အခန်း (၁၆၁၅)
Vol. 116 Ch. 1615
ဤတစ်ကြိမ် ကောင်းကင်ဘုံစစ်ပွဲက စစ်ပွဲမှာ ပါဝင်ကြမည့် ကျင့်ကြံသူအားလုံးအတွက် သေခြင်းတရားဖြစ်လာလိမ့်မည်။
ထိုသတင်းက ယွင်ထျန်းတာအိုဂိတ်၏ အရှေ့မှ လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။
“ ဂိုဏ်းခေါင်းဆောင်… အဲ့ဒါဆိုရင် သခင်လေးယန်နဲ့ တခြားလူတွေကို ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”
“ ဟုတ်တယ်… သခင်လေးယန်က ယွင်ထျန်းတာအိုဂိတ်ရဲ့ ဒီမျိုးဆက်မှာ အထူးချွန်ဆုံး လက်ရွေးစင်တွေထဲက တစ်ယောက်ပါ… တကယ်လို့ သူသာ ကောင်းကင်ဘုံစစ်ပွဲမှာ ကျဆုံးသွားမယ်ဆိုရင် ကျုပ်တို့ဂိုဏ်းရဲ့ အင်အားက ကြီးကြီးမားမား ဆုတ်ယုတ်သွားပါလိမ့်မယ် ”
မုတ်ဆိတ်ဖြူအကြီးအကဲတချို့က တာအိုပညာရှင်ယုမင်ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်ကြသည်။
သခင်လေးယန်သည် ယွင်ထျန်းတာအိုဂိတ်၏ သခင်လေးသုံးပါးထဲမှ တစ်ပါးဖြစ်ပြီး အသက်ငယ်ငယ်လေးဖြင့် အန္တိမတာအိုအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။
အကယ်၍ ဂိုဏ်းအသီးသီးမှ စေလွှတ်လိုက်သော ကျင့်ကြံသူအားလုံးက ကောင်းကင်ဘုံစစ်ပွဲမှာ သေဆုံးသွားကြမည်ဆိုလျှင် ဟဲချန်းယန်ကို ဆုံးရှုံးခြင်းက ယွင်ထျန်းတာအိုဂိတ်၏ အခြေခံအုတ်မြစ်နှင့် အနာဂတ်ကို ထိခိုက်စေလိမ့်မည်။
သို့သော် တာအိုပညာရှင်ယုမင်က တဟားဟား အော်ရယ်လိုက်ပြီး သူ့ဘေးမှ အပြာရောင်ဝတ်စုံနှင့် တာအိုပညာရှင်ကို လှည့်ကြည့်လိုက်သည်။
အပြာရောင်ဝတ်စုံနှင့် တာအိုပညာရှင်က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ သခင်လေးယန်ရဲ့ အဖိုးက အင်မော်တယ်မင်းဆက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆင့်ရှစ်တစ်မှူးတစ်ယောက် ဖြစ်တယ် ”
“ ဒီတစ်ခေါက် ကောင်းကင်ဘုံစစ်ပွဲမှာ ကျုပ်ရဲ့ ယောက်ဖတော်က အစောင့်စစ်သည်တော်တစ်ရာကို တိုက်ပွဲဆီ ခေါ်ဆောင်သွားလိမ့်မယ် ”
အင်မော်တယ်မင်းဆက်၏ ကာကွယ်ရေးဝန်ကြီးဌာနက မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ကုန်းမြေများကို ထိန်းချုပ်ထားသည်။
ကာကွယ်ရေးဝန်ကြီးဌာနတွင် အဆင့်ငါးက စစ်ဗိုလ်ချုပ်များဖြစ်ကြပြီး အဆင့်ရှစ်နှင့် အဆင့်ကိုးက တပ်မှူးများ ဖြစ်ကြသည်။
အင်မော်တယ်မင်းဆက်၏ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်တပ်ကို ထိန်းချုပ်သည်။ တစ်စုံတစ်ယောက်က အင်မော်တယ်မင်းဆက်၏ စစ်တပ်အင်အားကို အသုံးပြုချင်သည်ဆိုလျှင် ထိုသူက အရာရှိအဆင့်အတန်းတစ်ခုကို အရင်ဦးစွာ ပိုင်ဆိုင်ထားရမည်။
တစ်စုံတစ်ယောက်က အင်မော်တယ်မင်းဆက်တွင် အရာရှိတစ်ဦးဖြစ်ချင်သည်ဆိုလျှင် အနည်းဆုံး ကနဦးမူလအဆင့်မှာ ရှိရမည်။
အဆင့်ရှစ်တပ်မှူးသည် သေချာပေါက် စကြာဝဠာအဆင့်မှာ ဖြစ်သည်။
ဟဲချန်းယန်၏ နောက်ခံက ထိုမျှအားကောင်းသည်လော။
အကယ်၍ တခြားတစ်ယောက်က ထိုသို့ပြောလာမည်ဆိုလျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခု စကားပြောနေသူသည် ဟဲချန်းယန်၏ အဖေ၊ ယွင်ထျန်းတာအိုဂိတ်၏ အကြီးအကဲဟဲယုတန် ဖြစ်သည်။
“ ချန်းယန်ဆီ ကျုပ်သတင်းပို့ထားပြီးပါပြီ… ကောင်းကင်အသင်္ချေဓားဂိုဏ်းက လူတွေ ဆုံမှတ်နေရာဆီ ရောက်သွားတာနဲ့ သူတို့က ဟန်မူယဲ့ကို ဖမ်းဆီးကြလိမ့်မယ် ”
“ ဟန်မူယဲ့ကို အကျဉ်းချလိုက်မယ်ဆိုရင် ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ စစ်တပ်က ကျုပ်တို့ရဲ့ လက်အောက်ကို ကျရောက်သွားလိမ့်မယ်… ကောင်းကင်အသင်္ချေဓားဂိုဏ်းက ကျွမ်းကျင်ပညာရှင်တွေကို ချန်းယန်ရဲ့ အစောင့်လုပ်ခိုင်းမယ်ဆိုရင် ကောင်းကင်ဘုံစစ်ပွဲမှာ ချန်းယန်က ကြီးမားတဲ့ စစ်ရေးအကျိုးပြုမှုတွေကို ရရှိနိုင်လိမ့်မယ် ”
“ တကယ်လို့ ကျုပ်ရဲ့ ချန်းယန်သာ စစ်ရေးအကျိုးပြုမှုတွေကို စုဆောင်းပြီး သူ့ရဲ့ ဦးရီးတော်ကို ကောင်းကင်ဘုံအစောင့်တပ်ထဲ ဝင်ရောက်နိုင်စေဖို့ ကူညီပေးနိုင်မယ်ဆိုရင် ကျုပ်တို့ရဲ့ ယွင်ထျန်းတာအိုဂိတ်က အနာဂတ်မှာ ကြီးပွားတိုးတတ်သွားလိမ့်မယ် ”
ဟဲယုတန်က စိတ်လှုပ်ရှားစွာ စကားပြောလိုက်စဉ် သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ပေါ်လျှိုးလာသည်။ မောက်မာထောင်လွှားသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ဖုံးဖိမရအောင် ထွက်ပေါ်နေသည်။
တခြားလူများသည်လည်း ဝမ်းသာပျော်ရွှင်သွားကြသည်။ သူတို့က ဟန်မူယဲ့နှင့် သူ့အုပ်စုတို့ ထွက်ခွာသွားကြသော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ ယခင် ရိုသေလေးစားမှုက မုန်းတီးမှုအဖြစ် ပြောင်းလဲသွားသည်။
…..
ဓားအလင်းများက လွတ်လပ်စွာ ရွေ့လျားသွားနေကြသည်။ ကျင့်ကြံသူစစ်တပ်က မိုင်ရာပေါင်းများစွာ အကွာအဝေးအထိ ဖြန့်ကြက်ထားသည်။
တချို့က ခြေတစ်လှမ်းဖြင့် ကြီးမားသော အကွာအဝေးကို ဖြတ်ကျော်သွားကြသည်။ တချို့က ဝိညာဉ်အလင်းတန်းများ၏ ရစ်ပတ်မှုဖြင့် ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ တချို့သည်တော့ သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးအနှစ်သာရကို မီးခိုးရောင်ထောင့်တိုင်များအဖြစ် ပြောင်းလဲလိုက်ကြသည်။ တချို့သည်တော့ သူတို့၏ ခန္ဓာကိုယ်ကို ဓားအလင်းဖြင့် ရစ်ပတ်ထားကြသည်။
ကျင့်ကြံသူလေးသောင်းရှစ်ထောင် ချီတတ်လာသည့်အခါ မြေပြင်က မည်းမှောင်သွားပြီး နေလုံးက ဖုံးကွယ်ခံလိုက်ရသည်။
ဟန်မူယဲ့၏ ပုံရိပ်က ဓားအလင်းဖြင့် ရစ်ပတ်ခံထားရစဉ် သူ၏ စိတ်အာရုံက သူ့ကိုယ်ပိုင်စကြာဝဠာထဲမှာ နစ်မြုပ်နေသည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားက မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုကို အပြည့်အဝ မချိုးဖြတ်နိုင်သေးသော်လည်း ယခု သူက စွမ်းအင်အများစုကို အသုံးပြုနိုင်နေပြီ ဖြစ်၏။
အကယ်၍ သူသာ စကြာဝဠာပုတီးစေ့အားလုံးကို စကြာဝဠာနယ်မြေများအဖြစ် ပြောင်းလဲပစ်ရန် ဆန္ဒမရှိဘူးဆိုလျှင် သူက အစောကြီးကတည်းက သေခြင်းရှင်ခြင်းအဆင့်နှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်ကို ဖြတ်ကျော်ကာ ကမ္မနှင့် သံသရာစက်ဝန်းကို ဖြတ်တောက်ပစ်လိမ့်မည်။
သူ၏ တိုက်ပွဲစွမ်းအားသည် အာဏာရှင်အဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်နိုင်ပေသည်။
အကယ်၍ မဟာပန်သွန်ဘုံ၏ အပြင်ဘက်မှာဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက အာဏာရှင်တစ်ပါးကို သုတ်သင်ပစ်နိုင်လိမ့်မည်။
သို့သော်လည်း သူက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အာဏာရှင်အဆင့်ထိ တိုက်ရိုက် တိုးမြှင့်ရန် အလျင်မလိုသေးပေ။ ယခုအချိန်မှာ သူက သူ့ကိုယ်ပိုင်စကြာဝဠာနယ်မြေကို အဆက်မပြတ် သိပ်သည်းရန် အာရုံစိုက်ထားသည်။ တစ်ချိန်တည်းမှာ သူက မဟာပန်သွန်ဘုံမှ သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းဉာဏ်အလင်းများကို မိုးမြေစွမ်းအားအဖြစ် ပြောင်းလဲပစ်နေသည်။
မဟာပန်သွန်ဘုံသည် သူသိထားသမျှ ဘုံများထဲမှာ အဆင့်အမြင့်ဆုံးဘုံ ဖြစ်သည်။ မဟာပန်သွန်ဘုံတွင် ကျင့်ကြံနိုင်သည့် အခွင့်အရေးက အလွန်ရှားပါးသောအရာ ဖြစ်သည်။
အကယ်၍ ယခု သူက ဤဘုံ၏ အထွတ်အထိပ်သို့ ရောက်ရန် မကျင့်ကြံဘူးဆိုလျှင် အနာဂတ်မှာ ထိုသို့အခွင့်အရေးတစ်ခု ထပ်ရရန် လွယ်ကူတော့မည် မဟုတ်ချေ။
“ ဝီး ”
စကြာဝဠာက ဟန်မူယဲ့၏ ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလဲသွားစဉ် သူ၏ အခြားခန္ဓာကိုယ်က ဓားအဖြစ် ပြောင်းလဲသွားသည်။
မူလဝိညာဉ်ဓားခန္ဓာကိုယ်သည် အစတွင် မဟာပန်သွန်ဘုံ၏ စွမ်းအားကြောင့် ဖိနှိပ်ခံထားရသည်။ သို့သော်လည်း ယခု မူလဝိညာဉ်ဓားခန္ဓာကိုယ်ပေါ်မှ ရွှေရောင်သံကြိုးများက စတင်ပျောက်ကွယ်သွားကြသည်။
ဓားပျံသည် ၎င်းဘာသာ ရွေ့လျားနေသည်။ ယင်းကို ဟန်မူယဲ့ကိုယ်တိုင် ထိန်းချုပ်ပေးရန် မလိုပေ။ စုကြွယ်ရှန့်နှင့် ကျောက်မင်ယွင်က ဟန်မူယဲ့ကိုယ်စား ဂိုဏ်း၏ အခြေအနေအလုံးစုံကို ထိန်းချုပ်ထားကြသည်။
ရှုဖုန်းယန်နှင့် တခြားလက်ရွေးစင်များသည်တော့ သူတို့က ဟန်မူယဲ့ကဲ့သို့ပင် အရှေ့သို့ ရွေ့လျားသွားနေကြစဉ် ကျင့်ကြံခြင်းမှာ အာရုံစိုက်ထားကြသည်။
နှစ်လကြာပြီးနောက် ကျင့်ကြံသူစစ်တပ်က မိုင်ငါးသိန်းအကွာအဝေးကို ဖြတ်ကျော်သွားသည်။
ကျင့်ကြံသူအရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ မိုးမြေစွမ်းအားအပေါ် သူတို့၏ စုပ်ယူမှုက ပိုပြီးအရှိန်မြှင့်သွားသည်။ ယင်းက သူတို့၏ အလျင်ကို ပိုမိုမြန်ဆန်စေသည်။
မဟာပန်သွန်ဘုံ၏ မိုးမြေမူလစွမ်းအားက အလွန်အုတ်မြစ်ခိုင်မာသည်။ ယင်းက ကျင့်ကြံသူများကို ခရီးအဝေးသို့ မသွားနိုင်စေရန် တားဆီးနေသည်။
သာမန်ကျင့်ကြံသူများသည် တစ်နှစ်ကြာ ခရီးသွားမည်ဆိုလျှင်ပင် မိုင်ငါးသိန်းအကွာအဝေးကို ခက်ခက်ခဲခဲ ဖြတ်ကျော်ကြရလိမ့်မည်။
ယခုအခါ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဦးဆောင်မှုအောက်တွင် ကျင့်ကြံသူအရေအတွက်က ခုနစ်သောင်းကျော်သွားသည်။
ခရီးတစ်လျှောက်တွင် ဂိုဏ်းအများအပြားက ပူးပေါင်းပါဝင်လာကြသည်။
“ ဝီး ”
အရှေ့တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ စစ်တပ်အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သော အခြားစစ်တပ်တစ်တပ်က သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ သူတို့ထံမှ အရှိန်အဝါက ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ကျင့်ကြံသူစစ်တပ်၏ ကောင်းကင်ပေါ်တွင် အပြာရောင်ဓားရှည်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဓားပုံရိပ်က မိုင်တစ်ရာရှည်လျားပြီး လူတိုင်းကို နှလုံးတုန်ယင်သွားစေမည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
“ ဘယ်ဂိုဏ်းက ငါတို့မင်တုံဓားကျောင်းတော်ကို ယှဉ်ပြိုင်ရဲတာလဲ ”
ကျယ်လောင်သော အော်သံက ပဲ့တင်ထပ်သွားသည်။
အရှေ့တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဓားအလင်းထက် ပိုပြီးထွန်းလင်းတောက်ပသော ဧရာမဓားပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။
မင်တုံဓားကျောင်းတော်… ။
ကျောက်တော်… ။
ထိုနာမည်က အနည်းငယ် ထူးခြားသည်။ သို့သော်လည်း ယင်းက ဂိုဏ်းတစ်ခုနှင့် မခြားပေ။ ယင်းက မဟာပန်သွန်ဘုံ၏ ကျင့်ကြံသူအများစု စုဝေးနေကြသော နေရာဖြစ်သည်။
အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက နေရာတစ်နေရာတည်းမှာ စုဝေးနေကြပြီး တခြားလူများထံသို့ သူတို့၏ အမွေအနှစ်များကို လက်ဆင့်ကမ်းပေးကြသည်။
ထိုသို့နေရာကို ကျောင်းတော်ဟု ခေါ်ကြသည်။
ကျောင်းတော်သည် မဟာတာအိုနှင့် ကျင့်ကြံခြင်းအမွေအနှစ်များကို အဓိကအခြေခံသည်။
ထိုသို့ကျောင်းတော်များက အင်မော်တယ်မင်းဆက်၏ မျက်နှာသာပေးမှုကို ရရှိထားကြသည်။
အင်မော်တယ်မင်းဆက်သည် သမိုင်းကြောင်း ရှည်လျားသော ဂိုဏ်းများအပေါ်မှာ သတိကြီးစွာထား၍ စောင့်ကြည့်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျောင်းတော်များသည် အင်မော်တယ်မင်းဆက်၏ မျက်နှာသာပေးမှုကို ရရှိထားကြသည်။ ကျောင်းတော်များဆီမှာ ရှည်လျားသော သမိုင်းကြောင်းများ မရှိသော်လည်း သူတို့ဆီမှာ အစွမ်းထက်တပည့်များ ရှိကြသည်။ သူတို့က ကျောင်းတော်ထံမှ သင်ယူလေ့လာပြီးသွားလျှင် အင်မော်တယ်မင်းဆက်ဆီမှာ အမှုထမ်းကြလိမ့်မည်။
“ မင်တုံဓားကျောင်းတော်လား ”
အရှေ့တွင် မျက်လုံးမှိတ်လျက် ပျံသန်းနေသော ရှုဖုန်းယန်က မျက်လုံးပြန်ဖွင့်လိုက်ပြီး ခေါင်းမော့လိုက်သည်။ ရွှေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
သူက ညာလက်ကို မြှောက်လိုက်လေရာ ကျင့်ကြံသူစစ်တပ်တစ်တပ်လုံးကို ကိုယ်စားပြုသော အပြာရောင်ဓားရှည်ပုံရိပ်က ရုတ်တရက် တုန်ယင်သွားပြီး အရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
“ ထန် ”
ဓားပုံရိပ်နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ မိုးမြေက တုန်ယင်သွားပြီး မိုင်တစ်ထောင်အကွာအဝေးအတွင်းမှ တိမ်တိုက်အားလုံးက လွင့်ပြယ်သွားကြသည်။
နောက်အခိုက်အတန့်မှာ ဓားရှည်ပုံရိပ်နှစ်ခုစလုံးက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြသည်။
“ ရှုထျန်းဖုန်း ”
လေသံမာသော အော်သံက ထွက်ပေါ်လာသည်။
ထို့နောက် ဝတ်စုံနက် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ဆန့်ကျင်ဘက်ကျင့်ကြံသူစစ်တပ်၏ အရှေ့မှ ပျံသန်းထွက်လာသည်။
“ ရှုထျန်းဖုန်း… အရှေ့ထွက်လာပြီး ငါနဲ့ ရင်ဆိုင်စမ်း ”
သက်လတ်ပိုင်းအမျိုးသားက လက်နှစ်ဖက်ကို အနောက်ပစ်လျက် တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။ အလွန်အားကောင်းသော ဓားအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
ရှုဖုန်းယန်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ သူက လေထဲမှာ ပြန်ပေါ်လာသည်နှင့် သူ၏ ဓားရှည်က ဝင်းလက်သွားသည်။ သူက ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ထိုဓားအလင်းက လွန်စွာ ထွန်းလင်းတောက်ပလေရာ သာမန်ကျင့်ကြံသူများက ယင်းကို တိုက်ရိုက် မကြည့်နိုင်ကြချေ။ ဤသည်မှာ ဓားက မိုးမြေကို နှစ်ခြမ်းခွဲပစ်တော့မည့်အလားပင်။
“ မိုးမြေစွမ်းအားကို အသုံးပြုတာလား ”
“ ရှုထျန်းဖုန်း… လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က တုံမင်ဓားကျောင်းတော်ကနေ မင်းထွက်သွားပြီးနောက် နည်းနည်း တိုးတတ်လာပုံပဲ ”
သက်လတ်ပိုင်းအမျိုးသားက ဓားအလင်းကို တစ်ချက်ကြည့်လိုက်စဉ် အေးတိအေးစက် အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်ဓားအလင်းက သူ၏ လက်ဖဝါးပေါ်မှာ ဖွဲ့စည်းသွားသည်။ ယင်းက မိုးမြေစွမ်းအား ဖြစ်သည်။
“ ဒါပေမဲ့ ကံမကောင်းစွာပဲ… မင်းရဲ့ စွမ်းအားက မလုံလောက်သေးဘူး ”
သူစကားပြောလိုက်သည်နှင့် မိုးမြေစွမ်းအား ကိန်းအောင်းနေသော သူ၏ ဓားအလင်းက ရှုဖုန်းယန်၏ ဓားနှင့် တွေ့ဆုံသွားသည်။
ထိုဓားအလင်းက စကြာဝဠာအဆင့် စွမ်းအားဖြစ်ကြောင်း ထင်ရှားသည်။
“ ဘန်း ”
ဓားအလင်းနှစ်ခု တွေ့ဆုံသွားသည့်အခိုက် ရှုဖုန်းယန်၏ ပုံရိပ်က အဝေးသို့ လွင့်စင်သွားပြီး သူ၏ သွေးအနှစ်သာရက မတည်မငြိမ်ဖြစ်သွားသည်။ သူ၏ ဦးခေါင်းပေါ်မှ မူလလေဟာနယ်သည်ပင် တုန်ယင်သွားသည်။
အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘာလဲ… မင်းက မကျေနပ်ဘူးလား ”
ဓားကိုင်ထားသော သက်လတ်ပိုင်းအမျိုးသားက အေးတိအေးစက် အပြုံးဖြင့် ပြောသည်။
“ ဆရာက ဓားကျောင်းတော်ကို ငါ့ဆီ လွှဲပြောင်းပေးသွားတာ မင်းရဲ့ ပါရမီက ဘာမှသောက်သုံးမကျဘူးဆိုတာ သူမြင်ခဲ့လို့ပဲ ”
“ မင်းက မိုးကြိုးစာရင်းဝင်ဖြစ်တော့ရော ဘာအရေးလဲ ”
“ အခု မင်းက ငါဝမ်ယုချောင်ရဲ့ ဖိနှိပ်တာကို ခံနေရတယ်မဟုတ်လား ”