည်း မဟုတ်တော့ပေ။ ထိုသို့သောအခြေအနေထိ ရောက်ရှိခဲ့၏။ ထိုကဲ့သို့ဖြစ်မည့်အစား သေသွားသည်ကမှ ပိုမိုကာ ကောင်းပေဦးမည်။

All Chapters