နီးကပ်လာသော ပျက်စီးခြင်း
Vol. 83 Ch. 1251
“ဝုန်း...” မီးပွားများကြားတွင် ချန်လွေ့ နောက်သို့ လွင့်စင်၍ သွားခဲ့သည်။ မျက်နှာချင်းဆိုင်တွင် မီးတောက်များဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်က လက်သီးထိုး လိုက်ခြင်းကြောင့် တိုက်ခိုက်ခြင်းကို မရပ်တန့်ဘဲ အားကောင်းသော မီးတောက် တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ချန်လွေ့ ဟန်ချက်မညီ ဖြစ်နေသော်လည်း သူ စိတ်တည်ငြိမ်မှုကို မဆုံးရှုံးခဲ့ပေ။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်က မမြင်နိုင်သော အင်အား တစ်ခုကြောင့် ဘေးမှ ဝင်ရောက်လာသော လျှပ်စီးထဲသို့ လမ်းလွှဲခြင်း ခံလိုက်ရသည်။
လျှပ်စီးက ချက်ချင်းပင် လှည့်သွားပြီး အရှိန်မြင့်စွာဖြင့် မီးတောက်ကို ရှောင်ကာ အခြားတစ်ဖက်မှ သူ့ထံသို့ ပြေးဝင်၍ လာခဲ့သည်။ ချန်လွေ့တွင် တုံ့ပြန်ရန် အချိန် မရှိသောကြောင့် ခုခံကာကွယ်ရန် လက်များကို ယှက်လိုက်၏။
နောက်တစ်စက္ကန့်တွင် ပြင်းထန်သော ထိခိုက်မှုတစ်ခု သူ့ကို ထိမှန်သွားခဲ့သည်။ အရှိန်မြှင့်ထားသော အင်အားအောက်တွင် သူ၏ လွင့်မျောနေသော ခန္ဓာကိုယ်က နောက်တစ်ကြိမ် လွင့်စင်သွားပြန်သည်။ ပြင်းထန်သော လျှပ်စီး စွမ်းအားက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ထုံကျင်၍ သွားစေခဲ့သည်။ သူက စဉ်းစားမနေဘဲ လက်များကို လှုပ်ခါလိုက်ပြီး လျှပ်စီးထဲမှ ပုံရိပ်ကို လှုပ်ခါလိုက်ရာ ရုတ်တရက် ပတ်ဝန်းကျင် အပူချိန်သည် အလွန်ပင် အေးစက်သွားကြောင်း တွေ့လိုက်ရသည်။ ထုံကျင်မှုကို အပြည့်အဝ မခါထုတ် ရသေးသော ခန္ဓာကိုယ်က နောက်ထပ် အေးစက်သော ထုံကျင်မှုကြောင့် သူ၏ လှုပ်ရှားမှု နှေးကွေးသွားခဲ့သည်။
ထိုနှေးကွေးမှုနှင့်အတူ ပုံရိပ် ၆ခုက သူ့ကို နောက်တစ်ကြိမ် ဝန်းရံလိုက်သည်။ သူတို့ကို ပြောက်ကျားနည်းဗျူဟာများဖြင့် မကိုင်တွယ်နိုင်တော့ပေ။ ပုံရိပ် ၆ခုသည် အစွမ်းထက် စွမ်းအင်ကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်၏။ အရောင်အမျိုးမျိုး လျင်မြန်စွာ ပေါင်းစပ် သွားခဲ့ပြီးနောက် နေရာလွတ် တစ်ခုလုံး ခဲသွားခဲ့သည်။ ဖိအားက ချန်လွေ့ကို အမှုန့်အဖြစ် ကြိတ်ချေရန် ကြိုးစားနေသော ကျုံ့ဝင် နေသည့် သေတ္တာတစ် လုံးကဲ့သို့ပင် ပို၍ ပို၍ ကြီးမားလာခဲ့သည်။
ချန်လွေ့က ထိုကြောက်မက်ဖွယ် အန္တရာယ်ကို အသေအချာပင် အာရုံခံမိ လိုက်၏။ သူ၏ကိုယ်မှ မျက်စိကျိန်းစရာ ကောင်းသော အလင်းရောင် တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ပုံသဏ္ဌာန် အမျိုးမျိုးရှိသော နက္ခတ်တာရာများ သူ၏ ပတ်ပတ်လည်တွင် ပေါ်လာကာ သူ၏ ပတ်လည်မှ ဒြပ်စင် ၆ခု၏ အဆုံးစွန် ဇစ်မြစ်စွမ်းအားကို ခုခံလိုက်သည်။
ထိုနက္ခတ်တာရာများက သူ၏ခန္ဓာထဲ မပေါင်းစပ်သေးပေ။ ကြယ်အလင်းက ယခင်ကဲ့သို့ တလက်လက် မဖြစ်တော့ဘဲ ကြည်လင်ကာ ပျော့ပျောင်း နေသည်။ ကြီးမားသော အင်အား နှစ်ခုက တစ်ခုကို တစ်ခု ခုခံနေကြသည်။ ပြင်းထန်သော စွမ်းအားအောက် အနားမှ ကျွန်းများနှင့် သတ္တဝါများက အမှုန်များ အဖြစ်သို့ လျော့ကျသွားပြီးနောက် အမှုန်များက နောက်ထပ်တစ်ကြိမ် စုစည်းသွားပြီး အခြားပုံစံ တစ်ခုကို ထပ်ခါတလဲလဲ ဖွဲ့စည်းလိုက်သည်။ ထိုလုပ်ငန်းစဉ်က အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်နေ၏။
နက္ခတ်တာရာများထဲမှ တစ်ခု၏ အလင်းရောင်က ပို၍ပို၍ တုန်ခါလာပြီး ရောင်စုံ သက်တန့် အလင်းတစ်ခုကို ပစ်ကာ ကောင်းကင်တွင် လျင်မြန်စွာ စုစည်းသွားပြီး အမျိုးသမီး ပုံရိပ်တစ်ခု ဖွဲ့စည်းလိုက်သည်။ ၎င်းမှာ ဇိုလာပင်။
တစ်ချက်တည်းဖြင့် ဇိုလာက ချန်လွေ့ကို တိုက်ခိုက်နေသော ဒြပ်စင် ၆ခု၏ စွမ်းအား အကုန်လုံးကို အမှန်ပင် ဆွဲယူလိုက်သည်။ ချန်လွေ့ လန့်သွား၏။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ဒြပ်စင် ၆ခု၏ အဆုံးစွန် ဇစ်မြစ်စွမ်းအားက ဇိုလာကို ဝန်းရံထားပြီး ဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းတွင် ဇိုလာ၏ ခန္ဓာကိုယ်က ဖောက်ထွင်း မြင်နိုင်သွားပြီး အရောင်စုံ အလင်းများ ဖျော့တော့စွာ စီးဆင်း၍ နေခဲ့သည်။ ဒြပ်စင် ၆ခု၏ စွမ်းအားက သူ့ကို ချက်ချင်း ဖြတ်သန်းသွားခဲ့၏။
အဓိက ရေဒြပ်စင် သံတမန်က မီးဖို တစ်ခုထဲတွင် ရောက်နေသလို ဖြစ်နေ၏။ ရေစက် အများအပြားက ရေခဲကဲ့သို့သော ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး အပူချိန် မြင့်မားမှုကြောင့် လျင်မြန်စွာ အငွေ့ပျံသွားခဲ့သည်။ အဓိက မီးဒြပ်စင် သံတမန်၏ ခန္ဓာကိုယ်က ကြောက်စရာ အပူချိန်နိမ့်ကျမှု အောက်တွင် လျင်မြန်စွာ အေးခဲစပြုလာခဲ့သည်။
အဓိက လေဒြပ်စင် သံတမန်၏ ခန္ဓာကိုယ်က ရုတ်တရက် အဆပေါင်းရာချီ ပိုမို၍ လေးလံလာပြီး တန်းတန်းမတ်မတ် ပြုတ်ကျသွားခဲ့၏။ အဓိက မြေဒြပ်စင် သံတမန်က ဓားကဲ့သို့ လေပြင်းတစ်ခုဖြင့် ဝန်းရံထားခြင်း ခံလိုက်ရသည်။ သူ၏ ခိုင်မာသော ခန္ဓာကိုယ်က တစ်လွှာပြီး တစ်လွှာ အဆက်မပြတ် စုတ်ပြဲ၍ နေခဲ့သည်။
အဓိက အလင်းဒြပ်စင် သံတမန်နှင့် အဓိက အမှာင်ဒြပ်စင် သံတမန်တို့သည် စရိုက်လက္ခဏာ ပြောင်းလဲသွားပုံရသည်။ အလင်းက အမှောင် ဖြစ်သွားပြီး အမှောင်က တောက်ပလာခဲ့သည်။
ထိုပြောင်းလဲမှုက ဒြပ်စင်စွမ်းအား ၆ခု စလုံးကို တန်ပြန်စေရုံသာ မကဘဲ။ တန်ပြန်လာသော စွမ်းအားများက ပစ်မှတ်ကိုလည်း ချုပ်တည်းထားသဖြင့် အဓိက ဒြပ်စင် သံတမန် ၆ပါးအား ကြီးမားသော ဆုံးရှုံးမှုကို ခံစားစေခဲ့သည်။ ပတ်ဝန်းကျင်မှ ဒြပ်စင်များ၏ ချုပ်နှောင်မှု စွမ်းအား ပြိုလဲသွားခဲ့သည်။
ဇိုလာ နောက်ထပ် တိုက်ခိုက်မှု တစ်ခု မပြုလုပ်ခဲ့ပေ။ ခန္ဓာကိုယ် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း လိပ်ပြာကဲ့သို့ အတောင်ပံ တစ်စုံက နောက်ကျောတွင် ရှိနေပြီး တလက်လက် တောက်ပနေသည်။ ခုနက ထိုးနှက်မှု၏ အသုံးပြုမှုကို နားလည်အောင် တွေးနရင်း သူက လေထဲတွင် ဆိုင်းငံ့နေခဲ့သည်။ အဓိက ဒြပ်စင် သံတမန် ၆ပါး၏ ပျက်စီးသွားသော ခန္ဓာကိုယ်များသည် အလျင်အမြန် ပြန်ကောင်းလာသော်လည်း သူတို့က နောက်ထပ်တိုက်ခိုက်မှု တစ်ခု မပြုလုပ်ခဲ့ကြပေ။ သူတို့က ဇိုလာကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။
ခဏအကြာတွင် ဇိုလာ၏ အနောက်မှ အရောင်စုံ လိပ်ပြာ အတောင်ပံများ ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာ အဓိက ဒြပ်စင် သံတမန်များသည် ရှေ့သို့ ပျံသန်းလာပြီး အခင်းချင်း ပြုံးပြလိုက်၏။
ခုနကက အံ့သြဖွယ် [ကြယ်လမ်းလွှဲ] အရ ဆိုလျှင် ဒြပ်စင်ဇစ်မြစ် စွမ်းအားနှင့် တိုင်းပြည် ယုံကြည်မှု စွမ်းအားအပေါ် ဇိုလာ၏ နားလည်သဘောပေါက်မှုက ကြီးမားသော တိုးတက်မှုတစ်ခု ရှိနေပြီ ဖြစ်သည်။ ထိုနားလည်သဘောပေါက်မှုကို [ဒြပ်စင်၆ခုတိုင်းပြည်]နှင့် ပေါင်းစပ်သ၍ သူ၏ စွမ်းအားက ပိုမို၍ ခုန်လွှားကာ တိုးတက်လာပေလိမ့်မည်။
“သူ ဘယ်လိုနေလဲ။” ဇိုလာက အသက်ရှူမဝ ဖြစ်နေသော ချန်လွေ့ကို ကြည့်လိုက်ပြီး စိုးရိမ်သော အမူအရာမျိုး ပြသနေခဲ့သည်။ ခုနက ချန်လွေ့သည် [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက် မသွင်းခဲ့ပေ။ သူက သာမန် [အရှိန်အဝါ အကာအကွယ်]ကိုပင် အသုံးမပြုခဲ့ပေ။ သာမန် အခြေအနေတွင် အဓိကဒြပ်စင် သံတမန် ၆ပါးနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဓိကဒြပ်စင်သံတမန် ၆ပါး အမှန်တကယ် မသတ်ဖြတ်သော်လည်း ထိုနေရာတွင် တိုက်ပွဲ၌ ကုန်ဆုံးသွားသော စွမ်းအားက သာမန် ပတ်ဝန်းကျင်ထက် အဆများစွာ ဖြစ်နေသည်။ ထို့အပြင် ပြင်ပလူများအပေါ်တွင် ဒြပ်စင်လောက၏ တွန်းလှန်အားက ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို သေစေနိုင်သော ပျက်စီးမှု ဖြစ်စေရန် လုံလောက်ပေသည်။
“သူ ဘာမှ မဖြစ်ပါဘူး။” အဓိက အလင်းဒြပ်စင် သံတမန်က ခေါင်းခါ လိုက်သည်။ ချန်လွေ့က အခက်ခဲဆုံးနှင့် အန္တရာယ်အရှိဆုံး ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေသော်လည်း ၎င်းမှာ သူ၏ အလားအလာကို လှုံ့ဆော်ရန်အတွက် ထိရောက်သော နည်းလမ်း တစ်ခု ဖြစ်သည်။ အထူးသဖြင့် သူ၏ လက်ရှိ စွမ်းအားဖြင့် တိုးတက်ရန် အတော်လေး ခက်ခဲလှသည်။ ထိုဒြပ်စင်လောကသည် လေ့ကျင့်ရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ခုပင်။
မိုက်ကယ်သည် ဒြပ်စင်လောကမှ ထွက်ခွာပြီး နတ်ဆိုးဘုံသို့ ပြန်သွားပြီ ဖြစ်ကာ ချန်လွေ့နှင့် ဇိုလာတို့သာ ကျန်ရစ်ခဲ့သည်။
ချန်လွေ့ ကျန်ရစ်ခဲ့ရသည့် တကယ့် အကြောင်းရင်းမှာ ဇိုလာအား နတ်ဘုရား ဘဝ၏ စွမ်းအားကို အမြန်ဆုံး နားလည် သဘောပေါက်စေရာတွင် ကူညီပေးရန် ဖြစ်သည်။ အလွန်ဆုံး စကြဝဠာ ပျက်သုဉ်းဖြင့် လောကနှစ်ခု၏ တံခါးကို ဖျက်ဆီးနိုင်သည့် အတိုင်းအတာအထိပင်။
ချန်လွေ့က ခီလီယာနာ၏ ကိုယ်ပွားနှင့် အဓိကယဇ်ပလ္လင်ကို ဖျက်ဆီးရန်အတွက် စကြဝဠာပျက်သုဉ်းဗုံးကို တည်ဆောက်ရန် ဒြပ်စင်ဘုရင် ၆ပါး ပေးခဲ့သော ဒြပ်စင်ဇစ်မြစ်စွမ်းအားကို တစ်ချိန်က သုံးခဲ့သော်လည်း ထိုဒြပ်စင် ဇစ်မြစ်စွမ်းအားမျိုးကို ဒြပ်စင်ဘုရင်များက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ အဓိကဒြပ်စင် သံတမန် ၆ပါး၏ ဇစ်မြစ်စွမ်းအားနှင့် ကွာခြားချက် ကြီးမားသည်။ ချန်လွေ့နှင့် အဓိကဒြပ်စင် သံတမန် ၆ပါးတို့အကြား နောက်ဆုံးတိုက်ပွဲတွင် သူက အသက်ကို လောင်ကျွမ်းစေခဲ့ပြီး [ကြယ်စုံ နတ်ဘုရား မြင်ကွင်း]ကို အသက်သွင်းခဲ့သော်လည်း ၎င်းမှာ စကြဝဠာပျက်သုဉ်းကို အသက် သွင်းခဲ့သော အဓိကဒြပ်စင်သံတမန် ၆ပါးနှင့် အပြန်အလှန် ပျက်စီးခြင်းကိုသာ ဖြစ်စေခဲ့သည်။
အမှန်မှာ သူတို့က အဆုံးမဲ့ ပြန်လည် မွေးဖွားနိုင်သောကြောင့် အဓိကဒြပ်စင် သံတမန် ၆ပါးက အစပိုင်းတွင် စမ်းသပ် တိုက်ခိုက်မှုများကိုသာ စတင်ခဲ့ကြသည်။ သူတို့က အဆုံးစွန် စွမ်းအားကို အသုံးမပြု ခဲ့ကြပေ။
လူစီဖာကြောင့် ဒြပ်စင်နတ်ဘုရားမ ရာဖာတီ ကျဆုံးသွားခဲ့သည်။ မူလက နတ်ဘုရားမ ခန္ဓာအဖြစ် သတ်မှတ်၍ ထားခဲ့သော ဇိုလာသည် နတ်ဘုရားဘဝ အပိုင်းအစ အချို့ကို စုပ်ယူနိုင်ခဲ့သည်။ ဇိုလာအတွက် ထိုနေရာက အိမ်ကွင်းနှင့် ညီမျှရာ လွန်ခဲ့သော ရက်အနည်းငယ်က ပထမဆုံး ဝင်ရောက်လာချိန်တွင် သူက [ဒြပ်စင်၆ခုတိုင်းပြည်]ကို အားစိုက်ထုတ်မှု များစွာမရှိဘဲ ထုတ်ဖော်ပြသခဲ့သည်။ ထိုနေရာတွင် ဒြပ်စင်စွမ်းအားများက နေရာတိုင်းတွင် ရှိနေသကဲ့သို့ အဓိက ဒြပ်စင်သံတမန် ၆ပါး၏ လမ်းညွှန်မှုလည်း ရှိနေရာ ၎င်းမှာ နတ်မိမယ်နဂါးအတွက် ခန္ဓာကိုယ်ထဲမှ ဒြပ်စင်နတ်ဘုရားမ၏ နတ်ဘုရားဘဝ အပိုင်းအစ စွမ်းအားကို စုပ်ယူရန်နှင့် နားလည် သဘောပေါက်ရန် အကောင်းဆုံး နေရာပင်။ အဓိကဒြပ်စင် သံတမန် ၆ပါးက ချန်လွေ့နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးပြီး သူတို့က နတ်ဘုရား တိုင်းပြည်နှင့်ဆင်တူသော သူ၏ တိုင်းပြည်မှ ကြီးမားသော ယုံကြည်မှုနှင့် အသက်တို့ကြောင့် နက်နက်ရှိုင်းရှိုင်းပင် အထင်ကြီးသွားခဲ့ကြသည်။ ထိုနှစ်ခုက တကယ့် စစ်မှန်သော နတ်ဘုရားဘဝ၏ အခြေခံဖြစ်ပြီး ၎င်းတို့က ဇိုလာ၏ ဒြပ်စင်နတ်ဘုရားဘဝ အပိုင်းအစများကို ပိုမို၍ နားလည် သဘောပေါက်ရန် အရေးကြီးသော ကိုးကားချက်များလည်း ဖြစ်ပေသည်။
“ချန်လွေ့ အဆင်ပြေပေမယ့် ငါတို့ ခုနက ဒဏ်ရာ အကြီးကြီး ရခဲ့တယ်။” အဓိက မီးဒြပ်စင်သံတမန်က ကိုယ်ပေါ်မှ အဖုအပိမ့်များကို ကြည့်လိုက်၏။ “ဇိုလာ။ မင်းရဲ့ တိုက်ခိုက်မှုက တကယ့်ကို ရက်စက်တယ်။ လုံးဝ မလျှော့ခဲ့ဘူး။ အရင်က ဖြစ်ရပ်ကို တမင် လက်စားချေ ခဲ့တာများလား။”
“ဘာပြောတာလဲ။” ခုနက ပြင်းထန်သော တိုက်ခိုက်မှုကို တမင် ပြုလုပ်ခဲ့သော နတ်မိမယ်နဂါးက ဟန်ဆောင်ငေးငိုင်နေသည်မှာ ထင်ရှား နေပေသည်။
“အခု မင်းက ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ တကယ်လို့ တကယ် လက်စားချေချင်ရင် အစွမ်းပိုထက်အောင် လုပ်သင့်တယ်။” အဓိက ရေဒြပ်စင် သံတမန် ပြုံးလိုက်သည်။ “မင်း ကိုယ်တိုင် အဆုံးစွန် ဇစ်မြစ်စွမ်းအား ၆မျိုးကို ပေါင်းစပ်နိုင်ပြီးတော့ ပြီးပြည့်စုံတဲ့ စကြဝဠာပျက်သုဉ်းကို အသက်သွင်းနိုင်ရင် ငါတို့ကို ကြိုက်သလို ရိုက်နှက်လို့ရတယ်။”
အဓိက ဒြပ်စင် သံတမန် ၅ပါးက တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်လိုက် ကြသည်။ အမှန်မှာ အဓိက ရေဒြပ်စင် သံတမန် ပြောစရာတစ်ခု ရှိနေသေးသည်။ ထိုအရာက အကယ်၍ ဇိုလာသာ ထိုတိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ အသက် သွင်းနိုင်ခဲ့လျှင် နတ်ဘုရားဘဝ အပိုင်းအစများ၏ စွမ်းအားမပါဘဲ သူက အခွင့်အာဏာ စွမ်းအားကို နားလည် သဘောပေါက်ရန် နီးကပ်နေပြီ ဖြစ်ပြီး ၎င်းမှာ ထိုနယ်ပယ်ထဲသို့ ခြေတစ်လှမ်း ဝင်ရောက်ခြင်းနှင့် ညီမျှပေသည်။
“အဲဒါမတိုင်ခင်တော့ သူတို့ကို အရင် ရိုက်နှက်ဖို့အတွက် ကိုယ် ကူညီပေးမယ်။” စကား ပြောလိုက်သူမှာ ချန်လွေ့ပင်။ ယခင်က ကမောက်ကမ ဖြစ်နေသော အသက်ရှူသံက ထပ်မံငြိမ်သက်သွားပြီး သူ၏ မျက်လုံးက လောင်ကျွမ်းနေသော တိုက်ခိုက်ချင်စိတ်ဖြင့် တောက်ပနေ၏။
“သေချာရဲ့လား။” အဓိက မီးဒြပ်စင် သံတမန်က သူ၏လက်သီးကို ထုလိုက်ရာ မီးပွားများ လွင့်စင်သွားခဲ့သည်။
“ကျုပ်မှာ အချိန် အများကြီး မကျန် တော့ဘူး။” ချန်လွေ့ အဓိက မီးဒြပ်စင် သံတမန်၏ ဆိုလိုသည်ကို သိသည်။ သူ ခေါင်းခါလိုက်ပြီး အသက်ကို ပြင်းပြင်း ရှူလိုက်ရာ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ၏ ကြယ်အလင်းက သူ၏ပတ်လည်တွင် နောက်တစ်ကြိမ် ပေါ်လာပြီး အဓိက ဒြပ်စင် သံတမန် ၆ပါးထံသို့ ပျံ့နှံ့၍ သွားခဲ့သည်။
ထိုတိုက်ခိုက်ချင်စိတ်ကြောင့် ကူးစက် ခံရသဖြင့် ရောင်စုံ လိပ်ပြာအတောင်ပံများ ဇိုလာ၏ နောက်ကျောတွင် ဖျော့တော့စွာ ပေါ်လာပြီး သူ၏ ပုံရိပ်က ချက်ချင်းပင် အဝေးတွင် ပေါ်လာခဲ့လေသည်။ သူက မျက်လုံးများကို မှိတ်လိုက်ပြီးနောက်တွင် တိတ်ဆိတ်စွာ နားလည် သဘောပေါက် နေခဲ့သည်။
အချိန်နှင့် ပြိုင်ဆိုင် နေကြသူများက ဒြပ်စင်လောကမှ ချန်လွေ့နှင့် ဇိုလာတို့ သာမက လူသားလောကနှင့် နတ်ဆိုးဘုံ တို့လည်း ပါဝင်သည်။
လူသားလောက၏ ရွှေ့ပြောင်းမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ လူများနှင့် စစ်တပ်၏ ၈၀% ခန့်က ပြန်လည် နေရာချထားရေး အတွက် နတ်ဆိုးဘုံသို့ အောင်မြင်စွာ ရောက်ခဲ့ပြီး ကျန်ရှိသော လူဦးရေနှင့် ပစ္စည်းလွှဲပြောင်းမှုများကို ၂၄နာရီအတွင်း အလျင်စလို လုပ်ဆောင်နေကြသည်။
ဖိုက်သွန်၊ အစ်ဇဘယ်လာ၊ ပါ့ဂ်လီအိုနှင့် အခြားသူများက ကြယ်အပ်နှင်းစင်မြင့်၏ လုပ်ဆောင်ချက်အောက်တွင် ပြန်လည်၍ ကောင်းမွန်လာပြီး အက်ဂ်လက်စ်၊ ပါဂရစ်ဇ်နှင့် အခြားသူများ ကဲ့သို့သော ကျန်လူများက ဒဏ်ရာ ထက်ဝက်ကျော် ပြန်လည် ကောင်းမွန်လာခဲ့သည်။ လူတိုင်း လာမည့် တိုက်ပွဲအတွက် လေ့ကျင့်ရန်နှင့် ပြင်ဆင်ရန် ချန်လွေ့ ချန်ထားခဲ့သော လေ့ကျင့်ရေးကွင်းကို အသုံးပြုနေကြ၏။
စေတန်က သူ၏အသိုက် ဖြစ်သော ဆက်ခ်ရက်တောင်သို့ တန်းတန်းမတ်မတ် ပြန်သွားသည်။ တိုင်းပြည်ငယ် စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ နောက်ဆုံးတွင် အပြည့်အဝ ပြန်လည်၍ ကောင်းမွန် လာခဲ့သည်။ မိုက်ကယ် ဒြပ်စင်လောကမှ ပြန်လာပြီး နောက်တွင် ပြတ်သွားသော ညာလက်မောင်းက အံ့သြဖွယ်ကောင်းစွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ အမှန်မှာ ၎င်းသည် အစစ်အမှန် အသစ်ပြန်ဖြစ်ခြင်း မဟုတ်ဘဲ အဓိက အလင်းဒြပ်စင် သံတမန်နှင့် အဓိက မီးဒြပ်စင် သံတမန်တို့က ဒြပ်စင် ဇစ်မြစ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပေးအပ်ခဲ့ပြီး သူ၏ ကိုယ်ပိုင် အလင်းဒြပ်စင်နှင့် မီးဒြပ်စင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ ဒြပ်စင်လက် တစ်ဖက်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ စွမ်းအားအရ ၎င်းမှာ မူလလက်ထက်ပင် ပိုမြင့်မားသော်လည်း အသုံးပြုရာတွင် အသက်စွမ်းအား များစွာကုန်ဆုံးစေသည်။
ကတ်သရင်း၊ ရှီရာနှင့် တစ်ဖနီတို့က ရွှေ့ပြောင်းလာခဲ့ကြသော လူသားများ၏ ပြန်လည်နေရာချထားရေးနှင့် ပြင်ဆင်မှုကို ပိုမို၍ အလေးထားကြသည်။ အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန် အင်ပါယာတို့က သွေးရောင်အင်ပါယာသို့ အကူအညီ အများအပြား စေလွှတ်ခဲ့ပြီး ကျန်ရှိသော လူသား တပ်ဖွဲ့များကိုလည်း ပေါင်းစည်းခဲ့သည်။ နတ်ဆိုးစစ်တပ်နှင့် အဂ္ဂိရတ် စစ်တပ်တို့က ကြယ်သင်္ဘော ပေါ်တွင် အခြေခံ၍ လောကနှစ်ခု၏ တံခါးဝရှိ သွေးလက်သည်း နယ်မြေတွင် စစ်ဘက် ကာကွယ်ရေးလိုင်း တစ်ခုကို တည်ထောင်ခဲ့ကြသည်။
ကံဆိုးစွာပင် လက်တွေ့မှာ ရက်စက် ကြမ်းကြုတ်သည်။ မဟာမိတ်စစ်တပ်က အချိန်နှင့် အသည်းအသန် ပြိုင်ဆိုင်နေစဉ် ယခင်က တိတ်ဆိတ်နေခဲ့သော အသူရာ ချောက်နက် စတင် လှုပ်ရှားလာခဲ့သည်။ အဆုံးမဲ့ မကောင်းဆိုးဝါး စစ်တပ်သည် ကုန်းမြေအဖြစ်သို့ ပြောင်းလဲသွားသော ပင်လယ်ဖြူနယ်မြေ တစ်လျှောက်လုံးသို့ ပျံ့နှံ့သွားပြီး သွေးစွန်း ပျက်စီးခြင်းလက်က အရှေ့ဘက်တိုက်ကို လျင်မြန်စွာ ဖုံးလွှမ်းစ ပြုလာခဲ့သည်။
ရေစီးကြောင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ပျက်စီးခြင်းနှင့် သေဆုံးခြင်းတို့ ရှိနေ၏။ ထွက်ခွာရန် ဆန္ဒမရှိဘဲ ကံကောင်းလေမလား စိတ်ဖြင့် ပုန်းအောင်းနေသော ခေါင်းမာနေခဲ့သည့် လူအနည်းငယ်က အရိုးစုများ အဖြစ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားခဲ့သည်။
အသူရာချောက်နက်စစ်တပ် ချဉ်းကပ် လာသော သတင်းက ရွှေရောင်နယ်မြေ၌ နောက်ဆုံး ရွှေ့ပြောင်း ထွက်ခွာနေသော လူများကြား ထိတ်လန့်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့ပြီး မြင်ကွင်းမှာ ခဏတာ ထိန်းချုပ်မရနိုင် ဖြစ်သွားခဲ့သော်လည်း ကြယ်အလင်း အင်ပါယာတွင် ဖြစ်ခဲ့သော ကမောက်ကမမှု ထပ်မံ၍ မဖြစ်ပွားခဲ့ပေ။ စည်းကမ်းကို ပြန်လည် ထိန်းသိမ်းခဲ့ပြီး သူတို့က အုပ်စုလိုက် ဆက်လက်၍ ဆုတ်ခွာခဲ့သော်လည်း အရှိန်မှာ သံသယ အသေအချာ ပိုမို မြန်ဆန်လာခဲ့သည်။
နတ်ဆိုးဘုံမှ စစ်သားများသာ မကဘဲ နောက်ဆုံး ကာကွယ်ရေးလိုင်းပေါ်တွင် ကျန်ရှိနေသော လူသား မဟာမိတ် စစ်တပ်လည်း ပါဝင်သည်။ သွေးရောင် ရေစီးကြောင်းက သူတို့ အရှေ့တွင် ပေါ်လာသည့် နောက်ဆုံး အခိုက်အတွင် လေးစားဖွယ် စစ်သည်များက သူတို့၏ တာဝန်များကို လက်မလျှော့ခဲ့ဘဲ ရေစီးကြောင်းကြောင့် လုံးဝဝါးမျိုချခြင်း မခံရမချင်း အသည်းအသန် တိုက်ခိုက် ခဲ့ကြသည်။
သွေးနီရောင် စစ်တပ်က ခုခံမှု အားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး အလျင်အမြန် စုဝေးကာ ရွှေရောင်နယ်မြေရှိ လောက နှစ်ခု၏ တံခါးဝတွင် နောက်ဆုံး ရပ်တန့် သွားခဲ့ကြသည်။
ထို့နောက် အမိန့်တစ်ခုခု ရသကဲ့သို့ပင် တံခါးထဲသို့ တိုးဝင်သွားခဲ့၏။