အခန်း (၅၃၄)
Vol. 36 Ch. 534
နောက်တစ်ကြိမ် နိုးထလာသည့် အချိန်မှာတော့ ကျုံးရှစ်ရှစ်က ခေါင်းများ ကိုက်ခဲလျက် ရှိနေ၏။ အရက်နာကျနေသကဲ့သို့ပင်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ ဖြစ်ပြီး လက်တွေ့မဟုတ်ပေ။ ထို့နောက် သူမက ရုတ်တရက် ထထိုင်လိုက်မိ၏။ ပြီးနောက် နှိုင်းယှဉ်၍ မရနိုင်အောင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာတစ်ခုကို သူမ သိရှိလိုက်၏။
သူမရဲ့ တစ်ကိုယ်လုံး ကိုယ်တုံးလုံး ဖြစ်နေ၏။ သူမက ဂူတစ်ခုထဲတွင် လဲလျောင်းလျက် ရှိနေပြီး မြေပြင်ပေါ်တွင် အဖြူရောင် ပိုးသား ဝတ်စုံတစ်ခု ရှိ၏။ ထိုပေါ်မှာတော့ အညိုရောင်နှင့် အနီရောင် သွေးစွန်းထင်းမှုများ ရှိနေ၏။ ကျုံးရှစ်ရှစ်က အံ့အားသင့်သွား၏။ ပြီးနောက် အလွန်အမင်း ထိတ်လန့်သွားသည်။
“ကောင်းကင်ဘုံ... ခုဏက ဘာဖြစ်သွားခဲ့တာလဲ။ အိပ်မက် မဟုတ်ဘူးလား။ တကယ်ဖြစ်ခဲ့တာလား။ ငါ၊ ငါ... အပျိုစင်ဘဝကို ဆုံးရှုံးခဲ့တာလား။ အား အား”
ထိုအချိန်မှာတော့ မြေပြင်ပေါ်တွင် စာတစ်စောင် ရှိ၏။ လက်ရေးက အလွန်လှပ၏။ နှိုင်းယှဉ်၍ မရနိုင်အောင် လှပသည့် လက်ရေးပင်။
အဘယ်ကြောင့် မလှပဘဲ နေမည်နည်း။ ရှမ့်လန်က အလွန်လှပသည့် လက်ရေးစာတန်းကို မှီငြမ်းကာ သေသေချာချာ လိုက်လံ တုပ ရေးသားထားခြင်းဖြစ်သည်။
“သခင်မလေး ကျုံးရှစ်ရှစ်... ကြင်နာမှုအတွက် ကျေးဇူးတင်တယ်။ မနေ့က အဖြစ်အပျက်ကို ကျုပ်ဘယ်တော့မှ မေ့မှာ မဟုတ်သလို မနေ့က ရွာခဲ့တဲ့ မိုးကိုလည်း မေ့မှာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားက ကျုံးမိသားစုရဲ့ မပြောသင့်တဲ့ လျှို့ဝှက်ချက်တွေကို မနေ့ညက ကျုပ်ကို ပြောပြခဲ့တယ်။ ကျုပ် နည်းနည်းတောင် ကြောက်ရွံ့မိတယ်။ ဒီတော့ စိတ်တည်ငြိမ်မှုရဖို့ ကျုပ်အတွက် အချိန်လိုနေတယ်။ ကျုပ် သေသေချာချာ စဉ်းစားပြီးမှပဲ ခင်ဗျားကို လာတွေ့ပါ့မယ်။ လက်မှတ် - အဖြူ”
ကျုံးရှစ်ရှစ်က ခေါင်းကိုက်နေမိ၏။ စိတ်ပိုင်းဆိုင်ရာတစ်ခုလုံးက ပြိုကွဲလုနီးပါး ဖြစ်၏။ သူမက တော်ဝင်ရန်အင်ပါယာမှ ဝူမင်းသား၏သားတော်နှင့် လက်ထပ်ဖို့ ဖြစ်သော်လည်း လက်ရှိ သူမက အပျိုစင်ပျက်ခဲ့၏။ အဘယ်သို့ လက်ထပ်ရတော့မည်နည်း။ ထို့ပြင် သူမက မသိလိုက်ဘဲ မနေ့က မပြောသင့်သည့် လျှို့ဝှက်ချက်များကို ထုတ်ဖော် ပြောဆိုခဲ့သေး၏။
“ဒါ ရှမ့်လန်ပဲ ဖြစ်မယ်။ ဒါ ရှမ့်လန်ပဲ ဖြစ်ရမယ်”
ရှမ့်လန်၌ သောက်သုံးပြီးလျှင် အမှန်တရားကို ပြောပြနိုင်စေသည့် အံ့အားသင့်ဖွယ် ဆေးတစ်မျိုး တည်ရှိကြောင်း သူမ ကြားဖူးသည်။ သို့ပေမည့် ရှမ့်လန်က သိုင်းပညာ မတတ်ပေ။ မနေ့က သူမကို ပြန်ပေးဆွဲခဲ့သည့် လူက သိုင်းပညာ အလွန်ကျွမ်းကျင်၏။ သူမကို ဖမ်းဆီးသူနှင့် သူမနှင့် အတူ အိပ်စက်ခဲ့သူ နှစ်ဦးစလုံးက အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ထား၏။ ထိုသူက တစ်ယောက်တည်းလား၊ သို့မဟုတ် လူနှစ်ယောက်ပေလား။
ကျုံးရှစ်ရှစ်က ရူးတော့မလိုပင် ဖြစ်နေ၏။ သူမက အလုံးစုံ စိတ်လွတ်သွားခဲ့၏။ သူမက အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပြီး ဂူထဲမှ ထွက်၏။ ကောင်းကင်ယံ တစ်ခုလုံး လင်းထိန်နေပြီ ဖြစ်၏။ မြေပြင်ကလည်း စိုစွတ်နေ၏။ မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်မှာ အမှန်ပင်။ သူမ၏ မြင်းက မြက်စားလျက် ရှိ၏။ သူမကို မြင်သည့်အချိန်မှာတော့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ချစ်ခင်စွာ ပွတ်သပ် ဆော့ကစား၏။
ကျုံးရှစ်ရှစ်က မြင်းပေါ်သို့တက်ပြီး တောထဲမှ ထွက်လိုက်၏။ သူမ၌ ရွေးချယ်စရာ နှစ်ခုရှိ၏။ မြောက်ပိုင်းအမဲလိုက်ကွင်းဆီသို့ သွားပြီး ရှမ့်လန်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်လား။ သို့မဟုတ် ရွှယ်ရွှယ်ကို ရှာဖို့ နန်းမြို့တော်ကို သွားရမည်လား။
ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် သူမ၏ အသက်က ပိုမိုကာ အရေးကြီးသည်ဟု ဆုံးဖြတ်လိုက်၏။ ထို့နောက် သူမက နန်းမြို့တော်ဆီသို့ အသော့နှင်၏။ သို့သော်ငြား ၁၀ မိုင်ကျော်ကျော်ထိ မသွားရသေးခင်မှာပင် ကျုံးမင်နှင့် ဆုံ၏။
“သခင်မလေး... ကျွန်မတို့ နောက်ဆုံးတော့ သခင်မလေးကို တွေ့ပြီပဲ။ မနေ့ကတုန်းက သခင်မလေး ဘယ်ရောက်နေတာလဲ”
ကျုံးမင်က သူမဆီသို့ ရောက်ရှိလာပြီး မေးမြန်းသည်။ “မနေ့ညက သခင်မလေးက အရမ်းကို မြန်မြန်မောင်းသွားခဲ့တယ်။ ကျွန်မတို့ နန်းမြို့တော်ဆီလိုက်သွားတော့ သခင်မလေး ရွှယ်ရွှယ်က သခင်မလေးကို လုံးဝမတွေ့ဘူးလို့ ပြောတယ်။ ကျွန်မတို့ နေရာအနှံ့ ရှာခဲ့တယ်။ ဒါပေမယ့် မတွေ့ခဲ့ဘူး။ အရမ်းကို စိတ်ပူနေခဲ့တာ။”
ကျုံးရှစ်ရှစ်က သူမ၏ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပြန်လည်အသားကျအောင် ကြိုးစားခဲ့ပြီးဖြစ်၏။ “အင်း... ငါအဆင်ပြေတယ်။ အရမ်းကြီး မြန်မြန်ပြေးသွားတော့ လမ်းပျောက် သွားခဲ့တာပဲ”
ဟုတ်ပေ၏။ သူမ မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မည်သူ့ကိုမှ ပြောပြမည် မဟုတ်ချေ။ သူမက ဤလျှို့ဝှက်ချက်ကို သူမ တစ်ယောက်တည်း သိအောင် သိမ်းဆည်းထားရပေလိမ့်မည်။ သူမ၏ မိဘများကိုတောင် ပြောဖို့ မရဲချေ။ သို့နှင့် ကျုံးရှစ်ရှစ်က နန်းမြို့တော်ဆီသို့ ဆက်လက်ကာ သွားသည်။
“သခင်မလေး၊ သခင်မလေး... သခင်မလေးရွှယ်ရွှယ်ကို ရှာဖို့သွားနေတာလား” ကျုံးမင်က မေး၏။
ကျုံးရှစ်ရှစ်က ခေါင်းညိတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ကူပိုးကောင် ရှိမရှိနှင့် အန္တရာယ် ရှိမရှိကို အတည်ပြုချင်သည်။
ကျုံးမင်က ပြောလိုက်၏။ “သခင်မလေး... ကျွန်မတို့အားလုံးကို ရှမ့်လန် လှည့်စားခဲ့တာပဲ။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်ပိုးကောင် မရှိဘူး။ ကျွန်မတို့ ကိုယ်ပေါ်မှာ ဖားပြုတ်လို အစက်အပြောက်တွေ ပေါ်လာတာက ရှားပါးတဲ့ ဆေးမြစ်တစ်ခုရဲ့ အရည်ကြည်ပဲ။ ဒါက ရက်အနည်းငယ်အတွင်း ပျောက်သွားလိမ့်မယ်တဲ့။”
ကျုံးရှစ်ရှစ်က မေးမြန်းလိုက်သည်။ “သေချာလို့လား”
ကျုံးမင်က ပြောလိုက်၏။ “အင်း.. သခင်မလေးရွှယ်ရွှယ်က ကျွန်မရဲ့ သွေးကို ကိုယ်တိုင်စစ်ဆေးပြီးပြီ။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်ပိုးကောင် မရှိဘူးတဲ့။ ပြီးတော့ ကျွန်မတို့ကို ဆေးပေးပြီး အဲဒီ အစက်အပြောက်တွေကို ကုသပေးခဲ့တယ်။ ပေါင်မှာရှိနေတဲ့ ဒီအကွက်တွေက ရက်အနည်းငယ်အတွင်း ပျောက်သွားလိမ့်မယ်တဲ့။”
ကျုံးရှစ်ရှစ်က စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။
ကျုံးမင်က ပြောလိုက်၏။ “သခင်မလေး... ရှမ့်လန်ကို သွားပြီး ပြဿနာ ရှာကြရအောင်။ ကျွန်မတို့ဆီမှာ လူ ၂၀၀၀ ကျော် ရှိတယ်။ မြောက်ပိုင်း အမဲလိုက်ကွင်းကို ပြန်ပြီး သိမ်းပိုက်ကြရအောင်”
ပြီးနောက် ကျုံးရှစ်ရှစ်နှင့် ကျုံးမင်တို့က ကျုံးမိသားစုတပ်များကို ဦးဆောင်၍ မြောက်ပိုင်း အမဲလိုက်ကွင်း ဆီသို့ ပြန်လည်ချီတက်၏။ သို့သော်ငြား ကျုံးရှစ်ရှစ်၏ ရည်ရွယ်ချက်က တရားမျှတမှုကို ရှာဖွေရန် မဟုတ်ချေ။ အမှန်တရားကို အဆုံးစွန်ထိ ထုတ်ဖော်ရန်သာ ဖြစ်၏။ သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးစေခဲ့သည့် လူယုတ်မာက ရှမ့်လန်ပင် ဖြစ်နေသလား။ ထိုသူ၏ ရင်ဘတ်ပေါ်တွင် မက်မွန်ပွင့်ပုံ အမှတ် ပါရှိသည်ကို သူမက သေချာပေါက် မှတ်မိ၏။ ထို့ပြင် မနေ့ညက အပြင်းအထန် မိုးရွာသွန်းခဲ့သေး၏။
................
သို့သော်ငြား ကျုံးရှစ်ရှစ် မြောက်ပိုင်းအမဲလိုက်ကွင်းသို့ ဝင်ရောက်သည့် အချိန်မှာတော့ နေရာအနှံ့တွင် သေဆုံးနေသည့် တိရစ္ဆာန်အလောင်းများကိုသာ မြင်ရ၏။ ပုပ်စော်နံနေပြီး ယင်ကောင်များက တဝီဝီ ပျံသန်းနေသည်။
အမဲလိုက်ကွင်း၏ အပြင်ဘက် လမ်းဘေးတစ်ဖက်တစ်ချက်တွင် အစိမ်းရောင် မြူခိုးများနှင့် ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ အဆိပ်မြူများ ဖြစ်ပုံပေါ်၏။ တစ်ညအတွင်း မြောက်ပိုင်းအမဲလိုက်ကွင်းကြီးက အဘယ့်ကြောင့် ဤသို့သော အခြေအနေသို့ ပြောင်းလဲသွားရသနည်း။
ကျုံးရှစ်ရှစ်နှင့် ကျုံးမင်တို့က နှာခေါင်းကို အုပ်ပြီး အထဲသို့ ဝင်ရောက်သွားရန် ပြင်၏။ သူတို့က ရှမ့်လန်ကို မေးမြန်းရန် အဆင်သင့် ပြင်ထားကြ၏။ အထူးသဖြင့် ကျုံးရှစ်ရှစ်ပင်။
“ရှမ့်လန်.. မနေ့ည မိုးရွာနေတုန်းက ရှင်ဘယ်ရောက်နေလဲ” သူမက အဝေးမှ လှမ်းအော်ကာ မေးမြန်း၏။
ရှမ့်လန်က အံ့အားသင့်သွားပုံဖြင့် လှမ်းကာ ပြောသည်။ “သခင်မလေး ကျုံးရှစ်ရှစ်... ဘာလို့ ပြန်ရောက်လာတာလဲ။ စိတ်မပူနဲ့။ မနေ့က အဆိပ်ပိုးကောင်ကိစ္စက ကျုပ် စနောက်လိုက်တာပါ။”
ကျုံးရှစ်ရှစ်က တုန်ယင်စွာဖြင့် မေးမြန်း၏။ “ကျွန်မ မေးနေတယ်။ မနေ့ည မိုးရွာတုန်းက ရှင် ဘယ်မှာလဲလို့။”
ရှမ့်လန်က ဖြေလိုက်သည်။ “ကျုပ် မြောက်ဘက်အမဲလိုက်ကွင်းရဲ့ စစ်တပ်စခန်းထဲမှာ ရှိနေတာပေါ့”
ကျုံးရှစ်ရှစ်က ပြောလိုက်၏။ “ဘယ်သူ သက်သေပြနိုင်လဲ”
ရှမ့်လန်က ပြောသည်။ “လူတွေအများကြီး ရှိတယ်။ ဒီနားမှာ နာကျည်းမှု ရှိတယ်၊ ပြီးတော့ စီနီယာ ဓားဘုရင် ရှိတယ်။ တတိယမင်းသားနဲ့ ရွှယ်ဖန်တို့တောင် ရှိနေသေးတယ်”
ထိုအချိန်မှာတော့ ရွှယ်ဖန်နှင့် တတိယမင်းသား နင်ချီတို့ ရှိနေကြောင်း ကျုံးရှစ်ရှစ် သတိထားလိုက်မိ၏။ သူမက မည်သို့မှ မနေနိုင်ဘဲ ထိုသူတို့ကို လှမ်းကာ ကြည့်ရှု၏။
ရွှယ်ဖန်က ဝင်ပြောလိုက်သည်။ “ရှစ်ရှစ်... မနေ့ညက မင်းဘယ်သွားနေတာလဲ။ ကျုံးမင်က မင်း ပျောက်သွားတယ် ပြောတာနဲ့ ငါတို့ ချက်ချင်း လိုက်ရှာနေကြတာ။”
ကျုံးရှစ်ရှစ်က ပြောလိုက်၏။ “မနေ့ညက မိုးရွာတုန်းက”
ရွှယ်ဖန်က ဖြတ်ပြောလိုက်သည်။ “သန်းခေါင်ကျော်မှ မိုးက ရွာတာလေ။ အဲဒီအချိန် ငါတို့အားလုံး မြောက်ဘက်အမဲလိုက်ကွင်း စခန်းထဲမှာ ရှိနေတာ”
ရှမ့်လန်က ဖြည့်စွက်ကာ ပြောလိုက်၏။ “သခင်မလေး ကျုံးရှစ်ရှစ် ပျောက်နေတယ်မှန်း သိတာနဲ့ ကျုပ်တို့လည်း လူလွှတ်ပြီး ရှာခိုင်းသေးတယ်။ မိုးတွေ အရမ်းရွာနေတာနဲ့ ကျုပ်ရယ်၊ ဓားဘုရင် လီချင်းချိုးရယ်၊ နာကျည်းမှုရယ်၊ တတိယမင်းသား၊ ပဉ္စမမင်းသား၊ ပြီးတော့ ရွှယ်ဖန် တို့အားလုံးက ဒီစခန်းထဲမှာပဲ သတင်းစောင့်နေတာပါ။”
ကျုံးရှစ်ရှစ်က ရူးသွပ်လုမတတ်ဖြစ်သွား၏။ ထိုသို့ဆိုလျှင် သူမကို မနေ့ညက စော်ကားခဲ့သည့်လူက ရှမ့်လန် မဟုတ်ချေ။ လုံလောက်သည့် သက်သေ အထောက်အထား ရှိ၏။ မနေ့ညက ထိုသူက သူမကို သိမ်းပိုက်သည့် အချိန်တွင် အပြင်ဘက်၌ မိုးများ သည်းထန်စွာ ရွာသွန်းလျက် ရှိနေကြာင်း ရှင်းရှင်းလင်းလင်း မှတ်မိ၏။ ထို့အပြင် မနေ့ညက မိုးကလည်း တကယ်ရွာခဲ့၏။ ထိုသို့ဆိုလျှင် မည်သူဖြစ်မည်နည်း။ ထိုအဖြူဆိုသည့် လူက မည်သူဖြစ်မည်နည်း။
ရွှယ်ဖန်က မေးမြန်းလိုက်သည်။ “ရှစ်ရှစ်... မနေ့ည မင်းဘယ်ရောက်နေတာလဲ”
ကျုံးရှစ်ရှစ်က ဖြေလိုက်၏။ “လမ်းပျောက်ပြီး တောထဲလည်နေတာ”
မနေ့ညကဖြစ်ခဲ့သည့် အရာများကို သူမက မည်သူ့ကိုမှ ပြန်မပြောနိုင်ချေ။ ပြီးနောက် သူမက မည်သည့်စကားကိုမှ မဆိုတော့ဘဲ မြောက်ဘက်အမဲလိုက်ကွင်း စခန်းထဲမှ ထွက်ခွာသွား၏။ ကျုံးရှစ်ရှစ်၏ စိတ်အစဉ်က ရှုပ်ထွေးလျက် ရှိနေ၏။ ရှမ့်လန်ကို ပြဿနာရှာရန်ပင် စိတ်မပါတော့ချေ။
သူမ၏ အပျိုစင်ဘဝက ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။ သူမ၏ ဖြူစင်မှုကလည်း စွန်းထင်းသွားခဲ့၏။ အဖြူရောင် ဆိုသူက မည်သူဖြစ်မည်နည်း။ ထိုသူ၏ ရင်ဘတ်ပေါ်တွင် မက်မွန်ပွင့်ပုံကဲ့သို့ အမှတ်ပါပြီး လက်ရေးကလည်း အလွန်လှပသည်။
“သွားကြရအောင်။ ပြန်ကြစို့” ကျုံးရှစ်ရှစ်၏ စိတ်ဓာတ်တစ်ခုလုံးက ပြိုလဲနေ၏။ သို့သော်ငြား သူမက မည်သူ့ကိုမှ ဖွင့်မပြောနိုင်ပေ။
‘အဖြူရောင်... ရှင်က မကောင်းဆိုးဝါးပဲ။ လူယုတ်မာပဲ။ တိရစ္ဆာန်ကောင်။ ဘယ်လောက်ဝေးတဲ့ နေရာကိုပဲ ပြေးပြေး။ တွေ့အောင်ရှာမယ်။ ပြီးရင် ရှင့်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။’
...............
မြောက်ပိုင်းအမဲလိုက်ကွင်း တည်နေရာက နောက်ဆုံးမှာတော့ ငြိမ်းချမ်းသွားခဲ့ရသည်။ အနည်းဆုံး ကျုံးရှစ်ရှစ်က အချိန်တော်ကြာသည့်အထိ သူတို့ကို လာရောက်ကာ ပြဿနာရှာနိုင်လိမ့်မည် မဟုတ်ချေ။ လူအားလုံး ထွက်ခွာသွားသည့်အချိန်မှာတော့ ဝူလဲ့က မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်၏။ “သခင်လေး... ကျုံးရှစ်ရှစ်က ဒီလောက်လှတာ။ ဘာလို့ တကယ် မအိပ်ခဲ့ရတာလဲ”
ရှမ့်လန်က ပြန်ဖြေလိုက်သည်။ “ငါ အဲလောက် တုံးတယ်လို့ ထင်လို့လား။ ငါသာ သူနဲ့ အိပ်လိုက်ရင် နင်က မင်းသမီးနင်ယန်ဆီ သွားတိုင်မှာ မဟုတ်လား။ အဲကျရင် တကယ့်ကို ပြဿနာ နင်ယန် သိမယ်။ နင်ယန်သိပြီဆိုရင် ငါ့မိန်းမ သိမယ်။ ငါ့မိန်းမက ငါနဲ့ ကျုံးရှစ်ရှစ် အိပ်တယ်ဆိုတာ သိရင် ဘယ်လောက် ဝမ်းနည်းလိုက်မလဲ။ ငါရဲ့ ခဏတာ သာယာမှုအတွက် ငါ့မိန်းမကို ဝမ်းနည်းအောင် ဘာလို့ လုပ်ရမှာလဲ။ ကျုံးရှစ်ရှစ်နဲ့ အိပ်မယ့်အစား နင်နဲ့ အိပ်လိုက်တာကမှ ဟုတ်အုံးမယ်”
ဝူလဲ့က မည်သည့်စကားကိုမှ မပြောဘဲ အသာလှည့်ထွက်သွားခဲ့၏။ ‘ကံကောင်းလို့ ရှင်က ကျွန်မရဲ့ သခင်လေး ဖြစ်နေလို့ပဲ။ တခြားသူဆိုရင် ထသတ်ပြီးပြီ’
မနေ့ညက အဖြူ ဆိုသည်က ရှမ့်လန် ဟုတ်ပါမည်လား။ သေချာပေါက် ဟုတ်ပေသည်။ သူ့ရဲ့ ရင်ဘတ်ပေါ်တွင် မက်မွန်ပွင့်ပုံ မှဲ့ကိုတော့ အတုပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် လှိုဏ်ဂူ အပြင်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းမှုကရော။ ဟုတ်ပေ၏။ မနေ့ညက မိုးတိမ်များ ဖုံးလွှမ်းလျက်ရှိနေပြီး မိုးရွာတော့မည်ဖြစ်ကြောင်း သိသာထင်ရှားလျက်ရှိ၏။ ထို့ကြောင့် ရှမ့်လန်က အချိန် ကွာခြားချက်ကို အသုံးပြုခဲ့၏။ သူက လူများကို ဂူအပြင်ဘက်တွင် ရေလောင်းချခိုင်းခဲ့ပြီး မိုးပြင်းပြင်းထန်ထန် ရွာသွန်းနေသည့် ပုံစံမျိုး ဖြစ်အောင် ဖန်တီးထားခဲ့ခြင်းပင်။
ထိုအချိန်တုန်းက မိုးရွာသွန်းမှု မရှိခဲ့ချေ။ ကိစ္စအားလုံးပြီး၍ သုံးနာရီလောက်ကြာမှ မိုးရွာသွန်းခဲ့ခြင်း ဖြစ်၏။ တကယ်တမ်း မိုးရွာချိန်မှာတော့ ကျုံးရှစ်ရှစ်က မေ့မျောလျက် ရှိနေ၏။ သို့သော်ငြား သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးသည့် အချိန်တွင် အပြင်ဘက်၌ မိုးများ ရွာသွန်းနေကြောင်းကို သူမမှတ်မိ၏။
ရှမ့်လန်က ထိုအချိန်မှာတော့ စစ်တပ်စခန်းသို့ ပြန်ရောက်နေ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် တစ်နာရီအကြာ၌ တတိယမင်းသား နင်ချီနှင့် ရွှယ်ဖန်တို့က ကျုံးရှစ်ရှစ်ကို ခေါ်ဆောင်ရန် ရှမ့်လန်ထံသို့ လာရောက်ကာ တောင်းဆိုကြ၏။ ထိုအချိန်မှာတော့ ရှမ့်လန်၌ ပြီးပြည့်စုံသည့် သက်သေများ တည်ရှိနေပြီ ဖြစ်သည်။
နောက်တစ်ဆင့် အနေဖြင့် ကျုံးရှစ်ရှစ်က သူမကို စော်ကားခဲ့သည့် အဖြူကို အရူးမူး လိုက်ရှာပေတော့မည်။ ရှမ့်လန်ကို ပြဿနာရှာရန် သူမ၌ အချိန်ရှိတော့မည် မဟုတ်ချေ။
.........................
သူက ကျုံးရှစ်ရှစ်၏ ပြဿနာကို ဖြေရှင်းနိုင်သည်သာမက သူမ၏ နှလုံးသားထဲ၌ အဆိပ်ပြင်းသည့် အရာတစ်ခုကို စိုက်ပျိုးပေးနိုင်ခဲ့၏။ ယခု ရှမ့်လန်အနေနှင့် အလုပ်လုပ်ရန် အချိန်စတင်ပြီ ဖြစ်၏။ လူပေါင်း ၂၃၀၀ ကျော်တို့၏ သွေးမျိုးဆက်ကို ပြုပြင်ပြောင်းလဲခြင်းပင်။
နာကျည်းမှု ပြောခဲ့သလိုပင် ဤလူများက အဖြူစင်ဆုံးနှင့် အာရုံစူးစိုက်မှု အကောင်းဆုံး လူများ ဖြစ်၏။ ထိုသူတို့၏ နာခံမှု၊ စည်းကမ်းရှိမှု၊ သစ္စာစောင့်သိမှုက တကယ်ပင် ပြိုင်ဘက်ကင်း၏။ လူတိုင်းက အလွန်အာရုံ ခံစားလွယ်ပြီး စည်းလုံးညီညွတ်ကြ၏။ သေမင်းကိုလည်း မကြောက်ရွံ့ကြချေ။ တကယ့်ကို ပြီးပြည့်စုံသည့် စစ်တပ်ကြီး တစ်ခုပင်။
သူတို့၏ အာရုံစိုက်မှုက ကောင်းမွန်လွန်းသောကြောင့် သင်သမျှကို လျှပ်စီးလက်သလို လျင်မြန်စွာ တတ်မြောက်ကြ၏။ သူတို့ လိုအပ်နေသည်မှာ စွမ်းအင်တစ်ခုတည်းသာ ဖြစ်ပေလိမ့်မည်။ ထိုအားအင်ကိုသာ ရရှိပါက သူတို့က အတော်ဆုံး ထိပ်တန်းစစ်သည်များ ဖြစ်လာကြပေလိမ့်မည်။ သူတို့က အစစ်အမှန် လျှို့ဝှက်ပညာရှင်များ ဖြစ်လာပေလိမ့်မည်။ လူပေါင်း ၂၃၀၀ ကျော်၊ တစ်သုတ်လျှင် လူတစ်ရာစီ ရှိ၏။
ရှမ့်လန်က မည်သူ့ကိုမှ မရှင်းပြတော့ချေ။ နာကျည်းမှုက အမိန့်ပေးလိုက်သည်။
ဗလာသွေးမျိုးဆက် ပိုင်ရှင်များက ဘာမှမပြောကြသလို သံသယလည်း မဝင်ကြချေ။ သူတို့က ကုတင်ပေါ်တွင် လှဲအိပ်ပြီး သူတို့၏ ခန္ဓာကိုယ်ကို ကြိုးဖြင့်တုတ်ရန် ခွင့်ပြုပေးထား၏။
ဟုတ်ပေ၏။ သူတို့ကို ကြိုးတုတ်သည့်သူများက ရှမ့်လန်၏ လက်အောက်ငယ်သားများ မဟုတ်ဘဲ သူတို့၏ ရဲဘော်ရဲဘက် အချင်းချင်း ဖြစ်၏။ ဤလူစု၏ အမိန့်နာခံမှုက တကယ်ပင် ရင်ထဲ ထိခိုက်ဖွယ်ရာပင်။
“စိတ်မပူနဲ့။ ဘာမှ မဖြစ်စေရဘူး” လူတစ်ဖက်သားကို နှစ်သိမ့်ဖို့ စိတ်ဆန္ဒ ဘယ်တုန်းကမှ မရှိခဲ့သည့် ရှမ့်လန်က ပထမဦးဆုံး သွေးမျိုးဆက် ပြောင်းလဲမှုကို ခံယူမည့် လူ၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်မိ၏။
“မင်းက ဝမ်တ မဟုတ်လား” ရှမ့်လန်က မေးမြန်းလိုက်သည်။
ဤလူက ငရဲတံခါးဝမှ ရှမ့်လန် ကယ်တင်ခဲ့သူပင်။ ထိုသူက ၁ နှစ်ပတ်လုံး စကားပင် ပြောလေ့ ပြောထရှိသူ တစ်ယောက် မဟုတ်ပေ။ ခွေးများနှင့်သာ စကားပြောလေ့ရှိပြီး လူများနှင့် စကားကောင်းကောင်း မပြောနိုင်ပေ။ ပြောချင်စိတ် မရှိခြင်း မဟုတ်ချေ။ မပြောတတ်ခြင်းသာ ဖြစ်သည်။
ဝမ်တက ခေါင်းညိတ်ပြ၏။ “အင်း”
“ငါ့ကို ယုံ ... ဘာမှမဖြစ်စေရဘူး။ ငါမင်းကို ဒုက္ခမပေးဘူး”
ရှမ့်လန်က နှစ်သိမ့်လိုက်သည်။ “မကြောက်နဲ့”
ဝမ်တက ယခုနှစ်အတွက် သူ့၏ ဒုတိယမြောက် စကားတစ်ခွန်းကို ပြော၏။ “ကျုပ်သိပါတယ်။ ကျုပ် မကြောက်ပါဘူး”
သူ တကယ်သိပြီး တကယ်မကြောက်ခြင်း ဖြစ်၏။
ရှမ့်လန်က သဘောပေါက်လိုက်၏။ ဤလူများ၏ အာရုံခံစားမှုက အကောင်းဆုံး ဖြစ်၏။ ဤလူတို့က အားနည်း၏။ ထို့အပြင် ဉာဏ်ရည်မမီ၊ စကားကို ကောင်းကောင်း မပြောတတ်ကြချေ။ သို့ပေမည့် အရာအားလုံးကို သိ၏။ သူတို့ပေါ်တွင် မည်သူက စေတနာထားကြောင်း တစ်ချက်ကြည့်ရုံနှင့် သိကြသည်။
ကလေးငယ်များကဲ့သို့ ဖြူစင်ပြီး သူတို့ကို တကယ်ချစ်သည့် လူများအား မြင်ရုံနှင့် သိ၏။ ပြီးလျှင် ထိုလူ၏ အနားတွင် တွယ်ကပ်နေတတ်၏။ စကားလုံးများနှင့် ဖွဲ့နွဲ့ပြောနေစရာပင် မလိုအပ်ချေ။
ရှမ့်လန်က ပြုံးလိုက်မိ၏။ ရင်ထဲတွင်လည်း နွေးထွေးသွားခဲ့၏။ သို့နှင့် သူက အဆင့်နိမ့် ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်ကို ဝမ်တ၏ သွေးကြောထဲသို့ ထိုးသွင်း လိုက်၏။ ဤအချိန်မှာတော့ ပိုမိုကြီးမားသည့် အံ့ဖွယ်အမှုကိစ္စကို ဖန်တီးရပေတော့မည်။
“ငါဒီလူတွေကို ဘဝသစ်တစ်ခု ပေးမယ်။ အားလုံးကို ပြိုင်ဘက်ကင်းနိုင်တဲ့ အရာတစ်ခု ပေးမယ်”