← Chapters

အခန်း (၁၆၁၃)

Vol. 116 Ch. 1613

အခန်း (၁၆၁၃)

Vol. 116 Ch. 1613

“ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ပိုင်းဖြတ်နိုင်တဲ့ ဓား… သံသရာစက်ဝန်းကို ပိုင်းဖြတ်နိုင်တဲ့ ဓား ”

သံသရာစက်ဝန်းအဆင့် စွမ်းအားကသာလျှင် ခန္ဓာကိုယ်ပျက်စီးသွားသော ဝမ်ကျန်းဟိုင်၏ ဝိညာဉ်အကြွင်းအကျန်ကို ပြန်ရှင်သန်စေရန် စွမ်းဆောင်ပေးနိုင်လိမ့်မည်။

လျောင်ဖန်းနှင့် ဝမ်ကျန်းဟိုင်က ဤဓားကွက်ကို ဆင်ခြင်နားလည်နိုင်မည်လော ဟန်မူယဲ့ မသိပေ။

အကယ်၍ ထိုဓားကွက်ကို သူတို့က နားလည်သဘောပေါက်သွားမည်ဆိုလျှင် ထိုအတွက် ကမ္မအကျိုးဆက်ကို သူက ခံယူရလိမ့်မည်။

ကမ္မစွမ်းအားနှင့်ပတ်သက်၍ ဟန်မူယဲ့က ဂရုမစိုက်ပေ။

သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ကိုယ်ပွားက သံသရာစက်ဝန်းနှင့် ကမ္မထက် ကျော်လွန်သွားပြီးပြီ ဖြစ်၏။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ပြန်ကြမယ် ”

ဘေးပတ်ဝန်းကျင်မှ တပည့်များက အော်ပြောလိုက်ကြသည်။ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပျော်ရွှင်မှုက သူတို့၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်နေသည်။

သူတို့က ယုမင်ချောက်နက်၏ သေခြင်းရှင်ခြင်းစမ်းသပ်မှုကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ထို့ပြင် သူတို့က အရင်းအမြစ်အများအပြားနှင့် တန်ဖိုးကြီးမားသော အတွေ့အကြုံများကိုလည်း ပိုင်ဆိုင်သွားကြသည်။ ယင်းက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို မြန်ဆန်စွာ တိုးမြှင့်ပေးလိမ့်မည်။ တစ်ချိန်တည်းမှာ သူတို့က ပိုပြီးကြီးမားသော ရည်မှန်းချက်ကို ထားရှိလိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် တာအိုအဆင့်က အရေးမပါတော့ပေ။

ကနဦးမူလအဆင့်နှင့် စကြာဝဠာအဆင့်သည်သာ သူတို့၏ စစ်မှန်သော ပန်းတိုင်များ ဖြစ်ကြသည်။

ဤဘဝမှာ သူတို့က အပတ်တကုတ် ကြိုးစားကျင့်ကြံမည်ဆိုလျှင် တစ်နေ့မှာ ကနဦးမူလအဆင့်နှင့် စကြာဝဠာအဆင့်ဆီသို့ တတ်လှမ်းနိုင်ကြလိမ့်မည်။

စုကြွယ်ရှန့်၊ ဝူရှီလန်း၊ လင်းယုရုံ၊ ကျန်းမုန့်ယန်၊ ရှုဖုန်းယန်နှင့် ရှုကျိချူးတို့သည် ယခင်ကထက်စာလျှင် ကြီးမားစွာ ပြောင်းလဲသွားကြပုံပေါ်သည်။ နက်နဲသိမ်မွေ့သော အရှိန်အဝါက သူတို့အားလုံး၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်နေသည်။

သို့သော် လစန္ဒာတောင်ထွတ်၏ ဒုတိယမြောက် တပည့်ဖြစ်သော ယုရှောင်ကုန်းက ပုံရိပ်ယောင်ထဲမှာ ကျဆုံးသွားခဲ့သည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အကြီးအကဲများနှင့် တောင်ထွတ်အရှင်သခင်များသည်လည်း ဘယ်တော့မှ ပြန်မလာနိုင်ကြတော့ချေ။

ပုံရိပ်ယောင်နယ်မြေထဲမှာ သူတို့က နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့သော်လည်း အမှန်မှာ အပြင်လောကတွင် အချိန်သုံးလသာ ကြာမြင့်ခဲ့သည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များသည် ဟန်မူယဲ့၏ ဦးဆောင်မှုအောက်မှာ ဂိုဏ်းဆီသို့ ပြန်သွားကြသည်။ ထို့နောက် သူတို့အားလုံးက တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားကြသည်။

ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများအား ရောင်းချသည့် အလုပ်ကိုလည်း ပြန်စတင်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ဂိုဏ်းထဲမှ လူအနည်းစုသာ ယင်းကို အာရုံစိုက်ကြတော့သည်။

ဂိုဏ်းထဲတွင် တပည့်အများအပြားက အပတ်တကုတ် ကြိုးစားကျင့်ကြံနေကြသည်။

ဂိုဏ်း၏ နေရာတိုင်းမှာ ဓားအလင်းရောင်က ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

တစ်နှစ်ကြာပြီးနောက်…

ထိုတစ်နှစ်အတွင်းမှာ ဟန်မူယဲ့က ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ တစ်ခါမှ ထွက်မသွားချေ။

သူက နေ့စဉ်နေ့တိုင်း သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို တည်ငြိမ်အောင် ပြုလုပ်သည်။ သူက သူ့ကိုယ်ပိုင်မိုးမြေစကြာဝဠာကို သူ၏ သွေးအနှစ်သာရဖြင့် သန့်စင်ပေးသည်။

သူ၏ မိုးမြေစကြာဝဠာထဲတွင် တုံမင်ရေခဲသားရဲက အထောက်အပံ့အဖြစ် တည်ရှိနေသည်။ ၎င်း၏ တည်ရှိမှုက သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို မြန်ဆန်စွာ တည်ငြိမ်စေသည်။

ဟန်မူယဲ့က ဤမိုးမြေစကြာဝဠာတစ်ခုတည်းကိုသာ ယင်ယန်ဖွင့်လှစ်ရသေးသည်။

သူ၏ ကျန်ရှိသော စကြာဝဠာနယ်မြေ(၃၅၉)ခုက ပုတီးစေ့များအဖြစ် ဆက်လက်ရှိနေဆဲပင်။

သို့သော်လည်း ဟန်မူယဲ့က အလျင်မလိုပေ။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံစစ်ပွဲက မကြာခင် စတင်တော့မည်။

အကယ်၍ သူက မဟာပန်သွန်ဘုံထဲမှ ထွက်သွားနိုင်မည်ဆိုလျှင် သူ၏ စကြာဝဠာများကို ကြီးထွားနိုင်စေမည့် အခွင့်အရေးများကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည်။

သူ၏ ဓားတာအိုနှင့်ပတ်သက်၍ မဟာပန်သွန်ဘုံမှ ဓားတာအိုကျင့်ကြံခြင်းကို သူဆင်ခြင်နားလည်ပြီးနောက် သူ့ကိုယ်ပိုင်ဓားတာအိုက ကြီးမားစွာ တိုးတတ်သွားသည်။ ယခု သူက ဓားတာအိုအကြောင်း ပိုပြီးနက်နဲစွာ နားလည်သွားသည်။

သံသရာစက်ဝန်းကို ပိုင်းဖြတ်နိုင်သော ထိုဓားချက်ပြီးနောက် သူက ဓားသိုင်းအသစ်တစ်ခုကို ဖန်တီးနိုင်သွားခဲ့သည်။

သို့သော်လည်း ထိုဓားသိုင်းကို အသုံးပြုရန် ရန်သူက အာဏာရှင်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်ရမည်။ သို့မဟုတ်လျှင် ထိုဓားသိုင်းကို အသုံးပြုခြင်းက အလဟဿဖြစ်လိမ့်မည်။

…..

“ ဝူး ”

နှဲမှုတ်သံက တိမ်တိုက်များအထိ ပဲ့တင်ထပ်သွားသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးအရှေ့တွင် ဓားကျင့်ကြံသူအုပ်စုတစ်စုက မတ်တတ်ရပ်နေကြသည်။ သူတို့က အရပ်ရှည်ကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သွေးချီအနှစ်သာရက အလွန်သိပ်သည်းသည်။

ဟန်မူယဲ့က အရှေ့ဆုံးမှာ မတ်တတ်ရပ်နေသည်။

သူ၏ အနောက်တွင် ရှုဖုန်းယန်၊ ရှုကျိချူး၊ စုကြွယ်ရှန့်နှင့် တခြားလူများ ရှိကြသည်။

သူတို့၏ အနောက်တွင် တပည့်တစ်ထောင်ကျော် ရှိကြသည်။

ဤတစ်နှစ်အတွင်းမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်သုံးယောက်က စကြာဝဠာအဆင့်သို့ တတ်လှမ်းနိုင်ခဲ့ကြသည်။

သူတို့က ရှုဖုန်းယန်၊ ရှုကျိချူးနှင့် ဝူရှီလန်း ဖြစ်ကြသည်။

စုကြွယ်ရှန့်နှင့် တခြားတပည့်ငါးယောက်က ကနဦးမူလအဆင့်မှာ ဖြစ်ကြသည်။

အန္တိမတာအိုအဆင့်နှင့် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူများက စုစုပေါင်း တစ်ရာခန့် ရှိသည်။

သူတို့က ယုမင်ချောက်နက်ဆီသို့ ခရီးစဉ်တွင် အရင်းအမြစ်အများကြီးကို ရရှိခဲ့ကြပြီး တန်ဖိုးကြီးမားသော အတွေ့အကြုံများကို ပိုင်ဆိုင်ခဲ့ကြသည်။ ယင်းတို့က သူတို့၏ ကျင့်ကြံခြင်းကို တစ်ဟုန်ထိုး တိုးမြှင့်သွားစေသည်။

လက်ရှိကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အလုံးစုံအင်အားသည် ယွင်ထျန်းတာအိုဂိတ်ကို လွှမ်းမိုးဖိနှိပ်ရန် လုံလောက်ပေသည်။

သို့သော်လည်း ဟန်မူယဲ့၏ အမိန့်အောက်မှာ လူတိုင်းက ကျင့်ကြံခြင်းကိုသာ အထူးအာရုံစိုက်ထားကြသည်။ အပြင်လောကမှ ပဋိပက္ခများကိုတော့ သူတို့က လျစ်လျူရှုထားကြသည်။

ယုမင်ချောက်နက်ဆီသို့ ခရီးစဉ်က သူတို့၏ အမြင်များကို ပြောင်းလဲစေခဲ့သည်။ ယခု သူတို့က ကျင့်ကြံခြင်းက မည်မျှအရေးကြီးကြောင်း နားလည်သွားကြသည်။

သူတို့ဆီမှာ လုံလောက်သော စွမ်းအားမရှိလျှင် အစွမ်းထက်ရန်သူများဖြင့် ရင်ဆိုင်ရသည့်အခါ အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မည်။

“ သွားကြစို့ ”

ဟန်မူယဲ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သူ၏ ဓားအလင်းက ကျန်းတစ်ရာရှည်လျားသော ရောင်ခြည်တန်းအဖြစ် ပြောင်းလဲသွားသည်။

သူ၏ အနောက်တွင် ဓားအလင်းတန်းများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

“ ဂိုဏ်းခေါင်းဆောင်ဟန်ကို နှုတ်ဆက်ပါတယ် ”

“ ငါတို့ဂိုဏ်းရဲ့ တာအိုရောင်းရင်းတွေကို နှုတ်ဆက်ပါတယ်… ကောင်းကင်အသင်္ချေဓားဂိုဏ်း အောင်ပွဲရပြီး ပြန်လာနိုင်ပါစေ ”

ဂိတ်တံခါးအရှေ့တွင် အော်သံများ ပဲ့တင်ထပ်သွားသည်။

ဂိတ်တံခါးအရှေ့မှ လူအုပ်ကြီးထဲတွင် အကြည့်များစွာက ကောင်းကင်ပေါ်မှ ဓားအလင်းတန်းများဆီသို့ ကျရောက်သွားသည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဒီတစ်ကြိမ် လူဘယ်နှစ်ယောက်လောက် ပြန်လာနိုင်မယ်လို့ မင်းထင်လဲ ”

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

“ ငါ့အမြင်မှာတော့ ဒီတစ်ခေါက် ကောင်းကင်ဘုံစစ်ပွဲက ကောင်းကင်အသင်္ချေဓားဂိုဏ်း မြင့်တတ်နိုင်မယ့် အခွင့်အရေးပဲ ”

အခြားတစ်ယောက်က ပြောသည်။

တခြားလူများသည်လည်း အချင်းချင်း တီးတိုးဆွေးနွေးလိုက်ကြသည်။

…..

တောအုပ်ထဲတွင် ဓားအလင်းတန်းများက လွတ်လပ်စွာ ရွေ့လျားနေကြသည်။

မဟာပန်သွန်ဘုံထဲတွင် မိုးမြေစွမ်းအားက သိမ်မွေ့နက်နဲသည်။ ဟန်မူယဲ့နှင့် သူ့အုပ်စုဆီမှာ နက်ရှိုင်းသော ကျင့်ကြံခြင်းစွမ်းအားရှိသောကြောင့် မဟုတ်လျှင် သူတို့က ထိုမျှဝေးကွာသော ခရီးကို အလွယ်တကူ သွားနိုင်ကြလိမ့်မည် မဟုတ်ချေ။

ဤတစ်ကြိမ်တွင် သူတို့၏ လူဦးရေက စုစုပေါင်း ငါးထောင်ရှိသည်။ သူတို့ထဲမှာ အားအနည်းဆုံး ကျင့်ကြံသူများက တာအိုရှာဖွေခြင်းအဆင့်မှာ ဖြစ်ကြသည်။

ဓားအလင်းတန်းများက အချင်းချင်း ယှက်ထွေသွားကြသည့်အခါ ခမ်းနားထည်ဝါသော ဓားပျံဝင်္ကပါတစ်ခုက ကောင်းကင်ပေါ်မှာ ဖွဲ့စည်းသွားသည်။ ယင်းက မရေမတွက်နိုင်သော လူများ၏ စိတ်အာရုံကို ဖမ်းစားသွားသည်။

“ အဲ့ဒီဓားအလင်းတန်းတွေက ဘယ်ဂိုဏ်းကလဲ ”

“ ဟာ… ဓားအလင်းတွေက အဲ့လောက်တောင် ခမ်းနားထည်ဝါတာလား ”

“ အဲ့ဒါ သေချာပေါက် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ရမယ်… ကောင်းကင်ဘုံစစ်ပွဲအတွက် ဒီလိုအင်အားစုကို စေလွှတ်တယ်ဆိုတော့ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ် ပြိုလဲသွားမှာကို သူတို့မစိုးရိမ်ကြဘူးလား ”

မဟာပန်သွန်ဘုံ၏ ဂိုဏ်းအများစုအတွက်တော့ ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ခြင်းက သူတို့၏ ကိုယ်ပိုင်အင်အားကို လျော့ချလိုက်ခြင်း ဖြစ်သည်။

ဂိုဏ်းကြီးများသာလျှင် ကောင်းကင်ဘုံစစ်ပွဲကို သူတို့၏ တပည့်များအား လေ့ကျင့်ပေးနိုင်မည့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ကြလိမ့်မည်။

“ ဝီး ”

ဓားအလင်းတန်းတစ်ခုက ဟန်မူယဲ့၏ အရှေ့သို့ ဆင်းသက်လာပြီး အသံတစ်သံက ဓားအလင်းထဲမှ ပျံ့လွင့်လာသည်။

“ တာအိုရောင်းရင်း… အဆင်ပြေမယ်ဆိုရင် ကျုပ်ရဲ့ မင်ဟွားဓားဂိုဏ်းက ခင်ဗျားတို့နဲ့ အတူလိုက်ချင်ပါတယ် ”

အတူလိုက်ချင်တယ်… ။

ယင်းက မကြာမီလာမည့် ကောင်းကင်ဘုံစစ်ပွဲအတွက် မဟာမိတ်ရှာခြင်းသာ ဖြစ်သည်။

မင်ဟွားဓားဂိုဏ်းက မဟာမိတ်ရှာဖွေရန် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အင်အားကို မျက်စိကျသွားခဲ့သည်။

“ ကိစ္စမရှိပါဘူး ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။

တစ်ခဏကြာပြီးနောက် ဓားအလင်းတန်းတစ်ရာက အဝေးမှ ထွက်ပေါ်လာကြပြီး သူတို့ဆီသို့ ဦးတည်လာကြသည်။

သူတို့ထဲမှာ အသန်မာဆုံးက တာအိုငြိမ်းသတ်ခြင်းအဆင့် အစိမ်းရောင်ဝတ်စုံဝတ် တာအိုပညာရှင်တစ်ယောက် ဖြစ်သည်။ ကျန်လူများထဲတွင် နှစ်ယောက်က တာအိုဝင်ရောက်ခြင်းအဆင့်မှာဖြစ်ပြီး တခြားလူများက တာအိုရှာဖွေခြင်းအဆင့်မှာ ဖြစ်ကြသည်။

ထိုသို့အင်အားကြောင့် သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ပူးပေါင်းချင်နေသည်မှာ မထူးဆန်းတော့ပေ။

ဓားအလင်းတန်းများက လွတ်လပ်စွာ ရွေ့လျားနေကြသည်။ ရံဖန်ရံခါ တခြားဂိုဏ်းများက လာရောက်ပူးပေါင်းကြလိမ့်မည်။

ဆယ်ရက်ကြာပြီးနောက် ဟန်မူယဲ့တို့အုပ်စု၏ အရေအတွက်က တစ်သောင်းကျော်သွားသည်။

သူတို့ထဲတွင် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် အန္တိမတာအိုအဆင့် ကျင့်ကြံသူသုံးယောက် ရှိကြသည်။

“ ယွင်ထျန်းတာအိုဂိတ်ရဲ့ နယ်မြေက အရှေ့မှာပါ ”

စုကြွယ်ရှန့်က သူ့အရှေ့မှ ဟန်မူယဲ့ထံသို့ တိုးတိုးလေး လှမ်းပြောသည်။

စုကြွယ်ရှန့်က ကနဦးမူလအဆင့်သို့ မကြာသေးခင်ကမှ တတ်လှမ်းသွားခဲ့သူ မဟုတ်ပေ။ အရေးကြီးဆုံးမှာ သူကျင့်ကြံသော ဓားတာအိုက လျှင်မြန်သွက်လက်မှု ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်စွမ်းရည်က အလွန်ကြောက်စရာကောင်းသည်။

ခြေလှမ်းဝက် စကြာဝဠာအဆင့် ရှုကျိချူးသည်ပင် စုကြွယ်ရှန့်ကို အပြတ်အသတ် အနိုင်ယူနိုင်သည်ဟု သေချာပေါက် မပြောနိုင်ပေ။ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တပည့်များထဲတွင် ဓားရူးကောင် ရှုဖုန်းယန်သည်သာ စုကြွယ်ရှန့်ကို အပြတ်အသတ် အနိုင်ယူနိုင်သည်။

“ ဂိုဏ်းခေါင်းဆောင်ဟန်… ယွင်ထျန်းတာအိုဂိတ်ရဲ့ စည်းမျဉ်းတွေအရ ကျုပ်တို့တွေ ဒီနေရာမှာ သူတို့လာခေါ်တာကို စောင့်ကြမလား ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

စည်းမျဉ်းတွေ… ။

ယင်းက တခြားဂိုဏ်းများကို လွှမ်းမိုးဖိနှိပ်ရန် ယွင်ထျန်းတာအိုဂိတ်က သတ်မှတ်ထားသော စည်းမျဉ်းများ ဖြစ်ကြသည်။

ယွင်ထျန်းတာအိုဂိတ်က ဤနယ်တစ်ဝိုက်မှာ အလွန်အားကောင်းလေရာ သူတို့ချမှတ်ထားသော စည်းမျဉ်းများကို မည်သည့်ဂိုဏ်းက ချိုးဖောက်ဝံ့မည်နည်း။

ထို့ပြင် ယွင်ထျန်းတာအိုဂိတ်ဆီမှာ ဂိုဏ်းကို ကာကွယ်စောင့်ရှောက်ပေးနေသော ကနဦးမူလအဆင့် ပညာရှင်တစ်ယောက် ရှိသည်။

အချင်းမိုင်တစ်သိန်းကျယ်ပြောသော ဧရိယာထဲမှာ ယွင်ထျန်းတာအိုဂိတ်က အရှင်သခင်သဖွယ် တည်ရှိမှုဖြစ်သည်။

“ ကျုပ်တို့က ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ဖို့ ရောက်လာကြတာ… ဘာလို့ ကျုပ်တို့က ယွင်ထျန်းတာအိုဂိတ်ရဲ့ စည်းမျဉ်းတွေကို ဂရုစိုက်နေရမှာလဲ ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ ထို့နောက် သူက အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားလေရာ သူ၏ ဓားအလင်းက ပိုပြီးထွန်းလင်းတောက်ပသွားသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက လုံးဝ တုံ့ဆိုင်းမနေဘဲ အနောက်မှ ချက်ချင်း လိုက်သွားကြသည်။

ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို အံ့ဩသွားစေသည်။

သူတို့၏ အမြင်တွင် ယွင်ထျန်းတာအိုဂိတ်က အထွတ်အမြတ်တည်ရှိမှု ဖြစ်သည်။

“ သူတို့တွေ ရူးသွားကြပြီ… ကောင်းကင်အသင်္ချေဓားဂိုဏ်းက သန်မာတယ်ဆိုပေမဲ့ ယွင်ထျန်းတာအိုဂိတ်ကို ရန်ပြုရဲတယ်… သူတို့က သေလမ်းရှာနေကြတာပဲ ”

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဒီတစ်ကြိမ် ရည်မှန်းချက်ကြီးကြီး ထားထားတာပဲ… ”

တချို့က တုံ့ဆိုင်းနေကြစဉ် တချို့က စိတ်ဓာတ်ပြတ်သားစွာ လုပ်ဆောင်လိုက်ကြသည်။

နောက်ဆုံးမှာတော့ လူသုံးထောင်ခန့်က ဟန်မူယဲ့နောက်သို့ လိုက်သွားကြပြီး ယွင်ထျန်းတာအိုဂိတ်အုပ်ချုပ်သော ပိုင်နက်အတွင်းသို့ ဝင်ရောက်သွားကြသည်။

တခြားနှစ်ထောင်က အပြင်ဘက်မှာ ကျန်နေခဲ့ကြပြီး ဆင့်ခေါ်မှုကို စောင့်ဆိုင်းကြသည်။

“ ဝီး ”

ဟန်မူယဲ့နှင့် သူ၏ နောက်လိုက်များက မိုင်တစ်ထောင်အကွာအဝေးသို့ ခရီးနှင်ပြီးသောအခါ ပေတစ်ထောင်ရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

“ ယွင်ထျန်းတာအိုဂိတ်အုပ်ချုပ်တဲ့ ပိုင်နက်ထဲကို ဖြတ်သန်းရဲတယ်… မင်းတို့က သေချင်နေတာပဲ ”

အော်သံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

ထို့နောက် ရွှေရောင်စစ်ဗိုလ်ချုပ်က လက်သီးတစ်လုံးကို အောက်သို့ ထိုးချလိုက်သည်။

ထိုလက်သီးအောက်မှာ မြေကြီးက အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ ကမ္ဘာမြေက ပြိုကျပျက်စီးသွားတော့မည့်အလားပင်။

ထိုနေရာနှင့် မိုင်တစ်ထောင်အဝေးတွင် ခန်းဆောင်တစ်ခု တည်ရှိသည်။ ဤအခိုက်အတန့်မှာ ပုံရိပ်အများအပြားက ခန်းဆောင်ထဲမှာ တည်ကြည်လေးနက်စွာ မတ်တတ်ရပ်နေကြသည်။ သူတို့အားလုံးက အေးတိအေးစက် မျက်နှာဖြင့် အပြင်ဘက်သို့ လှမ်းကြည့်နေကြသည်။

“ အဲ့ဒါ ကောင်းကင်အသင်္ချေဓားဂိုဏ်းလား ”

“ ဟွန့်… သူတို့က ယွင်ထျန်းတာအိုဂိတ်ကို မလေးမစားလုပ်ရဲမှတော့ သေလမ်းကိုပဲ သွားရလိမ့်မယ် ”

All Chapters