အခန်း (၅၄၀)
Vol. 36 Ch. 540
နောက်ဆုံးရလဒ်က မည်သို့ဖြစ်မည်နည်း။ အရူးလန်က ထိပ်ဆုံးမှ အောင်မြင်ခဲ့၏။ လန်ညီနောင် ၁၀ ယောက် လုံးက သိုင်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့၏။ ထိုအဖြစ်အပျက်၌ မင်းကြီးက အသုံးမကျသည့်လူတစ်ယောက် မဟုတ်ဘဲ အမြော်အမြင်ရှိသည့်၊ လူများကို အကဲခတ်တတ်သည့်၊ ကောင်းကောင်းမြင်တတ်သည့် ပညာရှိမင်းတစ်ပါး ဖြစ်သည်ဟု သက်သေပြလိုက်ခြင်းပင်။
နင်ယွမ်ရှန်းက တစ်လောကလုံး၏ မျက်နှာကို ဖြတ်ရိုက်ရသကဲ့သို့ပင် နှစ်ထောင်း အားရ ကျေနပ်ခဲ့၏။
သို့သော်ငြား ထိုအချိန်မှစ၍ သူ၏ ဂုဏ်သတင်းက ပိုမိုကာ ဆိုးရွားလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျန်သည့် မှူးမတ်အရာရှိတို့က သူတို့မှားယွင်းကြောင်း ထင်ရှားသွားခဲ့သသောကြောင့် အရှက်ကွဲခဲ့ကြသည်။
ထို့ပြင် ထိုပညာရှိအားလုံးက မှားယွင်းခဲ့သည် ဆိုသော်လည်း သူတို့က အမှားအမှန်ကို ဂရုမစိုက်ကြချေ။ သူတို့ မှားယွင်းခဲ့သောကြောင့် အရှင်မင်းမြတ်ကို ပိုမို၍ မုန်းတီးလာခဲ့ပြီး ရန်သူသဖွယ်ပင် သဘောထားလာကြ၏။ နင်ယွမ်ရှန်းက ဘုရင်တစ်ပါးဖြစ်သည့်အတွက် ပညာရှိနှင့် အရာရှိများက မလိုမုန်းထားကြသည် ဆိုသော်လည်း ဘာတစ်ခုမှ ပြုလုပ်နိုင်စွမ်း မရှိကြချေ။
သို့သော်ငြား သူတို့က လက်ရှိအချိန်တွင် ဘုရင်မင်းမြတ်၏ ဂုဏ်သတင်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ကြပြီ ဖြစ်၏။ လက်ရှိအချိန်တွင် နင်ယွမ်ရှန်းက ဖျားနာခဲ့၏။ ချက်ချင်းဆိုသလို ကောလာဟလများနှင့် အပုတ်ချမှုပေါင်း များစွာ ပေါ်ထွက်လာခဲ့သည်။ ဘုရင်မင်းမြတ်က လေဖြတ်တော့မည်။ မင်းကြီးက နေ့စဉ် မိန်းမ ၅ ယောက်နှင့် ပျော်ပါးနေသောကြောင့် လေဖြတ်ခြင်း ဖြစ်သည် စသဖြင့် သတင်းဆိုးများပင်။
တချို့ကဆိုလျှင် ဘုရင်မင်းမြတ်က ရှမ့်လန်ကို အလွန်ပင် မျက်နှာပေးသည်မှာ ရှမ့်လန်က ရုပ်ချော၍ဖြစ်ပြီး သူတို့နှစ်ယောက်ကြားတွင် ပြောပြ၍ မရနိုင်သည့် ဆက်ဆံရေးမျိုး ရှိနေသောကြောင့်ဟုပင် ဆိုကြ၏။ ဘုရင်မင်းမြတ်နှင့် မှူးမတ်တို့၏ ဆက်ဆံရေးဆိုသည်မှာ ထာဝရ ဤသို့ပင် ဖြစ်၏။ ဤသည်က မပြောင်းလဲ နိုင်သည့် အမှန်တရားမျိုးပင်။
လောကအလယ်ရှိမှူးမတ်များက ဘုရင်မင်းမြတ်ကို ကြိုးကိုင်ခြယ်လှယ်ချင်သည်။ သို့မဟုတ် ဘုရင်မင်းမြတ်က မှူးမတ်များကို ကြိုးကိုင်ခြယ်လှယ်ချင်သည်။ ဤနှစ်လမ်းသာလျှင် ရှိ၏။ အများအားဖြင့်တော့ အပြန်အလှန် ကြိုးကိုင်နေကြခြင်းပင်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက သူ၏ လက်အောက်ငယ်သားများကို ကစားရာတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ နန်းတက်လာသည့် နှစ် ၂၀ အတွင်း မရေမတွက်နိုင်သည့် အရာရှိများကသာ သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။ ထို့ကြောင့် သူက သေချာပေါက် ရက်စက်ပြီး ကျေးဇူးကန်းသူ တစ်ယောက်ပင်။ သို့ပေမည့် ယခုအခါမှာတော့ သူ၏ အခြေခံအားလုံးက အနည်းငယ် ယိုင်နဲ့လာခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သည့် ၂ လတုန်းက ဝန်ကြီးချုပ် ကျူးဟုန်ကျူးက မင်းကြီးဘက်မှ အပြည့်အဝ ရပ်တည်ကြောင်း ပြသခဲ့၏။ သို့သော်ငြား ထိုအရာက အချက်ပြလိုက်ခြင်းလည်း ဖြစ်၏။ ကျားကြီးတစ်ကောင် တောနက်ထဲတွင် ဟိန်းဟောက် လိုက်သကဲ့သို့ပင်။ များပြားလွန်းသော အရပ်ဘက်အရာရှိများက ကျူးဟုန်ကျူး နောက်သို့ လိုက်ပါသွားရသည်။
“အရူးလန်နဲ့ လန်ညီနောင်တို့က စာမေးပွဲအောင်သွားတာ ငါ့ကြောင့်လား၊ ငါက အဲဒီထဲက တစ်ယောက်လား။ စစ်ဘက်၊ အရပ်ဘက်အရာရှိတွေ အားလုံးကို ငါ စိတ်ညစ်ညူးအောင် လုပ်ခဲ့မိသလို ဖြစ်သွားတာပဲ”
ဘုရင်မင်းမြတ် သက်ပြင်းချလိုက်၏။ “ရယ်စရာကောင်းလိုက်တာ သူတို့ အမှားကြီး မှားနေတာ သိရက်နဲ့ ငါ့ကို အပြစ် ပုံချချင်နေတယ်။ သူတို့က အရည်အချင်းရှိတဲ့ လူတွေကို လစ်လျူရှုချင်နေတာလား။ ဒါမှမဟုတ် အထူးစာမေးပွဲကို သူတို့ကပဲ လက်ဝါးကြီးအုပ်ပြီး ခြယ်လှယ်ချင်နေတာလား”
‘အင်း.. သူတို့ လုပ်ချင်တာက ဒီလိုပါပဲ’
မိန်းမစိုး လီစွမ်းက စိတ်ထဲမှာ တွေးလိုက်သည် ဆိုသော်လည်း အသံထွက်တော့ မပြောရဲချေ။ မိန်းမစိုးများက နိုင်ငံရေးရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသောကြောင့်ပင်။
“အင်း... ငါ ဖျားနေတုန်းပဲ ရှိသေးတယ်။ လဲပြိုမသွားသေးဘူး။ ဒီအရာရှိတွေက ဘာလို့ မှီခိုစရာ သခင်သစ် တစ်ယောက်ကိုရှာဖို့ အဲလောက်ကြီး စိတ်လောနေရတာလဲ”
ဘုရင်မင်းမြတ်က မဲ့ပြုံးပြုံးလိုက်၏။ “ကြည့်... နန်းတွင်းမှာ ရှိနေတဲ့ ကြားနေအုပ်စု သုံးပုံတစ်ပုံလောက်က ငှက်တွေ၊ သားရဲတွေလို ကစဉ့်ကလျား ဖြစ်ကုန်ပြီ။ အားလုံးက သခင်သစ်ဆီ ခိုလှုံဖို့ ပြင်နေကြပြီ။ ငါဘာလုပ်မိလို့လဲ။ ဘာလို့ ငါ့ကို ဒီလောက် မုန်းပြီးတော့ ဆဲဆိုနေကြတာလဲ”
မင်းကြီးကို စိတ်အဆင်းရဲဆုံး ဖြစ်စေသူများက အိမ်ရှေ့စံနှင့် တတိယမင်းသား နင်ချီတို့ပင် ဖြစ်၏။ ယခင်က သူတို့နှစ်ယောက်က တိုက်ခိုက်ကြသည်ဆိုသော်လည်း တိတ်တဆိတ်သာလျှင် ဖြစ်၏။ ယှဉ်ပြိုင်ကြသည် ဆိုသော်လည်း အကွဲအပြဲ မဖြစ်ကြချေ။ ကောင်းမွန်သည့် ယှဉ်ပြိုင်မှုဟု ဆိုနိုင်သည်။
သို့ပေမည့် ယခုနင်ယွမ်ရှန်း ဖျားနာခဲ့ပြီးနောက် သူတို့နှစ်ဦး၏ အားပြိုင်မှုက ပိုမိုကာ ပြင်းထန်လာခဲ့၏။ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးရာထူးအတွက် အရာရှိ မည်မျှ ထောင်ကျပြီး ၊ မည်မျှပြည်နှင်ဒဏ် ပေးခဲ့ရသည်ကိုပင် မသိနိုင်တော့ချေ။ ထိုအရာက အန္တရာယ်ရှိသော အချက်ပြမှုပင်။
နိုင်ငံတွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ စတင်လာပါက သံသရာလည်သော စက်ဝန်းထဲသို့ ရောက်ရှိသွားနိုင်၏။ ဖွံ့ဖြိုး တိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းရေးရာ ကိစ္စရပ်အားလုံးကို ထိခိုက်ပေလိမ့်မည်။ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းက အရာအားလုံးကို ဝါးမျိုပစ်မည့် တွင်းနက်ကြီးတစ်ခုနှင့် ဆင်တူ၏။ ထိုအချိန်သို့ ရောက်လျှင် အမှားအမှန် ဟူ၍ ရှိတော့မည် မဟုတ်ချေ။ အုပ်စု နှစ်အုပ်စု အချင်းချင်း တိုက်ခိုက်ဖို့သာလျှင် ရှိ၏။
ယခု နင်ယွမ်ရှန်း နာမကျန်းဖြစ်သည့်အချိန်တွင် အုပ်စုဖွဲ့တိုက်ခိုက်မှုမျိုး စတင်ဖြစ်ပေါ်လာခဲ့၏။ ထို့အပြင် တိုက်ပွဲက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို မလေးစားကြောင်း ပြသနေခြင်းလည်း ဖြစ်၏။ အိမ်ရှေ့စံနှင့် တတိယမင်းသား တို့၏ ယှဉ်ပြိုင်မှုက နင်ယွမ်ရှန်းကို ဒိုင်လူကြီးအဖြစ်ထားပြီး မည်သူက ထီးနန်းဆက်ခံရန် သင့်တော်ကြောင်း အားပြိုင်ပြသခြင်းမျိုး ဖြစ်သင့်၏။ သို့ပေမည့် ယခုအခါမှာတော့ နှစ်ယောက်လုံးက အပြင်းအထန် တိုက်ခိုက်နေသောကြောင့် ဒိုင်လူကြီးဖြစ်သည့် နင်ယွမ်ရှန်းကို ဘေးဖယ်ထားသလိုပင် ဖြစ်ခဲ့သည်။
“သူတို့ နှစ်ယောက် တိုက်ခိုက်မယ်။ နိုင်တဲ့လူ အကုန်ယူမယ်။ အဲတော့ မင်းကြီးဖြစ်တဲ့ ငါက ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရမယ်လို့ ဆိုလိုတာလား”
စစ်ဘက်ရိက္ခာနှင့် ရန်ပုံငွေ အလွဲသုံးစားမှု မှုခင်းများ စတင်ပေါ်ပေါက်လာခြင်းက အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း၏ အစသာမက နင်ယွမ်ရှန်းကို စမ်းသပ်လိုက်ခြင်းလည်း ဖြစ်၏။ နင်ယွမ်ရှန်းက ထိုသူတို့ကို နှိမ်နင်းမလား၊ မနှိမ်နင်းဘူးလား ဆိုသည်ကို သူတို့က ကြည့်ချင်၏။
မင်းကြီးက နှိမ်နင်းရန် ရွေးချယ်ထားလျှင် အစွမ်းအစကို ထုတ်ပြရပေမည်။ မဟုတ်ပါက အရည်အချင်း မရှိသည့် ကြားဝင်ဖျန်ဖြေသူ တစ်ယောက်အဖြစ်သာ သတ်မှတ်ခံရပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် နင်ယွမ်ရှန်းက တကယ်တမ်း စိတ်ဆင်းရဲနေခြင်း ဖြစ်၏။
“ငါက ဩဇာအာဏာ ကင်းမဲ့သွားခဲ့ပြီလား”
သူက ဝူနိုင်ငံဘုရင်ကို တွေးမိ၏။ ထိုသူက သန့်စင်သည့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေခဲ့၏။ နင်ယွမ်ရှန်းက မနာလိုမဖြစ်ဘဲ မနေနိုင်ချေ။ ငယ်ရွယ်ရသည်မှာ ကောင်းမွန်လွန်းလှချေ၏။ သို့သော်ငြား နင်ယွမ်ရှန်းကတော့ ရက်စက်သူတစ်ယောက်လိုပင်။
“မင်းတို့က ငါ အိုပြီလို့ ထင်နေတာလား။ ငါ ဖျားပြီး အားနည်းနေတယ်လို့ ထင်နေတာလား။ ဒါဆိုရင် ငါ ဘယ်လောက် အိုမင်းအားနည်းကြောင်း မင်းတို့ကို ပြသရသေးတာပေါ့”
နယ်စပ်အမဲလိုက်ပွဲတွင် ရှမ့်လန်၏ စစ်သည်များ ထိုးဖောက်ထွက်ပေါ်လာမည့်အချိန်က သူ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိမည့် အချိန်ပင် ဖြစ်၏။ ထိုအချိန်သို့ရောက်လျှင် နင်ယွမ်ရှန်းက သူရဲကောင်းပီသစွာဖြင့် လောကကြီး၏ ရှေ့မှောက်ဆီသို့ တဖန်ပြန်လည်ကာ ထွက်ပေါ်လာပေလိမ့်မည်။
ဓားကိုကိုင်ပြီး နုပျိုချောမောသည့် လူတစ်ယောက်အဖြစ် ထွက်ပေါ်လာရပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လျှင် နင်ယွမ်ရှန်းအပေါ် သံသယရှိနေသည့်လူအားလုံးက ပျောက်ကွယ်သွားပေလိမ့်မည်။ လူတိုင်းက သူ၏ ဩဇာအာဏာအောက်တွင် နောက်တစ်ကြိမ် ပြန်လည်ကာ ဝပ်တွားခယ ရပေမည်။
နင်ယွမ်ရှန်းက မဲ့ပြုံး ပြုံးလိုက်၏။ “အင်း... ချင်ဘုရင် အာယုခန် သေတုန်းက ဘယ်သူကမှ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးခြင်း မရှိဘူး။ အလောင်းကိုလည်း ဘယ်သူမှ ဂရုမစိုက်ကြဘူး။ စားပွဲပေါ်မှာ ဒီအတိုင်း ပစ်ထားပြီး ပုတ်ပွသွားစေခဲ့တယ်။ အဲဒီတုန်းက ငါ သူ့ကို လှောင်ရယ်ခဲ့ဖူးတယ်။ အခုတော့ ငါ့သားတွေကလည်း သိပ်ပြီးမထူးပါလား”
လီစွမ်းက မဖြေရဲချေ။ ထိုအချိန်မှာတော့ မင်းကြီးက လူတစ်ယောက်ကို သတိရလိုက်မိ၏။ သူ၏ ပဉ္စမသားတော် နင်ကျန်းပင် ဖြစ်သည်။ ‘ဒီသားရဲ့ တည်ကြည်ပြီး ကြင်နာတတ်တဲ့ စိတ်ထားက မကောင်းဘူးလား’
ဤသည်မှာတော့ နင်ယွမ်ရှန်း၏ နှလုံးသားထဲတွင် နင်ကျန်းကို ပထမဦးဆုံးအကြိမ်ဖြင့် အလေးအနက်ထား စဉ်းစားခဲ့မိခြင်းပင် ဖြစ်၏။
“အရှင်မင်းကြီး... ရေနက်တပ်ဖွဲ့က သခင်ကြီးရန်အီ ရောက်ရှိလာကြောင်းပါ”
ခဏအကြာမှတော့ ရေနက်တပ်ဖွဲ့မှ အကြီးအကဲ ရန်အီက ဝင်ရောက်လာ၏။ သူက ဒူးတစ်ဖက်ထောက်ကာဖြင့် အရိုအသေ ပေးလိုက်သည်။ “အရှင်မင်းကြီး.. ကျုပ် ထပ်ပြီး ကျရှုံးခဲ့ပါပြီ”
ဘာကို ကျရှုံးသနည်း။ ကျင်းမင်းသားကို လုပ်ကြံခြင်းပင် ဖြစ်၏။ ကျင်းမင်းသား သဲကန္တာရ လူရိုင်းများကို မစည်းရုံးနိုင်စေရန် နင်ယွမ်ရှန်းက နည်းလမ်းပေါင်းစုံ သုံးကာ တားဆီးခဲ့၏။ သပ်လျှိုခြင်း၊ လာဘ်ထိုးခြင်း၊ လုပ်ကြံခြင်း စသဖြင့် အမျိုးစုံလှ၏။
သို့သော်ငြား ရေနက်တပ်ဖွဲ့ဝင်များက သဲကန္တာရ လူရိုင်းမျိုးနွယ်ကြားထဲတွင် အလွန်အားနည်းလို့နေသေး၏။ ထို့ကြောင့် ကျင်းမင်းသားအား လုပ်ကြံရန် အနည်းဆုံး စစ်သည် တစ်ရာခန့်က ကြိုးစားခဲ့သည် ဆိုသော်လည်း အရာအားလုံးက ကျရှုံးခဲ့သည်။
မဟာပညာရှင် ရန်နန်းဖေးကိုယ်တိုင် လှုပ်ရှားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ကျင်းမင်းသား၏ သိုင်းပညာက တကယ့်ကို မြင့်မားလွန်းပြီး သူ၏ ဘေးတွင် သဲကန္တာရလူရိုင်းမျိုးနွယ်စုများနှင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်များ တည်ရှိနေခဲ့၏။
“အရှင်မင်းကြီး... စစ်ပြင်တာပဲ ပိုကောင်းမယ်နဲ့ တူတယ်။ သာမန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကျင်းမင်းသားကို တားဆီးလို့ရမှာ မဟုတ်ပါဘူး” ရန်အီက လျှောက်တင်လိုက်သည်။
နင်ယွမ်ရှန်းက မျက်လုံးမှိတ်ပြီး ကျင်းမင်းသား အကြောင်းကို ပြန်ပြောင်းစဉ်းစားလိုက်၏။ မိမိ၏ မွေးစားသားက ကောင်းကင်ကို အာခံနိုင်စွမ်း ရှိသည့် ပါရမီမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။ “အင်း... စစ်ပြင်ကြတာပေါ့”
လွန်ခဲ့သည့်နှစ်လက နန်အိုနိုင်ငံ နယ်စပ်တွင် စစ်သည်ပေါင်းတစ်သိန်းခွဲ ထပ်ဖြည့်ရန် လိုအပ်ကြောင်း ကျန်းချုံးက ပြောခဲ့၏။ ထိုစဉ်က ချဲ့ကားပြောသည်ဟု ထင်ရသော်လည်း ယခုအခါမှာတော့ လုံးဝ ချဲ့ကားထားခြင်း မဟုတ်ကြောင်း သိသာလာခဲ့၏။
သို့သော်ငြား စစ်သည်ပေါင်း တစ်သိန်းခွဲကို နင်ယွမ်ရှန်းက မည်သည့်နေရာက ရှာရမည်နည်း။ ရှိသမျှ ပုံအောလျှင်ပင် နန်အိုစစ်မြေပြင်သို့ နောက်ထပ် စစ်သည်ပေါင်း ရှစ်သောင်းခန့်ကိုသာ ပို့နိုင်၏။ ထိုသို့ပို့လျှင် မြောက်ဘက်စစ်မျက်နှာပြင်ရှိ ပျံ့ရှောင်း၏တပ်၊ နန်ကုန်းအို၏တပ်နှင့် တတိယမင်းသား နင်ချီ၏ စစ်သည် သောင်းဂဏန်းသာလျှင် ကျန်ရှိတော့မည်။ မြောက်ဘက်စစ်မျက်နှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီး မြို့တော် ကာကွယ်ရေးကလည်း အားနည်းသွားပေလိမ့်မည်။
“မြောက်ဘက်စစ်မျက်နှာ ကာကွယ်ရေးကို ပျံ့ရှောင်းဆီ လွှဲပေးလိုက်ရင် သူ ကာကွယ်နိုင်ပါ့မလား” နင်ယွမ်ရှန်းက မေးလိုက်သည်။
ရန်အီက တိတ်ဆိတ် သွားခဲ့၏။ “မသိပါဘူး အရှင်မင်းကြီး... ဒါပေမယ့် မင်းကြီး ပျံ့ရှောင်းက တိုက်စစ် ဆင်တာ ကောင်းတယ်ဆိုပေမဲ့ ခံစစ်မှာတော့ သိပ်ပြီး အားမကောင်းပါဘူး”
ပြဿနာကြီးပင် ဖြစ်၏။ နန်ကုန်းအို၏ စစ်သည် ငါးသောင်းကို ရွှေ့လိုက်သည်နှင့် ထျန်းဖေးစီရင်စုကို မည်သူက ကာကွယ်တော့မည်နည်း။ ပြီးနောက် ဘဏ္ဍာရေး ပြဿနာ။ စစ်သည်ပေါင်း ရှစ်သောင်းကို နန်အိုနိုင်ငံထဲသို့ ပို့လိုက်လျှင် ကုန်ကျစရိတ် မည်မျှရှိမည်နည်း။
မိန်းမစိုး လီစွမ်းက သက်ဆိုင်ရာ အစီရင်ခံစာများကို ကမ်းပေးလိုက်၏။ နင်ယွမ်ရှန်းက အသာပင် ဖွင့်ကြည့်လိုက်ကာ သူ၏ လက်များပင် တုန်ယင်သွားခဲ့၏။ ရွှေဒင်္ဂါး စုစုပေါင်း သုံးသန်းခွဲကျော် ကုန်ကျမည် ဖြစ်ပြီး ထိုအရာက ရွှဲ့ပြည်နယ်၏ တစ်နှစ်စာ အခွန်နီးပါးပင်။ ယင်ယွမ်အဖွဲ့အစည်းထံမှ ထပ်မံ ချေးငှားရပေဦးမည်။ သို့သော် အကြွေးဟောင်းကိုပင် မဆပ်ရသေးချေ။ အကြွေးသစ်က ထပ်တင်တော့မည်လား။
“အရှင်မင်းကြီး... မင်းသမီး နင်ကျဲ့က ဝင်ခွင့်ပြုပါလို့ တောင်းဆိုနေပါတယ်”
နင်ကျဲ့က ဝင်လာခဲ့၏။
“ယင်ယွမ်အဖွဲ့အစည်းက ဘယ်လောက် ချေးမယ်တဲ့လဲ” နင်ယွမ်ရှန်းက တည့်တိုး မေးမြန်းလိုက်သည်။
“ရွှေဒင်္ဂါး သုံးသန်းခွဲ ချေးပါမယ်”
နင်ယွမ်ရှန်းက မယုံကြည်နိုင်အောင် ဖြစ်သွား၏။ ယင်ယွမ် အဖွဲ့အစည်းက ဤမျှလောက် ရက်ရောသည်လား။
“ဒါပေမယ့် ယင်ယွမ်အဖွဲ့အစည်းရဲ့ ရှုပိုတောက်က အရှင်မင်းကြီးနဲ့ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးချင်ပါတယ်တဲ့”
တစ်နာရီအကြာမှာတော့ ရှုပိုတောက် ရောက်ရှိလာခဲ့၏။ သူက အသက် ၇၀ ကျော်ဖြစ်ပြီး ရွှဲ့ပြည်နယ်၏ ယင်ယွမ်အဖွဲ့အစည်းကို နှစ်ပေါင်း ၂၀ ကျော် ဦးစီးလာသူ တစ်ယောက်ပင်။
“ယင်ယွမ်အဖွဲ့အစည်းရဲ့ ဒီချေးငွေအတွက် သီးခြား သတ်မှတ်ထားတဲ့အချက်တွေက ဘာတွေလဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။
“အင်း.. ဖန်လုပ်နည်း နည်းစနစ်ပါပဲ”
ရှုပိုတောက်က တကယ်ပင် တည့်တိုးဆန်၏။ “အရှင်မင်းကြီး... ရှမ့်လန်က အရှင်မင်းကြီးအပေါ်မှာ သစ္စာရှိပါတယ်။ အရှင်မင်းကြီးသာ တောင်းဆိုမယ်ဆိုရင် ဖန်လုပ်နည်း နည်းစနစ်ကို သေချာပေါက် ပေးပါလိမ့်မယ်။ အဲဒီနည်းလမ်းကိုသာ ရရင် ယင်ယွမ်အဖွဲ့အစည်းက ရွှေဒင်္ဂါး သုံးသန်းခွဲကို အတိုးမဲ့ ချေးမယ့်အပြင် အရင်အကြွေးဟောင်း ရွှေဒင်္ဂါး နှစ်သန်းကိုပါ လျှော်ပေးပါမယ်”
မက်လောက်စရာ ကမ်းလှမ်းမှုပင် ဖြစ်၏။ သို့သော်ငြား အခမဲ့ဟူသည် ဈေးအကြီးဆုံးအရာ ဖြစ်၏။ သူ ပေးဆပ်ရမည်က သူနှင့် ရှမ့်လန်တို့ကြားတွင် ရှိနေသည့် ယုံကြည်မှု ဖြစ်၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ အမြင်တွင် သူနှင့် ရှမ့်လန်တို့၏ ကြားရှိ ယုံကြည်မှုက ရွှေဒင်္ဂါး သန်းပေါင်းများစွာထက် ပိုမိုကာ တန်ဖိုးကြီးသည်။
ဘုရင်မင်းမြတ်၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားခဲ့၏။ “ဒါဆိုရင်တော့ မလိုတော့ဘူး။ ကျေးဇူးပါပဲ အကြီးအကဲရှု။ ဧည့်သည်ကို ပြန်လိုက်ပို့လိုက်ကြ”
ဧည့်သည်ပြန်သွားပြီးနောက် နင်ယွမ်ရှန်းက မဲ့ပြုံးပင် ပြုံးလိုက်သည်။ “လူတိုင်းက ငါ အိုနေပြီ။ အားနည်းနေပြီ ဆိုပြီး ငါ့ကို အနိုင်ကျင့်ချင်ကြတယ်။ ရှမ့်လန်ကို သွားပြောလိုက်။ ကြိုးကြိုးစားစား လုပ်လို့၊ ငါတို့နှစ်ယောက်လုံး သူများ အထင်သေးတာ မခံရအောင် လုပ်လို့”
မိန်းမစိုး လီစွမ်း ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် သူက လှမ်းပြောလိုက်၏။ “နေပါတော့။ သူ့ကို သွားပြောစရာ မလိုဘူး။ ဒါကို သူကောင်းကောင်း သိမှာပါ။ လီစွမ်း... နန်ကုန်းအိုဆီ အမိန့်ပေးလိုက်။ စစ်သည် ငါးသောင်းကို စုဆောင်းပြီး နန်အိုစစ်မြေပြင်ဆီကို ချီတက်ဖို့ ပြင်ဆင်ခိုင်းလိုက်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
“ရှမ့်လန်၊ နင်ကျန်း မင်းတို့နှစ်ယောက် ကမ္ဘာလောကကြီးကို တုန်လှုပ်စေမယ့် အံ့ဖွယ်စွမ်းဆောင်ရည်မျိုးကို ပြသရမယ့် အချိန် ရောက်လာပြီ။ ငါ ဒါကို စောင့်မျှော်နေမယ်”
ထိုအချိန်သို့ရောက်လျှင် သူက တောနက်ထဲ၌ တဖန်ပြန်လည် ဟိန်းဟောက်ပြရပေလိမ့်မည်။
..........................
မြောက်ပိုင်း အမဲလိုက်ကွင်း
ထိုနေရာက နေ့စဉ် အစားအစာနှင့် အသားများပြား ကုန်ကျသည့်နေရာ ဖြစ်၏။ သွေးမျိုးဆက် ပြောင်းလဲ ထားသူများက သွေးမျိုးဆက် ပြောင်းလဲသွားခဲ့ပြီးနောက် စားချင်သောက်ချင်စိတ်များ ပိုမိုကာ ကြီးလာခဲ့၏။ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းများလည်း သာမန်စစ်သည်များထက် ၅ ဆထက် ပိုများခဲ့သောကြောင့်ပင်။
တစ်နေ့လျှင် အစာပိဿာ ၂၀၀၊ အသား ၃ ပိဿာ၊ သစ်သီးဝလံ ၅ ပိဿာကို စား၏။ သို့သော်ငြား ထိုသူတို့က ဗိုက်ရွှဲ မလာခဲ့ကြချေ။ အားလုံး၏ ကြွက်သားများက သံမဏိကဲ့သို့ပင် မာကျောနေ၏။ ယခုအခါမှာတော့ သူတို့၏ လက်ထဲ ကိုင်ထားခဲ့သည့် ဓားရှည်များက ပိဿာ ၂၆၀ ကျော်ခန့် လေးလံနေပြီ ဖြစ်၏။
သာမန်စစ်သားများ မပြောနှင့် မည်သူကမှ ဤမျှ လေးလံသည့် ဓားများကို ကိုင်၍ ရူးရူးမူးမူး စစ်တိုက်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ဤသွေးမျိုးဆက် ပြောင်းလဲထားသူများက ထိုဓားဖြင့် တစ်နေ့လျှင် အကြိမ်ပေါင်း နှစ်သောင်းခန့် ဓားကို ဝှေ့ယမ်းကာ လေ့ကျင့်ကြ၏။ ညတွင်လည်း ၆ နာရီခွဲခန့် လေ့ကျင့်ရသေး၏။ ၃၅၀ ပိဿာ လေးသည့် ဝန်ကို ထမ်းပြီး မိုင် ၁၅၀ ခရီးကို ၆ နာရီခွဲအတွင်း လမ်းလျှောက်ရခြင်း ဖြစ်၏။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၁၂ ကီလိုမီတာ နှုန်းပင် ဖြစ်သည်။
ဤသည်က လေ့ကျင့်ခန်း တစ်ခုသာလျှင် ဖြစ်သည်။ ဤကဲ့သို့ ပြင်းထန်သည့် လေ့ကျင့်ခန်းမျိုးက တစ်ခါမှ ရှိခဲ့ဖူးလိမ့်မည် မဟုတ်ချေ။ စစ်သည်များကို လေ့ကျင့်ပေးခြင်းနှင့် မတူဘဲ နတ်ဆိုးများကို လေ့ကျင့်ပေးခြင်းနှင့် ဆင်တူ၏။
သို့သော်ငြား လူ ၂၃၀၀ ကျော်တို့တွင် မည်သူတစ်ဦးမှ နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိချေ။ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်နေသည်လား ထင်ရလောက်အောင်ပင်။ ဤကဲ့သို့ ပြင်းထန်လွန်းသည့် လေ့ကျင့်ခန်းများကို အကြိမ်ကြိမ် ပြီးမြောက်အောင် လုပ်ဆောင်လျက် ရှိနေကြသည်။