← Chapters

အခန်း (၁၆၁၆)

Vol. 116 Ch. 1616

အခန်း (၁၆၁၆)

Vol. 116 Ch. 1616

သုံးပေရှည်လျားသော ဓားက ရှုဖုန်းယန်ကို ချိန်ရွယ်လိုက်သည်။ ဝမ်ယုချောင်အမည်ရသော သက်လတ်ပိုင်းအမျိုးသား၏ မျက်လုံးထဲမှာ အေးတိအေးစက် အကြည့် ရှိသည်။

“ ရှုထျန်းဖုန်း… တုံမင်ဓားကျောင်းတော်ကို ပြန်လာဖို့အတွက် မင်းရဲ့ နာမည်ကို ဖုံးကွယ်ထားတာ ငါသိတယ်… ဒါပေမဲ့ မင်းစိတ်ချပါ… အဲ့ဒီလိုအခွင့်အရေး ဒီဘဝမှာ မင်းဘယ်တော့မှ မရစေရဘူး ”

ဝမ်ယုချောင်က ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့အရှေ့မှ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ကျင့်ကြံသူစစ်တပ်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။

ထို့နောက် သူက အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

တုံမင်ဓားကျောင်းတော်မှ ကျင့်ကြံသူစစ်တပ်က ဝမ်ယုချောင်၏ အနောက်သို့ အမြန်လိုက်သွားသည်။ သူတို့ရွေ့လျားသွားသည့်အခါ မိုးမြေစွမ်းအားက သူတို့အပေါ်မှာ စုဝေးသွားသည်။

ဝမ်ယုချောင်တစ်ယောက်တည်း၏ ဖိနှိပ်မှုက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ကျင့်ကြံသူစစ်တပ်၏ စိတ်ဓာတ်ကို ယိမ်းယိုင်သွားစေသည်။ ဤအခိုက်အတန့်မှာ သူတို့ဖွဲ့စည်းထားသော ဧရာမဓားက လွတ်လပ်စွာ မရွေ့လျားနိုင်တော့ပေ။

စစ်တပ်ချင်း အားပြိုင်မှုတွင် စစ်သည်တော်များ၏ စိတ်ဓာတ်က အလွန်အရေးကြီးသည်။

ရှုဖုန်းယန်၏ ဘေးတွင် ရှုကျိချူးက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ မင်း သူ့ကို မနိုင်ဘူးလို့ ငါမယုံဘူး ”

ရှုကျိချူးက ရှုဖုန်းယန်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ သူ့ကို အနိုင်ယူဖို့လား ”

ရှုဖုန်းယန်၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ခေါင်းလှည့်လိုက်ပြီး ရှုကျိချူးကို ကြည့်လိုက်သည်။

“ သူက ငါ့ရဲ့ ပစ်မှတ် မဟုတ်တော့တာ ကြာပြီ ”

ရှုဖုန်းယန်က သူ့အရှေ့၌ မျက်လုံးမှိတ်ထားလျက် မတ်တတ်ရပ်နေသော ဟန်မူယဲ့ထံသို့ လှမ်းကြည့်လိုက်သည်။ သူက ကျင့်ကြံခြင်းအရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ဘေး၌ ဓားအလင်းတစ်ခုတည်းကိုသာ ချန်ထားလိုက်သည်။ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ငါ့ဆရာက ငါမော်ကြည့်ရုံပဲ တတ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ… ဆရာ့နောက်ကို လိုက်ဖို့ ငါ့မှာ အရည်အချင်းမရှိဘူး ”

သူ့စကားကို ကြားသောအခါ ရှုကျိချူးသည်လည်း‌ ခေါင်းလှည့်လိုက်သည်။

ဟန်မူယဲ့ကို မြင်သွားသောအခါ ရှုကျိချူးက ခေါင်းယမ်းလိုက်သည်။ ခါးသီးသော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ကျင့်ကြံခြင်းလောကတွင် ကိုယ့်ထက် ပိုသန်မာသူများကို တွေ့ဆုံခြင်းက ကြောက်စရာမဟုတ်ပေ။

အစွမ်းထက် ပုဂ္ဂိုလ်များ၏ အရှေ့မှာ ခွန်အားမဲ့နေခြင်းကလည်း ကြောက်စရာမဟုတ်ပေ။

တကယ်ကြောက်စရာကောင်းသည်မှာ တစ်စုံတစ်ယောက်က တခြားလူများ အာရုံမခံနိုင်လောက်အောင် အလွန်အမင်း သန်မာခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကို ထိတွေ့ရန်မဆိုထားနှင့် မျက်စိဖြင့် မြင်နိုင်ရန်ပင် မနည်းကြိုးစားရလိမ့်မည်။ သို့တိုင်အောင် သူတို့မြင်နေရသည်မှာ အစစ်အမှန်မဟုတ်ပေ။

…..

တုံမင်ဓားကျောင်းတော်နှင့် ပြဿနာဖြစ်ပြီးနောက် ကောင်းကင်အသင်္ချေဓားဂိုဏ်းနောက်သို့ လိုက်ပါလာကြသော ဂိုဏ်းတချို့က ထွက်ခွာသွားကြသည်။

အတိတ်မှာ သူတို့တွေးထင်ခဲ့သည်က ကောင်းကင်အသင်္ချေဓားဂိုဏ်းက သူတို့ကို ကာကွယ်ပေးရန် အလုံအလောက်သန်မာသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက သူတို့စိတ်ကူးထားသကဲ့သို့ မသန်မာကြောင်း နားလည်သွားကြသည်။ အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်လုံးထဲမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဘာမှမဟုတ်ပေ။

စစ်တပ်က အရှေ့သို့ ရွေ့လျားသွားနေစဉ် ကျင့်ကြံသူများသည် ယခင်ကဲ့သို့ မောက်မာမထောင်လွှားကြတော့ချေ။ လူအများစုက နှုတ်ဆိတ်နေကြစဉ် တချို့လူများက အတွေးအမျိုးမျိုးကို စဉ်းစားနေကြသည်။

တစ်ခဏကြာပြီးနောက် ကောင်းကင်ပေါ်မှာ ရွေ့လျားနေသော ဓားအလင်းက ရုတ်တရက် ရပ်တန့်သွားသည်။

အရှေ့တွင် အချင်းမိုင်ထောင်ပေါင်းများစွာ ကျယ်ပြောသော ဧရိယာကို သွေးအနှစ်သာရမြူခိုးက ဖုံးအုပ်ထားသည်။

ရွှေရောင်အတားအဆီးအလွှာတစ်ခုက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

“ ဒီနေရာက ဝူလင်းကုန်းမြေ ရှန်းဟဲစီရင်စုရဲ့ စစ်တပ်စုဝေးရာနေရာပဲ… ဒီနေရာက ကောင်းကင်ဘုံစစ်ပွဲအတွက် ဆုံမှတ်နေရာ ဖြစ်တယ်… တုံကင်မရှိရင် ဝင်လို့မရဘူး ”

ဂုဏ်သရေရှိသော အော်သံက ပျံ့လွင့်လာသည်။

ရွှေရောင်အတားအဆီးအလွှာ၏ အပေါ်တွင် လျှပ်စီးတန်းများက ယှက်ထွေသွားကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က တုံကင်မရှိဘဲ ဖြတ်ကျော်လာမည်ဆိုလျှင် မရေမတွက်နိုင်သော လျှပ်စီးတန်းများဖြင့် အမြစ်ဖြတ်ဖျက်ဆီးခံရလိမ့်မည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ ရွှေရောင်တုံကင်တစ်ခုက အဝေးသို့ ပျံသန်းသွားသည်။

ထိုတုံကင်က ယွင်ထျန်းတာအိုဂိတ်မှ သူရရှိလာသော စစ်မှုထမ်းအမိန့်တော် ဖြစ်သည်။

ယင်းကို တာအိုပညာရှင်ယုမင်က သူ့အား ပေးခဲ့ခြင်းဖြစ်သည်။ သူတို့က ယွင်ထျန်းတာအိုဂိတ်၏ စစ်တပ်အောက်မှာရှိကြောင်း ထိုတုံကင်က သက်သေပြုပေးနိုင်သည်။

ရွှေရောင်တုံကင်က အလင်းလွှာပေါ်သို့ ကျရောက်သွားသည့်အခါ အလင်းလွှာက တုန်ယင်သွားပြီး အလင်းလှိုင်းများက တအိအိ လှုပ်ခတ်သွားသည်။

ထို့နောက် ရွှေရောင်ဂိတ်တံခါးတစ်ခု ထွက်ပေါ်လာသည်။

အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားကြသော စစ်သည်တော်အုပ်စုတစ်စုက ဂိတ်တံခါးထဲမှ ပြေးထွက်လာကြသည်။ သူတို့ထံမှ အရှိန်အဝါက အသူရာချောက်နက်သဖွယ် ချောက်ချားဖွယ်ကောင်းသည်။

ထိုစစ်သည်တော်များက လက်ထဲမှာ လှံရှည်ကို ကိုင်ဆောင်ထားကြသည်။ လှံရှည်များဖြစ်စေ သူတို့ဝတ်ဆင်ထားသော အနက်ရောင်ချပ်ဝတ်များဖြစ်စေ ယင်းတို့အားလုံးထဲမှာ အလွန်သိပ်သည်းသော မူလစွမ်းအားက ကိန်းအောင်းနေသည်။ ယင်းတို့က အတားအဆီးအလွှာအပြင်ဘက်မှ ကျင့်ကြံသူများ ဝတ်ဆင်ထားသော ချပ်ဝတ်များထက် အဆပေါင်းများစွာ ပိုကြံ့ခိုင်သည်။

“ ငါတို့နောက်ကို လိုက်ခဲ့ကြ ”

“ စစ်တပ်ထဲမှာ ခွင့်ပြုချက်မရှိဘဲ ရွေ့လျားတာကို တားမြစ်ထားတယ်… အမိန့်မနာခံတဲ့ လူတွေက နေရာမှာတင် အသတ်ခံရမယ် ”

“ အရင်းအမြစ်တွေအားလုံးကို အကျိုးပြုမှုတုံကင်တွေနဲ့ လဲလှယ်တယ်… အကျိုးပြုမှုတုံကင်မရှိရင် အရင်းအမြစ်တွေ မရနိုင်ဘူး ”

အရှေ့မှ စစ်သည်တော်များက ညီညာစွာ ရွေ့လျားနေရင်း အော်ပြောကြသည်။

သူတို့က တဲအိမ်တစ်ခုပြီးတစ်ခု၊ မြေကွက်လပ်တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်သွားကြသည်။

သွေးချီအနှစ်သာရက နေရာတိုင်းမှာ ပျံ့နှံ့နေသည်။ ဤနေရာမှာ လေထုက တင်းမာနေပြီး လေးနက်မှုဖြင့် ပြည့်နှက်နေသည်။

အဝေးတွင် ဧရာမအလင်းတိုင်လုံးတစ်ခုက မိုးမြေကြားထဲမှာ ထောင်မတ်နေသည်။

ယင်းက တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါ ဖြစ်သည်။

တစ်စုံတစ်ယောက်က တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါဖြင့် မဟာပန်သွန်ဘုံမှ ထွက်သွားနိုင်လိမ့်မည်။

“ ဒီနေရာက မင်းတို့စခန်းချရမယ့် နေရာပဲ… ပြင်ဆင်မှုတွေ မပြီးခင်အထိ တိုက်ပွဲဝင်္ကပါကို မတည်ဆောက်ရသေးခင်အထိ ဒီနေရာမှာ မင်းတို့နေနိုင်တယ်… ပြီးတော့ တခြားတပ်စခန်းတွေနဲ့လည်း မဟာမိတ်ဖွဲ့နိုင်တယ် ”

“ တိုက်ပွဲဝင်္ကပါ တည်ဆောက်ပြီးတာနဲ့ ဝင်္ကပါဖွဲ့စည်းရမယ့် လူအရေအတွက်ကို ထုတ်ပြန်လိမ့်မယ်… အမိန့်မနာခံတဲ့ လူတွေကို ပုန်ကန်သူတွေအဖြစ် သတ်မှတ်မယ် ”

ခေါင်းဆောင်စစ်သည်တော်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူက (၉၅၂၈)နံပါတ်ပြားတစ်ခုကို ချန်ထားခဲ့ပြီး ထွက်သွားသည်။ စစ်သည်တော်များက သူ့အနောက်မှ အမြန်လိုက်သွားကြသည်။

စစ်သည်တော်တစ်သောင်းက ဟာလာဟင်းလင်းဖြစ်နေသော စွန့်ပစ်မြေထဲမှ ထွက်သွားကြသည်။

ယခုအချိန်မှစ၍ ဤနေရာက သူတို့၏ အဓိကတပ်စခန်း ဖြစ်လာလိမ့်မည်။

အကယ်၍ သူတို့က ဆန္ဒမရှိဘူးဆိုလျှင် စစ်တပ်ကို မလေ့ကျင့်ပေးခင် ဤနေရာမှ ထွက်သွားနိုင်သည်။

“ ဘန်း ”

ကောင်းကင်ဘုံတတ်လှမ်းခြင်း အလင်းထောင့်တိုင်ထဲတွင် ပုံရိပ်အများအပြားက အစုအပြုံလိုက် ဆင်းသက်လာကြသည်။

သွေးချီအနှစ်သာရက ပုံရိပ်အားလုံးကို လွှမ်းခြုံထားကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်အရှိန်အဝါက မတည်မငြိမ် လှုပ်ခတ်နေလေရာ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများက ကြောက်ရွံ့မှုကြောင့် အနောက်ဆုတ်သွားကြသည်။

ပုံရိပ်တစ်ခုစီတွင် မိုးမြေစွမ်းအားက အလွန်အားကောင်းစွာ စုဝေးနေသည်။

ကနဦးမူလအဆင့်… ။

သူတို့အားလုံးက အနိမ့်ဆုံး ကနဦးမူလအဆင့်မှာ ဖြစ်ကြသည်။

“ သူတို့က ကောင်းကင်ဘုံအစောင့်တပ်က စစ်သည်တော်တွေ ”

ရှုဖုန်းယန်က ပြန်ရောက်လာသော ထိုစစ်တပ်ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

ကောင်းကင်ဘုံအစောင့်တပ်… ။

ကောင်းကင်ဘုံအစောင့်တပ်မှ စစ်သည်တော်များထဲတွင် အားအနည်းဆုံးလူက ကနဦးမူလအဆင့်မှာ ဖြစ်သည်။

ထိုသို့စစ်တပ်က ဂိုဏ်းတစ်ဂိုဏ်းကို အလွယ်တကူ အမြစ်ဖြတ်ဖျက်ဆီးနိုင်သည်။

“ ဘန်း ”

ကျယ်လောင်သော ပေါက်ကွဲသံက အဝေးမှ ထွက်ပေါ်လာသည်။

တပ်စခန်း၏ အပြင်ဘက်တွင် အော်သံတစ်သံ ထွက်ပေါ်လာသည်။

“ မြန်မြန် သွားကြည့်ရအောင်… တစ်ယောက်ယောက်က အမိန့်ပေးစင်မြင့်ကို စိန်ခေါ်နေပြီ ”

“ အဲ့ဒီလူက သန်မာတယ်ဆိုရင် ငါတို့ သူ့နောက်ကို လိုက်ကြမယ် ”

ပုံရိပ်အများအပြားက ပေါက်ကွဲသံ ထွက်ပေါ်လာသော အရပ်ဆီသို့ ပြေးသွားကြသည်။

အမိန့်ပေးစင်မြင့်… ။

အစောနက ခေါင်းဆောင်စစ်သည်တော်သည် ထိုအကြောင်းကို အကျဉ်းချုပ်ပြောသွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က စစ်သည်တော်များကို ခေါ်ယူစုဆောင်းချင်သည်ဆိုလျှင် အမိန့်ပေးစင်မြင့်ကို စိန်ခေါ်ရလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက အလုံအလောက် သန်မာသည်ဆိုလျှင် သူ၏ အမိန့်အောက်မှာ ပိုမိုများပြားသော စစ်သည်တော်များကို ခေါ်ယူထားနိုင်လိမ့်မည်။ ကောင်းကင်ဘုံစစ်ပွဲ စတင်သည့်အခါ ထိုစစ်သည်တော်များက သူ့လက်အောက်မှာ အမှုထမ်းကြလိမ့်မည်။

“ တစ်ချက်သွားကြည့်ရအောင် ”

ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် တပ်စခန်းထဲမှ ထွက်လျှောက်သွားသည်။

ရှုဖုန်းယန်နှင့် စုကြွယ်ရှန့်က ဟန်မူယဲ့နောက်သို့ အမြန်လိုက်သွားကြသည်။

တခြားကျင့်ကြံသူများထဲတွင် တချို့က စူးစမ်းလိုသော အကြည့်ဖြင့် အနောက်မှ လိုက်သွားကြသည်။ တချို့သည်တော့ အရှေ့သို့ တိတ်တဆိတ် ရွေ့လျားသွားကြစဉ် မျက်လုံးဝင်းလက်သွားကြသည်။

အမိန့်ပေးစင်မြင့်သည် ပေတစ်ရာမြင့်မားသော ကျောက်တုံးစင်မြင့်တစ်ခု ဖြစ်သည်။

စင်မြင့်ပေါ်တွင် ခြောက်ပေရှည်လျားသော လူထွားကြီးနှစ်ယောက်က အပြင်းအထန် တိုက်ခိုက်နေကြသည်။

သူတို့ထံမှ လက်သီးထိုးချက်များ၊ ခြေကန်ချက်များက ကျယ်လောင်သော မိုးခြိမ်းသံကို ထုတ်လွှတ်နေသည်။

ရှင်းလင်းစွာပင် သူတို့နှစ်ယောက်စလုံးက ကနဦးမူလအဆင့်မှာ ဖြစ်ကြပြီး ရှိန်လောက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သူတို့တိုက်ခိုက်လိုက်သည့်အခါတိုင်း သွေးချီအနှစ်သာရက ပရမ်းပတာ လှုပ်ခတ်သွားသည်။

ရွှေရောင်လက်သီးနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ မူလစွမ်းအားက အကြမ်းပတမ်း ပေါက်ကွဲသွားသည်။

ကနဦးမူလအဆင့်အောက်မှ ကျင့်ကြံသူများသည် ထိုသို့စွမ်းအားကို တစ်ချက်ပင် တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

ကျောက်တုံးစင်မြင့်အောက်တွင် ကျင့်ကြံသူအများအပြားသည် စင်မြင့်ပေါ်မှ လူနှစ်ယောက်၏ တိုက်ပွဲကို ကြည်ညိုလေးစားသော၊ မနာလိုသော အမူအရာဖြင့် ကြည့်ရှုနေကြသည်။

“ အရမ်းသန်မာတာပဲ ”

“ အဲ့လိုတိုက်ပွဲစွမ်းအားနဲ့ဆိုရင် သူတို့က ကောင်းကင်ဘုံစစ်ပွဲကနေ အသက်ရှင်လျက် ပြန်လာနိုင်လောက်တယ် ”

“ အသက်ရှင်လျက် ပြန်လာရုံတင် ဘယ်ကမလဲ… အဲ့ဒီလိုအစွမ်းထက် ပုဂ္ဂိုလ်တွေက အကျိုးပြုမှုတုံကင်တွေကို စုဆောင်းပြီး ကိုယ်ပိုင်အရင်းအမြစ်တွေကို သေချာပေါက် ရှာဖွေနိုင်ကြလိမ့်မယ် ”

လူအုပ်ကြားထဲမှာ တီးတိုးစကားသံများဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာ လူတချို့က စင်မြင့်ပေါ်မှ ကျင့်ကြံသူနှစ်ယောက်ကို အော်ဟစ်အားပေးနေကြသည်။

အသက်တစ်ရာရှူချိန်ကြာပြီးနောက် အော်သံများက ရပ်စဲသွားသည်။

လူသန်ကြီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အနိုင်မယူနိုင်ခဲ့ကြပေ။ သို့သော်လည်း သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး ရယ်လိုက်ကြသည်။

“ ကျုပ်လင်းကျန်းကျုံးက သတ္တိကောင်းတဲ့ စစ်သည်တော်သုံးထောင်ကို ခေါ်ယူစုဆောင်းချင်ပါတယ်… ဆန္ဒရှိတဲ့ ဘယ်သူမဆို တပ်စခန်း(၃၈၃၈)ကို လာပေးကြပါ… ခင်ဗျားတို့ကို ကျုပ်စောင့်နေပါမယ် ”

ဘယ်ဘက်မှ လူသန်ကြီးက လက်နှစ်ဖက်ကိုဆုပ်၍ ဂါရဝပြုလိုက်ပြီး စင်မြင့်အောက်မှ လူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။

“ ဒါပေမဲ့ တာအိုချိုးဖြတ်ခြင်းအဆင့်အောက်က လူတွေကိုတော့ လက်မခံပါဘူး”

တခြားလူသန်ကြီးသည်လည်း သူ၏ တပ်စခန်းနံပါတ်ကို ကြေညာလိုက်သည်။ ထို့နောက် လူသန်ကြီးနှစ်ယောက်စလုံးက အမိန့်ပေးစင်မြင့်ပေါ်မှ ခုန်ဆင်းသွားကြသည်။

“ ဝူး ”

သိပ်မကြာမီ ဓားအလင်းတန်းတစ်ခုက အမိန့်ပေးစင်မြင့်ပေါ်သို့ ဆင်းသက်သွားသည်။

သူက မုတ်ဆိတ်ရှည်သော တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏ မျက်လုံးထဲတွင် ဓားဆန္ဒဖြင့် ပြည့်နှက်နေသည်။ သူက စူးရှသော အကြည့်ဖြင့် စင်မြင့်အောက်မှ လူများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး အော်ပြောသည်။

“ ကျုပ်က ထူးခြားငါးပါးဓားဂိုဏ်းက လျောင်ချန်းဖုန်းပါ… ဘယ်တာအိုရောင်းရင်းက ကျုပ်နဲ့ လက်ရည်စမ်းချင်သလဲ သိချင်ပါတယ် ”

သူစကားပြောလိုက်သည်နှင့်ချက်ချင်း တောက်ပသော ဓားအလင်းက သူ၏ ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို ဖော်ပြလိုက်သည်။

ကနဦးမူလအဆင့်… ။

“ လျောင်ချန်းဖုန်းက ယွင်ထျန်းတာအိုဂိတ်ရဲ့ ပိုင်နက်ထဲက တစ်ကိုယ်တော်ဓားကျင့်ကြံသူ မဟုတ်ဘူးလား ”

“ သူက ထူးခြားငါးပါးဓားဂိုဏ်းကို ဝင်ရောက်လိုက်ပြီလား ”

ဟန်မူယဲ့၏ ဘေးတွင် စုကြွယ်ရှန့်က စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

ယွင်ထျန်းတာအိုဂိတ်၏ စည်းမျဉ်းများအောက်မှာ ကနဦးမူလအဆင့် ကျင့်ကြံသူက နှစ်ယောက်တည်း ရှိသည်။

တစ်ယောက်က ယွင်ထျန်းတာအိုဂိတ်၏ ဂိုဏ်းခေါင်းဆောင်ယုမင်ဖြစ်ပြီး အခြားတစ်ယောက်က ဓားကျင့်ကြံသူ ဖြစ်သည်။

“ ထူးခြားငါးပါးဓားဂိုဏ်းက ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ… လျောင်ချန်းဖုန်းက တစ်ကိုယ်တော်ကျင့်ကြံသူမဟုတ်ဘူး ”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ သူ၏ အကြည့်က ပေတစ်ရာမြင့်မားသော ကျောက်တုံးစင်မြင့်ပေါ်သို့ ကျရောက်သွားသည်။

ထိုအခိုက်အတန့်မှာ ပုံရိပ်တစ်ခုက စင်မြင့်ပေါ်သို့ ဆင်းသက်သွားသည်။

“ ဟန်ယွမ်ဓားဂိုဏ်းက ယုချန်းဟဲက ခင်ဗျားရဲ့ ဆန္ဒအတိုင်း ရောက်လာပြီ… ”

အော်သံနှင့်အတူ ဆယ်ပေရှည်လျားသော ဓားအလင်းက ပေါ်လျှိုးလာပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။

All Chapters