အခန်း (၁၆၁၇)
Vol. 116 Ch. 1617
ဓားအလင်းက အောက်သို့ ဆင်းသက်လာသည်နှင့် စင်မြင့်ပေါ်မှ အလင်းစီးကြောင်းက ပေါက်ကွဲသွားပြီး လေနှင့် တိမ်တိုက်များက အကြမ်းပတမ်း လှုပ်ခတ်သွားကြသည်။
သုံးပေရှည်လျားသော ဓားနှစ်လက်၏ ထိပ်တိုက် တွေ့ဆုံမှုက ဘေးပတ်ဝန်းကျင်မှ မဟာတာအိုစွမ်းအားကို လှုံ့ဆော်လိုက်သည်။ ယင်းက စင်မြင့်အောက်မှာ ကြည့်ရှုနေကြသော လူများကို ဝိညာဉ်တုန်ယင်သွားစေသည်။ ဤအခိုက်အတန့်မှာ လူတချို့က မျက်လုံးဖွင့်ရန်ပင် ခက်ခဲသွားကြသည်။
ထိုသို့ဓားတာအိုအားပြိုင်မှုသည် အစောနက တိုက်ခိုက်ခဲ့ကြသော လူသန်ကြီးနှစ်ယောက်၏ တိုက်ပွဲနှင့် လုံးဝ ခြားနားသည်။
“ ထန် ”
“ ထန် ”
ဓားနှစ်လက် တွေ့ဆုံသွားသည့်အခါတိုင်း အနီရောင်မီးတောက်စွမ်းအားနှင့် အပြာရောင်ရေခဲစွမ်းအားက ပေါ်လျှိုးလာကြသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများကို နှလုံးတုန်ယင်သွားစေသည်။
“ ကနဦးမူလအဆင့် ကျင့်ကြံသူတွေထဲမှာ သူတို့နှစ်ယောက်က အရမ်းသန်မာကြတယ် ”
ဓားအလင်းကို စိုက်ကြည့်နေစဉ် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒါ ပုံမှန်ပဲ… ဒီလိုဓားစွမ်းရည်နဲ့ဆိုရင် သူတို့က ကောင်းကင်ဘုံစစ်ပွဲမှာ အကျိုးပြုမှုတုံကင်တွေကို သေချာပေါက် ရရှိကြလိမ့်မယ် ”
တစ်စုံတစ်ယောက်က ဓားအလင်းနှစ်ခုကို စစ်ဆေးလေ့လာနေစဉ် မှိန်ဖျော့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အမှန်မှာ အမိန့်ပေးစင်မြင့်ပေါ်တွင် စစ်မှန်သော သေခြင်းရှင်ခြင်းတိုက်ပွဲများကို မြင်တွေ့ရခဲသည်။ တိုက်ပွဲအများစုက သူတို့၏ ကိုယ်ပိုင်တိုက်ပွဲစွမ်းအားကို လူအများမြင်သာအောင် ထုတ်ဖော်ပြခြင်းသာ ဖြစ်သည်။ သို့မှသာ တခြားကျင့်ကြံသူများကို သူတို့၏ လက်အောက်သို့ ခိုဝင်လာစေရန် သွေးဆောင်နိုင်ကြလိမ့်မည်။
ဤတိုက်ပွဲသည် တစ်စုံတစ်ယောက်က သူ့ကိုယ်ပိုင်တိုက်ပွဲစွမ်းအားကို သရုပ်ပြခြင်းသာ ဖြစ်သည်။
နှစ်ယောက်စလုံးက ကျောက်တုံးစင်မြင့်ပေါ်မှာ လက်ရည်စမ်းရုံမျှသာ တိုက်ခိုက်ကြလိမ့်မည်။ ထို့နောက် သူတို့က အပြန်အလှန် နားလည်မှုယူ၍ ရပ်လိုက်ကြလိမ့်မည်။
လျောင်ချန်းဖုန်းက သူ့အရှေ့မှ ဓားကျင့်ကြံသူကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး ပြောသည်။
“ ညီအကိုယုရဲ့ ဓားစွမ်းရည်က တကယ်အံ့မခန်းပါပဲ… ကျုပ်လျောင်ချန်းဖုန်းက လေးစားပါတယ် ”
အခြားတစ်ဖက်မှ ယုချန်းဟဲသည်လည်း ပြုံးလိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး စင်မြင့်အောက်မှ လူများကို ကြည့်လိုက်သည်။ ထို့နောက် သူက နောက်လိုက်သုံးထောင်ကို ခေါ်ယူစုဆောင်းချင်ကြောင်း ကျယ်လောင်စွာ ကြေညာသည်။
ထိုသို့ပြောပြီးနောက် သူက စင်မြင့်အောက်သို့ ခုန်ဆင်းသွားသည်။ လူအများအပြားက သူ့အနောက်သို့ လိုက်သွားကြသည်။
စင်မြင့်ပေါ်တွင် လျောင်ချန်းဖုန်းက ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ကျုပ်ရဲ့ ထူးခြားငါးပါးဓားဂိုဏ်းက… ”
သို့သော်လည်း သူ၏ စကားမဆုံးမီ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ တောက်ပသော အလင်းစီးကြောင်းတစ်ခုက အမိန့်ပေးစင်မြင့်ပေါ်သို့ တန်းမတ်စွာ ဦးတည်သွားသည်။
လျောင်ချန်းဖုန်းက အမြန်လက်မြှောက်လိုက်ပြီး သူ၏ ဓားကို ထိုးသွင်းလိုက်သည်။ သူ၏ ဓားထိပ်ဖျားက အစိမ်းရောင်ဒိုင်းကာတစ်ခုနှင့် တွေ့ဆုံသွားသည်။
“ ဗုန်း ”
အစိမ်းရောင်ဒိုင်းကာက မည်သည့်ထိခိုက်မှုမှ မဖြစ်သွားသော်လည်း လျောင်ချန်းဖုန်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူက အနောက်သို့ ခြေသုံးလှမ်း ဆက်တိုက် ဆုတ်သွားပြီး သူ၏ မျက်နှာက ဖြူဖျော့သွားသည်။
အမိန့်ပေးစင်မြင့်ပေါ်တွင် အနက်ရောင်သံချပ်ကာတစ်ပိုင်း ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ထွက်ပေါ်လာသည်။ သူက ဒိုင်းကာကို ပြန်ဖမ်းယူလိုက်ပြီး မထူးမခြားနား အမူအရာဖြင့် မတ်တတ်ရပ်နေသည်။
ထိုအမျိုးသားကို မြင်သွားသောအခါ စင်မြင့်အောက်မှ လူတိုင်းက အံ့ဩထိတ်လန့်သွားကြသည်။
လူအများစုက ထိုအမျိုးသား၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်သံချပ်ကာကို သတိထားမိသွားကြသောအခါ ကြောက်ရွံ့မှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ယင်းက အင်မော်တယ်မင်းဆက်၏ စစ်သည်တော်သံချပ်ကာ ဖြစ်သည်။ စစ်တိုက်ထွက်ရမည့် အင်မော်တယ်မင်းဆက်မှ စစ်သည်တော်များသာလျှင် ထိုအနက်ရောင်သံချပ်ကာကို ဝတ်ဆင်နိုင်ကြသည်။
ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက အားကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသော်လည်း သူတို့က အင်မော်တယ်မင်းဆက်၏ တိုက်ပွဲသံချပ်ကာကို မဝတ်ဆင်နိုင်ကြချေ။ အမှန်မှာ သူတို့က ဝတ်ဆင်ရန် အရည်အချင်းမပြည့်မီကြခြင်း ဖြစ်သည်။
ယခု အမိန့်ပေးစင်မြင့်ပေါ်သို့ တတ်လာသူသည် အင်မော်တယ်မင်းဆက်၏ စစ်သည်တော်တစ်ဦး ဖြစ်သည်။
ဖြစ်နိုင်သည်မှာ အင်မော်တယ်မင်းဆက်၏ စစ်တပ်သည်လည်း လူခေါ်ချင်နေသည်လော။
ယင်းက မဖြစ်နိုင်ပေ။
အင်မော်တယ်မင်းဆက်ဆီမှာ စစ်သည်တော်များ မရှားပါးပေ။ သာမန်ကျင့်ကြံသူများသည် အင်မော်တယ်မင်းဆက်၏ စစ်သည်တော်တစ်ဦးဖြစ်လာရန် အရည်အချင်းမရှိကြပေ။ အဆင့်နိမ့်သော တတိယအဆင့် စစ်သည်တော်တစ်ဦးဖြစ်ချင်လျှင်ပင် သူတို့က ကန့်သတ်ချက်အများကြီးကို ကျော်လွှားကြရလိမ့်မည်။
“ လျောင်ချန်းဖုန်း… ထူးခြားငါးပါးဓားဂိုဏ်းအတွက် လူစုဆောင်းချင်တယ်ဆိုရင် ဒီသခင်လေးရဲ့ သဘောထားကို မင်းမေးရမယ်ဆိုတာ မသိဘူးလား ”
အသံတစ်သံက လေထဲမှာ ပဲ့တင်ထပ်သွားသည်။
ထို့နောက် အဖြူရောင်တိမ်တိုက်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်၌ ရွှေရောင်သရဖူကို ဆောင်းထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ သူထွက်ပေါ်လာသည်နှင့် ဝိညာဉ်အလင်းက ဘေးပတ်ဝန်းကျင်သို့ ဖြန့်ကြက်သွားသည်။
ထိုသို့အသွင်သဏ္ဍာန်၊ ထိုသို့ကိုယ်ဟန်အမူအရာသည် မြေပြင်ပေါ်၌ သွေးချီအနှစ်သာရကို ထုတ်လွှတ်နေကြသော ကျင့်ကြံသူများနှင့် လုံးဝ ခြားနားပေသည်။
“ ဟဲချန်းယန် ”
လျောင်ချန်းဖုန်းက ရုတ်တရက် ရောက်ရှိလာသော ထိုအမျိုးသားကို မြင်သွားသောအခါ အလန့်တကြား ရေရွတ်လိုက်သည်။
“ ဝီး ”
အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်က သူ၏ လက်ထဲမှ လှံကို လျောင်ချန်းဖုန်းထံသို့ ချိန်ရွယ်လိုက်ပြီး အော်ပြောလိုက်သည်။
“ အတင့်ရဲလှချည်လား… မင်းကများ သခင်လေးယန်ကို နာမည်တပ်ခေါ်ရဲတယ် ”
အဖြူရောင်တိမ်တိုက်တာအိုဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားသည် ယွင်ထျန်းတာအိုဂိတ်မှ သခင်လေးယန် ဖြစ်သည်။ သူက အန္တိမတာအိုအဆင့်သို့ ရောက်ရှိနေသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ဟဲချန်းယန်၏ လက်ရှိစွမ်းအားက ယခင်မျိုးဆက်များမှ အကြီးအကဲများကို မယှဉ်ပြိုင်နိုင်ပေ။ သို့သော်လည်း သူက ယခင်အကြီးအကဲများထက် သာလွန်သွားမည့် အလားအလာနှင့် အနာဂတ်ကို ပိုင်ဆိုင်ထားသည်။
ယခင်မျိုးဆက်များမှ အစွမ်းထက်ပုဂ္ဂိုလ်အများစုသည် ထိုသို့ပါရမီရှိသော လူငယ်မျိုးဆက်များကို ထောက်ပံ့ပေးရန် ဆန္ဒရှိကြသည်။
ယွင်ထျန်းတာအိုဂိတ်မှ ဟဲချန်းယန်က ထိုသို့ပါရမီကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားသည်။
“ အဲ့ဒါ သူပဲ ”
“ သူ့အကြောင်းကို ငါကြားဖူးတယ်… သူက တပ်စခန်းထဲမှာ နည်းနည်း နာမည်ရှိတယ် ”
ဘေးပတ်ဝန်းကျင်မှ လူတချို့က စကားပြောလိုက်ကြစဉ် တခြားလူများက ခေါင်းယမ်းလိုက်ကြသည်။
ဝူလင်းကုန်းမြေမှ ရှန်းဟဲစီရင်စု၏ တပ်စခန်းထဲတွင် စစ်သည်တော်ဆယ်သန်းကျော်က စုဝေးနေကြသည်။ သူတို့ထဲမှာ အစွမ်းထက်ပညာရှင်အများကြီး ရှိကြသည်။ ထိုသို့အုပ်စုထဲမှာ အန္တိမတာအိုအဆင့် ကျင့်ကြံသူတစ်ယောက်က နာမည်ရှိနေခြင်းမှာ ထူးခြားပေသည်။
လျောင်ချန်းဖုန်းက သူ့အရှေ့မှ အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်နှင့် လက်နောက်ပစ်လျက် တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ဟဲချန်းယန်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက မည်းမှောင်သွားပြီး သူက နှုတ်ဆိတ်သွားသည်။
အမိန့်ပေးစင်မြင့်ပေါ်မှာ ထိုသို့ တိုက်ရိုက် ရန်စခြင်းက ရှားပါးသည်။
တစ်ဖက်လူက သူ့ကို တမင်ပြဿနာရှာနေကြောင်း လျောင်ချန်းဖုန်း သိသည်။ သို့သော်လည်း လျောင်ချန်းဖုန်းက မပေါက်ကွဲဝံ့ပေ။
သူက အန္တိမတာအိုအဆင့် ဟဲချန်းယန်ကို မကြောက်ပေ။ သို့သော်လည်း သူ့အရှေ့မှ အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်ကိုတော့ ကြောက်ရွံ့ပေသည်။
တစ်ဖက်လူက ကနဦးမူလအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည့်အပြင် အင်မော်တယ်မင်းဆက်၏ စစ်သည်တော်ဟူသော သရုပ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
“ လျောင်ချန်းဖုန်း… ငါမင်းကို အခွင့်အရေးပေးမယ် ”
ဟဲချန်းယန်က လျောင်ချန်းဖုန်းကို မထူးမခြားနား အမူအရာဖြင့် ကြည့်လိုက်ပြီး အေးတိအေးစက် ပြုံးလိုက်သည်။
“ ငါ့ရဲ့ ယွင်ထျန်းတာအိုဂိတ်ကို အညံ့ခံပါ… ငါ့အမိန့်အောက်မှာ အမှုထမ်းပါ… မဟုတ်ရင် မင်းရော ထူးခြားငါးပါးဓားဂိုဏ်းက လူတွေရော တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ”
ဟဲချန်းယန်၏ အသံထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မငြင်းဆန်နိုင်သော ခြိမ်းခြောက်မှုတို့ ပါဝင်နေသည်။
လျောင်ချန်းဖုန်း၏ အမူအရာက ဆက်တိုက် ပြောင်းလဲသွားသည်။ သို့သော်လည်း သူက မငြင်းဆန်ဝံ့ပေ။
“ လျောင်ချန်းဖုန်း… ငါမင်းကို အသက်ဆယ်ခါရှူချိန်ပေးမယ်… ငါ့ရဲ့ ယွင်ထျန်းတာအိုဂိတ်ကို မင်းဝင်မှာလား ”
ဟဲချန်းယန်က လျောင်ချန်းဖုန်းကို တုံ့ဆိုင်းနေရန် မည်သည့်အခွင့်အရေးမှမပေးဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ယွင်ထျန်းတာအိုဂိတ်လား ”
“ ဟုတ်သားပဲ… စောစောက ယွင်ထျန်းတာအိုဂိတ်က လူတွေ ရောက်လာကြတယ် မဟုတ်လား ”
“ သူတို့ကို တစ်စုံတစ်ယောက်က ဦးဆောင်လာပုံပဲ… အဲ့ဒီလူက ယွင်ထျန်းတာအိုဂိတ်က ဟဲချန်းယန်မဟုတ်ဘူး ”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ထိုစကားက ဟဲချန်းယန်ကို အံ့ဩသွားစေသည်။
ယွင်ထျန်းတာအိုဂိတ်က လူတွေ ရောက်လာတယ်လား… ။
“ သခင်လေးယန် ”
ဝမ်းသာပျော်ရွှင်သော အော်သံက စင်မြင့်အောက်မှ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်တစ်ခုက လူအုပ်ကြားထဲမှ တိုးထွက်လာသည်။
သူက ယွင်ထျန်းတာအိုဂိတ်မှ တပည့်တစ်ယောက် ဖြစ်သည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ ယွင်ထျန်းတာအိုဂိတ်မှ တပည့်ဆယ်ယောက်ခန့်က အမိန့်ပေးစင်မြင့်ပေါ်သို့ ခုန်တတ်လိုက်ကြပြီး ဟဲချန်းယန်ကို အရိုအသေပေးလိုက်ကြသည်။
ထိုမြင်ကွင်းက အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းသည်။
“ မင်းတို့က အဲ့လောက်မြန်မြန် ရောက်လာကြတာလား ”
ဟဲချန်းယန်က လက်ဝှေ့ယမ်းလိုက်ပြီး စင်မြင့်အောက်မှ လူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက လူတွေ ဘယ်မှာလဲ ”
တပည့်ခေါင်းဆောင်က လက်မြှောက်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်သည်။
ဟဲချန်းယန်က ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး အထဲမှ စာကို ဖတ်လိုက်သည်။ ထို့နောက် သူက အေးစက်စက် ရယ်လိုက်သည်။
သူက စင်မြင့်အောက်သို့ ကြည့်လိုက်လေရာ သူ၏ အကြည့်က ဟန်မူယဲ့နှင့် သူ့အုပ်စုတို့ မတ်တတ်ရပ်နေသော နေရာဆီသို့ ကျရောက်သွားသည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းကများ ငါ့ယွင်ထျန်းတာအိုဂိတ်ရဲ့ အခွင့်အာဏာကို လုယက်ရဲတယ်လား ”
“ ငါ့ခွင့်ပြုချက်မရှိဘဲ ယွင်ထျန်းတာအိုဂိတ် ပိုင်ဆိုင်တဲ့အရာကို တခြားဘယ်သူမှ ယူသွားလို့ မရဘူး ”
ဟဲချန်းယန်က ကျောက်စိမ်းပြားကို သူ၏ ဘေးမှ စစ်သည်တော်ဆီသို့ ပေးလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဦးလေးဝူ… ကျုပ်ရဲ့ ဦးရီးတော်ဆီ သွားပြီး တပ်စခန်း(၉၅၂၈)ရဲ့ အခွင့်အာဏာတုံကင်ကို ပြန်သိမ်းယူပေးဖို့ ပြောပေးပါ ”
“ ပြီးတော့… အဲ့ဒီဟန်မူယဲ့ကို ဖမ်းချုပ်လိုက်ပါ ”
ထိုသို့ပြောပြီးနောက် သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက အင်္ကျီလက်ကို လှုပ်ခါ၍ အဝေးသို့ ပျံသန်းသွားသည်။
“ လျောင်ချန်းဖုန်း… တကယ်လို့ မင်းအညံ့မခံဘူးဆိုရင် မင်းရဲ့ ထူးခြားငါးပါးဓားဂိုဏ်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းလို ကံကြမ္မာနဲ့ တွေ့ကြုံရလိမ့်မယ် ”
ဖြစ်စဉ်တစ်ခုလုံးတွင် ဟဲချန်းယန်က ဟန်မူယဲ့နှင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များကို တစ်ကြိမ်ထက်ပို၍ မကြည့်သွားခဲ့ပေ။
သူ၏ အမြင်တွင် ထိုလူများက သူ၏ အာရုံစိုက်မှုရရန် အရည်အချင်းမရှိကြပေ။
“ ဆရာ ”
စုကြွယ်ရှန့်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက အနည်းငယ် သုန်မှုန်နေသည်။
“ ကျွန်တော် ဘေးပတ်ဝန်းကျင်က လူတွေကို မေးကြည့်ပြီးပါပြီ… ဟဲချန်းယန်ရဲ့ ဦးရီးတော် ယုရုံကိုင်က စစ်သည်တော်တစ်ရာကို ထိန်းချုပ်ထားတဲ့ အဆင့်ကိုး တပ်မှူးတစ်ယောက်ပါ ”
“ ဟဲချန်းယန်မှာ အင်မော်တယ်မင်းဆက်ရဲ့ နောက်ခံရှိပါတယ်… ပြောကြတာက ဒီကောင်းကင်ဘုံစစ်ပွဲမှာ သူက သူ့ဦးရီးတော်ကို ကောင်းကင်ဘုံအစောင့်တပ်ထဲ ဝင်ရောက်နိုင်စေဖို့ ကူညီပေးလိမ့်မယ် ”
ယွင်ထျန်းတာအိုဂိတ်၏ သခင်လေးဟဲချန်းယန်ဆီမှာ အင်မော်တယ်မင်းဆက်၏ နောက်ခံရှိလေရာ သာမန်လူများက သူ့ကို ရန်မပြုဝံ့ကြချေ။
တခြားလူများက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။ သူက တည်ငြိမ်သော အမူအရာဖြင့် သူ့ကိုယ်ပိုင်တပ်စခန်းဆီသို့ လျှောက်သွားသည်။
တပ်စခန်းဆီသို့ ပြန်ရောက်သွားသည့်အခါ ယွင်ထျန်းတာအိုဂိတ်မှ တပည့်များက လူစုလိုက်ကြပြီး သခင်လေးယန်၏ စကားကို ဖြန့်လိုက်ကြသည်။
ယင်းက တပ်စခန်းအတွင်းမှ ကျင့်ကြံသူများကို စိတ်ယိမ်းယိုင်သွားစေသည်။
လူအများစုက ဟန်မူယဲ့နောက်သို့ လိုက်ရန် တုံ့ဆိုင်းသွားကြသည်။
သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းနောက်သို့ လိုက်ကြမည်လော သို့မဟုတ် သခင်လေးယန်၏ အနောက်သို့ လိုက်ကြမည်လော မဆုံးဖြတ်နိုင်ကြချေ။
“ ဟန်မူယ ဘယ်မှာလဲ ”
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အခွင့်အာဏာတုံကင်က တရားမဝင်ဘူး… ဟန်မူယဲ့… ငါတို့နဲ့အတူ လိုက်ခဲ့စမ်း ”
တပ်စခန်း၏ အပြင်ဘက်တွင် အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်တစ်စုက မြန်ဆန်စွာ ချဉ်းကပ်လာကြသည်။
ရှုကျိချူးနှင့် တခြားလူများက မတ်တတ်ရပ်လိုက်ကြသည်။ သူတို့၏ မျက်နှာက တင်းမာခက်ထန်သွားသည်။
“ ကျုပ်က ဟန်မူယဲ့ ”
ဟန်မူယဲ့က တပ်စခန်းအပြင်သို့ ထွက်သွားသည်။
ထို့နောက် သူက ဘေးသို့ လှည့်လိုက်ပြီး ကျောက်မင်ယွင်ကို ဓားရှည်တစ်လက် ကမ်းပေးလိုက်သည်။
“ တပ်စခန်းထဲမှာ ငါမရှိတဲ့အချိန် ဒီဓားနဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက တပည့်တွေကို အမိန့်ပေးနိုင်တယ် ”
ထိုဓားသည် လုယွဲ့ဓားမှလွဲ၍ တခြားမဟုတ်ပေ။
ထိုဓားက ဟန်မူယဲ့၏ သရုပ်ကို ကိုယ်စားပြုသည်။
သို့သော်လည်း အပြင်လူများ မသိကြသည်မှာ ထိုဓားက ဟန်မူယဲ့၏ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်သည်။