အခန်း (၁၆၁၄)
Vol. 116 Ch. 1614
မိုးမြေစွမ်းအားကို ပေတစ်ထောင်ရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်ထံသို့ သွန်းလောင်းပေးနေပြီး ၎င်းကို ယွင်ထျန်းတာအိုဂိတ်၏ မဟာဝင်္ကပါဖြင့် အားဖြည့်ပေးထားသည်။ သို့ဖြစ်၍ ၎င်း၏ တိုက်ခိုက်မှုထဲမှာ ကနဦးမူလအဆင့် တိုက်ပွဲစွမ်းအားက ကိန်းအောင်းနေသည်။
ကနဦးမူလအဆင့်စွမ်းအား… ။
ယင်းက လောကတစ်ခုလုံး၏ မူလအစ ဖြစ်သည်။
ယွင်ထျန်းတာအိုဂိတ်၏ စည်းမျဉ်းများအောက်မှာ ဂိုဏ်းအနည်းငယ်သာလျှင် အန္တိမတာအိုအဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားကြသည်။ ကျန်ဂိုဏ်းများတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များက တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်ကြသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီမှာ ကနဦးမူလအဆင့် ဓားကျင့်ကြံသူတစ်ဦးရှိသည်ဟူသော ကောလဟာလများ ရှိသည်။ ထို့ပြင် ထိုဓားကျင့်ကြံသူက မိုးကြိုးစာရင်းဝင် လက်ရွေးစင်တစ်ဦး ဖြစ်သည်။
အဲ့တော့ ဘာဖြစ်လဲ… ။
မိုးကြိုးစာရင်းဝင် ဓားကျင့်ကြံသူတစ်ယောက်က ဂိုဏ်းတစ်ခုလုံး၏ အင်အားကို ယှဉ်ပြိုင်နိုင်မည်လော။
ဓားကျင့်ကြံသူများသည် သူတို့၏ စူးရှထက်မြက်သော ဓားနည်းစနစ်များကြောင့် နာမည်ကျော်ကြားကြသည်။ သို့သော်လည်း ဓားကျင့်ကြံသူအများစု၏ အနောက်တွင် ကြီးမားသော နောက်ခံအင်အား မရှိကြပေ။
ကနဦးမူလအဆင့် ထိုဓားကျင့်ကြံသူက ရှုံးနိမ့်သွားမည်ဆိုလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက တိုက်ခိုက်စရာမလိုဘဲ အလိုအလျောက် ပြိုကွဲပျက်စီးသွားလိမ့်မည်။
မည်သို့ဖြစ်ပါစေ သူတို့အားလုံးက ကောင်းကင်ဘုံစစ်ပွဲထဲမှာ သေဆုံးသွားကြတော့မည့်လူများ မဟုတ်ပါလော။ စောစီးစွာ သေဆုံးခြင်းနှင့် နောက်ကျမှ သေဆုံးခြင်းက သိပ်အရေးမကြီးပေ။
“ ဝီး ”
ဧရာမရွှေရောင်လက်သီးပုံရိပ်က မိုးမြေစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ အကန့်အသတ်မဲ့ဖိအားနှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
“ သွားပြီ… ”
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အနောက်မှ လိုက်ပါလာကြသော ကျင့်ကြံသူများက စိတ်ပျက်အားလျော့စွာ ရေရွတ်လိုက်ကြသည်။
ထိုလက်သီးပုံရိပ်က အလွန်အားကောင်းလေရာ တောင်တန်းများကို ဖြိုချပစ်နိုင်ပြီး မြစ်ချောင်းများကို ဖျက်ဆီးပစ်နိုင်သည်။ မည်သူက ထိုလက်သီးကို ခုခံနိုင်မည်နည်း။
“ ဒီလိုဖြစ်မယ်ဆိုတာ ငါကြိုသိရင် လိုက်မလာခဲ့ပါဘူး ”
ကျင့်ကြံသူတစ်ယောက်က နောင်တရစွာ ရေရွတ်လိုက်သည်။
အရှေ့တွင် ဟန်မူယဲ့၏ ဓားအလင်းက မရပ်တန့်သွားပေ။ သူက အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူ့အနောက်တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ကျင့်ကြံသူများက နီးကပ်စွာ လိုက်ပါလာကြသည်။ ထူးဆန်းသည်မှာ သူတို့၏ အကြည့်ထဲ၌ မည်သည့်ချောက်ချားမှု အရိပ်အယောင်မှ မရှိပေ။
“ ဟွန့် ”
ရှုကျိချူးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူက လက်ထဲမှ ဓားကို ကောင်းကင်ပေါ်သို့ ထိုးသွင်းလိုက်သည်။
ဓားအလင်းက ပေါက်ကွဲသွားပြီး လျှပ်တစ်ပြက်အတွင်းမှာ ရောင်ခြည်တန်းတစ်ထောင်အဖြစ် ခွဲထွက်သွားသည်။ ထိုရောင်ခြည်တန်းများက ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ဧရာမလက်သီးပုံရိပ်နှင့် တွေ့ဆုံသွားသည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
“ အဲ့ဒီလူက ဘာလို့ အရမ်းသန်မာတာလဲ ”
“ အဲ့ဒီဓားအလင်းက… ”
ယွင်ထျန်းတာအိုဂိတ်ထဲတွင် အံ့ဩသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
တာအိုကျင့်ကြံသူအများအပြားက တိမ်တိုက်များကို စီးနင်းလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ သူတို့က သတိကြီးစွာထား၍ တိုက်ခိုက်လိုက်ကြသည်။
“ သေစမ်း ”
ရှုကျိချူး၏ အော်သံက မိုးမြေကြားထဲမှာ ပဲ့တင်ထပ်သွားသည်။
သူ၏ အော်သံ ပျံ့လွင့်သွားသည်နှင့် မိုင်တစ်ထောင်ဧရိယာကို ဖုံးလွှမ်းသွားမည့် ဓားအလင်းက ထွက်ပေါ်လာသည်။
ဓားအလင်းက ပေတစ်ထောင်ရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ထိုမျှသာ မဟုတ်ပေ။ ဓားတာအို၏ အစွန်းရောက်ထက်ရှမှုက မိုးမြေကို ဖြတ်သန်းသွားပြီး ယွင်ထျန်းတာအိုဂိတ်၏ ဂိတ်တံခါးအရှေ့သို့ ကျဆင်းသွားသည်။
မဟာဝင်္ကပါကို ထိန်းချုပ်ထားကြသော တာအိုကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြပြီး ရွှေရောင်အကာအကွယ်အလွှာကို အမြန်အသက်သွင်းလိုက်ကြသည်။
“ ဘန်း ”
အကာအကွယ်အလွှာက အက်ကွဲသွားပြီး ဓားအလင်းက ဘေးပတ်ဝန်းကျင်ဆီသို့ ပြန့်ကျဲသွားသည်။
ခေါင်းဖြူအကြီးအကဲလေးယောက်က ပါးစပ်အပြည့် သွေးအန်လိုက်ကြရပြီး အဝေးသို့ လွင့်စင်သွားကြသည်။
“ အဲ့ဒါက ယွင်ထျန်းတာအိုဂိတ်ရဲ့ ဧည့်သည်ကြိုဆိုပုံလား ”
ရှုကျိချူးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ဓားအလင်းက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားစဉ် သူ၏ အော်သံက မိုင်ထောင်ပေါင်းများစွာ အဝေးသို့ ပျံ့လွင့်သွားသည်။
“ ဝီး ”
ဓားအလင်းတန်းက ဝင်းလက်သွားပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်အားလုံးက ဆယ်ပေရှည်လျားသော ဓားအလင်းကို ဖွဲ့စည်းလိုက်ကြသည်။ ထို့နောက် သူတို့ထံမှ ဓားအလင်းများက ဧရာမဓားတစ်လက်အဖြစ် ပေါင်းစည်းသွားကြသည်။
ဧရာမဓားက မိုးမြေကြားမှာ လှည့်ပတ်သွားပြီး ယွင်ထျန်းတာအိုဂိတ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ဓား၏ အလျင်က အလွန်မြန်ဆန်လေရာ လေထုသည်ပင် တိုက်ရိုက် ထိုးခွဲခံလိုက်ရသည်။ ဓားထဲမှာ ကိန်းအောင်းနေသော အရှိန်အဟုန်က ဘေးပတ်ဝန်းကျင်မှ လူတိုင်းကို နှလုံးတုန်ယင်သွားစေသည်။
အကယ်၍ ထိုဧရာမဓား ကျဆင်းလာမည်ဆိုလျှင် ယွင်ထျန်းတာအိုဂိတ်က သေချာပေါက် ဖျက်ဆီးခံရလိမ့်မည်။
“ သူတို့က တကယ် တိုက်ခိုက်ကြတော့မှာလား ”
အဝေးမှ တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။
“ အို ဘုရားရေ… ယွင်ထျန်းတာအိုဂိတ်တောင် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို မရပ်တန့်နိုင်ဘူးလား ”
အစောနက ကောင်းကင်အသင်္ချေဓားဂိုဏ်းနောက်သို့ လိုက်ရန် မရွေးချယ်မိခဲ့သော တစ်စုံတစ်ယောက်က နောင်တရစွာ ရေရွတ်လိုက်သည်။
ယွင်ထျန်းတာအိုဂိတ်ထဲတွင် ဂုဏ်သိက္ခာကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည့် အကြီးအကဲများက ချက်ချင်း မျက်နှာပျက်ယွင်းသွားကြသည်။
နောက်ဆုံးမှာတော့ အရှေ့ဆုံးမှ ပုဂ္ဂိုလ်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူက တင်းမာနေသော သူ၏ မျက်နှာကို အမြန်ပြောင်းပစ်လိုက်ပြီး အရှေ့သို့ ထွက်လျှောက်သွားသည်။
“ နားလည်မှုလွဲတာပါ… ဒါက နားလည်မှုလွဲတာပါ… ”
ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က အရှေ့သို့ အမြန်ထွက်လာပြီး တောင်းပန်တိုးလျှိုးသော အပြုံးကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ဓားအလင်းတန်းက လေထဲမှာ ရပ်တန့်သွားသည်။
ဓားအလင်းထဲမှ ပုံရိပ်အားလုံးက ရှင်းလင်းထင်ရှားလာသည်။
“ အဲ့ဒါ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ကာကွယ်စောင့်ရှောက်နေတဲ့ မိုးကြိုးစာရင်းက ရှုထျန်းဖုန်းမလား ”
“ ကျုပ်တို့ရဲ့ ယွင်ထျန်းတာအိုဂိတ်က ခင်ဗျားနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ် ”
အစိမ်းရောင်ဝတ်စုံဝတ် တာအိုပညာရှင်အုပ်စုတစ်စုကို ဦးဆောင်လာသော အကြီးအကဲက ဂိတ်တံခါးအပြင်ဘက်မှာ ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဓားအလင်းက မှိတ်တုတ်မှိတ်တုတ် ဝင်းလက်သွားပြီး ဟန်မူယဲ့နှင့် တခြားလူများက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ရှုကျိချူးက သူ့အား မျက်နှာလိုမျက်နှာရ ဖားနေသော အကြီးအကဲကို ကြည့်လိုက်သည်။
“ ကျုပ်က ရှုထျန်းဖုန်းမဟုတ်ဘူး ”
ရှုကျိချူးက မထူးမခြားနား ပြောသည်။
ထိုအကြီးအကဲက ဆက်လက် ပြုံးထားပြီး ခေါင်းညိတ်လိုက်သည်။
“ ဟုတ်ပါတယ်… ဟုတ်ပါတယ်… ခင်ဗျားက ရှုထျန်းဖုန်း မဟုတ်ဘူး… ”
ရှုထျန်းဖုန်းက သူ့ကိုယ်သူ ဝန်ခံလိမ့်မည်မဟုတ်ကြောင်း အစောကတည်းက သူသိထားပြီးပြီ ဖြစ်၏။
သို့သော် သူ၏ စကားမဆုံးခင်မှာ ရှုကျိချူးက သူ့အရှေ့မှ ရှုဖုန်းယန်ကို လက်ညှိုးညွှန်ပြလိုက်ပြီး ပြောသည်။
“ သူကမှ ရှုထျန်းဖုန်း ”
ယွင်ထျန်းတာအိုဂိတ်၏ ဂိုဏ်းခေါင်းဆောင်က ခန္ဓာကိုယ်တုန်ယင်သွားသည်။ သူက ရှုဖုန်းယန်ကို လှည့်ကြည့်လိုက်လေရာ သူ၏ နှုတ်ခမ်းက တုန်ယင်သွားသည်။
“ အဲ့ဒီလူက မိုးကြိုးစာရင်းက ရှုထျန်းဖုန်း… ဒီဘက်က တစ်ယောက်က အစောနက တိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့တဲ့လူ ”
“ ဒါ… ဒါဆိုရင် ကနဦးမူလအဆင့် ကျင့်ကြံသူနှစ်ယောက်လား ”
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှာ အစွမ်းထက်ပညာရှင်တွေ ဘယ်လောက်တောင် ရှိနေတာလဲ ”
ယွင်ထျန်းတာအိုဂိတ်၏ အရှေ့မှ အစိမ်းရောင်ဝတ်စုံဝတ် တာအိုပညာရှင်အားလုံးက အံ့ဩထိတ်လန့်သွားကြသည်။ သူတို့က ဟန်မူယဲ့နှင့် တခြားလူများကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှာ ကနဦးမူလအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိသည်လော။
သူတို့၏ ယွင်ထျန်းတာအိုဂိတ်သည်ပင် ထိုသို့အင်အားကို မပိုင်ဆိုင်ထားပေ။
“ ကျုပ်ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အခုမှ ရောက်လာတာ… ကျုပ်တို့က ကောင်းကင်ဘုံစစ်ပွဲမှာ ဘယ်နေရာကနေ ပါဝင်ရမလဲဆိုတာ သိခွင့်ရှိမလား… ပြီးတော့ မဟာပန်သွန်ကျောက်တုံးတွေကို ဘယ်နေရာကို လွှဲပေးရမလဲ ”
ဟန်မူယဲ့က သူ့အရှေ့မှ အကြီးအကဲကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ၏ စကားက ယွင်ထျန်းတာအိုဂိတ်မှ လူတိုင်းကို ထိတ်လန့်ချောက်ချားသွားစေသည်။
သူတို့၏ ယခင်အစီအစဉ်များက ယခုအချိန်မှာ အချည်းနှီးဖြစ်သွားသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ လက်ရှိအင်အားအရ သူတို့က မဟာပန်သွန်ကျောက်တုံးများကို မည်သို့လက်ခံဝံ့ကြမည်နည်း။ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အမှန်တကယ်ပေးရန် ဆန္ဒရှိသည်ဆိုလျှင်ပင် ယွင်ထျန်းတာအိုဂိတ်က ယင်းတို့ကို လက်မခံဝံ့ချေ။
အရှေ့ဆုံးမှ တာအိုပညာရှင်က တစ်ခဏ တွေးတောလိုက်ပြီး ပြန်ပြောသည်။
“ တာအိုရောင်းရင်း… ခင်ဗျားက ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့လားဗျ ”
“ ကျုပ်က ယုမင်ပါ… ကျုပ်က ယွင်ထျန်းတာအိုဂိတ်ရဲ့ ဂိုဏ်းခေါင်းဆောင်ပါ ”
ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်လိုက်စဉ် ဂိုဏ်းခေါင်းဆောင်ယုမင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ မိတ်ဆွေတို့… ကျုပ်တို့အားလုံးက ကောင်းကင်ဘုံစစ်ပွဲမှာ ရှေ့တန်းကနေ အတူတူ တိုက်ခိုက်ကြရမှာပါ… ဒီတော့ အနာဂတ်မှာ အပြန်အလှန် ကူညီပေးကြတာပေါ့ ”
တာအိုပညာရှင်ယုမင်၏ စကားက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို အံ့ဩသွားစေသည်။
ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း ရောက်မလာမီ သူတို့တိုင်ပင်ထားကြသောအရာ မဟုတ်ပေ။
သူတို့က မဟာပန်သွန်ကျောက်တုံးများကို ထုတ်ပေးခိုင်းပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များကို အပြင်ဘက်မှာ စောင့်ဆိုင်းစေမည်။
သို့သော်လည်း ယခုတော့ အပြန်အလှန် ကူညီပေးကြမည်လော။
သူတို့မှာ ထိုသို့ပြောရန် အရည်အချင်းမရှိပေ။
“ အပြန်အလှန် ကူညီပေးကြမယ်တဲ့လား ”
တောက်ပသော ဓားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။
ဤအခိုက်အတန့်မှာ ယွင်ထျန်းတာအိုဂိတ်၏ အပြင်ဘက်ဧရိယာက ကြီးမားသော ဖိအားဖြင့် သက်ရောက်ခံလိုက်ရသည်။ ဤသည်မှာ သူတို့က အချင်းမိုင်တစ်သောင်းဧရိယာအတွင်းမှ မိုးမြေစွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ရသည့်အလားပင်။
ထိုသို့စွမ်းအားသည် တာအိုအဆင့် ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်နိုင်သောအရာ မဟုတ်ပေ။
ယင်းက ကနဦးမူလစွမ်းအား ဖြစ်သည်။ ထို့ပြင် ယင်းက အထွတ်အထိပ် ကနဦးမူလစွမ်းအား ဖြစ်သည်။
တာအိုပညာရှင်ယုမင်နှင့် သူ့အနောက်မှ အကြီးအကဲအားလုံးက မျက်လုံးပြူးကျယ်သွားကြသည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှာ အစွမ်းထက်ပညာရှင်တွေ ဘယ်လောက်တောင် ရှိနေတာလဲ ”
တာအိုပညာရှင်ယုမင်၏ အမူအရာက ထပ်မံ ပြောင်းလဲသွားသည်။ သူက အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ဖော်လိုက်ပြီး ဟန်မူယဲ့ကို အရိုအသေပေးလိုက်သည်။
“ တာအိုရောင်းရင်းဟန်… ကောင်းကင်ဘုံစစ်ပွဲမှာ ကျုပ်တို့ရဲ့ ယွင်ထျန်းတာအိုဂိတ်က ခင်ဗျားရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါမယ် ”
ယွင်ထျန်းတာအိုဂိတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာတော့မည်လော။
ဘေးပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အကြည့်အားလုံးက ဟန်မူယဲ့ပေါ်သို့ ကျရောက်လာသည်။
ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး လေးနက်စွာ မေးသည်။
“ တကယ်လား ”
တာအိုပညာရှင်ယုမင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ တကယ်ပါ ”
ထိုသို့ပြောပြီးနောက် သူက တစ်ခဏ ရပ်လိုက်သည်။ ထို့နောက် သူက တိုးညင်းစွာ ပြောသည်။
“ ဒါပေမဲ့ ယွင်ထျန်းတာအိုဂိတ်ရဲ့ တပည့်တစ်ဝက်က ဟဲချန်းယန်ရဲ့ ဦးဆောင်မှုအောက်မှာ သတ်မှတ်ထားတဲ့ နေရာဆီ စတင်ထွက်ခွာသွားကြပါပြီ… ဒါပေမဲ့ ကျုပ်က ကျောက်စိမ်းပြားပေါ်မှာ စာရေးပေးလိုက်ပါမယ်… ဂိုဏ်းခေါင်းဆောင်ဟန်က အဲ့ဒါကို ယူဆောင်သွားမယ်ဆိုရင် သူတို့က ခင်ဗျားရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါလိမ့်မယ် ”
တာအိုပညာရှင်ယုမင်က ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောသည်။ သူက ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး အမြန်စာရေးလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားပေါ်မှာ ရွှေရောင်ချိပ်တံဆိပ်တစ်ခုကို ထွင်းထုလိုက်သည်။
ဟန်မူယဲ့က ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ဒီလိုဆိုမှတော့ ကျုပ်တို့တွေ အချိန်ထပ်မဆွဲတော့ဘူး… သတ်မှတ်ထားတဲ့နေရာဆီ သုံးရက်အတွင်း ထွက်ခွာကြမယ် ”
သူက ယွင်ထျန်းတာအိုဂိတ်ကို ရှင်းလင်းရန် စိတ်မဝင်စားချေ။
တောတွင်းဥပဒေအရ ခွန်အားနည်းသူသည် ခွန်အားကြီးသူကို ဦးညွတ်ရမည်။ ထိုသဘောတရားကို ယွင်ထျန်းတာအိုဂိတ်က ရှင်းလင်းစွာ နားလည်ထားမှတော့ သူက ယွင်ထျန်းတာအိုဂိတ်ကို အခက်တွေ့အောင် မလုပ်တော့ပေ။
မာန်မာနမရှိသော ဂိုဏ်းတစ်ဂိုဏ်းသည် တောက်ပသော အနာဂတ်ရှိရန် မသေချာပေ။ သို့သော်လည်း သူတို့က အခက်အခဲများကြားမှာ အသက်ရှင်နိုင်ကြလိမ့်မည်။
“ ကောင်းတယ်… ကောင်းတယ်… ကျုပ်ရဲ့ ဂိုဏ်းထဲမှာ အရသာရှိတဲ့ ဝိညာဉ်ဝိုင်တွေနဲ့ သစ်သီးတွေ ရှိပါတယ်… အဲ့ဒါတွေနဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဧည့်ခံပါရစေ ”
တာအိုပညာရှင်ယုမင်၏ မျက်နှာက ဝင်းပသွားပြီး သူက စိတ်ရင်းမှန်ဖြင့် ပြောသည်။
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ဟန်မူယဲ့ထံသို့ လှည့်ကြည့်လိုက်ကြသည်။
ကြည့်ရသည်မှာ ဤတစ်ကြိမ် ကောင်းကင်ဘုံစစ်ပွဲတွင် သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းကို မှီခိုအားထားကြရလိမ့်မည်။
သုံးရက်ကြာပြီးနောက် ကျင့်ကြံသူလေးသောင်းရှစ်ထောင်သည် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဦးဆောင်မှုအောက်မှာ ယွင်ထျန်းတာအိုဂိတ်မှ ထွက်ခွာသွားကြသည်။
“ နောက်ဆုံးတော့ သူတို့ထွက်သွားကြပြီ… ”
အဝေးသို့ ထွက်သွားကြသော ကျင့်ကြံသူအုပ်စုကို ကြည့်နေရင်း ယွင်ထျန်းတာအိုဂိတ်မှ တပည့်တစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
“ ဟွန့်… သူတို့တွေ ဒီတစ်ကြိမ် အသက်ရှင်လျက်ပြန်လာနိုင်မှာ မဟုတ်ဘူး ”
တာအိုပညာရှင်ယုမင်က ထွက်သွားသော ကျင့်ကြံသူစစ်တပ်ကို ကြည့်နေစဉ် မုန်းတီးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဒီတစ်ခေါက် စစ်မြေပြင်က မဟာမူလဘုံမှာ ”
“ ကနဦးမူလအဆင့်ကို မဆိုထားနဲ့ စကြာဝဠာအဆင့် ပညာရှင်တွေတောင် အသက်ရှင်လျက် ပြန်လာနိုင်ဖို့ မသေချာဘူး ”
“ ဒီစစ်ပွဲမှာ အင်မော်တယ်မင်းဆက်ရဲ့ ကောင်းကင်ဘုံအစောင့်တပ်က စစ်တပ်တွေကို အမိန့်ပေးလိမ့်မယ် ”
“ စစ်ပွဲအတွက် အဓိက အင်အားစုက ကောင်းကင်ဘုံအစောင့်တပ်ပဲ… ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေကတော့ အသေခံပေးဖို့ လိုက်သွားကြရုံပဲ ”