အခန်း (၅၄၁)
Vol. 36 Ch. 541
ရှမ့်လန်က အစားအစာ၊ အသားများသာမက ဆေးဖက်ဝင်အပင်များကိုလည်း အသုံးပြု၏။ နေ့စဉ် လေ့ကျင့်ပြီးနောက် သူတို့က ကြွက်သားနှင့် သွေးကြောများ ပြန်လည်ကောင်းမွန်လာစေရန် ဆေးရည်စိမ်ကန် ထဲတွင် တစ်နာရီခန့် စိမ်ကြရ၏။ ထို့ကြောင့် ဤစစ်တပ်ကြီးက ရွှေဖြင့် ပြုလုပ်ထားသည်ဟုပင် ဆိုနိုင်၏။ ဤလူစုက လစာယူရန် မလိုသော်လည်း ရှမ့်လန်က နေ့စဉ် ပျမ်းမျှ ငွေဒင်္ဂါး ၂၀၀၀ ကျော် သုံးစွဲနေရ၏။
သွေးမျိုးဆက် ပြောင်းလဲခြင်းကို ခံထားရသူ ဝမ်တ၊ သူက ညစဉ်ညတိုင်း အိပ်မပျော်နိုင် ဖြစ်လို့နေခဲ့၏။ ပင်ပန်းလွန်း၍ မဟုတ်ဘဲ စိတ်လှုပ်ရှားလွန်းသောကြောင့်ပင် ဖြစ်၏။ သူဘာပဲလုပ်လုပ် အလွန်အမင်း အာရုံစူးစိုက်တတ်ပြီး ဓားကစားသည့် အချိန်တွင်လည်း ထိုနည်းလည်းကောင်းပင်။ စုစုပေါင်း ဓားကွက် ၃ ကွက်သာ ရှိသော်လည်း သူက အကြိမ်သန်းပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးပြီ ဖြစ်၏။
ထိုအရာကို လေ့ကျင့်လိုက်သည့် အချိန်တိုင်း အသိအမြင် အသစ်တစ်ခုခုကို ရရှိနေသကဲ့သို့ ခံစားရ၏။ ခွန်အား၊ အမြန်နှုန်း၊ ထောင့်ချိန်ဆမှုဆိုင်ရာ အသိအမြင် အားလုံးပင်။ သူ၏စိတ်ထဲတွင် ဓားသွား ဖြတ်သန်းသွားရာ လမ်းကြောင်း၊ နေရာလိုက် ရှိရမည့် ခွန်အားနှင့် အမြန်နှုန်းတို့ကို ပုံဖော်ကြည့်၍ပင် ရသည်။
ထိုတင်သာ မကသေးချေ။ သူနှင့် ကျန်သည့် ညီအစ်ကို အားလုံးတို့က နေ့စဉ် လူ၏ခန္ဓာကိုယ် တည်ဆောက်ပုံ၊ သတ္တုအမျိုးမျိုး၏ သိပ်သည်းဆနှင့် မာကျောမှု၊ စစ်မြင်းများ၏ ခန္ဓာဗေဒ၊ အရိုးများ၏ မာကျောမှု စသည့် အရာများကိုလည်း လေ့လာကြရ၏။
ထိုလေ့လာမှုအားလုံးတို့၏ ရည်ရွယ်ချက်က တစ်ခုတည်းသာလျှင် ရှိ၏။ အနည်းဆုံးသော ခွန်အား၊ အတိုတောင်းဆုံးသော အချိန်တွင် ရန်သူကို ခါးလယ်မှ ပိုင်းဖြတ်နိုင်ရန်၊ ရန်သူ၏ စစ်မြင်းကို ပိုင်းဖြတ်ရန်သာ ဖြစ်၏။ ယခုအခါမှာတော့ တစ်နေ့လျှင် ၁၈ နာရီကျော် လေ့ကျင့်ရသည်။
ယုတ္တိဗေဒအရ ပြောရမည် ဆိုလျှင် သူက အလွန်ပင် ပင်ပန်းနွမ်းနယ်နေသင့်၏။ သို့သော်ငြား အိပ်ရာဝင်သည့် အချိန်တွေပင်လျှင် သူ့စိတ်ထဲတွင် ထပ်တလဲလဲ ထပ်မံကာ လေ့ကျင့်နေမိသေး၏။ တခြားသော သူများဆိုလျှင် ဤမျှ ပျင်းစရာကောင်းသည့် လေ့ကျင့်မှုကို စွန့်လွှတ်ထားခဲ့သည်မှာ ကြာမြင့်လောက်ပြီ ဖြစ်၏။ ရိုးရှင်းသည့် ဓားကွက်များမှတဆင့် တိုက်ပွဲ၏ အနှစ်သာရကို နားလည်ဖို့ ဆိုသည်မှာ ဝေးလာဝေးပင် ဖြစ်ပေလိမ့်မည်။
သို့သော်ငြား သွေးမျိုးဆက် ပြောင်းလဲထားသူများကတော့ လုပ်နိုင်စွမ်း ရှိ၏။ ယခင်ကဆိုလျှင် ကောင်းကင်ပေါ်မှ တိမ်တိုက်များ ရွေ့လျားပြောင်းလဲနေပုံကိုပင်လျှင် တစ်နေ့ကုန် ထိုင်ကြည့်နေသည့် လူများ ဖြစ်သောကြောင့်ပင်။ ထပ်တလဲလဲ ဓားတစ်ကွက်တည်းကိုသာ ကစားခြင်းက ပြောနေစရာပင် မလိုတော့ချေ။
“အင်း... လူတွေက အိပ်စရာသာ မလိုဘူးဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ အဲဒါဆိုရင် ငါ အချိန်ပြည့် လေ့ကျင့်နေလို့ရပြီ။ ငါက အရမ်းကို ထုံထိုင်းတာပဲ။ ငါ့ရဲ့ ရလဒ်တွေက သိပ်ပြီး ညံ့နေသေးတယ်”
...........................................
တစ်ကယ်တမ်းမှာတော့ ဤလူစု၏ ရလဒ်များက အလွန့်အလွန်ကို ကောင်းမွန်နေပြီ ဖြစ်၏။ တရှိန်ထိုး တိုးတက်လာခဲ့၏။ သွေးမျိုးဆက် စတင် ပြောင်းလဲချိန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကြီးမားသည့် ပြောင်းလဲ တိုးတက်မှုများကို ရရှိခဲ့၏။ လန်ညီနောင်များကဲ့သို့ ပါရမီရှင်ဆန်ဆန် တိုးတက်ပြောင်းလဲလာခဲ့ခြင်း မဟုတ်ဘဲ အလွန်ခိုင်မာသည့် အခြေခံအုတ်မြစ်ဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်၏။ သွေးနှင့်ချွေးများ ရင်းကာ တစ်ဆင့်ချင်း တက်လှမ်းခဲ့ကြခြင်းပင်။
လန်ညီနောင်များက နာကျည်းမှု၏ ကြိမ်ဒဏ်အောက်မှာ အစွမ်းကုန် ကြိုးစား လေ့ကျင့်ခဲ့ရ၏။ သို့သော်ငြား ဤသွေးမျိုးဆက် ပြောင်းလဲထားသည့် လူပေါင်း ၂၃၀၀ ကျော်တို့က မိမိကိုယ်ကိုယ် ပြိုင်ဆိုင်ကာ အစွမ်းကုန် ကြိုးစားခဲ့ကြ၏။
နာကျည်းမှုကပင်လျှင် သူတို့ကို အမြဲတမ်း ထိန်းချုပ် တားဆီးထားခဲ့ရ၏။ သို့မဟုတ်ပါက ဤလူစုက အိပ်ပင် မအိပ်ဘဲ ဆက်တိုက် လေ့ကျင့်နေကြလိမ့်မည် ဖြစ်သောကြောင့်ပင်။
သူတစ်ပါး၏ အမြင်မှာတော့ ထိုသူတို့က ငတုံးများနှင့် ဆင်တူ၏။ ထောင့်ဖြတ်ခုတ်ချက် တစ်ခုတည်းကိုသာ ငြီးငွေ့ခြင်း မရှိဘဲ အကြိမ် သန်းနှင့်ချီကာ လေ့ကျင့်နေနိုင်ကြ၏။ အချိန်ကာလအားဖြင့် သုံးလသာလျှင် ရှိသေးသည် ဆိုသော်လည်း သူတို့၏ လေ့ကျင့်မှုက သာမန်စစ်သည်များ၏ လေ့ကျင့်မှုထက် နှစ်ဆ ပိုမိုကာ များပြားနေ၏။ သွေးမျိုးဆက် ပြောင်းလဲပြီးနောက် သူတို့က ပါရမီရှင်များ မဟုတ်ကြသော်လည်း သေချာပေါက် အကြိုးစားဆုံးသော လူများ ဖြစ်ပေလိမ့်မည်။
……….
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး ၃ လပြည့်ခဲ့၏။ နယ်စပ် အမဲလိုက်ပွဲ ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့၏။ ယနေ့က နောက်ဆုံးနေ့ပင် ဖြစ်၏။ လူတိုင်းက နောက်ဆုံး စစ်ဆေးမှုကို ခံယူရ၏။ စစ်ဆေးမှု အကြောင်းအရာက ရိုးရှင်း၏။ လူတိုင်းက ၅၀ ကီလိုဂရမ် လေးသည့် ဓားကြီးကို အသုံးပြုပြီး သစ်ပင်ကို ခုတ်ပိုင်းရပေလိမ့်မည်။ တစ်ပေခန့် လုံးပတ်ရှိသည့် သစ်ပင်ကို ဓားချက် တစ်ချက်တည်းနှင့် ထောင့်ဖြတ် ပိုင်းဖြတ်ရမည်။
“အဓိက နယ်စပ်အမဲလိုက်ပွဲမှာ လူအင်အား ၂၀၀၀ ပဲ စေလွှတ်မှာ ဖြစ်လို့ လူ ၃၀၀ ကျော်က ကျန်ခဲ့ရလိမ့်မယ်။ မင်းတို့ တစ်ယောက်ချင်းစီတိုင်းမှာ ဓားတစ်ချက်ပဲ ခုတ်နိုင်ဖို့ အခွင့်အရေး ရှိတယ်။ တစ်ပေ လုံးပတ်ရှိတဲ့ သစ်ပင်ကို ပြတ်အောင် မခုတ်နိုင်ဘူးဆိုရင် ဖယ်ရှားခံရတဲ့ စာရင်းထဲကို ရောက်မယ်”
ဤစစ်ဆေးမှုက တကယ်ပင် တင်းကျပ်လွန်း၏။ တစ်ပေလုံးပတ်ရှိသည့် သစ်ပင်ကို ဓားတစ်ချက် တည်းဖြင့် ခုတ်ပိုင်းရန် ဆိုသည်မှာ ခွန်အား၊ အမြန်နှုန်း၊ ထောင့်ချိန်ဆမှု အလွန်တိကျရန် လိုအပ်၏။
ဝမ်တက ပထမဦးဆုံး စစ်ဆေးခံရသူ ဖြစ်၏။ သူက ဓားကြီးကို မြှောက်၍ အသက်ပြင်းပြင်း ရှူသည်။
“ဂျိမ်း”
ပြီးနောက် ပြင်းထန်စွာ ခုတ်ချလိုက်၏။ တိမ်တိုက်များ ရွေ့လျားသွားခဲ့ပြီး ရေများ စီးဆင်းသွားသကဲ့သို့ပင် အရာအားလုံးက ချောမွေ့ခဲ့၏။ တစ်ချက်တည်းနှင့် ပြတ်တောက်သွားခဲ့၏။
ဒုတိယ လီကုန်းကျီ တက်လာခဲ့သည်။
“ဘုန်း”
တစ်ချက်တည်းနှင့် ပြတ်သွားပြန်၏။
တတိယလူ၊ စတုတ္ထလူ၊ ပဉ္စမလူ ..... ။
နာရီအနည်းငယ် ကြာသည့် အချိန်မှာတော့ ရှမ့်လန်က အလုံးစုံ ကြက်သေ သေလျက် ရှိ၏။ လူပေါင်း ၂၃၀၀ ကျော်လုံးက အောင်မြင်ခဲ့၏။ အားလုံးက ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်ခြင်းကို အောင်မြင်ကြသည်။
“ကောင်းတယ်။ ဒီလူတွေက သဘာဝလွန်လူတွေပဲ။ ဒီပုံစံတိုင်းဆိုရင် မျက်စိမှိတ်ပြီး တိုက်မယ်ဆိုရင်တောင် နယ်စပ် အမဲလိုက်ပွဲကို သေချာပေါက် အနိုင်ရရှိနိုင်မှာပဲ”
ကြီးမားသည့် လုပ်ငန်းကြီးကို ပြုလုပ်သည့်အချိန်တွင် မတော်တဆဖြစ်ပွားရသည့် ကိစ္စရပ်များက ရှောင်လွှဲ၍ ရနိုင်သည့်အရာမျိုး မဟုတ်ပေ။ ထိုသို့ဖြစ်ပွားခဲ့သည်ဆိုလျှင်တောင်မှ သဘာဝ၏ သဘောတရားပင် ဖြစ်၏။ လူတစ်ရာတွင် တစ်ယောက်လောက် အမှားအယွင်း ပါလာခြင်းက ပုံမှန်အကြောင်းအရာပင်။
သို့သော်ငြား လူပေါင်း နှစ်ထောင့်သုံးရာကျော်တို့တွင် မည်သူတစ်ဦးတစ်ယောက်ကမှ အမှားမလုပ်ခဲ့ကြချေ။ အားလုံးက အောင်မြင်ခဲ့ကြ၏။ ဤသည်က အံ့အားသင့်စရာကောင်းလွန်းနေ၏။
ထို့အတူ အကျိုးအကြောင်း ဆီလျော်မှုကလည်း ရှိနေပြန်၏။ ဉာဏ်ကြီးရှင်များ တက်ရောက်သည့်အတန်းမှ စာမေးပွဲရလဒ်နှင့် တူညီ၏။ ကျောင်းသား ဒါဇင်ပေါင်း များစွာတို့က ရာနှုန်းပြည့် ရမှတ်တစ်ရာနီးပါး ပြည့်မီရန် ခက်ခဲသော်လည်း အကုန်လုံး ရှစ်ဆယ် ရာခိုင်နှုန်းကျော် ရရှိဖို့ဆိုသည်မှာ လွယ်ကူ၏။ ယခု ရှေ့မှောက်ရှိ စစ်သည်များကလည်း ဉာဏ်ကြီးရှင်များ မဟုတ်သော်လည်း ထိုသူတို့ နီးပါးခန့် အားကောင်းသည်။
ထို့ကြောင့် ရှမ့်လန်နှင့် နာကျည်းမှုတို့က အကျပ်ရိုက်သွားခဲ့ကြ၏။
မည်သို့ လုပ်မည်နည်း။ နယ်စပ် အမဲလိုက်ပွဲတွင် လူနှစ်ထောင်သာ ပါဝင်ခွင့်ရှိ၏။ ထို့ကြောင့် မဲနှိုက်ရွေးချယ်ခြင်းမှ လွဲ၍ တခြားနည်းလမ်း မရှိတော့ချေ။ မဲနှစ်ထောင်နှင့် မဲအလွတ် သုံးရာကျော်တို့ ရှိ၏။ မဲအလွတ်ကို နှိုက်မိသူများက အရံလူများအဖြစ် နေရပေတော့မည်။
ရှမ့်လန်က ထိုသူတို့၏ရှေ့တွင် လဲပြိုလျက်ရှိနေသည့် သစ်ပင်ပေါင်းရာချီကို ကြည့်ပြီး ရုတ်တရက် မေးမြန်းလိုက်၏။ “ဒီသစ်ပင်တွေ ဒီလိုကြီးလာဖို့ လွယ်ကူခဲ့မှာ မဟုတ်ဘူး”
နင်ကျန်း၏ ဘေးတွင် ရှိနေသည့် မိန်းမစိုးအိုကြီးက ပြောလိုက်သည်။ “ဒီသစ်ပင်ကို အရှင်မင်းကြီးရဲ့ ဘိုးတော်ဘုရား လက်ထက်ကတည်းက စိုက်ပျိုးခဲ့တာလေ။ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မင်းကြီးကိုယ်တိုင် စိုက်ခဲ့တဲ့ သစ်ပင် တစ်ဒါဇင်လောက် ရှိနေသေးတယ်။ ဒါက တော်ဝင်သစ်တောလို့ သတ်မှတ်လို့ရတယ်”
ရှမ့်လန်က မျက်လုံးပင် ပြူးသွားမိ၏။ “ဒါဆိုရင် ဒီကိစ္စကို ကျုပ်တို့ အရှင်မင်းကြီးဆီ လျှောက်တင်သင့်သလား။”
မိန်းမစိုးအိုကြီးက စကားပင် မပြောနိုင်အောင် ဖြစ်သွားခဲ့၏။ သစ်ပင်ပေါင်းရာချီကို ခုတ်လှဲပြီးမှ လျှောက်တင်မည် ဟုတ်လား။ နောက်မကျပေဘူးလား။ အခြားသောသူများသာဆိုပါက ယခင်မင်းကြီးများ စိုက်ပျိုးခဲ့သည့် သစ်ပင်ကို ခုတ်ရဲသည်နှင့် ခေါင်းဖြတ်ခံရဖို့ စောင့်နေရပေလိမ့်မည်။
............
နောက်ဆုံးသော စစ်ဆေးမှုက ပြီးဆုံးသွားခဲ့၏။ သို့သော်ငြား ဤလူစုက သူတို့၏ လက်ထဲတွင် ရှိနေသည့် ကြီးမားလွန်းသော ဓားကြီးများကို စွဲလမ်းမက်မောစွာ ကြည့်ရှုနေခဲ့၏။ ပိုင်းဖြတ်လိုက်ရသည့် စိတ်ခံစားချက်က တကယ်ကို စွဲလမ်းစေ၏။ ယခင်တုန်းက သူတို့က ခဲဓားများကို အသုံးပြု၍ လေထဲတွင် ဝှေ့ယမ်း လေ့ကျင့်ခဲ့ရ၏။
အကြိမ်ပေါင်း သန်းနှင့်ချီကာ လေ့ကျင့်ခဲ့ပြီးနောက် အမှန်တကယ် ခုတ်ပိုင်းချင်စိတ်က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့၏။ ယခု အမှန်တကယ် ခုတ်ပိုင်းလိုက်သည့်အချိန်မှာတော့ တကယ်ပင် ကျေနပ်အားရနေမိ၏။ နှမျောစရာကောင်းသည်မှာ တစ်ယောက်လျှင် တစ်ချက်သာ ခုတ်ပိုင်းခွင့်ရှိခြင်းပင်။
ထပ်ခုတ်လျှင်လည်း သူတို့၏ သခင်လေးရှမ့်အား ဘုရင်မင်းမြတ်က ခေါင်းဖြတ်ပေတော့မည်။ တောင်ဝင် သစ်တောလည်း တောကတုံးဖြစ်ပေလိမ့်မည်။
မှန်ပေ၏။ မအောင်မြင်သေးသော စစ်တပ်တစ်ခုက စစ်မှန်သည့် တိုက်ပွဲများကို ဆာလောင်မွတ်သိပ် ရပေလိမ့်မည်။ စွဲလမ်းနေရပေလိမ့်မည်။ ဓားဖြင့် ခုတ်ပိုင်းရသည့် ခံစားချက်ကို မျှော်လင့်တောင့်တ နေရပေလိမ့်မည်။ ဤစစ်သည်များအတွက် ဓားက လက်နက်သက်သက် မဟုတ်ချေ။ ဒုတိယအသက်ပင် ဖြစ်၏။
ဤကြီးမားရှည်လျားသည့် ဓားရှည်ကြီး တစ်ချောင်းချင်းစီတိုင်းတွင် သွေးမျိုးဆက် ပြောင်းလဲသူ တစ်ယောက်ချင်းစီ၏ နာမည်ကို ရေးထွင်းထား၏။ သစ်ပင်ကြီးများကို ခုတ်လှဲပြီးသည်နှင့် ထိုသူတို့က ဓားကို ပြန်လည်သုတ်သင်ပြီး ဆီစိမ်လျက်ရှိနေ၏။ တကယ်ကို နူးညံ့လွန်းသည့် ဓားသွေးကျောက်ဖြင့် ဓားသွားကို ပြန်လည်ကာ သွေးကြ၏။ ဓားပေါ်ရှိ ပုံစံများ၊ ဓားသွား၏ အရောင်အဆင်းကို လေ့လာကြည့်ရုံနှင့် ဓားသွား မည်မျှထက်မြက်ကြောင်း သိရှိရန် ခေါင်းထိုးကာ စမ်းသပ်ချင်စိတ်ပင် ပေါက်လာမှာ သေချာသည်။
တချို့က တူငယ်လေးများကို အသုံးပြု၍ ဓားတည်နေရာအနှံ့ကို ခေါက်ကာ အသံကို နားထောင်၏။ အတွင်းပိုင်း၌ အက်ရာများ ရှိသလား၊ အက်သည့်အသံများ ပေါ်ပေါက်လာမလား၊ ထိုအရာကို စစ်ဆေး၏။ တချို့က ရေကန်ထဲတွင် ဓားကိုနှစ်ပြီး ရေလျှံထွက်လာသည်ကို တွက်ချက်ကာ ဓား၏ သိပ်သည်းဆကို ရှာဖွေကြ၏။
ရှမ့်လန်၊ နာကျည်းမှုနှင့် နင်ကျန်းတို့ပင်လျှင် ကြောင်အအနှင့် ငေးကြည့်နေမိ၏။ ဤလူတွေကို ငတုံးဟု မည်သူက ပြောကြသနည်း။ ရှမ့်လန်က ထိုသူတို့ကို ဗဟုသုတနှင့် ပတ်သက်သည့် ကိစ္စများကို များများစားစား သင်ပေးခဲ့ခြင်း မရှိသလို အခြားသောသူများကလည်း သင်ပေးရန် စိတ်မဝင်စားခဲ့ကြချေ။ သို့သော်ငြား ဤလူစုက အပြည့်အဝ နားထောင်၊ သင်ယူခဲ့ကြပြီး ကိုယ်ပိုင်စမ်းသပ်မှုဖြင့် လေ့လာသုံးသပ် ပြင်ဆင်ပြုလုပ်နေကြပြီ ဖြစ်သည်။
နောက်တစ်ဆင့်ကတော့ သံချပ်ကာ စမ်းသပ်မှု ဖြစ်၏။ ၁၇ ရာစု နောက်ပိုင်း သံချပ်ကာ အကြီးစားများက ကီလိုဂရမ် ၄၀ ထိ လေးလံ၏။ တရုတ်ပြည် စုန့်မင်းဆက် လက်ထက်တွင် သံချပ်ကာ အကြီးစားများက ၂၉ ကီလိုဂရမ်ခန့် လေးလံ၏။
ရှမ့်လန်၏ ဝှက်ဖဲစစ်သည်များ ဝတ်ဆင်ထားခဲ့သည့် သံချပ်ကာက မည်မျှ လေးလံသနည်း။ ၅၀ ကီလိုဂရမ်ပင် ဖြစ်၏။ ထိုအရာက သဘာဝထက် ပိုမိုကာ လေးလံသည့် အလေးချိန်လည်း ဖြစ်၏။ သာမန်စစ်သည်များသာ ဆိုပါက ထိုသံချပ်ကာကို ဝတ်ဆင်ပါက လမ်းပင်လျှောက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန်၏ ဝှက်ဖဲစစ်သည်များမှာတော့ နေ့စဉ် ၃၅၀ ကီလိုဂရမ်လေးသည့် ဝန်ကို ထမ်း၍ လမ်းလျှောက်လေ့ကျင့်ခဲ့ကြ၏။ ကီလိုမီတာ ၁၀၀ ကျော် ခရီးကို ၇ နာရီအတွင်း ပြီးစီးအောင် လမ်းလျှောက် နိုင်ကြသူများပင်။
အမှန်တိုင်းပြောရမည်ဆိုလျှင် ၅၀ ကီလိုဂရမ် လေးသော သံချပ်ကာကို ဝတ်ဆင်ထားရသည် ဆိုသော်လည်း ထိုသူတို့၏ လက်ထဲတွင်တော့ ဇာမဏီငှက်၏ တောင်ပံကဲ့သို့ပင် ပေါ့ပါးနေမည် ဖြစ်၏။
လူပေါင်း နှစ်ထောင်ကျော်တို့၏ သံချပ်ကာများအတွက် တကယ့်ကို ကောင်းမွန်လွန်းပါသည် ဆိုသော သံမဏိ ကီလိုဂရမ် တစ်သိန်းကျော် ကုန်ကျခဲ့၏။ ထိုအရာများက ရွှဲ့ပြည်နယ်၏ အကောင်းဆုံးသော သံမဏိများဖြစ်ပြီး ကျင်းမိသားစု၏ ကျင်းချန်ကျွန်း သံမဏိလုပ်ငန်းမှ ထုတ်လုပ်၏။ ခေါင်းအစခြေအဆုံး ဖုံးအုပ်ထားသည့် ကိုယ်လုံးပြည့် သံချပ်ကာ ဖြစ်ပြီး မျက်လုံးနေရာလောက်သာ ဖော်ထားသည်။
ခွပ် ခွပ် ခွပ် ခွပ်
၁၀ ကီလိုဂရမ်ကျော် လေးသည့် ဓားများဖြင့် သံချပ်ကာကို ရူးရူးမူးမူး ခုတ်ပိုင်းစမ်းသပ်ကြ၏။ မီးပွားများက နေရာအနှံ့ဆီသို့ လွင့်စင်ထွက်လာ၏။ သို့ပေမည့် ထိုသံချပ်ကာပေါ်တွင်တော့ ဓားရာလေး အနည်းငယ်သာလျှင် ထင်ကျန်ရစ်ပြီး ထိခိုက်မှုဟူ၍ပင် မရှိခဲ့ချေ။ ဤစစ်သည်များက ဒိုင်းကာ မလိုအပ်ချေ။ ဘာကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများက ဒိုင်းကာ ဖြစ်နေသောကြောင့်ပင်။
နာကျည်းမှုက သူ့၏စိတ်ထဲတွင် စိတ်ကူးယဉ်ကြည့်မိ၏။ ဤကဲ့သို့သော စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့ စစ်မြေပြင်တွင် ပေါ်ထွက်လာပါက မည်မျှကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။
နတ်ဘုရားနှင့် တွေ့လျှင် နတ်ဘုရားကို သတ်မည်။
ဘုရားကို တွေ့လျှင် ဘုရားကို သတ်မည်။
သူတို့က ဓားမတိုး လှံမတိုးသည့် သံမဏိတံတိုင်းကြီးများသဖွယ် ဖြစ်လာပေလိမ့်မည်။
တွေးကြည့်လိုက်ရုံနှင့် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများပင် ဆူပွက်လာခဲ့၏။ နှမျောစရာကောင်းသည်က ဤဝှက်ဖဲစစ်တပ်ကြီးက ရွှေဖြင့် တည်ဆောက်ထားခဲ့ခြင်းပင်။ ရှမ့်လန်က ရွှေဒင်္ဂါးမည်မျှ သုံးစွဲခဲ့သနည်း ဆိုသည်ကို နာကျည်းမှု မသိပေ။ သို့ပေမည့် ထိုငွေပမာဏက သာမန်စစ်သည် ၅ သောင်းခန့်ကို လက်နက်တပ်ဆင်ပေးနိုင်သည့် ပမာဏ ဖြစ်ကြောင်း သူ သိ၏။
...................
နောက်တစ်နေ့ နယ်စပ်အမဲလိုက်ပွဲသို့ စတင်ချီတက်ကြ၏။ အခြားသောစစ်သည်များသာဆိုပါက စစ်မထွက်မီတွင် လှုံ့ဆော်ခြင်းများကို ပြုလုပ်ရမည်ဖြစ်ပြီး ဆုကြေးငွေများကို ပေးအပ်ခြင်း၊ မြှူဆွယ်ခြင်း၊ အားတက်အောင် ချီးမြောက်စကားများ ပြောဆိုရပေလိမ့်မည်။ သို့ပေမည့် ဤစစ်သည်များကတော့ လုံးဝမလိုအပ်ချေ။
“အားလုံးပဲ လက်နက်နဲ့ သံချပ်ကာတွေ ပြန်အပ်ကြ။ ဒီနေ့ ကျန်တဲ့အချိန်တစ်ဝက်ကို မင်းတို့ ကြိုက်သလို လွတ်လွတ်လပ်လပ် သွားလာနေထိုင်နိုင်တယ်” နာကျည်းမှုက အမိန့်ပေးလိုက်၏။
ဝမ်တနှင့် အခြားသောသူများက ကြောင်အသွားခဲ့၏။ လုပ်ချင်ရာကို လုပ်နိုင်သည် ဟုတ်လား။
ထိုသို့ဆိုရင် သူတို့ ဘာလုပ်ရမည်နည်း။ သူတို့က နေ့တိုင်း လေ့ကျင့်နေခဲ့ခြင်းသာ ရှိ၏။ အဘယ်ကြောင့် ယနေ့ မလေ့ကျင့်ရသနည်း။ မနက်ဖြန် ခရီးထွက်ရမည့်ကိစ္စလေးတစ်ခုနှင့် သူတို့က လေ့ကျင့်မှုကို ရပ်တန့်ပစ် ရမည်လား။
ဝမ်တက သုံးမိနစ်ခန့် စဉ်းစားသော်လည်း ဘာလုပ်ရမှန်းမသိချေ။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိသည် ဆိုခြင်းမှာ သူတို့ လေ့ကျင့်၍ ရနိုင်လောက်သည်ဟု အဓိပ္ပာယ်ပင်။ ထို့ကြောင့် သူက ၁၀၀ ကီလိုဂရမ်ကျော် လေးသည့် လေ့ကျင့်ရေးခဲဓားကို ထုတ်ယူပြီး ပြန်လည်လေ့ကျင့်နေသည်။
“ခုတ်မယ်၊ ခုတ်မယ်”
အကြိမ်ပေါင်း တစ်သိန်းကျော် လေ့ကျင့်ခဲ့ပြီးပြီ ဖြစ်သော်လည်း ဤအရာက သူတို့အတွက် စိတ်ဝင်စားစရာ ကောင်းနေဆဲ အကြောင်းအရာမျိုးပင်။ သူတို့က အနာဂတ်၏ စာဂျပိုးများနှင့်ပင် ဆင်တူ၏။
သို့နှင့် လူပေါင်း နှစ်ထောင်ကျော်တို့က လေ့ကျင့်ရေးခဲဓားများကို ထုတ်ယူပြီး ရူးရူးသွပ်သွပ်နှင့် ဆက်လက်ကာ လေ့ကျင့်လျက် ရှိနေကြသည်။ အံ့ချီးလောက်စရာပင်။
.................