← Chapters

အခန်း (၁၆၁၂)

Vol. 116 Ch. 1612

အခန်း (၁၆၁၂)

Vol. 116 Ch. 1612

အနက်ရောင်ဧရာမလက်သည်းသည် မိုးမြေ၏ အမှန်တရားကို ထွင်းဖောက်မြင်နိုင်ဟန် ရသည်။ ၎င်းက အတားအဆီးအလွှာ၏ အားအနည်းဆုံး နေရာကို တန်းတန်းမတ်မတ် တိုက်ခိုက်လိုက်သည်။

ထိုသို့တိုက်ခိုက်မှုက ချောက်ချားဖွယ်ကောင်းသည်။

ဧရာမလက်သည်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အတားအဆီးအလွှာကို တုန်ယင်သွားစေသည်။

ဧရာမလက်သည်း၏ အရှေ့မှာ မူလစွမ်းအားက တုန်ယင်သွားသည်။

“ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် ”

အထောက်တော်နှစ်ဦးက အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ တည်ကြည်လေးနက်သော အမူအရာ ထွက်ပေါ်လာသည်။

အတိတ်၌ သန္ဓေပြောင်းသားရဲများကို ချိပ်ပိတ်သော တိုက်ပွဲများတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အစွမ်းထက်သားရဲများက နောက်ဆုံးအချိန်မှသာ ထွက်ပေါ်လာကြလိမ့်မည်။

ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အစွမ်းထက်သားရဲတစ်ကောင်က ထိုမျှစောစီးစွာ ထွက်ပေါ်လာသည်။

အရေးကြီးဆုံးမှာ ဤတစ်ကြိမ်၌ မဟာပန်သွန်ဘုံဘက်တွင် အတိတ်မှာကဲ့သို့ ၎င်းတို့ကို တားဆီးပေးမည့် စစ်တပ်မရှိပေ။

“ ငါသွားလိုက်မယ် ”

မီးခိုးရောင်ဝတ်စုံဝတ် အထောက်တော်က တိုးညင်းစွာ ပြောပြီး အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် စွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း သူက မကြာသေးခင်ကမှ အဆင့်တတ်ထားသည့်အလား သူ၏ စွမ်းအင်အရှိန်အဝါက ဝေဝါးနေပြီး မတည်မငြိမ်ဖြစ်နေသည်။

“ ငါလုပ်လိုက်မယ် ”

သက်လတ်ပိုင်းအရွယ် အထောက်တော်က ခေါင်းခါလိုက်ပြီး သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

“ တကယ်လို့ ငါသေသွားမယ်ဆိုရင် မင်းက အဲ့ဒီကောင်လေးကို အင်မော်တယ်မင်းဆက်ဆီ ခေါ်သွားပါ… အဲ့ဒီအတွက် သားရဲဒီရေလှိုင်းကို ဖိနှိပ်ရမယ့် ငါတို့ရဲ့ တာဝန်ကို စွန့်ပစ်ရမယ်ဆိုရင်တောင် လုပ်ဆောင်ပါ… အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်က အသက်ငယ်ငယ်နဲ့ မသေဆုံးသင့်ဘူး ”

မီးခိုးရောင်ဝတ်စုံနှင့် အထောက်တော်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စကားပြန်ပြောတော့မည့်အချိန် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။

ဟန်မူယဲ့၏ ဓားက ဓားအလင်းတန်းတစ်သန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ ဧရာမလက်သည်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

“ သူ… သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် သန္ဓေပြောင်းသားရဲကို စိန်ခေါ်နေတယ်… ”

အထောက်တော်နှစ်ဦးက အံ့ဩမှုကြောင့် မျက်လုံးပြူးကျယ်သွားကြသည်။

ဟန်မူယဲ့က မကြာသေးခင်ကမှ စကြာဝဠာကို ဖွဲ့စည်းပြီး ယင်ယန်ကို ခွဲထုတ်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ သူက အဆင့်ကျော်ပြီး တိုက်ခိုက်မည်ဆိုလျှင်ပင် အများဆုံး သေခြင်းရှင်ခြင်းအဆင့်ကိုသာ တိုက်ခိုက်နိုင်လိမ့်မည်။

သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်ကို တကယ် စိန်ခေါ်နိုင်သည်ဟု ထင်နေသည်လော။

“ အဲ့ဒါက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်… ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်အောက်မှ ကျင့်ကြံသူများသည် ထိုအဆင့်၏ အံ့မခန်းစွမ်းအားကို နားလည်နိုင်ကြလိမ့်မည် မဟုတ်ချေ။

ထိုအဆင့်တွင် တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်ပြီး မရှုံးနိမ့်ဘဲ ရပ်တည်နိုင်လိမ့်မည်။

မကြာသေးခင်ကမှ ယင်ယန်အဆင့်သို့ တတ်လှမ်းသွားခဲ့သော ကျင့်ကြံသူကို မဆိုထားနှင့် သေခြင်းရှင်ခြင်းအဆင့် သို့မဟုတ် အထွတ်အထိပ် သေခြင်းရှင်ခြင်းအဆင့် ပုဂ္ဂိုလ်များသည်ပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိကြချေ။

သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုအောက်မှာ အသက်ရှင်နိုင်ဦးမည်ဆိုလျှင်ပင် ယင်းက သူတို့အတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မည်။

“ ဝီး ”

သန်းပေါင်းများစွာသော ဓားအလင်းများက ဧရာမလက်သည်းနှင့် တွေ့ဆုံသွားသော်လည်း လက်သည်းက မလှုပ်မယှက် ရှိနေဆဲပင်။

ယင်ယန်ကို တစ်ချက်တည်း ခွဲထုတ်နိုင်ခဲ့သော ဓားအလင်းက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် သန္ဓေပြောင်းသားရဲ၏ ခုခံကာကွယ်မှုကို မချိုးဖြတ်နိုင်ခဲ့ပေ။

ယင်းက သန္ဓေပြောင်းသားရဲ၏ ခန္ဓာကိုယ်ထဲမှာ စုဝေးနေသော အံ့မခန်း မိုးမြေစွမ်းအား ဖြစ်သည်။

“ ရွှတ် ”

ဟန်မူယဲ့က နောက်တစ်ကြိမ် ဓားဝှေ့ယမ်းလိုက်လေရာ ဓားအလင်းက ပျံသန်းထွက်သွားသည်။ ယင်းက အစောနက ဓားအလင်းထက် ပိုနက်နဲသိမ်မွေ့ပြီး ပိုထွန်းလင်းတောက်ပသည်။

ဓားအလင်းထောင်သောင်းချီက ကျန်းတစ်ရာရှည်လျားသော ဓားရှည်တစ်လက်အဖြစ် ပေါင်းစည်းသွားပြီး ခုတ်ပိုင်းလိုက်သည်။

ထိုသို့ဓားချက်က အနောက်မှာ ရပ်နေကြသော ယုမင်ဓားဂိုဏ်းမှ တပည့်အားလုံးကို အံ့ဩထိတ်လန့်သွားစေသည်။

သို့သော်လည်း ထိုဓားချက်က အနက်ရောင်ဧရာမလက်သည်းပေါ်သို့ ကျရောက်သွားသည့်တိုင် လက်သည်းက ဘာမှမဖြစ်သွားပေ။

အနက်ရောင်ဧရာမလက်သည်းက အပေါ်သို့ မြှောက်တတ်သွားပြီး နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။

“ ဘန်း ”

အတားအဆီးအလွှာက တုန်ယင်သွားပြီး အက်ကွဲကြောင်းများက ယင်းပေါ်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ အတားအဆီးအလွှာက အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။

အကယ်၍ ထိုအတားအဆီးအလွှာသာ အက်ကွဲသွားမည်ဆိုလျှင် ဤတစ်ကြိမ် သားရဲဒီရေလှိုင်းအပေါ် ဖိနှိပ်မှုက ကျရှုံးသွားလိမ့်မည်။ ထို့ပြင် ဤနေရာမှာ ရှိနေကြသော လူတိုင်းက အသက်ရှင်ရန် အခွင့်အရေးမရှိဘဲ သေဆုံးသွားကြလိမ့်မည်။

“ လက်လျော့လိုက်တော့ ”

မီးခိုးရောင်ဝတ်စုံဝတ် အထောက်တော်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အော်ပြောလိုက်သည်။

သူ၏ စကားသံက ဟန်မူယဲ့၏ ဘေးမှာ ပဲ့တင်ထပ်သွားသည်။

သက်လတ်ပိုင်းအရွယ် အထောက်တော်က မျက်လုံးဝင်းလက်သွားသည်။ သူက အရှေ့သို့ ထွက်လျှောက်သွားသည့်အခါ သူ၏ အရှိန်အဝါက သဏ္ဍာန်မဲ့သော အလွှာများအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်… ။

သူတို့နှစ်ယောက်စလုံးက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်မှာ ဖြစ်ကြသည်။ သို့သော်လည်း လူသားမျိုးနွယ်၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် တိုက်ပွဲစွမ်းအားက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် သန္ဓေပြောင်းသားရဲများနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျပေသည်။

အဆင့်တူမှာဆိုလျှင် ပိုပြီးရိုင်းစိုင်းကြမ်းတမ်းသော သန္ဓေပြောင်းသားရဲများက တိုက်ခိုက်ခြင်းတွင် အထူးအားသာချက်ရှိကြသည်။

“ လက်လျော့ရမယ်ဟုတ်လား ”

ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားဘဲ သူ၏ လက်ထဲမှ ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ သွေးအနှစ်သာရသာမက သူ၏ ဝိညာဉ်စွမ်းအားလည်း ပေါ်လျှိုးလာသည်။

“ မင်း လက်မလျော့သေးဘူးလား ”

အိုမင်းသော အသံတစ်သံက ပဲ့တင်ထပ်လာသည်။

ထိုအသံက ဝမ်ကျန်းဟိုင်ထံမှ ဖြစ်သည်။

သို့သော်လည်း ယင်းက ယခု ဝမ်ကျန်းဟိုင်ထံမှ မဟုတ်ပေ။ ယင်းက လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သားရဲတစ်သောင်းဓားဘုရင် ဝမ်ကျန်းဟိုင်ထံမှ ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့၏ အရှေ့တွင် သားရဲအရေပြားကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်မှာ ရွှေရောင်သရဖူဆောင်းထားသော အကြီးအကဲတစ်ယောက်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ စီနီယာအကိုဝမ် ”

ဟန်မူယဲ့က တိုးညင်းစွာ ရေရွတ်လိုက်သည်။

အခြားတစ်ဖက်တွင် ဓားကိုင်ထားသော လျောင်ဖန်းက ရုတ်တရက် အရွယ်အိုမင်းသွားသည်။ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စီနီယာအကိုလျောင်ဖန်း ”

ဟန်မူယဲ့က လျောင်ဖန်းကို လှည့်ကြည့်လိုက်သည်။

လျောင်ဖန်းက သူ့လက်ထဲမှ ဓားကို ကြည့်လိုက်သည်။ ခါးသီးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ငါထင်ခဲ့တာက နောက်ထပ် တိုက်ပွဲတစ်ပွဲ ငါတိုက်နိုင်သေးတယ်… ပြီးတော့ ယုမင်ဓားကွက်(၁၃)ကွက်ကို ဖန်တီးနိုင်လိမ့်မယ်လို့… ”

“ နောက်ဆုံးတော့ အားလုံးက ပုံရိပ်ယောင်တစ်ခုပါပဲ ”

အရာအားလုံးက ယုမင်ချောက်နက်ထဲမှ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။

ဤနေရာမှာ တိုက်ပွဲမရှိပေ။ သားရဲဒီရေလှိုင်းမရှိပေ။

ထိုအရာအားလုံးက အတိတ်မှာ ပြီးဆုံးသွားခဲ့သည်။

ယုမင်ဓားဂိုဏ်းက သားရဲဒီရေလှိုင်းကြောင့် အမြစ်ဖြတ်ဖျက်ဆီးခံခဲ့ရသည်။

လျောင်ဖန်းက နောက်ဆုံးထွက်သက်အထိ မတ်တတ်ရပ်၍ တိုက်ခိုက်ခဲ့သည်။ သူက ဂိုဏ်း၏ ကံကြမ္မာကို မျှဝေခံစားခဲ့သည်။

တပည့်တချို့က ယုမင်ဓားဂိုဏ်း၏ အမွေအနှစ်ကို သယ်ဆောင်၍ ထွက်သွားကြသည်။ သို့သော်လည်း နောက်ပိုင်းမှာ သူတို့သည်လည်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ကြသည်။

ဝမ်ကျန်းဟိုင်က သန္ဓေပြောင်းသားရဲများထံ အညံ့ခံလိုက်ပြီး သားရဲတစ်သောင်းဓားဘုရင် ဖြစ်လာခဲ့သည်။ သူက မဟာပန်သွန်ဘုံဆီသို့ ပြန်လာရန် သန္ဓေပြောင်းသားရဲစစ်တပ်ကို ဦးဆောင်ခဲ့သည်။

သို့သော်လည်း သူက သန္ဓေပြောင်းသားရဲများ၏ စွမ်းအားအရှေ့မှာ သူ့ကိုယ်သူ ဆုံးရှုံးသွားသည်။ သူထိန်းချုပ်ထားသော စွမ်းအားက သူ့ကိုယ်ပိုင်မဟုတ်ပေ။

နောက်ဆုံးမှာတော့ ဘေးပတ်ဝန်းကျင်မှ အစွမ်းထက်ကျင့်ကြံသူများက ဤနေရာသို့ ရောက်လာကြပြီး ယုမင်ဓားဂိုဏ်း၏ ပေတစ်သိန်းဧရိယာကို ချိပ်ပိတ်လိုက်ကြသည်။

အဖြစ်မှန်က ထိုအတိုင်းဖြစ်သည်။

“ ယင်ယန်အဆင့်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်ကို တကယ်တိုက်ခိုက်နိုင်လား ”

ဝမ်ကျန်းဟိုင်က သူ့လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

အတိတ်မှာ သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရစဉ် သူ၏ စိတ်အာရုံကို ဆုံးရှုံးသွားခဲ့သည်။

နောက်ဆုံးအချိန်မှာ သူက အသက်ရှင်နိုင်ခဲ့သော်လည်း သူက ယခင်ဝမ်ကျန်းဟိုင် မဟုတ်တော့ပေ။ ယင်းအစား သူက သားရဲတစ်သောင်းဓားဘုရင် ဖြစ်လာခဲ့သည်။

“ ယင်ယန်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်ကို တိုက်ခိုက်နိုင်လား ”

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး သူ၏ အပေါ်မှ အနက်ရောင်ဧရာမလက်သည်းကို ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ အဆုံးစွန်သော တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

သူ၏ လက်ထဲမှ ဓားက တုန်ယင်သွားသည်။

“ ဒီလောကရဲ့ ကျင့်ကြံခြင်းဟာ တကယ်တော့ အတွေးစုစည်းခြင်းပဲ ဖြစ်တယ်… ယင်ယန်ဖြစ်တော့ရော ဘာအရေးလဲ… သေခြင်းရှင်ခြင်းက တကယ်ကြောက်စရာကောင်းလို့လား ”

“ ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဘာများထူးခြားလို့လဲ… ငါ့ရဲ့ ဓားက အရာအားလုံးကို ပိုင်းဖြတ်နိုင်တယ် ”

ဟန်မူယဲ့၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် စိတ်လှုပ်ရှားသော ဟိန်းသံက သူ၏ ဓားထဲမှ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ သူ့လက်ထဲမှ ဓားက ကျန်းတစ်သောင်းရှည်လျားသော ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။

ဓားကို ခုတ်ပိုင်းလိုက်စဉ် မိုးမြေကြားမှ စွမ်းအင်အားလုံးက ဓားသွားပေါ်မှာ စုဝေးသွားကြသည်။

မူလစွမ်းအား… မိုးမြေစွမ်းအား…

မဟာပန်သွန်ဘုံ၏ အရှေ့တွင် တခြားဘုံများသည် အမှိုက်များ ဖြစ်ကြသည်။

မဟာပန်သွန်ဘုံ၏ စွမ်းအားက မည်သည့်သန္ဓေပြောင်းသားရဲဘုံများထက်မဆို အများကြီး ပိုသန်မာသည်။

အတိတ်၌ ထွက်ပေါ်လာခဲ့သည်မှာ မဟာပန်သွန်ဘုံ၏ စိတ်ဆန္ဒအမျှင်တန်းတစ်ခုမျှသာ ဖြစ်၏။ သို့ဖြစ်၍ ယင်းက တိုက်ပွဲမှာ ကြီးမားသော အထောက်အကူကို မပေးနိုင်ပေ။

ယခု ဟန်မူယဲ့က သူ၏ ဓားကို အသုံးပြု၍ မဟာပန်သွန်ဘုံ၏ အစစ်အမှန်စွမ်းအားကို ဆင့်ခေါ်လိုက်သည်။

ထို့ကြောင့် သူ၏ ဓားချက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် သန္ဓေပြောင်းသားရဲ၏ ဧရာမခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားရုံသာမက ၎င်း၏ အနောက်မှ အဆုံးမဲ့စကြာဝဠာကိုလည်း ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်သည် မိုးမြေကြားထဲမှ အသက်ဓာတ်တစ်ခုမျှသာ ဖြစ်၏။ မိုးမြေက ထိုအသက်ဓာတ်ကို ချိပ်ပိတ်လိုက်သည့်အခါ ၎င်းက သေချာပေါက် သေဆုံးသွားရလိမ့်မည်။

“ ဝီး ”

မိုးမြေစွမ်းအားက တုန်ယင်သွားပြီး အတားအဆီးအလွှာက အရှေ့သို့ ဆက်လက် ဖြန့်ကြက်သွားသည်။

ထိုစဉ် ရွှေရောင်တုံကင်တစ်ခုက ဟန်မူယဲ့၏ လက်ထဲသို့ ပြုတ်ကျလာသည်။

ကောင်းကင်ဘုံအစောင့်တပ်… အစမ်းသပ်ခံတုံကင်…

ထိုတုံကင်ဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က အင်မော်တယ်မင်းဆက်၏ ကောင်းကင်ဘုံအစောင့်တပ်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီလိမ့်မည်။

မဟာပန်သွန်ဘုံတွင် အင်မော်တယ်မင်းဆက်က ဘုံတစ်ခုလုံးကို အုပ်ချုပ်ထားပြီး စိတ်ကူးမယဉ်နိုင်အောင် အင်အားကြီးမားသည်။ သူတို့ဆီမှာ အာဏာရှင်အဆင့် အစွမ်းထက်ပညာရှင်များက မရေမတွက်နိုင်အောင် များပြားလှသည်။

မဟာပန်သွန်ဘုံ၏ မည်သည့်အင်အားစုမှ အင်မော်တယ်မင်းဆက်ကို မဆန့်ကျင်နိုင်ပေ။

ကောင်းကင်ဘုံအစောင့်တပ်သည် အင်မော်တယ်မင်းဆက်၏ အစွမ်းထက် စစ်တပ်တစ်တပ် ဖြစ်သည်။ ထိုစစ်တပ်ကို အနယ်နယ်အရပ်ရပ်မှ ပါရမီရှင်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည်။ ကောင်းကင်ဘုံအစောင့်တပ်မှာ တခြားမည်သည့်နေရာမှာမှ ရှာမတွေ့နိုင်သော အရင်းအမြစ်များ ရှိသည်။

သို့သော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်ဘုံအစောင့်တပ်သို့ ဝင်ရောက်ချင်သည်ဆိုလျှင် စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ရလိမ့်မည်။ ဟန်မူယဲ့၏ လက်ထဲမှ တုံကင်က ထိုစမ်းသပ်မှုထဲမှာ ပါဝင်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ အရှေ့တွင် မရေမတွက်နိုင်သော ဝိညာဉ်အလင်းများက နေရာရွှေ့ပြောင်းသွားကြသည်။ ဤသည်မှာ လောကတစ်ခုလုံးက တစ်လက်မချင်းစီ အက်ကွဲသွားနေသည့်အလားပင်။

သူ၏ အနောက်တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက တစ်ယောက်ပြီးတစ်ယောက် ပြန်နိုးလာကြသည်။

သို့သော်လည်း ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များသည် အရေအတွက်နှစ်ထောင်ပင် မပြည့်တော့ချေ။

တခြားတပည့်များက ယုမင်ချောက်နက်၏ ပုံရိပ်ယောင်ထဲမှာ သူတို့၏ ဝိညာဉ်ကို ဆုံးရှုံးသွားကြသည်။

ပြန်နိုးလာကြသော တပည့်များက မတည်မငြိမ်ဖြစ်နေသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ သွေးချီအနှစ်သာရက ရောင်ခြည်တန်းများအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ဦးခေါင်းပေါ်မှာ ပျံဝဲနေကြသည်။

ပုံရိပ်ယောင်ထဲမှာ သူတို့ရရှိခဲ့သော ကျင့်ကြံခြင်းစွမ်းအားက ပျောက်ကွယ်သွားသော်လည်း ပုံရိပ်ယောင်ထဲမှ အတွေ့အကြုံများက ကျန်ရှိနေဆဲပင်။

အရေးကြီးဆုံးမှာ ပုံရိပ်ယောင်ထဲ၌ သူတို့စုဆောင်းခဲ့သော မဟာပန်သွန်ကျောက်တုံးများနှင့် ရွှေရောင်မိစ္ဆာအရိုးများက သူတို့၏ လက်ထဲမှာ ဆက်ရှိနေကြသည်။

“ ဂိုဏ်းခေါင်းဆောင်ဟန် ”

“ ဆရာ ”

အော်သံများက ထွက်ပေါ်လာသည်။

ယုမင်ချောက်နက်ထဲမှ ပုံရိပ်ယောင်က ပျောက်ကွယ်သွားသော်လည်း ဟန်မူယဲ့အပေါ် သူတို့၏ အမြင်က မပြောင်းလဲသွားပေ။ ယင်းအစား သူတို့က ဟန်မူယဲ့ကို ယခင်ကထက် ပိုပြီးရိုသေလေးစားလာကြသည်။

သူတို့၏ ဂိုဏ်းခေါင်းဆောင်သည် ယင်ယန်အဆင့်ဖြင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။

ထို့ပြင် ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှ ယင်ယန်အဆင့် စွမ်းအားက မပျောက်ကွယ်သွားပေ။

ဟန်မူယဲ့က ယင်ယန်အဆင့်သို့ အမှန်တကယ် တတ်လှမ်းနိုင်ခဲ့သည်။

အချင်းမိုင်တစ်သန်းဧရိယာအတွင်းမှာ ယင်ယန်အဆင့် အစွမ်းထက်ပညာရှင်များကို လက်ချိုးရေတွက်နိုင်ပေသည်။

ဤနယ်တစ်ဝိုက်မှာ အသန်မာဆုံးဖြစ်သော ယွင်ထျန်းတာအိုဂိတ်သည်ပင် ယင်ယန်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်၏ အရှေ့မှာ ပုရွက်ဆိတ်နှင့်မခြားပေ။

အရေးကြီးဆုံးမှာ ဟန်မူယဲ့သည် ယင်ယန်အဆင့်မှာတင် ဓားတစ်ချက်ဖြင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် အစွမ်းထက် သန္ဓေပြောင်းသားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။

“ သွားကြစို့ ”

ဟန်မူယဲ့က အဝေးမှ မြူခိုးထုဆီသို့ လှမ်းကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ ကျုပ်တို့တွေ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ပြန်သွားတော့မယ်… ကောင်းကင်ဘုံစစ်ပွဲက မကြာခင် စတင်တော့မယ် ”

သူက အနောက်လှည့်လိုက်ပြီး ယုမင်ချောက်နက်ထဲမှ ထွက်သွားသည်။ သို့သော်လည်း သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။

“ စီနီယာအကိုဝမ်… စီနီယာအကိုလျောင်… အခု ကျုပ်ပြမယ့် ဓားချက်ကို ခင်ဗျားတို့ ဆင်ခြင်နားလည်နိုင်မယ်ဆိုရင် ဒီယုမင်ချောက်နက်ကနေ ထွက်ခွာနိုင်လိမ့်မယ် ”

“ အဲ့ဒီဓားချက်က… ယုမင်ဓားသိုင်းရဲ့ (၁၅)ကွက်မြောက် ဓားကွက် ”

ဟန်မူယဲ့၏ မျက်လုံးထဲတွင် တောက်ပသော ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

သူက လက်ထဲမှ ဓားကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

“ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရဲ့ နောက်တစ်ဆင့်က ကမ္မ… ကမ္မရဲ့ အလွန်မှာ သံသရာစက်ဝန်းရှိတယ် ”

“ ကျုပ်လက်ထဲက ဓားက သံသရာစက်ဝန်းကို ပိုင်းဖြတ်နိုင်တယ် ”

All Chapters