← Chapters

အခန်း (၅၃၈)

Vol. 36 Ch. 538

အခန်း (၅၃၈)

Vol. 36 Ch. 538

ဝူဘုရင်က ပြုံးလိုက်၏။ “အင်း... ခင်ဗျားတို့အားလုံးရဲ့ သဘောထားကို ကျုပ် နားလည်တယ်။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ညီလာခံကို သိမ်းကြတာပေါ့”

နန်းတွင်းမှူးမတ်များ အားလုံးက အခွင့်အရေးကို အရယူပြီး နောက်တစ်ကြိမ် ထပ်မံဦးတိုက်ကာဖြင့် ပြည်သူများအပေါ် သနားညှာတာလျှင် လက်ခံပေးပါရန် ဝူဘုရင်ကို တိုက်တွန်းလိုက်ကြ သေးသည်။

.........

စာကြည့်ခန်းထဲမှာတော့ ဝူဘုရင်က ဒေါသအလျောက် ဒေါသပုံထလျက် ရှိနေ၏။ သူက ချောင်ပြည်နယ်ကို ဒေါသထွက်နေခြင်း မဟုတ်ဘဲ သူ၏ လက်အောက်ငယ်သားများကို ဒေါသထွက်နေခြင်းဖြစ်၏။

သူ .. ဘုရင်မင်းမြတ်သည် ဤမျှ အရှက်မဲ့သည့် ကတိမတည်သူ ဖြစ်နေသည်လား။

လက်မှတ်ထိုးထားသည့် စာချုပ်တစ်ခုကို လအနည်းငယ်အတွင်း ဖျက်သိမ်းရမည်လား။ ရိက္ခာတင်းလေး တစ်သန်းအတွက်နှင့် ချောင်ပြည်နယ်၏ ရင်ခွင်ထဲသို့ တစ်ခါတည်း တိုးဝင်ရမည်လား။ သူတို့အတွက် ဝူဘုရင် ဆိုသည်မှာ မည်သည့်အရာ ဖြစ်နေသနည်း။ ဆောင်ကြာမြိုင်မှ ပြည့်တန်ဆာတစ်ယောက်ကဲ့သို့ပင် သဘောထားသည်လား မသိချေ။

ဝူကျိက ပြောလိုက်၏။ “အရှင်မင်းကြီး... ဒေါသထွက်နေဖို့တော့ မလိုပါဘူး။ လက်အောက်ငယ်သားတွေရဲ့ တွေးခေါ်ပုံနဲ့ အုပ်စိုးသူတစ်ယောက်ရဲ့ တွေးခေါ်ပုံက မတူညီပါဘူး”

ဝူဘုရင်က မဲ့ပြုံးပြုံးလိုက်သည်။ “ဟုတ်တာပေါ့။ ဒီမှူးမတ်တွေရဲ့ မျက်လုံးထဲမှာ ကျုပ် ဘုရင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာဆိုတာ အရေးမကြီးဘူး။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို အသုံးပြုပြီး ရိက္ခာတွေနဲ့ လဲလှယ်လို့ရမယ်ဆိုရင် သူတို့က ဘာလို့ မလုပ်ရမှာလဲ။ ကျိန်းသေပေါက် လုပ်မယ့်လူတွေပဲ။ ကျုပ်ဘုရင်ရဲ့ ဂုဏ်သိက္ခာကို ရောင်းစား ရမယ် ဆိုရင်တောင် သူတို့က တစ်ချက်လေးတောင်မှ တွန့်ဆုတ်ကြမှာ မဟုတ်ဘူး”

ဝူကျိက ပြောလိုက်၏။ “သူတို့ တွေးနေတာ ဒါတစ်ခုတည်းတင် မဟုတ်ပါဘူး”

ဝူဘုရင်က ပြောလိုက်သည်။ “ကျုပ်တို့ ဝူပြည်နယ်မှာ ရိက္ခာတွေ ပြတ်လပ်နေတယ် ဆိုပေမယ့် လုံးဝ ငတ်မွတ် ခေါင်းပါးနေတာ မဟုတ်ဘူး။ ဒီမှူးမတ်တွေ အကုန်လုံးက ချမ်းသာကြတယ်။ သူတို့ဆီမှာ ရိက္ခာတွေ တောင်လို ပုံနေပြီ။ ကျုပ်က သူတို့ဆီက အလှူခံမှာကို သူတို့ ကြောက်နေကြတာပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက သွေးမထွက်စေဖို့ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ရောင်းစားပြီး ရိက္ခာတွေနဲ့ လဲလှယ်စေချင်တာ။ အဲဒီနည်းနဲ့ သူတို့သိမ်းဆည်းထားတဲ့ ရိက္ခာတွေက ဘေးကင်းသွားမှာလေ”

ဝူကျိက ပြောလိုက်၏။ “အဲဒါကလည်း အရေးမကြီးသေးပါဘူး။ အရေးကြီးတာက လာမယ့် အခြေအနေတွေမှာ ကျုပ်တို့ ဝူပြည်နယ်အနေနဲ့ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာပဲ။ ကျုပ်တို့ရဲ့ တောင်ဘက် အရပ်မှာ လောကကို တုန်လှုပ်စေမယ့် သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာတော့မယ်။ ကျင်းမင်းသားပဲ”

ထိုနာမည်ကို ကြားသည်နှင့် ဝူဘုရင်က လေးစားအံ့ဩမှုများနှင့် သက်ပြင်းချခဲ့၏။ ကျင်းမင်းသားက သူ့ထက် အသက်အများကြီး ငယ်ရွယ်ပြီး ထီးနန်းဆက်ခံသည့်အချိန်တွင် လက်ထဲတွင် ဘာမှ မရှိသလောက်ပင် ဖြစ်၏။ သူက ရုပ်သေးရုပ် ဘုရင်လေးတစ်ပါးခန့်သာ ဖြစ်ခဲ့၏။

သို့ပေမည့် နှစ်နှစ်၊ သုံးနှစ် အတွင်း သူက သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ အရှင်သခင် ဖြစ်လာခဲ့၏။ နန်အိုနိုင်ငံ၏ ပုန်ကန်မှုတွင် လူတိုင်းက ကျင်းမင်းသားကို ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ ထင်မှတ်ခဲ့ကြ၏။ သို့ပေမည့် တောင်ပိုင်းဒေသတွင် တစ်နှစ်အတွင်း ဤကဲ့သို့ အံ့အားသင့်စရာ ကောင်းသည့် ဘုရင်တစ်ပါး ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။

အားလုံးသောသူတို့က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြချေ။ ဤ ကျင်းမင်းသားက အမှန်တကယ်ပင် ခေတ်ရေစီးကြောင်း တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီး အံ့ဖွယ်ကိစ္စရပ်များကို ဖန်တီးခဲ့သည်။

ရွှဲ့ပြည်နယ်၏ စစ်တပ်က နန်အိုနယ်မြေအများစုကို သိမ်းပိုက်ထား၏။ ကျင်းမင်းသားစုက စိုးရိမ်ပူပန်ခြင်း မရှိသည့်အပြင် ထိုစစ်ပွဲများကို အခွင့်အရေးယူပြီး သဲကန္တာရ လူရိုင်းမျိုးနွယ်များကိုပင် စည်းရုံးသိမ်းသွင်းခဲ့၏။ တကယ့်ကို ကောင်းမွန်လွန်းသည့် ခြေလှမ်းများပင်။ ပါရမီရှင်တစ်ဦး၏ လက်ရာမြောက်သည့် လုပ်ဆောင်မှုများပင် ဖြစ်၏။

သူ ... ဝူဘုရင်က ဖခင်ထံမှ ထီးနန်းကို ဆက်ခံရရှိခဲ့ပြီး ရလဒ်က ရှုပ်ထွေးပွေလီနေဆဲပင်။ နှိုင်းယှဉ်ရမည် ဆိုလျှင် တကယ်ပင် ရှက်ရွံ့စရာ ကောင်းလှ၏။ ဝူဘုရင်က ပြောလိုက်သည်။ “ချောင်ဘုရင်က ကျင်းမင်းသားနဲ့ လျှို့ဝှက်စာချုပ် ချုပ်ဆိုထားခဲ့ပြီးလို့ ဖြစ်ရမယ်”

“ကျင်းမင်းသားက နန်အိုနိုင်ငံကို ပြန်လည်သိမ်းပိုက်ပြီး တောင်ပိုင်းဒေ တစ်ခုလုံးကို လွှမ်းမိုးလိုက်ပြီ ဆိုတာနဲ့ ချောင်ဘုရင်ရဲ့ စစ်တပ်က အရှေ့ဘက်ကို စစ်ချီမယ့်အချိန်ကို ရောက်လာလိမ့်မယ်”

ဝူကျိက ပြောလိုက်၏။ “ဒါကြောင့်မို့လို့ နယ်စပ်အမဲလိုက်ပွဲလောက်နဲ့ ချောင်ဘုရင်က ကျေနပ်မှာ မဟုတ်ဘူး။ အဲဒီ မြေခွေးအိုကြီးက သေချာပေါက် ပါးစပ်ဟပြီး နင်ယွမ်ရှန်းကို ငွေညှစ် ခြိမ်းခြောက်နေအုံးမှာပဲ။”

ဝူဘုရင်က ခဏမျှ တိတ်ဆိတ်ငြိမ်သက် သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ဦးရီးတော်... ကျုပ်တို့ အနိုင်ရတဲ့ဘက်မှာပဲ ရပ်တည်လို့ ရမယ်နဲ့ တူတယ်”

မှန်ပေ၏။ ဤအရာက အရေးကြီးဆုံးအချက်ပင်။ ပြီးခဲ့သည့် စစ်ပွဲ၌ ဝူပြည်နယ်က ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရ၏။ နလန်ပြန်ထူရန်အတွက် အနည်းဆုံး နှစ်ဝက်ခန့် အချိန်လိုအပ်၏။ ဝူပြည်နယ် ပြန်လည်ထူထောင်နိုင်ရန် တခြားသော အပေးအယူ ပစ္စည်းများများစားစား မရှိချေ။ သူတို့အနေနှင့် ယုံကြည်ရသည့် အရာပေါ်တွင် လောင်းကြေးထပ်ရန်သာ ရှိတော့၏။

ဝူကျိက ပြောလိုက်သည်။ “ချောင်ဘုရင်က နယ်စပ်အမဲလိုက်ပွဲကို အချိန်ဆွဲတဲ့ နည်းဗျူဟာ၊ ငါးစာတစ်ခု အနေနဲ့ အသုံးပြုနေတာပဲ။ ဒါပေမယ့် ချောင်ပြည်နယ်က ရိက္ခာသန်းတစ်သန်းကို ကျုပ်တို့ကို ငါးစာအနေနဲ့ အသုံးပြုနေတာ မဟုတ်ဘူးလား။ ကျုပ်တို့အနေနဲ့ ရွှဲ့ပြည်နယ်နဲ့ မဟာမိတ် ဖျက်သိမ်းလိုက်ပြီ ဆိုတာက ပထမဦးဆုံး ခြေလှမ်းပဲ။ ပြီးရင် သူတို့ လိုချင်တဲ့ အစစ်အမှန်ရည်ရွယ်ချက်ကတော့ ကျုပ်တို့ကို ကျင်းမင်းသားရဲ့ စစ်ရထားပေါ် ဆွဲတင်သွားဖို့ပဲ။”

ဝူဘုရင်က ပြောလိုက်၏။ “ဟုတ်တယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းက စုနန်ရဲ့ စစ်ရထား၊ ဒီတစ်ခါတော့ ကျင်းမင်းသားရဲ့ စစ်ရထားပေါ့။ ချောင်ဘုရင်က တကယ့်ကို ကောက်ကျစ်လွန်းတယ်။ သူက အရာအားလုံးရဲ့ နောက်ကွယ်ကနေပြီး အကျိုးအမြတ်ရဖို့ပဲ စဉ်းစားနေတာ။ ကိုယ်တိုင်ကိုယ်ကျ ပင်ပန်းခံဖို့ ဘယ်တော့မှ စဉ်းစားမယ့် လူမျိုး မဟုတ်ဘူး”

ဝူကျိက ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ကျင်းမင်းသားက စုနန်နဲ့ လုံးဝမတူဘူး။ သူက သဲကန္တာရက လူရိုင်းမျိုးနွယ်စု တစ်ခုလုံးကို စုစည်းလိုက်ရုံနဲ့ သူ့လက်ထဲမှာ ကြောက်စရာ အကောင်းဆုံး၊ စွမ်းအား အထက်ဆုံး၊ အင်အား တစ်သိန်းရှိတဲ့ စစ်တပ်ကြီး ရောက်လာမယ်။ ရွှဲ့ပြည်နယ်တောင်ပိုင်းအခြေအနေ ယိုယွင်းလာတာနဲ့ ချောင်ပြည်နယ်က ပြီးခဲ့တဲ့အကြိမ်ကလိုမျိုး ငြိမ်ငြိမ်သက်သက်နေမှာ မဟုတ်တော့ဘူး။ တစ်နိုင်ငံလုံး ပြိုလဲသွားနိုင်တဲ့ စစ်ပွဲတစ်ခုကို ဖန်တီးလိမ့်မယ်။ ဒါကြောင့် ချောင်ဘုရင်က ကျုပ်တို့ကို စစ်ပွဲထဲ ဆွဲထည့်ဖို့ မစောင့်နိုင်သလို ဖြစ်နေတာပေါ့”

ဝူဘုရင်က လုံးဝ တွေးကြည့်လိုက်၏။ ဤတစ်ကြိမ် ဖြစ်ပွားလာနိုင်မည့် စစ်ပွဲက နှိုင်းယှဉ်၍ မရနိုင်အောင် တုန်လှုပ်ဖွယ်ရာ ကောင်းပေလိမ့်မည်။ ထိုအရာက နိုင်ငံ သုံးနိုင်ငံ၊ သို့မဟုတ် လေးနိုင်ငံလောက် ပါဝင်မည့် စစ်ပွဲကြီးတစ်ခု ကဲ့သို့ပင်။ ပါဝင်မည့် စစ်သည်အင်အား စုစုပေါင်းက လေးငါးသိန်းထက် ကျော်လွန်နိုင်ပြီး လွန်ခဲ့သည့် လအနည်းငယ်က စစ်ပွဲများနှင့် အလုံးစုံ ကွာခြားနေ၏။ ဤသည်က နိုင်ငံလေးခု၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်ပြီး ဧရာမ စစ်ပွဲကြီးကဲ့သို့ပင် ဖြစ်လာနိုင်၏။

ဝူကျိက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်တို့က ရွှဲ့ပြည်နယ်နဲ့ စာချုပ်ဖျက်သိမ်းပြီး လျှို့ဝှက်စာချုပ် တစ်ခုခုကို ချုပ်ဆိုမယ် ဆိုရင်တောင်မှ ကျင်းမင်းသားရဲ့ကိစ္စ ပြီးပြတ်တဲ့အထိ စောင့်ရလိမ့်မယ်။ အခု ချောင်ပြည်နယ်က ရိက္ခာတင်းလေး တစ်သန်းလောက်နဲ့ အရှင်မင်းကြီးရဲ့ သဘောထားကို ပြောင်းလဲဖို့ လာညှိနှိုင်းနေတယ် ဆိုတာ လွယ်ကူလွန်းတယ် မထင်ဘူးလား။ ဒါ ကျုပ်တို့ရဲ့ ဈေးကို ချနေတာပဲ”

ဝူဘုရင်က ရုတ်တရက် မေးလိုက်၏။ “ရွှဲ့ပြည်နယ်က နယ်စပ်အမဲလိုက်ပွဲမှာ အနိုင်ရသွားတယ် ဆိုရင်ရော”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ဝူကျိက မင်သက်သွားခဲ့၏။ ထိုအရာက မဖြစ်နိုင်ချေ။ နယ်စပ် အမဲလိုက်ပွဲ ဆိုသည်မှာ တကယ့်ကို တိုက်ရိုက်အကျဆုံး၊ တိုက်ခိုက်ခြင်း နည်းစနစ်သာ ဖြစ်၏။ စစ်ပရိယာယ် ကြံစည်မှုများ မပါဝင်ချေ။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းပင်။

ချောင်ပြည်နယ်၏ လက်ရွေးစင် စစ်သည်များက တစ်နှစ်ပတ်လုံး စစ်တိုက်နေကြသည့် သူများဖြစ်ပြီး ရွှဲ့ပြည်နယ်ထက် ပိုမိုကာ ကျွမ်းကျင်ကြ၏။ ချောင်တပ်၏ ငါးထောင်နှင့် ရွဲ့တပ် နှစ်ထောင်။ ကောလာဟလများအရ နင်ကျန်းနှင့် ရှမ့်လန်တို့က အမှိုက်ကဲ့သို့သော စစ်သည် နှစ်ထောင်ကို စုဆောင်းပြီး လေ့ကျင့်ပေးနေ၏။ ဤအမှိုက်ကဲ့သို့သော စစ်သည် နှစ်ထောင်ကျော်တို့က ဓားစာခံများအဖြစ် အသုံးပြုခံရမှာ သေချာ၏။ မည်သို့ အနိုင်ရရှိမည်နည်း။

ဝူဘုရင်က ပြောလိုက်၏။ “ရွှဲ့ပြည်နယ်သာ နိုင်သွားခဲ့ရင် ချောင်ပြည်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်မသွားနိုင်ဘူးလား”

ဝူကျိက စဉ်းစားကြည့်သော်လည်း ထိုအရာက ရယ်ရွှင်ဖွယ်ရာ ကောင်းသည်ဟု တွေးမိသည်။

ဝူဘုရင်က ပြုံးလိုက်၏။ “ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့။ တကယ်တမ်း ဒီပြဇာတ်ရဲ့ အဓိကဇာတ်ကောင်က ကျင်းမင်းသားပဲ။ သူကသာ တောင်ပိုင်းနိုင်ငံ လေးနိုင်ငံရဲ့ အခြေအနေကို လွှမ်းမိုးနိုင်တဲ့လူပဲ”

နောက်တစ်နေ့မှာတော့ ဝူဘုရင်က ချောင်ပြည်နယ်၏ တောင်းဆိုမှုကို တိကျစွာ ငြင်းပယ်လိုက်၏။ ရွှဲ့ပြည်နယ်နှင့် ချုပ်ဆိုထားသည့် စာချုပ်က အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စာချုပ်သာ ဖြစ်ကြောင်းနှင့် လျှို့ဝှက်စာချုပ် မဟုတ်ကြောင်း ကြေညာလိုက်၏။ ထို့ပြင် သူ ... ဝူဘုရင်က ကတိသစ္စာ တည်ကြည်သူ တစ်ယောက် ဖြစ်၏။ အသေးအဖွဲသော အကျိုးအမြတ်များအတွက် ဘယ်တော့မှ ကတိဖျက်လိမ့်မည် မဟုတ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

ချက်ချင်းပဲ မှူးမတ်များ၏ ငြီးတွားသံများက ထွက်ပေါ်လာ၏။ သူတို့အားလုံးက ငတ်မွတ်နေသည့် ပြည်သူများအတွက် ကြိုးစားပမ်းစားနှင့် ဝိုင်းဝန်းကာ နားချ၏။ ဝူဘုရင်က အမိန့်တစ်ခုကို ထုတ်ပြန်လိုက်၏။ ယနေ့မှစ၍ နန်းတွင်း၏ ကုန်ကျမှုစရိတ် သုံးပုံနှစ်ပုံကို လျှော့ချမည်။ သူက တစ်နေ့လျှင် ထမင်းတစ်နပ်သာ စားမည် ဖြစ်ပြီး တော်ဝင်မိသားစု စုဆောင်းထားသည့် အစားအစာများကို ငတ်မွတ်နေသည့် ပြည်သူများအား ပေးဝေမည် ဖြစ်၏။

ထို့နောက် ဝူဘုရင်က အရေးပါသည့် မှူးမတ်အချို့၏ အိမ်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အကြွေး စာချုပ်များ ရေးထိုးကာ ရိက္ခာများ လိုက်လံချေးငှား၏။ ဝူပြည်နယ်၏ မှူးမတ်များနှင့် တော်ဝင်မျိုးနွယ် များက ရိက္ခာတင်းပေါင်း ၅ သောင်းကို ရက်ရက်ရောရော လှူဒါန်းကြသော်လည်း ထိုအရာက သွားကြားညှပ်ရုံလောက်သာ ရှိသည်။

ထို့နောက် ရွှဲ့ပြည်နယ်၏ အထက်တန်းလွှာများဆီမှ အရေးကြီးသည့် နာမည်စာရင်းတစ်ခုက ပေါက်ကြား လာ၏။ ဤစာရင်း၏ နာမည်များက ဝူပြည်နယ်၏ အဆင့်မြင့် အရာရှိကြီးများ ဖြစ်၏။ အားလုံးက ရွှဲ့ပြည်နယ်၏ ရေနက်တပ်ဖွဲ့ဆီမှ တိတ်ဆိတ်လာဘ်ထိုးထားခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းကို ခံထားရသည့် လူများဖြစ်၏။

ရွှဲ့ဘုရင်က ဒေါသထွက်ကာ သတင်းပေါက်ကြားစေသည့် ရေနက်တပ်ဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် အပြစ်ပေး၏။ သုံးဦးကို သတ်ဖြတ်ပစ်ပြီး တစ်ဒါဇင်ကျော်ကို ထောင်ချခဲ့သည်။

ဝူဘုရင်ကလည်း ဒေါသ ထွက်၏။ စာရင်းထဲတွင် ပါဝင်သည့် ဒုတိယအဆင့် အရာရှိတစ်ဦး၏ မျိုးနွယ်စု တစ်ခုလုံးကို ကွပ်မျက်ပစ်လိုက်၏။

ချက်ချင်းပဲ ဝူပြည်နယ်၏ တော်ဝင်မျိုးနွယ်များက ဘေးဒုက္ခသည်များအတွက် ငွေကြေးများကို ရက်ရက်ရောရောပင် လှူဒါန်းလာခဲ့၏။ ဆယ်ရက်အတွင်းမှာပဲ ရိက္ခာတင်းပေါင်း ၈ သိန်းနီးပါးထက် ရရှိလာခဲ့သည်။

ဝူဘုရင်က စိတ်လှုပ်ရှားသွားခဲ့၏။

ပြီးနောက် နန်းတွင်းညီလာခံမှာတော့ ရွှဲ့ပြည်နယ်မှ ပေါက်ကြားလာခဲ့သည့်ဆိုသော သတင်းက မုသားပေါင်းများစွာဖြင့် ဖန်တီးမှုသာ ဖြစ်ကြောင်း ကြေညာလိုက်၏။ ဝူပြည်နယ်မှ အရာရှိများက ရွှဲ့ပြည်နယ် ရေနက်တပ်ဖွဲ့၏ လာဘ်ထိုးမှုကို ခံရလိမ့်မည်ဟု သူ မယုံကြည်ကြောင်း၊ မိမိ မှူးမတ်များ၏ သစ္စာစောင့်သိမှုနှင့် ပတ်သက်၍ သူက အလုံးစုံ ယုံကြည်ကြောင်း ထပ်တိုး ပြောကြားခဲ့၏။ ပြီးနောက် မှူးမတ်အားလုံးတို့၏ ရှေ့မှောက်၌ ထိုနာမည်စာရင်း စာရွက်ကို မီးရှို့ ဖျက်ဆီးခဲ့သည်။

ထိုအချိန်မှာပင် နုရှောင့်မြို့တိုက်ပွဲ ရှုံးနိမ့်ခဲ့သည့် ဝူမုက တရားဝင် ပြန်လည်ရောက်ရှိလာခဲ့၏။ ဝူဘုရင်၏ နန်းတွင်း သန့်ရှင်းရေး စီမံချက် တရားဝင် စတင်ခဲ့၏။ အရာရှိဟောင်းများ၏ နေရာတွင် အရာရှိသစ်များက တဖြည်းဖြည်း အစားထိုးဝင်ရောက်လာ၏။

ဘေးအန္တရာယ် ကင်းရှင်းရေးအပြင် သတင်းပေါက်ကြားမှု ကိစ္စရပ်များအား အကြောင်းပြ၍ ဝူဘုရင်က အရာရှိဟောင်းများကို တန်ပြန် တိုက်ခိုက် နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

..................

ခေတ်ကာလတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းရှိသူများ ရှိကြပြီး ထိုသူတို့က နှစ်ပေါင်းများစွာ လွှမ်းမိုးထားလေ့ ရှိ၏။ မြောက်ဘက်ပိုင်း၌ ဝူဘုရင်က ရင့်ကျက်ကြီးထွားလာခဲ့၏။

တောင်ဘက်ပိုင်းတွင် ကျင်းမင်းသားက ကြယ်ပွင့်တစ်ပွင့်ပမာ ထိုးတက်လျက် ရှိနေ၏။ သူက အရှေ့တိုင်းလောကကြီး တစ်ခုလုံး၏ ကောင်းကင်ယံကို အလင်းရောင် ပေးစွမ်းနေသည်။

ယနေ့အချိန် ရွှဲ့ပြည်နယ်၏ နန်းတော်ကတော့ တကယ့်ကို လှုပ်ခတ်ခြောက်ခြားစရာပင် ဖြစ်၏။ ရွှဲ့ဘုရင် နင်ယွမ်ရှန်းက နာမကျန်း ဖြစ်လို့နေပြီး အိပ်ရာထဲလဲနေ၏။ အိမ်ရှေ့စံနှင့် တတိယမင်းသား နင်ချီတို့အကြား ထီးနန်းလုပွဲက တဖြည်းဖြည်း ပိုမိုကာ ပြင်းထန်လာ၏။

ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး ရာထူးအတွက် နှစ်ဖက်စလုံး ယှဉ်ပြိုင်ရန် အခွင့်အရေးကောင်းကို ရရှိထား၏။ မူလက အိမ်ရှေ့စံဘက်တော်သား ကျန်းကျိရှုက ဤရာထူး သေချာပေါက် ရရှိလိမ့်မည် ဖြစ်၏။ သို့ပေမည့် စစ်ဘက်ဆိုင်ရာ ရိက္ခာများ ပြန်လည်ရောင်းချသည့် အမှုတစ်ခု ပေါ်ပေါက်လာခဲ့၏။ အလုံးစုံ အားကိုး လေးစားမှုကို ရရှိထားသည့် ကျန်းကျိရှုကလည်း ထိုအမှုတွဲတွင် ပါဝင် ပတ်သက်နေ၏။ အိမ်ရှေ့စံ၏ ဘက်တော်သား အရာရှိ ဒါဇင်ပေါင်းများစွာ တို့ကလည်း ပါဝင်ပတ်သက်နေသည်။

ပြီးနောက် ပိုမိုတုန်လှုပ်စရာကောင်းသည့် စစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုကြီးက ပေါ်ပေါက် လာခဲ့ပြန်၏။ စစ်ဘက်အရာရှိဒါဇင်ပေါင်းများစွာက ထိုထဲတွင် ပါဝင်ပတ်သက်နေ၏။ အမှုက ကြီးသထက် ကြီးလာခဲ့၏။ ကျန်းရှစ်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးက နောက်တစ်ကြိမ် ရပ်ဆိုင်းသွားပြန်၏။

ဤကဲ့သို့ ရှုပ်ထွေးနေသည့် အခြေအနေမျိုးမှာပဲ ရှမ့်လန်၏ မိသားစု၌ သမီးလေးတစ်ယောက် မွေးဖွားလာခဲ့၏။ တကယ့်ကို သေးငယ်သည့် ကိစ္စရပ်လေးတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား အားလုံးသော သူတို့က အထူးတလည် အာရုံစိုက်လျက် ရှိသည်။

ရှမ့်လန်က ယခင်က ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့၏။ ယခု သူ့တွင် သမီးလေးတစ်ယောက် ရောက်ရှိလာခဲ့ပြီဖြစ်ရာ အရှင်မင်းကြီးက လက်ဆောင်ပဏာများ ပေးသနားမည်လား။ နောက်ဆုံးမှာတော့ ဘာတစ်ခုမှ မရခဲ့ချေ။

အရှင်မင်းကြီးက လက်ဆောင်မပေးသည့်အပြင် မိဖုရားကြီးပျံ့ပင်လျှင် ဤကိစ္စကို မသိသလို နေနေ၏။ မိဖုရားကြီးကျုံးက လက်ဆောင်ပေးချင်သော်လည်း ဘုရင်မင်းမြတ်က တားမြစ်ထားသည်ဟု သတင်းထွက်၏။ တကယ့်ကို အရပ်လေးမျက်နှာ တစ်ခုလုံးဆီ သတင်းက ပျံ့နှံ့နေ၏။

ရှမ့်လန်က ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို မခံရတော့ချေ။ အရှင်မင်းကြီးက ရှမ့်လန်နှင့် နင်ကျန်းတို့ကို စတေးရန် ဆုံးဖြတ်ထားခဲ့ပြီ ဖြစ်၏။ နယ်စပ်အမဲလိုက်ပွဲ ပြီးဆုံးသွားသည်နှင့် ဤလူနှစ်ဦးတို့က လုံးဝ အဆုံးသတ်သွားပေတော့မည်။

...........................

ရှမ့်လန်၏ အဖိုးတန်သမီးလေးက ရက် ၂၀ သားအရွယ်သို့ ရောက်ရှိလာခဲ့၏။ သူက တကယ့်ကို မခွဲနိုင် မခွာရက် ဖြစ်လို့နေ၏။ သို့ပေမည့် ဤကလေးပေါက်စက နေ့စဉ် စားလိုက်၊ အိပ်လိုက်သာ လုပ်၏။ တစ်နေ့တာ၏ အချိန်အများစုတွင် သူမက အိပ်နေရင်းနှင့်သာ ကုန်ဆုံး၏။ သို့သော် ကလေးနိုးလာသည့် အခြေအနေမျိုးမှာတော့ ရှမ့်လန်၏ ရင်ခွင်ထဲ၌ အစဉ်အမြဲ ရှိနေတတ်၏။

ဤသမီးငယ်လေးက မိခင်ဝမ်းထဲတွင်ရှိစဉ်က အလွန်ဆော့ကစားတတ်သူ တစ်ယောက်ဖြစ်သော်လည်း မွေးဖွားလာပြီး အပြင်ဘက်သို့ ရောက်ရှိချိန်မှာတော့ လိမ္မာပြီး ငြိမ်ငြိမ်သက်သက် ရှိ၏။ အချိန်အများစု၌ သူမက ရှမ့်လန်ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေတတ်ပြီး သူမ၏ နူးညံ့သိမ်မွေ့သည့် မျက်နှာလေးက တည်ကြည်လေးနက်၏။ သူမက လုံးဝ ငိုလေ့ငိုထ မရှိချေ။ ဝမ်းသွားရ ခက်ခဲသည့် အချိန်တွေမျိုးတွင်သာ တအီအီနှင့် ညည်းညူတတ်သည်။

လူတိုင်း သတိထားမိသည်မှာ ရှမ့်လန်က အိမ်တွင် ကလေးကို အစဉ်အမြဲပွေ့ချီလျက် ရှိနေကြောင်းပင်။ သူက မြောက်ပိုင်းအမဲလိုက်ကွင်းသို့ လုံးဝ သွားရောက်ခြင်းမရှိသလို ထိုနေရာမှ လေ့ကျင့်ရေးကိုလည်း ဂရုမစိုက်ချေ။

ယခုဆိုလျှင် လူတိုင်းက ပိုမိုရှင်းလင်းစွာ သိမြင်နေခဲ့ပြီ ဖြစ်၏။ ဤနယ်စပ်အမဲလိုက်ပွဲ ဆိုသည်က ရှမ့်လန်ကိုယ်တိုင်ပင် မျှော်လင့်ချက်ထားသည့် အရာမျိုး မဟုတ်တော့ချေ။ ရှမ့်လန်ကိုယ်တိုင်ပင် လက်လျှော့လိုက်ပြီ ဖြစ်၏။

အသုံးမကျသည့် လူ ၂၀၀၀ ကျော်ကို စုဆောင်းပြီး မြောက်ပိုင်းအမဲလိုက်ကွင်းရှိ စစ်တပ်စခန်းငယ်သို့ ပစ်ထည့်ထားခဲ့ပြီး လုံးဝလှည့်မကြည့်ခဲ့ချေ။

လီစွမ်းက သူခိုးတစ်ကောင်ကဲ့သို့ ခိုးကြောင်ခိုးဝှက်နှင့် အိမ်ထဲဝင်လာ၏။ အဘယ့်ကြောင့်ဆိုသော် အရှင်မင်းကြီးက ရှမ့်လန်ကို စတေးပစ်ပြီဟူသည့် အခြေအနေမျိုး ပေါ်ပေါက်ရန်အတွက် ခပ်စိမ်းစိမ်း နေပြသည်။

“ဩော်... ငါတို့ လူကြီးတွေက ဟန်ဆောင်ပြဇာတ် ကနေရတာ၊ ကလေးကတော့ မတရားခံနေရတာပဲ” လီစွမ်းက ကလေးလေးကို ရင်ခွင်ထဲသို့ ထည့်၍ ပြုံးကာ ပြောလိုက်၏။ သူ၏ ပုံစံက ရှမ့်လန်ထက်ပင် ပိုမိုက စနစ်ကျသေး၏။

ကလေးကို ရှမ့်လန် ပွေ့ချီထားစဉ်က သူမ၏ မျက်နှာလေးက ရန်သူတော်ကြီးကို ရင်ဆိုင်နေရသကဲ့သို့ အလွန်တည်ငြိမ်လေးနက်၏။ လီစွမ်း၏ ရင်ခွင်ထဲသို့ ရောက်သည့် အချိန်မှာတော့ လီစွမ်း၏ ရင်ခွင်က ပိုမိုကာ သက်တောင့်သက်သာ ရှိပုံပေါ်၏။ သက်တောင့်သက်သာဖြင့် အိပ်ချင်လာခဲ့သည့် ပုံပင်။ တကယ့်ကို အသည်းနှလုံးမရှိသည့် ကလေးမပင် ဖြစ်၏။ သူမ၏အဖေက တကယ် ချစ်မြတ်နိုးလွန်းသည်ကို လျစ်လျူရှုခဲ့သည်။

All Chapters